← Chapters

လုယက်ခြင်း

Vol. 46 Ch. 643

လုယက်ခြင်း

Vol. 46 Ch. 643

မှီခိုရာဂိုဏ်းချုပ်က တခဏ ချီတုံချတုံ ဖြစ်သွားသည်။ မန်ဟိုသာ သူ၏ရည်ရွယ်ချက်များကို ပေါ်တင်မဖော်ပြခဲ့လျှင် သူ့အား မြို့ထဲသို့ ဘယ်တော့မှ ဝင်ခွင့်ပေးမည်မဟုတ်ပေ။ သို့သော် မှီခိုရာဂိုဏ်းချုပ်မှာ ပင်လယ်ကိုတစ်လှည့်၊ မြို့ကိုတစ်လှည့် မကြည့်မိဘဲ မနေ။

နောက်ဆုံးတွင် သူက သွားကြီးများအား ကျိုးကြေတော့မတတ် ကြိတ်လိုက်လေသည်။

"ဒါ နောက်ဆုံးအကြိမ်ပဲ" သူက ခိုင်မာပြတ်သားစွာ ဆိုသည်။ ယခုတစ်ကြိမ်ပြီး၍ မန်ဟို ထပ်ပြီး ဉာဏ်များဦးမည်ဆိုလျှင် သူ့အနေဖြင့် ‌မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ ကျောပေါ်ရှိ ကျွန်းကြီးနှင့်အတူ ထွက်ပြေးတော့မည်ဖြစ်သည်။

မန်ဟိုသည် မြို့ဆီသို့ တဟုန်ထိုး ထွက်သွား၏။ မြို့ထဲရှိ ဆိုင်အကုန်လုံး တံခါးပိတ်ထားလေရာ ကျင့်ကြံသူများအား ကြောင်တောင်တောင် ဖြစ်နေစေတော့သည်။ မကြာမီ ဆူဆူညံညံအသံများ ထွက်လာသည်။

မန်ဟိုရောက်ရှိလာမှုက အထူးအဆန်း မဖြစ်လိုက်ပေ။ သူသည် အတော်လေး ရှင်းလင်းသော နေရာတစ်နေရာတွင် တင်ပျဉ်ခွေထိုင်ချလိုက်၏။ သူက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ မှော်ပစ္စည်းအမြောက်အမြားအား သူ၏အရှေ့တွင် ရုတ်တရက် ပေါ်လာစေတော့သည်။ ၎င်းတို့သည် ရောင်စုံအလင်းများအား အရပ်မျက်နှာတစ်ခွင် ဖြာထွက်နေစေရင်း ပတ်ဝန်းကျင်သို့ ပျံထွက်သွား၏။

မှော်ပစ္စည်းထောင်ချီ ရုတ်တရက် တစ်ပြိုင်တည်း ပေါ်လာသောအခါ ပြိုးပြိုးပြက်ပြက် ‌အလင်းရောင်တို့က ရပ်နေကြသူအတော်များများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်လေသည်။ မှော်ပစ္စည်းများကို မြင်သောအခါ ပင့်သက်ရှိုက်သံများ ထွက်လာ၏။

မကြာမီ စကားသံများ ကျွတ်ကျွတ်ညံလာတော့သည်။

"မှော်ပစ္စည်းတွေ တစ်ပုံကြီးပဲဟ"

"ဒီလူ‌မှာ ဘယ်လိုလုပ်ပြီး မှော်ပစ္စည်းတွေ ဒီလောက်များနေတာလဲ။ စဦးချီဖွဲ့စည်းမှုအဆင့်ကနေ အနုသုခုမရုပ်ခန္ဓာအဆင့်အထိ အကုန်လုံးရှိတယ် ကြည့်ဦး။ သူ့မှာ အကုန်ကို ရှိနေတာ"

မကြာမီ လူများသည် မန်ဟို၏ပတ်ပတ်လည်ရှိ လေထုထဲတွင် ပျံဝဲနေသော မှော်ပစ္စည်းများကို အကဲခတ်ရန် ချဉ်းကပ်လာကြ၏။

မန်ဟိုက ပစ္စည်းတစ်ခုချင်းစီအတွက် အရင်းဈေးထက် အဆများစွာ အမြတ်တင်ထားသော ဈေးနှုန်းများ သတ်မှတ်လိုက်သည်။ ထို့နောက် မျက်လုံးများ မှိတ်ပြီး တိတ်ဆိတ်စွာ ထိုင်နေ၏။

လူများ တဖြေးဖြေး အုံလာကြသည်။ သူတို့က မန်ဟို့ကို ရံဖန်ရံခါ လှမ်းကြည့်တတ်ကြသည်။ တချို့မှာ ဝယ်ချင်သော်လည်း ဈေးကား အတော်လေး ကြီး၏။‌ မှော်ပစ္စည်းတချို့ဆိုလျှင် ပုံမှန်ဈေးထက် အဆမတန် များလေသည်။ ဤအခြင်းအရာကြောင့် ‌တော်တော်များများမှာ စိတ်ထဲတွင် ကျိန်ဆဲနေကြတော့၏။

အချိန်များ ကုန်လွန်သွားပြီး မကြာမီ လူအုပ်ကြီးက အုံအုံထလာသည်။ လက်ရှိအချိန်တွင် မြို့ရှိ ဈေးဆိုင်အကုန်လုံးပိတ်ထားလေရာ မန်ဟို၏ ခမ်းနားသော အခင်းအကျင်းတို့က ကျင့်ကြံသူအများစု၏ အာရုံကို လျင်မြန်စွာပင် ဆွဲဆောင်လိုက်လိုက်လေသည်။

ကံမကောင်းစွာနှင့် လူများသော်လည်း မန်ဟို သတ်မှတ်ထားသော မတန်မရာဈေးအတိုင်း ဝယ်ယူသူ မရှိသလောက်ရှားသည်။

မန်ဟိုကတော့ နည်းနည်းလေးမှ စိတ်မပူ။ ထိုအစား အချိန်ကို ပို၍ပင် ဆွဲဆန့်ချင်နေ၏။ အခြားတစ်ဖက်တွင် မှီခိုရာဂိုဏ်းချုပ်မှာတော့ ဖြစ်ပျက်နေသောမြင်ကွင်းကို ကြည့်ရင်း နန်းတော်ထဲတွင် ချောင်းပေါက်မတတ် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ သူ့မှာ တစ်စက်လေးမှ ငြိမ်ငြိမ်မနေနိုင်ပေ။ မန်ဟို ရောင်းချနေသော မှော်ပစ္စည်းထောင်ချီအနက် အနည်းအကျဉ်းကို သူ ဝယ်ဖို့တတ်နိုင်ခဲ့လေသည်။ မှီခိုရာဂိုဏ်းချုပ်မှာ ယခုတွင် အလွန်တရာ စိုးရိမ်သောက ရောက်နေတော့၏။

"အေး ဒါ နောက်ဆုံးပဲ" မှီခိုရာဂိုဏ်းချုပ်က ခြေဆောင့်နင်းလိုက်ရင်း ပြောသည်။ သူသည် နတ်ဘုရားအာရုံအား မြို့ထဲရှိ လူများဆီသို့ စေလွှတ်လိုက်၏။

များမကြာခင် ကျင့်ကြံသူခုနစ်ယောက်၊ ရှစ်ယောက်က မန်ဟို၏ ပျံကျဈေးဆိုင်နားသို့ ချဉ်းကပ်လာကြသည်။ သူတို့သည် ခပ်သုတ်သုတ် ရွေ့လျားလာရင်း မန်ဟို့အရှေ့တွင် ရပ်လိုက်သဖြင့် ဆူညံဆူညံဖြစ်သွားစေသည်။

"ကျုပ် မှော်ပစ္စည်း အခု ငါးရာ လိုချင်တယ်" သူတို့ထဲမှ တစ်ယောက်က အဘိုးကြီးဖြစ်သည်။ သူက သိုလှောင်အိတ်တစ်လုံး ပစ်ပေး၏။ မန်ဟို၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ သူက ထိုအဘိုးကြီးကို ကြည့်ပြီး သိုလှောင်အိတ်ကို ဖြေးညင်းစွာ ဖွင့်လိုက်သည်။ ထို့နောက် သူက အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ထုတ်ပြီး တစ်တုံးချင်း ရေသည်။ အရေအတွက်ကို အတိအကျ စစ်ဆေးပြီးနောက် သူက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ မှော်ပစ္စည်းအခုငါးရာကို အဘိုးကြီးဆီသို့ ပျံသန်းသွားစေသည်။

အဘိုးကြီးက မျက်နှာကြီးမဲ့၍ ပစ္စည်းများကို စုဆောင်းပြီး ချာခနဲ လှည့်ကာ လမ်းလျှောက်ထွက်သွားတော့သည်။ သူ ထွက်သွားသည့်နောက် နောက်တစ်ယောက် ‌ချဉ်းကပ်လာပြီး စောစောက အဘိုးကြီးနည်းတူ မှော်ပစ္စည်းများ စတင်ဝယ်တော့သည်။

"သူက မင်္ဂလာ‌အစည်းအရုံးရဲ့ အုပ်ချုပ်ရေးမှူးမလား။ ပေါင်းသင်းဆက်ဆံရေးလည်း ‌အတော်အသင့်ကောင်းပြီးတော့ နှောင်ဖွဲ့ကင်းဂိုဏ်းနဲ့ ရင်းနှီးတယ်....  ဒီလူ့ဆီက မှော်ပစ္စည်းဝယ်ဖို့ ဒီရောက်နေတာလား"

"အဲ့ဒီလူကို ငါ အရင်က မြင်ဖူးသလိုပဲ။ သူက ‌ချိန်စံအိမ်က ဈေးဆိုင်ပိုင်ရှင်မလား။ သူလည်း ဒီရောက်နေတာပဲ..."

လူအုပ်ကြီး တအံ့တဩ စောင့်ကြည့်နေကြစဉ် ဝယ်သူကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်က နှစ်နာရီခန့် အချိန်ဖြုန်းလိုက်၏။ မကြာမီ မန်ဟို့ပစ္စည်းအကုန်လုံး ပြောင်သွားလေပြီ။

မှန်ပါသည်။ ဤမျှကြာရသည့်အကြောင်းရင်းမှာ မန်ဟိုက ဝိညာဉ်ကျောက်တုံးတစ်တုံးစီအား စိမ်ပြေနပြေ ရေနေသည့်အတွက်ပင်။ မဟုတ်လျှင် အသက်ရှိုက်စာအနည်းငယ်လေးအတွင်း ရောင်းထွက်သွားမည်ဖြစ်သည်။

မန်ဟို ဝိညာဉ်ကျောက်တုံး မည်မျှရရှိသွားသည်လဲ ထည့်တွက်ရင်း လူအုပ်ကြီးက ဆာလောင်နေသောဝံပုလွေများသဖွယ် မန်ဟို့ကို လောဘတကြီး ကြည့်နေကြတော့ငည်။

မန်ဟိုက ဝိညာဉ်ကျောက်တုံးတစ်တုံးမကျန် သိုလှောင်အိတ်ထဲသို့ အေးအေးဆေးဆေး ထည့်လိုက်သည်။ စုစုပေါင်းအားဖြင့် သိန်းနှင့်ချီသွားရာ သူ၏ သူတော်စင်ကျွန်းခရီးစဉ်အား အတော်လေး အမြတ်ထွက်သွားစေလေသည်။

နောက်ဆုံးတွင် သူက ထရပ်ပြီး သက်ပြင်းချလိုက်သည်။ နန်းတော်ထဲတွင်တော့ မှီခိုရာဂိုဏ်းချုပ်မှာ သည့်ထက်ပို၍ သည်းမခံနိုင်တော့ပေ။

မန်ဟိုက အလင်းတန်းတစ်တန်းအသွင်ပြောင်းကာ လေကိုခွင်းသွားတော့၏။ ထိုအချိန်တွင် အောက်ရှိ ကျင့်ကြံသူလေးငါးယောက်က ကျောက်စိမ်းပြားများ ထုတ်၍ အသံများ ပေးပို့လိုက်ကြသည်။

အချိန်အနည်းငယ်ကြာသော် လျှို့ဝှက်နေရာတစ်နေရာမှ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူသုံးယောက် ပျံထွက်လာသည်။ တစ်ချိန်တည်းမှာပင် အနီရောင်ဝတ်ရုံနှင့်အဘိုးကြီးက ကမ်းခြေအနီးရှိ သင်္ဘောတစ်စင်းအပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ ရုတ်တရက် သူ၏မျက်လုံးများ ပွင့်လာပြီး စူးရှတောက်ပလာတော့သည်။ အနုသုခုနရုပ်ခန္ဓာ‌စဦးပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံလှိုင်းများ သူ့ဆီမှ ဖြာထွက်လာသည်။

သူသည် ဒေါသထွက်နေသည့်အမူအရာ မရှိဘဲနှင့်ပင် ကြောက်စရာကောင်းသော လူစားမျိုးဖြစ်သည်။ သူ၏မျက်လုံးများ ပွင့်လာသည်နှင့်တစ်ပြိုင်နက် သူက တလက်လက် တောက်ပနေသော ကျောက်စိမ်းပြားတစ်ပြား ထုတ်လိုက်၏။ ကျောက်စိမ်းပြားထဲသို့ နတ်ဘုရားအာရုံအား ပို့လွှတ်ပြီးနောက် သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"ကျင့်ကြံသူတစ်ယောက် ဝိညာဉ်ကျောက်တုံးသိန်းချီနဲ့ ပျံသန်းနေတယ်တဲ့လား" ထိုလူက ထရပ်ရင်း အေးတိအေးစက် ပြောလိုက်သည်။

"သူတော်စင်ကျွန်းပေါ်မှာ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတွေပဲ ပျံသန်းခွင့်ရှိတာ ....

"သူက ပစ္စည်းအများကြီး ရောင်းခဲ့တာပဲ။ အများစုက စဦးချီဖွဲ့စည်းမှုနဲ့ အမြုတေဖြစ်တည်မှုအဆင့်အတွက် အသုံးဝင်တဲ့ဟာတွေ။ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက သေချာပေါက် အနုသုခုမရုပ်ခန္ဓာအဆင့် မဖြစ်နိုင်ဘူး။ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူပဲ ဖြစ်ရမယ်

"အလွန်ဆုံး အမြုတေဖြစ်တည်မှု မဟာစက်ဝန်းအဆင့်။ ဒါပေမဲ့ ငါ့လက်ထဲမှာတော့ အဲ့ဒီလိုလူမျိုးက ပိုးကောင်လေးသာသာပဲ" ထိုလူ၏နှုတ်ခမ်းထက်တွင် ခပ်ရေးရေး အပြုံးတစ်ခု ဖြစ်ထွန်းလာ၏။

"ငါ ဝိညာဉ်ကျောက်တုံး‌တွေကို ယူနိုင်လို့ကတော့ ဒီခရီးက အလကား မဖြစ်တော့ဘူး" ထိုလူက အသေးစားနေရာရွှေ့ပြောင်းခြင်း အသုံးပြုကာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ သူ ပြန်ပေါ်လာသောအခါ သူတော်စင်ကျွန်းအပေါ်ရှိ လေလယ်တွင် ဖြစ်သည်။ မန်ဟို၏‌တည်နေရာကို အတည်ပြုပြီးနောက် သူသည် လမ်းကြောင်း‌ရွေးကာ ပျံသန်းသွားတော့သည်။

မန်ဟိုမှာ လေကိုခွင်းလျက် ပျံသန်းနေရင်း မျက်မှောင်ကြုတ်နေ၏။ သူ့မှာ ‌နေရန် အကြောင်းရင်းအား မစဉ်းစားနိုင်တော့၍ နှင်ထုတ်ခံနေရသည့်အလား ခံစားရတော့သည်။ ၎င်းက သူ့ကို မပျော်မရွှင် ဖြစ်စေသည်။

နှင်ထုတ်နေသူမှာလည်း သူ၏တာအိုအစောင့်အရှောက်ဖြစ်သူ မဟုတ်ပါလော။

"ဒီလိုဖြစ်မယ်ဆိုတာ ကြိုသိခဲ့ရင် မိစ္ဆာအင်မော်တယ်စေတီမှာတုန်းက အဲ့ဒီလိပ်ပေါက်စကို ပိုပြီး ဆော်ပလော်တီးခဲ့ပါတယ်" မန်ဟိုက ဒေါသတကြီး ရေရွတ်လိုက်သည်။ သူသည် နီးသထက် နီးလာနေသော ကမ်းခြေကို ကြည့်ရင်း ဆက်သွားနေ၏။

ယခုတွင် မှီခိုရာဂိုဏ်းချုပ်မှာ အင်မတန် စိတ်လှုပ်ရှားနေတော့သည်။ မန်ဟို ဝေးဝေးသွားသည်ကို ကြည့်နေစဉ် သူ၏မျက်လုံးများ၌ မျှော်လင့်ချက်တို့ ပြည့်နှက်နေ၏။

"သူ သွားနေပြီ။ ခွေးသူတောင်းစားလေး ထွက်သွားနေပြီ။ ဟားဟားဟား။ ဘယ်လောက်ကောင်းတဲ့ ခံစားချက်လဲ" မှီခိုရာဂိုဏ်းချုပ်မှာ ထိုအကြောင်းတွေးလေလေ၊ ပျော်လေလေ ဖြစ်နေတော့သည်။ သူက သီချင်းပင်ညည်းလာ၏။

မန်ဟိုသာ ရှိလျှင် ထိုသီချင်းညည်းသံကို ချက်ချင်း မှတ်မိလိမ့်မည်။ ၎င်းသည် မှီခိုရာဂိုဏ်းမှာတုန်းက မှီခိုရာဂိုဏ်းချုပ် ညည်းခဲ့သော သီချင်းပင် ဖြစ်လေသည်။

လောလောဆယ်တွင် မန်ဟို၏မျက်နှာကြီးမှာ မဲ့ရွဲ့နေသည်။ ပင်လယ်အား ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်သော်လည်း နေရန် အကြောင်းရင်း ရှာမတွေ့နိုင်သေးပေ။ သူ တုံ့ဆိုင်းနေသည့်အချိန်မှာပင် အဝေးမှ လေတိုးသံတစ်သံ ကြားလိုက်ရသည်။

မန်ဟို လှည့်ကြည့်လိုက်သောအခါ သူ့မှာ အံ့လည်း အံ့ဩသွားသလို၊ အလွန်ပျော်လည်း ပျော်သွား၏။ သူသည် လာနေသောအလင်းတန်းသုံးတန်းအား ချက်ချင်း လှည့်ကြည့်လိုက်သည်။ ဝမ်းသာအားရဖြစ်နေသော အရိပ်အယောင်အား သူ၏မျက်နှာအပေါ်တွင် မြင်ရလေသည်။

မန်ဟို လှည့်ကြည့်လိုက်သည့် အခိုက်အတန့်တွင် နောက်မှလိုက်လာသူ သုံးယောက်အနက်မှ အေးတိအေးစက်အသံတစ်သံအား ကြားလိုက်ရသည်။ "တာအိုရောင်ရင်း ၊ ခဏလောက် နေပါဦး”

နောက်မှ လိုက်လာသူသုံးယောက်မှာ သက်လတ်ပိုင်းအရွယ်များဖြစ်ကြပြီး တစ်ယောက်က အမြုတေဖြစ်တည်မှုအလယ်အလတ်အဆင့်ဖြစ်ကာ နှစ်ယောက်က အမြတေဖြစ်တည်မှုစဦးပိုင်းအဆင့် ဖြစ်သည်။ သူတို့က အလွန်လျင်မြန်စွာ ပျံသန်းလာသဖြင့် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။

နန်းတော်ထဲတွင်တော့ မှီခိုရာဂိုဏ်းချုပ်မှာ မျက်လုံးကြီးပြူးနေ၏။

"ခင်ဗျားတို့တွေ ဘာလုပ်မလို့လဲ" မန်ဟိုက နောက်ဆုတ်ရင်း အော်လိုက်သည်။

လူသုံးယောက်၏မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်တို့ဖြင့် စူးရဲနေ၏။ အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့်ကျင့်ကြံသူက မန်ဟိုကို သေချာ အကဲခတ်လိုက်သည်။ စောစောက သူသည် မန်ဟို၏ကျင့်ကြံခြင်းအခြေခံကို ပြတ်ပြတ်သားသား ကြည့်မရခဲ့သဖြင့် အတော်လေး ချီတုံချတုံဖြစ်ခဲ့လေသည်။ သို့ရာတွင် ယခု သူ့၌ အမြုတေဖြစ်တည်မှုစဦးပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံရှိကြောင်း ထင်ရှားသွားပြီဖြစ်သည်။

ထိုမျှသာမက မန်ဟို၏ စကားလုံးများနှင့် အထိတ်တလန့်ဖြစ်နေသောပုံစံက ထိုလူ့ကို ပို၍ပင် စိတ်အေးသွားစေတော့သည်။

"ကျုပ်တို့သုံးယောက်အနေနဲ့ တာအိုရောင်ရင်းဆီက တစ်ခုခုချေးချင်လို့ပါ" ထိုလူက ဟန်ဆောင်ပြုံးရင်း ပြောသည်။ "ကံကောင်းစွာနဲ့ ခင်ဗျားက ကျုပ်တို့ရည်ရွယ်ချက်ပြည့်ဝအောင် ကူညီပေးနိုင်တယ်လေ" ကျန်နှစ်ယောက်က မန်ဟို့ကို ဝိုင်းရန် ရွေ့လျားလာကြသည်။

သုံးယောက်လုံးက သတ်ဖြတ်လိုစိတ်တို့ ထုတ်ဖော်ရင်း မန်ဟိုကို အေးတိအေးစက် စိုက်ကြည့်နေသည်။ သူတို့၏လောဘမျက်လုံးများမှာ သည့်ထက်ပို၍ မသိသာနိုင်တော့ပေ။

"ဘာ..... ဘာလိုချင်လို့လဲ" မန်ဟိုက ကပျာကယာ ပြန်ဖြေသည်။

"ဝိညာဉ်ကျောက်တုံးပါးပါးလေးပါပဲ" ထိုလူက ပြုံးလျက် ဆိုသည်။ "တာအိုရောင်ရင်း သိုလှောင်အိတ်ထဲမှာ ဝိညာဉ်ကျောက်တုံးသိန်းချီရှိတယ်မလား။ ကျုပ်တို့ကို နည်းနည်းလောက် ‌ချေးပါလား" သူ,စကားပြောနေစဉ် အသက်အဖြတ်စိတ်ဆန္ဒတို့က သူ၏မျက်လုံးများတွင် တဖျပ်ဖျပ် လက်နေ၏။ သူက တိုက်ခိုက်ရန် ပြင်တော့မည့်အချိန် .....

"ရတယ် ချေးမယ်" မန်ဟိုက ‌ပြောသည်။  သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဝိညာဉ်ကျောက်တုံးသိန်းချီ ပျံထွက်လာသည်။ အလွန်များပြား‌သော ဝိညာဉ်ကျောက်တုံးများ၏ မြင်ကွင်းက ကျင့်ကြံသူသုံးယောက်ကို အသက်ရှူမှားသွားစေလေသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာသည်အထိ  ဝိညာဉ်ကျောက်တုံးက မြေကြီးအပေါ် တဘုတ်ဘုတ် ကျနေ၏။ မကြာမီ ၎င်းတို့က တောင်လိုပုံသွားလေသည်။

ညနေခင်းအခါသမယ ဖြစ်သည့်တိုင် ဝိညာဉ်ကျောက်တုံးများက တလက်လက် တောက်ပနေရာ လူသုံးယောက်၏မျက်လုံးများအား တဖျပ်ဖျပ် လင်းလက်နေစေတော့သည်။

သို့သော် မန်ဟို နောက်ဆုတ်လိုက်စဉ် မိစ္ဆာအင်မော်တယ်ဂိုဏ်းမှာတုန်းက ရရှိခဲ့သော မှော်ပစ္စည်းတစ်ခု၏ထိပ်ကလေး လျှပ်တပြက် ပေါ်သွားသည်။ မန်ဟိုက မျက်နှာပျက်သွားပြီး ကမန်းကတမ်း ဖုံးလိုက်၏။

"ဟားဟားဟား" သတ်လတ်ပိုင်းလူက အော်ရယ်သည်။ သူသည် စိတ်လှုပ်ရှားနေသည်ကို ချုပ်တည်းရင်း ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။ "တာအိုရောင်ရင်း ကြည့်ရတာ စိတ်ပျော်နေပုံပဲ။ ‌ဒီတော့ ပြောရမှာ အားနာပေမယ့် ဝိညာဉ်ကျောက်တုံးတွေအပြင် မှော်ပစ္စည်းတစ်ခုနှစ်ခုလည်း လိုနေလို့။ တိုက်တိုက်ဆိုင်ဆိုင် ခင်ဗျားသိုလှောင်အိတ်ထဲမှာ နည်းနည်းပါးပါး မြင်လိုက်သလိုပဲ။ တစ်ချက်ကြည့်မလို့ အိတ်လေးပေးပါလား"

ကျန်နှစ်ယောက်မှာ ချမ်းသာတော့မည့်အရေးတွေးပြီး စိတ်လှုပ်ရှားနေတော့သည်။

ထိုစဉ် နန်းတော်ထဲတွင်တော့ မှီခိုရာဂိုဏ်းချုပ်မှာ ‌မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ရင်း ရှူးရှူးရှားရှား ဖြစ်နေသည်။ သူ့မှာ မန်ဟို မြန်မြန်ထွက်သွားဖို့မှလွဲပြီး တခြားမလိုချင်ပေ။ ကံဆိုးစွာနှင့် ဤအရိပ်သုံးပါးနားမလည်သော သောက်ရူးများက မန်ဟို့ကို နှောင့်နှေးအောင် လုပ်ပြန်လေပြီ။ ဤသည်က မှီခိုရာဂိုဏ်းချုပ်အား မီးတောင်ကြီးသဖွယ် ပေါက်ကွဲသွားစေရန် လုံလောက်၏။

"သေချင်နေလားးးးးး" မှီခိုရာဂိုဏ်းချုပ်က လက်ကို ဝှေ့ရမ်းရင်း ဟိန်းဟောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် မန်ဟို့ကို ဝိုင်းထားသော လူသုံးယောက်မှာ စိတ်လှုပ်ရှားရင်ခုန်နေစဉ် ရုတ်တရက် တုန်ရီလာတော့၏။ တစ်စုံတစ်ယောက်၏ ဟိန်းဟောက်နေသောအသံကြီးက သူတို့၏စိတ်ထဲတွင် မြည်ဟည်းသွားလေသည်။

ထို့နောက် မျက်စိတစ်မှိတ်အတွင်း သူတို့၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားတော့၏။ သွေးအမှုန်အမွှားများ၊ အသားစများက လေတွင် ရဲတောက်သွားပြီး အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

မန်ဟိုက ခါးသက်သက် ပြုံးပြီးနောက် မြေကြီးပေါ်ရှိ ဝိညာဉ်ကျောက်တုံးများအားသိမ်းရန် လှုပ်ရှားလိုက်သည်။ သို့သော် ဤအခိုက်တွင် သူက ရုတ်တရက် ပြုံးလိုက်ပြန်၏။ အဝေးတွင် ပင်လယ်ရှိရာဘက်မှ သူ့ဆီသို့ အလင်းတန်းတစ်တန်း ချဉ်းကပ်လာနေလေသည်။

၎င်းကား အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့် အဘိုးကြီးဖြစ်၏။

"ဝိညာဉ်ကျောက်တုံးတွေ ထုတ်ပြီး ..... ဟမ်" သူ၏ အေးတိအေးစက် အသံကြီး ဟိန်းထွက်လာသည့်အချိန်မှာပင် အဘိုးကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ မြေကြီးပေါ်၌ ဝိညာဉ်‌ကျောက်တုံးများကား အပုံလိုက် ရှိနေသေးလေသည်။

***

All Chapters