← Chapters

စိတ်ဝိညာဉ်ခွဲထွက်ခြင်းလမ်းစဉ်

Vol. 45 Ch. 628

စိတ်ဝိညာဉ်ခွဲထွက်ခြင်းလမ်းစဉ်

Vol. 45 Ch. 628

မန်ဟိုသည် မီတာ ၁၅၀၀၀ အမှတ်တွင် ပျံဝဲနေစဉ် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ သူ့အတွက် နဝမဝိညာဉ်ခန္ဓာမှာ အားအင်ကုန်ခမ်းမြန်သော အဆင့်တစ်ဆင့် ဖြစ်ပေသည်။ အထူးသဖြင့် သူ ရောက်ရှိနေသောနေရာမှာ အထွတ်‌အမြေနယ်မြေနှစ်ခုဆီသို့ လမ်းတစ်ဝက်ဖြစ်ပြီး မယုံကြည်နိုင်ဖွယ် ဖိအားကြီးဖြင့် ဝန်းရံခံထားရသည်ကို ထည့်တွက်လျှင်ပင်။ ဘယ်ပေါင်းစုံမှ သူ့ကို တိုးဝှေ့နေသော ကြောက်မက်ဖွယ်ဖိအားကြီးကိုလည်း ခံစားနေရသည်။

ထိုဖိအားကြီးက သူ၏အသားမျှင်တစ်မျှင်တိုင်း၊ ကြွက်သားတိုင်း၊ အသွေးအသားတိုင်းအပေါ် သက်ရောက်နေသည်။ အရိုးများ အချင်းချင်း ပွတ်တိုက်နေသည့်အလား သူ၏ကိုယ်အတွင်းမှ တဂျွတ်ဂျွတ် အက်သံများ ထွက်လာသည်။ သူ့မှာ အံ့ဖွယ်အပြင်အားကိုယ်ကို ပိုင်ဆိုင်ထားသည့်တိုင် ခြေတစ်လှမ်းပင် မ‌လှမ်းနိုင်ပေ။

မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၂၅၆) ခု ၏ စွမ်းအားမှာ ဖိအားကြီးကို ဆက်လက်တိုက်ခိုက်နေဆဲပင်။ သို့သော် ၎င်းမှာ ဆက်လက်အနိုင်ယူခံနေရပြီး မကြာခင် ကုန်ခမ်းတော့မှာ သိသာလေသည်။

ဖိအား မည်မျှပြင်းသလဲဆိုလျှင် ... ခေါင်းဆောင်ကြီးဟုရန် မသေဘဲ မန်ဟို့ ဘေးတွင် ရပ်နေခဲ့ပါက တခဏတွင်းချင်း အသက်ထွက်သွားမည်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်မှာ တစစီ ပေါက်ကွဲသွားပေလိမ့်မည်။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး မီတာ ၁၅၀၀ဝ အကွာရှိ အထွတ်အမြတ်နယ်မြေနှစ်ခုကို မော့ကြည့်လိုက်သည်။

သူ၏လက်ရှိ ကျင့်ကြံခြင်းအခြေခံအရ ထိုလမ်းကို မလျှောက်နိုင်ပေ။ ခဲကျုံစစ်လည်း ထိုသို့ပြောခဲ့သည် ၊ အစစ်အမှန်စိတ်ဝိညာဉ်ညလည်း ထိုအတိုင်းပြောခဲ့သည်။ သို့သော် ... မန်ဟို၏အကျင့်စရိုက်မှာ အခြားသူများ ပြောသည့်အတိုင်း လက်ခံမည့်စရိုက်မျိုး မဟုတ်ပေ။

သူသည် ခဲကျုံစစ်၏အမြင်ကို ယုံကြည်သော်လည်း သူကိုယ်တိုင် မကြိုးစားကြည့်မချင်း အေးဆေးသက်သာ အနားယူနိုင်မည်မဟုတ်ပေ။ ခက်ခဲမှုအဆင့်က မြင့်မားသော်လည်း မည်မျှခက်သလဲ သူကိုယ်တိုင် ကြည့်ရမှ ဖြစ်ပေမည်။

"ဒီတော့ ဒီအထိပဲလား ဟမ်" သူက အက်ကွဲကွဲ ရေရွတ်လိုက်သည်။ ဖိအား၏အောက်တွင် သူ၏မျက်လုံးများမှာ သွေးချင်းနီသွားပြီး သွေးကြောများ သူ၏ခန္ဓာကိုယ်တစ်လျှောက် ဖောင်းကြွလာ၏။ သွေးကြောများထဲရှိ သွေးများမှာ နှေးကွေးလေးကန်စွာ စီးဆင်းလာပြီး သူ၏အသက်စွမ်းအားများ ‌ယုတ်လျော့လာသည့်လက္ခဏာများ ပြလာသည်။

သူသည် ခဲကျုံစစ်၊ အစစ်အမှန်စိတ်ဝိညာဉ်ညနှင့် အချိန်အတော်ကတည်းက သတိထားမိပြီးဖြစ်သော ကျင်ရှန်းတို့ကို တိတ်ဆိတ်စွာ ငုံ့ကြည့်လိုက်၏။ သူတို့ကား သူ၏အောက် မီတာ ၁၅၀၀၀ အကွာတွင်ဖြစ်သည်။ သူ ယခု လက်လျှော့ချင်လျှင် စိတ်လျှော့လိုက်ရုံသာ ဖြစ်ပြီး အန္တရာယ်ကင်းကင်း ပြန်ကျသွားမည်ဖြစ်သည်။

"ဒါပေမဲ့" သူက စိတ်ပိုင်းဖြတ်ထားသော မျက်လုံးများဖြင့် တွေးလိုက်သည်။ "နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ချင်သေးတယ် ..... ဒါက တကယ်ပဲ ငါ့ရဲ့နောက်ဆုံးတတ်နိုင်တဲ့အတိုင်းအတာလား" သူက ထိုသို့ပြောပြီး ခေါင်းမော့၍ သူ၏အစွမ်းများကို ထုတ်လွှတ်လိုက်သည်။ သူ၏တစ်ဝက်ဖြူနေသော ဆံပင်များက တလွင့်လွင့် ဖြစ်နေပြီး အဝတ်အစားများမှာ တဖတ်ဖတ် လွင့်နေ၏။ သူက ခြေထောက်ကို မြှောက်ပြီး သူ့ကိုယ်သူ တွန်းအားပေးလိုက်သည်။

နောက်ထပ် သုံးမီတာ။

ဝုန်း

သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ၏အပြင်အားကိုယ်မှ တဂျွတ်ဂျွတ် အက်သံများ ထွက်လာပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ ဧရာမဖိအားကြီးအောက်တွင် ဖိနှိပ်ခံနေရ၏။ သူ၏ မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၂၅၆) ခု၏ ကျင့်ကြံခြင်းအခြေခံမှာ ဖိအားများပြားလွန်းသဖြင့် ‌‌ပြိုကွဲတော့မည့်အလား ဖြစ်လာသည်။

မန်ဟို့မျက်နှာမှာ ဖြူဖပ်ဖြူလျော် ဖြစ်နေသည်။ သို့သော် ဤအခိုက်အတန့်တွင် တစ်စုံတစ်ခုကို သတိထားမိလိုက်၏။ သတိထားမိလိုက်သည့် ထိုအရာက သူ့မျက်နှာတွင် စိတ်လှုပ်ရှား‌ပျော်ရွှင်မှုတို့ ပြည့်နှက်လာစေသည်။

သူ့မှာ မယုံကြည်ရဲသလောက်ပင်။ သို့သော် သူ၏မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်နေပြီး ပြင်းထန်သောဖိအားကြီး၏အောက်တွင် သွေးတစ်ပွက်အန်ကာ သူ့ကိုယ်သူ တွန်းပို့လိုက်ပြန်သည်။ မန်ဟိုသည် ယခုတွင် မီတာ ၁၅၀၀၀ အမှတ်မှ ကိုးမီတာ ‌ရွေ့လျားခဲ့ပြီးလေပြီ။

ထစ်ချူန်းသံကြီးတစ်သံ သူ၏ခန္ဓာကိုယ်တွင် ပြည့်နှက်သွားပြီး သူ့မှာ ရှေ့နောက် ယိမ်းယိုင်သွားလေသည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး သူ့မျက်နှာမှာ ဆွတ်ဆွတ်ဖြူနေတော့သည်။ ယခုတွင် သူ၏‌ အရေပြားကို စုတ်ဖြဲပစ်နေသည့် သွေးအမှတ်အသားများအား မြင်ရနိုင်သည်။ အံ့ဖွယ်ဖိအားကြီးက သူ့ကို တစစီဖြစ်အောင် စုတ်ဖြဲပစ်တော့မည့်အလားပင်။

သို့သော် မည်သို့ဆို‌စေ မန်ဟို၏မျက်လုံးများမှာ ပျော်ရွှင်ဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်နေ၏။ ယခု သူ ရှာဖွေ့တွေ့ရှိလိုက်သောအရာမှာ သူ့အား အသက်ပြင်းပြင်း ရှူသွင်းမိလိုက်စေသည်။

"ဒီလို အသွင်ပြောင်းမှုမျိုး ရှိလိမ့်မယ်လို့ .... တစ်ခါမှ စိတ်မကူးထားမိဘူး" စိတ်ထဲတွင် သူ့မှာ လက်ခံရခက်ခဲနေသေးသည်။ သို့သော် စိတ်အေးလက်အေး ထိုင်စဉ်းစားမနေနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အံ့ဖွယ်ဖိအားကြီး၏အောက်တွင် မဟာစက်ဝန်းအဆင့်အနုသုခုမရုပ်ခန္ဓာ (၂၅၆) ခု အတူတကွ ပေါင်းစည်းနေသည့်အတွက်ပင်။

တခြားနေရာများတွင် ဘယ်တော့မှ ထိုသို့မဖြစ်နိုင်ပေ။ မန်ဟိုစဉ်းစား၍ရသရွေ့ ယခုလို ‌ရလဒ်မျိုးထွက်လာမည့် နေရာမျိုးမရှိပေ။ ဤအချိန် ဤနေရာတွင်သာ ဤသို့ ဖြစ်လာနိုင်၏။

အဘယ်ကြောင့်ဆိုသော် ဤနေရာရှိဖိအားမှာ မိစ္ဆာတောင်ကြီးသုံးလုံးနှင့် အထွတ်အမြတ်နယ်မြေနှစ်ခုမှ လာခြင်းဖြစ်သည်။ နဝမတောင်နှင့်ပင်လယ်တစ်ခွင်လုံးတွင် ဤမျှကြီးစိုးခြယ်လှယ်နေသည့် စွမ်းအားမျိုး ထုတ်ဖော်နိုင်သောနေရာ အနည်းအကျဉ်းသာ ရှိ၏။ သို့ထိတိုင် တစ်ချိန်တည်းမှာပင် ဖိအားအတွင်း၌ ညင်သာမှုလည်း ရှိနေလေသည်။

ဤနေရာထက် စွမ်းအားကြီးသော နေရာများ ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့က အင်မိုတယ်နယ်ပယ်အောက်ရှိ မည်သူမဆိုအတွက် သင့်တော်မည်မဟုတ်ပေ။ သို့သော် ဤနေရာက အမွေအနှစ်တစ်ခုကို ထိန်းသိမ်းပေးထားသည်။ ထို့ကြောင့် ညင်ညာသောအခြမ်းရှိနေခြင်းပင်။ မန်ဟိုအတွက် ယခုလိုနေရာမျိုးသည် .... သူ၏ကျင့်ကြံခြင်းအခြေခံကို ‌အတူတကွ ပေါင်းစည်းရန် အကောင်းဆုံးနေရာဖြစ်၏။

အနုသုခုမရုပ်ခန္ဓာ (၂၅၆) ခု၏ ကျင့်ကြံခြင်းအခြေခံက ကြောက်မက်ဖွယ်ကောင်းပုံရသော်လည်း သူသည် အတူတကွ ပေါင်းစည်းလိုက်ခြင်းဖြင့် ... ယခင်စွမ်းအားအဆင့် များစွာ ကျော်လွန်သော စွမ်းအားကို ထုတ်ဖော်နိုင်လေသည်။ ထိုသည်က ... အစ်အမှန်စိတ်ဝိညာဉ်ခွဲထွက်ခြင်းစွမ်းအား ဖြစ်လိမ့်မည်။

မန်ဟိုသည် ယခင်က ဤကိစ္စကို စဉ်းစားခဲ့ပြီးဖြစ်သည်။ သူသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအကြောင်း နှင့် ဉာဏ်အလင်းပွင့်ပုံ၊ ကျင့်ကြံခြင်းအခြေခံပြောင်းလဲသွားပုံတို့ကို တွေးခဲ့ဖူး၏။ သို့သော် သူ၏အတွေးများကို ဘယ်တော့မှ မစုစည်းနိုင်ခဲ့ပေ။ အချိန်ဖြုန်းခြင်းသာ ဖြစ်ခဲ့ပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို ပစ်မှတ်ထားထားသည့်ပြောင်းလဲမှုသို့ မရောက်မချင်း ဖိနှိပ်ထားခြင်းဖြင့် အဆုံးသတ်ခဲ့လေသည်။

သို့သော် ယခုတွင် ဖိအားက မန်ဟို့အား စိတ်မလှုပ်ရှားဘဲ မနေစေနိုင်သောပုံစံမျိုးဖြင့် သက်ရောက်နေလေသည်။ အမွေအနှစ်အပေါ်တွင် အာရုံစိုက်မည့်အစား သူက သူ၏ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် အာရုံစိုက်ထားလေသည်။

အောင်မြင်ခဲ့လျှင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ပို၍လျင်မြန်စွာ ရောက်ရှိလိမ့်မည်။ ထိုသို့ဆိုပါက နှစ်သုံးရာပင် မကျင့်ကြံဘဲ စိတ်ဝိညာဉ်ခွဲထွက်ခြင်းသို့ တိုက်ရိုက်ဝင်ရောက်နိုင်သွားပေမည်။

"ငါ့အပြင်အားကိုယ်ကိုလည်း ဒီမှာ ကျင့်ကြံလို့ရတယ်" သူက တွေးသည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် လေလယ်တွင် တင်ပျဉ်‌ခွေထိုင်ကာ သူ၏ကျင့်ကြံခြင်းအ‌ခြေခံကို ဖိနှိပ်ရန် သူ့ကို တိုးဝှေ့နေသော ဖိအားကို အသုံးပြုလိုက်သည်။

ကျင်ရှန်း၏မျက်လုံးများမှာ မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်လာတော့သည်။ "သူက တကယ်တမ်း ကျင့်ကြံနေတာပဲ"

ခဲကျုံစစ်က အလေးအနက် စောင့်ကြည့်နေသော်လည်း အပြုံးတစ်ခုက သူ၏နှုတ်ခမ်းထက်တွင် လျင်မြန်စွာ ဖြစ်ထွန်းလာသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသည်အထိ အချိန်က နှေးကွေးစွာ ကုန်ဆုံးသွားသည်။ နောက်ဆုံးတွင် မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ ၎င်းတို့မှာ သွေးချင်းနီနေသော်လည်း  ဝင်းလက်တောက်ပနေလေသည်။ သူက တဖြေးဖြေး ထရပ်လိုက်ပြီး ထိုသို့ထရပ်လိုက်သည့်အခါ မယုံကြည်နိုင်လောက်အောင် ပြင်းထန်သော စွမ်းအားက သူ့ထံမှ ပေါက်ကွဲထွက်လာတော့သည်။

ယခု သူ့တွင် မဟာစက်ဝန်းအဆင့်အနုသုခုမရုပ်ခန္ဓာ (၂၅၆) ခု၏ စွမ်းအား မရှိတော့ဘဲ (၁၀) ခု နည်းသွားလေပြီ။ သို့သော် လျော့ကျသွားသည့်တိုင် စွမ်းအားအရ ယခင်ထက် ပိုမိုများပြားလာ၏။

"ဒီနေရာက ငါ့အတွက်တော့ ‌နိဗ္ဗာန်ပဲ" သူသည် မျက်လုံးများ ထူးဆန်းစွာ တောက်ပနေလျက် နောက်တစ်ဖန် ရှေ့တိုးသွားပြန်သည်။

ဝုန်း

ဖိအားမှာ ပိုမိုပြင်းထန်လာပြီး မန်ဟို့တစ်ကိုယ်လုံး တုန်ရီနေသည်။ သို့သော် သူ၏ကျင့်ကြံခြင်းအခြေခံမှာ အနုသုခုမရုပ်ခန္ဓာ (၅)ခု လျော့သွားလေပြီ။ ယခုတွင် (၂၄၁) ခု၏ စွမ်းအားသာ ကျန်ရှိတော့၏။

ငါးခုသာ လျော့ကျသွားသော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံမှ သိပ်သည်းသောအခိုးအငွေ့များ တထောင်းထောင်း ထွက်လာပြီး သူ့ကို နောက်တစ်ဖန် ရှေ့တက်သွားစေသည်။

တစ်လှမ်း ၊ နှစ်လှမ်း ၊ သုံးလှမ်း .....

သူ၏ခန္ဓာကိုယ်မှာ အချိန်မရွေး ပေါက်ကွဲတော့မည့်အလား ပြင်းပြင်းထန်ထန် တုန်ရီလာသည်။ သို့သော် သူကား အလျှော့မပေးဘဲ ဆက်သွားဆဲပင်။ ထိုစဉ် သူ၏ကျင့်ကြံခြင်းအခြေခံသည် ကျုံ့ကျုံလာနေ၏။

၂၃၆ ၊ ၂၂၆ .... ၁၈၀ အထိ တစ်လျှောက်။ မန်ဟိုမှာ ယခုတွင် မီတာ ၁၆၀၀၀ အမှတ်သို့ ရောက်နေလေပြီ။

ဒုတိယခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဤနေရာတွင် အကာအကွယ်အဖြစ် ကျင့်ကြံခြင်းအခြေခံကိုသာ မှီခိုနေရပါက မတည်မငြိမ်ဖြစ်လာပြီး ဖျက်စီးခံလိုက်ရပေမည်။ မန်ဟိုမှာ တစ်ကိုယ်လုံး ပေါက်ကွဲနေသည်အလား ခံစားနေရသည်။ အပြင်အားကိုယ်သည် ဒိုင်းတစ်ခုသဖွယ် သူ၏ကျင့်ကြံခြင်းအခြေခံအပြင်၌ တည်ရှိပေးနေ၏။ ဤအချက်တွင် မန်ဟိုကား ဒုတိယခွဲထွက်ခြင်းကျင့်ကြံသူတစ်ယောက်နှင့်မတူ။ သူက ကျင့်ကြံခြင်းအ‌ခြေခံကို ကာကွယ်ရန် သူ၏အပြင်အားကိုယ်အား အသုံးပြုနေခြင်းဖြစ်လေသည်။

အပြင်အားကိုယ်စွမ်းအားကို မှီခိုခြင်းဖြင့် သူသည် သူ၏ကျင့်ကြံခြင်းအခြေခံကို ဖိအားပေး၍ ခိုင်မာလာစေရန် ဤနေရာကို အသုံးပြုနေ၏။ သို့သော် သွေးအစင်းကြောင်းများမှာ သူ၏အရေပြားကို ခွဲရင်း ခန္ဓာကိုယ်အနှံ့အပြားတွင် ပေါ်ပေါက်လာသည်။ သူ၏သွေးတို့ရွှဲနေသော အသားများကိုပင် မြင်လာရလေပြီ။

မန်ဟို၏မျက်လုံးများ တလက်လက်‌ တောက်ပလာသည်။ သူက တုံ့ဆိုင်းမနေဘဲ သိုလှောင်အိတ်ကို ပုတ်ကာ ဆေးလုံးအမြောက်အမြား ထုတ်လိုက်ပြီး အပြင်အားကိုယ်၏ အားအင်ကုန်ခမ်းမှုကို အားဖြည့်ရန် စားလိုက်သည်။ တစ်ချိန်တည်းမှာပင် သက်တမ်းအားဖြည့်ဆေးလုံးများကို ထုတ်လိုက်သည်။

မှန်သည်၊ အဓိကရည်ရွယ်ချက်မှာ သက်တမ်းနှင့် ဘာမှ မသက်ဆိုင်ပေ။ ထိုအစား ဆေးလုံးများ၌ ပါဝင်သော အသက်စွမ်းအားက သူ၏အပြင်အားကိုယ်ကို အားဖြည့်ပေးရာ ၎င်းအား ပို၍ကြာကြာ ခံနိုင်သွားစေသည်။

သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး နောက်တစ်ဖန် ရှေ့တက်သွားပြန်၏။ မီတာ ၁၆၂၀၀ အမှတ်သို့ ရောက်သွားလေပြီ။ သူ၏ခန္ဓာကိုယ်မှ သွေးအခိုးအငွေ့များ ထွက်လာပြီး တုန်ရီနေခြင်းမှာလည်း အဆုံးစွန်အထိ ပြင်းထန်လာသည်။

ဤအခိုက်အတန့်တွင် သူကား ကျင့်ကြံခြင်းအခြေခံကို အနုသုခုမရုပ်ခန္ဓာ (၁၆၃) ခု အထိ ချုံ့ခဲ့ပြီးလေပြီ။

"နှေးလွန်းတယ်..." မန်ဟိုက တွေးလိုက်သည်။ ရုန်းကန်နေမှုက သူ၏မျက်နှာပေါ်တွင် ထင်ရှားနေသော်လည်း ခိုင်မာပြတ်သားမှုက လျင်မြန်စွာပင် အစားထိုးဝင်ရောက်လာသည်။

"အနာခံမှ အသာစံရမှာ။ ဒီအခွင့်အရေးကို လက်လျှော့လိုက်ရင် ‌ငါ့ကျင့်ကြံခြင်းအခြေခံအပေါ်မှ ဒီလိုဖိအားမျိုးသက်ရောက်နိုင်တဲ့ နောက်တစ်နေရာ ရှာတွေ့လောက်တော့မှာ မဟုတ်ဘူး။ နောက်နှစ်ပေါင်းရာနဲ့ချီကြာမှ ငါ ဒီကို ပြန်လာရမှာ။ အဲ့ဒီလောက်အကြာကြီး .... မစောင့်နိုင်ဘူး" မန်ဟိုကား ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ  ကျင့်ကြံခြင်းအခြေခံကို လျင်မြန်စွာ လှည့်ပတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် အထဲ၌ မဟူရာလတစ်စင်းအား မြင်နိုင်သော အစိမ်းရောင်အခိုးအငွေ့အသွင် ပြောင်းလိုက်၏။ ၎င်းက မီတာ ၁၆၂၀၀ အမှတ်မှ ချက်ချင်း ထိုးတက်သွားလေသည်။

ထိုမြင်ကွင်းက ခဲကျုံစစ်ကို သိသိသာသာ စိတ်နှလုံးလှုပ်ရှားသွားစေသည်။ သူက ချက်ချင်း လေပေါ် ပျံတက်လိုက်၏။

"နင် ရူးနေလား" ကျင်ရှင်းက မျက်လုံးလေးများ ဝိုင်းစက်ပြူးကျယ်နေလျက် တွေးလိုက်သည်။ ၎င်းကား မီးပုံထဲ တည့်တည့်ဝင်တိုးနေသော ပိုးဖလံကောင်နှင့်တူနေ၏။

မန်ဟိုမှာ အမှန်ပင် မီးပုံထဲ ဝင်တိုးနေသော ပိုးဖလံတစ်ကောင် ဖြစ်သော်လည်း ထိုပိုးဖလံထက်ပင် ရူးနေသေးသည်။  အပေါ်သို့ တဟုန်ထိုးတက်နေစဉ် သူမှာ မီး‌တောက်လာ၏။ သူ၏အပြင်အားကိုယ်မှာ မီးလောင်လာပြီး အသွေးအသားများလည်း မီးကျွမ်းလာသည်။

သူ့အတွက် ဓားသွား သောင်းပေါင်းများစွာဖြင့် ခုတ်ထစ်ခံနေရသည့်အလား ခံစားနေရလေသည်။ အသွေးအသားများ ပျက်စီးသွား၏။ သူကား သွေးတို့ဖြင့် ဖွဲ့စည်းထားသော ကြယ်တစ်စင်းအလားပင်။ သို့သော် ထိုသွေးကြယ်ပျံကြီးက ‌မီတာ ၁၈၀၀ အား လျင်မြန်စွာ ဖြတ်သန်းသွားသည်။ မန်ဟို ပြန်ပေါ်လာသောအခါ သူကား မီတာ ၁၈၀၀၀ အမှတ်သို့ ရောက်နေလေပြီ။

သူ့မှာ သွေးအလုပ်ကြီးတစ်လုပ် ချက်ချင်း အန်လိုက်ရလေသည်။ သူ၏ခန္ဓာကိုယ်မှာ ငရုတ်ဆုံထဲ ထည့်ထောင်းခံထားရသော အသားကြီးအလား အချိန်မရွေ့ တစစီဖြစ်ပေတော့မည်။

"ခရမ်းမျက်ဆံပြောင်းလဲခြင်း" သူ၏ ခန္ဓာကိုယ်ပျက်စီးတော့မည့်အခိုက်အတန့်တွင် သူ၏မျက်လုံးများမှာ ရုတ်တရက် ခရမ်းရောင်သမ်းသွား၏။ သူ၏သက်တမ်း လျော့ကျသွားသော်လည်း ရလဒ်အနေဖြင့် သူ၏ကွဲထွက်နေသော ခန္ဓာကိုယ်မှာ နောက်ထပ် အချိန်အသက်တစ်ရှိုက် ရသွား၏။

ထိုအသက်တစ်ရှိုက်အတွင်း မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ကျုံ့သွား၏။

ဝုန်း

(၁၆၈) မှ (၉၈) သို့ ကျသွားသည်။ ထို့နောက် (၃၂) ။ ဤသို့ဖြစ်ပျက်သွားသော အမြန်နှုန်းမှာ အဆုံးစွန်အထိ အံ့ဩတုန်လှုပ်ဖွယ်ကောင်း၏။

မန်ဟို့အစွမ်းမှာ တဟုန်ထိုး မြင့်တက်သွားသော်လည်း သူ၏အပြင်အားကိုယ်အား မပျက်စီးအောင် မကာကွယ်နိုင်ပေ။

"ငါ နည်းနည်း ထပ်တောင့်ခံနိုင်သေးတယ်" သူက ခရမ်းမျက်ဆံပြောင်းလဲခြင်းကို နောက်တစ်ဖန် အသုံးပြုရင်း တွေးလိုက်သည်။ သူသည် နောက်ထပ်အသက်ကိုးရှိုက်စာ အချိန်ရဖို့ သက်တမ်းကို ထပ်မံစတေးလိုက်ရာ သူ၏ဆံပင်အား ဖြူဆွတ်သွားစေပြီး သူ့တစ်ကိုယ်လုံး တုန်ရီလာတော့သည်။

ထစ်ချုန်းသံကြီး သူ၏ခန္ဓာကိုယ်တွင် ပြည့်နှက်သွားသည်။ အပြင်လူများ မကြားနိုင်သော်လည်း မန်ဟို့အတွက်တော့ သည့်ထက် မရှင်းလင်းနိုင်တော့ပေ။ ကျင့်ကြံခြင်းအခြေခံ (၃၂) ခု၏ စွမ်းအားက (၁၆) အထိ ကျဆင်းသွားသည်။ ဖိအားများစွာ ထပ်မံသက်ရောက်လာပြီး (၈) အထိ ကျဆင်းသွားခဲ့လေပြီ။

ဤအခိုက်အတန့်တွင် မန်ဟိုမှာ ‌ထပ်မံမတောင့်ခံနိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်မှာ ခွေယိုင်သွားပြီး ပြုတ်ကျလာလေသည်။ ၁၈၀၀၀ အမှတ်မှ အမြင့်ဆုံးအရှိန်ဖြင့် ပြုတ်ကျလာလေပြီ။ ပြုတ်ကျနေစဉ်အတွင်း ဖိအားမှာ လျော့ကျသွားပြီး သူ၏အသွေးအသားများ အကောင်းအတိုင်း ပြန်ဖြစ်လာသည်။

နောက်ဆုံး အစစ်အမှန်စိတ်ဝိညာဉ်ည၏လက်အပေါ်  ပြန်ရောက်သွားသောအခါ သူ့မှာ သွေးတစ်ပွက်အန်လိုက်ရ၏။ သို့သော် သူကား ပုံမှန်အတိုင်း ပြန်ဖြစ်သွားသယောင်ပင်။ ကွဲပြားခြားနားသည့်အရာဆို၍ လေတွင် ပျံဝဲနေသော သူ၏ဆံပင်များမှာ ယခု မီးခိုးရောင်ဖြစ်နေခြင်းသာ ရှိသည်။

သူ၏ကျင့်ကြံခြင်းအခြေခံမှာမူ ‌ပတ်ဝန်းကျင်ရှိ လေနှင့်တိမ်တိုက်များကို တဝုန်းဝုန်း လည်လာစေပြီး သူ၏ပတ်ပတ်လည်တွင် လိမ်ဖယ်နေသော လေဆင်နှာ မောင်းကြီးတစ်ခု ဖြစ်ပေါ်လာစေတော့သည်။

ဤအခိုက်အတန့်တွင် မန်ဟိုသည် ယခင်ထက်များစွာ အစွမ်းထက်သွားပြီဖြစ်၏။

***

All Chapters