အထူးဧည့်သည်
Vol. 46 Ch. 633
မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်ကြာသွားသည်။
မန်ဟိုသည် တစ်ချိန်လုံး မျက်လုံးများပိတ်လျက် တရားထိုင်ရင်း ဒဏ်ရာများ ကုသနေခဲ့၏။ ခုနစ်ရက်အတောအတွင်း ဒဏ်ရာများမှာ သုံးဆယ်ရာခိုင်နှုန်းခန့်အထိ တဖြေးဖြေး သက်သာလာခဲ့ပြီဖြစ်သည်။ ကံဆိုးစွာနှင့် သူ၏အပြင်အားကိုယ်မှာ အသားဂျယ်လီ၏အကူအညီမပါဘဲ တောင့်မခံနိုင်သေးပေ။ ၎င်းအတွက် တည်ငြိမ်သွားရန် အချိန်လိုသေး၏။ သို့သော် စုတ်ပြဲဒဏ်ရာများမှာတော့ ဖြေးဖြေးချင်း ပြန်ဆက်လာခဲ့လေပြီ။
နေ့စဉ်နေ့တိုင်း သူသည် မိန်းကလေးကိုယ်တိုင် မနက်၊ နေ့လည်၊ ညသုံးနပ်စလုံး လာရောက်ပို့ဆောင်ပေးသော သစ်ဥသစ်ဖုများအား စားသုံးလေ၏။ ထိုမိန်းကလေးမှာ အလွန်တရာ ကျိုးနွံရိုသေမှု ရှိလေသည်။
သူမက ဝိညာဉ်ကျောက်တုံးတချို့ပင် ဆက်သလေသည်။ မန်ဟိုတောင်းဆိုသမျှကိုလည်း လိုလေသေးမရှိ ဖြည့်ဆည်းပေးပြီး နဂါးငွေ့တန်းပင်လယ်နှင့်ပတ်သက်သမျှ မေးခွန်းအလုံးစုံကိုလည်း အသေးစိတ် ဖြေကြားပေး၏။
မန်ဟိုအနေဖြင့် ကိုယ့်ကိုယ်ကို ကုသရင်း ဒေသန္တရပတ်ဝန်းကျင်အကြောင်းလည်း နားလည်လာခဲ့လေသည်။
ပြီးခဲ့သည့်ခုနစ်ရက်အတွင်း နဂါးငွေ့တန်းပင်လယ်ပြင်သည် တည်ငြိမ်အေးချမ်းနေခဲ့၏။ ပြင်ပပင်လယ်မှ ကျန်းသင်္ဘောမှာ မူလအတိုင်း ပင်လယ်ပြင်ကိုဖြတ်၍ ရဲဝင့်စွာ ဆက်လက်ခုတ်မောင်းနေလေသည်။ မှန်ပါသည်၊ ယခုတွင် မန်ဟိုက သင်္ဘောပေါ်တွင် ရှိနေရာ လူတိုင်းမှာ ကျီးလန့်စာစား ဖြစ်နေကြရ၏။ သို့သော်လည်း မည်သည့်ဘေးအန္တရာယ်မှ မဖြစ်ပွားခဲ့ပေ။
အချိန်များ ကုန်လွန်လာပြီး မန်ဟို ဆက်လက်တံခါးပိတ်ကျင့်ကြံနေစဉ် မိန်းကလေးမှာ တဖြေးဖြေး စိတ်အေးလက်အေး ဖြစ်လာသည်။ သူမ၏ ယခင်တုန်းက ရွှင်ရွှင်လန်းလန်း ပျော်တတ်ပါးတတ်သော အကျင့်လေးလည်း ပြန်ပေါ်လာလေပြီ။ ရံဖန်ရံခါ သူမ၏ ကလေးသဖွယ် ရိုးသားဖြူစင်သော ရယ်သံလွင်လွင်လေး ပျံ့လွင့်လာတတ်၏။
သင်္ဘောပေါ်ရှိ ကျန်ချီအခြေတည်အဆင့်ကျင့်ကြံသူသုံးယောက်မှာတော့ စိတ်လှုပ်ရှားနေကြဆဲဖြစ်သည်။ မျိုးနွယ်စုခေါင်းဆောင်၏အတွေးကို သူတို့ နားလည်သော်လည်း သူတို့၏အမြင်အရ သူမလုပ်နေသည်မှာ ကျားတစ်ကောင်ဆီမှ ကျားသားရေတောင်းနေသည့်အလား၊ လူဆိုးတစ်ယောက်ကို ကိုယ်ကျိုးစွန့်ခိုင်းနေသည့်အလား ဖြစ်နေလေသည်။ သူတို့အမြင်တွင် သူမကဲ့သို့ လူငယ်များသည် ကျင့်ကြံခြင်းလောက၏ ရက်စက်ကြမ်းကြုတ်မှုအား နားမလည်ပေ။ အခြားတစ်ဖက်တွင် သူတို့သုံးယောက်မှာ ချီအခြေတည်အဆင့်အထိ ကျင့်ကြံအားထုတ်ခဲ့ကြပြီး ပြင်ပပင်လယ်ရှိ သူတို့၏ကျွန်းပေါ်တွင် မျိုးနွယ်စု၏နေရာ တည်မြဲအောင် ကြိုးစားခဲ့ကြရ၍ အသက်ဘေးအန္တရာယ်များစွာ ကြုံတွေ့ခဲ့ဖူးလေသည်။
သူတို့သည် ကျင့်ကြံခြင်းလောကတွင် တောတွင်းဥပဒေကြီးစိုးပြီး အန္တရာယ်ဆိုသည်မှာ မထူးဆန်းကြောင်း ကောင်းကောင်းသိကြ၏။ မကောင်းသည့်အရာလေးတစ်ခုက အပြီးတိုင်ပျက်စီးခြင်းသို့ ဦးတည်ပြီး မျိုးနွယ်စုတစ်စုလုံးကိုပင် သက်ရောက်နိုင်လေသည်။
မန်ဟိုက ထူးဆန်းသော တွင်းနက်ကြီးတစ်တွင်းမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ သူသည် အားနည်းနေပြီး ဒဏ်ရာအပြင်းအထန်ရထားသော်လည်း လွန်ခဲ့သောရက်များက သူ၏အကြည့်မှာ သူတို့ကို ဆောင်းလယ်တွင် ရေခဲရိုက်သေဆုံးသွားသည့်အလား ခံစားရစေခဲ့သည်။
မန်ဟိုသာ သူတို့ကို သတ်ချင်လျှင် သည့်ထက်ပို၍ပင် ဒဏ်ရာပြင်းထန်နေစေကာမူ သူတို့အားလုံး တစ်ယောက်မကျန် အသက်ထွက်သွားမည်ဖြစ်ကြောင်း သူတို့ သိကြလေသည်။
လောလောဆယ်တွင် သင်္ဘောအမြီးပိုင်း၌ သုံးယောက်လုံး မျက်မှောင်ကြုတ်၍ အလိုမကျမှုများကို ပြောဆိုနေကြသည်။
"မျိုးနွယ်စုခေါင်းဆောင် ဆုံးဖြတ်လိုက်တဲ့ ကိစ္စက .... ဉာဏ်တိမ်လွန်းတယ်"
"အဲ့ဒီလူက ဒဏ်ရာအပြင်းအထန်ရထားတဲ့အပြင် နေရာရွှေ့ပြောင်းခြင်းကနေတစ်ဆင့် ရောက်လာတာ။ ကြည့်ရသလောက် နောက်က လိုက်သတ်တာခံခဲ့ရပုံပဲ။ သူ့နောက်လိုက်နေတဲ့သူတွေသာ သူ့ကို မှီသွားရင် ငါတို့အားလုံး အသက်ဆုံးရလိမ့်မယ်"
"အီး မျိုးနွယ်စုခေါင်းဆောင် ဘာတွေးနေလဲ ငါ သိတယ်။ သူတော်စင်ကျွန်းခရီးက ငါတို့ရဲ့နောက်ဆုံးတိုက်ကွက်ပဲ။ အောင်မြင်သွားရင် လျိုမျိုးနွယ်စုကို မဆင်မခြင် မလှုပ်ရှားရဲအောင် ခြောက်လို့ရပြီ"
"နန်အာ ထူးချွန်လာပါစေလို့ပဲ မျှော်လင့်နိုင်တယ်။ ကံကောင်းရင် နှောင်ဖွဲ့ကင်းဂိုဏ်းရဲ့ ဂိုဏ်းသားအသစ်ခေါ်ယူခြင်းပြိုင်ပွဲမှာ သူ နာမည်ကြီးရင်ကြီးလောက်မယ်"
သူတို့သုံးယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးနောက် သက်ပြင်းဖွဖွ ချလိုက်ကြသည်။
ကျန်းမျိုးနွယ်စု၏ခေါင်းဆောင်ကြီးသည် ပြင်ပပင်လယ်တွင် သူတို့၏ကျွန်းကို တည်ထောင်ခဲ့၏။ သို့ရာတွင် သူ တရားထိုင်လျက် ကွယ်လွန်သွားပြီးနောက်တွင် သူတို့မှာ ပါးလွှာသော ရေခဲပြင်အပေါ် လျှောက်နေရသည့်အလား ဂရုတစိုက် လျှောက်လှမ်းခဲ့ရလေသည်။ မျိုးနွယ်စုတွင်လည်း နောက်ထပ်အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူ ပေါ်ပေါက်မလာခဲ့ရာ မကြာခင် သူတို့၏ကျွန်းအား ပတ်ပတ်လည်ရှိ အိမ်နီးနားချင်းများမှ မျက်စိကျလာခဲ့၏။
ခေါင်းဆောင်ကြီး မဆုံးပါးခင် စီရင်ထားခဲ့သော မန္တန်ဝင်္ကပါအပြင် မှော်ပစ္စည်းများနှင့် မဟာမိတ်ဆက်ဆံရေးများကြောင့်သာ မဟုတ်လျှင် သူတို့မှာ ကျွန်းအား ဆုံးရှုံးကာ လက်အောက်ခံမျိုးနွယ်စုတစ်စု ဖြစ်လာသည်မှာ ကြာခဲ့ပြီဖြစ်သည်။
သူတို့သည် အတန်ကြာ တောင့်ခံနိုင်ခဲ့သော်လည်း နောက်ဆုံးတော့ ကပ်ဘေးအန္တရာယ်က စိုးမိုးရစ်ဝဲလာခဲ့သည်။ အနီးနားရှိ ကျွန်းတစ်ကျွန်းကို သိမ်းပိုက်ထားသည့် လျိုမျိုးနွယ်စုမှာ သားကောင်ကို ချောင်းနေသော ကျားသဖွယ် သူတို့ကို မျက်စိကျနေခဲ့၏။ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပွဲကြီးမှာ စတင်တော့ခါနီးဆဲဆဲ ဖြစ်ခဲ့သည်။
ထိုသို့ဘေးအန္တရာယ် ကျရောက်တော့မည့်အချိန်တွင် ကျန်းမျိုးနွယ်စုခေါင်းဆောင် မိန်းကလေးသည် ခက်ခဲသောဆုံးဖြတ်ချက်ကို ချခဲ့ရ၏။ သူမက သူမ၏လူမမယ်သားလေးအား နှောင်ဖွဲ့ကင်းဂိုဏ်းသို့ တိတ်တဆိတ် ပို့ဆောင်ရန်အတွက် မျိုးနွယ်ဝင်အကုန်လုံးကို ခေါ်ဆောင်ပြီး ကျွန်းမှ ထွက်ခွာလာခဲ့လေသည်။
သူမ၏သားဖြစ်သူသာ နှောင်ဖွဲ့ကင်းဂိုဏ်းတွင် ဂိုဏ်းသားဖြစ်လာခဲ့လျှင် သူ၏အဆင့်အတန်းက ပြင်ပပင်လယ်ရှိ မည်သူ့ကိုမဆို လွှမ်းမိုးချုပ်ကိုင်ရန် လုံလောက်ပေလိမ့်မည်။ ယင်းက ကျန်းမျိုးနွယ်စုကို အနည်းဆုံး နှစ်တစ်ရာဝန်းကျင်တော့ စောင့်ရှောက်ကာကွယ်ပေးပေလိမ့်မည်။
ချီအခြေတည်အဆင့်ကျင့်ကြံသူသုံးယောက်က ဆက်လက် ဆွေးနွေးနေကြသည်။
"ဒီကိစ္စတစ်ခုလုံးက အရမ်းခက်တယ်.... သူတော်စင်ကျွန်းကို ရောက်လို့ လူအုပ်ထဲမှာ နန်အာတစ်ယောက် ထင်ပေါ်ပြီး နှောင်ဖွဲ့ကင်းဂိုဏ်းကို ဝင်ရောက်နိုင်မလားဆိုတာ အသာထားဦး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့လမ်းက တကယ် အန္တရာယ်များတယ်"
"အမှန်ပဲ။ ကောလဟာလတွေ ပြန့်ပြီး သတင်းထွက်သွားလိမ့်မယ်။ လျိုမျိုးနွယ်စုအနေနဲ့ ဒါကို လက်ခံမှာမဟုတ်ဘူး ။ သူတို့တုံ့ပြန်တာ နှေးပါစေလို့ပဲ မျှော်လင့်နိုင်တယ်။ စောစောစီးစီး ထွက်လာခဲ့ပြီး သူတို့နောက်က လိုက်မလာနိုင်အောင် ရှောင်နိုင်ခဲ့လို့ တော်သေးတယ်"
"လျိုမျိုးနွယ်စုအပြင် ရက်စက်ကြမ်းကြုတ်တဲ့ သင်းကွဲကျင့်ကြံသူတွေကို အသာထား၊ ပြင်ပပင်လယ်နဲ့ ပတ်လမ်း(၄)အကြားမှာ ကျက်စားနေတဲ့ ပင်လယ်သားရဲကြီးတွေ ရှိသေးတယ်။ ငါတို့လမ်းက ဘယ်လိုလုပ် ဖြောင့်ဖြူးနိုင်တော့မှာလဲ"
"ဒါပေမဲ့ ဒီတစ်ခုတည်းပဲ မျှော်လင့်ချက်ရှိတာလေ...." သုံးယောက်သည် သက်ပြင်းထပ်မံချပြီး တိတ်ဆိတ်သွားကြ၏။ မျိုးနွယ်စုခေါင်းဆောင် မည်သို့လုပ်ရန် ကြိုးစားနေသည်လဲ သူတို့နားလည်ကြပြီး ဆုံးဖြတ်ချက်က ချပြီးခဲ့ပြီဖြစ်ရာ စိတ်ပူနေလျှင်လည်း အချိန်ကုန်ခြင်းသာ အဖတ်တင်ပေလိမ့်မည်။
မည်သူသိနိုင်မည်နည်း.... ဒဏ်ရာရထားသော ပညာရှင်တစ်ဦးအား သူတို့နှင့်အတူ နေရန် ဖိတ်ကြားခြင်းဖြင့် သာလွန်ထူးကဲသော အကျိုးအမြတ်များ ရကောင်းရနိုင်မည်လား ဆိုသည်ကို။
သူတို့သုံးယောက် ဆွေးနွေးနေကြသည့်အချိန်မှာပင် ကျန်းမျိုးနွယ်ခေါင်းဆောင်မိန်းကလေးသည် သားလေး၏ လက်လေးကို ဆုပ်ကိုင်ရင်း သင်္ဘော၏ ဦးပိုင်းတွင် ရပ်နေ၏။ သူမမှာ စိုးရိမ်ပူပန်နေသောအရိပ်အယောင်တို့ကို မဖုံးကွယ်နိုင်ဘဲ ကောင်းကင်ကို မော့ကြည့်နေသည်။
"ဒီခရီးက ပတ်လမ်း(၄)ကို ရောက်ဖို့ နောက်ထပ်သုံးရက်ကြာလိမ့်မယ်" သူမက ရေရွတ်လိုက်သည်။ "ပြင်ပပင်လယ်ကနေ ထွက်ခွာပြီးရင်တော့ လျိုမျိုးနွယ်စုကို ရှောင်တိမ်းနိုင်လိမ့်မယ်..." လျိုမျိုးနွယ်သည် အင်အားကြီးသော်လည်း ယင်းက ပြင်ပပင်လယ်အတွင်း၌သာ ဖြစ်သည်။ ပတ်လမ်း(၄)တွင် သူတို့အား ပိုးကောင်လေးများအဖြစ်သာ သတ်မှတ်နိုင်လေသည်။ မိန်းကလေး၏သုံးသပ်မှုအရ ပတ်လမ်း(၄)သို့ ရောက်လျှင် လျိုမျိုးနွယ်စုအနေဖြင့် နောက်မှ လိုက်ရဲတော့မည်မဟုတ်ပေ။
သူမနှင့် သူမ၏မျိုးနွယ်စု သေမထူးနေမထူး ဖြစ်နေသည့်အချိန် လျိုမျိုးနွယ်စုသည် ကိုယ့်သေတွင်းကိုယ်တူးမည် မဟုတ်ပေ။
သူမသည် သားဖြစ်သူကို ငုံ့ကြည့်ပြီး ခေါင်းကလေးကို ပွတ်သပ်လိုက်၏။ "နန်အာ နှောင်ဖွဲ့ကင်းဂိုဏ်းက ဝါစဉ်ကြီးငယ်ကို အလေးထားတယ်။ အမေတို့ ရောက်တဲ့အခါ သား ကျင့်ဝတ်နဲ့မညီတာ တစ်ခုမှ လုပ်လို့မရဘူးနော်"
ကောင်လေးမှာ သူမ ဆိုလိုသည်ကို နားလည်ပုံမရသော်လည်း လိမ်လိမ်မာမာ ခေါင်းညိတ်လိုက်သည်။ သူမမျက်ဝန်းကလေးများမှာ ချစ်မြတ်နိုးမှုတို့ ပြည့်နှက်နေပြီး သားလေးကို ကောက်ချီရန် ပြင်လိုက်စဉ် ရုတ်တရက် မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး နောက်လှည့်ကြည့်လိုက်၏။
တစ်ချိန်တည်းမှာပင် သင်္ဘောအမြီးပိုင်းရှိ ချီအခြေတည်အဆင့်ကျင့်ကြံသူများလည်း လှည့်ကြည့်လိုက်ကြသည်။
သူတို့မြင်လိုက်ရသည်မှာ သူတို့ဆီသို့ အမြင့်ဆုံးအရှိန်ဖြင့် ရွေ့လျားလာနေသော အနက်ရောင်သင်္ဘောတစ်စင်းပင်။ သင်္ဘောအပေါ်တွင် လွှင့်တင်ထားသော အလံအပေါ်၌ စာလုံးကြီးတစ်လုံး ထင်ထင်ရှားရှား ရေးထိုးထား၏။
လျို
ဤသည်မှာ ပြင်ပပင်လယ် လျိုမျိုးနွယ်စုမှ သင်္ဘောတစ်စင်းဖြစ်သည်။ သူတို့သည် ရက်ပေါင်းများစွာ မရပ်မနား လိုက်နေခဲ့ပြီး နောက်ဆုံးတွင်တော့ မှီလာခဲ့လေပြီ။ သင်္ဘောဦးတွင် လူလေးယောက် ရပ်နေကြ၏။ သုံးယောက်မှာ အလွန်ကျိုးနွံရိုသေနေသော ဟန်ပန်ရှိပြီး ကျန်တစ်ယောက်မှာတော့ သူတို့နှင့် တခြားစီပင်။
ထိုလူသည် မောက်မာဝင့်ကြွားနေသောအမူအရာနှင့် အဘိုးကြီးဖြစ်၏။ သူ၏မျက်လုံးများမှာ လျှပ်စီးသဖွယ် တဖျပ်ဖျပ် လက်နေပြီး လက်နှစ်ဖက်ကို ကျောနောက်ပစ်ထားသည်။ သူ၏ ပွပွရောင်းရောင်းဝတ်ရုံမှာ လေ၏အဝှေ့ကြောင့် တဖတ်ဖတ် လွင့်နေပြီး ရှည်လျားသော ဆံပင်ဖြူဖြူများက သူ့အား တမူထူးခြားနေစေ၏။
သူ၏ကျင့်ကြံခြင်းအခြေခံမှ အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့် လှိုင်းဂယက်များ ထုတ်လွှတ်နေသည်။ ဤအကြောင်းရင်းကြောင့် လျိုမျိုးနွယ်စုသင်္ဘောသည် အမြင့်ဆုံးအရှိန်ဖြင့် ရက်ပေါင်းများစွာ နောက်မှ လိုက်နေနိုင်ခဲ့ခြင်းဖြစ်၏။
အဘိုးအိုကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် မိန်းကလေး၏မျက်နှာပေါ်တွင် သွေးမရှိတော့ပေ။ သူမမှာ အသက်ရှူသံတို့ မြန်လာပြီး သားလေး၏လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်၏။
ကျန်းမျိုးနွယ်စု၏ ကျန်ချီအခြေတည်အဆင့်ကျင့်ကြံသူသုံးယောက်မှာလည်း ရင်တဒိန်းဒိန်း ခုန်လာတော့သည်။ သူတို့၏မျက်နှာများမှာ ဖြူဆုပ်နေကြပြီး သူတို့၏မျက်လုံးများတွင် စိတ်ပျက်ဝမ်းနည်းမှုတို့ ပြည့်နှက်သွားလေသည်။
"လျိုမျိုးနွယ်စု ... ခေါင်းဆောင်ကြီး"
လျိုသင်္ဘောနီးကပ်လာသည်နှင့်အမျှ အဘိုးကြီးနှင့် ကျန်သုံးယောက်၏ ပုံပန်းသွင်ပြင်များမှာ ထင်ရှားပြတ်သားလာတော့သည်။ သူတို့၏အနောက်တွင် စဦးချီဖွဲ့စည်းမှုအဆင့်မျိုးနွယ်ဝင် ခုနစ်ယောက်၊ ရှစ်ယောက် ပေါ်လာသည်။ သူတို့က စက်ဆုပ်ရွံရှာအထင်သေးနေသော မျက်နှာထားများအား ဆင်မြန်းထားကြ၏။
လျိုမျိုးနွယ်စုခေါင်းဆောင်ကြီး၏ဘေးတွင် သက်လတ်ပိုင်းလူတစ်ယောက် ရပ်နေသည်။ သူက ပြုံးပြီး ပြော၏။ "ကျန်းဝမ်ဖန်း ဘာတွေအလျင်လိုနေတာလဲ။ ကျန်းမျိုးနွယ်ကျွန်းကိုလည်း စွန့်ပစ်ထားခဲ့ပြီဆိုတော့ အခု ဘယ်သွားမလို့ ကြံနေတာလဲ"
ကျန်းဝမ်ဖန်းက သင်္ဘော၏နောက်ပိုင်းသို့ လျှောက်လာပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ပြောသည်။ "ဂျူနီယာ ဂါဝရပြုပါတယ် စီနီယာလျိုရှင့်။ ကျွန်မတို့ဟာ ကျွန်းကို စွန့်ပစ်ပြီး တတ်နိုင်သမျှ ဝေးဝေးရောက်အောင် သွားချင်ရုံပါ။ ကျွန်မတို့မျိုးနွယ်စုနှစ်စု တစ်ချိန်တုန်းက မိတ်ဆွေဖြစ်ခဲ့တာကို ထောက်ထားပြီး အသက်ရှင်ခွင့်မပေးချင်ဘူးလားရှင်" ကျန်ကျန်းမျိုးနွယ်ကျင့်ကြံသူများသည် မခံရပ်နိုင်မှုနှင့် ပူဆွေးသောကတို့အပြည့်ဖြင့် သူမကို ဝန်းရံထားကြ၏။
လျိုမျိုးနွယ်ခေါင်းဆောင်ကြီးက ဘာမှမပြောပေ။ သူက အထက်စီးဆန်သောအမူအရာဖြင့်သာ ဆက်ကြည့်နေသည်။ သူ့ဘေးတွင် ရပ်နေသော လျိုမျိုးနွယ်က လှောင်ပြောင်သရော်နေသောလေသံဖြင့် တုံ့ပြန်၏။ "ဟာသပဲ။ ငါတို့ကိုများ သုံးနှစ်သားလေးလို့ ထင်နေလား။ မင်းအကြံကို ငါတို့ မသိဘူးထင်နေလား ကျန်းဝမ်ဖန်း။ မင်းတို့ သေချာပေါက် နှောင်ဖွဲ့ကင်းဂိုဏ်းကို ရွက်လွှင့်နေကြတာလေ"
"ဂျူနီယာ ဘာမဆို စွန့်လွှတ်နိုင်ပါတယ်။ ကျွန်းကိုလည်း ပေးဆို ပေးပါ့မယ် စီနီယာကြီး။ ကျွန်မတို့အပိုင်မဟုတ်တဲ့အရာကိုလည်း မောင်ပိုင်စီးချင်စိတ် မရှိပါဘူး။ ကျိန်ရဲပါတယ်။ ကျွန်မက သက်ညှာပေးဖို့လေးပဲ တောင်း...." ကျန်းဝမ်ဖန်၏မျက်နှာမှာ ဖြူဆုပ်နေသော်လည်း သူမစကားဆက်မပြောနိုင်ခင် လျိုမျိုးနွယ်ခေါင်းဆောင်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။
"တိတ်စမ်း" သူ၏ အေးတိအေးစက်အသံသည် မိုးခြိမ်းသံကြီးသဖွယ် အရပ်မျက်နှာတစ်ခွင်သို့ ပဲ့တင်ထပ်သွား၏။ ပင်လယ်ရေများ တပွက်ပွက် ဆူလာပြီး ကျန်းဝမ်ဖန်နှင့် ကျန်မျိုးနွယ်ဝင်များ၏စိတ်ထဲတွင် ဝီခေါ်သွားလေသည်။
စကားတစ်ခွန်း၊ စကားလုံးနှစ်လုံး။ စဦးချီဖွဲ့စည်းမှုကျင့်ကြံသူအားလုံး သွေးအန်လိုက်ရသည်။ ကျန်းဝမ်ဖန်းနှင့် ကျန်ချီအခြေတည်အဆင့်ကျင့်ကြံသူများမှာ မျက်နှာဖြူဆုပ်ဖြူလျော်ဖြင့်သာ ရပ်နေနိုင်တော့သည်။ သူတို့၏အမူအရာများမှာ ဆထက်တိုး၍ ဆောက်တည်မဲ့လာလေသည်။
"အရည်မရအဖတ်မရတွေ မပြောစမ်းနဲ့" လျိုမျိုးနွယ်ခေါင်းဆောင်ကြီးက အေးတိအေးစက် ပြောသည်။ "အကုန်သတ်ပစ်။ ကလေးလူကြီးအကုန် တစ်ယောက်မှ မချန်နဲ့" သူက ထိုသို့ပြောပြီး အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ လျိုမျိုးနွယ်ကျင့်ကြံသူအားလုံး ရက်စက်ကြမ်းကြုတ်သော မျက်နှာထားများဖြင့် လေပေါ်ပျံတက်သွားကြ၏။
ကျန်းဝမ်ဖန်းက အံတင်းတင်းကြိတ်ပြီး တစ်ဖက်သင်္ဘောဦးပိုင်းကို ပြန်ကြည့်လိုက်သည်။ "စီနီယာလျို" သူက အော်သည်။ "ကျန်းမျိုးနွယ်စုနဲ့ ပြဿနာရှိရင် ကျန်းမျိုးနွယ်စုကို သတ်လို့ရတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အထူးဧည့်သည်ကို ရန်စရဲသလား"
"ဇာတ်လမ်းဆင်နေတုန်းပေါ့လေ" လျိုမျိုးနွယ်ခေါင်းဆောင်ကြီးက အေးတိအေးစက် နှာတစ်ချက်မှုတ်ကာ ပြောသည်။ " ကျန်းမျိုးနွယ်စုမှာ အနုသုခုမရုပ်ခန္ဓာအဆင့် ဧည့်သည်ရှိနေတာကို ငါယုံမယ် ထင်တယ်ပေါ့။ ဒါမှမဟုတ် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်ကြီး ရှိနေလို့လား။ အဲ့ဒါကမှ ပိုပြီး ကြောက်စရာမကောင်းဘူးလား ဟမ်" သူသည် သင်္ဘောကို စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ခဲ့ပြီး၍ ကျန်းမျိုးနွယ်ကျင့်ကြံသူများနှင့် လူသားများမှအပ သင်္ဘောအပေါ်တွင် မည်သူမှ မရှိကြောင်း သိရှိပြီးဖြစ်သည်။
ဤအခိုက်အတန့်တွင် လျိုမျိုးနွယ်ကျင့်ကြံသူများ နီးကပ်လာလေပြီ။ တလက်လက်တောက်ပနေသော အကာအကွယ်က ကျန်းမျိုးနွယ်သင်္ဘောထံမှ ဖြာထွက်လာကာ သူတို့ကို ဟန့်တားလိုက်သည်။ သို့သော် လျိုမျိုးနွယ်ခေါင်းဆောင်ကြီးကိုတော့ မတားနိုင်ပေ။ သူက လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် နားကွဲလုမတတ် ပေါက်ကွဲသံကြီး ရိုက်ညောင်းသွားစေသည်။ သင်္ဘောသည် ရေထဲသို့ တစ်ဝက်ကျော် နစ်မြုပ်သွားပြီး အကာအကွယ်မှာ တစစီ ကြေမွသွားလေပြီ။
လျိုမျိုးနွယ်ခေါင်းဆောင်ကြီးက ကောက်ကျစ်စွာ ပြုံးရင်း ဆက်တိုးလာသည်။ သူတို့ သင်္ဘောအပေါ် ရောက်သည်နှင့်တစ်ပြိုင်နက် ကျန်းဝမ်ဖန်းနှင့် ကျန်ချီအခြေတည်အဆင့်ကျင့်ကြံသူသုံးယောက်က မှော်ပစ္စည်းထုတ်၍ မှော်သိုင်းကွက်များ ထုတ်ဖော်လေသည်။ တဖောင်းဖောင်း ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။
တိုက်ပွဲကား စတင်ခဲ့လေပြီ။
"ငါ ခေါင်းဆောင်ကြီး အမိန့်ထုတ်ပြန်တယ်။ တစ်ယောက်မကျန် သတ်ပစ်။ ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့။ ကျန်းမျိုးရိုးဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်"
လျိုမျိုးနွယ် စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူတချို့က ယုတ်မာစွာ ပြုံးရင်း ကြောက်လန့်တုန်ရီနေသော ကလေးများဆီ ဦးတည်သွားကြသည်။ ကျန်းဝမ်ဖန်း၏မျက်လုံးများက နီရဲသွားပြီး သူမ ဘေးရှိ မျိုးနွယ်ဝင်များမှာ အသက်စွန့်ရန် အသင့်ဖြစ်နေကြလေပြီ။
လျိုမျိုးနွယ်စုခေါင်းဆောင်ကြီးက မတူမတန်သလို စိုက်ကြည့်ရင်း လေလယ်တွင် ပျံဝဲနေသည်။ သူ့အတွက် ဤလူအားလုံးမှာ ပိုးမွှားလေးများသာ ဖြစ်ကြောင်း သိသာ၏။
သို့သော် ဤအခိုက်အတန့်တွင် ရုတ်တရက် ကျန်းမျိုးနွယ်စု၏သင်္ဘောထဲမှ အေးတိအေးစက် အသံတစ်သံ ထွက်လာသည်။
"တိတ်စမ်း"
စကားလုံးလေးနှစ်လုံးသာ ဖြစ်သော်လည်း အသံသည် ဟိန်းထွက်လာသည်နှင့်တစ်ပြိုင်နက် ကျန်အသံအားလုံးကို ချက်ချင်း လွှမ်းမိုးဖိနှိပ်ပစ်လိုက်၏။ ၎င်းသည် မိုးခြိမ်းသံထက် ကျယ်လောင်ပြီး ပဲ့တင်သံသုံးသံ ရိုက်ခတ်သွားစေသည်။ ၎င်းတွင် အရာအားလုံးအပေါ် သက်ရောက်နေသော ဖိအားကြီးဖြင့်လည်း ပြည့်နှက်နေသည်။
တစ်ချိန်တည်းမှာပင် သီးသန့်အခန်းထဲ၌ မန်ဟို့မျက်လုံးများ ပွင့်လာသည်။ သူ၏အကြည့်က သင်္ဘော၏နံရံကို ဖြတ်၍ အပြင်ရှိအရာအားလုံးကို မြင်နိုင်သွားသယောင်ပင်။
***