← Chapters

တယ်တော်တဲ့ ငါ ဂိုဏ်းချုပ်

Vol. 46 Ch. 639

တယ်တော်တဲ့ ငါ ဂိုဏ်းချုပ်

Vol. 46 Ch. 639

"ခွေးသူတောင်းစားလေး ဘာလိုချင်တာလဲ ။ ဘာလုပ်နေတာလဲ" မှီခိုရာဂိုဏ်းချုပ်က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ပြီး မြေကြီးကို ထိုးချလိုက်သည်။ ‌နန်းတော်တစ်ခုလုံး ဝုန်းခနဲ မြည်ဟည်းသွား‌လေရာ တောင်တစ်တောင်လုံးအား တသိမ့်သိမ့် တုန်လာစေတော့သည်။ ကျွန်းပတ်ပတ်လည်ရှိ ပင်လယ်ပြင်တစ်လျှောက် လှိုင်းလုံးများပင် ရိုက်ခတ်သွားသည်။

"မင်း ငါ့ကို တမင်ရန်စနေတာမလား ခွေးသူတောင်းစားလေး" မှီခိုရာဂိုဏ်းချုပ်မှာ စိတ်တိုနေတော့သည်။ "ငါက စေတနာကောင်းကောင်း၊ သဘောကောင်းကောင်း လုပ်ပေးနေတာလေ။ အကုန်လုံး ခလုတ်မထိ ဆူးမငြိလုပ်ပေးနေတာကို မင်းက ငြင်းဆန်ရဲတယ်ပေါ့" သူ၏အသံမှာ နန်းတော်အတွင်းတွင် တုံ့ပြန်လူးလာ ပဲ့တင်ထပ်နေသော်လည်း နန်းတော်၏အပြင်သို့ ထွက်မလာပေ။ သူ့မှာ ယခုတွင် မိုးမီးလောင်မတတ် စိတ်တိုနေလေ၏။

"မင်းက တကယ်ပဲ ငါ ဂိုဏ်းချုပ်ကို ရူး‌သွားစေချင်နေဝာာကိုး။ ငါ-ီးတဲ့မှ မင်းရဲ့ကစားတာတော့ မခံဘူးဟေးးးး နှောင်ဖွဲ့ကင်းဂိုဏ်းကို သယ်ပြီး ထွက်သွားတော့မယ်။ မင်းကို အာခံလို့လည်း မရဘူးဆိုတော့ တစ်သက်လုံးမတွေ့အောင် ရှောင်ရုံပေါ့" မှီခိုရာဂိုဏ်းချုပ်က သူ၏စကားအတိုင်း လုပ်ရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။

"နေဦး မဖြစ်သေးဘူး" သံသယတို့ သူ၏မျက်နှာအပေါ်တွင် ပေါ်လာသည်။

"ခွေးသူတောင်းစားလေးက အဆုံးစွန်အထိ ကောက်ကျစ်ယုတ်မာတယ်။ လောလောဆယ် ငါ ဒီမှာရှိနေတာ မသိလောက်သေးဘူး။  ငါ ပေါ်လာရင် အိတ်ထဲကနေ ထွက်လာတဲ့ ကြောင်လိုဖြစ်မှာ။ ပြီးတော့ ငါ နဂါးငွေ့တန်းပင်လယ်မှာ ပုန်းနေတာကိုသာ သူသိသွားလို့ကတော့...." ရုတ်တရက် မှီခိုရာဂိုဏ်းချုပ်၏မျက်လုံးများ တဖျပ်ဖျပ် လက်လာသည်။

"ဟမ့် ငါ ဂိုဏ်းချုပ်က တယ်တော်တာပဲ။ ဉာဏ်လည်းကောင်းတယ်။ အစွမ်းလည်း ထက်တယ်။ ဘယ်လိုလုပ်ပြီး အရူးလုပ်ခံရမှာတုန်း" မှီခိုရာဂိုဏ်းချုပ်၏အသံသည် အထင်သေးမှုတို့ဖြင့် ပြည့်နှက်နေ၏။ "ခွေးသူတောင်းစားလေး သံသယဝင်နေမှာတော့ အသေအချာပဲ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ငါကိုယ်ယောင်ပြလိုက်လို့ မဖြစ်ဘူး။ သည်းခံထားဦးမယ် ... သူ ဆရာတစ်ယောက်ရွေးလိုက်ရင် …. မဟုတ်သေးဘူး။ အနုသုခုမရုပ်ခန္ဓာအဆင့်ဆရာတစ်ယောက်ကို လက်မခံဘူးတဲ့။ ဒါဆို အဖွဲ့တစ်ဖွဲ့ဆိုရင်ကော။ သူ ငြင်းမယ်ဆိုတာ ငါ မယုံနိုင်ဘူး" သူ၏နတ်ဘုရားအာရုံက ထပ်မံ၍ နှောင်ဖွဲ့ကင်းဂိုဏ်းတစ်ဂိုဏ်းလုံး ဖြာထွက်သွားပြန်သည်။

ထိုစဉ် နှောင်ဖွဲ့ကင်းဂိုဏ်း၏ ပင်မဂိတ်တွင် မန်ဟို၏ ပဲ့တင်ထပ်လာသောစကားလုံးများက ကျန်းဝမ်ဖန်းကို အံ့ဩတုန်လှုပ်သွားစေသည်။ နန်အာက မန်ဟို့ကို တခဏ မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ကြည့်ပြီးနောက် ခပ်ပြတ်ပြတ်လေသံနှင့် ပြောလိုက်သည်။

"ကျွန်တော် လက်မခံဘူးခင်ဗျ...."

ချိုင့်ဝှမ်း(၃)အရှင်မှာ ချက်ချင်း တုန်ရီသွားပြီး မန်ဟိုကို အမဲဖြတ်တော့မတတ် ကြည့်လေသည်။ သူက တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် နတ်ဘုရားအာရုံစီးကြောင်းရှစ်ကြောင်းက သူတို့ဆီ ဦးတည်လာကြသည်။

လေလယ်တွင် ပုံရိပ်ရှစ်ခု မြင်သာလာသည်။ သူတို့၏မျက်နှာများမှာ မထင်ရှားသော်လည်း အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံခြင်းအခြေခံလှိုင်းများကတော့ အတော်လေး ထင်ရှားလေသည်။ နှောင်ဖွဲ့ကင်းတစ်ဂိုဏ်းလုံး တုန်ရီသွားပြီး ကောင်းကင်မှာ ပြိုးပြိုးပြက်ပြက် လက်လာသည်။ ‌တိမ်တိုက်များ အုံ့ကြွလာပြီး လေပြင်းများ တိုက်ခတ်လာကာ ရောင်စုံအလင်းများ အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွား၏။

၎င်းက မရေမတွက်နိုင်သော ဂိုဏ်းသားများအား ပတ်ဝန်းကျင်တွင် စုရုံးရောက်ရှိလာစေသည်။ ပင်မဂိတ်တွင် ရောက်နှင့်နေပြီးသော နှောင်ဖွဲ့ကင်းဂိုဏ်းသားများမှာမူ မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားကြပြီး အကုန်လုံး ဒူးထောက်ဂါဝရပြုလိုက်ကြသည်။

ပြင်ပပင်လယ်မျိုးနွယ်ဝင်များမှာ အသက်ရှူသံများ မြန်လာကြသည်။ သူတို့သည်  မြင်ကွင်းကို ကြည့်ရင်း ချာချာလည်နေကြလေပြီ။

"ချိုင့်ဝှမ်းအရှင်ကိုးယောက်လုံး ဒီရောက်နေကြတာပဲ"

"ဘာတွေ ဖြစ်နေတာလဲ။ သူတို့အားလုံးက ကျန်းမျိုးနွယ်စုနဲ့ မိတ်ဆွေတွေလို့ ..... မပြောနဲ့နော်"

ကျန်းမျိုးနွယ်များမှာ ဖြစ်ပျက်နေသမျှ အရာအားလုံးနှင့်ပတ်သက်ပြီး လန့်လည်းလန့် ၊ အံ့လည်း အံ့ဩရင်း တုန်ရီလျက် ရပ်နေကြသည်။

တိတ်ဆိတ်မှုက ပတ်ဝန်းကျင်ကို ကြီးစိုးနေသည်။ မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ် လက်လျက် မော့ကြည့်လိုက်သည်။ ဤလူအားလုံးသည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး ခန္ဓာကိုယ်များမှ ထူးဆန်းသော အငွေ့အသက်များ ထုတ်လွှတ်နေကြ၏။ မန်ဟိုသည် လက်ရှိအဆင့်ဖြင့် ၎င်းတို့ကို အာရုံရနေသော်လည်း မည်သည့်အရာမှန်း သေသေချာချာ မသိပေ။

မှန်ပါသည်၊ သူတို့သည် ဂိုဏ်းအတွင်း၌ ချိုင့်ဝှမ်းအရှင်များ ဖြစ်ကြသည်ကို ထည့်တွက်လျှင် သူတို့၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် လျှို့ဝှက်ချက်များ ရှိကြမည်သာ ဖြစ်၏။

"ဒီကလေးက နှောင်ဖွဲ့ကင်းဂိုဏ်းနဲ့ သေချာပေါက် ရေစက်ပါတယ်" လေလယ်ရှိ နတ်ဘုရားအာရုံစီးကြောင်းရှစ်‌ကြောင်းအတွင်းမှ ရှေးဆန်သောအသံကြီးတစ်သံက ပြောသည်။ အသံကြီးသည် နှောင်ဖွဲ့ကင်းဂိုဏ်းတစ်လျှောက်လုံး ပဲ့တင်ထပ်သွား၏။

"ဆွေးနွေးပြီးတဲ့နောက် ငါတို့ ချိုင့်ဝှမ်းအရှင်ကိုးယောက်လုံး ဒီကလေးကို တပည့်အဖြစ် လက်ခံမယ်။ သူ့အနေနဲ့ သီးသန့်ဂိုဏ်းသားအဖြစ် ဂိုဏ်းထဲ ဝင်ရောက်ရမယ်"

အသံကြီးသည် ရှိရှိသမျှ လူတိုင်း၏နားအတွင်းသို့ ဝင်ရောက်လာသည်။ ပြင်ပပင်လယ်မှ ကျန်မျိုးနွယ်ဝင်များမှာ အလွန်ထိတ်လန့်တုန်ရီစွာဖြင့် ကြည့်နေကြတော့၏။ မထင်မှတ်ထားသော အဖြစ်အပျက်များမှာ သူတို့၏ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မေ့ရတော့မည်မဟုတ်သည့်တိုင်အောင် ခမ်းနားလွန်းလေသည်။

နှောင်ဖွဲ့ကင်းဂိုဏ်းသားများမှာ လုံးလုံးလျားလျား မှင်သက်သွားကြပြီး အကုန်လုံး ချိုင့်ဝှမ်း(၃)အရှင်လက်ထဲရှိ ကလေးကို လှမ်းကြည့်လိုက်ကြသည်။

နှောင်ဖွဲ့ကင်းဂိုဏ်းတွင် သီးသန့်ဂိုဏ်းသား သုံးဦးသာ ရှိခဲ့သည်။ ဤအခိုက်အတန့်တွင်တော့ လေးဦးဖြစ်သွားလေပြီ။

အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေပြီးနောက် ဝုန်းခနဲ ဆူညံသွားတော့သည်။ အသံကြီးမှာ တန်းစီနေသောလူများ၏ အံ့ဩမယုံကြည်နိုင်မှုတို့ကို ထုတ်ဖော်ထားသော စကားသံများကြောင့် ဖြစ်ပေါ်လာခြင်းပင်။

လွန်ခဲ့လေပြီးသော နှစ်ပေါင်းများစွာတစ်လျှောက်လုံး ယခုလိုဖြစ်ရပ်မျိုး နှောင်ဖွဲ့ကင်းဂိုဏ်းတွင် တစ်ခါမှ မဖြစ်ပွားခဲ့ဖူးပေ။ ချိုင့်ဝှမ်းအရှင်ကိုးဦးမှာ ဘယ်တုန်းကမှ လူတစ်ယောက်အား တပည့်အဖြစ် လက်မခံဖူးသည် မဟုတ်ပါလော။ ထိုသူ ထင်ရှားကျော်ကြားလာတော့မည်မှာ မြေကြီးလက်ခတ် မလွဲပေ။

ကျန်းမျိုးနွယ်စုမှာမူ ယနေ့အဖြစ်အပျက်များကြောင့် တဟုန်ထိုး ကျော်ကြားထင်ရှားလာပေတော့မည်။ ပြင်ပပင်လယ်တွင်ဖြစ်စေ၊ ပတ်လမ်း(၄)တွင် ဖြစ်စေ ၊ သူတို့၏နှောင်ဖွဲ့ကင်းဂိုဏ်းနှင့် ဆက်ဆံရေးကြောင့် မည်သူမှ သူတို့ကို ရန်စရဲမည်မဟုတ်တော့ပေ။ ဤသတင်းကား မကြာခင် ‌တောမီးသဖွယ် ပျံ့နှံ့သွားတော့မည်ဖြစ်သည်။

ကျန်းမျိုးနွယ်စု ထွန်းတောက်လာအောင် ကံကြမ္မာက ဖန်လိုက်လေပြီ။

ကျန်းဝမ်ဖန်းမှာ မထင်မှတ်ထားသော ကောင်းချီးပေးခံရမှုကြောင့် အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ပေ။ အတိုင်းထက်အလွန် အံ့ဖွယ်ကောင်းလွန်း၍ သူမတစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာပြီး မျက်ရည်များ ပါးပြင်တစ်လျှောက် စီးကျလာသည်။ သူမအနားရှိ ကျန်းမျိုးနွယ်များမှာလည်း အတိုင်းမသိ စိတ်လှုပ်ရှားနေကြတော့၏။

မန်ဟိုက ပြုံးလိုက်သည်။ နန်အာ သူ့ကို ကြည့်နေပြန်သည်ကို သတိထားမိသောအခါ သူက ခေါင်းညိတ်လိုက်၏။

နန်အာက သတ္တိရှိရှိ၊ ရဲရဲဝင့်ဝင့် ပြောလိုက်သည်။ "နန်အာ ဆရာဘိုးဘိုးတို့ကို ဆရာအဖြစ် လက်ခံပါတယ်"

သူ၏အသံသည် သိပ်မကျယ်သော်လည်း ဟိန်းထွက်လာသည့်အခိုက်အတန့်တွင် နှောင်ဖွဲ့ကင်းဂိုဏ်းသားများဖြစ်စေ၊ ပြင်ပပင်လယ်မျိုးနွယ်စုများဖြစ်စေ အကုန်လုံး သိလိုက်ကြ၏ ... သည်ကလေးကား သူတို့နှင့် ကွဲပြားခြားနားသွားလေပြီ။

ချိုင့်ဝှမ်းအရှင်ကိုးဦးကို ဆရာအဖြစ်တင်မြှောက်ထားသော သူကား နှောင်ဖွဲ့ကင်းဂိုဏ်းတစ်ဂိုဏ်းလုံးတွင် သေချာပေါက် နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်လာလိမ့်မည်။ သူ၏ပင်ကိုယ်ပါရမီက ဆိုးဆိုးရွားရွား မညံ့ဖျင်းသရွေ့  မုချ အမြုတေဖြစ်တည်မှုအဆင့်သို့ ရောက်ပေလိမ့်မည်။

ယခုအချိန်မှစပြီး ကျန်းမျိုးနွယ်စုသည် ကောင်းကင်ယံတွင် အသျှံတညီးညီးတောက်ပနေသော နေတစ်စင်းပမာ ဖြစ်ပေမည်။ သူတို့ကို အထင်သေးရှုံ့ချခဲ့သော မည်သူမဆို ခေါင်းဖော်ရဲကြဝောာ့မည်မဟုတ်။ အတိတ်တုန်းက သူတို့နှင့် အတိုက်အခံဖြစ်ခဲ့ဖူးသူတိုင်း ကြောက်လန့်တုန်ရီစွာဖြင့် တောင်းပန်လက်ဆောင်များသာ ဆက်သကြရပေမည်။

သူတို့နှင့် သွေးကြွေးရှိသူများမှာတော့ ပြင်ပပင်လယ်သို့ ချက်ချင်း ပြန်ပြေးကြရမည်။ မဟုတ်လျှင် မည်သည့်နေရာတွင်မှ ခိုလှုံနိုင်တော့မည်မဟုတ်ပေ။

ကျန်းမျိုးနွယ်စုမှာ နဂါးဂိတ်ဝအပေါ် ခုန်တက်ပြီး အမြင့်မားဆုံး‌ဆုကြေးအား ရရှိသွားသော ဂဏန်းတစ်ကောင်အတိုင်းပင်။ ထိုသည်က လူတိုင်း၏ နောက်ဆုံးအကဲဖြတ်သုံးသပ်မှုဖြစ်၏။

မျက်ရည်များက ကျန်းဝမ်ဖန်း၏မျက်နှာပြင်တစ်လျှောက် စီးကျလာသည်။ နှလုံးသားထဲရှိ ပျော်ရွှင်မှုက သူမမျက်နှာလေးအပေါ်တွင် အတောက်ပဆုံးသော အပြုံးလေးတစ်ခု ဖြစ်ထွန်းလာစေ၏။ "ယောက်ျား ၊ မြေအောက်ကမ္ဘာကနေ ဒါတွေကို ရှင် ကြည့်နေတယ်မလားဟင်..."

ကျန်ကျန်းမျိုးနွယ်ဝင်များမှာ သူတို့၏အနာဂတ်တံခါးကြီးပွင့်သွားသည်ကို မြင်လိုက်ရသည့်အလား ဝမ်းသာကြည်နူးနေကြဝောာ့သည်။ သူတို့သည် အတိတ်ကို ပြန်တွေးပြီး အနာဂတ်ကို ပုံဖော်ရင်း ဉာဏ်အလင်းအသစ်ပွင့်သွားကြသယောင်ပင်။ ထိုဉာဏ်အလင်းက သူတို့အား ပို၍မြင့်မားသော နယ်ပယ်သို့ တက်လှမ်းရန် အထောက်အပံ့ဖြစ်ပေလိမ့်မည်။

သို့သော် အားလုံးအထဲ စိတ်အလှုပ်ရှားဆုံးမှာတော့ လူအုပ်ကြီးလည်းမဟုတ်။ ကျန်းမျိုးနွယ်များလည်း မဟုတ်။ ထိုအစား နန်းတော်ထဲရှိ မှီခိုရာဂိုဏ်းချုပ်ပင်။ သူ့မှာ အလွန်စိတ်လှုပ်ရှားလွန်း၍ ခေါက်တုံ့ခေါက်ပြန် လျှောက်နေစဉ် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ သူက လှောင်ပြောင်သရော်နေသော မျက်နှာပေးဖြင့် ဂူယိတင်းစန်းယွီကို လှမ်းကြည့်၏။

သူ့အနေဖြင့် ကျန်းမျိုးနွယ်စုနှင့်ပတ်သက်ပြီး မည်သည်တို့ဖြစ်ပျက်နေသလဲ ဂရုမစိုက်ပေ။ နှောင်ဖွဲ့ကင်းဂိုဏ်းနှင့် မန်ဟို့ကို လှမ်းကြည့်နေစဉ် သူ၏မျက်လုံးများတွင် ဖုံးဖိမရနိုင်သော မျှော်လင့်ချက်တို့ တောက်ပလာသည်။ သူ့မှာ ဤအရာအားလုံးက မန်ဟို့အား သူတော်စင်ကျွန်းမှ မောင်းထုတ်ရန် လုံလောက်ပါစေကြောင်း ဆုတောင်းနေလေသည်။

"မင်းမှာ နေစရာအကြောင်းမရှိတော့ဘူး ခွေးသူတောင်းစားလေး။ ဟားဟား ပြန်တော့ မြန်မြန်။ မင်းကို ဘယ်တော့မှ ထပ်မတွေ့ရစေနဲ့" မှီခိုရာဂိုဏ်းချုပ်မှာ မန်ဟို ‌သံသယမဝင်ဘဲ ထွက်သွားလိမ့်မည်ဟု တထစ်ချ တွက်ထားသည်။ ထို့နောက်တွင် သူ့အနေဖြင့် အနှောင်အဖွဲ့ကင်းပြီး လွတ်လပ်သောဘဝဖြင့် အေးအေးလူလူ နေထိုင်ပေမည်။ သူ့မှာ တွေးရင်း လက်စားချေနိုင်ခဲ့သည့်အလား စိတ်လှုပ်ရှားပျော်ရွှင်နေတော့သည်။ မန်ဟို ထွက်သွားတော့မည့်အကြောင်းတွေးလေလေ၊ သူ့မှာ တက်ကြွလာလေလေ ဖြစ်တော့၏။

လောလောဆယ်တွင် နှောင်ဖွဲ့ကင်းဂိုဏ်းတစ်ဂိုဏ်းလုံးမှာ အုတ်အုတ်ကျက်ကျက် ဖြစ်နေလေပြီ။ မန်ဟိုက ရယ်နေပြီး မျက်လုံးများ တဖျပ်ဖျပ် လက်နေသည်။ ထို့နောက် ကျန်းဝမ်ဖန်းနှင့် ကျန်ရှိသူများကို လှမ်းကြည့်လိုက်စဥ် သူ၏မျက်နှာအမူအရာသည် ပုံမှန်ပြန်ဖြစ်သွား၏။

သူ၏မျက်ဝန်းများအရ ကျန်မျိုးနွယ်စု၏ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်ပြီး စိတ်ပူနေသေးသယောင်ပင်။

အခြားသူများအနေဖြင့် သူ၏မျက်နှာရိပ်မျက်နှာကဲကို ဖတ်နိုင်လောက်မည် မဟုတ်သော်လည်း မှီခိုရာဂိုဏ်းချုပ်ကတော့ မန်ဟို့ကို မမှိတ်မသုန် အာရုံစိုက်နေ၍ ၎င်းကို ချက်ချင်း အာရုံရလိုက်သည်။ သူက တွေဝေတုံ့ဆိုင်းမနေဘဲ ချိုင့်ဝှမ်းအရှင်ကိုးယောက်ဆီသို့ နတ်ဘုရားအာရုံပို့လွှတ်လိုက်သည်။

ချိုင့်ဝှမ်းအရှင်ကိုး‌ယောက်မှာ မန်ဟိုတွေးနေသောအရာကို သိသည့်အလား ချက်ချင်း စကားပြောလာကြသည်။

"ကျန်းမျိုးနွယ်တွေက နှောင်ဖွဲ့ကင်းဂိုဏ်းနဲ့ မိတ်ဆွေရင်းချာတွေပဲလေ။ ဒါကြောင့် သူတော်စင်ကျွန်းပေါ်မှာ ကိုယ်ပိုင်နယ်မြေကို အမြဲအပိုင်စားရမယ်"

ချက်ချင်းပင် ပြင်ပပင်လယ်မှ မျိုးနွယ်ဝင်အသီးသီး၏ရင်ထဲတွင် ပြင်းထန်သော အားကျမနာလိုမှုလှိုင်းများ ပြည့်နှက်သွားတော့သည်။ နှောင်ဖွဲ့ကင်းဂိုဏ်းသို့ သူတို့ဝင်ရောက်လိုသည့် အကြောင်းရင်းတစ်ခုမှာ မျိုးနွယ်ဝင်တစ်ယောက်တည်းမဟုတ်ဘဲ မျိုးနွယ်စုတစ်စုလုံး သူတော်စင်ကျွန်းသို့ ရွှေ့ပြောင်းနိုင်ရန် မဟုတ်ပါလော။

၎င်းသည် ချီးမြှောက်မှုကြီးတစ်ခုဖြစ်ပြီး လွန်စွာမြင့်မားသော အဆင့်အတန်းတစ်ခုပင်။ သူတော်စင်ကျွန်းသို့ ရွှေ့ပြောင်းပြီးလျှင် မျိုးနွယ်စုအနေနဲ့ အ‌နာဂတ်တွင် ဆက်လက်တည်ရှိနိုင်ဖို့ စိုးရိမ်နေစရာ မလိုတော့ပေ။ နှောင်ဖွဲ့ကင်းဂိုဏ်းက သူတို့၏အင်အားအတောင့်ဆုံး စောင့်ရှောက်သူ ဖြစ်လာပေလိမ့်မည်။

ယခုတွင် လူတိုင်းသည် စုတ်ချာနွမ်းပါးသောကျန်းမျိုးနွယ်စု မယုံကြည်နိုင်ဖွယ် ကံကြမ္မာကောင်းများအား လက်ခံရရှိနေသည်ကို ကြည့်နေကြ၏။ ရှုပ်ထွေးသောအတွေးပေါင်းစုံက လူတိုင်း၏ရင်ထဲတွင် ပြည့်နှက်နေလေသည်။ အကုန်လုံးကား ကျန်းမျိုးနွယ်စုနှင့် မိတ်ဆွေဖြစ်ရဖို့ မည်သို့ပင်ပေးဆပ်ရပါစေ ကြိုးစားမည်ဟူ၍ ချက်ချင်း ဆုံးဖြတ်လိုက်ကြ၏။

ရှုမျိုးနွယ်စုမှာမူ ကြောက်လန့်တုန်လှုပ်လျက် ရင်တဒိန်းဒိန်းခုန်‌တော့သည်။ သူတို့သည် ကျန်းမျိုးနွယ်စုမှ လက်တုံ့ပြန်မည်ကို ကြောက်လန့်နေကြ၏။ ထိုသို့ဖြစ်ခဲ့လျှင် ၎င်းက သူတို့ တောင့်ခံနိုင်မည်မဟုတ်‌သော ကပ်ဘေးကြီးဖြစ်သွားပေလိမ့်မည်။

ဤသို့ဖြင့် ဆရာတပည့်သတ်မှတ်ခြင်းကား နိဂုံးချုပ်သွားတော့၏။ ‌တန်းစီနေသော လူအုပ်ကြီးမှာတော့ ဂိုဏ်းသို့ ဝင်ရောက်ရဖို့ ဆက်လက်စောင့်စားနေကြရပြီး ကျန်းမျိုးနွယ်စုမှာမူ နှောင်ဖွဲ့ကင်းဂိုဏ်းသားများ၏ လေးလေးစားစား လမ်းပြခေါ်ဆောင်သွားခြင်း ခံကြရသည်။ အကုန်လုံးမှာ မနာလိုအားကျနေရုံမှတစ်ပါး အခြားမရှိပေ။ မှီခိုရာဂိုဏ်းချုပ် မျှော်လင့်တကြီး စောင့်ကြည့်နေစဉ် မန်ဟိုကတော့ ကျန်းမျိုးနွယ်စုနှင့်နောက်ဆုံး လမ်းခွဲလိုက်သည်။

နန်အာက မန်ဟိုကို လေးလေးနက်နက် ကြည့်နေ၏။ သူက မခွဲခွာချင်သော မျက်နှာလေးဖြင့် လက်ဝှေ့ယမ်း နှုတ်ဆက်နေလေသည်။

မန်ဟိုက ‌ကောင်လေး၏ဆံပင်ကို လှမ်းဖွလိုက်သည်။ ထို့နောက် သူသည် သိုလှောင်အိတ်ထဲမှ မှော်ပစ္စည်းတချို့နှင့်အတူ ဆေးပုလင်းတစ်ပုလင်းထုတ်ပြီး ကောင်လေးကို ပေးလိုက်၏။

"အာရုံစူးစူးစိုက်စိုက်နဲ့ ကျင့်ကြံအားထုတ်" မန်ဟိုက ပြောသည်။ "ဘယ်သိနိုင်မလဲ ဦးလေးတို့ တစ်နေ့ပြန်တွေ့ရမလားဆိုတာ" သူက ထိုသို့ပြောရင်း နန်အာ့ပခုံးကို ပုတ်ပြီးနောက် အဝေးသို့ လမ်းလျှောက်ထွက်သွားတော့သည်။

ကျန်းဝမ်ဖန်းက လမ်းလျှောက်ထွက်သွားသော မန်ဟို့ကို တစ်လှည့်၊ နန်အာ့ကို သူပေးခဲ့သော လက်ဆောင်များကိုတစ်လှည့်ကြည့်လိုက်သည်။ သူမမျက်ဝန်းများတွင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စိတ်တို့ ပြည့်နှက်သွားပြီး သူမက ဒူးထောက်ကာ သူ့ကို လေးလေးစားစား ဂါဝရပြုလိုက်လေသည်။

နန်အာ တပည့်အဖြစ် လက်ခံခြင်း ခံခဲ့ရသော အကြောင်းရင်းအစစ်အမှန်ကိုတော့ သူတို့ ‌တစ်သက်လုံး သိလောက်မည်မဟုတ်ပေ။

မန်ဟိုက တရွေ့ရွေ့ ထွက်လာခဲ့သည်။

မှီခိုရာဂိုဏ်းချုပ်၏ မျှော်လင့်ချက်များ ပြည့်ရွှမ်းနေသော အကြည့်အောက်တွင် သူသည် နှောင်ဖွဲ့ကင်းဂိုဏ်းတောင်တန်းများမှ ထွက်လာခဲ့၏။ ဤသို့ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက် မှီခိုရာဂိုဏ်းချုပ်က ပြုံးလိုက်ပြီး အော်ဟစ်ခုန်ပေါက်မိမတတ် အလွန်စိတ်လှုပ်ရှားလာတော့သည်။

သူကား သူမည်မျှဉာဏ်ကောင်းသည်လဲ တွေးရင်း ပီတိမဖြစ်မိဘဲ မနေပေ။ လောလောဆယ်တွင် သူ့မှာ မည်သည့်အရာကို ကြည့်ကြည့် အပျော်ကြီးပျော်နေတော့သည်။ မန်ဟို တ‌ဖြေးဖြေး ဝေးဝေးသွားစဉ် သူ၏မျက်လုံးများသည် လင်းလက်တောက်ပလျက်ရှိ၏။

သို့သော် ပြုံးနေရင်းတန်းလန်း ရုတ်တရက် သူ၏ပါးစပ်ကြီး ဟသွားသည်။

အဘယ်ကြောင့်ဆိုသော် မန်ဟိုက အလင်းတန်းအသွင်ဖြင့် လေကို ခွင်းသွားနေစဉ် ရုတ်တရက် ရပ်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည့်အတွက်ပင်။ သူ၏အောက် ၊ ထိုနေရာ၊ နှောင်ဖွဲ့ကင်းဂိုဏ်းမှ မလှမ်းမကမ်းတွင် သူတော်စင်ကျွန်းပေါ်၌ အကြီးဆုံးကျင့်ကြံသူမြို့များထဲက တစ်မြို့ရှိနေ၏။

"ဟင်။ လုပ်စမ်းပါ သွားပါတော့" မှီခိုရာဂိုဏ်းချုပ်က စိန်းစိန်းဝါးဝါး ကြည့်ရင်း ပြောသည်။ "ဘာတွေ စောင့်နေတာလဲ ဟမ်"

မန်ဟိုသည် မေးစေ့ကို ပွတ်ရင်း လေလယ်တွင် ရပ်နေ၏။ တမင်တကာ လုပ်နေခြင်း ဟုတ်လား၊ မဟုတ်လား ပြောရန်မဖြစ်နိုင်သော်လည်း ... သူက တစ်ယောက်တည်း ရေရွတ်နေလေသည်။

"ငါ ထွက်မသွားခင် ပစ္စည်းတချို့ ဝယ်ဖို့ လိုနေတယ်။ ‌နဂါးငွေ့တန်းပင်လယ်မှာ ဒီလိုကျင့်ကြံသူမြို့မျိုး ထပ်ရှာတွေ့ဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူး

"ဒါ့အပြင် ဒီနှောင်ဖွဲ့ကင်းဂိုဏ်းကျင့်ကြံသူတွေက သဘောလည်းကောင်းကြတယ်ဆိုတော့ ဈေးနည်းရင် နည်းလောက်မှာ။ မများတာကတော့ သေချာတယ်။ များလွန်းနေရင်တော့ သူတော်စင်ကျွန်းမှာ ဒီထက်ပိုပြီးတောင် ကြာကြာ‌နေရတော့မယ် ထင်တာပဲ" သူက လည်ချောင်းရှင်းရင်း မြို့တော်ဆီသို့ ပျံသန်းသွားလိုက်သည်။

မန်ဟို မြို့အပေါ် ဆင်းသက်လာစဉ် မှီခိုရာဂိုဏ်းချုပ်မှာတော့ တွေတွေကြီး ကြည့်နေလေသည်။ သူ့မှာ ငိုချင်ပါသော်လည်း မျက်ရည်ကျမလာသည့်အပြင် ရူးတော့မတတ် ဖြစ်နေလေပြီ။ သူသည် ရှူးရှူးရှားရှား ဒေါသထွက်နေပြီး အံတင်းတင်းကြိတ်ရင်း နန်း‌တော်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။

"ငါ အောင်မြင်သလောက်ရှိနေပြီ။ ဆက်သွားရင် အောင်မြင်သွားတော့မှာ။ ဒီတော့ ဒါကို ရင်ဆိုင်ရမယ်။ ဝိညာဉ်ကျောက်တုံးမရှိဘူးတဲ့လား။ လခွမ်း။ ငါ မင်းကို ပေးမယ်

"မင်း ထွက်သွားသရွေ့ ငါ ဘာမဆိုလုပ်ပေးမယ်"

***

All Chapters