← Chapters

ဝမ်မျိုးနွယ်စု၏ ဒသမခေါင်းဆောင်ကြီး

Vol. 45 Ch. 630

ဝမ်မျိုးနွယ်စု၏ ဒသမခေါင်းဆောင်ကြီး

Vol. 45 Ch. 630

အသံထွက်လာသည်နှင့်တစ်ပြိုင်နက် လေများ၊ တိမ်တိုက်များ လှုပ်ရှားနေခြင်း ရပ်တန့်သွားသည်။ နောက်ထပ်မည်သည့်အသံကိုမျှ မကြားရတော့ပေ။

ကြယ်မြစ်ကြီးသည် တဂျိန်းဂျိန်း ထစ်ချုန်းရင်း ကျောက်ယူလန်ကို မြေပြင်သို့ သယ်ဆောင်သွားနေ၏။ သူမမျက်လုံးများမှာ ယခုတွင် ပွင့်နေပြီဖြစ်ပြီး အဖြူရောင်ဝတ်ရုံနှင့် အဘိုးကြီးတစ်ယောက်ကို မြင်သည်ဆိုရုံကလေး မြင်လိုက်ရသည်။ သူသည် မျက်နှာတစ်ပြင်လုံး အရေးအကြောင်း၊ အတွန့်အခေါက်များ ပြည့်နေလျက်၊ ဆံပင်များက တလွင့်လွင့်များ ဖြစ်နေလျက် လေလယ်တွင် ရပ်နေလေ၏။ သူ အသက်မည်မျှရှိသလဲ ပြောရခက်သော်လည်း သူ၏ပုံစံမှာ ယခုလေးတင် သင်္ချိုင်းမြေပုံထဲမှ တွားသွားထွက်လာသည့်အလားပင်။

အပုပ်နံ့တို့က သူထံမှ တလှိုင်လှိုင် ထွက်နေ၏။ ၎င်းတို့က နောက်ဆုံးနေ့ရက်များသို့ ရောက်နေခဲ့ပြီဖြစ်သော်လည်း ထွက်သွားလိုစိတ်မရှိသော လူတစ်ယောက်ကို ဝန်းရံနေသော အငွေ့အသက်များအလားပင်။ ထိုလူသည် ထွက်သွားမည့်အစား တုန်လှုပ်‌‌အံ့ဩဖွယ်ကောင်းသော တစ်စုံတစ်ခုအား လုပ်ဆောင်မည်ဖြစ်၏။

သို့သော် သူကား အသွေးအသားဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်မဟုတ်ဘဲ ဝိညာဉ်သဖွယ် တစ်ပိုင်းတစထွင်းဖောက်မြင်နေရသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသယောင်ပင်။

ကျောက်ယူလန်မှာ ဤအရာများကို သတိပြုမိလိုက်သည့်အချိန်မှာပင် သတိပြန်လွတ်သွားပြီးနောက် ကြယ်မြစ်ကြီးနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

လောလောဆယ်တွင် မန်ဟိုသည် တရိပ်ရိပ် ပျံသန်းနေပြီး ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ရီလာသည်။ ကောင်းကင်နှင့်မြေကြီး၏အရာအားလုံး၊ တစ်လောကလုံးမှာ လှောင်ချိုင့်ကြီး ဖြစ်သွားသည့်အလား သူ၏ပတ်ပတ်လည်ရှိ လေထုမှာ ခဲလာ၏။ သူ့မှာ ထိုလှောင်ချိုင့်ထဲတွင် ပိတ်လှောင်ခံလိုက်ရတော့ သားရဲတစ်ကောင်သဖွယ် ရုန်းကန်သော်လည်း မလွတ်မြောက်နိုင်ဖြစ်နေလေသည်။

ဤအခိုက်အတန့်တွင် ဆွေးမြည့်ပုပ်သိုးမှုအပြည့်ဖြင့် အေးတိအေးစက်အသံကြီးက သူ့၏နားထဲ ဝင်ရောက်လာသည်။ မွေးဖွားလာသည့်အချိန်မှစ၍ ယနေ့အထိ ကြုံတွေခဲ့ဖူးသမျှ အရာတစ်ခုနှင့်မတူသော အန္တရာယ်အာရုံကြီး ပေါက်ဖွားလာသဖြင့် သူ့မှာ မျက်နှာပျက်သွားတော့သည်။

"ဒါ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မဟုတ်ဘူး" ထစ်ချုန်းသံကြီးက သူ၏စိတ်ထဲတွင် မြည်ဟည်းသွားပြီး ခန္ဓာကိုယ်၏ကျန်ရှိသော အစိတ်အပိုင်းများသို့ ဖြာဆင်းသွားသည်။ ဇောချွေးများ ပြန်လာလေပြီ။ သူကား တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ နဝမဝိညာဉ်ခန္ဓာသို့ တိုက်ရိုက်ဝင်ရောက်လိုက်၏။

ဝုန်း

သူ၏ကျင့်ကြံခြင်းအခြေခံ ထိုးတက်သွားသည်။ ၎င်းတွင် ကျင့်ကြံခြင်းအခြေခံ အပိုင်းရှစ်ပိုင်းသာ ရှိတော့သော်လည်း တစ်ပိုင်းစီက ဖိနှိပ်ခံထားရပြီး အဆုံးစွန်အထိ သန့်စင်နေရာ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုအား ပေါ်ထွက်လာစေသည်။

ဝုန်း

ကျင့်ကြံခြင်းအခြေခံလှိုင်းများ ဖြာထွက်နေစဉ် သူ၏ဆံပင်များမှာ မြောက်တက်ဝဲပျံနေသည်။ သူ၏စွမ်းအားမှာ မိုးထိတိုင်အောင် မြင့်တက်သွားပြီး အပြင်အားကိုယ်၏ အံ့ဖွယ်ခွန်အားကလည်း အထွတ်အထိပ်အထိ ထုတ်လွှတ်လိုက်သည်။

ဤတင် မပြီးသေး။

သူက မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ တောင်ဝါးမြိုမန္တန်ကို ဆင့်ခေါ်လိုက်သည်။ ဂျိန်းခနဲ ပုံရိပ်ယောင်တောင်ကြီးတစ်လုံး ပေါ်လာသည်။ ပုံရိပ်ယောင်တောင်ကြီးမှာ တွန့်လိမ်ရှုံ့တွရင်း အပြင်သို့ ပြန့်ကားလာလေသည်။

ထို့နောက် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ကာ မှော်ပစ္စည်းဆယ်ခုအား ထွက်ပေါ်လာစေသည်။ ဤပစ္စည်းတစ်ခုစီသည် မိစ္ဆာအင်မိုတယ်ဂိုဏ်းတွင် ရရှိခဲ့သော ‌အံ့ဖွယ်ရတနာများဖြစ်၏။ ၎င်းတို့အား အလွန်တရာ တန်ဖိုးထားပါသော်လည်း လက်ရှိသေရေးရှင်ရေးအခိုက်အတန့်တွင် နှမြောနေရန် အချိန်မရှိပေ။ သူသည် ၎င်းတို့အား တွေဝေတုံ့ဆိုင်းမနေဘဲ ထုတ်ပြီးနောက် ဟိန်းဟောက်လိုက်၏။

"ပေါက်ကွဲစမ်း" ထိုသို့ပြောရခြင်းက မန်ဟို့နှလုံးသားကို သွေးစိမ်းရှင်ရှင်ကျသွားစေသော်လည်း ရွေးချယ်စရာမရှိပေ။

ဤအခြင်းအရာအားလုံးကို ဖော်ပြရန် အချိန်တချို့ကြာလိုက်သော်လည်း တကယ်တမ်း တခဏတွင်းချင်း ဖြစ်ပျက်သွားခြင်းပင်။

ပုံရိပ်ယောင်လက်ကြီးတစ်ဖက် မည်သည့်နေရာမှမသိ ဘွားခနဲ ပေါ်လာသည်။ ၎င်းသည် တစ်ပိုင်းတစဖောက်ထွင်းနေရပြီး တလက်လက် တောက်ပနေသော အလင်းစက်များဖြင့် ပြည့်နှက်နေ၏။ ၎င်းမှာ သဘာဝနိယာမနှင့် လိုက်လျောညီထွေဖြစ်နေသည့် ကောင်းကင်နှင့်မြေကြီး၏မဟာတာအို ပါရှိနေပုံရသည်။ လက်ကြီးပေါ်လာသည်နှင့်တစ်ပြိုင်နက် အရာအားလုံး မှေးမှိန်ဝေဝါးလာရာ ၎င်းသည်သာ ထင်းနေတော့၏။

လက်ကြီးက မန်ဟိုကို အသာအယာရိုက်ရန် ပြင်ရင်း ချဉ်းကပ်လာသည်။

၎င်း ချဉ်းကပ်လာစဉ် မန်ဟိုက မိစ္ဆာအင်မိုတယ်ဂိုဏ်းရတနာဆယ်ခုကို ဖောက်ခွဲလိုက်သည်။ ကောင်းကင်နှင့်မြေကြီးကို နှစ်ခြမ်းခြမ်းပစ်နိုင်ပုံရသော ပေါက်ကွဲလှိုင်းများ ဖြာထွက်လာ၏။ အရာအားလုံး တုန်ခါလာပြီး ရွဲ့စောင်းတွန့်လိမ်နေသော လှိုင်းဂယက်များ အရပ်မျက်နှာတစ်ခွင် ဖြစ်ပေါ်လာသည်။ ကမ္ဘာကြီးမှာ ပေါက်ကွဲမှု‌မှ ထုတ်လွှတ်လိုက်သော အဖျက်အဆီးအားကြီးကို မကိုင်တွယ်နိုင်ပုံရသည်။

အုံး

မန်ဟို့ပတ်ပတ်လည်ရှိ လှောင်ချိုင့်ကြီးမှာ ယခုတွင် အက်ကြောင်းများဖြင့် ဇကာပေါက် ဖြစ်နေလေပြီ။ မှော်ပစ္စည်းဆယ်ခု၏ ပေါက်ကွဲမှုက လာနေသော လက်ကြီးကို တဒင်္ဂရပ်သွားစေသည်။

အေးတိအေးစက် ရေရွတ်လိုက်သော "အီး" ဆိုသော အသံအား ကြားလိုက်ရပြီး လက်ကြီးကလျှပ်တပြက် ရွေ့လျားလာ၏။ ပေါက်ကွဲမှု၏ အဖျက်အဆီးစွမ်းအားမှာ ပျောက်ကွယ်သွားပြီး တခဏလေးအတွင်း မန်ဟိုမှာ ကူကယ်ရာမဲ့နေသော အခြေအနေသို့ ကျရောက်သွားတော့သည်။

"တာအိုရှာဖွေခြင်း။ တာအိုရှာ‌ဖွေခြင်းအဆင့် ကျင့်ကြံသူ" မန်ဟိုမှာ ရင်တဒိန်းဒိန်း ခုန်လာပြီး ခါးသီးမှုတို့ဖြင့် ပြည့်နှက်သွားသည်။ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်မှာ သူ့ထက် တစ်ဆင့်လုံး မြင့်မားလေသည်။ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်များသည် တောင်ကောင်းကင်ဂြိုဟ်တွင် ရှားပါးသော အင်အားကြီးပုဂ္ဂိုလ်များ ဖြစ်ကြ၏။

မန်ဟို မှတ်မိသရွေ့ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးကို တစ်ခါမှ ရန်မစခဲ့ဖူးပေ။ စောစောက ပြောလိုက်သောအသံအရ ကျီမျိုးနွယ်မဟုတ်ကြောင်း ထင်ရှားသည်။

"သူက ဘယ်သူလဲ" မန်ဟိုသည် အန္တရာယ်များလေလေ ၊ စိတ်ငြိမ်ငြိမ်ထားဖို့ လိုအပ်လေလေ ဖြစ်ကြောင်း သိ၏။ သူက မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက် လှောင်ချိုင့်ကြီးတွင် ပေါ်လာသော အက်ကြောင်းများမှတစ်ဆင့် အမြန်ဆုံးထွက်သွားတော့သည်။ သူသည် ချက်ချင်းဆိုသလို မဟူရာလပါရှိနေသော အစိမ်းရောင်အခိုးအငွေ့နှင့်အတူ သိမ်းငှက်လေအသွင်ပြောင်းသွားလေ၏။ မျက်စိတစ်မှိတ်အတွင်း သူ့မှာ အက်ကွဲကြောင်းတစ်ခုမှ ထွက်ကာ အဝေးသို့ ထွက်သွားလေပြီ။ သူကား နောက်ပြန်လှည့်ကြည့်ဖို့ အချိန်မရှိသည်အထိ လျင်မြန်စွာ ရွေ့လျားသွား၏။

လှောင်ချိုင့်ထဲမှ သူ ဖောက်ထွက်သွားသည့်အချိန်မှာပင် လက်ကြီးက ထပ်ကြပ်မကွာ လိုက်လာလေသည်။ ၎င်းသည် လှောင်ချိုင့်ကြီးနှင့်အတူ သူ ဖျက်စီးခဲ့သော အဖိုးထိုက်ရတနာဆယ်ခု၏ အဖျက်အစီးစွမ်းအားကို ဖျက်စီးပစ်လိုက်၏။ ထို့နောက် ပုံရိပ်ယောင်တောင်ကြီးကို ဝင်ဆောင့်သွားသည်။

ဘန်းးးး

ပုံရိပ်ယောင်တောင်ကြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး အပိုင်းအစများက အရပ်မျက်နှာအနှံ့ လွင့်စင်ထွက်သွားလေသည်။ မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး အက်သံများ ကြားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်မှာ ဖျက်စီးခံရတော့မည့်ပုံရသည်။

လက်ကြီးမှာ အေးအေးဆေးဆေး ခြင်ရိုက်နေသည့်အလားပင်။ ၎င်းက ပုံရိပ်ယောင်ကြီးကို ဖောက်ထွက်လာပြီး မန်ဟို့‌ ကျောနောက်သို့ ဦးတည်လာသည်။

လက်ကြီး နီးကပ်လာသည့်အချိန်မှာပင် မန်ဟိုက ခေါင်းထောင်ပြီး အော်လိုက်၏။ "ချီနန်"

တဝုန်းဝုန်း မြည်ဟည်းလာပြီး ကမ္ဘာခြားစွမ်းအားတစ်ရပ် ချဉ်းကပ်လာသည်။ သို့သော် ၎င်းမှာ အကြောင်းတစ်စုံတရာကြောင့် လမ်းတစ်ဝက်ခန့်ရောက်သည့်အခါ တွန့်ဆုတ်သွားဟန်တူသည်။ ထိုအခိုက်အတန့်လေးအတောအတွင်း လက်ကြီးက ချဉ်းကပ်လာ၏။

မန်ဟိုက ချီနန်ကို ထိန်းချုပ်ဖို့ မလုပ်ပေ။ သွေးမျက်နှာဖုံးက သူ၏သိုလှောင်အိတ်ထဲမှ ပျံထွက်လာကာ သူ့တစ်ကိုယ်လုံး ဖုံးသည့်တိုင်အောင် လျင်မြန်စွာ ကြီးမားလာပြီး ဧရာမလက်ကြီးကို ဟန့်တားလိုက်၏။

သွေးမျက်နှာဖုံးအတွင်းမှ ဟောင်သံတစ်သံ ကြားလိုက်ရပြီး သွေးအလင်းရောင်တို့ ဖြာထွက်လာသည်။ သွေးခွေးကြီး ပျံ့ထွက်လာပြီး လက်ကြီး အနားရောက်လာသည့်အခါ ၎င်းက မျက်နှာဖုံးနှင့်အတူ မန်ဟို၏နောက်ကျောကို ကာကွယ်လိုက်၏။ သွေးခွေးကြီးမှာ သူ့သခင်၏နောက်ကျောကို လှည့်ကြည့်ရန်ပင် အချိန်မရလိုက်ပေ။

ဝုန်ူ

သွေးခွေးကြီးမှာ လက်ကြီး၏ဝင်ဆောင့်ခြင်း ခံလိုက်ရသည့်အခိုက်အတန့်တွင် မရေမတွက်နိုင်သော သွေးမျှင်တန်းများအဖြစ် ပေါက်ကွဲသွားပြီး ‌သွေးမျက်နှာဖုံးအတွင်းသို့ ပြန်ဝင်သွားလေသည်။

သွေးမျက်နှာဖုံးမှာ လွင့်ထွက်သွားသဖြင့် အလွန်ပြင်းထန်သော ထစ်ချုန်းသံကြီးအား ကြားလိုက်ရ၏။ ၎င်းသည် မန်ဟို့နောက်ကျောနှင့် တစ်သားတည်းဖြစ်သွားရာ သူ့အား ပြင်းပြင်းထန်ထန် တုန်ရီသွားစေတော့သည်။

"သွေးခွေးကြီး" မန်ဟိုက မျက်လုံးများ နီရဲတွတ်နေလျက် ဟိန်းဟောက်လိုက်သည်။ ထိုအခိုက်အတန့်တွင် သွေးခွေးကြီး၏သွေးမျှင်များမှာ မျက်နှာဖုံး၏အတွင်းတွင် များစွာပို၍ သေးငယ်သော သွေးခွေးလေးတစ်ကောင်အဖြစ် ပြောင်းလဲလာကြောင်း ခံစားလိုက်ရလေသည်။

အကာအကွယ်နှစ်ထပ်က သူ၏သေရေးရှင်ရေးကို ယာယီ ဖြေရှင်းပေးခဲ့သည်။။ သို့ရာတွင် သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားဆဲဖြစ်ပြီး သူ၏အတွင်းကလီစာများမှာ ရစရာမရှိအောင် စုတ်ပြတ်သွားလေသည်။ သူ၏အသက်အရှိန်အဝါမှာ ဆုတ်ယုတ်လာနေပြီး သူ့မှာ ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်သဖွယ် အရုပ်ကြိုးပြတ် လွင့်ထွက်သွားလေပြီ။

သူ၏မျက်လုံးများမှာ သွေးကြောများဖြင့် သိပ်သည်းနေပြီး တစ်ခါမှမခံစားရဖူးသော မုန်းတီးမှုတို့ ရုတ်တရက် ပေါက်ဖွားလာတော့သည်။

ပြင်းထန်လှသော နာကျင်မှုက သူ့ကို လွှမ်းခြုံသွားပြီး သူ့မှာ အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲခံနေရသည်ဟု ခံစား‌နေရလေသည်။ သူ၏အရေပြားမှာ အသားနီတို့လန်နေလေပြီ။ နောက်တစ်ရှိုက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး တစစီဖြစ်တော့မည့်ပုံရသည်။

ဒုတိယမ္ပိ 'အီး' ဆိုသော အသံအား ကြားလိုက်ရသည်။ ရုတ်တရက် မန်ဟို၏သိုလှောင်အိတ်ထဲမှ ကြက်တူ‌ရွေးနှင့် အသားဂျယ်လီတို့နှစ်ကောင် ပျံ့ထွက်လာ၏။

ကြက်တူရွေးက မစိုးရိမ်စဖူး စိုးရိမ်နေသော မျက်နှာထားဖြင့် မန်ဟို့ပခုံးကို ဆုပ်ကိုင်လျက် နားလိုက်သည်။ "သောက်ချီးတဲ့မှပဲ ခွေးမသား။ ‌သောက်ချီးတဲ့မှပဲ သေစမ်း။ ဒီကောင်က အတုအယောင်အင်မိုတယ်ဖြစ်ဖို့  ခြေတစ်လှမ်းပဲ လိုတော့တာ။ ကိုယ်ပွားလေးပဲ ဆိုရင်တောင်မှ တာအိုရှာ‌ဖွေအဆင့် ဖြစ်နေသေးတယ်။ ဟေ့ကောင် မအေဘေး အသားဂျယ်လီ မန်ဟို့ကို ဘာလို့ အခုထိ မကယ်သေးတာတုန်း" အသားဂျယ်လီမှာ တဆတ်ဆတ် တုန်နေလေသည်။ သို့သော် ၎င်းက မန်ဟို့ကား လျင်မြန်စွာ လွှမ်းခြုံလိုက်ကာ သူ၏စုတ်ပြဲနေသောအသားအား ခဲသွားစေသည်။

ရှေးကျသော အက်ကွဲကွဲအသံကြီးအား လေဟာနယ်မှ ရုတ်တရက် ကြားလိုက်ရသည်။ "ငါက ဝမ်မျိုးနွယ် ဒသမခေါင်းဆောင်ကြီးပဲ။ မင်း ချီအခြေတည်အဆင့်မှာ ရှိနေတုန်းက တာအိုအောင်မြင်သွားတဲ့ ဘိုးဘေးကြီးတစ်ယောက် အခြေတစ်ခုကို ချိတ်ပိတ်ရတာ ဘာနဲ့တူလဲ ခံစားကြည့်ချင်လို့ မင်းကို ငါ့ရဲ့ တာအိုသစ်စေ့အဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တယ်

"မင်း တကယ်ပဲ ... လွတ်မယ်ထင်လား" အသံကြီးတွင် ကောင်းကင်နှင့်မြေကြီး၏ သဘာဝနိယာမများနှင့် ကိုက်ညီနေသော ထူးထူးဆန်းဆန်းအခိုးအငွေ့များ ပါရှိနေသယောင်ပင်။

အသံကြီး စကားပြောနေစဉ် လက်ကြီးမှာ မှေးမှိန်ပျောက်ကွယ်လာသည်။ သို့သော် ၎င်းက နောက်တစ်ကြိမ် ပြန်လည်ထင်ရှားပြတ်သားလာ၏။ အသက်တစ်ရှိုက်ကြာသော် ၎င်းက မန်ဟို့အနောက် ရောက်လာလေပြီ။ လက်သီးက မန်ဟို့ကို နောက်မှ လွှဲရိုက်ချလိုက်သည်။

"ငါ မင်းကို ပြန်လည်မွေးဖွားခြင်းဂူအပြင်ဘက်မှာ ကယ်ခဲ့တယ်" အသံကြီးက မနှေးလွန်း၊ မမြန်လွန်း‌ပြောသည်။ "ကျီမျိုးနွယ်စု မင်းနောက်လိုက်တုန်းက မင်းကို ကူညီပေးခဲ့တယ်။ ပြီးတော့ မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ မင်းလုပ်ခဲ့တဲ့အရာတွေကြောင့် အကုန်လုံးပွက်လောရိုက်နေတာ။ မင်းပြန်ရောက်လာတော့ ဘယ်သူမှ မင်းပြန်လာတာ မသိအောင် မင်းရဲ့အရှိန်အဝါ ငါဖယ်ရှားပေးခဲ့တယ်

"ဘာအတွက်လဲဆိုရင် မင်း ငါ့ကို ပြန်ဆပ်ရမယ့် အချိန်အတွက်ပဲ။ ပြီးတော့ အဲ့ဒီအချိန်က ... အခု ကျရောက်လာပြီ" အသံကြီး ဆက်ပြောနေစဉ် အပုပ်နံ့မှာ ပို၍သိသာလာ၏။

"ပြီးပြည့်စုံအဆင့်လေးဆင့် ။ ပြီးပြည့်စုံတဲ့အခြေက ... အင်မိုတယ်အဆင့်တက်လှမ်းခြင်းအတွက် အခြေခံအုတ်မြစ်ပဲ။ မင်းအတွက်ဆို အလကားဖြစ်နေမှာ... အဲ့ဒီတော့ ငါ ယူမယ်"

လက်ကြီးက မန်ဟို့ကို ဖမ်းရန် ဆက်လာနေသည်။ မန်ဟိုနှင့်ကြက်တူရွေး မည်မျှပြေးပြေး သူတို့ကို ရစ်ပတ်နေသော ဆွဲအားမှ လွတ်အောင် မပြေးနိုင်ပေ။ မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး ဆွဲအားကို လျော့ကျသွားစေသော သူ၏ခန္ဓာကိုယ်အပေါ်ရှိ တစ်စုံတစ်ခုကို အာရုံရလိုက်သည်။  ဆွဲအားမှာ သူ့ကို အလိုအလျောက် လွှတ်ပေးတော့မည့်အလားပင်။

ဤအခိုက်အတန့်တွင် ကြက်တူရွေးနှင့်အသားဂျယ်လီမှာ ပျာယာခတ်နေပြီဖြစ်သည်။ မန်ဟို နောက်တစ်ကြိမ် အလျင်စလို ပြောလိုက်၏။ "ချီနန် ခင်ဗျား ကျုပ်ကို ဘာကတိပေးထားလဲ"

စကားလုံးများ ပဲ့တင်ထပ်သွားစဉ် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်လာသည်။ ရုတ်တရက် ကမ္ဘာခြားစွမ်းအားသည် ဝုန်းခနဲ ဖြာထွက်လာတော့၏။

ဝုန်း

စွမ်းအားက မန်ဟိုကို ဖမ်းဆုပ်နေသော လက်ကြီးအား ဝင်ဆောင့်သွားသည်။ လက်ကြီးမှာ ချက်ချင်း တုန်ခါသွားပြီး ၎င်းနှင့်မန်ဟို၏ဆက်သွယ်မှုအားလုံး ပြတ်တောက်သွားလေပြီ။ မန်ဟိုက သွေးတစ်လုပ် အန်လိုက်ရသည့်တိုင် ထွက်ပြေးမည့်အစား ရဲတွတ်နေသောမျက်လုံးများဖြင့် လှည့်လာ၏။

ထွက်‌ပြေးခြင်းအား သူ မလုပ်ချင်ပေ။

ဤသည်မှာ သူ ပထမဆုံးအကြိမ် လှည့်လာခြင်းဖြစ်သည်။ ချီနန်၏စွမ်းအားဖြင့် တိုက်ခိုက်ခံထားရသော လက်ကြီးကို သူ တွေ့လိုက်ရ၏။ အလင်းတန်းများ ကွန့်မြူးလည်ပတ်လာပြီး လူတစ်ယောက်၏ပုံရိပ်ဖြစ်ပေါ်လာသည်။ သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အလွန်အိုမင်းသောပုံစံရှိ၏။

မန်ဟိုမှာ ဤလူကို ယခင်က မြင်ခဲ့ဖူးသည်ဆိုသော မှတ်ဉာဏ်မရှိ၍ တစ်ခါမှ မဆုံခဲ့ဖူးကြောင်း သေချာလေသည် ။

ဒသမဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီးသည် ချီနန်၏လျှို့ဝှက်ဆန်းကြယ်စွမ်းအားဖြင့် လွှမ်းခြုံခံထားရ၏။ သူ့မှာ အကျဉ်းချခံထားရသည့်အလားပင်။ သူ၏ခန္ဓာကိုယ်သည် ဝေဝါးခြင်းနှင့် ကြည်လဲ့ခြင်းအကြား တစ်လှည့်စီ ကူးလူးပြောင်းလဲရင်း လေလယ်တွင် ပျံဝဲနေသည်။ ၎င်းမှာ လွန်စွာထူးဆန်းသော မြင်ကွင်းတစ်ခုပင်။

"ဘာလို့ ပြန်ခုခံရမှဖြစ်မှာလဲ" သူက မန်ဟိုကို ကြည့်ရင်း မေးသည်။ သူသည် ချီနန်၏စွမ်းအားကို သတိထားမိပုံပင်မရပေ။

မန်ဟိုက ပြန်မဖြေသော်လည်း သူ၏ညာလက်က သိုလှောင်အိတ်ကို ပုတ်ကာ ကြေးအရက်အိုးတစ်လုံး ထုတ်လိုက်သည်။ သူသည် တစ်ကျိုက်မေ့ာပြီးနောက် ထွေးထုတ်လိုက်၏။ အရက်ချီဖြာထွက်လာပြီး ရုတ်တရက် မိုးပြာရောင်အင်မိုတယ်ဓားတစ်လက် သူ၏လက်ထဲတွင် ပေါ်လာခဲ့လေပြီ။

ဤဓားသည် ဟန်ရှန်းဆီမှ ဓားဖြစ်ပြီး တေးသီချင်းတစ်ပုဒ်နှင့်တူသော ဓားချီ ပါရှိနေ၏။

အသတ်အဖြတ်စိတ်ဆန္ဒတို့ မန်ဟို၏မျက်လုံးထဲတွင် တဟုန်းဟုန်း တောက်လောင်နေသည်။ သူက ညာလက်ကို မြှောက်ပြီး တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ဓားဖြင့် ထိုးချလိုက်၏။

ဓားချီမှာ တစ်လောကလုံးကို လှုပ်ရမ်းနေစေရင်း ပေါ်ပေါက်လာသည်။ မိုးပြာရောင်ဓားမှ မ‌ရေမတွက်နိုက်သော ဓားချီများ စီးထွက်လာရာ ကောင်းကင်မှာ မှေးမှိန်သွားတော့သည်။ ဓား သက်ဆင်းလာစဉ် ဓားချီသည် တဝေါဝေါ အော်မြည်ရင်း အပေါ်ထက်မှ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးဆီသို့ ထိုးဆင်းနေသော မီတာသုံးထောင်အကျယ် ရေတံခွန်ကြီးအသွင် ပြောင်းလာသည်။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ မျက်ဆံများ ကျုံ့သွားသည်။ ၎င်းမှာ သူ၏မျက်နှာထား ပထမဆုံးအကြိမ် ပြောင်းလဲသွားခြင်းဖြစ်လေသည်။

ချီနန်ပင်လျှင် သူ့ကို လှုပ်ရှားအောင် မလုပ်နိုင်ခဲ့ပေ။ သူ၏မျက်လုံးများ တလက်လက် တောက်ပသွားပြီး ဓားချီ နီးကပ်လာစဉ် သူက ရုတ်တရက် စကားပြောလိုက်သည်။

"တစ်ခါတုန်းက ဘိုးဘေးကြီး ပြောခဲ့ဖူးတယ်... မိုးဆိုတာ ကောင်းကင်မှာ မွေးဖွားပြီး မြေမှာခကာ သေဆုံးရတယ်တဲ့။ အဲ့ဒီနှစ်နေရာအကြား ဖြတ်သန်းသွားရတဲ့ခရီးက သူ့တစ်ဘဝလုံးပဲ" အသံဟိန်းထွက်နေစဉ် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက မိုးစက်တချို့ကို ဖယ်ရှားနေသည့်အလား ညာလက်ကို သူ၏အရှေ့တွင် ညင်ညင်သာသာ ဝှေ့ယမ်းလိုက်၏ ။

"လေကို နှိုးဆော် ၊ မိုးဆင့်ခေါ် ...."

***

All Chapters