အပြန်
Vol. 45 Ch. 629
"ပထမအကြိမ် အမွေအနှစ်နတ်မီးလျှံစမ်းသပ်ပွဲ ကျရှုံး" ညက မန်ဟို့ကို လေးလေးနက်နက် တစ်ချက်ကြည့်ရင်း ဖြေးညင်းစွာ ပြောသည်။ ၎င်း၏အသံသည် မိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်ဝန်းလုံး ပဲ့တင်ထပ်သွား၏။
မန်ဟိုက နည်းနည်းလေးမှ စိတ်မပူသည့်အလား မထူးဆန်းသလို ပြုံးလိုက်သည်။ ကြိုးစားကြည့်နေနိုင်သရွေ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်းဟူသည် အရေးမကြီးရာ မေးခွန်းထပ်ထပ်မေးနေစရာ လိုအပ်သည်လော။ သူသည် ဤနတ်မီးလျှံစမ်းသပ်ပွဲတွင် ယှဉ်ပြိုင်ရန် တစ်သက်သာအခွင့်အရေးများ ရထားလေ၏။
ဤတစ်ခေါက် မအောင်မြင်လျှင် နောင်နှစ်ပေါင်း ရာချီကြာသည့်အခါ .... သူ အောင်မြင်မည်လား မည်သူပြောနိုင်မည်နည်း။
အရေးအကြီးဆုံးမှာ သူ၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအတွက် လမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကျင့်ကြံခြင်းအခြေခံကို ချုံ့ခြင်း၊ အရာအားလုံးကို တစ်ခုတည်း ပေါင်းစည်းခြင်းဖြင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းသည် သူ၏မျက်စိရှေ့တည့်တည့်သို့ ရောက်လာမည်ဖြစ်ကြောင်း မန်ဟို သေချာ၏။
"မင်းအတွက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းလမ်းကြောင်း ပွင့်သွားပြီ" ခဲကျုံစစ်က မန်ဟိုကို တိုးညင်းညင်သာသာအသံဖြင့် ပြောသည်။ "မင်းရဲ့ ကျင့်ကြံခြင်းအခြေခံ တစ်ရာရာခိုင်နှုန်း ခိုင်မာသွားရင်တော့ အဲ့ဒါကို ခွဲထွက်ခြင်းဓားအဖြစ် ပြောင်းလဲလို့ရပြီ။ အသက်ရှင်လျက်နဲ့ နယ်မြေကို ခွဲထွက်မလား။ သေဆုံးဖို့ ရွေးချယ်ပြီး ဘဝကို ဖြတ်တောက်လိုက်မလား"
မန်ဟိုက ခေါင်းညိတ်လိုက်သည်။ ဤအခြင်းအရာကို သူနားလည်ခဲ့ပြီဖြစ်၏။ ယင်းက သေချာပေါက် သူ၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းလမ်းကြောင်းပင်။ ပုံရိပ်ယောင်ဓားသွားသဏ္ဌာန်ဖြစ်ပေါ်လာသည်အထိ ကျင့်ကြံခြင်းအခြေခံကို ဖျက်စီးမွမ်းမံခြင်း။ ထိုဓားသွားပေါ်လာပါက ခွဲထွက်ခြင်းစတင်နိုင်ပြီ။
ရှင်ခြင်းနှင့်သေခြင်းအကြား ခြားနားမှုသည် ထိုဓားအပေါ် မူတည်နေ၏။
"ကျင့်ကြံသူတွေဟာ ရှင်ခြင်းသေခြင်းနှစ်မျိုးလုံးကို ကျင့်ကြံရတယ်" မန်ဟို ပြောသည်။ "ကျွန်တော် အဲ့ဒီလိုလမ်းမျိုး လျှောက်နေခဲ့တာ ကြာပြီ။ ရှင်ရတာဖြစ်ဖြစ် ၊ သေရတာဖြစ်ဖြစ် အရေးမကြီးဘူး။ ဘဝဆိုတာ ခရီးတစ်ခုဖြစ်တဲ့အတွက် သွားတဲ့နေရာတွေ၊ မြင်တဲ့နေရာတွေ၊ အဲ့ဒါတွေအားလုံးကမှ အရေးအကြီးဆုံးအရာတွေပဲ။ နောင်တမရဘဲ ရှင်သန်မယ်" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် ရယ်လိုက်သည် ။
လေးစားသွားသော အရိပ်အယောင်များ ခဲကျုံစစ်၏မျက်လုံးများတွင် ပေါ်လာပြီး သူလည်း ရယ်လိုက်၏။
"မင်းက မင်းလမ်းကို ရှာတွေ့ထားပြီးသားပဲ" သူက ထိုသို့ပြောပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင်လေတစ်ချက် ဖြစ်တည်လာစေသည်။ ၎င်းသည် မန်ဟိုကို ပွေ့ယူပြီး မိစ္ဆာအင်မိုတယ်ဂိုဏ်းအပြင်သို့ သယ်ဆောင်သွား၏။ "ပြန်ချိန်ကျပြီ။ အဖေ မင်းကို အသိအမှတ်ပြုလိုက်တဲ့အချိန်ကတည်းက မင်းက ငါ့ညီလေးပဲ။ မင်းရဲ့တာအိုကြောင့်လည်း ငါ စိတ်နှလုံးလှုပ်ရှားခဲ့ရတယ်။ တစ်နေ့နေ့တော့ တို့ညီအစ်ကိုနှစ်ယောက် ကြယ်တာရာကောင်းကင်မှ ပြန်ဆုံတွေ့ရလိမ့်မှာပါ
"အဲ့ဒီနေ့ရောက်လာရင် မင်း အင်မိုတယ်အဆင့်ကို ရောက်ရှိနေလိမ့်မယ်လို့ ငါ မျှော်လင့်တယ်" ခဲကျုံစစ်၏အသံ ပဲ့တင်ထပ်လာသည့်အချိန်မှာပင် မန်ဟိုမှာ အစိမ်းရောင်လေဖြင့် မိစ္ဆာအင်မိုတယ်ဂိုဏ်းနှင့်ဝေးရာသို့ သယ်ဆောင်သွားခံနေရသည်။
တစ်ချိန်တည်းမှာပင် ခဲကျုံစစ်၏အကြည့်က အဝေးတွင် ရပ်နေဆဲဖြစ်သော ကျင်ရှန်းအပေါ်သို့ ကျရောက်လာသည်။
ကျင်ရှန်းက ချက်ချင်း လက်ယှက်ပြီး ဦးညွတ်အရိုအသေပေးလိုက်သည်။
"မိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ အငယ်ပိုင်းမျိုးဆက် ကျိုးကျင်ရှန်းပါ။ ဂါဝရပြုပါတယ် ခေါင်းဆောင်ကြီးခဲ"
"အခုကစပြီး ငါတို့က မိတ်ဆွေတွေပဲ" ခဲကျုံစစ်က ပြောသည်။ "မိစ္ဆာအင်မိုတယ်ခန္ဓာ .... မင်းလိုလူမျိုးတွေနဲ့ဆိုရင် မိစ္ဆာအင်မိုတယ်ဂိုဏ်း အနာဂတ်ကောင်းမှာပါ" သူ သူမကို ကြည့်နေစဉ် သူ၏မျက်လုံးများမှာ အတိတ်ကို လွမ်းဆွတ်တမ်းတနေမှုတို့ဖြင့် ပြည့်နှက်နေ၏။ မည်သည့်အရာတွေးနေသည်လဲ ပြောရခက်သော်လည်း သူက သက်ပြင်းချပြီးနောက် အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။ ကျောက်စိမ်းပြားတစ်ပြား ကျင်ရှန်းဆီသို့ ပျံသန်းလာပြီး သူမက အလျင်အမြန် ဆွဲယူလိုက်သည်။ ထို့နောက် အစိမ်းရောင်လေက သူမကို ပွေ့ယူ၍ မန်ဟိုနှင့်အတူ သယ်ဆောင်သွားလေသည်။
"အဲ့ဒီပစ္စည်းကို မင်းတို့ဂိုဏ်းရဲ့ ဘိုးဘေးခန်းမမှာ ထားလိုက်" ခဲကျုံစစ်က အေးတိအေးစက် ပြောသည်။ "ဂိုဏ်းသားတွေကိုလည်း အရိုအသေပေးခိုင်း။ ဒါဆို နှစ်တစ်သောင်းတိုင် ကပ်မဆိုက်ဘူး"
မန်ဟိုနှင့်ကျင်ရှန်းမှာ အစိမ်းရောင်လေနှင့်အတူ ဆက်လက်ရွေ့လျားသွားနေသည်။
မန်ဟိုက ခဲကျုံစစ်ကို ပြန်ကြည့်ပြီး မိစ္ဆာအင်မိုတယ်ဂိုဏ်းသို့ ရောက်ရှိကတည်းက ဖြစ်ပွားခဲ့သော အရာအားလုံးကို ပြန်မတွေးမိဘဲ မနေတော့ပေ။
"မိစ္ဆာအင်မိုတယ်ဂိုဏ်းကို ချိတ်ပိတ်လိုက်" ခဲကျုံစစ်၏ အသံက ပဲ့တင်ထပ်လာသည်။ "ရေစက် ပြတ်တောက်သွားပြီမလို့ ရာစုနှစ်အနည်းငယ်ကြာတဲ့အထိ ရွှေ့ဆိုင်းထားရမယ်..." မန်ဟိုသည် အစစ်အမှန်စိတ်ဝိညာဉ်ည၏ လေးခုမြောက်ချိုကြီးအပေါ်တွင် ခဲကျုံစစ် မှုန်ကုပ်ကုပ် ထိုင်နေသည်ကို ကြည့်နေ၏။
တစ်ပြိုင်တည်းမှာပင် အစစ်အမှန်စိတ်ဝိညာဉ်ညက မန်ဟိုကို လေးလေးနက်နက် ကြည့်နေသည်။ ထို့နောက် ၎င်း၏ခေါင်းကြီးက ပြန်ဝင်သွား၏။ ၎င်း၏မျက်လုံးများမှာ တဖြေးဖြေး ပိတ်သွားပြီး တစ်ခေါင်းလုံး ပြန်ဝင်သွားသည့်အခါ ... မြေပေါ်တွင် ချိုကြီးခုနစ်ခု ပေါ်ထွက်လျက် ကျန်ခဲ့လေသည် ။
ဖုန်များ တထောင်းထောင်း ထနေသည်။ အချိန်ကား နောက်ပြန်သွားနေသည့်အလားပင်။ အရာအားလုံး မူလအခြေအနေ ပြန်ရောက်သွား၏။ မျက်စိတစ်မှိတ်အတွင်း ချိုကြီးခုနစ်ခုမှာ အရွယ်အစားကြီးမားလာပြီး တောင်ကြီးခုနစ်လုံး ပြန်ဖြစ်သွားလေပြီ။
တောင်ထိပ်အပေါ်တွင် ယခင်အတိုင်း အလောင်းများ ပြန့်ကြဲနေသည်။ တစ်လောင်းတစ်လေမျှ မလျော့။ တားမြစ်မန္တန်များလည်း ယခင်အတိုင်း နေရာတကျရှိနေသည်။ နည်းနည်းလေးမှ ပြောင်းလဲမသွားခဲ့ပေ။ အောက်ရှိမြေပြင်များမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေပြီ။ တဒင်္ဂလေးအတွင်း အရာအားလုံးမှာ မန်ဟို စစချင်း ရောက်ခဲ့စဉ်တုန်းကနှင့် တစ်ထပ်တည်း တူသွားလေသည်။
ခဲကျုံစစ်သည် စတုတ္ထတောင်ထိပ်အပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူက မန်ဟိုကို ကျောပေးထားလျက် သတ္တမတောင်ထိပ်အပြင်နားလေးရှိ ခဲယွင်ဟိုင်၏အုတ်ဂူထံသို့ မျက်နှာမူထားလေသည်....
ဝုန်း
မမြင်ရသော နံရံကြီးတစ်ခုနှင့် ဝင်တိုက်လိုက်သည့်အလား မန်ဟို ခံစားလိုက်ရသည်။ ၎င်းအထဲသို့ သူ နစ်ဝင်သွားစဉ် အရာအားလုံး အမှောင်ဖုံးသွား၏။ ပြန်မြင်ရသောအခါ မိစ္ဆာအင်မိုတယ်ဂိုဏ်း၏အပြင်သို့ ရောက်နေခဲ့လေပြီ။
သူ ပြန်လှည့်ကြည့်လိုက်သောအခါ မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ အတော်လေး မှုန်မွှားဝေဝါးနေသည်။ မရေမတွက်နိုင်သောအရိပ်များ ဟိုဟိုသည်သည် သွားလာနေသည်ကို မြင်သည်ဆိုရုံကလေး မြင်လိုက်ရ၏။
မန်ဟိုက ဘာမှမပြောပေ။ ကျင်ရှန်းလည်း သူနှင့်အတူ ထွက်လာခဲ့ပြီး ပုံရိပ်ယောင်မိစ္ဆာအင်မိုတယ်ဂိုဏ်းကို ပြန်လှည့်ကြည့်လိုက်သောအခါ သူမမျက်နှာလေးမှာ နာကျင်နေသောပုံစံရှိပြီး ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသယောင်ပင်။
ကျောက်ခဲအပိုင်းအစသေးသေးလေးများ ရုတ်တရက် ပျံထွက်လာကာ မန်ဟိုနှင့်ကျင်ရှန်းကို ဝန်းရံရင်း ကြယ်မြစ်ကြီးတစ်စင်းအသွင် လျင်မြန်စွာ ပြောင်းလာသည်။ ကြယ်မြစ်တစ်ပြင်လုံး တုန်ရီသွားပြီး သူနှင့် ကျင်ရှန်းကို အဝေးသို့ ခေါ်ဆောင်သွားစဉ် မန်ဟိုမှာ မိစ္ဆာအင်မိုတယ်ဂိုဏ်းကို ငေးကြည့်နေဆဲပင်။ ကြယ်မြစ်ကြီးက အဖြူရောင်ပိုးခြယ်တန်းသဖွယ် တရွေ့ရွေ့ ရွေ့လျားသွားလေပြီ။
မိစ္ဆာအင်မိုတယ်ဂိုဏ်း ဝေးသထက် ဝေးကာ ကျန်ခဲ့စဉ် မန်ဟိုက ဘာမှမပြောပေ။ ကျင်ရှန်လည်း တိတ်ဆိတ်နေသည်။ သူတို့သည် ဝေးသထက်ဝေးလာပြီး မကြာမီ ကြယ်များအတွင်း၌ အင်မိုတယ်လျှောက်လှမ်းခြင်းတံတားကို မြင်လာရသည်။
"ငါသွားရတော့မယ်" ကျင်ရှန်းက ရုတ်တရက် ပြောသည်။ သူမက မန်ဟိုကို ကြည့်လိုက်၏။
သူက သူမကို ပြန်ကြည့်သည်။ "အစစအရာရာ ဂရုစိုက်ပါ"
သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားပြီး ကျင်ရှန်းက နွေးထွေးစွာ ပြုံးပြလေသည်။
"ကျေးဇူးပါပဲ။ ငါ နင့်ကို ပေးထားတဲ့ကတိက ပြောင်းလဲသွားမှာ မဟုတ်ဘူး ။ တစ်နေ့ကျ ငါတို့ပြန်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေမှာ တွေ့မလဲ သိချင်မိတယ်။ ဒါမှမဟုတ် ... ဘယ်လိုဘဝမျိုးနဲ့လဲလို့ ပြောသင့်တယ်ထင်တယ်" သူမသည် ပြုံးနေသော်လည်း မခွဲခွာချင်သောအရိပ်အယောင်အား သူမမျက်ဝန်းလေးတွင် မြင်ရလေသည်။
ကျင်ရှန်းက သူ့ကို နောက်ဆုံးတစ်ချက် လေးလေးနက်နက် ကြည့်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ အတွင်းထဲမှ လူတစ်ယောက် ပျံထွက်လာ၏။ ၎င်းသည် ပျိုမြစ်သောအလှတရားဖြင့် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမကား .... အဆိပ်ငါးသွယ်မျိုးနွယ်စု၏ သန့်စင်သမီးတော် ကျောက်ယူလန်မှတစ်ပါး အခြားမဟုတ်ပေ။
သူမမှာ မျက်လုံးများ ပိတ်နေပြီး မလှုပ်ပေ။ အသက်ရှိသော လက္ခဏာများ မြင်နေရသော်လည်း အိပ်မောကျနေသောအခြေအနေတွင်ဖြစ်၏။ သူမကျင့်ကြံခြင်းအခြေခံလှိုင်းအရ သူမသည် ... အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်တွင်ဖြစ်ကြောင်း သိသာလေသည်။
"ဒီကလေးမနဲ့ ငါက ရေစက်ပါတယ်" ကျင်ရှန်းက ပေါ့ပေါ့ပါးပါး ပြောသည်။ "အဲ့ဒီနှစ်တုန်းက ငါ သူရဲ့အပြင်အားကိုယ်ကို ဝင်ပူးခဲ့ပေမယ့် ဝိညာဉ်ကိုတော့ မဖျက်စီးခဲ့ဘူး။ ခွဲခွာဖို့ အချိန်ကျလာရင် အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်ကျင့်ကြံခြင်းအခြေခံနဲ့ ကျေးဇူးပြန်ဆပ်မယ်လို့ ကတိပေးခဲ့တယ်
"ငါ မိစ္ဆာအင်မိုတယ်ခန္ဓာကို ရရှိသွားတဲ့အချိန်ကတည်းက သူ့ခန္ဓာကိုယ်ကို သူ့ဆီ ပြန်ပေးပြီးသွားပြီ။ သူ့ကို နင်နဲ့အတူ တောင်ကောင်းကင်ဂြိုဟ်ဆီ ပြန်ခေါ်ပေးသွားလို့ရတယ်မလား"
မန်ဟိုက ကျောက်ယူလန်ကို ကြည့်ပြီးနောက် ကျင်ရှန်းကို ပြန်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်လိုက်၏။
ကျင်ရှန်းသည် မန်ဟိုကို နောက်ဆုံးတစ်ချက် ကြည့်ပြီး လှည့်၍ ကြယ်မြစ်ကြီးထံမှ ပျံထွက်သွားတော့သည်။ သူမ ကြယ်တာရာကောင်းကင်သို့ ထွက်သွားသောအခါ အလင်းရောင်တစ်ခု သူမခြေထောက်အောက်တွင် ပေါ်လာပြီး လွန်းပြန်ယာဉ်တစ်စင်းအသွင်ပြောင်းသွား၏။
လွန်းပြန်ယာဉ်မှာ အလင်းများဖြင့် ဝန်းရံရစ်သိုင်းနေလျက် မီတာသုံးရာနီးပါးအထိ အရွယ်အစားကြီးမားလာသည်။ ၎င်းထံမှ မိစ္ဆာချီတို့က တရိပ်ရိပ် ဖြာထွက်နေကာ ကြယ်ပုံရိပ်များကို တွန့်လိမ်ရှုံ့တွနေစေပြီး သရဲပုံရိပ်များ ဖြစ်ပေါ်လာစေသည်။
သူမက သူ့ကို ပြန်လှည့်ကြည့်ပြီး ပြောလေသည်။ "ကဲ မန်ဟိုလေးရေ သွားတော့မယ်နော်။ ငါ့ကို သိပ်လွမ်းမနေနဲ့ဦး။ မနေနိုင်အောင် လွမ်းလာရင်တော့ ကြယ်တွေကြား ပျံသန်းနိုင်တဲ့တစ်နေ့ကျရင် အရှေ့အောင်ပွဲဂြိုဟ်ဆီ လာခဲ့။ ငါနဲ့အတူ နှစ်ယောက်တည်းနေဖို့ ငါ အချိန်ပေးနိုင်မလား ဘယ်သူပြောနိုင်မလဲ" သူမက ရယ်လိုက်သည်။ ယခုတွင် သူမသည် မန်ဟိုနှင့် ပထမဆုံးအကြိမ် တွေ့ခဲ့စဉ်တုန်းပုံစံ ပြန်ဖြစ်သွားသယောင်ပင်။
ကလူမြူဆွယ်နေသော ဟန်ပန်၊ ညို့ယူဖမ်းစားနေသော မျက်ဝန်းကလေးများဖြင့် သူမက ပြုံးပြီးနောက် အဝေးသို့ ထွက်သွားသော အလင်းတန်းအသွင်ပြောင်းသွားတော့သည်။
မန်ဟိုက ပြုံးပြီး ခေါင်းခါလိုက်၏။ သူနှင့်ကျင်ရှန်းသည် လုပ်ဖော်ကိုင်ဖက်သဘောသာ ရှိခဲ့သော်လည်း မိစ္ဆာအင်မိုတယ်ဂိုဏ်း၌ ဖြစ်ပျက်သွားသမျှအကုန်လုံးပြီးနောက် တဖြေးဖြေး မိတ်ဆွေ ဖြစ်လာခဲ့လေသည်။
သူက သူမ၏ ထွက်ခွာသွားသော ပုံရိပ်လေးမှ အကြည်လွှဲပြီး အနီးနားရှိ ကျောက်ခဲတစ်ခဲအပေါ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ ကျောက်ယူလန်မှာ မျက်လုံးများပိတ်လျက် သူ့ဘေးတွင် အိပ်ပျော်နေဆဲဖြစ်သည်။ ကြယ်မြစ်ကြီးက ကြယ်တာရာကောင်းကင်ကြီးဖြတ်၍ ရွေ့လျားနေ၏။ မကြာမီ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်လာသည်။
မန်ဟိုသည် အဆုံးမရှိခဲ့သော ကြယ်များကို ငေးကြည့်နေပြီး မကြာမီ မျှော်လင့်ချက်များ သူ၏မျက်လုံးထဲတွင် တောက်ပလာ၏။
"ကျင့်ကြံခြင်း။ အင်မိုတယ်အဆင့်တက်ခြင်း။ ကြယ်တွေအကြား ပျံသန်းခြင်း.... အကုန်လုံးက ခရီးတစ်ခုပဲ။ တောင်ကောင်းကင်ဂြိုဟ်ကနေ ထွက်ပြီး ကြယ်တာရာကောင်းကင်ကို ဝင်ရောက်နိုင်ရင် ငါ့ရဲ့ ခရီးက ပိုလို့တောင် အံ့ဖွယ်ကောင်းလာမှာပဲ
"အဲ့ဒီအချိန်ကျရင် တောင်ကောင်းကင်ဂြိုဟ်ဆိုတာ ခရီးတစ်ထောက်က သဘာဝရှုခင်းလေးတစ်ခုပဲ ဖြစ်လိမ့်မယ်" ရုတ်တရက် မန်ဟိုက ပြုံးလိုက်သည်။
"မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ ငါ တော်တော့်ကို အမြတ်ရခဲ့တယ်" သူက သိုလှောင်အိတ်ကို ငုံ့ကြည့်ရင်း တွေးလိုက်သည်။
"တောင်ဝါးမြိုမန္တန်။ ကောင်းကင်ဘုံကိုးခုပျက်စီးခြင်း။ ကောင်းကင်ဘုံကိုးထပ်ရတနာခန္ဓာတံဆိပ်တော် ... ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်။ ဒီနတ်ဘုရားစွမ်းရည်အားလုံးအပြင် အသေးအဖွဲပညာရပ်တော်တော်များများလည်း ရှိသေးတယ်
"ပြီးတော့ မိစ္ဆာအင်မိုတယ်ဂိုဏ်းက ရတနာတွေရော၊ ကျီမင်ဖုန်းရဲ့ သိုလှောင်အိတ်ရော ရှိတယ်။ အကုန်လုံးအထဲ အရေးအကြီးဆုံးကတော့ သစ်သားအချိန်ဓားရဲ့ ဓားထိပ်ပဲ" ဓားထိပ်ကို တွေးမိသောအခါ သူ၏နှလုံးသားမှာ စိတ်အားထက်သန်မှုတို့ဖြင့် တဒိန်းဒိန်း ခုန်လာတော့သည်။
"ဓားထိပ်မှာ အချိန်စွမ်းအား နှစ် ၃၀၀၀၀ ရှိတယ်။ ငါ တကယ် အသုံးပြုရင် နှစ် ၃၀၀၀၀ အပြည့်တော့ မဟုတ်လောက်ပေမယ့် အံ့ဩစရာကောင်းဦးမှာပဲ" သူသည် မျက်လုံးများ တလက်လက် တောက်ပလျက် သိုလှောင်အိတ်ကို ပုတ်လိုက်၏။
"အဲ့ဒါတွေတင်မကသေးဘူး။ စတုတ္ထပြင်ညီက အဖိုးထိုက်ရတနာ ကုန်းမြေကြေးမုံ ရှိတယ်။ သူ့အထဲမှာ မှော်ပစ္စည်းတွေ အများကြီး သိုလှောင်ထားတာ။ မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းရော ၊ ဟို ပါရာဂွန်ကြီးသုံးယောက်ရဲ့ အရိပ်တွေရောပဲ
"ကုန်းမြေကြေးမုံက အစစ်အမှန်စိတ်ဝိညာဉ်ညရဲ့ အဖိုးထိုက်ရတနာ။ သူ့ကို ယူတာက ညကို နိုးထစေခဲ့တယ်။ ည ဒီရတနာကို ဘယ်လောက်တန်ဖိုးထားလဲ စဉ်းစားရင် အင်း ...ဒါက ငါ့ကြေးမုံမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ မူလအစရှိတယ်လို့ သက်သေပြနေဝာပဲ" သူသည် ကြေးမုံကြုံတွေ့ခဲ့သော ပြောင်းလဲမှုအကြောင်း တွေးမိသောအခါ ဤစွန့်စားခန်းမှာ အမှန်တကယ်ကို အမြတ်ထွက်ကြောင်း ခံစားလိုက်ရပြန်တော့သည်။
"ရထားတဲ့ပစ္စည်းတွေကြောင့် သေချာပေါက် ပစ်မှတ်ထားခံရလိမ့်မယ်။ ကျန်ရှိတဲ့ တောင်ကောင်းကင်ကျင့်ကြံသူတွေက ကောက်ကျစ်စဉ်းလဲကြပြီး မကောင်းတဲ့အကြံအစည်တွေ ရှိနေကြမှာပဲ။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူတို့ဂိုဏ်းတွေ ၊ မျိုးနွယ်စုတွေ မြန်မြန် သိသွားကြမှာ" သူ၏မျက်လုံးများ တဖျပ်ဖျပ် လက်လာသည်။
"အဲ့ဒီလူတွေ ငါ့အပေါ် အကြွေးဘယ်လောက်တင်နေလဲဆိုတော့ ... အကုန်လုံးပေါင်းလိုက်ရင် ဝိညာဉ်ကျောက်တုံးဆယ်သန်း။ အဲ့ဒီလိုဆိုတော့ အခု ငါ့မှာ လိုအပ်နေတာက ... ဝိညာဉ်ကျောက်တုံးတွေပဲ" သူသည် အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သော်လည်း ရစရာရှိသည့် အကြွေးများကို တွေးမိသောအခါ သူ၏မျက်နှာအပေါ်တွင် တောက်ပသောအပြုံးတစ်ခု ဖြစ်ထွန်းလာတော့သည်။
"အကြွေးရှင်ကတော့ အကြွေးပြန်တောင်းရမှာပဲ။ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းတွေကလည်း အဲ့လိုသတ်မှတ်ပေးထားတာ မဟုတ်လား။ ဒီအချက်ကို ဘယ်တော့မှ ရှောင်လွှဲလို့မရဘူး။ ဒါပေမဲ့ အလုံခြုံဆုံးဖြစ်ဖို့ ငါ အနက်ရောင်နယ်မြေမှာရော ၊ အနောက်ပိုင်းသဲကန္တာရမှာရော နေလို့မဖြစ်တော့ဘူး" မန်ဟို့ခေါင်းထဲတွင် အတွေးများစွာ ဖြတ်ပြေးနေသည်။
အချိန်များ ကုန်လွန်သွားသည်။ မန်ဟိုသည် ကြယ်မြစ်ကြီးနှင့် ကြယ်တာရာကောင်းကင်ကို ကြည့်ရင်း တင်ပျဉ်ခွေထိုင်နေ၏။ မကြာမီ တောင်ကောင်းကင်ဂြိုဟ်မှတစ်ပါး အခြားမဟုတ်သော အလင်းစက်လေးတစ်စက်ကို မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူသည် တောင်ကောင်းကင်ဂြိုဟ်ကို လှည့်ပတ်နေသော ယဇ်စင်မြင့်တစ်ခုကို မြင်လိုက်ရ၏။
အဆိုပါစင်မြင့်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အေးစက်အုံ့မှိုင်းနေသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ အရှိန်အဝါက သူ့ထံ ဖြာထွက်လာသော်လည်း ကြယ်မြစ်ကြီး၏ ဟန့်တားခြင်းခံလိုက်ရသဖြင့် သူ့ဆီ မရောက်လိုက်ပေ။
ကြယ်မြစ်ကြီး တောင်ကောင်းကင်ဂြိုဟ်သို့ ရောက်ရှိလာစဉ် မန်ဟိုက ထရပ်လိုက်သည်။ သူကြည့်နေစဉ် တောင်ကောင်းကင်ဂြိုဟ်သည် နီးသထက်နီးလာ၏။ မကြာမီ အောက်ရှိ မြေပြင်များကို မြင်လိုက်ရသည်။ နဂါးငွေ့တန်းပင်လယ် ၊ တောင်ပိုင်းဒေသနှင့် အနောက်ပိုင်းသဲကန္တာရကို မြင်လိုက်ရလေသည်။
သူတို့ ဆင်းလာကြစဉ် ကျောက်ယူလန်မှာ တဖြေးဖြေး သတိပြန်ရလာ၏။ သို့သော် သူမ မျက်လုံးမဖွင့်နိုင်ခင် မန်ဟိုက ကြယ်မြစ်အတွင်းမှ တောင်ကောင်းကင်ဂြိုဟ်၏အမြင့်ဆုံး ကောင်းကင်ထက်သို့ ပျံ့တက်သွားလေပြီ။ ထို့နောက် သူကား အဝေးသို့ တဟုန်ထိုး ထွက်သွားသော အလင်းတန်းအသွင်ပြောင်းသွားလေသည်။
ထိုမျှမြင့်မားသောအရပ်တွင် ဖိအားအလွန်များ၏။ သို့သော် မန်ဟိုက သခင်လီ၏အမွေအနှစ် နတ်မီးလျှံစမ်းသပ်ပွဲတွင် မီတာ ၁၈၀၀၀ အမှတ်မှ ဖိအားကို ရင်ဆိုင်ခဲ့ဖူးလေသည်။ သို့ဖြစ်၍ ဤဖိအားမှာ သူ့အတွက် အဖက်လုပ်နေစရာမဟုတ်ပေ။ သူကား မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားသွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။
ကြယ်မြစ်ကြီးက ဝုန်းခနဲ မြည်ဟည်းရင်း တွေဝေနေသော ကျောက်ယူလန်ကို အောက်သို့ သယ်ဆောင်သွားသည်။ မန်ဟို အဝေးသို့ တဟုန်ထိုး ထွက်သွားစဉ် မခိုးမခန့်ရယ်သံနှင့်အတူ အက်ကွဲကွဲအသံတစ်သံ ကြားလိုက်ရ၏။
"ဒီနှစ်တွေထဲမှာ ဒီကောင်လေး ကြီးပြင်းလာခဲ့ပြီပဲ။ သူ့ရဲ့ ပြီးပြည့်စုံခြင်းနယ်ပယ်က တကယ် ပြီးပြည့်စုံတယ်။ ငါ စောင့်နေခဲ့ရတာ ကြာပြီ.... ကျီမျိုးနွယ်စု ခြေရာခံမရအောင် မင်းရဲ့လမ်းကြောင်းတွေကို ငါ ဖုံးပေးခဲ့တာ အလကားမဖြစ်ဘူးပဲ။ ကောင်လေးရေ မင်းရဲ့ပြီးပြည့်စုံခြင်းအဆင့်ကို ငါ့ဆီပေးဖို့ အချိန်ကျပြီ"
***