ဈေးဝယ်ပြီးရင် ထွက်သွားမယ်
Vol. 46 Ch. 640
မန်ဟိုကား စိတ်ကြည်လင်လန်းဆန်းနေ၏.....
ယနေ့မှာ နေသာနေသော နေ့လေးတစ်နေ့ဖြစ်ပြီး ညနေစောင်းခါနီးလေပြီ။ ကောင်းကင်ကြီး၏အရောင်နှင့် သဘာဝရှုခင်းတို့မှာ ဆိုဖွယ်မရှိလောက်အောင် သာယာလှပလွန်း၏။ ၎င်းကို ကြည့်လေလေ ၊ စိတ်ရွှင်လန်းလေလေ ဖြစ်လေသည်။
သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ မြို့တော်ဆီသို့ ဦးတည်သွား၏။ သူရောက်ရှိတော့မည့်အချိန်မှာပင် နတ်ဘုရားအာရုံစီးကြောင်း ခုနစ်ကြောင်း၊ ရှစ်ကြောင်းက ရုတ်တရက် သူ့အနား ချဉ်းကပ်လာသည်။ ချက်ချင်းဆိုသလို ၎င်းတို့သည် အထိတ်တလန့် ပြန်ဆုတ်သွားကြ၏။
မန်ဟိုက အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံကိုသာ ဖော်ပြထားလေသည်။ သို့ထိတိုင် ၎င်းက မြို့ထဲရှိ လူများအား အတန်ငယ် တုန်လှုပ်သွားစေ၏။ ဘယ်သူမှ သူ့လမ်းကို မပိတ်ရဲသဖြင့် မြို့ထဲသို့ အသာတကြည် ဝင်ခွင့်ပြုလိုက်လေသည်။
ကျင့်ကြံသူများမြို့တော်သည် လူနေထူထပ်ပြီး ပျားပန်းခတ်မျှ စည်ကားသိုက်မြိုက်နေ၏။ ဈေးဆိုင်များအား စုံလင်စွာ မြင်ရနိုင်သည့်အပြင် ကျင့်ကြံသူအများစုမှာ စဦးချီဖွဲ့စည်းမှုအဆင့်ဖြစ်ကြသော်လည်း ချီအခြေတည်အဆင့်တချို့လည်း ရှိပြီး အမြုတေဖြစ်တည်မှုအဆင့်ကိုပင် ရံဖန်ရံခါတွေ့ရနိုင်၏။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများကိုမူ အနည်းအကျဉ်းတော့ မြင်ရတတ်၏။ သူတို့သည် နှောင်ဖွဲ့ကင်းဂိုဏ်းသားမဟုတ်ကြဘဲ ကုန်ရောင်းကုန်သွယ်ရန် ပတ်လမ်း(၄)မှ ရောက်လာကြသော ကျင့်ကြံသူများ ဖြစ်လေသည်။
မြို့ထဲဝင်ပြီး လမ်းစလျှောက်လျှင်ချင်း လမ်း၏တစ်ဖက်တစ်ချက်တွင် တင့်တယ်ခမ်းနားသော ဒေသထွက်ကုန်အပြည့်ဖြင့် ဆိုင်များကို မြင်လိုက်ရသည်။ ဝယ်သူများကား ထွက်ချည်ဝင်ချည် မပြတ်ကြပေ။ လမ်းများမှာမူ အစိမ်းရောင်ကျောက်များခင်းထားလေရာ တစ်နေရာလုံးအား ပို၍ပင် ခံ့ညားထည်ဝါနေစေတော့သည်။
မန်ဟိုသည် လမ်းလျှောက်နေရင်း အရှေ့တွင် အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့်ကျင့်ကြံသူတစ်ယောက်အား သတိထားမိလိုက်၏။ သူက စိမ်းဖန့်ဖန့်ဝတ်ရုံတစ်စုံအား ဝတ်ဆင်ထားပြီး ထွားထွားကြိုင်းကြိုင်းကြီးဖြစ်သဖြင့် ဒေါသထွက်နေသည့်တိုင် ကြောက်စရာကောင်းနေလေသည်။
သူက မန်ဟို့ဘေးနားမှ ဖြတ်လျှောက်သွားပြီး လမ်းဘေးရှိ ဈေးဆိုင်တစ်ဆိုင်သို့ ဝင်တော့မည့်အချိန်မှာပင် ရုတ်တရက် အဝေးမှ အော်သံတစ်သံအား ကြားလိုက်ရလေသည်။ အလင်းတန်းတစ်တန်းက အမြင့်ဆုံးအရှိန်ဖြင့် သူ့ဆီ ဦးတည်လာသည်။
"ကျိုးကျင့် သစ္စာဖောက်။ မင်းက ငါ့ဝိညာဉ်ကျောက်တုံးတွေကို ခိုးပြီး ဒီမှာ လာပုန်းနေတယ်ပေါ့လေ။ အေး ငါ စွန်း ကျိန်တယ်။ မင်း ဒီနေ့ သေစေရမယ်" သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက် ချဉ်းကပ်လာနေသည်ကို မြင်ရနိုင်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် အမြုတေဖြစ်တည်မှုအဆင့်ဖြစ်ပြီး စွမ်းအားကား အကန့်အသတ်မရှိပေ။ သူသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ရာ ဓားပျံနှစ်လက်အား ဓားအလင်း တဖျပ်ဖျပ်ဖြင့် ပျံထွက်လာစေသည်။ ၎င်းတို့က စိမ်းဖန့်ဖန့်ဝတ်ရုံနှင့်ကျင့်ကြံသူဆီသို့ ချက်ချင်း ဦးတည်လာကြ၏။
ထိုလူမှာ မျက်နှာပျက်သွားပြီး ရှောင်တိမ်းရန် အချိန်မရလိုက်ပေ။ ချက်ချင်းပင် နှစ်ယောက်ကြား တိုက်ပွဲ ဖြစ်ပွားတော့၏။ လက်နက်ချင်းချသံများ တချွင်ချွင်၊ တထန်ထန် ရိုက်ခတ်နေရာ အနီးနားရှိ ကြည့်နေကြသူများမှာ လမ်းမှ ဖယ်ပေးနေကြရလေသည်။
သူတို့က မိုးထိညံနေသော ပေါက်ကွဲသံများဖြင့် ခြံရံလျက် ပေါ်တင်တိုက်ခိုက်နေကြသည်။ မှော်ပစ္စည်းများ ၊ နတ်ဘုရားစွမ်းရည်များကို ထုတ်ဖော်၍ နှစ်ယောက်လုံးမှာ သွေးအန်ကာ နောက်လွင့်သွားကြသည်။ သူတို့နောက် လွင့်ထွက်သွားသည့်အခိုက်အတန့်မှာပင် စည်းကမ်းထိန်းသိမ်းရေးအတွက် တာဝန်ကျနှောင်ဖွဲ့ကင်းဂိုဏ်းသားများ အပြေးအလွှား ရောက်လာကြသည်။ အေးစက်စက်နှာမှုတ်သံတစ်သံ ပတ်ဝန်းကျင်တစ်ခုလုံး ပြည့်နှက်သွား၏။
"သူတော်စင်အဝေးမြို့မှာ မှော်တိုက်ပွဲတွေကို တားမြစ်ထားတယ်။ မင်းတို့နှစ်ကောင် အခုချက်ချင်း ထွက်သွားကြစမ်း"
ပဲ့တင်ထပ်လာသောအသံက စွန်းအမည်ရှိကျင့်ကြံသူ၏မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ သူ မော့ကြည့်လိုက်စဉ် ကျိုးအမည်ရှိကျင့်ကြံသူက ခေတ္တရပ်သွားမှုကို အခွင့်ကောင်းယူကာ ဝေးဝေးရောက်အောင် ဆုတ်သွား၏။ တမင်တကာလား၊ အမှတ်မထင်လား ပြောရခက်သော်လည်း သူ၏လှုပ်ရှားမှုက သူ့အား မန်ဟို၏ဘေးတည့်တည့်ကိုမှ ရောက်သွားစေသည်။ စောင့်ကြည့်နေသူများ မည်သည်တို့ဖြစ်ပျက်နေသည်လဲ မမြင်နိုင်ခင် ထိုလူက သိုလှောင်အိတ်တစ်အိတ်အား မန်ဟို့ဆီ ပေးလိုက်လေ၏။
"ကျေးဇူးပြုပြီး ဒါလေးကြည့်ထားပေးပါ တာအိုရောင်ရင်း" သူက ပြောသည်။ "အနည်းဆုံးသုံးရက်အတွင်း ပြန်လာခဲ့ပါမယ်။ သုံးရက်အတွင်းမှ ပြန်ရောက်မလာခဲ့ရင် ရောင်ရင်းပဲ အပိုင်ယူလိုက်ပါတော့" သူက ပြောပြောဆိုဆိုနှင့် လေပေါ်ပျံတက်လိုက်သည်။ စွန်းအမည်ရှိကျင့်ကြံသူက ဟိန်းဟောက်ပြီး သူ့နောက် လိုက်သွား၏။ နှစ်ယောက်လုံးကား တမုဟုတ်ချင်း ပျောက်ကွယ်သွားခဲ့လေပြီ။
မန်ဟိုမှာတော့ မျက်လုံးလေး ကလယ်ကလယ်ဖြင့် ရပ်ကျန်ခဲ့သည်။ တိုက်ပွဲ စဖြစ်သည်က မြန်ခဲ့သလို၊ အဆုံးသတ်မှာလည်း ပို၍ပင် မြန်သေးသည်။ မန်ဟိုက သိုလှောင်အိတ်ကို ငုံ့ကြည့်ရင်း တံဆိပ်အမှတ်အသားအား မတွန့်မဆုတ် ဖယ်ရှားလိုက်ပြီးနောက် ၎င်းအား နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်လေသည်။ ချက်ချင်းပင် သူ၏မျက်နှာအပေါ်၌ ထူးဆန်းသောအမူအရာကြီး ဖြစ်ပေါ်လာတော့သည်။
အတွင်းတွင်ကား ဝိညာဉ်ကျောက်တုံးများမှအပ တခြားမရှိပေ .....
ထိုမျှသာမက သုံးသောင်းကျော်သည်။
မန်ဟိုက ချောင်းဟန့်ပြီးနောက် သိုလှောင်အိတ်ကို သိမ်းလိုက်သည်။ ယခုလို ကရော်ကမယ် အမှားပေါင်းသောင်းခြောက်ထောင်နှင့် ခက်ခက်ခဲခဲ လုပ်ရလောက်အောင်အထိ သုံးစားမရသောသူမှာ တခြားမည်သူရှိနိုင်မည်နည်း။
သူတော်စင်ကျွန်းသို့ ပထမဆုံး ခြေချခဲ့စဉ်က မန်ဟိုသည် မည်သည့်အတွက်ကြောင့် ဤနေရာနှင့် အလွန်ရင်းနှီးနေသလို ခံစားခဲ့ရသည်လဲ ထွေထွေထူးထူး စဉ်းစားမနေခဲ့ပေ။ သို့သော် တစ်စုံတစ်ယောက်က ပြောင်းလဲလိုက်သည့်အလား သူ၏မှတ်ဉာဏ်ထဲရှိ ရင်းနှီးသောနေရာများနှင့် အလွန်ကွဲပြားနေကြောင်း သတိထားမိခဲ့၏။ ထိုတစ်စုံတစ်ယောက်က တောင်တန်းများ၊ မြစ်ချောင်းများကိုပင် မတူအောင် လုပ်ခဲ့လေသည်။
ထို့အပြင် .... အရာအားလုံးမှာ ခလုတ်မထိ ဆူးမငြိ လွယ်ကူချောမွေ့နေသည်။ အထူးသဖြင့် ကိစ္စရပ်အကုန်လုံးက နှောင်ဖွဲ့ကင်းဂိုဏ်းနှင့် ပတ်သက်နေ၏။ မန်ဟိုမှာ အတန်ငယ် သံသယမဝင်မိဘဲ မနေခဲ့ပေ။ ထောင့်စေ့အောင် စဉ်းစားပြီးသည့်နောက်တွင်တော့ သူ့အတွက် မည်သည်တို့ဖြစ်ပျက်နေသည်လဲ နားလည်သွားရန်မှာ မထူးဆန်းသည်သာ။
"အဲ့ဒီသောက်အဘိုးကြီးက ပုန်းတာ တကယ် တော်တယ်။ ငါ့ရဲ့ မိစ္ဆာချုပ်နှောင်ခြင်းအာရုံတွေတောင် သူ့အရှိန်အဝါကို သတိမထားမိနိုင်ခဲ့ဘူး" မန်ဟိုက ချောင်းဖွဖွဆိုးလိုက်ပြီး မျက်တောင်တစ်ချက်မခတ်ဘဲ ဆက်လျှောက်သွားတော့သည်။
ထိုစဉ် နန်းတော်ထဲတွင်တော့ မှီခိုရာဂိုဏ်းချုပ်မှာ ရင်တမမဖြင့် မန်ဟို့ကို စိုက်ကြည့်နေသည်။ သူသည် မန်ဟို သိုလှောင်အိတ်အား သိမ်းလိုက်သည်ကို ကြည့်ပြီး သက်ပြင်းချလိုက်၏။ ထို့နောက် နောင်တအပြည့်ဖြင့် ငြီးတွားနေသော သူ၏အသံအား ကြားလိုက်ရလေသည်။
"အမလေး ငါ့ဝိညာဉ်ကျောက်တုံးတွေ။ အဲ့ဒါ ငါ ဂိုဏ်းချုပ်ရဲ့ ဝိညာဉ်ကျောက်တုံးသုံးသောင်း.... အခုများတော့ အဲ့ဒီလိုလေး ထွက်သွားလေရော့လား။ သူတော်စင်ကျွန်းအပေါ်မှာရှိတာတွေ အကုန်လုံးကို ငါပိုင်ပေမယ့် အခုတော့ အဲ့ဒီလိုလေး ပါသွားပြီတဲ့လား ......
"မေနိုး ခွေးသူတောင်းစားလေး။ မင်းနဲ့တွေ့တိုင်း ငါ ကံကောင်းရတယ်လို့ကို မရှိဘူး" မှီခိုရာဂိုဏ်းချုပ်က အံတင်းတင်း ကြိတ်လိုက်သော်လည်း ဘာမှမတတ်နိုင်ပေ။ သူ့မှာ မန်ဟို မြန်နိုင်သမျှ မြန်မြန်ထွက်သွားပါစေရန်သာ ဆုတောင်းနိုင်တော့သည်။
မန်ဟိုကတော့ သူ၏ ဝိညာဉ်ကျောက်တုံးအိတ်ကို ပုတ်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ မကြာမီ မှော်ပစ္စည်းသီးသန့်ရောင်းသော ဆိုင်တစ်ဆိုင်ကို မြင်လိုက်၏။ သူက မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဆိုင်ဆီသို့ လျှောက်သွားတော့သည်။
အပြင်ပန်းတွင်ပင် ဆိုင်မှာ အင်မတန် တင့်တယ်ခမ်းနားနေသည်။ ဝင်လိုက်လျှင်ချင်း ၎င်းတွင် အထပ်သုံးထပ်ရှိပြီး မှော်ပစ္စည်းများမှာ အံ့ဖွယ်ထူးကဲကြောင်း မြင်လိုက်ရသည်။ ရရှိနိုင်သော ပစ္စည်းများမှာ စဦးချီဖွဲ့သည်းမှုအဆင့်မှ စပြီး အနုသုခုမရုပ်ခန္ဓာအဆင့်ထိပင် ရှိသည်။ မည့်သည့်အဆင့်တွင်မဆို အသုံးပြုနိုင်သော အထူးအံ့ဖွယ်ပစ္စည်းများကိုလည်း ရရှိနိုင်လေသည်။
လောလောဆယ်တွင် ဆိုင်ထဲ၌ ရတနာများကို ကြည့်ရှုနေကြသော ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ရှိသည်။ အရောင်းစာရေးများက တောက်ပစွာပြုံးရင်း သူတို့နောက်မှ တကောက်ကောက် လိုက်နေ၏။ ဆိုင်၏အလယ်တွင် မီးခိုးမျှင်တန်းများ လွင့်လူတက်နေသော အမွှေးတိုင်အိုးတစ်အိုးရှိနေရာ ပထမအထပ်တစ်ထပ်လုံးတွင် သင်းပျံ့မွှေးကြိုင်နေစေတော့သည်။ အထဲဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ရနံများက စိတ်ကို တည်ငြိမ်အေးဆေးသွားစေပြီး ဆိုင်၏ အဆင့်အတန်းမြင့်သော အငွေ့အသက်ကို ခံစားစေနိုင်မည်ဖြစ်သည်။
မန်ဟို ဝင်လာသည်နှင့်တစ်ပြိုင်နက် ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားသော အဘိုးကြီးတစ်ယောက်က ပြုံးရင်း ချဉ်းကပ်လာသည်။ သူက လက်ယှက်ပြီး မန်ဟို့ကို လေးလေးနက်နက် အရိုအသေပေး၏။
"တာအိုရောင်ရင်း ၊ သူတော်စင်အဝေးမြို့ရဲ့ ထိပ်တန်းအဆင့်တစ်ဆယ်ဝင် ဆိုင်မှ ကြိုဆိုပါတယ်။ အရည်အသွေးကို အာမခံနိုင်တဲ့အပြင် ဝယ်သူတွေအပေါ်မှာ ရိုးသားမှုရှိပါတယ်။ ဒီမှာ အေးအေးဆေးဆေး အရောင်းအဝယ်လုပ်နိုင်ပါတယ်ဗျ
"ဘာကိုများ ရှာနေတာပါလဲ" ပြုံးတုံးတုံးဖြင့် မေးလိုက်သော အဘိုးကြီး၏ စကားလုံးများက မန်ဟို့အတွက် အတော်လေး ရင်းနှီးနေသည်။ သူသည် တခဏတွေးပြီးနောက် ၎င်းတို့မှာ မှီခိုရာဂိုဏ်းတွင် သူ ဆိုင်ဖွင့်တုန်းက အသုံးပြုခဲ့သော စကားလုံးများအတိုင်းဖြစ်နေပုံပေါ်ကြောင်း သဘောပေါက်လိုက်သည်။
အဘိုးကြီးသည် အသင့်အတင့်ဖြစ်သော အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထား၏။ သူ၏ပင်ကိုယ်စွမ်းရည်မှာ သာမန်သာဖြစ်သည့်အတွက် အဆင့်ဆက်မတက်နိုင်တော့လေရာ ဤဆိုင်ဖွင့်ထားခြင်းဖြစ်လေသည်။ သူက မန်ဟို့ကို အလျင်အမြန် အကဲခတ်လိုက်သည်။ မန်ဟို၏ကျင့်ကြံခြင်းအခြေခံကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူ၏ပုံပန်းသွင်ပြင်အရ ငွေအလျှံအပယ်ရှိကြောင်း မြင်ရလေသည်။
"ခင်ဗျားကို နှောင်ဖွဲ့ကင်းဂိုဏ်းက ငွေကြေးထောက်ပံ့ပေးတာလား" မန်ဟိုက အတန်ငယ် အံ့အားသင့်နေသောအသံဖြင့် မေးသည်။
အဘိုးကြီးမှာ ဂုဏ်လည်း ဂုဏ်ယူ၊ ရှက်လည်း ရှက်ရွံ့နေသောပုံစံဖြင့် ရယ်ပြီး ခေါင်းညိတ်လိုက်သည်။
"တာအိုရောင်ရင်း" သူက ပြောသည်။ "ခင်ဗျား သူတော်စင်ကျွန်းကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား။ ဒီမှာ ကျင့်ကြံသူများမြို့တော်သုံးမြို့ရှိတယ်။ အဲ့ဒီမြို့တွေက ဆိုင်တော်တော်များများက နှောင်ဖွဲ့ကင်းဂိုဏ်းအပိုင်ပဲ
"ဒီမှာကြည့်" အဘိုးကြီးက တံခါးဘေးရှိ သစ်သားကဗျည်းပြားကို လက်ညှိုးထိုးပြသည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် လိပ်တစ်ကောင်ပုံစံအား ရှင်းလင်းပြတ်သားစွာ ရေးဆွဲထားလေ၏...
"အဲ့ဒီအမှတ်အသားက" အဘိုးကြီးက ဆက်ပြောသည်။ "ဒီနေရာက နှောင်ဖွဲ့ကင်းဂိုဏ်းရဲ့ ပိုင်ဆိုင်မှုဆိုတာ သက်သေပြနေတာပဲ"
အဘိုးကြီး ရှင်းပြလိုက်သည့်အခိုက်အတန့်မှာပင် မှီခိုရာဂိုဏ်းချုပ်မှာ ရင်ခုန်သံများ ဗြောင်းဆန်သွားပြီး ငိုသံကြီးနှင့် ထအော်တော့သည်။
"သွားပြီ။ ငါတော့ သွားပြီ" သူက ပြဲလန်နေအောင် အော်ဟစ်နေသည်။ "ဘယ်လိုလုပ် ဒီလောက်ဉာဏ်ကောင်းတဲ့ ငါ ဂိုဏ်းချုပ်က အဲ့ဒါကိုမှ မေ့သွားရတာတုန်းးးးးးးးး။ သောက်ကျိုးနည်း လိပ်ရုပ် .... ကျေးဇူးပြုပြီး ခွေးသူတောင်းစားလေး သတိမထားမိပါစေနဲ့"
မှီခိုရာဂိုဏ်းချုပ်မှာ ရင်တဒိန်းဒိန်း ခုန်နေစဉ် သူ၏နတ်ဘုရားအာရုံအား မန်ဟိုနှင့်စကားပြောနေသော အဘိုးကြီးဆီသို့ အလျင်အမြန် ပို့လွှတ်လိုက်လေသည်။ အဘိုးကြီးက မသိမသာ တုန်ယင်သွားပြီး မျက်နှာအမူအရာပြောင်းသွား၏။ ဤအခိုက်အတန့်တွင် သူကား သူမဟုတ်တော့ဘဲ မှီခိုရာဂိုဏ်းချုပ် ဝင်ပူးထားသောကိုယ်တစ်ခု ဖြစ်သွားလေပြီ။
"တာအိုရောင်ရင်း ဟိုမှာကြည့်စမ်း" သူက မန်ဟို့မြင်ကွင်းကို ကွယ်ရင်း အလျင်အမြန် ပြောလိုက်သည်။ "ဒီဆိုင်က ရတနာတွေအကုန်လုံးက သိပ်ထူးခြားတယ် တကယ်ပြောတာ"
စိတ်ထဲတွင် မန်ဟိုက အေးတိအေးစက် နှာမှုတ်လိုက်သော်လည်း အပြင်ပန်းတွင်တော့ အဘိုးကြီး ညွှန်ပြနေသောဘက်သို့ ကြည့်လိုက်သည်။ ထိုနေရာတွင် အအေးဓာတ်အား ထုတ်လွှတ်နေသည့် ငွေရောင်ဆေဘာတစ်လက်ရှိ၏။ ၎င်း၏ဈေးနှုန်းကား ဝိညာဉ်ကျောက်တုံး (၁၅၀၀) ဖြစ်သည်။
၎င်းမှာ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်အတွက် အသုံးတည့်နေသော မှော်ပစ္စည်းတစ်ခုပင်။ မန်ဟိုက လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။
"ဈေးကြီးလွန်းတယ်" သူက အတည်ပေါက်ကြီး ပြောလိုက်သည်။
အဘိုးကြီးမှာ အပေါ်ယံတွင် ရယ်နေသော်လည်း စိတ်ထဲ၌ မန်ဟို၏ ကပ်စေးနည်းမှုအား ကျိန်ဆဲနေလေသည်။ "ငါ ဂိုဏ်းချုပ်က မင်းကို ဝိညာဉ်ကျောက်တုံး သုံးသောင်းပေးထားတာတောင် မင်းက ဈေးကြီးလွန်းတယ် ထင်တယ်ပေါ့"
"တာအိုရောင်ရင်း ၊ ဒီနေ့ကတော့ ခင်ဗျားရဲ့ ရက်ရာဇာပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျုပ်တို့ရဲ့ နှစ်တစ်ရာမှတစ်ခါ ဈေးချပွဲနေ့ ဖြစ်နေသကိုးဗျ။ တစ်ဆိုင်လုံးက ပစ္စည်းအကုန်လုံးကို ဈေးတစ်ဝက်ချထားတယ်။ ဒါကြောင့် ရောင်ရင်းအနေနဲ့ ဒီပစ္စည်းကို ဝိညာဉ်ကျောက်တုံး (၇၅၀) နဲ့ ယူလိုက်ပါ"
မန်ဟိုက ကျေနပ်ပုံမရ။ "ဒီပစ္စည်းက အလွန်ဆုံးမှ ဝိညာဉ်ကျောက်တုံး (၃၀) ပဲတန်တာ။ တော်ပြီ နောက်တစ်ဆိုင်ပဲ သွားတော့မယ်။ အင်း ကျန်တဲ့ကျင့်ကြံသူမြို့တွေကိုလည်း သွားရမယ်ထင်တယ်" သူက ထိုသို့ပြောရင်း ထွက်ခွာရန် လှည့်လိုက်သည်။
သို့သော် စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် မှီခိုရာဂိုဏ်းချုပ်မှာ အဖျားတက်ချင်သွား၏။ မန်ဟို မြို့ပတ်ရန် ပြင်နေသည်ကို ကြည့်ရင်း သူ့မှာ ဝမ်းနည်းပက်လက် ဖြစ်နေတော့သည်။ နောက်ဆုံးတော့ သူ့မှာ ပေါက်သည့်နဖူးမထူးဟုသာ ဆုံးဖြတ်လိုက်တော့၏။
"ကောင်းပါပြီ ဝိညာဉ်ကျောက်တုံး (၃၀) နဲ့ယူ ရတယ်"
မန်ဟိုက ချာခနဲ ပြန်လှည့်ပြီး ဝမ်းသာပီတိဂွမ်းဆီထိနေသော မျက်နှာပေးဖြင့် ငွေရောင်ဆေဘာကို ယူလိုက်သည်။ ထို့နောက် သူက ဆိုင်၏ပထမအထပ်တွင် ခင်းကျင်းပြသထားသော မှော်ပစ္စည်းရာချီအား လက်ညှိုးထိုးလိုက်၏။
"အကုန်လုံး လိုချင်တယ်" သူက ပြောသည်။
မှီခိုရာဂိုဏ်းချုပ်မှာ မျက်လုံးကြီးပြူးလျက် ကြောင်သွား၏။ သို့သော် မန်ဟို့ကို မြန်မြန်သမျှမြန်မြန် ထွက်သွားစေချင်သောစိတ်ကြောင့် သူ့မှာ အံတင်းတင်းကြိတ်ပြီး ပါးစပ်မှ သွေးများ စီးကျမလာအောင် သည်းခံလိုက်သည်။
ဤသို့ဖြင့် ကျန်ဝယ်သူများ၏ တုန်လှုပ်နေသောအကြည့်များအောက်ဝယ် မန်ဟိုကား ဆိုင်၏ပထမထပ်တစ်ထပ်လုံးရှိ အရာအားလုံးကို ဝယ်ယူလိုက်လေပြီ။ ထို့နောက် မှီခိုရာဂိုဏ်းချုပ် စတင်စိတ်လှုပ်ရှားလာသည့်အချိန်မှာပင် မန်ဟိုက ထွက်မသွားသေးဘဲ ဒုတိယထပ်သို့ လျှောက်သွား၏။
"နှောင်ဖွဲ့ကင်းဂိုဏ်းက လူတွေက သိပ်သဘောကောင်းတယ်လို့ လူတိုင်းပြောကြတယ်။ ကျုပ်ကိုယ်တိုင်လည်း မြင်တွေ့ခဲ့ပြီးပြီဆိုပေမယ့် ဒါက ကျုပ် တွေ့ဖူးသမျှထဲမှာ အရိုးသားဆုံးဆိုင်လို့ ပြောရမယ်။ ကဲ ဒုတိယထပ်နဲ့ တတိယထပ်ကို သွားကြည့်ဦးမှ။ ကျုပ်ကလေ မြင်မြင်သမျှကြိုက်တတ်တဲ့ လူတစ်မျိုးဗျ။ အဲ့ဒီတော့ အကုန်လုံးယူမယ်။ ဝိညာဉ်ကျောက်တုံးသုံးသောင်းနဲ့ လောက်တယ်မလား" သူက အင်္ကျီလက်စကို မာန်အပြည့်ဖြင့် ခါလိုက်သည်။
အဘိုးကြီးအသွင်ဖြင့် မှီခိုရာဂိုဏ်းချုပ်မှာ သွေးအန်တော့မတတ် ဖြစ်သွားဝောာ့သည်။ သူ၏မျက်လုံးများမှာ ရဲတွတ်နေပြီး ဒေါသတကြီး အော်ဟစ်သောင်းကြမ်းတော့မည့်အချိန်မှာပင် မန်ဟိုက အေးအေးလူလူ ဆက်ပြောလေ၏။
"ဈေးဝယ်ပြီးရင် ထွက်သွားမယ်"
ထိုစကားက မှီခိုရာဂိုဏ်းချုပ်အား ပင့်သက်ရှိုက်မိသွားစေသည်။ သူ့မှာ နည်းနည်းလေးသာ ထပ်သည်းခံစရာလိုတော့ကြောင်း သူ့ကိုယ်သူ အဆက်မပြတ် သတိပေးနေ၏။ ဤနည်းအတိုင်း ကိုယ့်ကိုယ်ကို နှစ်သိမ့်ရင်း သူသည် အငိုမျက်လုံး၊ အပြုံးမျက်နှာဖြင့် မန်ဟို့အား ဒုတိယထပ်၊ တတိယထပ်သို့ ခေါ်သွားတော့သည်။ သူသည် တတ်နိုင်သမျှ မြန်မြန်လှုပ်ရှားနေရာ မကြာခင် မန်ဟိုတစ်ယောက် မှော်ပစ္စည်းအကုန်လုံးကို သိမ်းဆည်းပြီးသွား၏။
နောက်ဆုံးတွက်ချက်မှုအရ ပစ္စည်းအရေအတွက်ကား ထောင်ချီသည်။ တစ်ခုလျှင် ဝိညာဉ်ကျောက်တုံး အတုံး(၃၀) ဈေးဖြင့်ပင် ဝိညာဉ်ကျောက်တုံးတစ်သိန်းပေးဖို့ လိုသေးလေသည်။
မှီခိုရာဂိုဏ်းချုပ်မှာ နှလုံးသားအား ဓားချွန်ချွန်များဖြင့် တဇွပ်ဇွပ် ထိုးခံနေရသကဲ့သို့ ခံစားနေရတော့သည်။ သူက မျက်နှာဖြူဆုပ်ဖြူလျော်ဖြင့် မန်ဟို့ကို ဆောက်တည်ရာမဲ့စွာ ကြည့်ရင်း ငိုတော့မတတ် ဖြစ်နေလေသည်။
ကျသင့်ငွေ ရှင်းချိန်ကျသောအခါ မန်ဟိုက သိုလှောင်အိတ်ကို ပုတ်ပြီး တွေးလိုက်၏။
"ကျုပ်မှာ ဝိညာဉ်ကျောက်တုံးမလောက်ဘူး ထင်တယ်" သူက ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။ မှီခိုရာဂိုဏ်းချုပ်ပါးစပ်ကြီး ပြဲသွားတော့၏။
***