မင်းထွက်သွားသရွေ့ ဘာမဆိုရတယ်
Vol. 46 Ch. 636
ဆိပ်ကမ်းများအား ကမ်းခြေပတ်လည်တွင် တည်ဆောက်ထားကြပြီး အတော်လေး ရိုးရှင်းသယောင်ရှိသည်။ သို့သော် ပတ်ဝန်းကျင်မှာတော့ အံ့ဖွယ်ပင်။ မရေမတွက်နိုင်သော တူညီဝတ်စုံနှင့် ဂိုဏ်းသားများက လှေများကို ဟိုဟိုသည်သည် ညွှန်ကြားနေကြလေသည်။
ဤဂိုဏ်းသားများကား အသက်သိပ်မကြီးကြသည့်အပြင် အများစုတွင် စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံခြင်းအခြေခံများ ရှိကြ၏။ ရံဖန်ရံခါ ချီအခြေတည်အဆင့်ဂိုဏ်းသားများလည်း ကင်းလှည့်တတ်လေသည်။
သူတို့သည် မောက်မာထောင်လွှားသော မျက်နှာသွင်ပြင်များအား မဆင်မြန်းထားသော်လည်း သူတို့၏အရိုးထဲတွင်တော့ သူတို့ကိုယ်သူတို့ အထင်ကြီးနေကြကြောင်း သိသာသည်။ ခံစားချက်မှာ သိပ်မပြင်းထန်သော်ငြား ရှိတော့ရှိနေ၏။ သို့သော်လည်း ဧည့်သည်တိုင်း ၊ ဧည့်သည်တိုင်းကို အလွန်ဖော်ရွေစွာ ဆက်ဆံလေသည်။
ဆိပ်ကမ်း၏ဘေးဘက်ခြမ်းတွင် မြင်းရထားလုံးများအား အတန်းလိုက် စီထား၏။ ဤရထားလုံးများကို ဆွဲသည့် မြင်းများမှာ အလွန်ထူးဆန်းလေသည်။ ၎င်းတို့တွင် ခြေလေးချောင်းမဟုတ်ဘဲ ခြေခြောက်ချောင်းရှိသည်။ ချိုကြီးများကလည်း နဖူးမှ ထိုးထွက်နေ၏။ မြင်းနှင့်တူသော်လည်း ရေဘဝဲလက်တံသဖွယ် အမျှင်များဖြင့်လည်း ဖုံးလွှမ်းနေသေးသည်။
ဤသည်မှာ ထိန်းကျောင်းရလွယ်သော နဂါးငွေ့တန်းပင်လယ်နေ ဆန်းကြယ်သားရဲတစ်ကောင်ဖြစ်၏။ ၎င်းတို့ကို နတ်မြင်းဟုခေါ်လေသည်။
ခပ်လှမ်းလှမ်းတွင် မိုးထိုးနေသော စေတီသုံးဆူကို မြင်နိုင်သည်။ ၎င်းတို့အတွင်း၌ မီးအလင်းရောင်တို့ တဖျပ်ဖျပ် လှုပ်ရှားနေရာ ပင်လယ်မှပင် လှမ်းမြင်ရလေသည်။
မန်ဟိုက စေတီသုံးဆူကို ကြည့်လိုက်စဉ် အထဲ၌ တင်ပျဉ်ခွေထိုင်နေသော ကျင့်ကြံသူတစ်ယောက်စီရှိနေကြောင်း သတိထားမိလိုက်သည်။ အကုန်လုံး သက်လတ်ပိုင်းအရွယ်ဖြစ်ကြသည်။ တစ်ယောက်တွင် အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့် ကျင့်ကြံခြင်းအခြေခံရှိပြီး ကျန်နှစ်ယောက်တွင် အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံရှိလေသည်။
သိသာစွာပင် သူတို့သည် စည်းမဲ့ကမ်းမဲ့ ဆူညံမှုများ မဖြစ်ပွားအောင် ကာကွယ်ရန်နှင့် ပတ်ဝန်းကျင်အား စောင့်ကြပ်ရန် ဤနေရာတွင် ရှိနေကြခြင်းဖြစ်၏။
ဆိပ်ကမ်းတစ်ခုလုံးနှင့် ကမ်းခြေသည် သူတော်စင်ကျွန်း၏ ဝင်ပေါက်နှင့်ထွက်ပေါက်ဟူ၍ သတ်မှတ်နိုင်ပေသည်။ အရာအားလုံးက စနစ်တကျသွားနေသော်လည်း လူပေါင်းများစွာ ရှုပ်ယှက်ခတ် ပြည့်ကြပ်နှက်နေ၏။ ထို့ကြောင့် ညနေစောင်းနေပြီဖြစ်သည့်တိုင် စကားပြောသံများ၊ လှုပ်ရှားသံများ ဆူညံပွက်လောရိုက်နေသေးလေသည်။
သူတို့ ကမ်းကပ်လိုက်သည့်အချိန်မှာပင် အနည်းဆုံး သင်္ဘောဆယ်စင်းကျော် ရောက်ရှိနေကြပြီး ဆိပ်ကမ်းပေါ်ရှိ ဒေသခံများအား မေးမြန်း၍ နေရာအသီးသီးသို့ ဦးတည်သွားကြသည်ကို မြင်လိုက်ရသည်။
တကယ်တမ်း အပြင်လူများအား ခရီးဦးကြိုဆိုရန်အတွက် ကမ်းကပ်လာသော သင်္ဘောများဆီသို့ ဘယ်သူမှ ချဉ်းကပ်မလာကြပေ။ ဤသည်မှာ သူတော်စင်ကျွန်းဖြစ်ပြီး နှောင်ဖွဲ့ကင်းဂိုဏ်းမှာ ပတ်ဝန်းကျင်ရှိ ဂိုဏ်းများအထဲ အကြီးဆုံးဂိုဏ်းကြီးမဟုတ်ပါလော။ ဂုဏ်သတင်း ကျော်ဇောသော ဧရာမအဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည်နှင့်အားလျော်စွာ ပြင်ပပင်လယ်မှ ဂိုဏ်းအသေးအမွှားများအား ကိုယ်တိုင်ကိုယ်ကျကြိုဆိုရန် ဂိုဏ်းသားစေလွှတ်မည်မဟုတ်ပေ။
မှန်ပါသည်၊ ကျန်းမျိုးနွယ်စုလည်း ခြွင်းချက်ဟုတ်ပေ။ နှောင်ဖွဲ့ကင်းဂိုဏ်း ဂိုဏ်းသားအသစ်များ စုဆောင်းနေသော ကာလအတောအတွင်း ပြင်ပပင်လယ်မှ ဂိုဏ်းပေါင်းများစွာ ရောက်လာကြမည်ဖြစ်သည်။ ယခုပင် ဆိပ်ကမ်း၌ ကပ်ထားသော လှေအရေအတွက်မှာ ရာနှင့်ချီနေလေပြီ။ ထို့အပြင် ကျွန်း၏ အခြမ်းတစ်ခြမ်းတည်းသာ ဖြစ်သေးသည်။ ကျန်အခြမ်းများရှိ ဆိပ်ကမ်းများကိုလည်း ထည့်တွက်လျှင် လှေအရေအတွက်ကား ထောင်ချီသွားပေလိမ့်မည်။
နှောင်ဖွဲ့ကင်းဂိုဏ်းသို့ ဝင်ရောက်ရန် လာရောက်ကြသူများအပြင် ကုန်ရောင်းကုန်ဝယ်ရန် ရောက်လာကြသူများရှိသည်။ သူတော်စင်ကျွန်းသည် အချက်အချာကျနေရာတစ်နေရာဖြစ်၍ ထိုနေရာရှိ ကျင့်ကြံသူမြို့တော်များမှာ အတိုင်းထက်အလွန် နာမည်ကြီးလေ၏။
အမှန်တကယ်ဆိုရလျှင် သူတော်စင်ကျွန်းတွင်သာ အပြည့်အဝရနိုင်သော ကျင့်ကြံခြင်းအရင်းအမြစ်တချို့ ပင် ရှိလေသည်။
ယခုအချိန်တွင် မိုးကောင်းကင်သည် ညမင်းသားခြုံထည်အောက်တွင် တိမ်မြုပ်ကွယ်ပြီး ပင်လယ်ပြင်၏ လေပြေညင်းလေးသည် ဆားနံ့နှင့် ပင်လယ်ရနံ့တို့ကို သယ်ဆောင်ရင်း သူတို့၏ မျက်နှာများကို တိုးဝှေ့ကျီစယ်သွား၏။ မန်ဟိုသည် ကုန်းပတ်အပေါ်တွင် ရပ်၍ အဝေးရှိ သူတော်စင်ကျွန်းတောင်တန်းများဖြစ်သော အရိပ်များကို ကြည့်ရင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ကျန်းဝမ်ဖန်း၏ ခေါင်းဆောင်မှုအောက်တွင် ကျန်းမျိုးနွယ်များမှ ကုန်းပေါ်တက်ရန် ပြင်နေကြ၏။ ကလေးတစ်သိုက်မှာတော့ ကြောက်လန့်နေကြသလို သိချင်စိတ်များဖြင့် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်နေကြသည်။ သူတို့၏မျက်ဝန်းလေးများထဲတွင် မျှော်လင့်ချက်များကိုလည်း မြင်ရနိုင်၏။
နန်အာက အမေဖြစ်သူ၏ လက်ကို ကျစ်ကျစ်ဆုပ်ရင်း ဘေးဘီဝဲယာကို ကြည့်နေသည်။ သူ့မှာ အတန်ငယ် ကြောက်လန့်နေသယောင်ပင်။
ကျန်းမျိုးနွယ် ချီအခြေတည်အဆင့်ကျင့်ကြံသူများ ဆိပ်ကမ်းပေါ်ရှိ တာဝန်ကျနှောင်ဖွဲ့ကင်းဂိုဏ်းသားများနှင့် နှုတ်ဆက်ပြောဆိုနေကြစဉ် ကျန်းဝမ်ဖန်းက မန်ဟို့ဘက်လှည့်ပြီး ယဉ်ယဉ်ကျေးကျေး အရိုအသေပေးလိုက်သည်။ သူမက တိုးညင်းသော အသံလေးဖြင့် လေးလေးစားစား ပြောသည်။ "စီနီယာရှင့်၊ ဒါက သူတော်စင်ကျွန်းပါ။ အမြုတေဖြစ်တည်မှုအဆင့်အောက် ဘယ်သူ့ကိုမဆို ဒီနေရာမှာ ပျံသန်းခွင့် ပိတ်ပင်ထားပါတယ်။ ဒါကြောင့် ကျွန်မတို့ မြင်းရထားလုံးတွေနဲ့ ခရီးဆက်ရပါလိမ့်မယ်...."
မန်ဟိုက ခေါင်းညိတ်လိုက်သည်။ ကျန်းမျိုးနွယ်များအတွက် နှောင်ဖွဲ့ကင်းဂိုဏ်းသားများနှင့် စကားလက်စသတ်ရန် သိပ်မကြာလိုက်ပေ။ နှောင်ဖွဲ့ကင်းဂိုဏ်းသားများက သူတို့ကို မြင်းရထားလုံးသုံးလုံးဆီသို့ ဦးဆောင်ခေါ်သွားပေး၏။
ဤသည်မှာ နန်အာအပါအဝင် ကလေးများအတွက် နတ်မြင်းများကို ပထမဆုံး မြင်ဖူးကြခြင်းဖြစ်သည်။ သူတို့က မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ကြည့်နေကြပြီး အနားကပ်သွားချင်သော်လည်း ကြောက်လည်း ကြောက်နေကြ၏။ မန်ဟိုလည်း ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ မစိုက်ကြည့်မိဘဲ မနေနိုင်ပေ။
ဤအခိုက်အတန့်တွင် ယခုမှ ရောက်ရှိလာသော သင်္ဘောတစ်စင်း၏ကုန်းပတ်အပေါ်မှ ကျင့်ကြံသူတချို့ လမ်းလျှောက်ဆင်းလာကြသည်။ သူတို့သည် တောက်တောက်ပြောင်ပြောင်အဝတ်များ ဝတ်ဆင်ထားပြီး အသက်သုံးဆယ်အရွယ် ယောက်ျားတစ်ယောက်က ဦးဆောင်ထွက်လာ၏။ သူ၏အသွင်အပြင်မှာ တမူထူးခြားပြီး ချီအခြေတည်ခြင်း မဟာစက်ဝန်းအဆင့် ဖြစ်သည်။ သူ့နောက်မှ ချီအခြေတည်အဆင့်ကျင့်ကြံသူ လေးငါးယောက် လိုက်လာပြီး ထိုသူတို့၏အနောက်တွင် တစ်ဖန် ကလေးခုနစ်ယောက်၊ ရှစ်ယောက်ပါလာသည်။ တစ်ဖွဲ့လုံးက မန်ဟို့ကို သာမန်ကာလျှံကာ လှမ်းကြည့်ပြီး ချဉ်းကပ်လာကြ၏။
ရှေ့ဆုံးမှ အသက်သုံးဆယ်အရွယ်လူက ရုတ်တရက် 'ဟင်' ဟူ၍ ရေရွတ်လိုက်သည်။ သူက တုံ့ခနဲ ရပ်ပြီး ကျန်းဝမ်ဖန်းကို ကြည့်လိုက်သည်။ သူမလည်း သူ့ကို မြင်သွားပြီး မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွား၏။
"ဝမ် ဖန်း" ထိုလူက သူမကို မှတ်မိသွားသဖြင့် တစ်လုံးချင်း ဆိုသည်။
သူမက ခံစားချက်များ ရှုပ်ထွေးနေသော မျက်နှာထားလေးဖြင့် နှုတ်ခမ်းလေးကို ဖိကိုက်ရင်း လက်နှစ်ဖက်ယှက်၍ သူ့ကို အရိုအသေပေးလိုက်သည်။
"အစ်ကိုတော်"
သူမစကားကို ကြားသော် ကျန်းမျိုးနွယ်ဝင်များ၏မျက်နှာအမူအရာလည်း ရိပ်ခနဲ ဖြစ်သွား၏။ အသက်သုံးဆယ်အရွယ်လူ၏အနောက်ရှိ လူများလည်း လှမ်းကြည့်ရင်း တူညီသောအရာကို တွေးနေကြပုံပေါ်သည်။
အသက်သုံးဆယ်အရွယ်လူက ဓားသွားတမျှ စူးရှသောအကြည့်ဖြင့် ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေသည်။ ကျန်းဝမ်ဖန်း၏လက်ကို ဆွဲလျက် ရပ်နေသော နန်အာကို မြင်သောအခါ သူက မျက်မှောင်ကြုတ်လိုက်၏။
ကျန်းဝမ်ဖန်းက နှုတ်ခမ်းကိုက်ပြီး နောက်ဆုံးတွင် ခေါင်းကလေးငုံ့ကာ သူမသားလေးကို ပြောလိုက်သည်။ "နန်အာ ဒါ သားရဲ့ ဦးလေးပဲ"
"ဦးလေး မင်္ဂလာပါခင်ဗျ" နန်အာက ခပ်ပြတ်ပြတ် အသံလေးနှင့် နှုတ်ဆက်လိုက်သည်။ သူ၏မျက်နှာအပေါ်တွင် ကြောက်လန့်နေသော အရိပ်အယောင်အား မြင်နိုင်လေသည်။
အသက်သုံးဆယ်အရွယ်လူက အေးစက်စက် နှာမှုတ်လိုက်သည်။
"ဝမ်ဖန်း" သူက ရိုင်းပျသော အသံနေအသံထားဖြင့် အေးတိအေးစက် ပြောသည်။ "အဖေနဲ့အမေက လွန်ခဲ့တဲ့နှစ်တွေတုန်းက ဖြစ်ခဲ့တာ ပတ်သက်ပြီး စိတ်ဆိုးနေသေးတယ်။ နင့်မှာ နှလုံးသားရှိရင် အိမ်ပြန်လာပြီး သူတို့ပြောတာ နားထောင်။ ဒီအပြင်လူတွေကြားမှာ ကိုယ့်ကိုယ်ကို အရူးဆက်မလုပ်နဲ့တော့
"ဒီကလေးကတော့ ... ငါ့ကို ဦးလေးလို့ မခေါ်ခိုင်းနဲ့။ နှောင်ဖွဲ့ကင်းဂိုဏ်းထဲ ထည့်မလို့ သူ့ကို တကယ်ပဲ ခေါ်လာတာလား ဟမ်။ နင်ဆိုတောလေ ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကို အထင်ကြီးပြီး အခုလည်း နင့်သားနင် ဒီလိုလုပ်နေပြန်ပြီ။ စိတ်ပျက်စရာကောင်းလိုက်တာ" သူ့အနောက်ရှိ လူများက မခိုးမခန့် ရယ်လိုက်ကြသည်။ အထူးသဖြင့် အထင်သေးသလို ကြည့်နေသော ကလေးအုပ်စုပင်။
နန်အာမှာ တုန်နေပြီး ပို၍ပင် ကြောက်လာသည်။ ကျန်းဝမ်ဖန်းက ရုတ်တရက် သူမ၏အစ်ကိုကို စိန်းစိန်းဝါးဝါး လှမ်းကြည့်လိုက်သည်။ သူမက အသက်ပြင်းပြင်း ရှူရင်း ပြောသည်။ "ငါ အဲ့ဒီနှစ်ထဲက နင်တို့တွေနဲ့ သံယောဇဉ်ဖြတ်ခဲ့ပြီးပြီ"
"ရှု ဝမ် ဖန်း" အသက်သုံးဆယ်အရွယ်လူက မျက်လုံးကြီးပြူး၍ ဟိန်းဟောက်လိုက်၏။
"ရှု ဝမ် ဒဲ့ ။ ငါက ကျန်းမျိုးနွယ်စုရဲ့ ခေါင်းဆောင် ကျန်းဝမ်ဖန်း" သူမက အေးတိအေးစက် ပြန်ပြောသည်။ "နင်က ငါနဲ့စကားပြောဖို့တောင် ဘောင်မဝင်ဘူး" ထို့နောက် သူမသည် သားဖြစ်သူ၏လက်ကို ဆွဲလျက် မြင်းရထားတစ်လုံးထဲသို့ ဝင်လိုက်သည်။
ကျန်းမျိုးနွယ်များလည်း ရှုမျိုးနွယ်များကို ရန်လိုစွာ စိုက်ကြည့်ပြီးနောက် မြင်းရထားများထဲ ဝင်လိုက်ကြ၏။ မန်ဟိုကမူ တစ်ချိန်လုံး မျက်နှာအမူအရာ ပြောင်းလဲမသွားသည့်အပြင် စကားတစ်ခွန်းမှ မဆိုပေ။ အမှန်တွင် သူကား ရထားတစ်လုံး၏ ရှေ့ခုံတွင် ထိုင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
မည်သူမှ သူ့ကို တခြားနေရာတွင် ထိုင်ရန် မပြောရဲပေ။ ရထားများ တအိအိ ရွေ့လျားသွားကြစဉ် သူတို့အားလုံးက ခေါင်းများငုံ့လျက် တိတ်ဆိတ်နေကြ၏။
"အပျက်မ" ကျန်းဝမ်ဒဲ့က ရထားထဲရှိ ကျန်းမျိုးနွယ်များကြားလောက်အောင် အေးတိအေးစက် ပြောသည်။ "ငါက နင့်ကို မျက်နှာပြန်ရအောင် ကမ်းလှမ်းတာကို နင်က ငြင်းတယ်ပေါ့လေ။ ငါတို့မျိုးနွယ်စုက နင့်ကြောင့် အရှက်ကွဲခဲ့ရတာ။ ဒါတောင် မျိုးမစစ်သားကို နှောင်ဖွဲ့ကင်းဂိုဏ်းထဲထည့်ဖို့ ခေါ်လာရဲတယ်ပေါ့
"နင်က နင့်ရဲ့ကျန်းမျိုးနွယ်မျိုးမစစ်သားကိုအရှက်ကွဲစေချင်မှတော့ အဲ့ဒီကောင် ဘယ်အထိ ပြိုင်နိုင်မလဲ ကြည့်ရသေးတာပေါ့"
ကျန်းမျိုးနွယ်များမှာ လက်သီးဆုပ်ထားကြပြီး ကျန်းဝမ်ဖန်းမှာတော့ နန်အာကို ဖက်ကာ မျက်နှာလေးးဖြူဖပ်ဖြူလျော်နှင့် ရထားထဲတွင် ထိုင်နေသည်။ သူမ မည်သို့အရာကို တွေးနေသည်လဲ ပြောရခက်သော်လည်း မျက်ရည်များကဝောာ့ ပါးပြင်တစ်လျှောက် စီးကျလျက်ရှိ၏။
"မငိုပါနဲ့ အမေရယ်" နန်အာက လက်သေးသေးဖြင့် အမေဖြစ်သူ၏မျက်ရည်များကို သုတ်ပေးရင်း ပြောသည်။ "သား သေချာပေါက် နှောင်ဖွဲ့ကင်းဂိုဏ်းကို ဝင်ရအောင် လုပ်မှာပါ" သူက ညင်သာသောအသံလေးဖြင့် ကတိပေးလေသည်။
မန်ဟိုက ရထား၏ ရှေ့ခုံတွင် ထိုင်နေ၏။ ကောင်းမွန်စွာ ထိန်းသိမ်းထားသော လမ်းတစ်လျှောက် နတ်မြင်းများ အသော့နှင်နေစဉ် သူသည် ခေါင်းအထက်ရှိ ကြယ်များကို မော့ကြည့်လိုက်၏။ ရထားလုံးအတွင်းမှ နန်အာ ပြောလိုက်သည့်စကားကိုလည်း သူကြားလိုက်ရသည်။
"ဘယ်လောက်လိမ္မာတဲ့ ကလေးလဲ" သူက ခေါင်းကို ခါရမ်းရင်း ရေရွတ်လိုက်၏။ သူ၏အတွေ့အကြုံများအပေါ် အခြေခံ၍ ကျန်းမျိုးနွယ်စု၏အခြေအနေကို အလွယ်တကူ နားလည်နိုင်လေသည်။ မိဘသဘောမတူဘဲ လက်ထပ်ခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ ဆုံးပါးသွားခဲ့ကြောင်း သိသာသည်။ မျိုးနွယ်စု၏အခြေအနေ စတင်ယိုယွင်းလာသည့်အခါ ဇနီးသည်အနေဖြင့် ခင်ပွန်းဖြစ်သူ၏နေရာသို့ ဝင်ရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
နတ်မြင်းများသည် ညအမှောင်ထုကို ခွင်း၍ တရိပ်ရိပ် သွားနေသည်။ နောက်တစ်နေ့ မိုးသောက်ချိန်တွင် မြို့တစ်မြို့ပေါ်လာ၏။ အဝေးမှပင်လျှင် ၎င်းသည် ကြီးကျယ်ခမ်းနားသည့်အသွင်ဆောင်နေသည်။ ဝေလီဝေလင်းသာဖြစ်သည့်တိုင် မြို့မှာ ဆီပွက်ပွက်ဆူနေသော ဒယ်အိုးပမာ စည်းကားနေဆဲပင်။ လူများသည် ထိုမှဤသို့ ခေါက်တုံ့ခေါက်ပြန် သွားလာနေကြပြီး စကားသံများ ဆူညံလျက်ရှိ၏ ။
လေပေါ်တွင် ဟိုဟိုသည်သည် ပျံသန်းနေသော ရောင်စုံအလင်းတန်းများအား ရံဖန်ရံခါ ပျံသန်းနေသည်။ ထိုလူများကား အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများ ဖြစ်လိမ့်မည်။
မန်ဟိုက အရာအားလုံးကို ကြည့်ရှုနေပြီး ရုတ်တရက် ဤနှောင်ဖွဲ့ကင်းဂိုဏ်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုက တမူထူးခြားနေကြောင်း ခံစားလိုက်ရသည်။ မည်သည့်အရာမှန်း မသေချာသော်လည်း သူတော်စင်ကျွန်းနှင့်ပတ်သက်၍ တစ်စုံတစ်ခုက သူနှင့်အလွန်ရင်းနှီးနေလေသည်။
အနီးကပ် စစ်ဆေးကြည့်လျှင် ဤနေရာတစ်နေရာကိုမှ မမြင်ဖူးကြောင်း သေချာသော်လည်း အလွန်အမင်းရင်းနှီးနေသလို ခံစားနေရ၏။ သို့သော် မည်မျှတွေးတွေး ၊ ရင်းနှီးနေရသည့်အကြောင်းရင်းကို သူ,ရှာမတွေ့ပေ။ သူတို့သည် အရှေ့ဂိတ်ပေါက်မှ ဖြတ်လာခဲ့ပြီးနောက် တည်းခိုအိမ်သို့ ရောက်သွားကြသည်။ ကျန်းဝမ်ဖန်းက မန်ဟို့ကို သားသားနားနား အခန်းတစ်ခန်းသို့ လေးလေးစားစား လိုက်ပါပို့ဆောင်ပေးပြီး ကျန်ရှိသူများအတွက် အခန်းများပြင်ဆင်ရန် စီစဉ်လိုက်သည်။
သူမသည် မန်ဟို မည်သည့်အရာတွေးနေသည်လဲ မသေချာသည့်အပြင် သူတို့ကို လိုက်ပါပို့ဆောင်ပေးမည်လားလည်း မသိပေ။ သူမက ထွက်မသွားခင် ပြောသင့်မပြောသင့် စဉ်းစားနေပြီးနောက် ခေါင်းငုံ့ကာ မေးသည်။ "စီနီယာရှင့်၊ နှောင်ဖွဲ့ကင်းဂိုဏ်းရဲ့ ဂိုဏ်းသားသစ်ခေါ်ယူပွဲစဖို့ ဆယ်ရက်ကျန်ပါသေးတယ်..."
မန်ဟိုက ခေါင်းညိတ်လိုက်သော်လည်း ဘာမှမပြောပေ။ ကျန်းဝမ်ဖန်းက ရိုရိုသေသေ ပြန်ထွက်သွားသည်။
လက်ရှိအချိန်သည် မိုးသောက်ချိန်ဖြစ်၏။ မန်ဟိုက ပြတင်းပေါက်ကို ဖွင့်ပြီး အောက်ရှိ လမ်းပေါ်တွင် လျှောက်နေသူများကို လှမ်းကြည့်လိုက်သည်။ ကျင့်ကြံသူများနှင့်အတူ လူသားများလည်း ရောနှောနေ၏။ ထွက်ပြူလာနေသော နေရောင်ခြည်တို့က လင်းရောင်ဆောင်ကြည်းပေးနေသည်။
သူက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများ ပိတ်လိုက်သည်။ ပျားပန်းခတ်မျှ စည်ကားနေသော မြို့ထံမှ အသံဗလံတို့က သူ့ကို ဝန်းရံနေ၏။
"ဘာကြောင့် ဒီနေရာက ဒီလောက်ရင်းနှီးနေရတာလဲ" သူက နောက်တစ်ခေါက် ထပ်တွေးလိုက်သည်။
မန်ဟိုလက်ရှိကျင့်ကြံခြင်းအခြေခံမှာ ပထမခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများအား တိုက်ခိုက်နိုင်သည့်အထိ အစွမ်းထက်သည့်တိုင် သူ၏ခြေထောက်အောက်တွင် သတိရှိရှိ လှုပ်ရှားနေသော နတ်ဘုရားအာရုံကို သတိမထားမိသေးပေ။
နတ်ဘုရားအာရုံ၏ပိုင်ရှင်ကတော့ မှန်ပါသည်၊ နန်းတော်ထဲတွင် ရင်တုန်ပန်းတုန်ဖြင့် ထိုင်နေသော မှီခိုရာဂိုဏ်းချုပ်ပင်။
"ငါ့-ိုးမ ခွေးသူတောင်းစားလေး ဒီရောက်နေပြီ။ နှောင်ဖွဲ့ကင်းဂိုဏ်းထဲ ဝင်ချင်တဲ့သူတွေကို လိုက်ပို့ပေးတာကိုး" မှီခိုရာဂိုဏ်းချုပ်မှာ မယုံနိုင်လောက်အောင် စိတ်ဓာတ်ကျနေတော့သည်။ ဤသို့ ဖြစ်မည်ကိုသာ သူ ကြိုသိခဲ့လျှင် နှောင်ဖွဲ့ကင်းဂိုဏ်း၏ ဂိုဏ်းသားအသစ်ခေါ်ယူမှုကို ဖျက်သိမ်းလိုက်မည်ဖြစ်၏။
ထိုသို့ဆိုလျှင် မန်ဟို မလာအောင် တားခဲ့နိုင်ဦးမည်။
"ဒီတိုင်းထားလို့မဖြစ်ဘူး။ သူ ဒီနေရာမှာ ရှိနေသရွေ့ ငါ ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ဘူး.... ငါ့-ီးတဲ့မှ လူသစ်စုဆောင်းပွဲစဖို့ကလည်း ဆယ်ရက်ကျန်သေးတယ်။ မဖြစ်သေးဘူး မဖြစ်သေးဘူး။ မနက်ဖြန်စမယ် ... ငါ့-ီးတဲ့မှ မနက်ဖြန်စမယ်ကွာ" ထိုသို့ပြောရင်း သူက လက်တစ်ဖက်မြှောက်လိုက်ရာ ကျောက်စိမ်းပြားတစ်ပြား ပေါ်လာသည်။ ချက်ချင်းပင် ၎င်း၏မျက်နှာပြင်အပေါ်၌ မီးတောက်များ တောက်လောင်လာပြီး ၎င်းက လေပေါ် ပျံတက်သွား၏။
၎င်းသည် နှောင်ဖွဲ့ကင်းဂိုဏ်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွားလေပြီ။
နှောင်ဖွဲ့ကင်းဂိုဏ်းသည် သူတော်စင်ကျွန်း၏ အရှေ့ပိုင်းဒေသတွင် တည်ရှိသည်။ ထိုနေရာတွင် ဗဟိုတူစက်ဝိုင်းများသဖွယ် ဖြာထွက်နေသော ချိုင့်ဝှမ်းကိုးခုကို မြင်ရပေမည်။ ၎င်းတို့မှာ လျှို့ဝှက်ဆန်းကြယ်ပုံရသော်လည်း ထူးလည်းထူးဆန်းနေ၏။ ချိုင့်ဝှမ်းကိုးခုအတွင်းတွင် ခမ်းခမ်းနားနား တန်ဆာဆင်ထားသည့် နန်းဆောင်များ မရေမတွက်နိုင်အောင် ရှိလေသည်။ အရာအားလုံးသည် ခံညားထည်ဝါနေ၏။။
ကျောက်စိမ်းပြားက ချက်ချင်း ကိုးခုမြောက်ချိုင့်ဝှမ်းနှင့် ထိုနေရာရှိ ဘုရားကျောင်းကြီးတစ်ကျောင်းသို့ ဝင်ရောက်သွားသည်။ ၎င်းသည် တင်ပျဉ်ခွေထိုင်လျက် အရှေ့တွင် ထိုင်သောလူတစ်စုကို ဆိုဆုံးမနေသော အဘိုးအိုတစ်ဦးအရှေ့တွင် ရပ်သွား၏။
အဘိုးကြီးမှာ ကျောက်စိမ်းပြားကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူက ကျောက်စိမ်းပြားကို ကပျာကယာ လက်ခံပြီးနောက် မြေကြီးအပေါ် ဝပ်တွားကာ ၎င်းအား သူ၏ခေါင်းအပေါ် မြှောက်လိုက်သည်။ ချက်ချင်းပင် မှီခိုရာဂိုဏ်းချုပ်၏အသံအား ကြားလိုက်ရ၏။
"ဂိုဏ်းသားအသစ် လက်ခံခြင်း အခုချက်ချင်း စတင်စေ"
စကားလုံးလေးလုံးသာ ဖြစ်သော်လည်း ၎င်း နှောင်ဖွဲ့ကင်းဂိုဏ်းနှင့် ကျန်ချိုင့်ဝှမ်းများတစ်လျှောက်လုံး ပဲ့တင်ထပ်သွားစဉ် ကိုးခုမြောက်ချိုင့်ဝှမ်း၏ ပင်မဘုရားကျောင်းတွင် စုဝေးရန် ရောင်စုံအလင်းတန်းများ ရောက်ရှိလာကြသည်။
ဤလူများသည် ကျန်ချိုင့်ဝှမ်းများမှ အမျိုးမျိုးသော အရန်ဂိုဏ်းခွဲများ၏ ဂိုဏ်းခေါင်းဆောင်များ ဖြစ်လေသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံများမှာ ပြောင်မြောက်ကြပြီး တချို့က မန်ဟိုနှင့် အချင်းများခဲ့ဖူးသူများ ဖြစ်ကြသည်။
အချိန်အနည်းငယ်ကြာသော် နှောင်ဖွဲ့ကင်းဂိုဏ်းတစ်ဂိုဏ်းလုံး ခေါင်းလောင်းသံများ ဆူညံလာသည်။ နှောင်ဖွဲ့ကင်းဂိုဏ်းသားများ အရပ်မျက်နှာအနှံ့မှ ပျံထွက်လာကြသည်။ ဧည့်သည်မျိုးနွယ်စုများအား ဂိုဏ်းသားအသစ်လက်ခံခြင်း စတင်ပြီဖြစ်ကြောင်း အကြောင်းကြားဖို့ အချိန်ရောက်ရှိလာလေပြီ။
***