ကျန်းမျိုးနွယ်စု ဒီကို ရောက်နေတာလား
Vol. 46 Ch. 637
မန်ဟိုမှာ အံ့ဩမှင်သက်သွားလေသည်။ သူတစ်ယောက်သာမဟုတ်။ ကျန်းမျိုးနွယ်စုလည်း အံ့အားသင့်သွားသည်။ အမှန်တွင် နှောင်ဖွဲ့ကင်းဂိုဏ်းသို့ ဝင်ရောက်ရန် မျှော်လင့်ချက်များဖြင့် သူတော်စင်ကျွန်းသို့ ရောက်လာခဲ့သူတိုင်း ကြက်သေသေကုန်ကြလေသည်။
ဂိုဏ်းသားအသစ်လက်ခံမည့်နေ့က ဆက်ရက်တိတိ လိုသေးသော်လည်း ရုတ်တရက် ရက်က ရှေ့တိုးလာလေပြီ။ တော်တော်များများမှာ မယုံကြည်နိုင်ဖွယ် တစ်စုံတစ်ခု ဖြစ်ပွားတော့မည်အလား စိတ်လှုပ်ရှားပြီး နိုးနိုးကြားကြား ဖြစ်လာကြသည်။
ဂိုဏ်းသားအသစ်လက်ခံခြင်းကဲ့သို့ အလွန်ကြီးမားသော ပွဲကြီးတစ်ပွဲမှာ ကလေးကစားစရာမဟုတ်ပေ။ သို့ဖြစ်၍ ရက်ရှေ့တိုးလာလျှင်တောင်မှ မနက်ဖြန်ထက် မစောသင့်ပေ။ ယနေ့ချက်ချင်း စတင်သောဖြစ်ရပ်မျိုး .... တစ်ခါမှ မဖြစ်ခဲ့ဖူးသည်ကား အမှန်ပင်။
အချိန်မှာလည်း နေမွန်းတည့်နေပြီမဟုတ်ပါလော...
အရေးအကြီးဆုံးမှာ ပင်လယ်မှ အလောတကြီး လာနေကြသူများ ရှိနေသေးခြင်းဖြစ်သည်။
ထင်မြင်ချက်များ၊ စုံစမ်းမှုများမှာတော့ မျိုးစုံပင်။ နှောင်ဖွဲ့ကင်းဂိုဏ်းသားများပင်လျှင် မကျေမနပ် ပြောဆိုနေကြသည်။ သူတို့လည်း မည်သည့်အရေးကြီးကိစ္စ ဖြစ်ပွားနေသည်လဲ မသိကြပေ။ ဂိုဏ်းမှ အမိန့်များအရ ဆောင်ရွက်နေကြခြင်းသာ ဖြစ်၏။
သို့နှင့် နှောင်ဖွဲ့ကင်းဂိုဏ်းက ဂိုဏ်းသားအမြောက်အမြား စေလွှတ်ပြီး ဂိုဏ်းသို့ ဝင်ရောက်လိုသူများကို စုဝေး၍ နှောင်ဖွဲ့ကင်းဂိုဏ်း၏ပင်မဂိတ်ပေါက်သို့ ခေါ်ဆောင်လာစေသည်။
ကျန်းမျိုးနွယ်စု တည်းခိုအိမ်မှ မထွက်ခင် ကျန်းဝမ်ဖန်းက တွန့်ဆုတ်နေပြီးနောက် မန်ဟိုကို သူမနှင့်အတူ လိုက်လာရန် ဖိတ်ခေါ်လေသည်။ မန်ဟိုက ဒွိဟဖြစ်နေသော်လည်း နန်အာ၏ မျှော်လင့်နေသော မျက်နှာလေးကို မြင်သော် မငြင်းနိုင်တော့ပေ။ သို့နှင့် သူသည် ကျန်းမျိုးနွယ်စုနှင့်အတူ နှောင်ဖွဲ့ကင်းဂိုဏ်းသို့ နေရာရွှေ့ပြောင်းရန် လိုက်ပါသွား၏။
သူတို့ ပင်မဂိတ်ပေါက်သို့ ရောက်သောအခါ ဆူဆူညံညံအသံများအား ကြားလိုက်ရသည်။ လူတစ်ထောင်ကျော် မြင်ရသော်လည်း တကယ်တမ်း သုံးရာခန့်သာ နှောင်ဖွဲ့ကင်းဂိုဏ်းသို့ ဝင်ရောက်ကြမည်ဖြစ်သည်။ ကျန်ရှိသူများက လိုက်ပါပို့ဆောင်ပေးသူများသာ ဖြစ်၏။
လူအုပ်ကြားထဲတွင် ရှုမျိုးနွယ်စုသည် ကျန်းမျိုးနွယ်စုကို လှမ်းမြင်လိုက်သည်နှင့် အထင်သေးသလို ရွဲ့ရယ်ကြ၏။
ကျန်းမျိုးနွယ်စုမှာ အတော်လေး နောက်ကျမှ ရောက်လာခဲ့ရာ အတန်းရှည်ကြီး၏နောက်ဆုံးတွင် ရပ်ကြရလေသည်။ နှောင်ဖွဲ့ကင်းဂိုဏ်း၏ ဂိုဏ်းသားအသစ်လက်ခံခြင်းတွင် နတ်မီးလျှံစမ်းသပ်ပွဲသုံးပွဲရှိပြီး တစ်ပွဲလျှင် သုံးယောက်စီယှဉ်ပြိုင်ရမည် ဖြစ်သည်။
မှန်ပါသည်၊ မျိုးနွယ်စုအသီးသီးမှ အဖွဲ့ဝင်များအပြင် နှောင်ဖွဲ့ကင်းဂိုဏ်းသားများလည်း အမိန့်အတိုင်း ဆောင်ရွက်ရန် ရှိကြနေသည်။ သူတို့သည် အလွန်ဖော်ဖော်ရွေရွေ ပြုမူနေကြသော်လည်း သူတို့၏အရိုးထဲ၌ ဖြစ်တည်နေသော မာနကို ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။
လူများမှာ တစ်ယောက်နှင့်တစ်ယောက် ပြောနေကြ၏။
"နတ်မီးလျှံစမ်းသပ်ပွဲသုံးပွဲ။ ပထမပွဲက စိတ်စွမ်းအားကို စမ်းသပ်တယ်၊ ဒုတိယပွဲက ပင်ကိုယ်ပါရမီကို စမ်းသပ်တယ် ၊ တတိယပွဲက အသိအမြင်ကို စမ်းသပ်တယ်။ ပွဲတိုင်းမှာ အဆင့်(၁) ၊ (၂) ၊ (၃) နဲ့ (၄)အမှတ် ဆိုပြီး ရလိမ့်မယ်.... အဆင့်(၁)အမှတ်သုံးကြိမ်ရတဲ့ ဘယ်သူမဆို ရွေးချယ်ခံဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်တယ်"
"အမှန်ပဲ။ ဒီနှစ်တွေတစ်လျှောက်လုံး အဆင့်(၁)အမှတ် သုံးကြိမ်ရတဲ့သူဆိုပြီး မကြားဖူးဘူးထင်တာပဲ။ အလွန်ဆုံးမှ အဆင့်(၁)အမှတ် နှစ်ကြိမ်ပဲ ရဖူးကြတာ"
"ဒါ့အပြင် နှောင်ဖွဲ့ကင်းဂိုဏ်းက ဂိုဏ်းသားအသစ်လက်ခံတဲ့နေရာမှာ တော်တော့်ကို စည်းကမ်းတင်းကြပ်တယ်။ အနည်းဆုံး အဆင့်(၃)အမှတ်တွေချည်းပဲ ရမှ ဂိုဏ်းထဲ ဝင်ရောက်နိုင်မှာ။ အဆင့်(၄)အမှတ်ပါလာလို့ကတော့ ထုတ်ခံရပြီပဲ"
ရှည်လျားသော အတန်းကြီး၏အဆုံးတွင် မန်ဟိုသည် စကားသံများကို နားထောင်ရင်း သမ်းဝေနေ၏။ သူ၏တွက်ချက်မှုများအရ ကျန်းမျိုးနွယ်စုအတွက် ရှေ့ဆုံးရောက်ရန် အနည်းဆုံး နှစ်ရက်၊သုံးရက်ခန့် ကြာဦးပေမည်။
နန်အာမှာ အလွန်စိတ်လှုပ်ရှားနေသည်။ ကျန်းဝမ်ဖန်းက အားပေးစကားပြောရင်း သူ၏ဘေးတွင် ရပ်နေသည်။ မန်ဟိုသည် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ပြီး နတ်ဘုရားအာရုံကိုပင် ဖြန့်ကျက်၍ နှောင်ဖွဲ့ကင်းဂိုဏ်းအား လွှမ်းခြုံကြည့်ရှုလိုက်၏။
"ဒီဂိုဏ်းက ထူးဆန်းတယ်" သူက မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက် ရေရွတ်လိုက်သည်။ "ချိုင့်ဝှမ်းကိုးခုနဲ့ ဖွဲ့စည်းထားတာပဲ"
တစ်ချိန်တည်းမှာပင် မှီခိုရာဂိုဏ်းချုပ်မှာတော့ စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် သူ၏နန်းတော်တွင် ထိုင်နေသည်။
"ကြာနေပြီ ... ခွေးသူတောင်းစားလေးက ဂိုဏ်းထဲ ဝင်ချင်နေတဲ့တစ်ယောက်ကို လိုက်ပို့ပေးနေတယ်တဲ့လေ။ ဟေ့ကောင် မင်းရှေ့ဆုံးကို ဘာလို့မသွားတာတုန်းကွ။ ချီးတဲ့မှ ဘာလို့နောက်မှာ နေနေတာတုန်း။ မင်းကိုယ်မင်း ဘာလုပ်နေတယ်ထင်လဲ ဟမ်" မှီခိုရာဂိုဏ်းချုပ်က အံတင်းတင်းကြိတ်ပြီးနောက် သူ၏နတ်ဘုရားအာရုံကို နှောင်ဖွဲ့ကင်းတစ်ဂိုဏ်းလုံး လွှမ်းခြုံသွားစေသည်။ နောက်ဆုံးတွင် ၎င်းသည် မန်ဟိုနှင့်အခြားသူများအနား၌ ရပ်နေသော ဂိုဏ်းသားတစ်ယောက်အပေါ် ကျရောက်လာ၏။
ဂိုဏ်းသားသည် လောလောဆယ်တွင် လူအုပ်ကြီးကို အေးတိအေးစက်ကြည့်ရင်း မည်သည့်အတွက်ကြောင့် ဂိုဏ်းသားလက်ခံသည့်နေ့ကို ရှေ့တိုးလိုက်သည်လဲ စဉ်းစားနေ၏။ သူ အတွေးထဲ နစ်မြောနေစဉ်မှာပင် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ရီသွားပြီး မျက်လုံးများ တောက်ပလာတော့သည်။
ဤအခိုက်အတန့်တွင် သူကား သူမဟုတ်တော့ပေ။ မှီခိုရာဂိုဏ်းချုပ်၏ကိုယ်ပွား ဖြစ်လာခဲ့လေပြီ။ သူသည် မန်ဟိုကို ကြည့်ရင်း ကျောချမ်းချမ်းနှင့် ရှေ့လျှောက်လာ၏။ ထို့နောက် ကျန်းဝမ်ဖန်းနှင့် နန်အာဘက်သို့ လှည့်လိုက်သည်။
"မင်းတို့က ပြင်ပပင်လယ်က ကျန်းမျိုးနွယ်စုလား" မှီခိုရာဂိုဏ်းချုပ် ဝင်ပူးထားသော နှောင်ဖွဲ့ကင်းဂိုဏ်းသားက မေးသည်။ သူ၏အသံမှာ တက်ကြွနေပြီး သူသည် ကျန်းဝမ်ဖန်းနှင့် ကျန်းမျိုးနွယ်ဝင်များကို အကဲခတ်ရန် ရှေ့ဆက်လာ၏။
ကျန်းဝမ်ဖန်းမှာ အံ့အားသင့်သွားသလို သူမပတ်ပတ်လည်ရှိ ကျန်မျိုးနွယ်ဝင်များလည်း ထိုနည်းတူပင်။ သူတို့အရှေ့တွင် တန်းစီနေကြသူများလည်း လှည့်မကြည့်ဘဲ မနေကြပေ။
"ဟုတ်ကဲ့ ကျွန်မတို့က ကျန်းမျိုးနွယ်စုပါ" ကျန်းဝမ်ဖန်းက တတ်နိုင်သမျှ မြန်မြန် ပြန်ဖြေသည်။
"သိပ်ကောင်းတယ် သိပ်ကောင်းတယ်။ မိတ်ဆွေဟောင်းကြီးတစ်ယောက်ရဲ့ မျိုးဆက်တွေ ဒီရောက်နေတာကိုး"
နှောင်ဖွဲ့ကင်းဂိုဏ်းသားက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါ မင်းယောက်ျားနဲ့ သိပ်ရင်းနှီးခဲ့တာ။ သူ့အပေါ်လည်း ကျေးဇူးအကြွေးတောင် တင်ခဲ့သေးတယ်။ မင်းတို့အားလုံးကို ဒီနေရာမှာ တွေ့ရတာ တော်ရုံတန်ရုံ ရေစက်မဟုတ်ဘူး။ လာ အရှေ့သွားရအောင်" သူက ထိုသို့ပြောပြီး နန်အာကို ဆွဲကာ ရှေ့သို့လျှောက်သွားသည်။
ကျန်းဝမ်ဖန်းမှာတော့ ထိုလူ မည်သည့်အကြောင်းကို ပြောနေသည်လဲ မှတ်မိရန် ဦးနှောက်အား အလုပ်ပေးရင်း ကြောင်တောင်တောင်လေး ကြည့်နေသည်။ ကျန်ကျန်းမျိုးနွယ်များလည်း အံ့အားသင့်နေကြ၏။ သူတို့မှာ အချိန်အတန်ကြာ စဉ်းစားပြီးသည့်နောက်တွင်ပင် သူတို့၏ ယခင်မျိုးနွယ်စုခေါင်းဆောင်နှင့် နှောင်ဖွဲ့ကင်းဂိုဏ်းသားတစ်ယောက်အကြား ရင်းနှီးသောဆက်ဆံရေးရှိခဲ့ကြောင်း မမှတ်မိပေ။
"ဟို...." ကျန်းဝမ်ဖန်းမှာ တခဏ တုံ့ဆိုင်းနေသော်လည်း ထိုဂိုဏ်းသားက သူမသားကို ခေါ်သွားပြီဖြစ်ကြောင်း မြင်သောအခါ နောက်မှ ခပ်သုတ်သုတ် လိုက်သွားလေသည်။ ကျန်းမျိုးနွယ်များလည်း လိုက်သွားကြ၏။ မန်ဟိုက ဖြစ်ကြောင်းကုန်စင်ကို စောင့်ကြည့်နေပြီးနောက် သူတို့နှင့်အတူ လိုက်ပါသွားလေသည်။
သူတို့သည် နောက်ဆုံးမှ ရှေ့သို့ ရောက်လာကြရာ စောင့်ဆိုင်းနေသော လူတိုင်း၏အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်လေသည်။ အထူးသဖြင့် ဖြစ်ပျက်နေသမျှ အရာအားလုံးကို တအံ့တဩ စောင့်ကြည့်နေကြသော ရှုမျိုးနွယ်စုပင်။
ချက်ချင်းပင် လူများက မေးခွန်းထုတ်လာကြသည်။
"နှောင်ဖွဲ့ကင်းဂိုဏ်းက တာအိုရောင်ရင်း၊ သူတို့တွေ နောက်ဆုံးကနေ ရှေ့ကို ဘာကြောင့် ရောက်သွားတာလဲ မေးလို့ရမလား"
"ဟုတ်တယ် ။ သူတို့က နောက်ဆုံးမှာလေ။ ဖြစ်သလို ကြားဖြတ်ရရိုးလား။ ဘယ်လို မျက်နှာပြောင်တိုက်ပြီး ရှေ့အထိ ရောက်လာတာလဲ"
ယခုတွင် အာရုံစိုက်သူများ ပို၍ပင် များပြားလာသည်။ ဖြစ်ပျက်နေသောအရာကို မြင်သည်နှင့်တစ်ပြိုင်နက် သူတို့မှာ အံ့ဩသွားကြပြီး ပုံမှန်အားဖြင့် စည်းမျဉ်းစည်းကမ်းများကို လေးစားသော နှောင်ဖွဲ့ကင်းဂိုဏ်းအနေဖြင့် ယခုလိုလုပ်ရပ်မျိုးအား မည်သည့်အတွက်ကြောင့် ခွင့်ပြုပေးသည်လဲ နားမလည်နိုင်ဖြစ်နေကြသည်။
ထိုစဉ် ဖြစ်ပျက်နေသောအရာကို မြင်လိုက်သည့် တခြားနှောင်ဖွဲ့ကင်းဂိုဏ်းသားများရှိလေသည်။ သူတို့ထဲက တစ်ယောက်မှာ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်၏။
"ကျောက်ဟန်" သူက ဖြောင့်မတ်တည်ကြည်သော မျက်နှာထားဖြင့် အော်လိုက်သည်။ ထိုသည်က မှီခိုရာဂိုဏ်းချုပ် နတ်ဘုရားအာရုံဖြင့် ထိန်းချုပ်နေသော နှောင်ဖွဲ့ကင်းဂိုဏ်းသား၏နာမည် ဖြစ်လေသည်။ "မင်း ဘာလုပ်နေတာလဲ။ မင်းဘာသာမင်း ကျန်းမျိုးနွယ်နဲ့ မိတ်ဆွေဖြစ်ဖြစ် ဘာဖြစ်ဖြစ် မင်း...." အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူ စကားဆုံးအောင် မပြောနိုင်ခင် နန်းတော်ထဲရှိ မှီခိုရာဂိုဏ်းချုပ်က အေးစက်စက် နှာမှုတ်ပြီး နတ်ဘုရားအာရုံများ ထပ်မံစေလွှတ်လိုက်သည်။
အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူမှာ မဆိုစလောက် တုန်ရီသွားပြီးနောက် မျက်လုံးများ တလက်လက် တောက်ပလာတော့သည်။
"နေပါဦး ဒီဧည့်သည်တွေက ပြင်ပပင်လယ်က ကျန်းမျိုးနွယ်စုမဟုတ်လား" သူက စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် ချက်ချင်း လျှောက်လာပြီး ကျန်းမျိုးနွယ်စုမှ အုပ်စုကို လှမ်းကြည့်သည်။
ဤမြင်ကွင်းက နှောင်ဖွဲ့ကင်းဂိုဏ်းသားများအပြင် ဧည့်သည်မျိုးနွယ်ဝင်အားလုံးကို ပါးစပ်အဟောင်းသားနှင့် အကြည့်ချင်း ဖလှယ်မိလိုက်စေသည်။
"နောက်ဆုံးတော့ ကောင်းကင်ဘုံက သတိပြုမိသွားပြီး ငါ့ကို ကျန်းမျိုးနွယ်တွေနဲ့ ဆုံတွေ့အောင် ဆောင်မ,ပေးလိုက်ပြီ" အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူက အလွန်စိတ်လှုပ်ရှားနေသောပုံစံဖြင့် ပြောသည်။ "မိတ်ဆွေဟောင်းကြီးရဲ့ မျိုးဆက် ဒီရောက်နေတာပဲ....
"ဟိုးအရင်နှစ်တွေက မင်းတို့ကျန်းမျိုးနွယ်စုနဲ့ မိတ်ဆွေရင်းချာလို ဖြစ်ခဲ့တာ။ ပြောရရင် မျိုးနွယ်စုအပေါ် ကျေးဇူးတောင်တင်နေသေးတယ်။ လာ လာ မင်းကို ရှေ့ဆုံးမှာ တန်းစီဖို့ ခေါ်သွားပေးမယ်" သူက ထိုသို့ပြောပြီး ဘာမှထပ်မရှင်းပြတော့ဘဲ ကျောက်ဟန်ဆီမှ ပါးစပ်အဟောင်းသားဖြစ်နေသော နန်အာ့ကို ခေါ်ကာ ရှေ့ဆုံးသို့ လျှောက်သွားတော့သည်။
ကျန်းဝမ်ဖန်းမှာ နောက်တစ်ဖန် မှင်သက်သွားရပြန်သည်။ သူမ စိတ်အစဉ်မှာလည်း ချာချာလည်နေချေပြီ။ သူမက ရောင်ရင်းမျိုးနွယ်ဝင်များကို ပြန်ကြည့်လိုက်သော်လည်း သူတို့လည်း သူမကို ကြောင်တောင်တောင် ပြန်ကြည့်နေကြလေသည်။ သူတို့မှာ ဖြစ်ညစ်စဉ်းစားနေသော်လည်း သူတို့၏ခေါင်းဆောင်ကြီးတွင် မည်သည့်အချိန်က မိတ်ဆွေရင်းချာများရှိသွားသည်လဲ လုံးဝစဉ်းစား၍မရတော့ပေ။
နှောင်ဖွဲ့ကင်းဂိုဏ်းသို့ ဝင်ရောက်ရန် ရောက်နေကြသော ကျန်မျိုးနွယ်များအားလုံး တအံ့တဩ လှမ်းကြည့်နေကြသည်။ အထူးသဖြင့် ရှုမျိုးနွယ်စု။ သူတို့၏မျက်လုံးများမှာ အပြူးဆုံးဖြစ်ပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေလေသည်။
ဤသို့ဖြင့် အမြုတေဖြစ်တည်မှုကျင့်ကြံသူ၏ ခေါင်းဆောင်မှုအောက်တွင် ကျန်းမျိုးနွယ်စုသည် နောက်ဆုံးမှ ရှေ့ဆုံးသို့ ဆက်လျှောက်သွားလေ၏။ တစ်ချိန်လုံး ကျန်းမျိုးနွယ်ကျင့်ကြံသူများမှာ ဖြစ်ပျက်နေသောအရာကို မယုံနိုင်သေးပေ။
သို့သော် သူတို့၏ ဇဝေဇဝါဖြစ်နေသော အမူအရာများမှာ စိတ်လှုပ်ရှားနေသောဟန်ပန်သို့ လျင်မြန်စွာပင် ပြောင်းလဲသွားလေပြီ။
ယခုအချိန်တွင် ပြင်ပပင်လယ်ကျင့်ကြံသူမျိုးနွယ်စုတစ်ဝက်ကျော် ရောက်နေကြပြီဖြစ်သည်။ ပတ်လမ်း(၄)မှ မျိုးနွယ်စုတချို့ပင် ရှိ၏။ အကုန်လုံး ကျန်းမျိုးနွယ်စုကို သတိထားမိသွားကြပြီး တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေကြလေသည်။ တော်တော်များများက သူတို့ကို လေးစားအားကျစွာ လှမ်းကြည့်နေကြ၏။
ရှုမျိုးနွယ်ဝင်များမှာတော့ မျက်နှာဖြူဆုပ်နေကြပြီး မယုံနိုင်ဖြစ်နေကြသည်။
"ဒါ .. မ .. မဖြစ်နိုင်ဘူး"
နန်အာ ရှေ့ဆုံးသို့ ရောက်လာသည့်အချိန်တွင် မန်ဟိုသည် ဤသို့ ရုတ်တရက် ပြောင်းလဲသွားမှုများကို သံသယဝင်စပြုလာ၏။
ထိုစဉ် သူတော်စင်ကျွန်းနန်းတော်တွင်တော့ မှီခိုရာဂိုဏ်းချုပ်မှာ သူ့ကိုယ်သူ အတော်လေး ဂုဏ်ယူနေလေသည်။
"ဟမ့် ။ ငါ ဂိုဏ်းချုပ် အောင်မြင်သွားပြန်ပြီ။ အဲ့ဒီခွေးသူတောင်းစားလေးကို မြန်နိုင်သမျှ မြန်မြန် ထွက်သွားအောင်ပဲ လုပ်စရာကျန်တော့တယ်။ ဘာပဲ ပေးဆပ်ရပေးဆပ်ရ ဂရုမစိုက်ဘူးကွ
"နေဦး မဖြစ်သေးဘူး။ ငါ ဒီထက် မြန်မြန်လုပ်ရမယ်။ အသက်ဆယ်ရှိုက်တည်းနဲ့ အကုန်ပြီးသွားရင် အကောင်းဆုံးပဲ ။ သူ ဒီမှာ နေဖို့ အကြောင်းရင်းတစ်ခုမှ မရှိတော့အောင် လုပ်ရမယ်။ အဲ့ဒါမှ မြန်မြန်ထွက်သွားမှာ" မှီခိုရာဂိုဏ်းချုပ်က နတ်ဘုရားအာရုံကို နောက်တစ်ဖန် ဖြန့်ကျက်ကာ နှောင်ဖွဲ့ကင်းဂိုဏ်းတစ်ဂိုဏ်းလုံးအား လွှမ်းခြုံလိုက်ပြန်သည်။ မျက်စိတစ်မှိတ်အတွင်း နတ်ဘုရားအာရုံသည် စီးကြောင်းများစွာ ခွဲကာ မတူညီသော လူပုဂ္ဂိုလ်များဆီသို့ ဝင်ရောက်သွားတော့၏။
ထို့နောက်တွင်တော့ ....
ရုတ်တရက် နှောင်ဖွဲ့ကင်းဂိုဏ်းအတွင်းမှ အဘိုးကြီးတစ်ယောက် ပျံထွက်လာသည်။ သူ့တွင် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံခြင်းအခြေခံရှိပြီး ထွက်လာလျှင်ချင်း ကျန်းဝမ်ဖန်းအပေါ် အကြည့်ရောက်လာသည်။ "ဟေ ကျန်းမျိုးနွယ်စု ရောက်နေတာလား။ ပြင်ပပင်လယ်က ကျန်းမျိုးနွယ်စုလေ"
တန်းစီနေသော ကျင့်ကြံသူများမှာတော့ ပါးစပ်အဟောင်းသား။
"အဲ့ဒါ တော်ဝင်အစောင့်ဟန်မလား"
"တော်ဝင်အစောင့်ဟန်က နှောင်ဖွဲ့ကင်းဂိုဏ်းမှာ အစွမ်းထက်ဆုံးပညာရှင်တွေထဲက တစ်ယောက်လေ။ သူ့အဆင့်အတန်းက မယုံနိုင်လောက်အောင် မြင့်တယ်"
"မဟုတ်မှ ... သူလည်း ကျန်းမျိုးနွယ်အပေါ် ကျေးဇူးအကြွေးတင်နေတာလားဟ"
အဘိုးကြီးက ခပ်သုတ်သုတ် ချဉ်းကပ်လာသည်။ "ဆိုတော့ တကယ်ပဲ ကျန်းမျိုးနွယ်စုဖြစ်နေတာကိုး။ သိပ်ကောင်းတယ် သိပ်ကောင်းတယ်။ မိတ်ဆွေဟောင်းကြီးတစ်ယောက် ရဲ့ မျိုးဆက် ဒီရောက်နေတာပဲ။ သေချာပေါက် ဒီနေ့ ကျန်းမျိုးနွယ်စုအပေါ် တင်နေတဲ့ ကျေးဇူးကြွေး ပြန်ဆပ်ရမယ်”
သို့သော် သူ အနားပင် ရောက်မလာခင် ၊ တန်းစီနေသော လူအုပ်ကြီး မည်သည်တို့ဖြစ်ပျက်နေသည်လဲ လိုက်မှီအောင် မတွေးနိုင်ခင်၊ ကျန်းမျိုးနွယ်များ တွေတွေကြီး ရပ်နေဆဲရှိစဉ် ဂိုဏ်းအတွင်းမှ အော်သံများ ကြားလိုက်ရသည်။
"ကျန်းမျိုးနွယ်စု ဒီရောက်နေတာလား"
"ကျန်းမျိုးနွယ်စု တကယ်ပဲ ရောက်နေတာကိုး။ တကယ်ကြီး နှောင်ဖွဲ့ကင်းဂိုဏ်းအထိ ရောက်လာတာပဲဟ"
"ကျေးဇူးရှင်တွေ ရောက်လာပြီဆိုတော့ ငါ တုဒဟိုင်အနေနဲ့ ကြိုဆိုမှဖြစ်မယ်"
အံ့ဖွယ်ကောင်းစွာနှင့် နှောင်ဖွဲ့ကင်းဂိုဏ်းအတွင်းမှ လူဆယ်ယောက် ထွက်လာသည်။ တစ်ဦးတစ်ယောက်ချင်းစီမှာ အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့်ဖြစ်ကြပြီး တကယ်တမ်း ဂိုဏ်း၏ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူ တစ်ဝက်ကျော်ပင် ပါဝင်နေလေသည်။
သူတို့ ပျံထွက်လာကြစဉ် တန်းစီနေသော လူအုပ်ကြီးထံမှ စကားသံများ ပွက်လောရိုက်သွားတော့သည်။ ပြင်ပပင်လယ်မျိုးနွယ်စုများမှ ကျင့်ကြံသူအားလုံးမှာ အံ့ဩတုန်ရီနေကြတော့၏။ ပတ်လမ်း(၄)ကျင့်ကြံသူများမှာ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူဆယ်ယောက်၏အကြည့်အတိုင်း လိုက်ကြည့်ပြီး ကျန်းမျိုးနွယ်စုအပေါ် ကျရောက်လာရာတွင် ပို၍ပင် ကြက်သေသေ သွားတော့သည်။
ကျန်းဝမ်ဖန်းမှာ ငူငူငိုင်ငိုင်ကြီး ရပ်နေပြီး ကျန်ကျန်းမျိုးနွယ်ဝင်များလည်း ထိုနည်းတူပင်။
သူတို့မှာ လန့်ပင် လန့်လာကြသည်။ သူတို့၏ကွယ်လွန်သွားပြီးသော ခေါင်းဆောင်ကြီးတွင် မိတ်ဆွေအပေါင်းအသင်း ဤမျှများပြားကြောင်း တစ်ခါမှ မကြားခဲ့ဖူးပေ....
မန်ဟိုမှာ ကြည့်ရင်းကြည့်ရင်း မျက်လုံးပြူးလာသည်။ ဖြစ်ပျက်နေသောအရာကား ထူးဆန်းသည်ထက် ပိုလွန်းလေသည်.....
***