အလှည့်အပြောင်းတို့က ဂိုဏ်းချုပ်ကို မိုးမီးလောင်စေခြင်း
Vol. 46 Ch. 638
"ဘုရားရေ တကယ်ပဲဟ။ အဲ့ဒီ နှောင်ဖွဲ့ကင်းဂိုဏ်းရဲ့ တော်ဝင်အစောင့်ဆယ်ယောက်က ခြေတစ်ချက်လေး ဆောင့်နင်းလိုက်ရုံနဲ့ တစ်နေရာလုံးကို တုန်လှုပ်သွားစေနိုင်တယ်။ ပြီးတော့ အကုန်လုံးက .... ကျန်းမျိုးနွယ်စုအပေါ် ကျေးဇူးအကြွေးတင်နေတယ်တဲ့လား"
"အရင်ကျန်းမျိုးနွယ်ခေါင်းဆောင်ကြီးက အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်ကျင့်ကြံခြင်းအခြေခံမှာပဲ ရှိသေးတာ။ သူက ဘယ်လိုလုပ် ဒီနှောင်ဖွဲ့ကင်းဂိုဏ်းသားတွေ သူ့အပေါ် ကျေးဇူးအကြွေးတင်အောင် လုပ်နိုင်ခဲ့တာတုန်း"
လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်နေပြီး ကျန်းမျိုးနွယ်စုမှာတော့ မျက်လုံးကြီးပြူးလျက် ရပ်နေကြသည်။
"ခေါင်းဆောင်ကြီးက တကယ်ပဲ .... အဲ့ဒီလောက် ထင်ရှားကျော်ကြားခဲ့တာလား" ကျန်းဝမ်ဖန်းက တွေးသည်။ သူမမှာ အတန်ငယ် ကြောင်တောင်တောင် ဖြစ်နေသယောင်ပင်။ မျိုးနွယ်စုအတွင်း၌ ထိုအကြောင်းပြောဖူးသည်ကို သူမ တစ်ခါမှ မကြားခဲ့ဖူးပေ။ သူမမှတ်ဉာဏ်ထဲတွင်တော့ ခေါင်းဆောင်ကြီးသည် မသေခင်တုန်းက မိတ်ဆွေအနည်းအကျင်းရှိခဲ့သော်လည်း မိတ်ဆွေရင်းချာ ရှားပါးခဲ့၏။ ထို့အပြင် သူ သေဆုံးသွားခဲ့သည်မှာလည်း ကြာခဲ့ပြီဖြစ်ရာ မည်သည့်မိတ်ဆွေဆက်ဆံရေးမဆို ပျက်ပြားသွားလောက်လေပြီ။
ထိုသို့မဟုတ်လျှင် မျိုးနွယ်စုအနေဖြင့် ကျွန်းကို စွန့်ခွာ၍ ဤနေရာသို့ လာရုံမှလွဲပြီး ရွေးချယ်စရာမရှိသော ကျဉ်းထဲကြပ်ထဲ အခြေအနေသို့ သွပ်သွင်းခံခဲ့ရမည်မဟုတ်ပေ။
သို့သော် ယခု ဖြစ်ပျက်နေသည်မှာ အလွန်စစ်မှန်လွန်းသဖြင့် ကျန်းဝမ်ဖန်းကို ပို၍ပင် ဇဝေဇဝါ ဖြစ်လာစေတော့သည်။
တန်းစီနေသော လူအုပ်ကြီးမှာ ပင့်သက်ရှိုက်သံများ ကြိုကြားကြိုကြား ထွက်လာတတ်ပြီး သူ၏မျက်နှာများတွင် အံ့ဩမယုံကြည်နိုင်မှုတို့ ပြည့်နှက်နေလေသည်။ မျက်လုံးအားလုံးက ကျန်းမျိုးနွယ်ဝင်များအပေါ်မှ ကော်နှင့်ကပ်ထားသကဲ့သို့ မခွာပေ။
အများစုမှာ ရင်ထဲတွင် ပြည့်နှက်နေသည့် အားကျမနာလိုမှုများကို မျက်နှာအပေါ်၌ မပြသရဲပေ။
အထူးသဖြင့် ရှုမျိုးနွယ်ဝင်များ။ သူတို့အားလုံး မျက်နှာဖြူဆုပ်နေကြပြီး ရင်တဒိန်းဒိန်း ခုန်နေတော့သည်။ စောစောက သူတို့ အထင်သေးကဲ့ရဲ့ခဲ့ပြီး အရှက်ပင်ခွဲခဲ့သော အုတ်ကြားမြက်ပေါက် ကျန်းမျိုးနွယ်စုမှာ ထိုမျှခမ်းနားကြီးကျယ်သော အတိတ်ရာဇဝင်ရှိလိမ့်မည်ဟု သူတို့ စိတ်ပင်မကူးခဲ့ဖူးပေ။
"ညီမလေးက ကျန်းမျိုးနွယ်နဲ့လက်ထပ်ဖို့ မျိုးနွယ်စုနဲ့ သံယောဇဉ်ဖြတ်ခဲ့တာ အံ့ဩစရာမရှိပါဘူး" ရှုမျိုးနွယ်စုမှ အသက်သုံးဆယ်အရွယ်အမျိုးသားက တွေးသည်။ "ငါ အဲ့ဒီတုန်းက နားမလည်ခဲ့ပေမယ့် အခုတော့...." သူသည် ဤသို့သိရှိပြီးနောက် ရုတ်တရက် ခံစားချက်မတူတော့ပေ။
ကျန်းမျိုးနွယ်စုနှင့် ကတောက်ကဆဖြစ်ခဲ့ဖူးသော ကျန်ပြင်ပပင်လယ်မျိုးနွယ်စုများမှာတော့ လိပ်ပြာလွင့်မတတ် ကြောက်နေကြပြီး အသက်ပြင်းပြင်းရှူနေကြသည်။ သူတို့မှာ နောင်ရေးကိုတွေးရင်း ကြောက်လည်း ကြောက်နေကြသလို၊ မုန်းတီးမှုတို့လည်း ပြင်းထန်နေ၏။
"ကျန်းမျိုးနွယ်စုမှ ဒီလောက်အံ့ဩစရာကောင်းတဲ့ အဆက်အသွယ်တွေ ရှိနေတာ ယုံတောင်မယုံနိုင်ဘူး....ဘာလို့ စောစော မပြောခဲ့တာလဲ။ အဲ့ဒီအတိုင်းသာဆို ပြင်ပပင်လယ်က ဘယ်သူမှ သူတို့ကို ထိရဲမှာ မဟုတ်ဘူး"
ကျန်းဝမ်ဖန်းက သူမ၏ရောင်ရင်းမျိုးနွယ်ဝင်များကို မရည်ရွယ်ဘဲ လှမ်းကြည့်မိလိုက်သည်။ သူတို့အားလုံး မြင်လိုက်ရသည်မှာ ဖြစ်ပျက်နေသောအရာနှင့် ပတ်သက်ပြီး အံ့ဩတုန်လှုပ်နေခြင်းကိုသာ။
"ငါ့ကြောင့်များလား" မန်ဟိုက တွေးလိုက်သည်။ သူမှာ ဤသို့ မတွေးဘဲ မနေနိုင်၍ မျက်လုံးများ တောက်ပလာတော့သည်။ နှောင်ဖွဲ့ကင်းဂိုဏ်း၏ တော်ဝင်အစောင့်များကို အကဲခတ်ပြီး သူတို့ ဘာတွေးနေလဲ ပြောရန် မဖြစ်နိုင်သော်လည်း သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။
"ကျေးဇူးရှင်ရဲ့ မျိုးဆက်တွေ ၊ ကျေးဇူးပြုပြီး အရိုအသေပြုတာ လက်ခံပေးပါ" နှောင်ဖွဲ့ကင်းဂိုဏ်း တော်ဝင်အစောင့်များက ထိုသို့ပြောပြီး စိတ်လှုပ်တရှား လက်ယှက်ကာ အရိုအသေပေးလိုက်ကြသည်။ အကြီးအကဲတချို့ဆိုလျှင် မျက်ရည်များပင် ကျနေသည်။ သူတို့ ခံစားနေရသော ပျော်ရွှင်မှုမှာ အတိုင်းမသိအောင်ပင်။
ကျန်းမျိုးနွယ်ဝင်များမှာ မထင်မှတ်ထားသော အကူအညီကြောင့် မည်သို့လုပ်ရမည်မှန်း မသိတော့ဘဲ နောက်ပင်တွ့န်ကုန်ကြသည်။ ကျန်းဝမ်ဖန်းမှာ မည်သို့ပြောသင့်သည်လဲ မသိတော့ပေ။ သို့သော် သူမနှလုံးအိမ်တွင် ပျော်ရွှင်မှုတို့က ချုပ်တည်းမရအောင် ပြည့်နှက်နေသည်။ "အဆိုးပြီးလျှင် ၊ အကောင်းတွေ လာစမြဲ" ဆိုသော စကားအတိုင်းပင်။ မျက်ရည်များက သူမပါးပြင်တစ်လျှောက် တလိမ့်ချင်း စီးကျလာသည်။
လက်ထပ်ပြီး မျိုးနွယ်စုထဲ ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ ယနေ့ထက်ထိ သူမမှာ ယခုလိုမျိုး တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။ ဂုဏ်ယူမိသော ခံစားချက် ၊ ပီတိဖြစ်ရမှုနှင့် သူမမျိုးနွယ်ဝင်များ၏ မျက်နှာအမူအရာများက သူမ၏စိတ်လှုပ်ရှားမှုများကို အရှေ့ရှိ နှောင်ဖွဲ့ကင်းဂိုဏ်းသားများနှင့် ထပ်တူညီသွားစေသည်။
တော်ဝင်အစောင့်ဆယ်ယောက်လုံး တစ်ယောက်ပြီးတစ်ယောက် စကားစပြောလာကြသည်။
"ဒီကလေးက နှောင်ဖွဲ့ကင်းဂိုဏ်းကို ဝင်ချင်တာလား"
"ဘာလို့ တန်းစီပြီး စောင့်နေဉီးမှာလဲ။ ကျေးဇူးရှင်ရဲ့မျိုးဆက် ဂိုဏ်းထဲ ဝင်ဖို့ လာမှာကို ငါတို့ စောင့်နေခဲ့တာ။ အခုချက်ချင်း လက်ခံပေးမယ်။ အတွင်းစည်းဂိုဏ်းသားအဆင့်"
"ဟုတ်တယ် သူ့ကို အတွင်းစည်းဂိုဏ်းသားအဖြစ် ထားရမယ်"
သူတို့သည် အလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်၏။
ထိုမြင်ကွင်းက တန်းစီစောင့်ဆိုင်းနေရသော ကျန်ပြင်ပမျိုးနွယ်ဝင်အားလုံးကို အားကျမနာလိုဖြစ်သွားစေသည်။ မည်သည့်မျိုးနွယ်စုမဆို သူတို့၏ကလေးကို ထိုသို့ဆက်ဆံခံရစေချင်မည်သာ။ ဝင်ရောက်ဖို့ ရုန်းကန်ရမည့်အစား မည်သူက ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်းမခံချင်ဘဲ နေမည်နည်း။
ထိုစဉ် သူတော်စင်ကျွန်းနန်းတော်ထဲရှိ မှီခိုရာဂိုဏ်းချုပ်၏မျက်နှာတွင်တော့ ကျေနပ်အားရနေသော အပြုံးကြီးက ဖုံးလွှမ်းနေသည်။ သူက ထရပ်ပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ဂူယိတင်းစန်းယွီမှာတော့ ကူကယ်ရာမဲ့စွာသာ ကြည့်နေနိုင်တော့သည်။
"ငါ ဂိုဏ်းချုပ်က ထပ်ပြီး တော်ပြန်ပြီ" သူက ပြောသည်။ "ဟားဟားဟား ၊ အခုတော့ ခွေးသူတောင်းစားလေး နေစရာ အကြောင်းရင်းမရှိတော့ဘူး။ ဒီနေရာကနေ ချက်ချင်း ထွက်သွားစမ်း ကောင်စုတ်လေး။ ဖင်လေးမနေဘဲ ထွက်သွားတော့" မှီခိုရာဂိုဏ်းချုပ်မှာ သူ့ကိုယ်သူ ဂုဏ်ယူစွာဖြင့် အားပါးတရ အော်ရယ်တော့သည်။
သို့ရာတွင် ရယ်နေရင်းတန်းလန်း သူ၏မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားပြီး နတ်ဘုရားအာရုံကို နောက်တစ်ဖန် ထုတ်လွှတ်လိုက်ပြန်သည်။
တော်ဝင်အစောင့်များ နန်အာကို အတွင်းစည်းဂိုဏ်းသားအဖြစ် လက်ခံဖို့ ဆုံးဖြတ်ချရန် ဆွေးနွေးနေကြစဉ် မိုးခြိမ်းသံကဲ့သို့ အေးတိအေးစက် အသံကြီးတစ်သံ ရုတ်တရက် နှောင်ဖွဲ့ကင်းဂိုဏ်းတစ်ဂိုဏ်းလုံး ဟိန်းထွက်သွား၏။ အသံက လူတိုင်းကို ရင်ဒိန်းခနဲ တုန်သွားစေသည်။
"ဘာတွေ ဆူညံနေတာတုန်း" တောင်အတွင်းမှ ပဲ့တင်ထပ်လာသော အေးတိအေးစက်အသံက အဘိုးကြီးတစ်ယောက်၏အသံဖြစ်သည်။ "ဂိုဏ်းသားအသစ်လက်ခံတယ်ဆိုတာ ဂိုဏ်းမှာ ကိစ္စကြီးတစ်ခုဖြစ်တယ်။ ဒါတောင် မင်းတို့ကောင်တွေ ဆူညံနေရဲတယ်ပေါ့။ ဘယ်လောက်အတင့်ရဲလိုက်သလဲ"
ခက်ထန်ထန်မျက်နှာထားနှင့် အဘိုးကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံခြင်းအခြေခံလှိုင်းများ ဖြာထွက်လာသည်။ လူတိုင်းမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားလာကြတော့၏။
"အဲ့ဒါ ... အဲ့ဒါ ချိုင့်ဝှမ်း(၃)က အရှင်ပဲ"
"မဟာချိုင့်ဝှမ်းအရှင်ကိုယ်တိုင် ရောက်လာတယ်။ သူလည်း ကျန်းမျိုးနွယ်စုနဲ့ မိတ်ဆွေလို့ မပြောနဲ့နော်" တန်းစီနေသောလူအုပ်ကြီးနှင့်အတူ မှီခိုရာဂိုဏ်းချုပ်၏ နတ်ဘုရားအာရုံဝင်ပူးမထားသော ကျန်နှောင်ဖွဲ့ကင်းဂိုဏ်းသားအားလုံး စိတ်ထဲတွင် ထင်ကြေးမျိုးစုံပေးနေကြသည်။
"မင်းတို့အားလုံးက ဒီမျိုးနွယ်စုနဲ့ မိတ်ဆွေဟောင်းတွေ ဆိုရင်တောင်မှ" အဘိုးကြီးက အေးတိအေးစက် ပြောသည်။ "ဂိုဏ်းမှာ သူ့စည်ကမ်းနဲ့သူ ရှိတယ်။ အဲ့ဒီစည်းကမ်းတွေက ပြောင်းလဲမှာ မဟုတ်ဘူး" သူ၏မျက်နှာထားမှာ ဒေါသထွက်နေသည့်ပုံစံမဟုတ်ဘဲ ဩဇာပြည့်လွှမ်းနေခြင်းဖြစ်သည်။ သူ၏စကားလုံးများက ကျန်ရှိသူတိုင်းကို ချက်ချင်း တုန်လှုပ်သွားစေ၏။
"နှောင်ဖွဲ့ကင်းဂိုဏ်းမှာ" သူက ဆက်ပြောသည်။ "စည်းကမ်းထက် အရေးပါတာ မရှိဘူး။ ဂိုဏ်းကို ဝင်ရောက်ချင်တဲ့ ဘယ်သူမဆို စည်းကမ်းလိုက်နာရမယ်" သူ၏အေးခဲတမျှ အေးစက်သောအကြည့်က ကျန်းမျိုးနွယ်များအပေါ် ကျရောက်လာသည်။ "အကုန်လုံး ကိုယ့်နေရာကိုယ် ပြန်တန်းသွားစီချည်။ အချိန်တန်ရင် ဒီနေရာကို ရောက်လာရလိမ့်မယ်"
ချက်ချင်းပင် တခြားမျိုးနွယ်စုမှ ကျင့်ကြံသူများမှာ စိတ်အားတက်ကြွလာကြသည်။ သူတို့မှာ မတရားသလို ခံစားနေခဲ့ရသော်လည်း အတွေးများကို ထုတ်ပြောရဲခဲ့ပေ။ ယခုတွင် နှောင်ဖွဲ့ကင်းဂိုဏ်း၏ ချိုင့်ဝှမ်းအရှင်တစ်ဦး မျှမျှတတ ပြုမူနေသည်ကို မြင်သောအခါ ဂိုဏ်းနှင့်ပတ်သက်သော သတင်းများမှာ အမှန်ဖြစ်ကြောင်း ခံစားလိုက်ကြရသည်။ သူတို့ကား အမှန်တကယ်ပင် ဂိုဏ်းစည်းကမ်းကို လေးစားကြပေ၏။
ကျန်းဝမ်ဖန်းမျက်နှာမှာ ဖြူဆုပ်နေသည်။ သူမက ချက်ချင်း ခေါင်းငုံ့ပြီး နာခံမည်ဖြစ်ကြောင်း လေးလေးစားစား ပြောလိုက်သည်။ ပျော်ရွှင်သော ခံစားချက်က ဆန့်ကျင်ဘက်ဖြစ်ကာ သူမအား ရှက်ရွံသိမ်ငယ်စိတ်တို့ဖြင့် ပြည့်နှက်သွားစေသည်။ သို့သော် သူမမှာ မျိုးနွယ်စုနှင့် မိတ်ဆွေဖြစ်သော နှောင်ဖွဲ့ကင်းဂိုဏ်း တော်ဝင်အစောင့်များအတွက် ပြဿနာဖြစ်မည်စိုး၍ ကြောက်လန့်တုန်ရီနေသော နန်အာကို ဆွဲပြီး မျိုးနွယ်ဝင်များနှင့်အတူ နောက်ဆုံးသို့ ပြန်လျှောက်သွားလေ၏။
ဤအခြင်းအရာကို မြင်သောအခါ ရှုမျိုးနွယ်စုမှာ ချက်ချင်း ပျော်ရွှင်အူမြူးသွားတော့သည်။ သူတို့က ဘာမှမပြောသော်လည်း သူတို့၏မျက်ဝန်းများရှိ လှောင်ပြောင်သရော်မှုတို့ကို ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။
"မင်းတို့ကောင်တွေကတော့" အဘိုးကြီးက အေးစက်သော မျက်ဝန်းများဖြင့် ဆက်ပြောသည်။ "မင်းတို့က နှောင်ဖွဲ့ကင်းဂိုဏ်းရဲ့ တော်ဝင်အစောင့်တွေလေ။ စောစောက မင်းတို့ရဲ့ အပြုအမူက ကျင့်ဝတ်နဲ့ လုံးဝမညီဘူး။ မင်းတို့ သုံးလအကျယ်ချုပ်ကျမယ်" သူ၏စကားလုံးများက ဩဇာညောင်းမှုအပြည့်ဖြင့် ဟိန်းထွက်လာသည်။
သို့သော် အဘိုးကြီး စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ဒေါသူပုန်ထနေသောအသံတစ်သံက သူ၏နားထဲတွင် ပဲ့တင်ထပ်လာသည်။ "မင်း ဖင်ကို ဆောင့်ကန်ထည့်လိုက်ရ"
ဒေါသထွက်နေသောအသံကြီးက မိုးခြိမ်းသံကြီးနှင့်တူသော်လည်း အဘိုးကြီးမှအပ အပြင်လူတစ်ယောက်မှ မကြားရပေ။ သူကား ချက်ချင်း မျက်နှာပျက်သွားလေသည်။
သူသည် သူ့ကို စကားပြောနေသည့်လူအား အတိအကျ သိလိုက်၏။
"ဒါတွေအားလုံးက ငါ ဂိုဏ်းချုပ်ရဲ့အမိန့်ကြောင့်ကွ" မှီခိုရာဂိုဏ်းချုပ်မှာ မခံမရပ်နိုင်အောင် ဒေါသထွက်နေလေပြီ။ "ငါ-ီးတဲ့မှ မင်းကြောင့် ငါ့မဟာအကြံအစည်ကြီး ပျက်စီးရပြီ။ မင်းကို အရှင်လတ်လတ် အရေခွံစုတ်ပစ်မယ်" သူ့မှာ အမှန်တကယ် ဒေါကန်နေတော့သည်။
သူ ကြိုးစားပမ်းစား ကြံစည်ထားရသော အစီအစဉ်လေး အထမြောက်တော့မည့်အချိန်မှာမှ ကြားဝင်နှောင့်ယှက်မှုလေးတစ်ခုက အကုန်လုံး ဖျက်စီးလိုက်လေပြီ။ မှန်ပါသည်၊ မှီခိုရာဂိုဏ်းချုပ်မှာ ကြောက်နေခြင်း ဖြစ်သည်။ သူသည် မန်ဟို တစ်စုံတခုအား ရိပ်မိသွားမှာ ကြောက်နေ၏။ သူ့မှာ အလွန်စိတ်တိုလွန်း၍ ထိုအဘိုးကြီးအား အသက်ထွက်သည်အထိ ပါးရိုက်ပစ်ချင်နေတော့သည်။
ဂိုဏ်းချုပ်၏ ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသောအခါ ချိုင့်ဝှမ်း(၃)အရှင်မှာ တုန်ရီလာတော့သည်။ ရုတ်တရက် သူက လူတန်း၏အဆုံးသို့ ပြန်သွားနေသော ကျန်းမျိုးနွယ်စုကို လှမ်းကြည့်လိုက်သည်။
"နေဦး" သူက ကပျာကယာ ရှေ့တက်ရင်း အော်လိုက်၏။
"ကျန်းမျိုးနွယ်က လူတွေလား" သူအသံမှာ စိတ်လှုပ်ရှားနေသံပေါက်နေလေသည်။ မျက်ရည်စများက သူ၏မျက်လုံးထောင့်တွင် တွဲခိုနေ၏။ သူ့အသံက စီတန်းနေသော ပြင်ပပင်လယ်မျိုးနွယ်ဝင်များအား ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ သူတို့မှာ လိုက်မှီအောင် မစဉ်းစားနိုင်တော့ပေ...
သူတို့သာ အံ့ဩနေခြင်းမဟုတ်။ ပတ်ဝန်းကျင်ရှိ နှောင်ဖွဲ့ကင်းဂိုဏ်းသားများလည်း ကြောင်သွားကြသည်။ ယနေ့အဖြစ်အပျက်များကား ... နားလည်ဖို့ရန် ထူးဆန်းလွန်းလေသည်။
ကျန်းမျိုးနွယ်များမှာမူ သွားနေရာမှ တုံ့ခနဲ ရပ်ပြီး ခပ်သုတ်သုတ် ပြေးလာနေသော အဘိုးကြီးကို လှည့်ကြည့်လိုက်ကြသည်။
ကျန်းဝမ်ဖန်းက သူ့ကို ကြည့်ရင်း တခဏ တိတ်ဆိတ်နေပြီးနောက် ခပ်တိုးတိုး ပြန်ဖြေလေသည်။ "စီနီယာရှင့်... ကျွန်မတို့က ... ပြင်ပပင်လယ်က ကျန်းမျိုးနွယ်စုပါ"
"အိုး ကျန်းမျိုးနွယ်စု ဖြစ်နေတာကိုး" အဘိုးကြီးက ပြောသည်။ အဘိုးကြီးက ခြေဆောင့်နင်းလိုက်ရာ အနီးနားရှိ တောင်တန်းများကို လှုပ်ရမ်းသွားစေပြီး မြေကြီးအား တသိမ့်သိမ့် တုန်သွားစေ၏။
"ငါ့အမှားပါ" သူက ပြောသည်။ "စောစောက အထဲမှာ နေနေတုန်း တစ်ခုခုဖြစ်နေတာကို အာရုံရလိုက်တာနဲ့ ထွက်လာလိုက်တာ။ ဒါပေမဲ့ မင်းတို့ဖြစ်နေတာ မသိလိုက်ဘူး။ အိုင်းရား ငါ့ကိုယ်ငါပဲ အပြစ်တင်ရမယ်" ထိုသို့ပြောပြီး အဘိုးကြီးက ရယ်လိုက်သည်။ သူ၏မျက်နှာထားအရ အတိတ်ကို ပြန်ပြောင်းတွေးတောနေသောပုံစံ ပေါက်နေလေသည်။
"မင်းတို့ ကျန်းမျိုးနွယ်စုခေါင်းဆောင်ကြီး အဲ့ဒီနှစ်တုန်းက ငါ့ကို ဘယ်လိုကြင်နာခဲ့လဲဆိုတာ ငါ ဘယ်တော့မှ မမေ့ပါဘူး။ သူက ငါ့အသက်ကို ခြောက်ကြိမ်တောင် ကယ်ပေးခဲ့တာ။ သူ့ကြောင့်သာ မဟုတ်ရင် ငါ ဒီကနေ့ အသက်ရှင်နေမှာ မဟုတ်ဘူး။ မိတ်ဆွေဟောင်းကြီးရဲ့မျိုးဆက် ဒီကို ရောက်လာတာကိုး။ အင်း မိတ်ဆွေဟောင်းကြီးရဲ့မျိုးဆက် ဒီကို ရောက်လာတာကိုး" သူက သူ၏စကားလုံးများ ပဲ့တင်ထပ်နေစဉ် သက်ပြင်းချလိုက်၏။ လူတိုင်းမှာ ကြက်သေသေနေကြသည်။
အထူးသဖြင့် ရှုမျိုးနွယ်စုမှာ မျက်ပြူးဆန်ပြူးနှင့် မရှူနိုင်မကယ်နိုင် ဖြစ်နေလေသည်။ ကျန်းမျိုးနွယ်စုတွင် နှောင်ဖွဲ့ကင်းဂိုဏ်း၏ ချိုင့်ဝှမ်းကိုးခုအနက် တစ်ခု၏အရှင်အား ကျေးဇူးအကြွေးတင်စေလောက်အောင် နက်ရှိုင်းသောဆက်ဆံရေးများ ရှိလိမ့်မည်ဟု သူတို့ ဘယ်တော့မှ စိတ်မကူးနိုင်ခဲ့ပေ။
"အခု သူရဲ့မျိုးဆက်က နှောင်ဖွဲ့ကင်းဂိုဏ်းကို ရောက်လာခဲ့ပြီပဲ။ စည်းကမ်းဖောက်ဖျက်တယ် ဆိုရင်တောင်မှ ငါ အကုန်တာဝန်ယူတယ်" အဘိုးကြီးက ခိုင်မာပြတ်သားစွာ ဆိုသည်။ "ကျန်းမျိုးနွယ်ရဲ့ မျိုးဆက်ကို ဒီမှာ မသိမ်ငယ်စေရဘူး" သူ၏အကြည့်သည် ပြင်ပပင်လယ်မျိုးနွယ်ဝင်များအပေါ် ကျရောက်သွားကာ သူတို့မှာ ခေါင်းမငုံ့ဘဲ မနေရဲကြတော့ပေ။
မန်ဟို၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ခပ်ရေးရေးအပြုံးတစ်ခု သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာသည်။ သူသည် ရင်းနှီးသောအရှိန်အဝါတစ်ခုကိုမှ မခံစားရသော်လည်း ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်ပြီး ထူးဆန်းနေခြင်းအား သတိမပြုမိဘဲ ရှိမည်လော။
"စိတ်ဝင်စားစရာပဲ" သူက တွေးသည်။ "ငါ မှတ်မိရသလောက် ဒီလိုအားကိုးမရတဲ့ပုံစံမျိုးနဲ့ လုပ်တတ်တဲ့ ခွေးသူတောင်းစားအိုကြီးတစ်ယောက်ပဲ ရှိတယ်"
ကျန်းဝမ်ဖန်းမှာ လောလောဆယ်တွင် တုန်ရီနေသည်။ သူမ ခံစားနေရသော ပျော်ရွှင်ကြည်နူးမှု ၊ အံ့ဩတုန်လှုပ်မှုတို့မှာ ကိုင်တွယ်ဖို့ရန် ခက်ခဲလေသည်။ လောလောဆယ်တွင် သူမမှာ ဘာဆိုဘာမှ မစဉ်းစားနိုင်လောက်အောင် ကြောင်နေတော့သည်။ သူမ တစ်ခုခုပြောရန် ပြင်လိုက်စဉ် ရုတ်တရက် ချိုင့်ဝှမ်း(၃)အရှင်က ရှေ့လျှောက်လာပြီး နန်အာကို ကောက်ချီလိုက်၏။
"ရုပ်ချင်းဆင်သားပဲ" သူက ပြောတယ်။ "တစ်ရုပ်တည်းပဲကွ။ ဒီကလေးကို တစ်ချက်ကြည့်လိုက်တာနဲ့ ကျန်းမျိုးနွယ်၏ခေါင်းဆောင်ကြီးကို မတွေးဘဲ မနေနိုင်ဘူး
"ကလေး ငါ့ကို မင်းဆရာအဖြစ် လက်ခံချင်လား"
လောလောဆယ်တွင် ဖင်ဂနာမငြိမ်ဆုံးသူမှာတော့ အောက်ရှိ အဖြစ်အပျက်များကို နန်းတော်ထဲမှ ရင်တဒိန်းဒိန်းခုန်လျက် ကြည့်နေသော မှီခိုရာဂိုဏ်းချုပ်ပင်။ သူ့မှာ နန်အာ၏ သဘောတူမည့်အသံကို သေမတတ် ကြားချင်နေလေ၏။
"မြန်မြန် လက်ခံလိုက် ကလေး" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "လုပ်စမ်းပါ မြန်မြန်။ တောင်းပန်ပါတယ် သဘောတူလိုက်ပါကွာ.... မင်း သဘောတူရင် အခုကစပြီး မှီခိုရာဂိုဏ်း အာ မဟုတ်ဘူး နှောင်ဖွဲ့ကင်းဂိုဏ်းမှာ မင်းကို စောင့်ရှောက်ပေးမယ်လို့ ငါ ဂိုဏ်းချုပ် ကတိပေးပါတယ်" သို့သော်လည်း သူ့မှာ မန်ဟို ရိပ်မိသွားအောင် နည်းနည်းလေးမှ မလုပ်ရဲပေ။
နန်အာသည် အလွန်တရာ စိတ်လှုပ်ရှားနေပြီး ကြောက်ပင်ကြောက်နေ၏။ သူ၏မျက်နှာလေးမှာ ဖြူဆုပ်နေပြီး တွေးပင်မတွေးမိဘဲ သူ့အမေနှင့် မန်ဟိုကို ပြန်ကြည့်လိုက်သည်။
သူသာ မန်ဟို့ကို မကြည့်ခဲ့လျှင် မန်ဟိုကား ဝင်ပါမည်မဟုတ်ပေ။ သို့သော် ကလေးငယ် ဆုံးဖြတ်ချက်ချရခက်နေသည်ကို ထည့်တွက်ရင်း မန်ဟိုက ပြုံးပြပြီးနောက် သာမန်ကာသျှံကာ ပြောလိုက်သည်။ "အလျင်လိုစရာမလိုပါဘူး။ ဒီကလေးရဲ့ ပင်ကိုယ်ပါရမီကို စဥ်းစားကြည့်ရင် ဂိုဏ်းမှာ သည့်ထက်ပိုကောင်းတဲ့ အဆင့်အတန်းမျိုး ရသင့်တယ်ထင်တယ်"
မှီခိုရာဂိုဏ်းချုပ် ဤစကားကို ကြားသောအခါ သူ၏ပါးစပ်မှ သွေးများက ရေပန်းသဖွယ် ပန်းထွက်လာတော့သည်။ သူက ခေါင်းနောက်လှန်ပြီး မခံမရပ်နိုင်စွာ အော်လိုက်တော့သည်။
***