← Chapters

ခေါင်းဆောင်ကြီးမန်ဟို

Vol. 47 Ch. 647

ခေါင်းဆောင်ကြီးမန်ဟို

Vol. 47 Ch. 647

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ 'ကံကြမ္မာကောင်း' ဟု ဆိုလိုက်ခြင်းကြောင့် ခေတ္တကြောင်သွားသည်။ မှီခိုရာဂိုဏ်းချုပ်၏ ဟိန်းဟောက်နေသော ဧရာမခေါင်းကြီးကတော့ အံ့မခန်းလိလိ အမြန်နှုန်းကြီးဖြင့် သူ့ဆီ ဦးတည်လာလေပြီ။

၎င်း ရွေ့လျားလာသည်မှာ အလွန်မြန်လွန်း၍ သရဲပုံရိပ်များ တဖျတ်ဖျတ် ပေါ်လာပြီး လေထုမှာ ပက်ကြားအက်လာတော့သည်။

ခွမ်းးးးး

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏မျက်လုံးများ ဒေါသမီးတဝင်းဝင်းတောက်သွားသည်။ သွေးများ သူ၏ပါးစပ်မှ ပန်းထွက်သွားပြီး တလက်လက် တောက်ပနေသော ဒိုင်းတစ်ခု ပေါ်လာသည်။ သို့သော် ၎င်းမှာ ခွမ်းခနဲ အစိတ်စိတ်အမြွှာမြွှာ ကွဲသွား၏။ သူ၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ကာ မိုးလေကို ဆင့်ခေါ်လိုက်သည်။ ချက်ချင်းပင် မှော်စွမ်းအားသည် သူ၏ပတ်ပတ်လည်တွင် ဖြစ်တည်လာကာ အံ့ဖွယ်မှော်သိုင်းတစ်ခုက မှီခိုရာဂိုဏ်းချုပ်ဆီ ပြေးဝင်သွားတော့သည်။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ သွေးတပွက် ထပ်အန်ပြီး အသက်ဘေးမှ ကပ်သီလေးရှောင်တိမ်းနိုင်သွားသဖြင့် တစ်ချိုးတည်း ထွက်ပြေးလေသည်။

ကြောက်စိတ်တို့က သူ့ကို သေးထွက်ကျမတတ် ဖြစ်စေသည်။ သူသည် တာအိုရှာဖွေခြင်းအဆင့်မဆိုထားနှင့် ၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရောက်ပြီးကတည်းက ကြောက်စရာကောင်းသည့်အရာတစ်စုံတစ်ခုနှင့်မှ မဆုံတွေ့ခဲ့ဖူးပေ။ တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံးတွင် သူ့အတွက် ‌မည်သည့်အရာကိုမှ ကြောက်စရာမလိုသည်သာ။ ကျီမျိုးနွယ်စုနှင့် နှစ်ကြိမ်ထိပ်တိုက်တွေ့ခဲ့ခြင်းကပင် သူ့ကို မတုန်လှုပ်စေခဲ့ပေ။

သို့ရာတွင် ယခုတော့ သူကား ကြောက်နေချေပြီ။ သူသည် တစ်ချက်လေးပင် မရပ်ဘဲ ပျံပြေးနေရင်း တစ်ချိန်တည်းမှာပင် မှော်ပစ္စည်းဒါဇင်ပေါင်းများစွာ ထုတ်လိုက်သည်။ ဤမှော်ပစ္စည်းတစ်ခုစီမှာ အဖိုးအနဂ္ဂထိုက်တန်သော ရတနာတစ်ပါးအဖြစ် သတ်မှတ်နိုင်လေသည်။ သူ့မှာ ၎င်းတို့အားလုံးစုဆောင်းမိဖို့ နှစ်ပေါင်းများစွာ ဖြုန်းခဲ့ရ၏။ ၎င်းတို့ကို ထုတ်လိုက်ခြင်းက စူးရှတောက်ပနေသော အလင်းရောင်ကို ဖြာထွက်လာစေပြီး ပျံပြေးနေသော သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်သွားစေသည်။

သို့သော် မှီခိုရာဂိုဏ်းချုပ်၏မျက်လုံးများမှာ အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် တဝင်းဝင်း တောက်နေသည်။ သူ၏ခေါင်းကြီးက ‌နောက်ကျုံ့သွားသော်လည်း လျှပ်စီးသဖွယ်  ထပ်မံ ထိုးထွက်လာပြန်၏။

သွေးပျက်မတတ် အော်လိုက်သံကြီး ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးထံမှ ပဲ့တင်ထပ်လာသည်။ ဤတစ်ခေါက်တော့ သူ့မှာ မရှောင်နိုင်လိုက်ပေ။ သူ၏အဖိုးထိုက်ရတနာများမှာ ဖျက်စီးခံလိုက်ရပြီး သူ၏ကိုယ်တစ်ပိုင်းမှာ မှီခိုရာဂိုဏ်းချုပ်၏ ကိုက်ဝါးစုတ်ဖြဲခြင်းခံလိုက်သဖြင့် တကျွတ်ကျွတ်အသံများ ထွက်လာသည်။

သူ၏အော်သံကြီးကား မည်သည့်အရာနှင့်မှ မနှိုင်းယှဉ်နိုင်လောက်အောင် စိတ်ဆင်းရဲစရာကောင်းနေ၏။ ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက သူ၏ကျန်ကိုယ်တစ်ပိုင်းဖြင့် လွတ်မြောက်အောင် ကြိုးစားလိုက်သည်။ သူကား အလွန့်အလွန် ဆိုးရွား‌သောအခြေ‌အနေသို့ ကျရောက်နေလေပြီ။

သွေးများက အရပ်မျက်နှာတစ်ခွင် လွင့်စင်ထွက်သွားပြီး မန်ဟို့မျက်လုံးများ တလက်လက် တောက်ပလာသည်။ သူသည် နောက်ပြန်လှည့်ကြည့်ရန်ပင် မရပ်ဘဲ လက်ကို ဝှေ့ယမ်းလိုက်ကာ သွေးတချို့အား သူ့ဆီ ရွေ့လျားလာစေသည်။ ထို့နောက် အဝေးသို့ ဆက်ထွက်သွားတော့၏။

သူ၏အနောက်တွင် မှီခိုရာဂိုဏ်းချုပ်မှာ ‌ဒေါသမပြေသေးပေ။ သူ၏ခေါင်းကြီး ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးဆီသို့ ‌ထပ်မံပြေးဝင်သွားသည့်အချိန်မှာပင် သူသည် မန်ဟို ဝေးသထက် ဝေးသွားသည်ကို အာရုံရလိုက်၏။ သို့သော် သူ့ဒေါသမှာ နည်းနည်းလေး လျော့မသွား။ တပွက်ပွက်ပင် ဆူလာသည်။ သူက ချက်ချင်း ဦးတည်ချက်ပြောင်းပြီး လျှပ်စီးသဖွယ် ဖျတ်ခနဲ မန်ဟို့ဘေးတည့်တည့်တွင် ပြန်ပေါ်လာသည်။ သူ၏ဧရာမပါးစပ်ကြီးမှာ မန်ဟို့ကို ဝါးမြိုတော့မည့်အလား ဟ,လာသည်။

သို့သော် ထိုအခိုက်အတန့်လေးတွင် တားမြစ်မန္တန်အထပ်ထပ်က သူ၏ပတ်ပတ်လည်တွင် ဖြစ်ပေါ်လာသည်။  တလက်လက် တောက်ပနေလျက် ချိန်းကြိုးများသဖွယ် တစ်ခုနှင့်တစ်ခု ဆက်နေသည့် မရေမတွက်နိုင်သော မှော်သင်္ကေတများအား မြင်ရနိုင်၏။ ၎င်းတို့သည် မှီခိုရာဂိုဏ်းချုပ် မည်မျှရုန်းထွက်စေကာမူ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထား၏။ သူ၏အခွံကြီးပင်လျှင် မကျန်ပေ။ သူ့မှာ အရှင်လတ်လတ် ‌နင်းချေခံနေရသကဲ့သို့ အခွံကြီးအက်လာတော့သည်။

နာကျင်မှုက မှီခိုရာဂိုဏ်းချုပ်ကို မချိတင်ကဲ အော်ဟစ်လိုက်ရစေသည်။ သူ၏ခေါင်းကြီးက နောက်ပြန်ဆုတ်သွားပြီး မန်ဟိုကို မုန်းတီးစက်ဆုပ်စွာ စိုက်ကြည့်သည်။

"မင်းနဲ့တွေ့တိုင်း ဘယ်တော့မှ ကောင်းကျိုးမပေးဘူး" မှီခိုရာဂိုဏ်းချုပ်က ဟိန်းဟောက်လိုက်သည်။

"တစ်ရက်ရက်ကျရင် မန်ဟိုရေ ငါ့ကို စီးပါဆိုပြီး ခင်ဗျား တောင်းဆိုရလိမ့်မယ်" မန်ဟိုက အဝေးသို့ ဆက်သွားနေရင်း မှီခိုရာဂိုဏ်းချုပ်ကို အေးတိအေးစက် လှည့်ကြည့်ကာ မုန်းမုန်းတီးတီး ပြန်ရန်တွေ့သည်။

မန်ဟို၏စကားလုံးများက မှီခိုရာဂိုဏ်းချုပ်ကို စိတ်ထဲတွင် တုန်လှုပ်သွားစေသည်။ သူ၏မျက်လုံးများသည် နီရဲလာပြီး သူကား ပို၍ပင် ဒေါပွသွားတော့သည်။ သို့သော် မန်ဟို့ကို စားဖို့ ထပ်မကြိုးစားတော့ပေ။ သူ့တစ်ကိုယ်လုံးကို နာကျင်မှုတို့ဖြင့် ဖိစီးနေစေလျက်ရှိသည့် တလက်လက် တောက်ပနေသော ချိန်းကြိုးများကို သူ၏အပေါ်တွင် မြင်နိုင်သေးလေသည်။ မန်ဟို့ကို မသတ်နိုင်တော့သည့်အတွက် သူ့မှာ ဒေါသပုံချရန် ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးဆီ ပြန်သွားရုံသာရှိတော့၏။

ဒသမမျိုးနွယ်ခေါင်းဆောင်ကြီးကား လိပ်ပြာလွင့်မတတ် ကြောက်လန့်နေလေပြီ။ သူ၏ အဆိုးတကာ့အဆိုးဆုံး အိပ်မက်ထဲတွင်ပင် သူသည် ဤနေရာ၌ မိစ္ဆာအင်မော်တယ်ကြီးတစ်ယောက်နှင့် ပက်ပင်းတိုးလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ ၎င်းကား တောင်ကောင်းကင်ဂြိုဟ်အပေါ် သူ နားလည်သိရှိထားသည်ထက် လုံးလုံးလျားလျား ကျော်လွန်လေသည်။

"‌ဒါ မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ်ပြီး မိစ္ဆာအင်မော်တယ်တစ်ယောက်က တောင်ကောင်းကင်ဂြိုဟ်မှာ ရှိနေမှာတုန်း။ သောက်သုံးမကျတဲ့ ကျီမျိုးနွယ်စု။ နဂါးငွေ့တန်းပင်လယ်မှာ မိစ္ဆာအင်မော်တယ်တစ်ယောက် ပုန်းနေတာကို ဘာလို့ခွင့်ပြုပေးထားရတာလဲ" ဤအခိုက်အတန့်တွင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ ကိုယ်တစ်ပိုင်းပြတ်သွားပြီဖြစ်၍ မလွဲဧကန် သေတော့မည်ဖြစ်ကြောင်း သိလိုက်ရသည်။ မိစ္ဆာအင်မော်တယ်တစ်ကောင်၏လက်မှ လွတ်မြောက်ဖို့ရန်မှာ မည်သို့မျှ မဖြစ်နိုင်သည်သာ။

"ငါ့လိုးမသား မန်ဟို။ ပထမဆုံး ငါ့ကိုယ်ပွားကို သတ်ဖို့ အင်မော်တယ်ဓားကို ထုတ်ခဲ့တယ်။ ပြီးတော့ အခုကျ ဒီလိုတာအိုအစောင့်အရှောက်မျိုးရှိနေတယ်တဲ့။ လူတစ်ယောက်က ဘာလို့ဒီလောက် ကံကောင်းနိုင်ရတာလဲ" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ လက်ခံနိုင်သည့်အလား ခံစားနေရလေသည်။ သို့သော် မန်ဟိုသည် ထိုသို့ကံကောင်းသဖြင့် ပြီးပြည့်စုံသော တာအိုအခြေကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်တန်ရာသည်ဟူ၍ သူ သဘောပေါက်သွားလေသည် ။

"ကံကောင်းလို့ ကိုယ်ပွားပဲ ဖြစ်နေလို့သာပေါ့ ။ အသွေးအသားကိုယ်ပွားဖြစ်တဲ့အတွက် သူ သေရင် ငါ့ကို ထိခိုက်စေလိမ့်မယ်။ ဒါမဲ့ ငါ့မှာ တခြားရွေးချယ်စရာမရှိဘူး .... အေး သေရတော့မယ်ဆိုရင်လဲ ဒီမိစ္ဆာအင်မော်တယ်ကို တိုက်ခိုက်ရင်း အသေခံမယ်" မှီခိုရာဂိုဏ်းချုပ်၏ ခေါင်းကြီးနီးကပ်လာစဉ် သူ၏မျက်လုံးများ စူးရှတောက်ပ‌သော အလင်းရောင်တစ်ခု ပေါ်ပေါက်လာသည်။ ‌‌ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် ယားခနဲ ဟိန်းဟောက်ရင်း ချာခနဲလှည့်ကာ မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။

မန်ဟိုကား အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးနေသည်။ သူ့မှာ အလွန်လျင်မြန်စွာ လှုပ်ရှားနေရသဖြင့် အဝေးရှိ ဂူယီတင်းစန်းယွီကို လက်ယှက်အရိုအသေပေးရန် အချိန်ရသည်ဆိုရုံကလေးသာ ရလိုက်၏။ ယခုတွင် မန်ဟိုမှာ သူ၏အစီီအစဉ် အထမြောက်သွားပြီဖြစ်သဖြင့် ထွက်ပြေးရန်သာ ခေါင်းထဲ ရှိတော့လေသည်။

မှီခိုရာဂိုဏ်းချုပ်၏ခေါင်းကြီးမှာ မန်ဟို့ထံမှ အလွန့်အလွန် ဝေးကွာကျန်ခဲ့လေပြီ။ သူသည် ဒေါသူပုန်ထနေပြီး မချင့်မရဲလည်း ဖြစ်နေ၏။ မန်ဟိုနှင့်တွေ့တိုင်း ကောင်းကျိုးတစ်ခုမှ မပေးပေ။ ပထမဆုံးအကြိမ်မှာ ကျောက်ပြည်မှ မဖြစ်မနေ ထွက်ခွာလာခဲ့ရတုန်းက ဖြစ်ခဲ့သည်။ ယခုလည်း သူ့မှာ အရှက်ခွဲခံရပြန်လေပြီ။

စိတ်အနှောင့်အယှက်ဖြစ်ရသော ခံစားချက်က သူ၏ဒေါသမီးတောက်ကို လောင်စာသာ ဖြည့်ပေးလိုက်တော့သည်။ မှီခိုရာဂိုဏ်းချုပ်မှာ ‌ထွက်ပေါက်ရှာဖို့ လိုနေပြီဖြစ်၍ ပြင်းပြသောအသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးဆီသို့ ဦးတည်သွားတော့၏။

မချိတင်ကဲ အော်သံများနှင့်အတူ တဝုန်းဝုန်း တဒုန်းဒုန်း ပေါက်ကွဲနေသည်။ မန်ဟိုကား တခဏလေးပင် မရပ်ပေ။ သူသည် ရောင်စုံအလင်းတန်းတစ်တန်းအသွင်ပြောင်းရင်း အမြင့်ဆုံးအရှိန်ဖြင့် ရှေ့သို့ ပြေးနေလေသည်။ သူ့အတွက် ပင်လယ်ကမ်းစပ်သို့ ရောက်ရန် အသက်အရှိုက်အနည်းငယ်သာ ကြာလိုက်၏။

အရှေ့တွင် နှောင်ဖွဲ့ကင်းဂိုဏ်းသားတချို့ ရှိ‌နေသည်။ သူတို့သည် မန်ဟိုကို မြင်သောအခါ ချက်ချင်း တုန်လှုပ်သွားကြ၏။ သူတို့အကြားတွင် ကျိုးပြည်မှ မန်ဟိုကို အမှန်တကယ် မှတ်မိလိုက်သော ကျင့်ကြံသူများရှိလေသည်။

"ဂါဝရပြုပါတယ် ခေါင်းဆောင်ကြီးမန်ဟို" သူတို့က လက်နှစ်ဖက်ယှက်ပြီး အလေးအနက် အရိုအသေပေးကာ ဆိုသည်။

သူတို့၏အပြုအမူများကို မြင်ရခြင်းက ကျန်ရှိသူများအား သူတို့အရှေ့ရှိ လူမှာ ဂိုဏ်းချုပ် အသက်နှင့်လဲ၍ ကာကွယ်ပေးနေသော မန်ဟိုမှတစ်ပါး အခြားမဟုတ်ကြောင်း သဘောပေါက်သွားစေသည်။ ဤသည်မှာ တစ်ဂိုဏ်းလုံးတွင် ဂို‌ဏ်းချုပ်နှင့်ယှဉ်လျှင် ဒုတိယသာလိုက်သော  စီနီယာအကျဆုံး ပုဂ္ဂိုလ်ဖြစ်၏။ မှန်သည်၊ သူတို့၏ကျင့်ကြံခြင်းအခြေခံမှာ မြင့်မားသင့်သ‌လောက် မမြင့်မားသဖြင့် မှီခိုရာဂိုဏ်းချုပ် မန်ဟို့အား စားဖို့ကြိုးစားခဲ့သည်ကို မည်သည့်နည်းနှင့်မှ မသိခဲ့ကြပေ။

ထိုမျှသာမက နှောင်ဖွဲ့ကင်းဂိုဏ်းတွင် ဝါစဉ်ထက် အရေးပါသောအရာမရှိတော့ပေ။ ၎င်းသည် ဂိုဏ်း၏ စည်းမျဉ်းဖြစ်ပြီး သူတို့နှလုံးသားထဲတွင် အမြစ်တွယ်နေခဲ့သည်မှာ ကြာပြီဖြစ်ရာ မည်သူမှ မဖီဆန်ရဲကြပေ။ မန်ဟို့ကို မြင်ပြီး ချက်ချင်း အရိုအသေမပေးလျှင် တရားလွန်ရာကျပေမည်။

"ဂါဝရပြုပါတယ်၊ ခေါင်းဆောင်ကြီးမန်ဟို" သူတို့အားလုံး လက်ယှက်ပြီး အရိုအသေပေးရင်း ပြောလိုက်ကြသည်။ မန်ဟို၏မျက်လုံးများမှာ တလက်လက် တောက်ပနေပြီး အပြုံးတစ်ခု သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာ၏။ သူက သူတို့ကို ခေါင်းတစ်ချက်ညိတ်ပြ၍ ‌ဖြတ်သွားလေသည်။

မှီခိုရာဂိုဏ်းချုပ်မှာတော့ ဤအဖြစ်အပျက်ကို မြင်သောအခါ သွေးအန်မိတော့မတတ် ဖြစ်သွားပြီး ‌ပို၍ပင် ဒေါသူပုန်ထသွားတော့သည်။ သူ့မှာ ကိုယ့်ရှူးကိုယ်ပတ်သွားသည့်အလား ခံပြင်းနေလေသည်။ စောစောက သူ၏သရုပ်ဆောင်မှုမှာ ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများ အခိုင်အမာယုံကြည်သွားလောက်သည်အထိ ပီပြင်လွန်းခဲ့၍ သူတို့အားလုံးအား တုန်လှုပ်အံ့ဩမှင်သက်သွားစေခဲ့သည်။ ဤသို့ဖြင့်  မန်ဟို့နာမည် ဟိုလေးတကျော်ကျော် ပျံ့နှံ့သွားရန် သိပ်မကြာလိုက်ပေ။

"မန်ဟို့အနားနေရင် ဘာကောင်းကျိုးမှကို မပေးဘူး ငါ့လီးတဲ့မှ" တစ်ခါမှမရောက်ဖူးသော အတိုင်းအတာအထိ ဒေါသထွက်နေရင်း မှီခိုရာဂိုဏ်းချုပ်သည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို စတင်ညှင်းပန်းနှိပ်စက်တော့၏။

မန်ဟိုသည် မူလက ထွက်သွားဖို့ ကြံထားခဲ့သော်လည်း ရုတ်တရက် ရပ်လိုက်သည်။ မှီခိုရာဂိုဏ်းချုပ်၏ ဟန်ဆောင်ခဲ့သောအပြုအမူ၊ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးနှင့် အသတ်ခံရခါနီး ဖြစ်ခဲ့သည့် စောစောက အဖြစ်ကို ပြန်တွေးပြီးနောက် သူကား နည်းနည်းပါးပါး ကလိမ်ကျရန် ဆုံးဖြတ်လိုက်တော့၏။ သူက နှောင်ဖွဲ့ကင်းဂိုဏ်းသားများဘက်သို့ ပြန်လှည့်လိုက်လေသည်။

"ဝိညာဉ်ကျောက်တုံးအကုန် ထုတ်ပြီး ငါ့ပေးချည်" သူက ပြောသည်။ "နောက်ကျရင် နှောင်ဖွဲ့ကင်းဂိုဏ်းချုပ်က မင်းတို့ကို အဆတစ်ရာ ပြန်ဆပ်ပေးလိမ့်မယ်။ မပူနဲ့ နှောင်ဖွဲ့ကင်းဂိုဏ်းချုပ်က ငါ့အတွက်ဆို အသက်တောင်စွန့်‌ဖို့ ဝန်မလေးဘူး။ မဖြစ်စလောက် ဝိညာဉ်ကျောက်တုံးလေးတွေကို ဂရုစိုက်မယ်ထင်လား" သူ စကားပြောနေစဉ် သူ၏အသံသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားဖြင့် ပြည့်နှက်နေရာ သူတော်စင်ကျွန်းတစ်ကျွန်းလုံး ပဲ့တင်ထပ်နေတော့သည်။

ဤစကားကို ကြားသော် မှီခိုရာဂိုဏ်းချုပ်မှာတော့ ပို၍ပင် ဒေါသမီးတောက်သွားတော့သည်။ သူက သေအံ့မူးမူးဖြစ်နေသော အရှေ့ရှိ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ကြည့်ပြီး မန်ဟို့ကို လိုက်သတ်ရန် ကြံစည်မိလိုက်ပြန်သည်။ သို့သော် ထိုသို့လုပ်လျှင် တားမြစ်မန္တန်များက သူ့ကို ချုပ်နှောင်ဟန့်တားမည်ဖြစ်ကြောင်း သူ သိ၏။ ထိုမျှသာမက မန်ဟို့ကို ပြန်ရန်တွေ့လျှင်လည်း ရှေ့စကား၊ နောက်စကားမညီဖြစ်ကာ မျက်နှာပျက်ရပြီး သူ၏စောစောက အပြုအမူများကို သံသယဝင်သွားကြလိမ့်မည်။ ယခုအချိန်တွင် မန်ဟို၏ စကားလုံးများသည် သူတော်စင်ကျွန်းတစ်ဝန်းရှိ နှောင်ဖွဲ့ကင်းဂိုဏ်းသားများ၏ နားထဲတွင် ပဲ့တင်ထပ်နေလေပြီ။ နောက်တစ်ချိန်တွင်တော့ ‌မှီခိုရာဂိုဏ်းချုပ်မှာ မန်ဟိုချေးသွားသည့် ဝိညာဉ်ကျောက်တုံးများကို မလွှဲ‌မရှောင် ပြန်ဆပ်ရပေတော့မည်။

"ဟမ့်" သူက သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ "မဖြစ်စလောက် ဂိုဏ်းသားလေးတွေမှာ ဝိညာဉ်ကျောက်တုံး ဘယ်လောက်များ ရှိမှာမလို့လဲ။ အဆတစ်ရာ ပြန်ပေးရလဲ ဘာအရေးတုန်း။ ငါ့တံတွေးကဖြင့် အဲ့ဒီထက် အများကြီးပိုတန်သေးတယ်" သူက ထိုသို့ပြောပြီး ခေါင်းကြီးကို ဆတ်ခနဲ ခါလိုက်သည်။ လောလောဆယ်တွင် သူ၏သွားကြီးဖြင့် ရက်ရက်စက်စက် အကိုက်ခံထားရသော ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ ဆောက်တည်ရာမဲ့စွာ အော်လိုက်၏။

ကျင့်ကြံသူအုပ်စုက မန်ဟို့ကို မျက်လုံးလေးကလယ်ကလယ်နှင့် ကြည့်ပြီးနောက် သိုလှောင်အိတ်များ ထုတ်ကာ အထဲရှိ ဝိညာဥ်ကျောက်တုံးအကုန်လုံး သူ့ဆီ ပေးသည်။ ဤသည်မှာ အံ့ဖွယ်ကျင့်ကြံခြင်းအခြေခံများဖြင့် နှောင်ဖွဲ့ကင်းဂိုဏ်းသားများ ဖြစ်ရာ ဝိညာဉ်ကျောက်တုံးထောင်ချီရှိကြလေသည်။ မန်ဟိုက ခေါင်းညိတ်ရင်း အကုန်လုံး လက်ခံယူလိုက်၏။

"ဝိညာဉ်ကျောက်တုံး တစ်သိန်း ကို လက်ခံတယ်" မန်ဟိုက သူတော်စင်ကျွန်းတစ်လျှောက်လုံး ပဲ့တင်ထပ်သွားအောင် အကျယ်ကြီး ပြောလိုက်သည်။ "မှတ်ထားဖို့ မမေ့နဲ့နော်" သူသည် ကျောက်စိမ်းပြားတစ်ပြားအား ခပ်သုတ်သုတ် ပစ်ပေးပြီးနောက် အဝေးသို့ ထွက်သွားတော့သည်။

ကျင့်ကြံသူအုပ်စုမှာတော့ ပါးစပ်အဟောင်းသား။ သူတို့ပေးလိုက်သည်မှာ ဝိညာဉ်ကျောက်တုံး ငါးသောင်းထက် မပိုခဲ့ကြောင်း ထင်ရှားသည်။ မည်သည့်အတွက်ကြောင့် ကောက်ကာငင်ကာ တစ်သိန်းဖြစ်သွားရသနည်း။ တခဏကြာသော် မန်ဟိုက သူတို့ကို ကောင်းချီးပေးခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူတို့၏မျက်လုံးများ တဖျပ်ဖျပ် လက်လာတော့သည်။ သူတို့မှာ ပျော်ရွှင်မြူးထူးစွာဖြင့် ထွက်သွားနေသော မန်ဟို၏ ပုံရိပ်ကို အလေးအနက် အရိုအသေပေးလိုက်ကြလေသည်။

"နှုတ်ဆက်ပါတယ် ခေါင်းဆောင်ကြီးမန်ဟို"

မှီခိုရာဂိုဏ်းချုပ်မှာတော့ တဆတ်ဆတ် တုန်လာပြီး ခံပြင်းစွာဖြင့် အော်ဟစ်လိုက်တော့သည်။

"မန်ဟို"

"ဂိုဏ်းချုပ်၊ ကျုပ်ကို လိုက်မပို့နဲ့တော့နော် ရတယ်" မန်ဟိုက ပြန်အော်သည်။ "ဂိုဏ်းသား အခု သွားပြီ‌နော်။ ဂိုဏ်းချုပ်ရဲ့ အသက်တောင် စွန့်ပေးခဲ့တဲ့လုပ်ရပ်က ဂိုဏ်းသားရဲ့ရင်ထဲထိချက်ပဲဗျာ။ ဂိုဏ်းချုပ်ကို ထပ်ပြီး အနှောင့်မယှက်မပေးတော့ပါဘူး" ဤအခိုက်အတန့်တွင် သူသည် သူတော်စင်ကျွန်းမှ ထွက်ပြီး ပင်လယ်ပြင်ထက်တွင် ပျံသန်းနေလေပြီ။ ဟိုးအနောက်တွင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ကိုယ်ပွားမှာ သွေးသံရဲရဲ စုတ်ပြတ်သပ်နေ၏။ သူက နောက်ဆုံးအကြိမ် သွေးပျက်မတတ် အော်ဟစ်လိုက်ပြီးနောက် မှီခိုရာဂိုဏ်းချုပ်၏ အစိတ်စိတ်အမြွှာအမြွှာ စုတ်ဖြဲစားသောက်မြိုချခြင်း ခံလိုက်ရတော့သည်။

မှီခိုရာဂိုဏ်းချုပ်၏ ခေါင်းကြီးက ထွက်သွားနေသော မန်ဟိုကို အမဲဖြတ်တော့မတတ် မုန်းမုန်းတီးတီး ကြည့်နေလေသည်။ တခဏကြာသော် သူက ခေါင်းထောင်ပြီး ဟိန်းဟောက်လိုက်၏။ ဧရာမလှိုင်းတံပိုးကြီးများက ပင်လယ်ပြင်ကို ရန်ရှာကာ ဝဲကြီးတစ်ခု ပေါ်လာစေသည်။ ၎င်းက သူတော်စင်ကျွန်းတစ်ကျွန်းလုံးကို ဝန်းရံလိုက်ပြီး တစ်ကျွန်းလုံး မယုံကြည်နိုင်ဖွယ် အမြန်နှုန်းကြီးဖြင့် ရွေ့လျားသွားသဖြင့် လူတိုင်း ထိတ်လန့်ကုန်ကြလေသည်။

လေများ ဝေါဝေါတိုက်နေပြီး လှိုင်းများ ဝုန်းဝုန်းထန်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ကျွန်း၏အရိပ်ကိုပင် မမြင်ရတော့ပေ။ ပင်လယ်ပြင်ထက်တွင် ကျန်ရစ်ခဲ့သည့်အရာဆို၍ လေတွင် ပျံဝဲနေသော မန်ဟိုတစ်ယောက်သာ ရှိလေသည်။

ထိုစဉ် တောင်ပိုင်းဒေသ ၊ ဝမ်မျိုးနွယ်စုတွင် ....

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ကိုယ်အစစ်သည် တောင်စဉ်တန်းများ၏အောက်ရှိ သင်္ချိုင်းဂူထဲရှိ ခေါင်းတလားထဲတွင် လဲလျောင်းနေ၏။ သူက ဖျတ်ခနဲ မျက်လုံးများ ဖွင့်လိုက်ပြီး သွေးတစ်ပွက် အန်လိုက်သည်။ သူသည် ထရပ်လိုက်ရာ သူ၏အိုမင်းနေပြီးသောခန္ဓာကိုယ်မှာ ပို၍ပင် အိုမင်းလာသည်။ သူကား ပို၍ပင် ခြောက်ကပ်ရွတ်တွလာပြီး သူ၏အရှိန်အဝါမှာ ပရမ်းပတာဖြစ်နေ၏။

ခေါင်းတလား၏ဘေးနံရံအား ဆုပ်ကိုင်လိုက်စဉ် သူ၏ အတွန့်အခေါက်၊ အရေးအကြောင်းအပြည့်နှင့် မျက်နှာကြီးမှာ သွေးဆုပ်ဖြူလျော်နေလေသည်။ သူက အပေါ်သို့ မော့ကြည့်လိုက်ပြီး သူ၏သူငယ်အိမ်များတွင် အဆိပ်ပြင်းသောအမုန်းတို့ ပေါ်လာ၏။

အချိန်အတန်ကြာသော် သူ၏မျက်လုံးများ တောက်ပလာလေသည်။

"ဒီတော့ မှီခိုရာဂိုဏ်းချုပ်နဲ့ မန်ဟိုကြားမှာ ရန်ငြိုးရှိနေတာကိုး။ မန်ဟို့ကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ပေမယ့် ... တားမြစ်မန္တန်တွေကြောင့် မချေမှုန်းနိုင်ခဲ့ဘူး

"သူ ငါ့ကို တိုက်ခိုက်ခဲ့တဲ့ တစ်ခုတည်းသောအရာက ငါ သူ့ကို မတော်တဆ ရန်စခဲ့မိလို့ပဲ

"ဒါဆိုရင် မန်ဟိုကို ဒုတိယအကြိမ် ကယ်တင်မှာ မဟုတ်ဘူးလို့ ဆိုလိုတယ်

"နောက်တစ်ကြိမ်... ငါ သူ့ကို နောက်တစ်ကြိမ် ဖမ်းမိရင် အဲ့ဒီနေ့က မန်ဟို တာအိုအခြေဆုံးရှုံးရမယ့်နေ့ ဖြစ်စေရမယ်" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကား သွေးအေးသောမျက်လုံးများဖြင့် အသက်ရှူသံများ မြန်နေတော့သည်။

***

All Chapters