ဘာလို့ ရင်တလှပ်လှပ် ခုန်နေတာပါလိမ့်
Vol. 46 Ch. 634
မန်ဟို၏အသံက ဟိန်းထွက်လာသည်နှင့်တစ်ပြိုင်နက် ပထမဆုံးပဲ့တင်သံ ဖြစ်ပေါ်လာသည်။ ပထမပဲ့တင်လှိုင်းများက ကလေးများကို တိုက်ခိုက်တော့မည့် လျိုမျိုးနွယ် စဦးချီဖွဲ့စည်းမှုကျင့်ကြံသူများဆီသို့ ဦးတည်ကာ ဖြာထွက်သွား၏။ သူတို့မှာ တုန်ရီလာကြပြီးနောက် ပါးစပ်မှ သွေးများပန်းထွက်ရင်း လွင့်ထွက်သွားကြလေသည်။ ထို့နောက် လွင့်ထွက်နေရင်းတန်းလန်း ခန္ဓာကိုယ်များ တဖောင်းဖောင်း ပေါက်ကွဲကုန်ကြပြီး တစစီဖြစ်နေသော အသားတုံးများက အရပ်မျက်နှာတစ်ခွင် လွင့်စင်သွားကြသည်။ တစ်ချိန်တည်းမှာပင် ကျန်လျိုမျိုးနွယ် စဦးချီဖွဲ့စည်းမှုကျင့်ကြံသူများလည်း တူညီသောကံကြမ္မာ၏စီရင်ခြင်း ခံလိုက်ရလေ၏။ စစချင်း သူတို့မှာ ကြောင်တောင်တောင် ကြည့်နေကြပြီးနောက် သွေးသံရဲရဲအသားတုံးများအဖြစ် ပေါက်ကွဲကုန်ကြသည်။
ဒုတိယပဲ့တင်သံ ရိုက်ခတ်လာသောအခါ လျိုမျိုးနွယ် ချီအခြေတည်အဆင့်ကျင့်ကြံသူသုံးယောက်၏မျက်နှာများ ဖြူဆုပ်သွားကြသည်။ မမြင်နိုင်သောလက်ကြီးတစ်ဖက်က သူတို့ကို အားပြင်းပြင်း ရိုက်ချလိုက်သည့်အလား သုံးယောက်လုံး မချိတင်ကဲ အော်ရင်း ဒလိမ့်ခေါက်ကွေး လွင့်ထွက်သွားကြ၏။ မျက်စိတစ်မှိတ်အတွင်း သူတို့ခန္ဓာကိုယ်များ စုတ်ပြတ်သပ်ကုန်ကာ တခဏကြာသော် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားလေသည်။
တတိယပဲ့တင်သံက လေပေါ်တွင် ပျံဝဲနေသော လျိုမျိုးနွယ်ခေါင်းဆောင်ကြီးအား တုန်ရီသွားစေသည်။ သူ၏မျက်နှာတွင် ထိတ်လန့်ကြောက်ရွံမှု၊ မယုံကြည်နိုင်မှုတို့ ချက်ချင်း ပြည့်နှက်သွား၏။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့မှာ နောက်သို့ယိမ်းယိုင်သွားလေသည်။ သူလည်း သူ၏ခန္ဓာကိုယ် စုတ်ပြတ်သပ်မလာအောင် မဟန့်တားနိုင်ပေ။
"ဒါ... ဒါ...." သူ့မှာ မကြုံစဖူး ကြောက်စိတ်တို့ မွှန်ထူနေပြီး ရုတ်တရက် ကျန်းဝမ်ဖန်း ညွှန်းဆိုခဲ့သော အထူးဧည့်သည်ကို တွေးမိလိုက်သည်။
"စီနီယာကြီး ၊ အသက်ချမ်းသာ....." သူက ကြောက်အားလန့်အား ထအော်သည်။ သို့သော် စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူ့မှာ တစစီ ပေါက်ကွဲသွားသဖြင့် သွေးသားအတုံးအတစ်များ တဖွဲဖွဲ ရွာကျလာတော့သည်။
ထိုအခိုက်အတန့်တွင် အရာအားလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်သွားသည် .....
လျိုမျိုးနွယ်သင်္ဘောအပေါ်တွင် ကျန်ရှိခဲ့သူများမှာ သေမျိုးလူသားများ ဖြစ်ကြပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေလျက် ဖြူဖပ်ဖြူလျော်ဖြင့် ကြည့်နေကြ၏။
ကျန်းဝမ်ဖန်းအပါအဝင် ကျန်းမျိုးနွယ်ဝင်များမှာတော့ ကြက်သေသေပြီး တုန်ရီနေကြလေသည်။ အထူးသဖြင့် မျက်နှာဖြူဆုပ်နေကြသော ချီအခြေတည်အဆင့်ကျင့်ကြံသူသုံးယောက်ပင်။ သူတို့အနေဖြင့် မည်သည့်ကျင့်ကြံခြင်းအခြေခံအမျိုးအစားက ရန်သူအားလုံးကို စကားလေးတစ်ခွန်းတည်းနှင့် ဖျက်စီးနိုင်သည်လဲ စဉ်းပင် မစဉ်းစားနိုင်ပေ။
ထို့အပြင် သူတို့၏ယခင်ခေါင်းဆောင်ကြီးနှင့် ကျင့်ကြံအဆင့်တစ်ဆင့်တည်းဖြစ်သော အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်ကျင့်ကြံသူပင်လျှင် သေဆုံးသွားရသည်။
"အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်" ယင်းက သူတို့ခေါင်းထဲတွင် ဖြစ်ပေါ်လာသော အတွေးဖြစ်သည်။
ကျန်းဝမ်ဖန်း၏ကိုယ်လုံးလေး တဆတ်ဆတ် တုန်ရီနေသည်။ သူမလည်း သူမကိုယ်တိုင် သင်္ဘောအပေါ်တွင် နေရန် ဖိတ်ခေါ်ခဲ့သူမှာ ထိုမျှကြောက်စရာကောင်းလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ဖူးပေ။ မူလက သူ့ကို အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်ဟု ထင်ထားခဲ့သော်လည်း ယခုလေးတင် မြင်လိုက်ရသည့်အရာက သူမကို အဆုံးစွန်အထိ အံ့ဩမှင်သက်နေစေတော့သည်။
မန်ဟို့တွင် ထိုကဲ့သို့ကျင်ကြံခြင်းအခြေခံမျိုး ပိုင်ဆိုင်ထားသည်ကို သိခဲ့လျှင် သူမအနေဖြင့် စကားပြောရဲခဲ့မည်မဟုတ်သလို၊ နေခိုင်းခဲ့မည်လည်း မဟုတ်ပေ။ သို့သော် သူမသည် မျိုးနွယ်စုခေါင်းဆောင်မဟုတ်ပါလော။ ထို့ကြောင့် သူမ၏ပထမဆုံးတုံ့ပြန်မှုမှာ သင်္ဘောကုန်းပတ်ဘက်သို့ ချက်ချင်း လှည့်၍ ဒူးထောက်ကာ ဦးညွှတ်အရိုအသေပေးလိုက်ခြင်း ဖြစ်သည်။
"အခုလိုအပြုအမူအတွက် ..... ကျေးဇူးတင်ပါတယ် စီနီယာကြီးရှင့် .... " သူမ၏အသံလေးမှာ တုန်ရီနေလေသည်။ တစ်ချိန်တည်းမှာပင် ကျန်မျိုးနွယ်ဝင်များလည်း ကတုန်ကယင် ဒူးထောက်အရိုအသေပေးလာကြသည်။
"ကဲ ဆက်သွားကြရအောင်" မန်ဟိုက သီးသန့်အခန်းထဲမှ ပြန်ဖြေသည်။ ကျန်းဝမ်ဖန်းသည် လျိုမျိုးနွယ်သင်္ဘောကို လျစ်လျူရှုပြီး စိတ်လှုပ်ရှားမှုတို့ ပြင်းထန်လာရင်း ကျန်းမျိုးနွယ်စု၏ လူသားအဖွဲ့ဝင်များအား သင်္ဘောကို ဆက်လက်မောင်းနှင်စေလိုက်သည်။
အချိန်အနည်းငယ်ကြာသော် ကျန်းမျိုးနွယ်သင်္ဘောကား ယခင်အတိုင်း ဆက်လက်ရွေ့လျားသွားလေပြီ။ သင်္ဘောအပေါ်ရှိ လူတိုင်းမှာမူ တိတ်ဆိတ်လျက်သာ ရှိနေကြ၏။။
အတိုင်း သုံးရက်ကြာသွားပြီးနောက်ဆုံး သင်္ဘောက ပတ်လမ်း(၄)သို့ ဝင်ရောက်လာခဲ့ပြီး အရာအားလုံး ပြောင်းလဲသွားသည်။
သို့သော် လူတိုင်းမှာ အတိုင်းထက်အလွန် သတိရှိနေကြဆဲ ဖြစ်သည်။ မည်သူမဆို မန်ဟို့အခန်းရှေ့မှ ဖြတ်သွားတိုင်း ရှေ့ဆက်မသွားခင် အပြင်တွင် ရပ်ကာ အရိုအသေပေးတတ်ကြ၏။
လဝက်ကြာသော် သင်္ဘောသည် ပတ်လမ်း(၄)အတိုင်း တရိပ်ရိပ် ဆက်သွားနေခဲ့ပြီး သူတော်စင်ကျွန်းနှင့် နီးသထက် နီးလာသည်။ မည်သည့်အတွက်ကြောင့်မှန်း မသေချာသော်လည်း ဓားပြကျင့်ကြံသူများအသာထား ၊ ပင်လယ်သားရဲ သို့မဟုတ် သင်းကွဲကျင့်ကြံသူတစ်ယောက်တလေနှင့်မှ ပက်ပင်းမတိုးခဲ့ပေ ။ ကံကောင်း၍လည်း ဖြစ်တန်ရာသည်။
မန်ဟိုသည် ခြောက်ဆယ်ရာခိုင်နှုန်း သက်သာလာသည်အထိ ဒဏ်ရာများအား ကုသပြီးပြီဖြစ်၏။ အသားဂျယ်လီလည်း သူ၏ခန္ဓာကိုယ်မှ ခွာသွားပြီဖြစ်ပြီး သူ၏အပြင်အားကိုယ်မှာ ယခုတွင် ပကတိအတိုင်း တည်ငြိမ်နေလေပြီ။ ၎င်းက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် မှော်တိုက်ပွဲ မဆင်နွှဲရသရွေ့ အဆင်ပြေမည်ဖြစ်သည်။
"ဒီဒဏ်ရာက တာအိုရှာဖွေခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံရှိတဲ့ ဝမ်မျိုးနွယ်ဒသမခေါင်းဆောင်ကြီးကြောင့် ဖြစ်ရတာ။ ဒါကြောင့် ခရမ်းမျက်ဆံပြောင်းလဲခြင်းက သိပ်မထိရောက်တာပဲ" နောက်ဆုံးတွင် သူ၏မျက်လုံးများ ပွင့်လာသည်။ ကျင့်ကြံခြင်းအခြေခံကို ခေတ္တ စစ်ဆေးပြီးနောက် ရက်ပေါင်းများစွာမှ ပထမဆုံးအကြိမ် အပြုံးတစ်ခု သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာသည်။
အနုသုခုမရုပ်ခန္ဓာ (၈)ခုအဖြစ် ဖိနှိပ်ခံခဲ့ရသော သူ၏ကျင့်ကြံခြင်းအခြေခံသည် ယခုတော့ (၇)ခုသာ ပါရှိတော့၏။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးနှင့် မှော်တိုက်ပွဲတွင် ကြုံတွေ့ခဲ့ရသော ဖိအားကြီးက ၎င်းကို ပေါင်းစည်းသွားစေခဲ့လေသည်။
"ငါ့ရဲ့စိတ်ဝိညာဉ်ခွဲထွက်ခြင်းလမ်းကြောင်းက ပွင့်သွားခဲ့ပြီးပြီ။ မကြာခင် .... ငါ့ကို လွှမ်းမိုးခြယ်လှယ်ချင်တဲ့ အရာတစ်ခုခုနဲ့တွေ့ရင် ငါ အဲ့ဒီအရာထက် ၊ ဘယ်အရာမဆိုထက် သန်မာစေရမယ်" သူက ထရပ်ပြီး သီးသန့်အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ တစ်လအတွင်း ပထမဆုံးအကြိမ် အပြင်သို့ သူ ခြေချလိုက်၏။
ကြက်တူရွေးတစ်ကောင်တော့ ခြေဦးတည့်ရာ ထွက်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ၎င်း၏အကျင့်စရိုက်အရ တစ်နေရာတည်းတွင် ဖင်ပူအောင် ကြာကြာမနေနိုင်ပေ။ အသားဂျယ်လီ မန်ဟို့ကိုယ်မှ ခွာသွားသည်နှင့်တစ်ပြိုင်နက် နှစ်ကောင်သား ရွပိုးထိုးလျက် တစ်နေရာရာသို့ ထွက်သွားခဲ့လေပြီ။
နေ့လည်ဖြစ်၍ နေကား တကျက်ကျက် ပူနေ၏။ မန်ဟို ကုန်းပတ်သို့ ထွက်လာသောအခါ နွေးထွေးသော နေရောင်ခြည်တို့က သူ၏ကျောအပေါ် ကျရောက်လာရာ ခံစား၍ကောင်းလေသည်။ အနီးနားတွင် ကျန်းမျိုးနွယ်ကလေးသူငယ်များ ပြေးလွှားကစားနေကြသည်။ သူတို့ထဲက တစ်ယောက်မှာ နန်အာဆိုသော ကလေးဖြစ်ပြီး မန်ဟိုထွက်လာသည်ကို ပထမဆုံး သတိထားမိသော တစ်ယောက်လည်းဖြစ်၏။ စစချင်း သူ၏မျက်နှာပိစိလေးမှာ တွန့်ဆုတ်တွေဝေမှုတို့ဖြင့် ပြည့်နှက်သွားသည်။။ သို့သော် ယဉ်ယဥ်ကျေးကျေး ပြုမူဖို့ သူ့အမေ သင်ကြားပေးထားသည်ကို သတိရလိုက်၏။ နန်အာသည် ကြောက်စိတ်တို့ကို လျစ်လျူရှုရင်း လက်ယှက်၍ မန်ဟိုကို ဦးညွှတ်အရိုအသေပေးလိုက်လေသည်။
"နန်အာ ဂါဝရပြုပါတယ် ဆရာဦးလေး"
သူ၏စကားလုံးများက ကျန်ကလေးများအား မန်ဟို့ကို သတိထားမိသွားစေသည်။ ချက်ချင်းပင် သူတို့၏မျက်နှာလေးများမှာ ဖြူဆုပ်သွားကြပြီး ကြောက်လန့်မှုတို့ဖြင့် ပြည့်နှက်သွား၏။ လွန်ခဲ့သော လဝက်က ဖြစ်ရပ်မှာ အိပ်မက်ဆိုးကြီးနှင့် တူခဲ့လေသည်။ သူတို့အားလုံး ကပျာကယာ အရိုအသေပေးလိုက်ကြသည်။
ဤကလေးများကို မြင်ရခြင်းက မန်ဟို့မျက်လုံးများကို နူးညံ့နွေးထွေးသွားစေသည်။ သူတို့ကို မျက်လုံးဝေ့ကြည့်လိုက်ရာတွင် နန်အာမှအပ ကျန်ကလေးများ၏ ပင်ကိုယ်ပါရမီမှာ သာမန်သာဖြစ်ကြောင်း တွေ့လိုက်ရ၏။ နန်အာက ကျန်ရှိသူများထက် မဆိုစလောက်လေး ပါရမီထက်သန်လေသည်။
မန်ဟိုက ပြုံးပြီး မေးလိုက်သည်။ "ဘာဆော့နေကြတာတုန်း"
"တူတူပုန်းတမ်း ... ကစားနေတာပါခင်ဗျ" နန်အာက အတန်ငယ် ကြောက်ကြောက်လန့်လန့် ပြန်ဖြေသည်။ သူ၏ပတ်ပတ်လည်ရှိ ကလေးများမှာ ခေါင်းညိတ်ရင်း ပို၍ပင် ကြောက်လန့်လာကြ၏။
"သူက ပုန်းတာ အရမ်းတော်တယ်..." ကလေးတစ်ယောက်က ရဲရဲဝင့်ဝင့် ဆိုသည်။ သူကား ၁၁ နှစ်၊ ၁၂နှစ်အရွယ် ကောင်လေးတစ်ယောက် ဖြစ်လေသည်။
"ဟုတ်တယ်။ သူ ပုန်းတိုင်း ဘယ်သူမှ လိုက်မရှာနိုင်ဘူး" နောက်တစ်ယောက်က ပြောသည်။ မကြာမီ ကလေးတစ်ယောက်ပြီးတစ်ယောက် ဟိုအကြောင်း၊ သည်အကြောင်းပြောရင်း ဆူညံလာ၏။ မန်ဟို နားထောင်နေစဉ် သူ၏နွေးထွေးသောအပြုံးမှာ ပို၍တောက်ပလာတော့သည်။ တဖြေးဖြေး ကလေးများမှာ မကြောက်တော့ပေ။
"ငါက အပုန်း တော်တာ မဟုတ်ပါဘူး" နန်အာက အားကောင်းပြီး ရှင်းလင်းပြတ်သားသောအသံနှင့် ပြောသည်။ "မင်းတို့ကောင်တွေက ဖျင်းလို့ ငါ့မရှာနိုင်တာ" သူသည် ကျန်ကလေးများကို စူးစူးရဲရဲ ကြည့်လိုက်၏။
မန်ဟိုက ဤသည်ကို ကြားသောအခါ ရယ်ပြီး နန်အာကို ကြည့်လိုက်လေသည်။
"ဘယ်နေရာမှာ ပုန်းတာလဲ" သူက အပြုံးတစ်ခုဖြင့် မေးသည်။ ကလေးတချို့က သိချင်စိတ်ပြင်းပြနေသောပုံစံဖြင့် နားစွင့်လိုက်ကြသည်။
နန်အာက မျက်နှာလေးနီရဲသွားပြီး ကျန်ကလေးများကို ကြည့်လိုက်သည်။ သူ့ကြည့်ရသည်မှာ ပြောသင့်မပြောသင့် စဉ်းစားနေသယောင်ပင်။ ယခု သူပုန်းနေသည့်နေရာကို ပြောလိုက်လျှင် နောက်နောင် မည်သည့်နေရာ၌ ပုန်းရတော့မည်နည်း။ ပုန်းစရာနေရာ ပျောက်သွားလိမ့်မည်မဟုတ်ပါလော။ နောက်ဆုံးတွင် သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလာရာ မန်ဟိုက သူ့ကို ပွေ့ချီလိုက်၏။ နန်အာက သူ၏ပခုံးအပေါ်တွင် ထိုင်ပြီး နားအနားကပ်၍ တိုးတိုးလေးပြောသည်။
"ဆရာဦးလေး ၊ သား အမေ့ခုတင်အောက်မှာ အမြဲပုန်းတာ။ ဘယ်သူမှ သွားလို့မရတဲ့နေရာကို သွားလိုက်တာပဲလေ ရိုးရိုးလေးပဲမဟုတ်လား"
မန်ဟို့မျက်လုံးများ တောက်ပသွားသည်။ ၎င်းမှာ အမှန်တကယ်ပင် ရိုးရှင်းသော အမှန်တရားတစ်ခုဖြစ်လေသည်။ တူတူပုန်းတမ်းကစားလျှင် မည်သူမှ မသွားနိုင်သော နေရာတွင် ပုန်းသင့်သည်။ ထိုသို့ဆိုလျှင် သူတို့ သင့်ကို ရှာတွေ့မည်မဟုတ်တော့ပေ။
ယခုတွင် သူတွေးကြည့်သောအခါ သူနှင့် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာလည်း တူတူပုန်းတမ်းကစားနေခြင်း ဖြစ်လေသည်။
ဤအခိုက်တွင် ရုတ်တရက် ပဲ့ပိုင်းကုန်းပတ်မှ ကျန်းဝမ်ဖန်း ထွက်လာသည်။ မန်ဟိုအား ကလေးများနှင့်အတူ မြင်ပြီး နန်အာအား ချီထားပုံကို တွေ့သောအခါ သူမမှာ ချက်ချင်း အသက်ရှူသံများ မြန်လာပြီး စိုးရိမ်လာတော့သည်။
"နန်အာ..." သူမက ပြောသည်။ သူမသည် အပြင်ပန်းတွင် တည်ငြိမ်နေသည့်ပုံစံပေါ်အောင် အတတ်နိုင်ဆုံး ကြိုးစားထားသော်လည်း အသံကတော့ အတန်ငယ် အဖျားခတ်သွားလေသည်။
သူမ သူတို့ကို လှမ်းကြည့်နေသည်ကို မြင်သောအခါ မန်ဟိုက ကောင်လေးကို ချပြီး ဆံပင်ဖွလိုက်သည်။
"မြေခွေးပေါက်လေး" သူက ပြုံးရင်း ပြောလေသည်။ နန်အာ့မျက်နှာလေး နီရဲသွားပြီးနောက် သူ့အမေနောက်တွင် သွားပြေးပုန်း၏။
"ဂျူနီယာ ဂါဝရပြုပါတယ် စီနီယာရှင့်" ကျန်းဝမ်းဖန်းက စိတ်သက်သာရာရသွားပြီး ဦးညွတ်အရိုအသေပေးကာ ဆိုသည်။
မန်ဟိုက ခေါင်းညိတ်ပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ် ရုတ်တရက် မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားလေသည်။ သူသည် အဝေးသို့ လှမ်းကြည့်လိုက်၏။ သူ၏နတ်ဘုရားအာရုံရပ်ဝန်းထဲ၌ ကျွန်းတစ်ကျွန်း ပေါ်လာသည်။ ၎င်းသည် မယုံနိုင်လောက်အောင် ကြီးမားပြီး တိုက်ကြီးတစ်တိုက်အလား ထင်ရ၏။
တောင်တန်းများနှင့်အတူ သူ၏နတ်ဘုရားအာရုံကို ကန့်သတ်ပိတ်ဆို့ထားသော မြူများ ရစ်သိုင်းနေသည့် နေရာများစွာအား မြင်ရလေသည်။ သူသည် ထိုနေရာကို တခဏသာ စစ်ဆေးကြည့်ရှုပြီး နတ်ဘုရားအာရုံအား ပြန်ရုတ်သိမ်းလိုက်၏။ သူ့ကို ပေးထားသော ကျောက်စိမ်းပြားရှိ မြေပုံအတိုင်းဆိုလျှင် ခရီးစဉ်မှာ အဆုံးသတ်တော့မည်ဖြစ်ကြောင်း မန်ဟို သိလိုက်လေသည်။
"စီနီယာရှင့်၊ ကျွန်မတို့မှာ နေ့ဝက်ပဲ အချိန်ရှိပါတော့တယ်။ ညနေစောင်းရင် သူတော်စင်ကျွန်းကို ရောက်တော့မှာပါ။ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်" သူမက စိတ်ရင်းထဲမှ လာသောအသံဖြင့် ဆက်ပြောသည်။ "ကျွန်မတို့ မျိုးနွယ်စုတစ်စုလုံး စီနီယာရဲ့ ကျေးဇူးကို မျိုးရိုးစဉ်ဆက် အမှတ်ရနေမှာပါ စီနီယာ" သူမက ခြေတစ်ဖက် ရှေ့ထုတ်၍ မန်ဟို့ကို ဦးညွှတ်အရိုအသေပေးလေသည်။ သူမမှာ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေသော်လည်း သူမခံစားနေရသည့် ကြောက်ရွံ့ရိုသေမှုက သူမနှလုံးသား၏နေရာအများစုကို သိမ်းပိုက်ထားလေသည်။
ယခု သင်္ဘောအပေါ်တွင် လူတော်တော်များများ စုဝေးနေကြလေပြီ။ သူတို့မှာ အလွန်ထိတ်လန့်ကြောက်ရွံနေကြသဖြင့် မော့ပင် မကြည့်ရဲကြပေ။
မန်ဟိုက နန်အာကို လှမ်းကြည့်ပြီး ပုံမှန်အတိုင်း ပြောသည်။ "နှောင်ဖွဲ့ကင်းဂိုဏ်းကို သူ ဝင်မလို့လား"
"ဟုတ်ကဲ့" ကျန်းဝမ်ဖန်းက အလျင်အမြန် ပြန်ဖြေသည်။ "သားလေးက မျိုးနွယ်စုထဲမှာ ပင်ကိုယ်ပါရမီ အထက်သန်ဆုံးပါ။ နှောင်ဖွဲ့ကင်းဂိုဏ်းက အခု ဂိုဏ်းသားအသစ်တွေ လက်ခံနေတာနဲ့ အရွေးခံရမယ်ဆိုရင် သူ့အတွက်ရော ၊ ကျွန်မတို့မျိုးနွယ်စုအတွက်ရော အဆင့်အတန်းမြင့်သွားမှာမလို့ပါ
"နှောင်ဖွဲ့ကင်းဂိုဏ်းက ပတ်လမ်း(၄)တစ်ခုလုံးမှာ အစွမ်းထက်ဆုံးဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပါတယ်။ ဘယ်သူမှ မထိရဲတဲ့ ဘုရင်တစ်ပါးလို့ သတ်မှတ်လို့ရပါတယ်။ သူတို့က ဝါစဉ်ကြီးငယ်ကို ဂရုစိုက်ပြီး ဂိုဏ်းစည်းကမ်းတွေကလည်း သိပ်တင်းကြပ်တယ်။ အမှန်တိုင်းပြောရရင် ဂိုဏ်းသားတွေကြားမှာ ခိုက်ရန်ဖြစ်ပွားမှု မရှိသလောက်ပဲ"
"ရှောင်ပြည်" မန်ဟိုက တွေးလိုက်သည်။ "ရှောင်ပြည်" သူသည် ဘာမှမပြောဘဲ အဝေးကိုသာ ငေးကြည့်နေ၏။
သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျန်ရှိသူများမှာ စကားမပြောရဲတော့ပေ။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး သူတော်စင်ကျွန်းမှာ နီးသထက် နီးလာသည်။ ကောင်းကင်သည်လည်း မှောင်ရီပျိုးလာ၏။ ညနေခင်း၏ ညှို့မှိုင်းအုံ့ဆိုင်းနေသောရောင်ခြည်အောက်တွင် ကျွန်းသည် သတ္တဝါကြီးတစ်ကောင် ပင်လယ်ထက်၌ လဲလျောင်းနေသယောင်ရှိလေ၏။ အဝေးမှာကြည့်လျှင် ၎င်းကား လွန်စွာတင့်တယ်ခမ်းနားလေသည်။
မန်ဟိုတို့ ကျွန်းအနားရောက်လာသည့်အချိန်မှာပင် တောင်တန်းများအတွင်းထဲရှိ ထည်ဝါခံ့ညားသော နန်းတော်တစ်ဆောင်ထဲတွင် တာအိုဝတ်ရုံနှင့် အဘိုးကြီးတစ်ယောက် ထိုင်နေ၏။
သူသည် ကျောက်စိမ်းပလ္လင်အပေါ်တွင် ထိုင်နေစဉ် တန်ခိုးရှင်အသွင်အပြင်ဖြင့် သမာဓိရှိသောပုံစံ ပေါက်နေ၏။ သူ၏ဘေးတွင် အမွှေးတိုင်အိုးတစ်အိုးရှိပြီး ၎င်းဘေး၌ မိန်းမလှလေးတစ်ဦး ရပ်နေသည်။ မိန်းမလှလေးက ပျင်းရိပျင်းတွဲသမ်းရင်း လောင်ကျွမ်းနေသော အမွှေးတိုင်ကို ယပ်ခတ်နေရာ မီးခိုးငွေ့မျှင်များအား ဖြာထွက်နေစေသည်။
မူလက နန်းတော်သည် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသော်လည်း တရားထိုင်နေသော အဘိုးကြီးက ဖျတ်ခနဲ မျက်လုံးဖွင့်လိုက်သည်။ သူ့မှာ တုန်ရီနေပြီး ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်အား သူ၏မျက်ဝန်းများ၌ မြင်ရလေသည်။
"ထူးဆန်းတယ်" သူက မျက်ခွံများ တဆတ်ဆတ် လှုပ်နေလျက် ပြောသည်။ "ဘာလို့ ရုတ်တရက်ကြီး ရင်တလှပ်လှပ်ခုန်လာတာလဲ"
***