ဘယ်သူက သာလိမ့်မလဲ….
Vol. 46 Ch. 641
“မင်း … မင်း ဘာလုပ်ဖို့ ကြံနေတာလဲ” မှီခိုရာဂိုဏ်းချုပ်က အော်ဟစ်လိုက်သည်။ သူ ထိန်းချုပ်နေသော အဘိုးကြီးမှာ မန်ဟို့ကို လက်ညှိုးထိုးရင်း သွေးအန်တော့မတတ် ဖြစ်နေချေပြီ။
နန်းတော်ထဲတွင် မှီခိုရာဂိုဏ်းချုပ်က ဒေါသတကြီး ခြေဆောင့်နင်းပြီး မိုးမွှန်အောင် ဆဲနေလေသည်။ သူ၏ဒေါသမှာ ကောင်းကင်ဘုံကိုပင် မီးလောင်တိုက်သွင်းပစ်နိုင်ပြီး သူ့မှာ ရူးတော့မည့်ပုံပေါ်သည်။
“ခွေးးးသူတောင်းးးးးစားးးးလေးးးးးးးးး။ မင်း မင်း မင်း မင်းမှာ …. ငွေမရှိဘူး ဟုတ်လား။ ဒါဆို ဘာလုပ်နေတာတုန်း”
“ငွေမရှိရင်လည်း ဘာလို့ ဒီလောက်အများကြီးဝယ်ဖို့ ကြိုးစားသေးတုန်း။ သောက်ကျိုးနည်း မင်းမှာ ငွေမရှိဘူးဟုတ်လား။ ငါ ဂိုဏ်းချုပ် အခုလေးတင် မင်းကို ဝိညာဉ်ကျောက်တုံးသုံးသောင်း ပေးလိုက်တယ်လေ ။ သုံးသောင်းကွ သုံးသောင်း။ ဝိညာဉ်ကျောက်တုံးသုံးသောင်းလုံးကွ။ အဲ့ဒီဝိညာဉ်ကျောက်တုံးတွေကို စုဆောင်းဖို့ ငါ့မှာ ခြိုးခြိုးခြံခြံ ချွေချွေတာတာ နေလာခဲ့ရတာ” လွန်ခဲ့လေပြီးသော နှစ်များက မန်ဟိုသည် မှီခိုရာဂိုဏ်းချုပ် လွတ်မြောက်အောင် အခက်အခဲ၊ အန္တရာယ်အတားအဆီးများကို ကျော်ဖြတ်၍ ကျိုးပြည်ကျင့်ကြံသူအားလုံးကို မျှားခေါ်နိုင်ခဲ့သည်။ ထိုစဉ်က မှီခိုရာဂိုဏ်းချုပ်မှာ ပျော်ရွှင်အူမြူးခဲ့ရလေသည်။ သို့ရာတွင် သူသည် မန်ဟို့အား အဆင့်နိမ့်ဝိညာဥ်ကျောက်တုံးလေးတစ်တုံးသာ ချီးမြှင့်ခဲ့၏။ ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် သူ မည်မျှကပ်စေးနည်းသည်လဲ မြင်နိုင်လေသည်။ ကပ်စေးနည်းမှုမှာ အချိန်အတော်ကြာကတည်းက မှီခိုရာဂိုဏ်းချုပ်၏တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့၏။
“ဒါ့အပြင် အဲ့ဒီဆိုင်က ပစ္စည်းတွေအကုန်လုံး ငါ ဂိုဏ်းချုပ်ပိုင်တာ။ မင်းက ငွေမရှိဘဲနဲ့ အကုန်လိုချင်တယ်ပေါ့ ဟာသပဲ”
မှီခိုရာဂိုဏ်းချုပ်တစ်ယောက် ကယောင်ချောက်ချား ဖြစ်နေသည်ကို ကြည့်ရင်း ဂူယိတင်းစန်းယွီက နှုတ်ခမ်းလေးအား ဖိကိုက်လိုက်သည်။ သို့သော် မျက်ဝန်းများတွင် လိမ္မာပါးနပ်သောအရိပ်လေး တောက်ပနေသည်မှအပ သူမ၏မျက်နှာအမူအရာမှာ ပုံမှန်ပြန်ဖြစ်သွား၏။
“လိပ်အိုကြီးကတော့ ကိုယ့်ပြဿနာကိုယ် ရှာနေတာပဲ” သူမက မှီခိုရာဂိုဏ်းချုပ်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်နေရင်း တွေးလိုက်သည်။ “မန်ဟိုက ကျိုးပြည်တစ်ပြည်လုံးကို ကလိမ်ကျခဲ့တဲ့လူလေ။ ဒီနေ့အထိ အဲ့ဒီအကြောင်း မှတ်မိနေသေးတဲ့လူတွေတောင် ရှိတယ်။ ဒါတောင် လိပ်အိုကြီးက မန်ဟိုနဲ့ ပြိုင်ဖို့ ကြိုးစားနေသေးတယ်တဲ့လား။ ကျွတ်စ် ကျွတ်စ် ကိုယ့်ပြဿနာကိုယ် ရှာနေတာပဲ….
“ဒါပေမဲ့ လိပ်အိုကြီးကိုလည်း အပြစ်တင်လို့မရပါဘူး။ အသက်က ကြီးနေပြီဆိုတော့ သိပ်ကျပ်မပြည့်တော့တာ နေမယ်။ ဒါမှမဟုတ် ငယ်ငယ်တုန်းက ခေါင်းကို ရိုက်တာခံခဲ့ရလို့များလား” ဂူယိတင်းစန်းယွီမှာ အတိတ်တုန်းက အဖြစ်အပျက်များကို ပြန်တွေးကြည့်လေလေ၊ မှီခိုရာဂိုဏ်းချုပ်အတွက် စိတ်မကောင်းလေ ဖြစ်နေတော့သည်။
မှန်ပါသည်၊ မန်ဟိုကတော့ နန်းတော်တွင် မည်သည်တို့ဖြစ်ပျက်နေသည်လဲ မြင်လည်း မမြင်ရသလို၊ သိပင်မသိပေ။ သူက သူ၏အရှေ့တွင် ရပ်နေသော အဘိုးကြီးကို အားတုံ့အားနာ ကြည့်လိုက်သည်။
“ဒီလိုဆို ဘယ်လိုလဲ” သူက မဝံ့မရဲဖြစ်နေသော လေသံဖြင့် ပြောသည်။ “ဟို ကျုပ် အလုပ် လုပ်ပေးမယ်လေ။ ဒါဆို နောင်နှစ်နည်းနည်းပါးပါးကြာရင် အကြွေးတွေ အကုန်ကြေလောက်ပြီ… ကျုပ်က ဆေးဖော်တာမှာ ဆရာတစ်ဆူနော်”
အဘိုးကြီးပုံစံနှင့် မှီခိုရာဂိုဏ်းချုပ်မှာ မန်ဟို့ကို မမှိတ်မသုန် ကြည့်နေသည်။ သူ့မှာ ရှူးရှားရှားရှား အသက်ရှူနေပြီး ငယ်ထိပ်မှ မီးခိုးများပင် ထွက်လာသယောင်ပင်… သူ၏စိတ်ထဲတွင် ဖျတ်ခနဲ လူနှစ်ယောက် ပေါ်လာသည်။ တစ်ယောက်က အကြံပေးနေပြီး တစ်ယောက်က ဒေါသတကြီး အော်ဟစ် သောင်းကြမ်းနေသည်။
“ငါ ဂိုဏ်းချုပ် စွန့်စားရမယ့် အချိန်ကျပြီ”
“လုံးဝပဲ။ ငါ့မှာ ခက်ခက်ခဲခဲ ကြိုးစားထားရတာ။ အောင်မြင်ခါနီးနေပြီ။ နည်းနည်းလောက် ထပ်ပြီး သည်းခံရုံပါပဲ။ နည်းနည်းလေးပဲ နည်းနည်းလေး။ ပြီးရင် မျှော်လင့်ချက်ရှိပြီ
“မုန်တိုင်းတွေပြီးရင် လေပြေတွေလာစမြဲမဟုတ်လား” မှီခိုရာဂိုဏ်းချုပ် ဝိရောဓိဖြစ်နေသည့်အချိန်မှာပင် မန်ဟိုက လည်ချောင်းရှင်းလိုက်သည်။
“ဒါမှမဟုတ် ကျုပ် ဒါတွေ မဝယ်သင့်ဘူးထင်တယ်” သူက ပြောသည်။ “တခြားဆိုင်တွေကို လိုက်ကြည့်ဦးမှပဲ။ တစ်နှစ်အတွင်းတော့ အကုန်လုံး ကြည့်ပြီးလောက်ပါတယ်။ ပြီးရင်း တခြားမြို့တွေဆီ သွားရမယ်…”
ဤစကားလုံးများသည် မှီခိုရာဂိုဏ်းချုပ်အတွက် မယှဉ်နိုင်သော ဝှက်ဖဲတစ်ချပ်အလားပင်။
“မင်းမှာ ပိုက်ဆံဘယ်လောက်ရှိလဲ” သူက အံတင်းတင်းကြိတ်ကာ မေးလိုက်သည်။
မန်ဟိုမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။ “ဟို …အိတ်ထဲမှာ ဝိညာဉ်ကျောက်တုံးငါးထောင်ပဲ ရှိတယ်ဗျ”
“မင်းးးးးး…..” မှီခိုရာဂိုဏ်းချုပ်မှာ မန်ဟို့ကို ယခုလေးတင် ဝိညာဉ်ကျောက်တုံးသုံးသောင်းပေးခဲ့သည်ဟု အော်မိခါနီးနီး ဖြစ်သွား၏။ သို့သော် သူ့မှာ ရင်ဘတ်ကို အကြာကြီး ဖိထားလေသည်။ ဓားနှင့်ထိုးခံနေရသည့်အလား ခံစားနေရသော်လည်း မည်သည့်သွေးမှ ထွက်မလာပေ….
“ဟားဟားဟား…” သူက အံကြိတ်ထားသည့်ကြားမှ ရယ်သည်။ သို့သော် သူအတွက် ရည်ရွယ်ချက်အထမြောက်စေဖို့ သည်းခံနေရုံမှတစ်ပါး အခြားမရှိပေ။ သူက မရယ်ချင်ရယ်ချင် ရယ်ရင်း ပြောလိုက်သည်။ “မင်းက … မင်းက တကယ်ပဲ ကံကောင်းတာပဲ။ ဒီနေ့က … ဆိုင်ဖွင့်ပွဲနေ့လေ။ အဲ့ဒီတော့ ဈေးချနေတာ။ ဝိညာဉ်ကျောက်တုံး (၅၀၀၀) နဲ့ ဆိုင်ထဲမှာရှိတဲ့ ပစ္စည်းတွေအကုန်လုံး ရမယ်”
မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက် ဝိညာဉ်ကျောက်တုံး (၅၀၀၀) ကို အဘိုးကြီး၏အရှေ့တွင် ချပြီးနောက် မှော်ပစ္စည်းတစ်ခုမကျန် သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက ပြုံးပြီး သက်ပြင်းဖွဖွချလိုက်သည်။
“သူတော်စင်ကျွန်းသူကျွန်းသားတွေ၊ နှောင်ဖွဲ့ကင်းဂိုဏ်းသူဂိုဏ်းသားတွေအကုန်လုံး တကယ့်ကို စိတ်သဘောကောင်းပြည့်ဝကြပါပေတယ်” သူက ထိုသို့ပြောပြီး ချာခနဲ လှည့်ကာ အဝေးသို့ ထွက်သွားတော့သည်။
ဤအခြင်းအရာကို မှီခိုရာဂိုဏ်းချုပ် မြင်သောအခါ သူ၏ အပြင်းအထန် ထိခိုက်ထားသော ခံစားချက်မှာ နောက်ဆုံးတွင် အတန်ငယ် သက်သာရာရသွားတော့သည်။
“မင်း ထွက်သွားရင် ရပြီ … သွားတော့” သူက အံတင်းတင်းကြိတ်ရင်း ပြောသည်။ “ခွေးသူတောင်းစားလေး၊ ဘယ်တော့မှ ငါ့ဘဝထဲ ထပ်ပေါ်မလာနဲ့တော့” သူသည် တဖြေးဖြေး စိတ်တည်ငြိမ်လာပြီးနောက် ဝိညာဉ်ကျောက်တုံးများနှင့် မှော်ပစ္စည်းများအကြောင်း ဆက်မတွေးတော့သည်။ တွေးနေလျှင် သည်းမခံနိုင်တော့ဘဲ မီးကုန်ယမ်းကုန် ပေါက်ကွဲမိပေလိမ့်မည်။
သို့သော် မှီခိုရာဂိုဏ်းချုပ်တစ်ယောက် မနည်းစိတ်အေးအေးထားနေရသည့်အချိန်မှာပင် မန်ဟိုက ရုတ်တရက် ပျံသန်းနေသည်ကို ရပ်လိုက်သည်။ သူသည် အောက်ငုံ့ကြည့်လိုက်ရာ ဒုတိယမြောက်ကျင့်ကြံသူများမြို့တော်ကို သတိထားမိလိုက်၏။
ဤဒုတိယမြောက်မြို့ကို မြင်သောအခါ အပြုံးတစ်ခု သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာတော့သည်။
လောလောဆယ်သည် သန်းခေါင်ယံဖြစ်သည့်တိုင် မြို့တော်မှာ လင်းထိန်တောက်ပနေပြီး ပျားပန်းခတ်မျှ စည်းကားလျက်ရှိသည်။ ဤအချိန်တွင်ပင် ဆိုင်များကား မပိတ်သေးပေ။ တစ်မြို့လုံးမှာ ယောက်ယက်ခတ်နေရာ တဖျပ်ဖျပ်လက်နေသော ပုလဲတစ်လုံးနှင့် တူနေလေသည်။
မှီခိုရာဂိုဏ်းချုပ် “………..”
သူ့မှာ နဖူးတွင် သွေးကြောများ ထောင်နေလျက် ကြောင်တောင်တောင်ကြီး စိုက်ကြည့်နေလေသည်။
ထို့နောက်တွင် မန်ဟို မျက်နှာပြောင်တိုက်စွာဖြင့် မြို့ဆီ ဆင်းသွားသည်ကို မြင်လိုက်ရာတွင် သူ့မှာ သည်းမခံနိုင်တော့ဘဲ ပေါက်ကွဲလေတော့သည်။
“ဟာသပဲ အရှက်မရှိလိုက်တာ” သူ့အသံကြီးက နန်းတော်တစ်ခုလုံးကို တသိမ့်သိမ့် တုန်သွားစေတော့သည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားအာရုံစီးကြောင်းများအား ဖြာထွက်သွားစေသည်။ ၎င်းတို့က မြို့တော်ဆီ ဦးတည်သွားပြီး ဆိုင်အသီးသီးသို့ ချက်ချင်း ဝင်ရောက်သွားကြသည်။
မန်ဟို အနားပင်မကပ်နိုင်ခင် တစ်မြို့လုံးရှိ ဆိုင်တစ်ဆိုင်မကျန် ရုတ်တရက် ဂျိန်းခနဲ တံခါးပိတ်သွားကြပြီး မီးမှိတ်လိုက်ကြသည်။
ညသန်းခေါင်ယံဖြစ်သည့်အတွက် စောစောလေးကမှ လင်းထိန်တောက်ပနေခဲ့သောမြို့မှာ ရုတ်တရက် အမှောင်ဖုံးသွားလေသည်။ မှန်ပါသည်၊ မြို့ရှိ လူတိုင်း ဤအခြင်းအရာကို သတိပြုမိသွားကြ၍ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်သွားကြလေသည်။
လေလယ်တွင် မန်ဟိုမှာတော့ မျက်နှာမဲ့သွားသည်။
“သောက်လိပ်အိုကြီး” သူက တွေးသည်။ “ငါ ဝိညာဉ်ကျောက်တုံးမဖြစ်စလောက်လေးနဲ့ မှော်ပစ္စည်းနည်းနည်းပါးပါးပဲ ယူခဲ့တာပါ။ စုစုပေါင်းမှ ဝိညာဉ်ကျောက်တုံးထောင်ဂဏန်းလောက်ပဲ ရှိတာကို
“တော်တော်ကပ်စေးနည်းတဲ့ လိပ်အိုကြီး။ ဒီလောက်နှစ်တွေကြာတာတောင် မပြောင်းလဲသေးဘူး။ ငါ လောင်းရဲတယ်။ အဲ့ဒီလိပ်အိုကြီး အခုဆို ရင်နာလွန်းလို့ သေတောင်သေချင်နေလောက်ပြီ
“သူက ငါ့ကို ထွက်သွားစေချင်ပြီးတော့ ငါ ဓားပြတိုက်မှာ စိုးရိမ်လို့ ချက်ချင်း ဆိုင်တွေပိတ်လိုက်တယ်တဲ့။ အရှက်မရှိလိုက်တာ။ လုံးဝအရှက်မရှိချက်ပဲ” မန်ဟိုသည် မြို့ကို အတန်ကြာ ငုံ့ကြည့်ရင်း မခံမရပ်နိုင်ဖြစ်နေ၏။ ထို့နောက် သူက ဆက်ပျံသွားသည်။
နန်းတော်ထဲရှိ မှီခိုရာဂိုဏ်း၏မျက်နှာအပေါ်တွင်တော့ တစ်ခါမှ မတောက်ပစဖူး တောက်ပနေသော အပြုံးကြီးတစ်ခု ဖြစ်ထွန်းလာပြီး သူကား သူ့ကိုယ်သူ ဉာဏ်ကြီးရှင်ဟုတွေးရင်း သွေးနားထင်ရောက်နေတော့သည်။ မှီခိုရာဂိုဏ်းချုပ်မှာ လောလောဆယ်တွင် မယုံနိုင်လောက်အောင် ရွှင်လန်းတက်ကြွနေလေ၏။
“ခွေးသူတောင်းစားလေး။ မင်း ဘယ်လောက် ဉာဏ်များဉာဏ်များ ငါ ဂိုဏ်းချုပ်ထက် တော်နိုင်ဦးမလား”
“ထုံးစံအတိုင်း ငါ ဂိုဏ်းချုပ်က ဉာဏ်အကောင်းဆုံးပါလား။ ဘယ်လိုလုပ်ပြီး ဒီလောက် ကြံစည်နိုင်တာပါလိမ့်။ ဟားဟားဟား။ မင်း အခုဘာလုပ်မလဲ ကြည့်ကြသေးတာပေါ့” ယခုတွင် သူကား ပုန်းဖို့ ကြိုးစားနေသည်ကို လုံးလုံးလျားလျား မေ့လျော့သွားခဲ့ပြီဖြစ်သည်။ ထိုနည်းတူစွာပင် ပေါ်တင်လုပ်ဆောင်မှုများက မန်ဟို့အား သံသယဝင်စေမည်ကိုလည်း မစဉ်းစားနိုင်တော့ပေ။
သူ၏ဝမ်းသာကျေနပ်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး ခံပြင်းမှုများကို ဖွင့်ထုတ်လိုက်ရခြင်းက သူ့ကို မျှော်လင့်ချက်အနည်းငယ် ရှိသွားစေလေသည်။ မန်ဟို နောက်ဆုံးတွင် ထွက်သွားတော့မည်ကို မြင်ရန် မျှော်လင့်ချက်။
“မင်း ဘယ်နေရာကိုသွားသွား ငါ ဆိုင်တွေ ပိတ်ပစ်မယ်။ မင်းမှာ ဒီမှာနေဖို့ တခြားအကြောင်းရင်း ရှိဦးမလား ကြည့်ကြသေးတာပေါ့” မှီခိုရာဂိုဏ်းချုပ်က တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ဂူယိတင်းစန်းယွီကို လှမ်းကြည့်သည်။
“ဟေး ဘယ်လိုလဲ ။ ဂိုဏ်းချုပ် တော်တယ်မလား”
ဂူယိတင်းစန်းယွီက မျက်လုံးလေးကလယ်ကလယ်နှင့် ပြုံးလိုက်သည်။ “ဂိုဏ်းချုပ်က သေချာပေါက် တော်တာပေါ့”
မှီခိုရာဂိုဏ်းချုပ်မှာ ယခင်ထက်ပို၍ ကျေနပ်သွားပြီး သူ၏အပြုံးကြီးမှာ ပို၍ပင်ဖြီးလာတော့သည်။
မန်ဟိုမှာမူ မျက်မှောင်ကြုတ်လျက် တရိပ်ရိပ် ပျံသန်းနေသည်။ တစ်နာရီကြာသော် သူသည် ရုတ်တရက် ရပ်ပြီး အောက်ရှိ တောင်တစ်လုံးကို ငုံ့ကြည့်လိုက်၏။
သူ့မှာ တစ်ချက်လေး ကြည့်ရုံသာရှိသေးသည်၊ ၎င်းကား ဝုန်းခနဲ ပြိုကျသွားလေပြီ။
မန်ဟိုမှာ ပါးစပ်အဟောင်းသားနှင့် ကြည့်နေတော့သည်။ ဤတစ်ခေါက်ကား အမှန်တကယ် အံ့ဩတုန်လှုပ်သွားခြင်းဖြစ်သည်။
“မှီခိုရာဂိုဏ်းချုပ်” သူက တွေးသည်။ “မသိသာလွန်းနေဘူးလား ခွေးမသားရေ။ နည်းနည်းလေးတောင် မဟန်ဆောင်နိုင်တော့ဘူးလား။ သောက်ကျိုးနည်းတဲ့မှ။ ကျုပ်ကို ဘာလုပ်စေချင်တာလဲ။ မမြင်ချင်ယောင်ဆောင်ရမှာလား မဆောင်ရဘူးလား” မန်ဟိုမှာ မည်သို့လုပ်ရမည်လဲ မဆုံးဖြတ်တတ်တော့ပေ။
မမြင်ချင်ယောင်ဆောင်လိုက်လျှင် သိသာလွန်းသွားမည်….
သို့သော် သံသယဝင်သွားသည့်ပုံစံ ဖမ်းလိုက်လျှင်လည်း မှီခိုရာဂိုဏ်းချုပ် မသင်္ကာဖြစ်သွားလိမ့်မည်။ မန်ဟို့အမြင်အရ မှီခိုရာဂိုဏ်းချုပ်မှာ အားလည်း အားကိုးမရသလို၊ စိတ်လည်းမချရသည့်အတွက် မည်သို့ဒေါသအိုးပေါက်ကွဲသွားမည်လဲ မသိနိုင်ပေ။
“ငါ သူ့ကို အရမ်းလန့်သွားအောင် လုပ်ရင်” မန်ဟိုက တွေးသည်။ “ဒီနေရာလုံးကို သူနဲ့အတူ သယ်ပြီး တစ်ချိုးတည်း ထွက်ပြေးသွားလိမ့်မယ်။ ဒီတစ်ခေါက် သူ ထွက်မပြေးအောင် လုပ်ရမယ်” မန်ဟိုမှာ မည်သို့လုပ်ရမည်လဲ မသိတော့ပေ။ စိတ်ထဲတွင် သူသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ကျိန်ဆဲနေ၏။ တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဤမျှနှေးနေရသနည်း။ သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီးဖြစ်သည့်တိုင် အဘိုးကြီးက သူ့ကို လာမရှာနိုင်သေးပေ။
မန်ဟိုသည် လိပ်အိုကြီးအား ပေါ်တင်သမလိုစိတ်များကို မြိုသိပ်လိုက်၏။ လောလောဆယ်တွင် သူ့မှာ အားကိုးမရသော မှီခိုရာဂိုဏ်းချုပ်နှင့် မည်သို့ရင်ဆိုင်ရမည်လဲ မတွေးနိုင်ဖြစ်နေသည်။
သူသည် ဟိုဟိုသည်သည် အပြေးအလွှား စဉ်းစားရင်း ရှေ့ဆက်သွားနေ၏။ သို့သော် သူ တခဏလေး ရပ်လိုက်လျှင် တောင်များပြိုကျသွားတတ်ပြီး မြစ်များပင်လျှင် ပြောင်းပြန်စီးသွားတတ်သည်။
သူ သွားသည့်နေရာတိုင်းလိုလို မြေပြန့်ဖြစ်ကုန်လေသည်။
“ဒီထက်ပိုပြီး အားကိုးမရတဲ့သူများ ရှိနိုင်ဦးမလား….” မန်ဟိုက တွေးလိုက်သည်။ “ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် မိစ္ဆာအင်မော်တယ်စေတီမှာ ခေါင်းရိုက်ခံခဲ့ရလို ဆိုစေဦးတော့… ငါသံသယဝင်နေပြီဆိုတာ သိသင့်လောက်ပါတယ်” မန်ဟိုမှာ ချီတုံချတုံဖြစ်နေပြီး တခဏကြာသော် မျက်လုံးများ တလက်လက် တောက်ပလာတော့သည်။ ဤအခိုက်အတန့်တွင် သူသည် အတွင်းဒဏ်ရာများအား ဖိနှိပ်ထားသည်ကို ဖယ်ရှားလိုက်၏။ သူ့မှာ သွေးပျက်မတတ် အော်ဟစ်လိုက်ပြီး သွေးတစ်ပွက် အန်လိုက်သည်။
သူ့မျက်နှာမှာ ဖြူဖပ်ဖြူလျော် နေလေပြီ။
“ငါ့ဒဏ်ရာတွေ ပြန်ပေါ်လာနေပြီ” သူက အကျယ်ကြီး အော်လိုက်သည်။ သူသည် ခေါင်းငုံ့ရင်း မြေကြီးပေါ်ဆင်းကာ ကြုံရာတစ်နေရာရွေး၍ တင်ပျဉ်ခွေထိုင်ပြီး ဒဏ်ရာများကို ကုသလိုက်သည်။
သူ၏ဒဏ်ရာများမှာ အမှန်တကယ်လည်း အပြည့်အဝ မပျောက်ကင်းသေးပေ။ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်သာ ကုသပြီးခဲံခြင်းဖြစ်သည်။ ကျန်ရှိသော သုံးဆယ်ရာခိုင်နှုန်းမှာ တာအိုရှာဖွေခြင်းအဆင့်စွမ်းအားဖြင့် ပြည့်နှက်နေရာ ခရမ်းမျက်ဆံအသွင်ပြောင်းခြင်းဖြင့် ကုသရန် ခက်ခဲနေ၏။
သူ၏တွက်ချက်မှုများအရ လက်ရှိကုသနည်းအတိုင်းဆိုလျှင် နောက်ဆုံးသုံးဆယ်ရာခိုင်နှုန်းအား အပြည့်အဝ ပျောက်ကင်းစေရန် နှစ်ချီသွားမည်ဖြစ်သည်။ ထို့ကြောင့် သူသည် လိပ်အိုကြီးအား ဒဏ်ရာများနှင့်သွေးများမှာ အစစ်အမှန်ဖြစ်ကြောင်း တမင်ပြသနေခြင်းပင်။
“ဒီအားကိုးမရတဲ့ လိပ်အိုကြီးနဲ့ ရင်ဆိုင်ဖို့အတွက်” သူက အံတင်းတင်းကြိတ်ရင်း တွေးလိုက်သည်။ “ငါ သူ့ထက်ပိုပြီး အရှက်မရှိဖို့ပဲ လိုတယ် ။ ခွေးမသားကြီးရေ ငါ ဒီမှာ တစ်သက်လုံးနေမယ်ကွ”
ယခုတော့ မှီခိုရာဂိုဏ်းချုပ် မှင်သက်ရမည့်အလှည့်ပင်။ သူက မျက်လုံးများကို ခပ်ကြမ်းကြမ်းပွတ်ရင်း မန်ဟို တင်ပျဉ်ခွေထိုင်နေသည်ကို ကြည့်နေသည်။ ထို့နောက် မန်ဟို ဒဏ်ရာအပြင်းအထန် အမှန်တကယ် ရရှိထားကြောင်း မြင်လိုက်သည့်အခါ သူ၏မျက်လုံးများ တောက်ပလာတော့၏။
မှီခိုရာဂိုဏ်းချုပ်၏ အသက်ရှူသံများ မြန်လာသည်။ သူသည် အကြာကြီး စိုက်ကြည့်နေပြီး သူ၏ဆံပင်ရှည်များကို ဆုပ်ကိုင်၍ ဆောင့်ဆွဲလိုက်တော့သည်။ သူ့မှာ အချိန်မရွေး ပေါက်ကွဲတော့မည့် မီးတောင်ကြီးအလား မျက်နှာကြီးမဲ့လျက် နန်းတော်ထဲတွင် ဟိုလျှောက်သည်လျှောက် လျှောက်နေတော့၏။
“သောက်ကျိုးနည်း။ ဘယ်သူ သူ့ကို ထိခိုက်အောင် လုပ်ခဲ့တာတုန်း။ ဘာလို့ သေအောင်ပဲ မသတ်ပစ်လိုက်တာလဲကွာ။ ငါ့မှာ ဒီလောက် ခက်ခက်ခဲခဲ လုပ်ခဲ့ပြီး အောင်မြင်ခါနီးကျမှ ဒီလိုမျိုး ဖြစ်လာရတယ်လို့” မှီခိုရာဂိုဏ်းချုပ်က အံတင်းတင်းကြိတ်လိုက်သည်။ စိတ်ထဲတွင် သူ့မှာ မန်ဟို့ကို ဒဏ်ရာရအောင် လုပ်ခဲ့သူအား တစစီ ကိုက်စားပစ်ချင်လောက်အောင် မုန်းနေတော့၏။
ဂူယိတင်းစန်းယွီမှာ အော်မရယ်ဘဲ မနေနိုင်တော့ပေ။ အောင့်ထားရန် ခက်ခဲလေသည်။ ဤအားကိုးမရသော ရောင်ရင်းနှစ်ယောက်တွင် မည်သူသာသည်လဲ သူမ သိရမှဖြစ်မည်….
***