← Chapters

ဂိုဏ်းချုပ် ကယ်ပါဦး

Vol. 46 Ch. 644

ဂိုဏ်းချုပ် ကယ်ပါဦး

Vol. 46 Ch. 644

"လာပြန်ပြီ နောက်တစ်ယောက်" မှီခိုရာဂိုဏ်းချုပ်မှာ နောက်တစ်ဖန် ဒေါကန်သွားပြန်သည်။ သူ့မှာ အင်မတန် မခံမရပ်နိုင်ဖြစ်နေတော့သည်။ မန်ဟို့ကို မောင်းထုတ်‌နေသည့် အကြံအစည်ကြီးမှာ အခက်အခဲပေါင်းသောင်းခြောက်ထောင်ကို ကျော်လွှားပြီးနောက် အောင်မြင်တော့မည်မဟုတ်ပါလော။

သို့ထိတိုင် ဤအခိုက်အတန့်တွင် သောက်ရူးတစ်ကောင်က ပြဿနာထပ်ရှာပြန်‌လေပြီ။ မှီခိုရာဂိုဏ်းချုပ်မှာ မန်ဟို ကျွန်းပေါ်၌ ‌ထပ်နေရန် အကြောင်းရင်း ရှာတွေ့သွားမည်ကို အတိုင်းထက်အလွန် စိုးရိမ်နေတော့သည်။ ထို့ကြောင့် သူကား မိုးမီးလောင်သွားပြီဖြစ်၏။ သူက လက်ဝါးကြီး‌မြှောက်ပြီး ‌ထပ်မံရောက်ရှိလာသူအား ဆော်ပလော်တီးတော့မည့်အချိန်မှာပင် ရုတ်တရက် တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူက မော့ကြည့်လိုက်ပြီး သူ၏မျက်နှာအပေါ်တွင် ဒေါသအရိပ်အ‌ယောင်တို့ မရှိတော့ပေ။ ယခု သူ၏မျက်နှာထားက အလွန်လေးနက်နေ၏။

သူကား ပင်လယ်ကို ‌စိုက်ကြည့်နေသည်။

သူ၏ဘေးရှိ ဂူယိတင်းစန်းယွီလည်း မည်သည့်နေရာကမှန်းမသိ ထူးဆန်းမှုကို ခံစားလိုက်ရသည်။ သူမက မော့ကြည့်လိုက်ပြီး မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ လှေစောင့်နတ်က သူမဘေးတွင် အသံမထွက်ဘဲ ပေါ်လာကာ သူလည်း အဝေးကို လှမ်းကြည့်လိုက်လေသည်။

ထိုစဉ် အနုသုခုမရုပ်ခန္ဓာအဆင့်အဘိုးကြီးသည် ဝိညာဉ်ကျောက်တုံးပုံကြီးကို ကြည့်ပြီး ရင်တဒိန်းဒိန်း ခုန်လာ၏။ သူက ဘေးဘီဝဲယာကို အကဲခတ်လိုက်သော်လည်း မူမမှန်သည့်အရာတစ်ခုမှ မတွေ့သဖြင့် မျက်မှောင်ကြုတ်ရင်း မန်ဟိုကို လှည့်ကြည့်လေသည် ။

မန်ဟိုက သူ့ကို ပြန်ကြည့်လိုက်ပြီး နှစ်ယောက်သား အကြည့်ချင်းဆုံသွားရာတွင် ထရယ်လိုက်သည်။

ယင်းက အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအဘိုးကြီးကို ထူးဆန်းသောအာရုံကြီးတစ်ခု ရလိုက်စေသည်။ သူက မသင်္ကာစရာတစ်ခုခု ဖြစ်ပွားနေကြောင်း ခံစားလိုက်၍ ချက်ချင်း ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

သူ တစ်စုံတစ်ခု ပြောရန်ပြင်လိုက်စဉ် မန်ဟို့မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ သူက အဝေးသို့ ခေါင်းလှည့်ကြည့်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏တစ်ကိုယ်လုံးမှ ပြင်းထန်အားကောင်းသော အရှိန်အဝါတစ်ခုအား ထုတ်ဖော်လိုက်သည်။ သူသည် ထွားကြိုင်းမလာသော်လည်း အဘိုးကြီး၏မျက်လုံးထဲတွင်တော့ မဖော်ပြနိုင်လောက်အောင် ကြီးထွားလာသယောင်ပင်။ အဘိုးကြီးသည် ရုတ်တရက် မန်ဟို့ရှေ့မှောက်တွင် သူ့မှာ ပိုးကောင်လေးတစ်ကောင်ထက် မပိုတော့ကြောင်း ခံစားလိုက်ရတော့၏။

မန်ဟို့ထံမှ ရိုက်ခတ်လာသည့် အရှိန်အဝါက အဘိုးကြီးကို တုန်ရီပြီး အသက်ရှူမှားသွားစေသည်။ သူ၏မျက်လုံးများမှာ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်သွားပြီး သူ၏စိတ်ထဲတွင် အချက်ပေးသံများ မြည်လာတော့သည်။

"အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်" သူက ကိုယ်စိတ်နှလုံး သုံးပါးလုံး တုန်ရီနေလျက် တွေးလိုက်သည်။ သူ၏မျက်နှာတွင်လည်း သွေးမရှိတော့ပေ။

မျက်စိတစ်မှိတ်အတွင်း မန်ဟို၏အရှိန်အဝါသည် တရိပ်ရိပ် မြင့်တက်လာခဲ့ပြီး ရုတ်တရက် အတားအဆီးတစ်ခုကို ချိုးဖျက်လိုက်လေပြီ။ ၎င်းက ရုတ်တရက် လေပြင်းမုန်တိုင်းတို့ တဝေါဝေါ တိုက်ခတ်လာစေပြီး မိုးမှောင်ကျလာစေတော့သည်။ မိုးထစ်ချုန်းသံများလည်း ကြားလာရသည်။

သူ၏စွမ်းအားသည် အရပ်မျက်နှာ၌ ကီလိုမီတာထောင်ချီ‌ရောက်သည့်တိုင်အောင် ဖြာ‌ထွက်သွားပြီး ဝဲကြီးတစ်ခုပေါ်လာသည်။ ဝဲကြီးသည် လျင်မြန်စွာ လည်ရင်း ကောင်းကင်နှင့်မြေကြီးအား ဆက်သွယ်သွားစေသည့်တိုင်အောင် မြင့်တက်သွားသည်။ ကမ္ဘာကြီးမှာ မန်ဟို၏ကြောက်ခမန်းလိလိ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို မခံနိုင်တော့သည့်အလား လေထုတွင် အက်ကြောင်းများ ထလာ၏။

"စိတ်...စိတ်ဝိညာဉ်ခွဲထွက်ခြင်း" လေဆင်နှာမောင်းကြီး၏အလယ်သို့ ရောက်နေခြင်းက အဘိုးကြီးကို မုန်တိုင်းထန်နေသော ပင်လယ်ထက်က သစ်ရွက်လေးတစ်ရွက်အလား၊ အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖျက်စီးခံရတော့မည့် လှေငယ်လေးအလား ခံစားရစေသည်။

သူ၏စိတ်မှာ ဝီခေါ်နေပြီး ဘာဆိုဘာမှ ‌မတွေးနိုင်တော့ပေ။ သူ့မျက်နှာလည်း လူသေကောင်ကြီးပမာ သွေးတစ်စက်မျှ မရှိလေတော့။ လေဆင်နှာမောင်းကြီးနှင့် တန်ခိုးရှင်ကြီးပမာ ဖြစ်နေသော မန်ဟိုကို ကြည့်နေစဉ် သူ၏ခန္ဓာကိုယ်သည် ‌တဆတ်ဆတ် တုန်နေတော့၏။

"ငါ ... ငါ တကယ်ကြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို ဓားပြတိုက်မလို့ ကြိုးစားခဲ့တာပဲ....."ထိုလူ၏ တုန်လှုပ်မှုမှာ မကြာခင် ကြောက်စိတ်တို့ဖြင့် အစားထိုးခံလိုက်ရတော့သည်။ ကောက်ကာငင်ကာ ပြောင်းပြန်ဖြစ်သွားသော အဖြစ်အပျက်ကြီးက သူ့အား ကြက်သေသေနေစေတော့သည်။ သူ၏တွက်ချက်မှုအရ ဤသည်မှာ သူ့တစ်ဘဝလုံးတွင် လုပ်ခဲ့ဖူးသမျှထဲ အမိုက်မဲဆုံး လုပ်ရပ်ဖြစ်လေသည်။

သူ့မှာ တဆတ်ဆတ် တုန်‌ရီနေစဉ် စောစောက စကားအကုန်မပြောခဲ့ခြင်းအား အတိုင်းမသိ ဝမ်းသာနေတော့သည်။ အနည်းဆုံးတော့ လှည့်ပြေးရန် အချိန်ရလောက်ပါသည်။

"စီနီယာ... စီနီယာ ကျုပ်....." သူ ရှင်းပြ‌ရန် ပြင်လိုက်စဉ် မန်ဟိုက အင်္ကျီလက်စကို ခါလိုက်သည်။ ဝိညာဉ်ကျောက်တုံးတစ်တုံးမကျန် ပျောက်ကွယ်သွားလေပြီ။ သူက အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူကို လျစ်လျူရှုရင်း လေပေါ် ပျံတက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်၏။

သူ မြင်လိုက်ရသည်မှာ ပင်လယ်ထက်ရှိ ‌ကောင်းကင်ကိုဖြတ်၍ လာနေသော အလင်းတန်းရှည်ကြီးတစ်တန်းကိုပင်။ ၎င်းကား ကောင်းကင်နှင့်မြေကြီးကို ထက်ပိုင်းပိုင်းပစ်နိုင်ပုံရ၏။ ဂျလိန်း ဂျလိန်း ထစ်ချုန်းသံများ ဆူညံနေပြီး နောက်ဆုံးတော့ အလင်းတန်းထဲ၌ ဝတ်ရုံအဖြူနှင့် ကျင့်ကြံသူတစ်ယောက် မြင်သာလာသည်။ သူသည် အိုမင်းမနေဘဲ သက်လတ်ပိုင်းအရွယ်ဖြစ်၏။ သူက ကျောနောက်လက်ပစ်ထားပြီး အလင်းတန်းထဲမှနေ၍ လေကို ခွင်းလျက် လျှောက်လှမ်းလာသည်။

သူ၏ဆံပင်များမှာ တလွင့်လွင့် လှုပ်ရှားနေပြီး သူဖြတ်သွားသည့်နေရာတိုင်း ပုံပျက်ရှုံ့တွကျန်ရစ်ခဲ့သည်။ သူ့ကြောင့် သဘာဝနိယာမများပင် ပြောင်းလဲသွားရသည့်အလားပင်။ အောက်ရှိ ပင်လယ်ပြင်ထက်တွင် လှိုင်းလုံးကြီးများက တဝုန်းဝုန်း အော်မြည်လျက်ရှိ၏။

အနီးကပ်ကြည့်လျှင် မ‌ယုံနိုင်လောက်အောင် အံ့ဖွယ်ကောင်းသော ဖိအားတစ်ခုကြောင့် ပင်လယ်ပြင်၏ ထိုအပိုင်းမှာ အောက်သို့နိမ့်ကျသွားသည်ကို မြင်ရပေမည်။

"နောက်ဆုံးတော့ သူ ရောက်လာပြီ" မန်ဟိုက ‌တွေးလိုက်သည်။ သူ၏မျက်လုံးများ တဖျပ်ဖျပ် လက်လာပြီး သူကား ‌တုံ့ဆိုင်းမနေဘဲ နဝမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်၏။

ဝုန်း

ယခင်ထက်ပို၍ အားကောင်းသောစွမ်းအင်တို့ စီးဆင်းသွားသဖြင့် သူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။ သူ့တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် အပြင်အားကိုယ်နှင့် မည်သည့်အရာကိုမဆို ကိုင်လှုပ်ပစ်နိုင်သော စွမ်းအား ပိုင်ဆိုင်သွားလေပြီ။

အောက်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူမှာ သွေးတစ်လုပ်အန်ပြီး မြေကြီးပေါ် ပြန်ကျသွားသည်။ သူ့အတွက်တော့ ‌မိုးပြိုကျနေသည့်အလားပင်။

မှန်ပါသည်၊ ချဉ်းကပ်လာနေသော ပုံရိပ်ကား ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှတစ်ပါး အခြားမဟုတ်ပေ။

သူက ရှေ့တက်လာသည်။ သူ၏မျက်နှာအမူအရာသည် အဆုံးမရှိသော အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေသယောင်ပင်။ သူကား ပတ်ဝန်းကျင်ရှိ မည်သည့်အရာကိုမဆို ဖြိုချဖျက်စီးပစ်နိုင်ဟန်တူပြီး ‌သူ,ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း အရာအားလုံးအား လှုပ်ရမ်းတုန်ခါလာစေ၏။

"မင်းက ငါ ဒီရောက်လာအောင် အရှိန်အတါတွေကို ဖြန့်ကျက်ထားရဲတယ်ပေါ့လေ" သူက မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံကြီးဖြင့် အေးတိအေးစက် ပြောသည်။ "ဘယ်သူ့အားကိုးနဲ့ သတ္တိတွေရှိနေတာလဲ ဟမ်။ အခုချက်ချင်း ခေါ်လိုက်စမ်းပါ မင်း အားကိုးနေတဲ့ကောင်တွေကို" သူ၏အသံက သူတော်စင်ကျွန်းတစ်ကျွန်းလုံးကို တုန်ခါသွားစေတော့သည်။ တောင်များ ပြိုကျလာပြီး ကျွန်းပေါ်ရှိလူများ အထိတ်တလန့် အော်ကုန်ကြသည်။

‌နှောင်ဖွဲ့ကင်းဂိုဏ်းအတွင်းမှ အလင်းတန်းပေါင်းများစွာ ထွက်လာကြပြီး လူတိုင်းမှာ မျက်နှာအမူအရာမျိုးစုံ ရှိနေကြ၏။

လေကြမ်းများ တိုက်ခတ်လာပြီး တိမ်တိုက်များ ဆူပွက်လာကာ ဧရာမလေဆင်နှာမောင်းကြီးတစ်ခု ဖြစ်တည်လာတော့သည်။ ကမ္ဘာပျက်မည့်နေ့ ရောက်ရှိလာခဲ့သည့်အလားပင်။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး သူတော်စင်ကျွန်း၏အပေါ်ရှိ လေထဲတွင် ပေါ်လာစဉ် ပင်လယ်ပြင်ထက် လှိုင်းလုံးများ တဝုန်းဝုန်း ထကြွလာပြီး ၎င်းတို့အတွင်းမှ အော်ဟစ်ငိုကြွေးနေသံများသဖွယ် အသံများ ပျံ့လွင့်လာသည်။

"မင်းမှာ အားကိုးစရာမရှိဘူးဆိုရင်တော့ ဒီတစ်ခေါက် မင်း မလွတ်တော့ဘူး" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏အသံမှာ တည်ငြိမ်အေးဆေးနေပြီး ခံစားချက်မြူမှုန်မျှ မပါရှိပေ။ သူ၏ သွေးအေးသော အကြည့်က မန်ဟို့အပေါ် ကျရောက်လာသည်။

အကြည့် ကျရောက်လာသည်နှင့်တစ်ပြိုင်နက် ထစ်ချုန်းသံကြီးက မန်ဟို့ကို ဝန်းရံသွားသည်။ သူ၏ကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံ ခုနစ်ခု၏ စွမ်းအား လည်ပတ်လာပြီး အပြင်အားကိုယ်ခွန်အားမှာ အကြည့်ကို တန်ပြန်ရိုက်ခတ်ရန် ဖြာထွက်လာသည်။

ဝုန်း

ထစ်ချုန်းသံကြီး မန်ဟို့ကိုယ်တွင် ပြည့်နှက်သွားကာ မယုံကြည်နိုင်ဖွယ် ဖိအားကြီးကို သူ ခံစားလိုက်ရ၏။ ဤခံစားချက်သည် နောက်ဆုံးတစ်ခေါက်တုန်းကထက်ပင် ပို၍ပြင်းထန်လေရာ သူ၏မျက်နှာကို သွေးဆုပ်ဖြူလျော်သွားစေတော့သည်။ ဖိအားကြီး၏အောက်တွင် သူ၏ကျင့်ကြံခြင်းအခြေခံကား ရုတ်တရက် အနုသုခုမရုပ်ခန္ဓာ ခုနစ်ခုမှ ခြောက်ခုအဖြစ် စုစည်းသွားလေသည်။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးထံမှ ဖိအားသည် ဓားသွေးကျောက်ပမာ ဖြစ်ပြီး မန်ဟိုက ... ဓားသွားအလားပင်။

တစ်ချိန်တည်းမှာပင် သူ၏ကျင့်ကြံခြင်းအခြေခံမှ ပြင်းထန်သောဖိအားကြီး ထွက်လာပြီး တန်ပြန်တိုက်ခိုက်လိုက်၏။

ဂျိန်းးးးးးး

မန်ဟိုမှာ ပါးစပ်မှသွေးများ ပန်းထွက်လျက် လည်ထွက်သွားလေသည်။ သို့ရာတွင် သူ၏ မျက်လုံးများက စူးရှတောက်ပနေပြီး သူက အကြည့်၏ဖိအားကို တွန်းလှန်ရန် ကိုယ့်အစွမ်းအစကိုသာ အားကိုးထား၏။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက မန်ဟို့ကို လေးလေးနက်နက် ကြည့်လိုက်သည်။  ဤသည်မှာ တောင်ပိုင်းဒေသမှာတုန်းက မန်ဟို့ကို ရင်ဆိုင်ခဲ့ဖူးသည့် ကိုယ်ပွားမဟုတ်ဘဲ ..... အသွေးအသားခန္ဓာကိုယ်တစ်ခု၊ အစစ်အမှန်ကိုယ်ပွားတစ်ခု ဖြစ်ပေသည်။

၎င်းသည် နောက်ဆုံးတစ်ခေါက်က နတ်ဘုရားအာရုံထက် အဆ,အဆများစွာ အစွမ်းထက်သည်။ ယခုအစစ်အမှန်ကိုယ်ပွား၏ အကြည့်ထဲရှိ စိတ်ဆန္ဒမှာ လူတစ်ယောက်ကို သတ်ဖြတ်ပစ်နိုင်သည်မဟုတ်ပါလော။

အောက်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ၏အံ့ဩတုန်လှုပ်မှုမှာတော့ အထွတ်အထိပ်အထိ ရောက်ရှိနေခဲ့လေပြီ။ မည်သည့်ကျင့်ကြံအဆင့်က စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်အား တန်ပြန်မတိုက်ခိုက်နိုင်အောင် ဖြစ်စေသည်လဲ  သူမှာ စဉ်းပင်မစဉ်းစားနိုင်ပေ။

"ဒီနေရာက အိပ်မက်ဆိုးကြီးပဲ....." သူ့မှာ သေးထွက်ကျမတတ် တုန်ရီနေပြီး သတိလစ်သွားစေရန်သာ ဆုတောင်းနေတော့သည်။

ထိုစဉ် နန်းတော်ထဲတွင် မှီခိုရာဂိုဏ်းချုပ်သည် ဖြစ်‌ပျက်နေသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေရင်း မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက်ရှိ၏။

ဂူယိတင်းစန်းယွီ၏မျက်ဝန်းလေးမှာတော့ စိုးရိမ်စိတ်တို့ဖြင့် ပြည့်နှက်နေသည်။

မန်ဟိုက ပင်လယ်ကမ်းဘေးရှိ လေလယ်တွင် ပျံဝဲနေရင်း ပါးစပ်မှ သွေးများကို သုတ်ကာ နောက်ဆုတ်လိုက်သည်။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာမူ မန်ဟို၏တာအိုအခြေနှင့်ပတ်သက်ပြီး ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။ "တကယ်ပဲ ပြီးပြည့်စုံတဲ့ တာအိုအခြေလို့ ခေါ်ဖို့ ထိုက်တန်ပါပေတယ်....

သူက မန်ဟို့ဆီ နောက်တစ်လှမ်း လှမ်းလိုက်သည်။

ဤအခိုက်တွင် မန်ဟိုက ရုတ်တရက် ထအော်သည်။ "ဂိုဏ်းချုပ် ကယ်ပါဦး"

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် မှီခိုရာဂိုဏ်းချုပ်၏မျက်နှာကြီး ရှုံ့မဲ့သွားသည်။ သူက မကြားချင်ယောင်ဆောင်လိုက်သော်လည်း ပိုပို၍စိတ်ပူလာ‌နေသော ဂူယိတင်းစန်းယွီက သူ့ကို ကပျာကယာ လှည့်ကြည့်လိုက်သည်။

ရွှစ်

စကားလုံးများ ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် မန်ဟိုက သွေးအလင်းရောင် တဖျပ်ဖျပ် လက်နေလျက် ထွက်ပြေးတော့သည်။ သို့သော် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက သူ၏အရှေ့တွင် ဖျတ်ခနဲ ပေါ်လာသည်။

"မှီခိုရာဂိုဏ်းချုပ်" မန်ဟိုက သူတော်စင်ကျွန်းတစ်ကျွန်းလုံး ပဲ့တင်ထပ်သွားအောင် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို သုံးရင်း အော်လိုက်သည်။ "ကျုပ် တစ်ယောက်ပဲ မှီခိုရာဂိုဏ်းမှာ ကျန်တော့တာနော်။ နှောင်ဖွဲ့ကင်းဂိုဏ်းမှာဆိုရင်လည်း ကျုပ်ရဲ့ ဝါစဉ်ကို  ထည့်တွက်ရင် အခွင့်ထူးခံအကြီးအကဲလို့ သတ်မှတ်ခံရသင့်တယ်။ ခင်ဗျား ကျုပ် အသတ်ခံရမှာကို တကယ်ပဲ လက်ပိုက်ကြည့်နေနိုင်လား" နှောင်ဖွဲ့ကင်းဂိုဏ်းရှိ လူတိုင်း သူပြောလိုက်သည့်စကားလုံးများကို ပြတ်ပြတ်သားသား ကြားသွားကြသည်။ မန်ဟိုက ချက်ချင်း နောက်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက လက်ကို ဝှေ့ယမ်းလိုက်၏။ သူ၏ တာအိုရှာဖွေခြင်းအဆင့် အသတ်အဖြတ်စိတ်ဆန္ဒကား မန်ဟို့ဆီ ပြေးဝင်သွားသော အနက်ရောင်အလင်းတန်းတစ်တန်း ဖြစ်သွားလေပြီ။

၎င်းသည် ‌လျှပ်စီးသဖွယ် ရွေ့လျားလာသော်လည်း မန်ဟိုက သတိမလွတ်ပေ။ အင်မော်တယ်ဓားက လျှပ်တပြက် ပေါ်လာရာ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ သူငယ်အိမ်များအား ကျုံ့သွားစေသည်။

ထိုအခိုက်အတန့်တွင် ဂူယိတင်းစန်းယွီက အံတင်းတင်းကြိတ်ပြီး ဖျတ်ခနဲ ပျောက်သွား၏။ သူမက နန်းတော်အပြင်ထွက်သွားသော မိုးရေစက်တစ်စက်အသွင်ပြောင်းသွားလေသည်။ တစ်ပြိုင်တည်းဆိုသလို လှေစောင့်နတ်လည်း ပျောက်သွားခဲ့သည်။

မိုးရေစက် ပြန်ပေါ်လာသောအခါ မန်ဟို့အရှေ့တွင် ဖြစ်သည်။ ၎င်းသည် ချက်ချင်းပင် တဖွဲဖွဲ ရွာကျနေသောမိုးရေများ ဖြစ်သွားကာ လာနေသော အနက်ရောင်အလင်းတန်းကို ဟန့်တားလိုက်၏။

ဂူယိတင်းစန်းယွီ၏အသံက ရုတ်တရက် ထွက်လာသည်။ "နင့်ရဲ့ အပြင်အားကိုယ်က သန်မာပေမယ့် အခု သုံးလို့မရဘူး။ မိုး ဆိုတာ ရေ။ ရေက ကန်ဖြစ်လာနိုင်ပြီးတော့ ကန်ဟာလည်း ပင်လယ်ဘဝပြောင်းချင်တယ်။ ပင်လယ်‌ရေပြင်က လှိုင်းထနိုင်တယ်။ တုန်ခါမှုက အကန့်အသတ်မရှိတဲ့ အားတွေကို ခုခံနိုင်တယ်"

မန်ဟိုမှာ ကြားလိုက်လျှင်ချင်း မျက်လုံးအစုံပြူးကျယ်သွားသည်။ အသံကို သူ မှတ်မိသော်လည်း လောလောဆယ်မှာ အတိတ်ကိုပြန်တမ်းတနေရမည့်အချိန် မဟုတ်။ စကားလုံးများက သူ့ကို စိတ်နှင့်ကိုယ်ကပ်သွားစေပြီး သူကား သူ၏ခန္ဓာကိုယ်ကို တုန်ခါလာအောင် လုပ်တော့သည်။

ရေးသားဖော်ပြနေခြင်းက အချိန်တချို့ကြာလိုက်သော်လည်း တကယ်တမ်း မျက်စိတစ်မှိတ်ဖြစ်ပျက်သွားခြင်းပင်။

အနက်ရောင်အလင်းတန်းက အနားရောက်လာပြီး မိုးရေကို ဖြတ်လာရာတွင် တစ်ဝက်ကျော် လွင့်ပါးပျောက်ကွယ်သွားသည်။ ကျန်ရှိသောအရာက မန်ဟို့ကို ဝင်တိုက်လိုက်ရာ ပေါက်ကွဲမှုကြီး ရိုက်ညောင်းသွားစေတော့သည်။ သို့သော် မန်ဟိုခန္ဓာကိုယ်၏ တုန်ခါလှိုင်းများက သူ၏ အပြင်အားကိုယ်အတွင်းရှိ ခုခံအားအလုံးစုံကို တစ်နေရာတည်းတွင် စုစည်းသွားစေသော ထူးဆန်းစွမ်းအားတစ်ရပ် ဖြစ်လာသည်။ မျက်စိတစ်မှတ်အတွင်း အနက်ရောင်တန်းကို တွန်းလှန်တိုက်ခိုက်နေသော တုန်ခါလှိုင်းရာချီ ထွက်ပေါ်လာလေသည်။

မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူ အရုပ်ကြိုးပြတ် လွင့်ထွက်သွားစဉ် မိုးရေများက မိန်းကလေးအယောင်ဖန်ဆင်းကာ မန်ဟို့ကို ဖမ်းယူပွေ့လိုက်သည်။ လှေစောင့်နတ်လည်း ပေါ်လာသည်။ သူက သူတို့အားလုံး နောက်ဆုတ်နေစဉ် အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ လေထုသည် ပုံပျက်ရှုံတွလာပြီး ‌မန်ဟို့ကို ကာကွယ်လိုက်၏။

အနက်ရောင်အတန်းကို လွင့်ပျယ်သွားစေနိုင်ခဲ့သော်လည်း ဖြစ်ပေါ်လာသည့် လှိုင်းဂယက်များက ပတ်ဝန်းကျင်ရှိ မြေကြီးများကို ဖျက်စီးပစ်လိုက်လေသည်။ အကုန်လုံး ကြေမွပြိုကျသွားပြီး ချောက်နက်ကြီးတစ်ခုသာ ကျန်ခဲ့တော့၏။

မန်ဟို၏မျက်လုံးများမှာ ဒေါသမီးတဝင်းဝင်း တောက်လာသည်။

"မှီခိုရာလိပ်အိုကြီး ခင်‌ဗျားက ကျုပ်ရဲ့ တာအိုစောင့်ရှောက်သူလေ။ ခင်ဗျားအပေါ်မှာ စီရင်ထားတဲ့ တားမြစ်မန္တန်တွေက ကျုပ် သေတော့မယ့်အချိန် ခင်ဗျားထိုင်ကြည့်နေတာကို ခွင့်ပြုထားတာ မယုံနိုင်ဘူး" သူ စကားပြောနေသည့်အချိန်မှာပင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက အနားရောက်လာခဲ့လေပြီ။ လှောင်ပြောင်သရော်နေသောအရိပ်အယောင်က သူ၏မျက်နှာကို စိုးမိုးနေပြီး သူက ညာလက်ကို မြှောက်လိုက်သည်။ ထို့နောက် သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်စဉ် သုတ်သင်ခြင်းစိတ်ဆန္ဒက သူ၏မျက်လုံးများတွင် နေရာယူထား၏။

လက်ဝါးကြီး ရွေ့လျားလာသည်နှင့်တစ်ပြိုင်နက် တစ်ကမ္ဘာလုံးမှာ ထိုလက်ဝါးကြီး၏အပိုင်ဖြစ်သွားအလား မှောင်မည်းလာလေသည်။ ၎င်း ကျဆင်းလာစဉ် မန်ဟိုအပါအဝင် အရာအားလုံးမှာ ပြိုလဲပျက်စီးစပြုလာတော့သည်။

ဖြစ်ပျက်နေသောအရာကို မြင်သောအခါ မှီခိုရာဂိုဏ်းချုပ်မှာ ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ မန်ဟို၏ စကားလုံးများက သူ့အား အနာပေါ် တုတ်ကျသွားသည့်အလား ရင်ထဲထိသွားစေသည်။ အမှန်ပင် သူ့အနေဖြင့် မန်ဟို သေဆုံးတော့မည်ကို သည်အတိုင်း ရပ်ကြည့်နေ၍မရပေ။ "လခွီး လာပြီ။ ငါ ဂိုဏ်းချုပ် လာပြီဟေး"

‌ဒေါသထွက်နေဆဲဖြစ်သည့်အချက်နှင့် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက သူလက်ဝါးကြီးဖြင့် တစ်မြေလုံးအား ဖျက်စီးပစ်နေသည့် လုပ်ရပ်ကို ထည့်တွက်လျှင် ၎င်းတို့အားလုံးက နောက်ဆုံးတော့ မှီခိုရာဂိုဏ်းချုပ်အား .....

‌နန်းတော်မှ ထွက်လာစေခဲ့လေပြီ။

***

All Chapters