စည်းထဲမှာ ပုန်းအောင်းနေတဲ့ စိတ်ဝိညာဉ်တွေ
Vol. 47 Ch. 649
"ဒီ နဂါးငွေ့တန်းပင်လယ် လေမုန်တိုင်းစည်းမှာ ပရိယာယ်တစ်ခုရှိတယ်" မန်ဟိုက ရေရွတ်လိုက်သည်။ သူ၏ပတ်ပတ်လည်တွင် လေများက တဝေါဝေါ အော်မြည်နေပြီး လျှပ်စီးများက တဂျိန်းဂျိန်း ထစ်ချုန်းလျက်ရှိ၏။ လေများသည် မည်သည့်အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူကိုမဆို အရှင်လတ်လတ် အရေခွံဆုတ်ပစ်နိုင်ပြီး လျှပ်စီးများက ထိုအရေခွံတို့ကို အမှုန့်ခြေနိုင်လေသည်။
သို့သော် ဤလေများလုပ်နိုင်သမျှမှာ မန်ဟို့မျက်နှာအား တိုးဝှေ့ကျီစယ်သွားရုံလေးသာ ဖြစ်ပေ၏။ ၎င်းတို့မှာ သူ့ကို အနည်းဆုံး တုန်ရီသွားအောင်ပင် မလုပ်နိုင်ပေ။ လျှပ်စီးများမှာလည်း သူ၏ကျင့်ကြံခြင်းအခြေခံအား မြန်မြန်လည်ပတ်ရန် ထောက်ပံ့ပေးနေသော အားဆေးများအလားပင်။
ကြက်တူရွေးက လေမုန်တိုင်းများကို လုံးဝအထင်သေးရွံရှာနေလျက် သူ၏ပခုံးကို ကုပ်ထား၏။ ရံဖန်ရံခါ ၎င်းသည် ဂီးခနဲ အော်၍ အသားဂျယ်လီခေါင်းလောင်းနှင့်အတူ လေများအထဲသို့ ပျံထွက်သွားတတ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသူများအဖို့ မည်သို့မျှ မစဉ်းစားနိုင်လောက်အောင် အံ့ဩတုန်လှုပ်သွားကြမည်သာ ဖြစ်၏။ နဂါးငွေ့တန်းပင်လယ်တစ်ဝန်းလုံးတွင် လေမုန်တိုင်းစည်းကို တစ်ယောက်တည်း ဖြတ်သန်းရဲသူများဆို၍ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများသာ ရှိလေသည်။
ထို့အပြင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူအရေအတွက်သည်လည်း နဂါးငွေ့တန်းပင်လယ်တွင် သုံးယောက်သာ ရှိ၏။
ထိုသူတို့က ဂိုဏ်းသုံးဂိုဏ်း၏ သူတော်စင်သုံးဦးပင်။
ထိုသုံးယောက်မှအပ၊ မည်သူမှ လေမုန်တိုင်းစည်းကို ဖြတ်ဖို့ ကြိုးစားရဲကြမည်မဟုတ်။
စည်းကြီးသည် အမှန်ပင် ကြီးမားလှ၏။ မန်ဟိုက ကျောနောက်လက်ပစ်လျက် ကီလိုမီတာသုံးသောင်းကျော် ရွေ့လျားလာခဲ့သည့်တိုင် တစ်ဖက်သို့ ယခုထက်ထိ မထွက်နိုင်သေးပေ။ ပိတ်ပိန်းနေသော အမှောင်ထုကို ဖြတ်၍ ရှေ့ရောက်လာသည်နှင့်အမျှ မုန်တိုင်းတို့သည် တစ္ဆေခြောက်သံများအား သယ်ဆောင်လာရင်း ပိုမိုသည်းထန်လာခဲ့၏။ အသံများသည် မရေမတွက်နိုင်သော မိစ္ဆာများ၊ မကောင်းဆိုးဝါးများ သူ့ကို ဟိန်းဟောက်နှင်ထုတ်နေကြသံ ပေါက်နေသည်။
လျှပ်စီးများက အရပ်လေးမျက်နှာသို့ ထစ်ချုန်းသံများ ထုတ်လွှတ်ရင်း ယိမ်းနွဲ့ကခုန်နေကြသည်။
ဤနေရာသည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ အသက်ရှင်လျက် မရှိနိုင်သော နေရာတစ်နေရာဖြစ်၏။ သူတို့၏အပြင်အားကိုယ်များ ပျက်စီးပြီး အနုသုခုမရုပ်ခန္ဓာများ ကွဲထွက်ခြင်းအဖြစ်သို့ ဆိုက်ရောက်ရပေလိမ့်မည်။ သို့ရာတွင် မန်ဟို့အတွက်တော့ ထိုအရာများကို စာမဖွဲ့ပါချေ။
နှစ်နာရီကြာသော် မန်ဟိုသည် မည်မျှခရီးပေါက်ခဲ့ပြီလဲ အတိအကျမသိသည့်တိုင် အတွင်းပိုင်းသို့ အတော်လေး ရောက်လာခဲ့၏။ အမှောင်ထုအတွင်းတွင် ဓားသွားတမျှ စူးရှသော လေကြမ်းများက သူ့ကို အနည်းငယ် နှေးသွားစေသည်။ သို့သော် အပြင်အားကိုယ်၏ခွန်အားကြောင့် ရှေ့ဆက်သွားနေနိုင်သေးသည်။
သူသည် နောက်နေ့အထိ လေမုန်တိုင်းများကို တွန်းထုတ်၍ ဆက်သွားနိုင်ခဲ့၏။ လေများသည် ပိုပို၍တုန်လှုပ်ဖွယ်ကောင်းလာကာ မိုးကြိုးများကလည်း နေရာအနှံ့ ပစ်ချနေသည်။ ပတ်ဝန်းကျင်တွင် မှိတ်တုတ်မှိတ်တုတ် လက်နေသော မှော်သင်္ကေတများကိုပင် မြင်ရလေသည်။ မှော်သင်္ကေတများမှ ထုတ်လွှတ်နေသော ဖိအားကို ခံစားလိုက်ရသောအခါ မန်ဟို့မျက်လုံးများ ဝင်းခနဲ လက်သွား၏။
စစချင်း ၎င်းတို့သည် ရှားပါးသော်လည်း နောက်တစ်နေ့တွင် မန်ဟိုမှာ အရှိန်မလျှော့၍မဖြစ်တော့ရာ မျက်မှောင်ကြုတ်သွားတော့သည်။ သူ၏ပတ်ပတ်လည်ရှိ မှော်သင်္ကေတများမှာ မှိတ်တုတ်မှိတ်တုတ် လက်မနေတော့ဘဲ ထိန်ထိန်လင်းနေပြီဖြစ်သည်။ တစ်ခါတရံ အတူတကွ ပေါင်းစည်း၍ မန္တန်ဝင်္ကပါများဖြစ်ပေါ်နေသော မှော်သင်္ကေတဆယ်ခုကျော်ကို မြင်တွေ့ရတတ်၏။
တစ်နေရာရောက်သော် သူသည် တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် မန္တန်ဝင်္ကပါများထဲမှ တစ်ခုကို မြင်လိုက်၏။ "ဒီမန္တန်ဝင်္ကပါက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူကို တုန်လှုပ်သွားစေနိုင်တယ်" သူသည် မှော်သင်္ကေတမန္တန်ဝင်္ကပါကို မရှောင်တိမ်းဘဲ သူ့အား ထိခွင့်ပြုလိုက်သည်။
၎င်းက ဖောင်းခနဲ ပေါက်ကွဲသွားပြီး သူ၏ခန္ဓာကိုယ်မှာ အတန်ငယ် တုန်ရီသွားသော်လည်း သူက နောက်မဆုတ်ပေ။ သူ၏မျက်စိအရှေ့တည့်တည့်၌ မှော်သင်္ကေတမန္တန်ဝင်္ကပါ တစစီ ပျက်စီးသွားသည်ကို မြင်သောအခါ ယုံကြည်ချက်ရှိသော အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ဖြစ်ထွန်းလာတော့သည်။
သူက အဝတ်များကို ခါရင်း ရှေ့ဆက်လျှောက်သွားသည်။ ရက်အနည်းငယ်ကြာသော် လေမုန်တိုင်းစည်းအထဲရှိ မန်ဟို့မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ သူသည် အစိမ်းရောင်အငွေ့အသွင်ပြောင်းကာ သူ့ဆီ ပြေးဝင်လာနေခဲ့သော မှော်သင်္ကေတအစုအဝေးတစ်စုကို ဖြတ်ရှောင်လိုက်သည်။
ထစ်ချုန်းသံကြီး ပဲ့တင်ထပ်သွားသည်။ မှော်သင်္ကေတများမှာ ကောင်းကင်နှင့်မြေကြီးရှိ မည်သည့်အရာကိုမဆို သုတ်သင်ဖျက်စီးပစ်နိုင်သည့် စိတ်ဆန္ဒတစ်ခုဖြင့် ပြည့်သျှံနေသယောင်ပင်။ ၎င်းတို့ ဘေးမှဖြတ်သွားစဉ် မန်ဟိုသည် မှော်သင်္ကေတအစုအဝေးမှ ဖြာထွက်နေသည့် ကြီးစိုးခြယ်လှယ်နေသောအငွေ့အသက်ကြောင့် ပတ်ဝန်းကျင်ရှိ မြူအနည်းငယ် လွင့်ပျယ်သွားကြောင်း သတိထားမိလိုက်၏။
မှော်သင်္ကေတအစုအဝေးက ၎င်းလမ်းအတိုင်း ဆက်သွားနေစဉ် ပြန့်ကြဲနေသော အခြားမှော်သင်္ကေတများကို ဝင်တိုက်ပြီး စုပ်ယူဝါးမြိုပစ်လိုက်ပုံရသည်။
"အဲ့ဒီအစုအဝေးက မှော်သင်္ကေတရာချီနဲ့ ဖွဲ့စည်းထားတာပဲ" သူ၏မျက်ဝန်းများ လေးနက်သွားသည်။ မှော်ပစ္စည်းရာချီမှ ဖြစ်ပေါ်လာသော မန္တန်ဝင်္ကပါက သူ့အား ခြောက်လှန့်နေ၏။ ၎င်းသာ သူ့ကို ထိသွားခဲ့လျှင် သူအနေဖြင့် တောင့်ခံနိုင်မည်လား မသေချာပေ။
"ငါ ဒီလေမုန်တိုင်းစည်းကို အထင်သေးလို့ မဖြစ်ဘူး" သူက ရေရွတ်လိုက်သည်။ သူသည် ဆက်သွားနေရင်း နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။
တဖြေးဖြေးနှင့် မှော်သင်္ကေတရာပေါင်းစွာများမှ ဖြစ်ပေါ်လာသော မန္တန်ဝင်္ကပါများကို ပိုမိုတွေ့လာရသည်။ နောက်ဆုံးတွင် ၎င်းတို့သည် အဆန်းတကြယ်မဟုတ်တော့သည့်အပြင် မကြာခင် ပို၍ပင်ကြီးမားသော မန္တန်ဝင်္ကပါကြီးများအား မြင်လိုက်ရလေပြီ။
ထိုဝင်္ကပါများမှာ မှော်သင်္ကေတထောင်ချီမှ ဖြစ်ပေါ်လာကြပြီး သာမန်စက်လုံးများနှင့် မတူတော့ဘဲ မှော်ပစ္စည်းပုံစံများပင် ရှိနေကြသည်။ သူသည် လေများအကြား လွင့်မျောနေသော တိုက်ပွဲဝင်ပုဆိန်ကြီးသဖွယ် ပစ္စည်းတစ်ခုကို မြင်လိုက်ရ၏။ မှော်သင်္ကေတရာချီဖြင့် ဖွဲ့စည်းထားသော ကျန်မန္တန်ဝင်္ကပါများမှာ တိုက်ပွဲဝင်ပုဆိန်ကြီးအနား မကပ်ရဲသည့်အလား ရှောင်သွားကြသည်။
တိုက်ပွဲဝင်ပုဆိန်ကြီးသည် မီတာဒါဇင်ချီမြင့်မားပြီး တလက်လက် တောက်ပနေ၏။ ကျောချမ်းစရာကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒက အဆက်မပြတ် သတ်ဖြတ်ချင်နေသည့်အလား ၎င်းထံမှ ဖြာထွက်နေသည်။ ကြည့်လိုက်ရုံနှင့် ၎င်းသည် လုံးဝ သာမန်ထက်ထူးခြားနေ၏။
တိုက်ပွဲဝင်ပုဆိန်ကြီး၏အပေါ်တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါတစ်ခုကို အာရုံရလိုက်ရာ မန်ဟိုမှာ အံ့အားသင့်သွားဝောာ့သည်။ သူ၏မျက်ဝန်းများတွင် စိတ်ဝင်စားသောအရိပ်အယောင်များ ဖြတ်ပြေးသွား၏။
"ဒီက မှော်သင်္ကေတတွေက သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ။ တစ်ခုတည်းဆိုရင် သိပ်အစွမ်းမထက်ပေမယ့် ဆယ်ခုစုပေါင်းလိုက်တဲ့အခါ အံ့ဖွယ်ဖိအားကို ထုတ်လွှတ်ကြတယ်။ ရာချီပေါင်းစုထားရင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတွေအတွက် မထိရဲတဲ့အရာ ဖြစ်သွားတယ်။ ထောင်ချီစုဝေးသွားရင်တော့ .....
"စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါကို ထုတ်လွှတ်ပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရတနာနဲ့ တူတယ်" မန်ဟို စိတ်နှလုံးလှုပ်ရှားသွားသည်။ ကျင့်ကြံခြင်းအပေါ် သူနားလည်ရသလောက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရောက်ပြီးနောက်တွင် နယ်မြေဉာဏ်အလင်းရရှိမည့်အပြင် လူတစ်ယောက်သည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရတနာကိုလည်း ဖန်တီးနိုင်၏။
ယင်းသို့ ဖန်တီးဖို့အတွက် ဦးဆုံး ပထမခွဲထွက်ဖြတ်တောက်ခြင်းဓားသွား၏ စိတ်ဆန္ဒကို မှော်ပစ္စည်းတစ်ခုအတွင်းသို့ ဝင်ရောက်ပေါင်းစည်းစေရမည်။ ထို့နောက် အနုသုခုမနတ်ခန္ဓာဖြင့် ၎င်းကို အားဖြည့်ကာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းရတနာ အသွင် ပြောင်းလဲရခြင်းဖြစ်သည်။ ထိုသို့သော မှော်ပစ္စည်းမျိုးသည် အသက်စွမ်းအားဖြင့် ဖန်တီးရခြင်းဖြစ်၍ လက်ဖျားခါလောက်အောင် အစွမ်းထက်လေသည်။
ထိုမျှသာမက ဖန်တီးပြီးလျှင်ချင်း မှော်ပစ္စည်း၏ အားနည်းမှု ၊ အားကောင်းမှုသည် ၎င်းနောင်ဖြစ်လာမည့်ပုံစံ၏ အားနည်းမှု ၊ အားကောင်းမှုကို ဆုံးဖြတ်ပေးလိမ့်မည်။
မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပလာပြီး ၎င်းကို မရှောင်ပေ။ သူသည် ၎င်းကို တခဏ အကဲခတ်ပြီး ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ သူ၏လက်အပေါ်တွင် တောင်တစ်လုံး၏ပုံရိပ် ဖြစ်ပေါ်လာကာ သူက အရှေ့သို့ ရွယ်လိုက်၏။ တောင်က တိုက်ပွဲဝင်ပုဆိန်သဏ္ဌာန်ရှိ မှော်သင်္ကေတရာချီသော အစုအဝေးဆီသို့ ဂျိန်းခနဲ ဦးတည်သွား၏။
တောင်နီးကပ်လာစဉ် တိုက်ပွဲဝင်ပုဆိန်က ၎င်းအား မရှောင်ပေ။ တောင်သည် ၎င်းကို ဝင်တိုက်လိုက်သောအခါ ဝုန်းခနဲ ပြိုကွဲသွား၏။ တိုက်ပွဲဝင်ပုဆိန်မှာတော့ မည်သို့မျှပြောင်းလဲမသွားပေ။ သို့သော် ၎င်းသည် အလန့်တကြား စိုက်ကြည့်နေသော စိတ်ဝိညာဉ်ရှိနေသည့်အလား တုံ့ခနဲ ရပ်သွားလေပြီ။
၎င်းမှာ ကိုယ်ပိုင်အသိစိတ် ရှိပြီး လောလောဆယ်တွင် ၎င်း၏ မှတ်ဉာဏ်ထဲရှိ အရာတစ်ခုမှ ၎င်းအား မတိုက်ခိုက်ရဲခဲ့ပုံကို စဉ်းစားခန်း ဖွင့်နေသည့်အလားပင်။
မန်ဟို မျက်မှောင်ကြုတ်သွားသည်။ တိုက်ပွဲဝင်ပုဆိန်သည် သူမှန်းထားသည်ထက် များစွာအစွမ်းထက်၏။ ထိုစဉ် တိုက်ပွဲဝင်ပုဆိန်မှ တုံ့ပြန်လာသည်။ ၎င်း၏အသွားကြီးက မန်ဟို့ကို ရွယ်ရင်း ချက်ချင်း ပြေးဝင်လာသည်။
ထိုမျှသာမက အနက်ရောင်မြူများလည်း ၎င်း၏ပတ်ပတ်လည်တွင် တထောင်းထောင်း ထလာကာ ထိုမြူများအတွင်း၌ မန်ဟို့ကို အမဲဖြတ်တော့မတတ် စိုက်ကြည့်နေသော မျက်လုံးနှစ်လုံးအား မြင်ရလေသည်။ သူ့ဆီသို့ တဟုန်ထိုး ရွေ့လားလာစဉ် တိုက်ပွဲဝင်ပုဆိန်ကြီးထံမှ ဒေါသူပုန်ထနေသော ထစ်ချုန်းသံကြီး ဟိန်းထွက်လာသည်။
"စိတ်ဝင်စားစရာပဲ" သူက ပြုံးရင်း ပြောသည်။ လေမုန်တိုင်းစည်းကိုဖြတ်၍ ခရီးနှင်နေခဲ့သော သူ၏နေ့ရက်များမှာ တစ်ခါလာ မဲပြာပုဆိုးသဖွယ် ငြီးငွေ့စရာကောင်းနေခဲ့သဖြင့် ဤမျှစိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို သူ မည်သို့ လျစ်လျူရှုနိုင်မည်နည်း။
စောစောက သူသည် အကဲစမ်းကြည့်ရုံသာ လုပ်ခဲ့၏။ ယခုတော့ တိုက်ပွဲဝင်ပုဆိန်မှာ သူ့ဆီ ပြေးဝင်လာနေပြီဖြစ်၍ သူက ရုတ်တရက် ညာလက်မြှောက်လိုက်ရာ သူ၏ပတ်ပတ်လည်တွင် မီတာထောင်ချီမြင့်သွန်းသော တောင်တစ်လုံး၏ပုံရိပ်ယောင် ပေါ်လာသည်။ ထို့နောက် သူသည် လက်နှစ်ဖက်လုံးအား ဝှေ့ယမ်းလိုက်ကာ ၎င်းအား မီတာ(၁၅၀၀၀) မြင့်မားသည့်တိုင်အောင် ကြီးမားလာစေ၏။ တိုက်ပွဲဝင်ပုဆိန်ကြီးက ၎င်းကို ဝင်တိုက်လိုက်သည်။
မိုးထိညံသွားသော အုန်းခနဲ ပေါက်ကွဲသံကြီးအား ကြားရနိုင်သည်။ ပတ်ဝန်းကျင်ရှိ မြူများ တဖွေးဖွေး အုံကြွသွားပြီး အသံကြီးက ဝေးလံသော လေမုန်တိုင်းနယ်ပယ်အထိ ပဲ့တင်ထပ်သွားသည်။
အမှန်တွင် လေမုန်တိုင်းစည်းမှ အတော်လေး ဝေးကွာသော တစ်နေရာတွင် အနက်ရောင်အလံတစ်ခုအား လွှင့်တင်ထားသည့် ပိတ်ပိန်းနေအောင် နက်မှောင်နေသော သင်္ဘောတစ်စင်း ရှိ၏။ တဝေါဝေါ တိုက်ခတ်နေသော မုန်တိုင်းလေများအကြား ခုတ်မောင်းလျက် ရှိစဉ် ၎င်းသည် အသွေးအသားရှိသည့်အလား သွေးအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။
သွေးအရှိန်အဝါအတွင်းမှ သွေးရောင်သင်္ကေတများက သင်္ဘော၏ရွက်များနှင့် တစ်သားတည်းဖြစ်နေရာ ၎င်းအား စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများအတွက်ပင် ခက်ခဲကြမ်းတမ်းသော လေပြင်းများအကြား အန္တရာယ်ကင်းကင်းဖြတ်သွားနိုင်စေသည်။
လေမှာ သင်္ဘောအား ဘာမှမလုပ်နိုင်သည့်အပြင် မိုးကြိုးများမှာလည်း အနားရောက်လျှင် သင်္ဘောကို ပစ်မချနိုင်ဘဲ ရှောင်ကွင်းသွားကြရလေသည်။ မှော်သင်္ကေတစက်လုံးများပင် သင်္ဘောကို မြင်သည့်အခါ တုန်လှုပ်သွားကြပုံရပြီး ငြိမ်သက်သွားကြ၏။
သင်္ဘောအပေါ်တွင် အပြင်ရှိ ကြောက်မက်ဖွယ်မြင်ကွင်းကြီးကို ကြည့်ရင်း မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် အသက်ရှူမြန်နေကြသော ကျင့်ကြံသူတစ်ဒါဇင်ကျော် ရှိသည်။ အများစုမှာ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး အမြုတေဖြစ်တည်မှုအဆင့်အနည်းအကျဉ်းသာ ရှိ၏။
သင်္ဘော၏ တာဝန်ကျ ညွှန်ကြားသူများမှာတော့ အဘိုးကြီးသုံးဦး ဖြစ်သည်။ သူတို့သည် တင်စီးမောက်မာသောပုံစံရှိပြီး ရံဖန်ရံခါ ကျန်ခရီးသည်များကို အထင်သေးသလို လှမ်းကြည့်တတ်ကြ၏။
"ဘာတွေ အဖြစ်သည်းနေကြတာလဲ" တစ်ယောက်က ပြောသည်။ "ငါတို့မှာ ဆက်သွားဖို့ ခရီးအရှည်ကြီး ကျန်သေးတယ်။ ခရီးဆုံးဖို့ အနည်းဆုံး ခြောက်လတော့ ကြာဦးမှာ"
"နေဝိညာဉ်အဖွဲ့အစည်းယာဉ်က ဂိုဏ်းသုံးဂိုဏ်းထဲမှာ အမြန်ဆုံးမဟုတ်ပေမယ့် အလုံခြုံဆုံးပဲ။ ငါတို့ဝိညာဉ်ကျောက်တုံးတွေ အလကားတော့ မဖြစ်ပါဘူး"
အဘိုးကြီး၏စကားကို တုံ့ပြန်သည့်အနေဖြင့် သင်္ဘောအပေါ်ရှိ ခရီးသည်များမှာ အားတင်းပြုံးလိုက်ကြရ၏။ သူတို့မှာ ခရီးစဉ်တစ်လျှောက်လုံး မြင်တွေ့ခဲ့ရသမျှအရာအားလုံးကြောင့် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြလေသည်။ လူနှစ်ယောက်သာ တည်ငြိမ်သောအမူအရာရှိကြသည်။ သူတို့နှစ်ယောက်မှာ လေမုန်တိုင်းစည်း၏မြင်ကွင်းများနှင့်ပတ်သက်ပြီး ရင်းနှီးနေကြသည့်အလားပင်။
ဤလူအားလုံးသည် ပတ်လမ်း(၃)တွင် ကံကြမ္မာကောင်းရှာရန် ခရီးထွက်လာကြခြင်းဖြစ်သည်။ ဤသင်္ဘောက ဝိညာဉ်ကျောက်တုံးပမာဏတစ်ခုဖြင့် သူတို့ကို ထိုနေရာသို့ ပို့ဆောင်ပေးမည့် အထူးယာဉ်ဖြစ်ပေသည်။
နဂါးငွေ့တန်းပင်လယ်တွင် ပတ်လမ်း(၃)သို့ ဝင်ရောက်ရန် နည်းလမ်းတစ်ခုတည်းသာ ရှိသည်။ ယင်းက ဂိုဏ်းသုံးဂိုဏ်း၏ ပင်လယ်မြို့တော်တစ်မြို့မြို့ကို သွားရန်ဖြစ်ပြီး အဖိုးအခပေး၍ ဤသို့အထူးသင်္ဘောတစ်စင်းအပေါ် တက်ကြရပေမည်။
မှန်သည်၊ မန်ဟို၏နည်းလမ်းကတော့ တရားဝင်သော နည်းလမ်းအဖြစ် သတ်မှတ်၍မရပေ။
သင်္ဘောအပေါ်ရှိ ခရီးသည်များ ဖြစ်ညစ်ပြုံးနေကြစဉ် ရုတ်တရက် အဝေးမှ ခပ်အုပ်အုပ် ပေါက်ကွဲသံများအား ကြားလိုက်ရသည်။ ချက်ချင်း ပတ်ဝန်းကျင်ရှိ လေမုန်တိုင်းများ ဖရိုဖရဲဖြစ်သွားပြီး မိုးကြိုးတန်းများ တွန့်လိမ်ဖယ်ကုန်သည်။ ထိုမျှသာမက မှော်သင်္ကေတများစွာမှာ တဆတ်ဆတ် လှုပ်ရှားလာပြီး အိပ်ပျော်နေရာမှ နိုးထလာကြပုံရသည်။
ထိုမြင်ကွင်းက သင်္ဘောပေါ်ရှိ လူတိုင်းအား မည်သည်တို့ဖြစ်ပျက်သွားသလဲ သိချင်သွားစေသည်။
စောစောက တည်ငြိမ်နေခဲ့သော လူနှစ်ယောက်က မျက်လုံးများဖွင့်လိုက်ပြီး ၎င်းတို့အထဲတွင် ထူးဆန်းသောအလင်းရောင်အား မြင်ရလေသည်။ သူတို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် အဝေးသို့ ပြိုင်တူလှမ်းကြည့်လိုက်ကြသည်။
သင်္ဘောကို ခုတ်မောင်းနေသော နေဝိညာဉ်အဖွဲ့အစည်းမှ အဘိုးကြီးသုံးယောက်လည်း မော့ကြည့်လာကြသည်။ ထူးဆန်းသောအရိပ်အယောင်များအား သူတို့၏မျက်လုံးများတွင် မြင်ရသော်လည်း တခဏသာ ဖြစ်၏။ ထို့နောက် သူတို့သည် သွေးအေးအေး ရယ်လိုက်ကြပြီး လှောင်ပြောင်သရော်နေသောအမူအရာများက သူတို့၏မျက်နှာများတွင် အထင်းသား ပေါ်လွင်နေတော့သည်။
"တစ်ယောက်ယောက်တော့ တရားမဝင်ဖြတ်သွားဖို့ ကိုယ့်အစွမ်းအစကိုယ် သုံးနေတာပဲ"
"ဘယ်သူပဲဖြစ်ဖြစ် သေမှာပဲ။ ကိုယ့်ထိုက်နဲ့ကိုယ်ကံပေါ့"
"ဂိုဏ်းသုံးဂိုဏ်းရဲ့ ဘိုးဘေးကြီးတွေ စီရင်ထားတဲ့ မန္တန်ဝင်္ကပါကို ဘယ်လိုလုပ်ပြီး ဖြတ်သွားနိုင်မှာလဲ။ အဲ့ဒီကောင်ကတော့ သေချင်နေဝာာ ဖြစ်မယ်။ ဒါပေမဲ့ ဒီလိုတုံ့ပြန်မှုမျိုးကို လှုံ့ဆော်နိုင်တယ်ဆိုကတည်းက သူ့ရဲ့ကျင့်ကြံခြင်းအခြေခံက သေချာပေါက် တော်ရုံတော့မဟုတ်ဘူး"
"တော်ရုံမဟုတ်တော့လဲ ဘာဖြစ်တုန်း။ သူ့ကြည့်ရတာ ဆယ်သင်္ကေတဝင်္ကပါနဲ့ တိုးတာပဲနေမှာ။ ရာသင်္ကေတဝင်္ကပါသာဆို မုချ သေလိမ့်မယ်"
အဘိုးကြီးသုံးယောက်၏စကားလုံးများအား ကြားသောအခါ ကျန်ကျင့်ကြံသူများလည်း ကောက်ကျစ်စွာ ရယ်လိုက်ကြသည်။ နှစ်စဉ်နှစ်တိုင်း သင်္ဘောခ မပေးလို၍ ကိုယ့်အစွမ်းအစနှင့်ကိုယ် ဖြတ်သွားဖို့ ကြိုးစားကြသည့် ကျင့်ကြံသူများ ဒုနှင့်ဒေးပင်။ သို့သော် မည်သူမျှ မအောင်မြင်ဘဲ အမြဲသေဆုံးသွားကြရသည်သာ။
သင်္ဘောအပေါ်ရှိ ကျင့်ကြံသူများမှာ သူတို့၏ခရီးစဉ်တွင် ထိုကဲ့သို့ လူတစ်ယောက်နှင့် ဆုံတွေ့လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
"ဝေးလွန်းနေတာ ဆိုးတယ်" တစ်ယောက်က ပြောသည်။ "မဟုတ်ရင် သူ သေမှာကို ကိုယ်တိုင်ကြည့်ရမှာ။ ဘယ်လောက်ကြည့်လို့ကောင်းလိုက်မလဲ"
"ပတ်လမ်း(၃)ကို ဝင်ရောက်ဖို့ ကြိုးစားတာနဲ့တင် အန္တရာယ်က များနေပြီ။ လေမုန်တိုင်းစည်းထဲ တစ်ယောက်တည်း ဝင်တာကတော့ တကယ် ဉာဏ်တိမ်လွန်းတာပဲ"
"အခု ငါစဉ်းစားကြည့်ဝောာ့ အဖိုးအခပေးခဲ့ရတဲ့ ဝိညာဉ်ကျောက်တုံးပမာဏ တကယ် တန်ဝာယ်ဆိုရမယ်"
သင်္ဘောပေါ်ရှိ လူတိုင်းမှာ ယခုမှ အတန်ငယ် စိတ်သက်သာရာရသွားကြသယောင်ပင်။
***