အတုအယောင်အင်မိုတယ်နှင့် အစစ်အမှန်အင်မိုတယ်
Vol. 45 Ch. 631
"ဘယ်သူ့တစ်ဘဝလုံးလည်း ခွေးမသား" မန်ဟိုက သတ်ဖြတ်လိုစိတ်တို့ တပွက်ပွက်ဆူလျက် ပြောသည်။ ဓားချီသည် ချီနန်စွမ်းအားဖြင့် လွှမ်းခြုံခံထားရသော ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ခုတ်ပိုင်းရင်း ကျဆင်းလာသည်။
ဓားချီအနားရောက်လာစဉ် ထစ်ချုန်းသံကြီး မိုးထိညံသွားသည်။ သို့ရာတွင် အနက်ရောင်လေက ရုတ်တရက် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ရစ်သိုင်းလှည့်ပတ်သွား၏။ လေမှာ အံ့ဖွယ်နဂါးနက်ကြီးတစ်ကောင်အသွင် လျင်မြန်စွာ ခဲသွားလေသည်။
နဂါးနက်ကြီးက ပါးစပ်ဟလိုက်ရာ လေပြင်းတစ်ချက်က ချီနန်စွမ်းအားကို ဝေါခနဲ တန်ပြန်တိုက်ခိုက်လိုက်သည်။ လှောင်ချိုင့်ကြီးမှာ ချက်ချင်း အရည်ပျော်သွားသယောင်ပင်။ တစ်ချိန်တည်းမှာ မိုးပေါက်များ မည်သည့်နေရာကမသိ ပေါ်လာသည်။ မိုးပေါက်များ တဖြည်းဖြည်း များသထက်များလာပြီး ကောင်းကင်တစ်ပြင်လုံးအပြည့် ရွာကျလာကာ ဓားချီဆီသို့ ပြေးဝင်သွားတော့သည်။
အရာအားလုံးကို တသိမ့်သိမ့်တုန်ခါသွားစေသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွား၏။ မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး နောက်လွင့်ထွက်သွားလေသည်။ သူက မည်သည့်တို့ ဖြစ်ပျက်သွားသည်လဲ ပြန်လှည့်မကြည့်ဘဲ ထိုနှစ်တုန်းက မှီခိုရာဂိုဏ်းချုပ်ထံမှ ရရှိခဲ့သော နေရာရွှေ့ပြောင်းခြင်းကျောက်စိမ်းပြားကို ထုတ်၍ လက်ချောင်းများဖြင့် ဖိချလိုက်သည်။
ကျောက်စိမ်းပြားမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ကွဲကြေလုနီးပါး ဖြစ်နေခဲ့သည်။ သို့သော် ထူးဆန်းစွာနှင့် မသုံးဖြစ်တာ ကြာပြီးနောက် ၎င်းသည် အလိုလို ပြုပြင်ခဲ့ပြီး ယခုတော့ များစွာ ခိုင်မာနေပြီဖြစ်သည်။
တလက်လက်တောက်ပနေသော အလင်းရောင် ဖြာထွက်လာသည်။ မန်ဟို၏ လက်ရှိကျင့်ကြံခြင်းအခြေခံအဆင့်ကြောင့် နေရာရွှေ့ပြောင်းခြင်းစွမ်းအားကို အသက်သွင်းရန် လိုအပ်သော အချိန်မှာ များစွာ လျော့ကျသွားခဲ့၏။ အသက်ခုနစ်ရှိုက်၊ ရှစ်ရှိုက်သာ ကြာလိုက်ပြီး သူ့မှာ နေရာရွှေ့ပြောင်းစပြုလာတော့သည်။
မန်ဟို ပျောက်ကွယ်သွားပြီးနောက် ပတ်ဝန်းကျင်ရှိ ထစ်ချုန်းသံနှင့်ပေါက်ကွဲသံကြီး တိုးညှင်းပျောက်ကွယ်သွားသည်။ ဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီးက တဖြေးဖြေး ရှေ့သို့ရွေ့လျားလာပြီး သူ၏ခန္ဓာကိုယ်မှာ ပို၍ဝေဝါးလာကာ ရံဖန်ရံခါ တဖျပ်ဖျပ် လက်သွားတတ်သည်။ ဟက်တက်ကွဲနေသောဓားရာကြီးက သူ၏ခန္ဓာကိုယ်ကို နှစ်ခြမ်းခြမ်းရင်း သူ၏ခေါင်းမှ အောက်အထိ တန်းနေလေသည်။ သူ့မှာ ထိုနှစ်ခြမ်းကို ဆက်နေအောင် မနည်းကြိုးစားထားရသယောင်ပင်။
သူသည် မန်ဟို ပျောက်ကွယ်နေသည်ကို ကြည့်နေရင်း မည်သည့်နာကျင်မှုကိုမှ မခံစားရပုံပေါ်၏။ သူ၏မျက်လုံးများက ထူးဆန်းစွာ တောက်ပနေပြီး သူက ပြုံးလိုက်သည်။ သို့သော် သူ၏ခန္ဓာကိုယ်မှာ နှစ်ခြမ်းဖြစ်နေသောကြောင့် အပြုံးကြီးမှာ အသည်းအူကျွမ်းပြန်မတတ် ကြောက်စရာကောင်းနေတော့သည်။
"ငါ မင်းကို အထင်သေးမိသွားတာပဲ ကောင်လေး။ မင်းက တကယ်ကို ရတနာဖြစ်နေပါလား .....
"ဒါပေမဲ့ မင်း ငါ့ကို ရှောင်လို့မရဘူး" အရုပ်ဆိုးအကျည်းတန်စွာ ပြုံးနေသည့်အချိန်မှာပင် ဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ခန္ဓာကိုယ်မှာ လုံးဝဝေဝါးသွားတော့သည်။ ၎င်းသည် တဖြေးဖြေး အငွေ့မျှင်အသွင်ပြောင်းကာ အဝေးသို့ လွင့်မျောပျောက်ကွယ်သွားတော့၏။
တစ်ချိန်တည်းမှာပင် တောင်ပိုင်းဒေသရှိ ဝမ်မျိုးနွယ်စုအပိုင် တောင်တန်းများအထဲတွင် ဝမ်မျိုးနွယ်စု၏ ဒသမခေါင်းဆောင်ကြီး၏ ကိုယ်အစစ်သည် ဒသမတောင်၏အောက်ရှိ သင်္ချိုင်းဂူထဲက ခေါင်းတလားတွင် လဲလျောင်းနေ၏။ သူ၏မျက်လုံးများ ပွင့်လာသည်။
သူက အပေါ်အထိ ဆန့်တန်းနေသော ကျောက်ကမ်းပါးများကို မော့ကြည့်လိုက်ပြီး မျက်လုံးများမှာ ထူးဆန်းစွာ တောက်ပလာ၏။ သူကား အက်ကွဲကွဲအသံကြီးဖြင့် စရယ်တော့သည်။
"အဲ့ဒီကောင်လေးရဲ့ ပြီးပြည်စုံတဲ့အခြေကို ဖုံးကွယ်ဖို့ ကိုယ်အစစ်ရဲ့စွမ်းအားသုံးပြီး ကျီမျိုးနွယ်စုကို နှောင့်ယှက်ခဲ့တာကြောင့်မဟုတ်ရင် သူတို့သေချာပေါက် သိသွားကြမှာ။ တစ်ချိန်ကျရင် သူတို့တွေ အဲ့ဒီကောင်လေးကို ရှာတွေ့သွားပြီး ဖမ်းခေါ်သွားလိမ့်မယ်။ ငါ့ကိုယ်အစစ်စွမ်းအားကို ဒီတစ်ခေါက် သုံးနိုင်ခဲ့ရင်တော့ သေချာပေါက် အောင်မြင်ခဲ့မှာ
"ဒါပေမဲ့ ပြီးပြည့်စုံတဲ့အခြေက ဖွံ့ဖြိုးလာပြီဆိုတော့ ခူးဆွတ်ဖို့အချိန်ကျပြီ။ ငါ ငါ့ကိုယ်အစစ်နဲ့ ထွက်သွားလို့မရရင်တောင်မှ ကိုယ်ပွားကတော့ လုပ်စရာရှိတာ လုပ်နေဦးမှာပဲ။ အဲ့ဒီဓားချီကို အပြင်လူတစ်ယောက် ပေးထားတာ သိသာတယ်။ သူ ဘယ်နှကြိမ် သုံးလို့ရလဲ မသိဘူး။ ကြည့်ရတာတော့ ထပ်သုံးမရတော့တဲ့ အခြေအနေ ရောက်နေပြီထင်ပါတယ်" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ခေါင်းခါပြီး ပြုံးလိုက်လေသည်။
သရဲပုံရိပ်များ သူ၏အပေါ်တွင် ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ပုံရိပ်ယောင်ကိုယ်တစ်ခု လေလယ်တွင် ပျံဝဲလျက် ပေါ်လာ၏။ ၎င်းသည် ထင်ရှားသထက် ထင်ရှားလာပြီး မည်သည့်ရှုထောင့်မှကြည့်ကြည့် ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးနှင့် ချွတ်စွတ်တူလေသည်။
ကိုယ်ပွားက လျှပ်တပြက် မုဒြာလက်ကွက်ဖော်လိုက်ပြီး တခဏကြာသော် မျက်မှောင်ကြုတ်သွား၏။
"နဂါးငွေ့တန်းပင်လယ်အနားမှာ....
"နဂါးငွေ့တန်းပင်လယ်က တာအိုရှာဖွေအဆင့်အတွက် တားမြစ်နေရာပဲ...." ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက တခဏ တွန့်ဆုတ်သွားသည်။ ထို့နောက် သူ၏အမူအရာသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သူက မျက်လုံးများ တဖျပ်ဖျပ်လက်လျက် တဖြေးဖြေး ဝေဝါးပျောက်ကွယ်လာတော့သည်။
အနောက်ပိုင်းသဲကန္တာရ၏နယ်စပ် ၊ ခရမ်းပင်လယ်ကြီးနှင့် နဂါးငွေ့တန်းပင်လယ်အကြားတွင် မျက်စိတစ်ဆုံးဆန့်တန်းနေသော နယ်စပ်ဒေသတစ်ခုရှိသည်။ အဆိုပါနယ်စပ်ဒေသသည် တကယ်တမ်း နံရံကြီးထက် မပိုပေ။ နံရံ၏တစ်ဖက်တွင် ရေက ခရမ်းရောင်ဖြစ်ကာ အခြားတစ်ဖက်တွင် ရေက အပြာရောင်ဖြစ်နေရာ ခရမ်းပင်လယ်နှင့် နဂါးငွေ့တန်းပင်လယ်ကြီးကား သက်သက်စီဖြစ်နေစေ၏။
ထိုနယ်စပ်ဒေသရှိ တစ်နေရာ၊ လေလယ်တွင် ဧရာမဝဲနက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။ မန်ဟိုက ပါးစပ်မှ သွေးများပန်းထွက်လျက် ထိုဝဲကြီး၏အလယ်မှ ဒယိမ်းဒယိုင် ထွက်လာလေသည်။
သွေးသည် မည်းနက်နေပြီး ပုပ်သိုးဆွေးမြည့်မှုတို့ဖြင့် ပြည့်နေ၏။ မန်ဟို့မျက်နှာမှာ ဖြူဆုပ်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပေါက်ကွဲမသွားစေအောင် အသားဂျယ်လီဖြစ်သည့် အလွှာပါးပါးလေးက ကာကွယ်ပေးထားလေသည်။
သို့သော် မန်ဟိုအနေဖြင့် သူ၏ခန္ဓာကိုယ် တဖြေးဖြေး ပုပ်သိုးဆွေးမြည့်လာသည်ကို ခံစားနေရသေးသည်။ သေရတော့မည့် အာရုံကြီးက တဖြေးဖြေး အားကောင်းလာလေသည်။
"ဒသမ ... ဝမ်မျိုးနွယ် .... ခေါင်းဆောင်ကြီးးးးးးးးး" မန်ဟို့မျက်လုံးထဲတွင် ပြင်းပြသော သတ်ဖြတ်လိုစိတ်တို့ ဆူပွက်နေသည်။ သူ့မှာ ပါးစပ်မှ သွေးများ ထပ်မံစီးကျလာသဖြင့် အံတင်းတင်းကြိတ်လိုက်လေသည်။ ဤသည်မှာ ကျင့်ကြံသူအဖြစ် နေထိုင်ခဲ့သော ဘဝတစ်လျှောက် ရခဲ့ဖူးသမျှဒဏ်ရာများအထဲ အဆိုးဝါးဆုံးဒဏ်ရာဖြစ်၏။
"အဲ့ဒီခွေးမသားက အတုအယောင်အင်မိုတယ်ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ" ကြက်တူရွေးက တောင်ပံနှစ်ဖက်ကို တဖျတ်ဖျတ် ခတ်ရင်း ဒေါသတကြီး ဆိုသည်။ "ဘယ်လိုလုပ် ဒီလောက် အရှက်သိက္ခာမရှိရတာလဲ ခွေးမသား။ သူ တကယ်ပဲ မင်းကို တိုက်ခိုက်ခဲ့တာကွ မန်ဟိုရ။ ငါ့-ီးတဲ့မှ။ သခင်ငါး ချိတ်ပိတ်ကန့်သတ်ခံထားရလို့သာပေါ့။ မဟုတ်လို့ကတော့ အဲ့ဒီခွေးမသားမှာ အမွှေးအတောင်ရှိရှိ မရှိရှိ ခရေခြွေပစ်လိုက်မယ်"
"အတုအယောင်အင်မိုတယ်ဆိုတာ ဘာလဲ" မန်ဟိုက ပြောသည်။ အလွန်ဆိုးဝါးသော နာကျင်မှုက သူ၏ခန္ဓာကိုယ်ကို ထိုးကျင့်နှိပ်စက်နေသဖြင့် သူ၏လက်က ရင်ဘတ်အပေါ် ဖိချလိုက်သည်။ သူသည် သက်တမ်းကို သုံးရင်း သူ့ကိုယ်သူ ကုသလိုက်သဖြင့် ခရမ်းရောင်အလင်းက သူ၏မျက်လုံးများတွင် တဖြေးဖြေး တောက်ပလာတော့သည်။
"အတုအယောင်အင်မိုတယ်ဆိုတာ အင်မိုတယ်အဆင့်တက်လှမ်းခြင်းကို ဘယ်တော့မှ မရောက်ရှိနိုင်တဲ့ အဆင့်နိမ့် အောက်တန်းစားတွေပဲ" ကြက်တူရွေးက ဒေါနှင့်မောနှင့် ဆိုသည်။ "ကိုယ်ပိုင်တာအိုလည်း မရှိပေမယ့် မသေချင်ကြဘူးလေ။ သူတို့က အဲ့လိုမသေချင်တော့ တစ်ပါးသူရဲ့ တာအိုနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ပြီး အင်မိုတယ်ဖြစ်လာကြတယ်။ အဲ့ဒါကို အတုအယောင် အင်မိုတယ်လို့ ခေါ်တယ်
"တချို့တွေကျ သူများတာအိုနဲ့ အတုအယောင်အင်မိုတယ်ဖြစ်မယ့်အစား အသေပဲခံကြတယ်။ တချို့တွေကျတော့ သေခြင်းတရားကို ရှောင်လွှဲဖို့ ဘယ်လိုအရာမျိုးမဆို ပေးဆပ်ကြတယ်။ အဲ့လိုလူတွေက ပြောရရင် တာအိုသစ္စာဖောက်တွေပေါ့ကွာ
"နဝမတောင်နဲ့ပင်လယ်မှာ အတုအယောင်အင်မိုတယ်တွေ အကြားထဲ အရှက်မရှိဆုံးကတော့ ကျီမျိုးနွယ်စုပဲ။ ကျီမျိုးနွယ်စုက မိုးကောင်းကင်ကို သူတို့အပိုင်လုပ်ပြီး သူတို့အင်မိုတယ်တွေကလည်း အကုန်လုံး အတုအယောင်အင်မိုတယ်တွေချည်းပဲ။ အတုအယောင်အင်မိုတယ်တွေအကြားထဲ အစွမ်းထက်ဆုံးဆိုလည်း ဟုတ်တယ်
"ပြီးတော့ ကျန်တဲ့ဂိုဏ်းတွေ ၊ မျိုးနွယ်စုတွေ ရှိသေးတယ်။ သူတို့က ဘိုးဘေးတွေရဲ့တာအိုကို ဉာဏ်အလင်းရပြီး အတုအယောင်အင်မိုတယ်လမ်းကို လျှောက်လှမ်းကြတာပေါ့" ဤတစ်ခေါက်တွင် ကြက်တူရွေးသည် မည်သည့်အချက်အလက်ကိုမှ မထိမ်ချန်ထားတော့ပေ။
မန်ဟိုသည် ဤအခြင်းအရာအားလုံးကို တိတ်ဆိတ်စွာ စဉ်းစားနေ၏။ ခရမ်းမျက်ဆံပြောင်းလဲခြင်းမှာ သူ၏ခန္ဓာကိုယ်ကို ကုသရာတွင် ထိရောက်မှု နည်းပါးသထက် နည်းပါလာကြောင်း တွေ့လိုက်ရသည်။ ၎င်းက အလုပ်ဖြစ်သေးသော်လည်း အလွန့်အလွန် နှေးကွေးလွန်း၏။ သူ့မှာ ရင်လေးလာတော့သည်။
"မြင့်မားတဲ့ မျှော်လင့်ချက်တွေနဲ့ တချို့လူတွေ ၊ တာအိုလမ်းစဥ်နောက်ကို အမှန်တကယ် လျှောက်လှမ်းတဲ့လူတွေ၊ နေ့မြင်ညပျောက် ရှင်သန်ကြရတဲ့လူတွေကတော့ သူတို့ရဲ့ကိုယ်ပိုင်တာအိုကိုပဲ ရယူလိုကြတယ်။ အဲ့ဒီလိုလူတွေက သေခြင်းတရားကို ရင်ဆိုင်ရဖို့ နောက်မတွန့်ကြဘူး
"အဲ့ဒီလိုလူတွေ အောင်မြင်တဲ့အခါ အစစ်အမှန်အင်မိုတယ်ဖြစ်လာတယ်
"ဒါပေမဲ့ ကျီမျိုးနွယ်စု မိုးကောင်းကင်ကို ပြောင်းလဲလိုက်တဲ့နောက်မှာ အစစ်အမှန်အင်မိုတယ်တွေကို မြင်ရလေ့မရှိတော့ဘူး။ နှစ်တစ်ထောင်ကြာတိုင်း ဂြိုဟ်တစ်လုံးမှာ တစ်ယောက်တော့ ပေါ်လာတတ်တယ်။ ဂြိုဟ်ကြီးလေးလုံးအပေါ်မှာပဲ တာအိုကို ခိုင်မာစေပြီး အင်မိုတယ်အဆင့်တက်လှမ်းနိုင်တယ်။ လူတစ်ယောက် ဂြိုဟ်တစ်လုံးအင်မိုတယ်အပေါ်မှာ အင်မိုတယ်အဆင့် တက်လှမ်းသွားရင် နောက်နှစ်တစ်ထောင်အတွင်း ဒုတိယတစ်ယောက် တက်လှမ်းခွင့်မရှိဘူး။ ဒါကြောင့် နဝမတောင်နဲ့ပင်လယ်တစ်ခုလုံးမှာ နှစ်တစ်သောင်းကြာတဲ့အချိန် အစစ်အမှန်အင်မိုတယ် ဒါဇင်ချီပေါ်ခဲ့လာတယ်ဆိုရင် တစ်စိတ်တစ်အိတ်လုပ်ပြောရာ ရောက်တယ်
"အစစ်အမှန်အင်မိုတယ်ပြစ်ဒဏ်ကို ထည့်ပေါင်းလိုက်ရင် ဂြိုဟ်ကြီးလေးလုံးမှာ အက်ရှင်ကျန်ရစ်ခဲ့တဲ့ အစစ်အမှန်အင်မိုတယ်အရေအတွက်က ဆယ်ယောက်ထက်မပိုဘူး" စကားပြောနေရင်း ဤနေရာရောက်သော် ကြက်တူရွေးမှာ မခံမရပ်နိုင်အောင် ဒေါသထွက်နေသံပေါက်လာသည်။
"အစစ်အမှန်အင်မိုတယ်ပြစ်ဒဏ် ဟုတ်လား" မန်ဟိုက မေးလိုက်သည်။ သူသည် သွေးမျက်နှာဖုံးအထဲသို့ နတ်ဘုရားအာရုံပို့လွှတ်လိုက်၏။ သွေးခွေးကြီး ၎င်းကိုယ်၎င်း ကုသနေသည်ကို မြင်မှ စိတ်အေးသွားလေသည်။
"ကိုယ်ပိုင်တာအိုကို ရှာဖွေပြီး အစစ်အမှန်အင်မိုတယ်ဖြစ်လာချင်ရင် အဲ့ဒါကို မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်။ အောင်မြင်သွားရင် အဲ့ဒါက အရေးမကြီးတော့ဘူး။ ရှုံးနိမ့်သွားရင်တော့ ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝနိယာမတစ်ခု ဖြစ်လာဖို့ သေဆုံးကြရတယ်
"အောင်မြင်မှုဟာ အစစ်အမှန်အင်မိုတယ်ဖြစ်ဖို့ တက်လှမ်းသွားပြီလို့ ဆိုလိုတယ်။ အင်မိုတယ်ပြစ်ဒဏ်တွေ ခံယူပြီးတဲ့နောက်မှာ အဲ့ဒီလူဟာ ထွန်းတောက်ကျော်ကြားလာလိမ့်မယ်။ အစစ်အမှန်အင်မိုတယ် နောက်တစ်ယောက်ကလွဲရင် ဘယ်သူမှ သူ့ကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး" ကြက်တူရွေး ဘာတွေးနေလဲ ပြောရခက်သော်လည်း ရုတ်တရက် ၎င်း၏အသံမှာ မရွှင်မလန်းဖြစ်သွားလေသည်။
မန်ဟိုက ကြက်တူရွေးကို ကြည့်ပြီး နောက်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။ "အဲ့ဒီ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ပြီးပြည်စုံတဲ့တာအိုအခြေနဲ့ပတ်သက်ပြီး တစ်ခုခု ပြောခဲ့တယ်။ အဲ့ဒါ ဘာကိုဆိုလိုတာလဲ"
"မင်းက မြင့်မြတ်သောဝိညာဉ်ကျမ်းစာကို ကျင့်ကြံနေတာလေ။ ငါလည်း သိပ်အများကြီး နားမလည်ပေမယ့် အဲ့ဒါက ဂန္တဝင်ကျမ်းစာသုံးခုထဲက တစ်ခုဆိုတာတော့ သိတယ်။ မင်း အပြီးထိ ကျင့်ပြီးရင် မြင့်မြတ်သောဝိညာဉ်ကျမ်းကိုယ်တော် ဖြစ်လာလိမ့်မယ်
"ဒါပေမဲ့ ပြီးပြည့်စုံအဆင့်က စိတ်ဝိညာဉ်ခွဲထွက်ခြင်းအောက်မှာပဲ တည်ရှိတာ။ စဦးချီဖွဲ့စည်းမှု၊ ချီအခြေတည်ခြင်း၊ အမြုတေဖြစ်တည်မှုနဲ့ အနုသုခုမရုပ်ခန္ဓာဆိုတဲ့ အဆင့်လေးဆင်ပေါ့။ အဲ့ဒီနောက်ပိုင်း ဘယ်လိုကျင့်ကြံရမလဲဆိုတာကိုတော့ အရင် မြင့်မြတ်သောဝိညာဉ်ကျမ်းကိုယ်တော်တွေအပြင် မသိကြဘူး
"ပြီးပြည့်စုံတဲ့ တာအိုအခြေကတော့ မြင့်မြတ်သောဝိညာဉ်ကျမ်းစာကို ကျင့်ကြံသူတွေပဲ ရရှိနိုင်တဲ့အရာ။ ဒါ့အပြင် အဲ့ဒီလိုအရည်အသွေးနဲ့ ဘယ်သူမဆို အစစ်အမှန်အင်မိုတယ်အဖြစ်တက်လှမ်းဖို့ အခွင့်အရေး အများကြီးပိုရလိမ့်မယ်
"အတုအယောင်အင်မိုတယ်တွေအတွက်တော့ မင်းရဲ့တာအိုအခြေကို သူတို့ ရယူနိုင်ရင် နောက်ထပ်အခွင့်အရေးတစ်ခု ရသွားလိမ့်မယ် ။ အတွေ့အကြုံတွေ ၊ ပြင်ဆင်ထားတာတွေ လုံလောက်ရင် သူတို့အနေနဲ့ အတုအယောင်အင်မိုတယ်လမ်းကြောင်းကနေ အစစ်အမှန်အင်မိုတယ်နယ်ပယ်ကို ပြောင်းလဲနိုင်လောက်တယ်
"အရေးအကြီးဆုံးကတော့ ပြီးပြည့်စုံတဲ့တာအိုအခြေကို ပိုင်ဆိုင်ထားတယ်ဆိုတာ အစစ်အမှန်အင်မိုတယ်အဆင့်တက်လှမ်းခြင်း မအောင်မြင်ရင် မင်း မသေဘူးလို့ ဆိုလိုတယ်။ မင်းအနေနဲ့ တာအိုအခြေကို စွန့်ပစ်ပြီး သေခြင်းကနေ တစ်ကြိမ် လွတ်မြောက်နိုင်မယ်"
ဤရှင်းပြချက်ကိုကြားသော် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး ပြောခဲ့သမျှအရာအားလုံးအား မန်ဟို နားလည်လိုက်လေပြီ။
ကျီမျိုးနွယ်စု မည်သည့်အတွက်ကြောင့် သူ့ကို လိုက်မရှာခဲ့သည်ကိုလည်း သဘောပေါက်သွား၏။ သူမသိသော အန္တရာယ်များအား ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှ တိတ်တဆိတ် ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။
သူသည် တာအိုအစောင့်အရှောက်နှင့်တူ၏။ ရည်ရွယ်ချက်က မန်ဟို့ကို ကာကွယ်မည့်အစား သူ၏တာအိုအခြေကို ခိုးယူရန် ဖြစ်နေသည်မှလွဲ၍။
"ကျုပ် တာအိုအခြေ အယူခံလိုက်ရရင် ဘာဖြစ်မှာလဲ" မန်ဟိုက လေးနက်သော မျက်လုံးမျာဖြင့် မေးလိုက်သည်။
ကြက်တူရွေးသည် တခဏတွေးနေပြီးနောက် အသံတိုးတိုးဖြင့် ပြန်ဖြေ၏။ "မျှော်စင်တစ်ခုမှာ အခြေအုတ်မြစ်မရှိတော့ရင် ဘာဖြစ်သွားလဲ"
"ပြိုကျတယ်" မန်ဟိုက အေးတိအေးစက် ပြန်ဖြေသည်။ "မတည်ငြိမ်တော့လို့ ပျက်စီးရတယ်"
"မင်းလည်း အတူတူပဲ။ တစ်ယောက်ယောက် မင်းရဲ့တာအိုအခြေကို ယူသွားရင် သေရလိမ့်မယ်"
"မန်ဟို ဒီက ထွက်သွားတော့" ကြက်တူရွေးက စိုးရိမ်တကြီး အော်သည်။ "အဲ့ဒီမအေဘေး သေချာပေါက် လာနေလောက်တယ်။ သူပြောခဲ့တဲ့အတိုင်းဆိုရင် မင်းကို တာအိုသစ်စေ့အဖြစ် သတ်မှတ်ထားတာ ကြာပြီ။ ပြေး ။ မင်း နည်းနည်း အရွယ်ရောက်လာတဲ့အထိ ထွက်ပြေး"
"မင်းရဲ့ အရှိန်အဝါကိုတော့ အသားဂျယ်လီ ဖုံးကွယ်ပေးထားနိုင်တယ်။ ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး မင်းကို မကြာခင် တွေ့သွားရင် မကောင်းဘူး"
မန်ဟိုက တိတ်ဆိတ်စွာ ရပ်နေသည်။ စကားလုံးများဖြင့် ဖော်ပြမတတ်နိုင်သော ခံစားချက်တို့က သူ့ကို မွှေနှောက်ရင်း မကြည်မလင်ဖြစ်နေစေသည်။ တဖြေးဖြေး သူ၏နှုတ်ခမ်းများက အေးစက်စက် ပြုံးလိုက်သည်။
ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးနှင့်ယှဉ်လျှင် သူသည် ပိုးကောင်လေးတစ်ကောင်ထက် မပိုကြောင်း သိ၏။ သို့သော် သူ၏နှလုံးသားမှာ လက်တုံ့ပြန်လိုသော အရှိန်အဟုန်တို့ဖြင့် တဒိန်းဒိန်း ခုန်နေသည်။ ဤကိစ္စမှာ ဖြစ်လာခဲ့ပြီဖြစ်ရာ ပျောက်ကွယ်သွားမည်မဟုတ်ပေ။ ၎င်းက အစေ့တစ်စေ့အသွင် ပြောင်းသွားခဲ့လေပြီ။
၎င်းသည် သူ၏နှလုံးသားအနက်ရှိုင်းဆုံးတွင် မြှုပ်နှံခံထားရသော အစေ့တစ်စေ့သဖွယ် ဖြစ်လာသည်။
"ငါ ကြီးနိုင်ငယ်ညှင်းဥပဒေကို နားလည်ခဲ့တာကြာပြီ" မန်ဟိုက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ "တစ်နေ့ ငါ တာအိုကို ရရှိသွားတဲ့အချိန်ကျရင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး သေစေရမယ်။ ဝမ်မျိုးနွယ်စု ငါ့လမ်းကို ပိတ်ရင်တော့ ငါ ငါ့ရဲ့တာအိုကို ရရှိတဲ့အခါ ...
"တောင်ပိုင်းဒေသမှာ ဝမ်မျိုးနွယ်စု ဘယ်တော့မှ မရှိတော့အောင် မျိုးဖြတ်ပစ်မယ်" ခိုင်မာပြတ်သားသော စိတ်ဆန္ဒတို့ဖြင့် သူ၏နှလုံးသားထဲရှိ လက်တုံ့ပြန်စိတ်တို့မှာ နောက်တစ်ဖန် ဖြစ်ပေါ်လာတော့သည်။
သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး ဘေးဘီဝဲယာကို ကြည့်လိုက်၏။ ထို့နောက် မျက်လုံးများ တလက်လက် တောက်ပနေလျက် နဂါးငွေ့တန်းပင်လယ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူက တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူ ကုသရင်း တဟုန်ထိုး ပျံတက်လိုက်လေသည်။
နောက်ဆုံးတွင် ခရမ်းပင်လယ်နှင့် နဂါးငွေ့တန်းပင်လယ်ကို သီးခြားထားသော မမြင်ရသောနံရံကို သူ ရောက်သွားသည်။ သူသည် ၎င်းကို ဝင်ဆောင့်ပြီး တိုက်ရိုက် ဖောက်ထွက်လိုက်၏။ ငါးညှီနံ့သင်းနေသော ပင်လယ်နံ့က လေတွင် ပြည့်နှက်သွားသည်။ ဤသည်ကား .... နဂါးငွေ့တန်းပင်လယ်ပင်။
အဆုံးမရှိသော ပင်လယ်ကြီးသည် အရပ်မျက်နှာတစ်ခွင်တွင် တဖွေးဖွေး လှုပ်နေ၏။ အဝေးတွင် နေကား ဝင်နေလေပြီ။ ညနေဆည်းဆာ၏ လင်းရောင်ခြည်အောက်တွင် လှိုင်းလုံးလေးများက လှပစွာ ကခုန်နေပြီး ပုစွန်ဆီရောင်သမ်းနေ၏။
"ငါ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ပြီး သတိထားရမယ်..." သူက နေရာရွှေ့ပြောင်းခြင်း ကျောက်စိမ်းပြားအား ကိုင်ထားသော ညာလက်ကို မြှောက်လိုက်သည်။ ၎င်းသည် ယခုတွင် ကွဲကြေခါနီးလေပြီ။ မန်ဟိုက တခဏ တွန့်ဆုတ်သွားပြီး တခဏကြာသော် သူ၏မျက်လုံးများမှာ ခိုင်မာပြတ်သားသော စိတ်ဆန္ဒတို့ ပြည့်နှက်သွားပြီး သူက ဖိချလိုက်၏။ ဤပစ္စည်းအပေါ် နားလည်ရသလောက် ၎င်းသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားမည်မျှ ပို့လွှတ်လိုက်သလဲ အပေါ် မူတည်၍ နေရာရွှေ့ပြောင်းခြင်းအကွာအဝေးကို ဆုံးဖြတ်ပေးခြင်းဖြစ်လေသည်။
သူက ၎င်းကို အားပါပါ ဖိချလိုက်ပြီး အချိန်အနည်းငယ်ကြာသည့်နောက် ဝဲနက်ကြီးတစ်ခုက သူ့ကို ဝန်းရံလိုက်သည်။ သူသည် အထဲသို့ စုပ်ယူခံရကာ ပျောက်ကွယ်သွားလေပြီ။
သူ ပျောက်ကွယ်ပြီး အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာသော် ရုတ်တရက် သူ ယခုလေးတင် ပျောက်ကွယ်သွားခဲ့သော နေရာတွင် ပုံပျက်ဂယက်များ ထလာသည်။ တခဏကြာသည့်အခါ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ပုံရိပ် ထွက်လာသည်။ သူက ဘေးဘီဝဲယာကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
"သိပ်ဉာဏ်များပါလား ကောင်လေး" သူက အေးတိအေးစက် ပြောသည်။ "မင်းရဲ့ အရှိန်အဝါက ဒီကနေ ပျောက်သွားပြီဆိုပေမယ့် မင်း နဂါးငွေ့တန်းပင်လယ်မှာ ရှိနေတာ ငါ သိထားပြီပြီ
"မင်းငါ့ကို ရှောင်လို့မရပါဘူး။ မင်းရဲ့ ပြီးပြည့်စုံတဲ့ တာအိုအခြေက ငါနဲ့အပိုင်။ မင်း ပုန်းနေလို့ရပေမယ့် ငါက မင်းကို ရှာတွေ့မှာ" ထိုသို့ပြောပြီး သူ၏ခန္ဓာကိုယ်မှာ ရိပ်ခနဲ ပျောက်ကွယ်သွားလေသည်။
***