နဂါးငွေ့တန်းပင်လယ်
Vol. 46 Ch. 632
နဂါးငွေ့တန်းပင်လယ်သည် တောင်ကောင်းကင်နယ်မြေများ၏ အလယ်တည့်တည့်တွင် တည်ရှိပြီး အရှေ့ဘက်နယ်မြေနှင့် မြောက်ပိုင်းသဲကန္တာရတို့ဖြင့် ဖွဲ့စည်းထားသော ကုန်းမြေထုဟူ၍တစ်ပိုင်း၊ တောင်ပိုင်းဒေသနှင့် အနောက်ပိုင်းသဲကန္တာရတို့ ပါရှိသော ကုန်းမြေထုဟူ၍တစ်ပိုင်း ပိုင်းခြားထားလေသည်။
နဂါးငွေ့တန်းပင်လယ်ကား အဆိုပါကုန်းမြေထုကြီးတစ်ခုထက် အဆများစွာ ကြီးမားကျယ်ပြောနေသောဧရိယာကို သိမ်းပိုက်ထား၏။ တောင်ပိုင်းဒေသနှင့် အရွယ်အစားအားဖြင့် နှိုင်းယှဉ်လျှင် နဂါးငွေ့တန်းပင်လယ်မှာ ငါးဆခန့်ပို၍ ကြီးမားလောက်သည်။
ထို့ကြောင့် ၎င်းအား ပင်လယ်ပတ်လမ်းဟုခေါ်သော အပိုင်းလေးပိုင်း ပိုင်းခြားထားပေသည်။ ပတ်လမ်းလေးသွယ်၏ အပြင်ပိုင်းကို ပြင်ပပင်လယ်ဟုခေါ်သည်။
အဆုံးမရှိကျယ်ပြောသော ပင်လယ်ကြီးတွင် ဟာရီကိန်းမုန်တိုင်းများ စဉ်ဆက်မပြတ် တိုက်ခတ်နေရာ ဧရာမလှိုင်းတံပိုးကြီးများသည်လည်း အမြဲတစေ တဝုန်းဝုန်း ထကြွလှုပ်ရှားလျက် ရှိပေ၏။ သို့ပင်ငြား အရွယ်အစားစုံလင်သော ကျွန်းများအား မြင်တွေ့ရသေးရာ ကျင့်ကြံသူများလည်း နေထိုင်ကြသည်ဟု ဆိုလိုလေသည်။
မှန်ပါသည်၊ ပင်လယ်ပျော်သားရဲကြီးများသည်လည်း ပင်လယ်ရေများအတွင်း၌ ဟိုဟိုသည်သည် ကူးခတ်သွားလာနေကြ၏။ ၎င်းတို့၏အသွေးအသားများမှာ ကျင့်ကြံသူများ၏ တန်ဖိုးဖြတ်ခြင်းခံကြလေသည်။ အထူးသဖြင့် ကျင့်ကြံသူများနှင့် ပုံသဏ္ဌာန်ဆင်သော ပင်လယ်ပျော်သားရဲကြီးဖြစ်ကြသည့် ရေသူမိစ္ဆာများပင်။ ၎င်းတို့၏ မိစ္ဆာနှလုံးသားများမှာ အလွန်ဈေးမြင့်၏။ မိစ္ဆာနှလုံးသားလေးတစ်တုံးကပင်လျှင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးနှင့် ညီမျှသော စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ပေးနိုင်လေသည်။
ဤအချက်များနှင့် သောင်းပြောင်းအထွေထွေသော အကြောင်းပြချက်များကြောင့် နဂါးငွေ့တန်းပင်လယ်မှာ လွန်ခဲ့လေပြီးသော နှစ်ပေါင်းများစွာကတည်းက ကျင့်ကြံသူများအတွက် မျက်စိကျစရာ ဖြစ်လာခဲ့၏။ လာရောက်အခြေချနေထိုင်ကြသူ တစတစ များပြားလာပြီး နယ်မြေများ ချဲ့ထွင်လာကြကာ မကြာမီ အင်အားစုများ ပေါ်ထွန်းလာခဲ့လေသည်။
နဂါးငွေ့တန်းပင်လယ်တွင် အားကြီးသော၊ အားနည်းသော အင်အားစုများရှိကြပြီး ပင်လယ်ရေမျက်နှာပြင်ထက်၌ မှိုလိုပေါက်နေသော ကျွန်းများအကြား ခွဲဖြာနေထိုင်ကြ၏။ အင်အားစုအများစုသည် ပတ်လမ်း(၄) တွင် တည်ရှိကြ၏။ အလွန်အစွမ်းထက်သော ဂိုဏ်းများ သို့မဟုတ် မျိုးနွယ်စုများသာလျှင် ပတ်လမ်း (၃) ၌ နေထိုင်ရန် အရည်အချင်းပြည့်မှီကြလေသည်။
မှန်ပါသည်၊ နဂါးငွေ့တန်းပင်လယ်တွင် တစ်ဆင့်စကားတစ်ဆင့်နား လက်ဆင့်ကမ်းလာခဲ့သော ဒဏ္ဍာရီများစွာ ရှိသည်။ အများစုမှာ သိပ်ယုတ္တိမရှိသည့်တိုင် ယုံကြည်သူများလည်း အမြောက်အမြား ရှိကြလေသည်။ နဂါးငွေ့တန်းပင်လယ်တွင် ပြောင်းလဲမှုတစ်ခုဖြစ်လျှင် ထူးထူးဆန်းဆန်းအရာကြီးကြောင့်ဟူ၍ မှတ်ယူကြ၏။
မည်သည့်အခါမှ အေးချမ်းတည်ငြိမ်ခြင်းမရှိဘဲ ဟာရီကိန်းမုန်တိုင်းများ အမြဲတစေ တိုက်ခတ်နေတတ်သော ထိုပင်လယ်ကျယ်ကြီးကား ... နဂါးငွေ့တန်းပင်လယ်ပင်။
နဂါးငွေ့တန်းပင်လယ်၏ ပြင်ပပင်လယ်ဒေသတွင် မီတာသုံးရာမျှ ရှည်လျားသော သင်္ဘောတစ်စင်းသည် အမြင့်ဆုံးအရှိန်ဖြင့် ခုတ်မောင်းနေ၏။
သင်္ဘောဦးပိုင်းတွင် သက်လတ်ပိုင်းလူတစ်ယောက်သည် ဝိုင်းဖွဲ့စုဝေးနေကြသော ကလေးများအား နဂါးငွေ့တန်းပင်လယ်ကြီး၏ဒဏ္ဍာရီတချို့အား စိမ်ပြေနပြေ ဖောက်သည်ချနေ၏။
"ဒဏ္ဍာရီတွေအရ နဂါးငွေ့တန်းပင်လယ်မှာ ရှေးဟောင်းသင်္ဘောကြီးတစ်စင်းကို မြင်ရတတ်တယ်ကွယ့်။ အဲ့ဒီသင်္ဘောကြီးကို မြင်လိုက်ရသူတိုင်း ကောင်းချီးပေးခံရတယ် ... သူတို့တွေပြောပုံအရတော့ အဲ့ဒီသင်္ဘောကြီးရဲ့ ဦးပိုင်းမှာ အဘိုးကြီးတစ်ယောက် ထိုင်နေတာတဲ့
"အဲ့ဒီအဘိုးကြီးက စုတ်ပြတ်နေတဲ့ သံချပ်ကာဝတ်စုံကို ဝတ်ထားပြီး မျက်လုံးတွေ ပိတ်ထားတယ်။ တစ်ချက်ကလေးမှ မလှုပ်ရှားဘူး..."
ကလေးများမှာ အလွန်စိတ်လှုပ်ရှားနေကြပုံပေါ်သည်။ ကြည့်ရသရွေ့ ဤသည်မှာ သူတို့အတွက်တော့ အကြိမ်တစ်ရာမက နားထောင်ရလည်း ရိုးအီသွားမည် မဟုတ်သည့် ပုံပြင်တစ်ပုဒ်အလားပင်။
ရေများက ပင်လယ်ရေပြင်ထက်မှ တဖွားဖွား လွင့်စင်နေပြီး သင်္ဘော၏အပေါ်တွင် ပိုးသားအလံတစ်ခုသည် ဆားနံ့သင်းနေသော လေညင်းထဲတွင် တဖျပ်ဖျပ် လှုပ်လျက်ရှိ၏။ အလံအပေါ်တွင် ရေးထိုးထားသည်ကား ဓားပျံတစ်လက်၏ သင်္ကေတနှင့်အတူ "ကျန်း 张" ဆိုသော စာလုံးတစ်လုံးဖြစ်သည်။ ယင်းက ဤသင်္ဘောသည် နဂါးငွေ့တန်းပင်လယ်၏ ကျင့်ကြံသူမျိုးနွယ်စုဖြစ်သော ကျန်းမျိုးနွယ်စုအပိုင်ဖြစ်ကြောင်း ညွှန်ပြနေ၏။
သင်္ဘောအပေါ်တွင် စုစုပေါင်းလူဦးရေ ငါးဆယ်ခန့်ရှိပြီး အများစုသည် ကြံ့ခိုင်သန်မာကြသော်လည်း သေမျိုးလူသားများ ဖြစ်ကြလေသည်။ ကျင့်ကြံသူအရေအတွက်က လက်တစ်ဆုပ်စာသာ ရှိပြီး အကုန်လုံး တင်ပျဉ်ခွေထိုင်လျက် တရားထိုင်နေကြ၏။ တရားမထိုင်ဘဲ နေနေသည့် တစ်ယောက်တည်းသောလူမှာတော့ ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ဖြစ်သည့် သက်လတ်ပိုင်းလူပင်။ သူက အငယ်ပိုင်းမျိုးဆက်များကို ပုံပြင်ပြောပြနေသောလူလည်း ဖြစ်၏။
"ဟိုးလွန်လေပြီးသော နှစ်တွေတုန်းက အဲ့ဒီသင်္ဘောကြီးကို ငါတို့ ကျန်းမျိုးနွယ်စုရဲ့ ခေါင်းဆောင်ကြီး မြင်ခဲ့ဖူးတယ်" သူသည် မျိုးနွယ်စု၏ အငယ်ပိုင်းမျိုးဆက်ကလေးများကို ဆွဲဆောင်ရင်း တိုးညှင်းညင်သာသောလေသံဖြင့် ဆက်ပြောနေ၏။ "ဒဏ္ဍာရီတွေ ပြောတဲ့အတိုင်း ခေါင်းဆောင်ကြီးလည်း ကောင်းချီးပေးခံခဲ့ရတယ်။ သူက ကျင့်ကြံခြင်းအခြေခံအဆင့်တက်ပြီး အမြုတေဖြစ်တည်မှုအဆင့်ပညာရှင် ဖြစ်လာခဲ့တယ်
"အဲ့ဒါကြောင့်ပဲ သူဟာ ပြင်ပပင်လယ်မှာ ကျွန်းတစ်ကျွန်းကို သိမ်းပိုက်ပြီး ငါတို့ကျန်းမျိုးနွယ်စုကို ဒေသခံအင်အားစုတစ်စုအဖြစ် တည်ထောင်နိုင်ခဲ့တယ်။ မင်းတို့အားလုံး ဒီအကြောင်းကို အမှတ်ရနေရမယ်နော်"
ကလေးအုပ်စုအကြားတွင် လုံးကြီးပေါက်လှကောင်လေး တစ်ယောက်ရှိသည်။ သူက ချက်ချင်း စကားထပြော၏။ "ကျွန်တော်တို့ အဲ့ဒီပုံပြင်ကို သိပါတယ် လေးလေးဟိုက်ရှင်းကလည်း" သူက တောင်းဆိုနေသောလေသံဖြင့် ဆက်ပြောသည်။ "သူတော်စင်ကျွန်းအကြောင်း ပြောပြပါနော်"
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျန်ကလေးများလည်း ထိုအတိုင်း တောင်းဆိုလာတော့သည်။
သက်လတ်ပိုင်းလူငယ်က မည်သို့ပြောရမှန်းမသိသဖြင့် ရယ်လိုက်သည်။ သူသည် စကားစပြောတော့မည့်အချိန် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံရလိုက်သဖြင့် သင်္ဘောပဲ့ပိုင်းကို ခေါင်းလှည့်ကြည့်လိုက်ရာ မိန်းမလှလေးတစ်ဦး ထွက်လာသည်ကို မြင်လိုက်ရသည်။ သူမသည် သင်္ဘောသားအင်္ကျီနှင့် စကတ်ကို ဝတ်ထားပြီး သဘာဝအတိုင်း ဆွဲဆောင်မှုရှိနေ၏။ သင်္ဘောပဲ့ပိုင်းမှ ထွက်လာစဉ် ခပ်ရေးရေးအပြုံးလေးတစ်ခုက သူမ၏မျက်နှာအပေါ်တွင် တွဲခိုနေသည်။ သို့ရာတွင် ပြုံးနေသည့်တိုင် သူမမျက်ဝန်းထဲရှိ စိုးရိမ်သောကတို့ကို ဖုံးကွယ်ရန် မတတ်နိုင်ပေ။
သူမလက်လေးကို ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က ဆွဲထားသည်။ ထိုကလေးမှာ ပါးဖောင်းဖောင်းကလေးနှင့် အလွန်ချစ်စရာကောင်းလေသည်။ မိန်းကလေး၏ကျင့်ကြံခြင်းအခြေခံမှာမူ ချီအခြေတည်ခြင်း မဟာစက်ဝန်းတွင်ဖြစ်သည်။
"ဂါဝရပြုပါတယ် မျိုးနွယ်စုခေါင်းဆောင်" သက်လတ်ပိုင်းလူက လေးလေးစားစား ဆိုသည်။ သူက လက်ယှက်ပြီး ခါးကိုင်းအရိုအသေပေးလိုက်သည်။
သူ၏ပတ်ပတ်လည်တွင် ဝိုင်းနေသော ကလေးများလည်း သူမကို အရိုအသေပေးလိုက်ကြသည်။
"တစ်မျိုးနွယ်တည်းသားတွေပဲ ဒီလောက်ယဉ်ကျေးနေစရာမလိုပါဘူး" မိန်းကလေးက နှစ်လိုကောင်းစွာ ရယ်ရင်း ပြောသည်။ "နန်အာက ပင်လယ်ပြင်ကြီးရဲ့အပေါ်မှာ နေ ဘယ်လိုဝင်သွားလဲ ကြည့်ချင်တဲ့လေ ။ အဲ့ဒါနဲ့ ကျွန်မလည်း သူ့ကို ကြည့်ရအောင် ခေါ်လာတာ"
မိန်းကလေးဘေးရှိ ကောင်လေးက သက်လတ်ပိုင်းလူကို မျက်လုံးဝိုင်းဝိုင်းလေးနှင့်ကြည့်ပြီး ကလေးအသံလေးနှင့်ဆိုသည်။ "လေးလေးဟိုက်ရှင်း ၊ သူတော်စင်ကျွန်းလို့ တစ်ယောက်ယောက် ပြောတာ သားကြားလိုက်သလိုပဲ"
သက်လတ်ပိုင်းလူက ရယ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် တုန်နေအောင် ချစ်မြတ်နိုးမှုတို့ ပေါ်ပေါက်လာသည်။ မျိုးနွယ်စု၏မျှော်လင့်ချက်အားလုံးမှာ ဤကောင်လေး၏အနာဂတ်အပေါ် ပုံအပ်ထားသည်မဟုတ်ပါလော။
"အာ သူတော်စင်ကျွန်းလား" ဟိုက်ရှင်းက ခပ်ပြုံးပြုံး ဆိုသည်။ "သူတော်စင်ကျွန်းဆိုတာ ပတ်လမ်း(၄)မှာ တည်ရှိတဲ့ နံပါတ်တစ်ကျွန်းဖြစ်ပြီးတော့ နှောင်ဖွဲ့ကင်းဂိုဏ်းဟာ ပတ်လမ်း(၄)တစ်ခုလုံးမှာ နံပါတ်တစ်ဂိုဏ်းပဲ
"သူတော်စင်ကျွန်းက တိုက်ကြီးတစ်တိုက်နီးနီး ကြီးတယ်။ လေးလေးတို့ ကျွန်းနဲ့ယှဉ်ရင် အများမှအများကြီး ကြီးတယ်။ အဲ့မှာ ရှောင်ပြည်လို့ခေါ်တဲ့ လူသားတိုင်းပြည်တစ်ပြည်တောင် ရှိတယ်
"နှောင်ဖွဲ့ကင်းဂိုဏ်းမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ရှိတာကြောင့်မလို့ ပတ်လမ်း(၄)မှာရှိတဲ့ အင်အားစုအားလုံးကို ကြီးစိုးခြယ်လှယ်နိုင်တယ်။ ကျင့်ကြံသူတွေလည်း အများကြီးပဲ။ စဦးချီဖွဲ့စည်းမှုနဲ့ ချီအခြေတည်ခြင်းအဆင့်ကျင့်ကြံသူတွေဆိုတာ ပေါသောနေတာ။ အမြုတေဖြစ်တည်မှုအဆင့်တွေလည်း ဒါဇင်နဲ့ချီတယ် ။ အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်တွေကတော့ ... ခုနစ်ယောက်ရှိတယ်
"ပတ်လမ်း(၄)တစ်ခုလုံးမှာ သူတို့အင်အားစုကို တန်ပြန်တိုက်ခိုက်နိုင်တဲ့ ဂိုဏ်းတွေ ၊ မျိုးနွယ်စုတွေ မရှိသေးဘူး။ နှောင်ဖွဲ့ကင်းဂိုဏ်းက ပတ်လမ်း(၄)ရဲ့ အရှင်ဘုရင်အဖြစ် သတ်မှတ်ခံရဖို့ တစ်ရာရာခိုင်နှုန်း ထိုက်တန်တယ်
"ငါတို့ အဲ့ဒီကို သွားနေရတဲ့ အကြောင်းရင်းကို မင်းတို့အားလုံးသိတယ်မလား။ အဲ့ဒါကြောင့်မလို့ ရောက်ရင် မင်းတို့တွေအားလုံး ရိုသေကျိုးနွံဖို့ လိုတယ်နော်။ သခင်လေးနန်အာက ပြီးခဲ့တဲ့နှစ်အတောအတွင်း မွေးဖွားခဲ့တဲ့ လူတွေအားလုံးအထဲမှာ အထွန်းပြောင်ဆုံး ပင်ကိုယ်ပါရမီကို ပိုင်ဆိုင်ထားတဲ့ သူပဲ
"နှောင်ဖွဲ့ကင်းဂိုဏ်းက ဂိုဏ်းသားအသစ်တွေ စုဆောင်းနေတယ်ဆိုတော့ ငါတို့မျိုးနွယ်စုအတွက် ကံကောင်းတယ်ဆိုရမယ်" ဤအခိုက်အတန့်တွင် ထိုလူ၏မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တောက်ပလာတော့သည်။
"သခင်လေးနန်အာ နှောင်ဖွဲ့ကင်းဂိုဏ်းကိုသာ ဝင်ရောက်နိုင်ရင် သူ့ရဲ့ ပင်ကိုယ်ပါရမီနဲ့ဆို သေချာပေါက် ချီအခြေတည်အဆင့် ရောက်နိုင်လိမ့်မယ်။ နောင်တစ်ချိန်ကျ အမြုတေဖြစ်တည်မှုအဆင့်တောင် ရောက်ရင်ရောက်နိုင်မှာ။ ပြီးရင် ဟိုအရင်နှစ်တွေက ငါတို့ရဲ့မျိုးနွယ်စုခေါင်းဆောင်ကြီးလို သူရဲကောင်းဖြစ်ပြီ
"အဲ့ဒီလိုဖြစ်ပျက်ရင် ငါတို့ကျန်းမျိုးနွယ်စုအနေနဲ့ ပြင်ပပင်လယ်မှာ နောက်တစ်ကြိမ် ခေါင်းပြန်မော့နိုင်မယ်" သက်လတ်ပိုင်းလူ၏အသံမှာ ပြင်းပြသောစိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေသည်။ သူ၏ပတ်ပတ်လည်ရှိ ကလေးငယ်များမှာ မိန်းကလေးဘေးနားရှိ ကောင်လေးကို လေးစားအားကျမှုတို့ဖြင့် လှမ်းကြည့်လိုက်ကြ၏။
မိန်းကလေးက နန်အာ၏ခေါင်းကို ဖွလိုက်ပြီး တစ်ခုခုပြောတော့မည့်အချိန် ရုတ်တရက် မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားလေသည်။ သူမ မော့ကြည့်လိုက်သည့်အခိုက်အတန့်တွင် သက်လတ်ပိုင်းလူလည်း ထိုနည်းတူပင်။
သင်္ဘောအလယ်ပိုင်းကုန်းပတ်မှ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ရုတ်တရက် ပျံတက်လာသည်။ နှစ်ယောက်လုံးသည် အသက်ငါးဆယ်ဝန်းကျင်ရှိပြီး ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံခြင်းအခြေခံအား ပိုင်ဆိုင်ထားလေသည်။ သူတို့က ဓားပျံများအပေါ်တွင် ရပ်ကာ အံ့အားသင့်နေသော မျက်နှာများဖြင့် ကောင်းကင်ကို မော့ကြည့်နေကြသည်။
အကုန်လုံး တိတ်ဆိတ်နေကြပြီး သင်္ဘောအပေါ်ရှိ လူတိုင်းမှာ မှင်သက်နေကြလေသည်။
သူတို့မြင်လိုက်ရသည်မှာ လေလယ်တွင် အက်ကွဲကြောင်းကြီးတစ်ကြောင်း အသံမထွက်ဘဲ ပွင့်လာခြင်းကို ဖြစ်သည်။ ၎င်းသည် ပိတ်ပိတ်ပိန်း နက်မှောင်နေသော ဝဲကြီးအသွင်ပြောင်းလာကာ တဝီးဝီးလည်ရင်း တွင်းနက်ကြီးတစ်တွင်း ဖြစ်လာ၏။
လူတစ်ယောက် ပါးစပ်မှ သွေးများပန်းထွက်လျက် ယိုင်တီးယိုင်တိုင် ထွက်လာသည်။
သူ့တွင် မီးခိုးရောင်ဆံပင်များရှိပြီး သွေးစွန်းနေသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ၏အရှိန်အဝါမှာ မတည်မငြိမ်ဖြစ်နေပြီး မျက်နှာမှာလည်း သွေးမရှိပေ။ မှန်သည်၊ ဤကား မန်ဟို ဖြစ်၏။
မန်ဟို ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏အတွင်းကလီစာများမှာ နောက်တစ်ကြိမ် ပေါက်ကွဲထွက်သွားလေသည်။ ယင်းက သူ,မထင်ထားခဲ့သော အရာပင်။ ဒုတိယအကြိမ် နေရာရွှေ့ပြောင်းခြင်းက ဒဏ်ရာဟောင်းများကို ပွင့်သွားစေခဲ့ရာ ထိခိုက်မှုအား ပိုမိုဆိုးရွားသွားစေခဲ့သည်။
သူသည် သင်္ဘောပေါ်ရှိ လူများနှင့် သူတို့၏ မျက်နှာအမူအရာအမျိုးမျိုးအား ငုံ့ကြည့်ရင်း လေလယ်တွင် ရပ်နေ၏။ လောလောဆယ်တွင် သူ့မှာ ထိခိုက်ဒဏ်ရာရထားစေကာမူ သူ၏အကြည့် သူတို့အပေါ် ကျရောက်လာသည်နှင့်တစ်ပြိုင်နက် သင်္ဘောပေါ်ရှိလူများမှာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သူတို့အတွက် ကမ္ဘာဦးသားရဲရိုင်းကြီးတစ်ကောင်၏ စိုက်ကြည့်ခြင်းခံနေရသည့်အလား ခံစားနေရလေသည်။
"ငါ့ဒဏ်ရာတွေက ပြင်းထန်လွန်းတယ်" သူက အဝေးသို့ ကြည့်ရင်း တွေးသည်။ "ဒဏ်ရာကုသဖို့ နေရာတစ်နေရာ မြန်မြန် ရှာဖို့ လိုတယ်" သူသည် သင်္ဘောအပေါ်ရှိ လူများကို လျစ်လျူရှုရင်း အသက်ပြင်းပြင်းရှူသွင်းပြီး ဝေးဝေးသွားနိုင်အောင် သူ၏ကျင့်ကြံခြင်းအခြေခံကို လည့်ပတ်ရန် ပြင်လိုက်၏။
သင်္ဘောအပေါ်ရှိ လူတိုင်းမှာ ဆောင်းလယ်က ကျိုင်းကောင်များသဖွယ် တိတ်ဆိတ်လျက် ရပ်နေကြသည်။ မိန်းကလေးမှလွဲ၍ ။
"စီနီယာကြီးရှင့် ထွက်သွားစရာမလိုပါဘူး" စကားလုံးများ ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူမမှာ နောင်တရသွားမိသည်။ မန်ဟို သူမကို ပြန်လှည့်ကြည့်သောအခါ သူမသည် တုန်ရီသွားသော်လည်း အားတင်း၍ လက်နှစ်ဖက်ယှက်ကာ ခါးကိုင်းအရိုအသေပေးလိုက်၏။
"စီနီယာကြီးရှင့်" သူမက ကတုန်ကယင်ဖြင့် ဆက်ပြောသည်။ "ဒဏ်ရာအပြင်းအထန်ရတယ်မလား။ အနားယူပြီး ကုသဖို့နေရာရှာနေတာဆိုရင် ကျွန်မတို့သင်္ဘောမှာ ပထမတန်းစားအခန်းရော ၊ ဆေးလုံးတချို့ရော ရှိပါတယ်။ စီနီယာကြီး စိတ်ရှိရင် ဒီမှာနေပြီး ကိုယ့်ကိုယ်ကို ကုသနိုင်ပါတယ်" သူမသည် အံတင်းတင်းကြိတ်ထားပြီး စိတ်လှုပ်ရှားလွန်း၍ ရင်ခုန်သံတို့ ဗြောင်းဆန်နေ၏။
သူမ စကားကို ကြားသောအခါ သက်လတ်ပိုင်းလူအပါအဝင် ပတ်ဝန်းကျင်ရှိ ချီအခြေတည်အဆင့်ကျင့်ကြံသူများ မျက်နှာပျက်သွားကြသည်။ မည်သည့်အတွက်ကြောင့် မျိုးနွယ်စုခေါင်းဆောင် ယခုလိုအရာမျိုး လုပ်လိုက်သည်လဲ သူတို့နားမလည်နိုင်ပေ။ သူတို့မှာ တားရန် တစ်ခုခုလုပ်ချင်သော်လည်း ပါးစပ်ပင် မဟရဲကြပေ။
လေလယ်တွင် ရပ်လျက် မိန်းကလေးကို ကြည့်နေသော မန်ဟို၏မျက်နှာထားမှာတော့ ယခင်အတိုင်းပင်။
မန်ဟို သူမမျက်လုံးများကို ကြည့်လိုက်သောအခါ မိန်းကလေးမှာ တစ်လောကလုံး ထစ်ချုန်းသွားသည့်အလား ခံစားလိုက်ရပြီး ပို၍ပင် တုန်ရီလာတော့သည်။
"ဘယ်ကို သွားနေကြတာလဲ" သူက အကြည့်လွှဲရင်း မေးလိုက်သည်။
"နိမ့်ကျတဲ့ ကျွန်မတို့မျိုးနွယ်စုလေးဟာ နှောင်ဖွဲ့ကင်းဂိုဏ်းကို ဝင်ရောက်ဖို့အတွက် ပတ်လမ်း(၄)မှာ ရှိတဲ့ သူတော်စင်ကျွန်းကို သွားနေတာပါ" မိန်းကလေးမှာ မည်သည့်အရာကိုမှ မထိမ်ချန်ထားရဲသဖြင့် တရိုတသေ ပြောလိုက်သည်။ ဤအခိုက်အတန့်တွင် ကျန်ချီအခြေတည်အဆင့်ကျင့်ကြံသူသုံးယောက်မှာ သူမရည်ရွယ်ချက်ကို ခန့်မှန်းသိရှိသွားကြ၏။ သူတို့သည် စိတ်ထဲတွင် ကြောက်လန့်တုန်ရီနေသေးသော်လည်း မျှော်လင့်ချက်တို့လည်း ဖြစ်ပေါ်လာကြသည်။
မန်ဟိုသည် သူတော်စင်ကျွန်း မည်သည့်နေရာတွင် ရှိသည်လဲ မသိသလို၊ နဂါးငွေ့တန်းပင်လယ်၏ အမျိုးမျိုးသော အင်အားစုများနှင့် ဒေသများအကြောင်းကိုလည်း နားမလည်ပေ။ သူက တခဏ တွေးပြီးနောက် ခေါင်းညိတ်ပြီး သင်္ဘောအပေါ် ဆင်းသက်လိုက်သည်။ မိန်းကလေးက မန္တန်ဝင်္ကပါတစ်ခုဖြင့် ကာကွယ်ပေးထားသော သီးသန့်အခန်းဆီသို့ သူ့ကို ရိုရိုသေသေ လမ်းပြပေးလေသည်။
မန်ဟိုက ခေါင်းညိတ်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ မျက်လုံးများကို ပိတ်လိုက်စဉ် မိန်းကလေးက အလိုက်တသိ ထွက်သွားလေသည်။
သူမ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကြက်တူရွေးက အလိုမကျသလို ပြောသည်။ "မင်း ဘာလို့ ဒီနေရာကို ရွေးလိုက်တာတုန်း။ မဟုတ်မှ အဲ့မိန်းကလေးကို ကြိုက်သွားတာလား။ ငါ စေတနာနဲ့ ပြောမယ် ဟေ့ကောင်။ သူ့မှာ အမွှေးသိပ်မရှိဘူးကွ။ စောစောကလေးတင် သေချာအောင် စစ်ပြီးသွားပြီ..."
"နဂါးငွေ့တန်းပင်လယ်ရဲ့ ဘယ်နေရာမှာ ကျုပ် ပုန်းပုန်း အရေးမကြီးဘူး။ အကုန်လုံး အတူတူပဲ" မန်ဟိုက အေးတိအေးစက် ပြန်ဖြေသည်။ "ကျုပ် ပင်လယ်ကြမ်းပြင်မှာ ပုန်းနေရင်တောင်မှ ကျုပ်အရှိန်အဝါကို ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး ခံစားလိုက်ရတာနဲ့ ကျုပ်ကိုလည်း ရှာတွေ့သွားမှာပဲ။ အဲ့ဒီတော့ ဒီမှာပဲ ပုန်းတော့မယ်။ ဘယ်သူသိနိုင်မလဲ ကျုပ် အမြတ်နည်းနည်းပါးပါး ထွက်မလဲဆိုတာ" ထို့နောက် သူက ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။ သူသည် ဒဏ်ရာများကို ကုသခြင်း စတင်လိုက်သဖြင့် သူ၏မျက်ခွံများအောက်တွင် ခရမ်းရောင်အလင်း တောက်ပလာတော့သည်။
အချိန်များ ကုန်လွန်သွားသည်။ ဒုတိယနေ့ မနက်တွင် မိန်းကလေးသည် နဂါးငွေ့တန်းပင်လယ်ထွက် အစားအသောက်တချို့ ယူဆောင်လာပေး၏။ သူမက ဘေးပတ်ဝန်းကျင်ဧရိယာများ၏ မြေပုံနှင့်အတူ သူတော်စင်ကျွန်းအကြောင်း ပါရှိသည့် ကျောက်စိမ်းပြားတစ်ပြားကိုလည်း သူ့အား ဆက်သလေသည်။
မြေပုံသည် မန်ဟို့အတွက် တန်ဖိုးအရှိဆုံးပင်။ ၎င်းမှာ ဘာမှမဟုတ်သယောင် ထင်ရသော်လည်း တကယ်တမ်း ကျန်းမျိုးနွယ်စု၏ မျိုးရိုးစဉ်ဆက် စုဆောင်းထားသော အချက်အလက်များ ဖြစ်သည်။
မိန်းကလေးသည် မန်ဟို မည်သည့်နေရာမှလာလဲ မသိသော်လည်း ဘေးကင်းလုံခြုံစေဖို့အတွက် ယုံကြည်ကြောင်းပြသသည့်အနေဖြင့် မြေပုံကိုလည်း ပေးခဲ့ခြင်းဖြစ်သည်။
မန်ဟိုက ကျောက်စိမ်းပြားကို ယူကြည့်ပြီး နောက် ပြုံးလိုက်သည်။ မိန်းကလေးမှာ ချက်ချင်းပင် အတန်ငယ် စိတ်အေးသွားတော့သည်။ သူမသည် အရှေ့၌ကျနေသော ဆံနွယ်လေးကို နားနောက်ညှပ်လိုက်၏။ သူမမျက်နှာလေးမှာ သဘာဝအတိုင်း လှပသော်လည်း စိုးရိမ်ပူပန်နေခြင်းနှင့် စိတ်သက်သာရသွားခြင်းတို့ ရောနှောနေမှုက သူမကို ပို၍ပင် ဆွဲဆောင်မှုရှိသွားစေသည်။ သူမသည် စိတ်လှုပ်ရှားမှုများကို ချုပ်တည်းရင်း ရိုရိုသေသေ ထွက်ခွာသွား၏။
မန်ဟိုက သူမထွက်သွားသည်ကို ကြည့်လိုက်သည်။ သူ၏အတွေ့အကြုံများအရ သူမ သူ့ကို နေခိုင်းရသည့် အကြောင်းရင်းမှာ အတိတ်တုန်းက အသက်ဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရခြင်းကြောင့် ဖြစ်လိမ့်မည်။ ထို့ကြောင့် သူမသည် သူ့ကို အရဲစွန့်ကာ ခေါ်ခဲ့ခြင်းပင်။
သူသည် ကျောက်စိမ်းပြားကို အာရုံပြန်စိုက်လိုက်၏။ "ဒီတော့ နဂါးငွေ့တန်းပင်လယ်ကို ပင်လယ်ပတ်လမ်းလေးသွယ်နဲ့ ပိုင်းခြားထားတယ်.... ပတ်လမ်းလေးသွယ်ရဲ့ အပြင်ဧရိယာကို ပြင်ပပင်လယ်လို့ ခေါ်တယ်
"သူတော်စင်ကျွန်း … ရှောင်ပြည် … နှောင်ဖွဲ့ကင်းဂိုဏ်း" အချိန်အနည်းငယ်ကြာသော် သူက ကျောက်စိမ်းပြားကို သိမ်းပြီး ဒဏ်ရာများကို ဆက်ကုသလေသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည် ...
***