ဘယ်လောက်ပျော်နေသလိုက်လဲ......
Vol. 47 Ch. 650
ကျင့်ကြံသူများဟူသည် ပုထုဇဉ်လူသားများသာ ဖြစ်သည့်အတွက် ခံစားချက်ခုနစ်မျိုးနှင့် အာရုံခြောက်ပါးကိုလည်း ပိုင်ဆိုင်ထားကြလေရာ သူတို့ကိုယ်သူတို့ တစ်ပါးသူထက် သာလွန်သည်ဟု တွေးတတ်ကြစမြဲပင်။
ရံဖန််ရံခါ ထိုသာလွန်သည်ဟူသော ခံစားချက်က ... ပျော်ရွှင်ရခြင်း၏ အကြောင်းရင်းလည်း ဖြစ်ပေ၏။
ဥပမာဆိုရလျှင် သူတစ်ပါး ဒုက္ခရောက်နေစဉ် မိမိ အဆင်ပြေနေပါက ပျော်ရွှင်ရတတ်သည်။ နောက်ထပ်ဥပမာပေးရလျှင် တခြားသူများတွင် သောက်စရာတံတွေးမှတစ်ပါး အခြားမရှိစဥ် မိမိက ရေတစ်ခွက်ကို အေးအေးလူလူ သောက်နေနိုင်ခြင်းမျိုး။ ယင်းကလည်း ပျော်ရွှင်မှုတစ်မျိုး ဖြစ်တတ်သည်။
လောလောဆယ်တွင် သင်္ဘောရှိ လူများမှာ ထိုသို့ပျော်ရွှင်မှုမျိုးကို ခံစားနေရလေသည်။
ပျော်ရွှင်နေသည့်အတွက် သူတို့သည် ပတ်ပတ်လည်ဝိုင်းနေသော အန္တရာယ်နှင့်ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြခြင်းအလျဥ်း မဖြစ်ကြပေ။ ထိုအစား သူ့ကိုယ်သူ အထင်ကြီးရင်း ကံဆိုးမိုးမှောင်ကျနေသော အရူးတစ်ယောက်အကြောင်း အတင်းတုပ်ရင်း ဟေးလားဝါးလား ရယ်မောနေကြ၏။
မှန်ပါသည်၊ သူတို့ပြောနေကြသည့် ကံဆိုးမိုးမှောင်ကျနေသောအရူးဆိုသည်မှာ မန်ဟိုပင် ဖြစ်သည်။ သူကို ဝန်းရံထားသော တောင်မှာ ဝုန်းခနဲ ပြိုကျသွားလေသည်။ တစ်ချိန်တည်းမှာပင် ဧရာမတိုက်ပွဲဝင်ပုဆိန်ကြီးလည်း စတင်ပျက်စီးလာသည်။
တန်ပြန်အားက တိုက်ပွဲဝင်ပုဆိန်ကြီးကို မန်ဟို့အရှေ့တည့်တည့်တွင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေသည်။ သို့သော် ၎င်းကို ဖော်ဆောင်ပေးခဲ့သော မှော်ပစ္စည်းများမှာတော့ လွင့်ပျယ်ပျောက်ကွယ်မသွားခဲ့ပေ။ ၎င်းတို့သည် လက်ကြီးတစ်ဖက်အဖြစ် ပြန်လည်စုဝေးသွား၏။ လက်ကြီးက ရက်စက်ကြမ်းကြုတ်မှု၊ မုန်းတီးစက်ဆုပ်မှုတို့ကို ထုတ်လွှတ်ရင်း မန်ဟို့ကို ဆတ်ခနဲ လှမ်းဆွဲလိုက်သည်။
မန်ဟိုက မတုန်လှုပ်ဘဲ ညာလက်ကို မြှောက်၍ အရှေ့သို့ လက်ညှိုးထိုးသည်။ ချက်ချင်းပင် သူ၏လက်ချောင်းသည် သွေးရောင်ပြောင်းသွား၏။ ဤသည်ကား သွေးလက်ချောင်း ဖြစ်သည်။
ထို့နောက် ဒုတိယလက်ချောင်း ၊ တတိယ.... နောက်ဆုံးတွင် လက်ချောင်းငါးချောင်းလုံးသည် သွေးလက်ဝါးအသွင် ကားထွက်သွား၏။ သွေးလက်ဝါးကြီးမှာ မီတာသုံးဆယ်တိတိ ကျယ်ပြန့်ပြီး ပုံရိပ်ယောင်ဖြစ်ပုံရသလို ၊ တစ်ချိန်တည်းမှာပင် အစစ်အတိုင်း အသက်ဝင်နေသည်။ နဝမဝိညာဉ်ခန္ဓာ၏စွမ်းအားဖြင့် ၎င်းက ပုဆိန်လက်ကြီးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့သည်။
သွေးလက်ဝါးနှင့် မှော်သင်္ကေတများမှ ဖြစ်ပေါ်လာသော ဧရာမလက်ကြီးနှစ်ခုလုံး တစစီ ပေါက်ကွဲသွားသဖြင့် ဝုန်းခနဲ ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရသည်။ မန်ဟိုက တခဏလေးမျှ မတွန့်ဆုတ်။ သူသည် ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်၍ အင်္ကျီလက်စခါရင်း ချက်ချင်း ရှေ့တက်သွား၏။ အသတ်အဖြတ်အခိုးအငွေ့များ ရုတ်ခြည်း ဖြာထွက်လာသည်။ ခရမ်းပင်လယ်၏ သုတ်သင်ခြင်းစိတ်ဆန္ဒ၊ တဟုန်းဟုန်း တောက်နေသော မီးတောက်များ၊ နှင်းမြေပြင်နှင့်အတူ သစ်စိမ်းပင်ကြီး၏ အလင်းရောင်တို့ ကွန့်မြူးတောက်ပလာငည်။
ဤသည်မှာ ဓာတ်ငါးပါးမှော်ကျင့်စဉ်တစ်မျိုးဖြစ်၏။ မီး၊ ရေ၊ မြေ၊ သတ္တု၊ သစ်သား စာလုံးငါးလုံး ပေါ်လာပြီး တိုက်ပွဲဝင်ပုဆိန်ကြီး၏ လွင့်ပျယ်မှေးမှိန်နေသော မှော်သင်္ကေတများအပေါ် သက်ရောက်လာသည့် ဖိအားကြီးအား ထုတ်လွှတ်လိုက်သည်။
တိုက်ပွဲဝင်ပုဆိန်ကြီးအဖြစ် ဖွဲ့စည်းထားခဲ့သော မှော်သင်္ကေတရာချီမှာ တဂျိန်းဂျိန်း ထစ်ချုန်းစပြုလာသည်။ ၎င်းတို့သည် ရုန်းထွက်နေပုံရသော်လည်း မန်ဟိုက အနားရောက်လာခဲ့ပြီ။ သူက လက်သီးဆုပ်ပြီး အပြင်အားကိုယ်၏ အံ့ဖွယ်ခွန်အားကြီးဖြင့် ထိုးချလိုက်သည်။
လေထုသည် တုန်ခါလာပြီး ပတ်ဝန်းကျင်ရှိ လေမုန်တိုင်းများကား သူ့ကို ပြင်းပြင်းထန်ထန် တိုးဝှေ့တိုက်ခတ်သွားသည်။ ၎င်းက မှော်သင်္ကေတများကို တွန်းတိုက်ပြီး ပြန့်ကြဲသွားစေသည်။
ဤတစ်ခေါက်တွင် မှော်သင်္ကေတများမှ တဖျပ်ဖျပ် လက်နေသော်လည်း အတူတကွ ပြန်မစုဝေးနိုင်တော့ပေ။ မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်ပြီးနောက် မုဒြာလက်ကွက် ထပ်ဖော်လိုက်သည်။ တစ်ပြိုင်တည်းမှာပင် သူ၏ကျင့်ကြံခြင်းအခြေခံကိုလည်း လှည့်ပတ်လိုက်၏။ ချက်ချင်းပင် တောင်သေးသေးလေးများ တစ်ထောင်ထက်မနည်း ပေါ်လာပြီး ပျံထွက်သွားလေသည်။
ဤတောင်ထောင်ချီသိုင်းမှာ တောင်ဝါးမြိုမန္တန်မှ ထုတ်ဖော်ထားခြင်းဖြစ်ပြီး တောင်တစ်လုံးစီသည် မှော်သင်္ကေတတစ်ခုစီအပေါ် ပြင်းထန်သော ဖိအားများ ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် အကုန်လုံး ဖိနှိပ်ချုပ်နှောင်ခံလိုက်ရ၏။ မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ကာ တောင်များအား ၎င်းတို့အပေါ် ကျရောက်သွားစေလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း တောင်များသည် အတူတကွ စုစည်းလာကြ၏။ ဂျိန်းခနဲ မီတာတစ်ထောင်မြင့် တောင်တစ်လုံး ပေါ်လာခဲ့လေပြီ။ ၎င်းအထဲတွင် ချုပ်နှောင်ပိတ်လှောင်ခံထားရသည်ကား အံ့ဩဖွယ်ကောင်းစွာနှင့် ..... တိုက်ပွဲဝင်ပုဆိန်တစ်လက်ပင်။
ပုဆိန်မှာ လွတ်မြောက်အောင် ရုန်းနေသော်လည်း မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်၍ တောင်ကြီးမှာ သူ့ဆီ ပျံသန်းလာတော့သည်။ ထိုသို့ပျံသန်းလာနေစဉ် ၎င်းသည် သေးသထက်သေးလာပြီး သူ၏လက်ဝါးအပေါ် ဆန့်သော အရွယ်ဖြစ်သွားတော့၏။
အထဲရှိ တိုက်ပွဲဝင်ပုဆိန်ကြီးမှာလည်း ဖိနှိပ်ခံနေရသဖြင့် ကျုံ့လာသည်။ ၎င်းသည် တချွတ်ချွတ် အက်သံများ ထွက်လာသည့်တိုင်အောင် ရုန့်ရင်းဆန်ခတ် ရုန်းကန်နေ၏။ အသက်ရှိုက်အနည်းငယ်ကြာပြီးနောက် တိုက်ပွဲဝင်ပုဆိန်သည် တောင်ကို အောင်အောင်မြင်မြင် ဖျက်စီး၍ အထဲမှ ထွက်ပြူလာတော့သည်။
မန်ဟိုက အေးအေးလူလူပင်။ ဘယ်လက်ခလယ်ဖြင့် တောင်အပေါ် ဖိချလိုက်သည်။
"မိစ္ဆာချုပ်နှောင်ခြင်း ၊ အဋ္ဌမမန္တန်"
သူ၏ သာမန်ကာလျှံကာပြောလိုက်သော စကားလုံးများက 'မန္တန်' ဆိုသောစာလုံးတစ်လုံး ပေါ်လာစေပြီး တောင်ကို လွှမ်းခြုံကာ ချုပ်နှောင်လိုက်၏။ တိုက်ပွဲဝင်ပုဆိန်ကြီးမှာ ဝမ်းနည်းပက်လက် အော်ဟစ်လိုက်သည်။ ယခုဝောာ့ ၎င်းအနေဖြင့် ဘယ်နည်းနှင့်မှ မလွတ်နိုင်ဝောာ့ပေ။
နောက်ဆုံးတော့ မန်ဟိုမှာ စိတ်သက်သာရာရသွားတော့သည်။ သူသည် နတ်ဘုရားအာရုံမျှင်တစ်မျှင် ချန်ခဲ့ပြီး တားမြစ်မန္တန်အနည်းငယ် ထပ်ထည့်ပြီးနောက်ဆုံး ပြုံး၍ တောင်ကို သိုလှောင်အိတ်ထဲ ထည့်လိုက်၏။
"ရတနာတစ်ခုတော့ ရပြီဆိုရမယ်" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် တွေးသည်။ ပစ္စည်းကို နှိမ်နင်းသိမ်သွင်းရခြင်းက ရိုးရှင်းသယောင်ထင်ရသော်လည်း တကယ်တမ်း သူ၏ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားအလုံးစုံအပြင် အပြင်အားကိုယ်၏ အံ့ဖွယ်ခွန်းအားကိုလည်း အသုံးချခဲ့ရ၏။ ခေါင်းဆောင်ကြီးဟုရန်ကဲ့သို့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတချို့လည်း မန်ဟို့နည်းတူ တိုက်ပွဲဝင်ပုဆိန်ကို အေးအေးဆေးဆေး ရယူနိုင်လေသည်။
"ဒီလို စိတ်ဝိညာဉ်ရတနာများ ရလေလေ၊ ကောင်းလေလေပဲ" သူက တွေးသည်။။ "ဘယ်သူသိနိုင်မလဲ နောင်ကျရင် ငါ တန်ကြေးဘယ်လောက်နဲ့ ရောင်းနိုင်မလားဆိုတာ" သူသည် ဉာဏ်များသောမျက်ဝန်းများဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်ရာ အဝေးတွင် မျောလွင့်နေကြသော မှော်သင်္ကေတတစ်ရာအစုအပေါ် မျက်စိကျသွား၏။
သင်္ကေတအစုအဝေးမှာ အတိုင်းအတာတစ်ခုအထိ အသိစိတ် ရှိနေသယောင်ပင်။ တိုက်ပွဲဝင်ပုဆိန်၏အရှိန်အဝါနှင့် ထိတွေ့ခဲ့ခြင်းကြောင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ မှော်သင်္ကေတတစ်ရာမန္တန်ဝင်္ကပါကို သူ ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းက ချက်ချင်း လန့်ဖျပ်သွားသည့်အလား ထွက်ပြေးဖို့ ကြိုးစားတော့သည်။
"ဒီတစ်နေရာလုံးက ပင်လယ်မိစ္ဆာတွေကို တားဆီးဖို့ တည်ဆောက်ထားတာဆိုတော့ ငါ့အနေနဲ့ မန္တန်ဝင်္ကပါအကုန်လုံး ယူသွားဖို့ မသင့်တော်ဘူး။ ဒါ့အပြင် သင်္ကေတတစ်ရာဝင်္ကပါတွေလည်း သိပ်ထူးထူးခြားခြား ပုံစံမဖန်ဆင်းနိုင်ဘူးဆိုတော့ သူတို့ကို ယူသွားလည်း အလကားပဲ ဖြစ်လိမ့်မယ်" မန်ဟိုက တစ်ယောက်တည်း ရေရွတ်နေရင်း သင်္ကေတတစ်ရာမှော်သင်္ကေတများကို လျစ်လျူရှုကာ အဝေးသို့ လှည့်ထွက်သွားတော့သည်။
အတော်လေး လှမ်းလှမ်းတွင် သင်္ဘောနက်ကြီးအပေါ်ရှိ ခရီးသည်များသည် အဝေးမှ ခပ်အုပ်အုပ် ပေါက်ကွဲသံများကို ကြားနေကြပြီး သူတို့၏အပြုံးများမှာ ပို၍ပျော်ရွှင်လာတော့သည်။
"အဲ့ဒီကောင်တော့ သေသွားလောက်ပြီ"
"သင်္ဘောပေါ်တက်ရဖို့ ဝိညာဉ်ကျောက်တုံးတောင် မရှိဘဲ သူ့ကိုယ်သူ အထင်ကြီးနေတာကိုး။ ပတ်လမ်း(၃)ထဲ ဝင်ရဖို့ ဘာလို့ အသက်နဲ့လောင်းကြေးထပ်နေလဲ အံ့ဩစရာမရှိပါဘူး။ ဉာဏ်မကောင်းတာ သနားဖို့ကောင်းလိုက်တာ။ လေမုန်တိုင်းစည်းကို သူ ဖြတ်သွားနိုင်မယ်လို့ ဘယ်သူထင်မှာတုန်း။ သူတော်စင်သုံးပါးထဲက တစ်ပါးပါးလား"
ကျန်ရှိသူများ အော်ဟစ်ရယ်မောရင်း စကားပြောနေကြစဉ် အေးဆေးတည်ငြိမ်သော ကျင့်ကြံသူနှစ်ယောက်သည် မျက်လုံးများပိတ်လျက် လျစ်လျူရှုထားကြ၏။ သင်္ဘောအတွက် တာဝန်ရှိသော နေဝိညာဉ်အဖွဲ့အစည်းမှ အဘိုးကြီးသုံးယောက်မှာတော့ ထုံးစံအတိုင်း မောက်မာနေဆဲသာ။ သူတို့သည် နှစ်ခြောက်ဆယ်စက်ဝန်းတိတိ ဤသင်္ဘောကို ခုတ်မောင်းခဲ့ဖူးပြီး လူတစ်ယောက် လေမုန်တိုင်းစည်းကို အောင်အောင်မြင်မြင် ဖြတ်သွားနိုင်သည်ဟူ၍ တစ်ခါမှ မကြားခဲ့ဖူးပေ။
သို့သော် ရက်အနည်းငယ်ကြာသော် လူတိုင်း ခံစားနေရသော ပျော်ရွှင်မှုမှာ အတန်ငယ် လျော့ကျသွားခဲ့၏။ သို့သော် ပတ်ဝန်းကျင်ရှိ မှော်သင်္ကေတများနှင့် မိုးကြိုးများသာမက လေပြင်းများပင်လျှင် ဖိနှိပ်ခံနေရပြီး ကြောက်လန့်နေကြရပုံပေါ်လာသည်။ ထိုစဉ် အဝေးမှ တဖောင်းဖောင်း ပေါက်ကွဲသံများ ကြားလိုက်ရသည်။
အသံများက သင်္ဘောပေါ်ရှိအဖွဲ့ကို ပို၍ပင် စိတ်လှုပ်ရှားလာစေသည်။ ဤတစ်ကြိမ်တွင် အဘိုးကြီးသုံးယောက် ရှင်းပြစရာမလိုတော့ပေ။ အသံလာရာ အရင်းအမြစ်ကို မသိလျှင်တောင်မှ ဘာအသံလဲ လူတိုင်းသိကြလေသည်။ မကြာမီ စကားသံများ ထွက်လာသည်။
"ဟားဟားဟား နောက်တစ်ယောက် ဖြတ်ဖို့ ကြိုးစားနေပြန်ပြီထင်တယ်"
"ကိုယ့်အခြေအနေကိုယ်မသိတဲ့ နောက်တစ်ယောက်။ ပတ်လမ်း(၃)ခရီးစဉ်က ဒီလောက် အပျင်းပြေစရာကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"ဘယ်လောက်နှမြောစရာ ကောင်းလိုက်သလဲကွာ။ ငါ့မျက်စိတပ်အပ် ကြည့်ရရင် သိပ်ကောင်းမှာကို"
လူတိုင်းမှာ စိတ်လှုပ်ရှားနေကြသော်လည်း အဘိုးကြီးသုံးယောက်မှာတော့ အတော်လေး အံ့အားသင့်နေကြပုံပင်။ သူတို့ သင်္ဘောခုတ်မောင်းတိုင်း ဤကဲ့သို့ပေါက်ကွဲသံမျိုး ကြားရတတ်သည်။ သို့သော် ယခုတစ်ခေါက်လို နှစ်ကြိမ်ဆက်တိုက်တော့ မကြားခဲ့ဖူးပေ။
အဘိုးကြီးတစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ပြုံးပြလိုက်ကြသော်လည်း ထွေထွေထူးထူး စဉ်းစားမနေဘဲ သင်္ဘောမောင်းရာတွင် အာရုံစိုက်လိုက်ကြ၏။
အသံများသည် သိပ်ကြာကြာမခံလိုက်၊ အမွှေးတိုင်တစ်တိုင်ထွန်းသာမျှသာ။ ထို့နောက် တိုးညှင်းတိမ်ဝင်သွားကြပြီး သင်္ဘောအပေါ်တွင် စကားပြောသံများ၊ ရယ်သံများ နောက်တစ်ဖန် ကြားလိုက်ရသည်။
သို့သော် လေးရက်ကြာသော် အသံများအား ထပ်မံကြားရပြန်သည်။ ခရီးသည်များ အံ့အားသင့်ကုန်ကြ၏။
"ဘာတွေဖြစ်နေတာလဲ။ လေမုန်တိုင်းစည်းကို ဘယ်လိုလုပ်ပြီး လူသုံးယောက်တောင် ဖြတ်ဖို့ ကြိုးစားကြမှာတုန်း"
"တစ်ခုခုတော့ လွဲနေပြီ....."
"ဟေး ကိုယ်လူတို့ .... ဒီလူက အစပိုင်းကတည်းက လူပဲလို့ မထင်ကြဘူးလား" ဤနောက်ဆုံးစကားကို တစ်ဖွဲ့လုံးတွင် အားအနည်းဆုံးကျင့်ကြံခြင်းအခြေခံပိုင်ရှင်၊ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်။
သူပြောလိုက်သည်နှင့်တစ်ပြိုင်နက် အကုန်လုံး မီးကို ရေနှင့် ငြိမ်းသတ်လိုက်သည့်နှယ် ငြိမ်ကျသွားသည်။ တစ်ချိန်လုံး တည်ငြိမ်စွာ ထိုင်နေခဲ့သော ကျင့်ကြံသူနှစ်ယောက်က လူငယ်၏သီအိုရီကြောင့် အံ့အားသင့်သွားသည့်အလား ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်၏။
သင်္ဘော၏ တာဝန်ရှိ အဘိုးကြီးသုံးယောက်လည်း ထိတ်လန့်သွားပုံရသော်လည်း လျင်မြန်စွာပင် ပုံမှန်ပြန်ဖြစ်သွား၏။
"သင်္ဘောအပေါ်မှ ပေါက်ကရ ပြောခွင့်မရှိဘူး" သူတို့အထဲမှတစ်ယောက်က လှမ်းငေါက်လိုက်သည်။
"ဒါက လေမုန်တိုင်းစည်းလေ" နောက်တစ်ယောက်က ပြောသည်။ "နဂါးငွေ့တန်းပင်လယ်ရဲ့ သူတော်စင်သုံးဦးကလွဲရင် ဘယ်သူမှ မဖြတ်နိုင်ဘူး"
"ငါတို့ကြားနေရာက တစ်ဂိုဏ်းလုံးဖြတ်သွားဖို့ ကြိုးစားနေကြတဲ့ အသံပဲဖြစ်မယ်။ ဒီလိုဖြစ်ဖူးတာ ပထမဆုံးမဟုတ်ဘူး" ကျန်ခရီးသည်များမှာ အဘိုးကြီး၏စကားလုံးများကို ယုံရခက်၊ မယုံရခက် ဖြစ်နေသည်။ မည်သို့ဆိုစေ သူတို့၏ပျော်ရွှင်ဝမ်းမြောက်နေမှုမှာတော့ အတန်ငယ် လျော့ကျသွားခဲ့လေပြီ ။
ထိုစဉ် မန်ဟိုမှာ တဝေါဝေါတိုက်ခတ်နေသော လေမုန်တိုင်းများအကြား လျင်မြန်စွာ ပျံသန်းနေသည်။ လောလောဆယ်တွင် သူသည် မီတာ (၁၅၀)အရှည် ကြာပွတ်ကြီးတစ်ခုနှင့် ရင်ဆိုင်နေရ၏။ ကြာပွတ်ကြီးမှာ သုံးမီတာမျှထူပြီး အလွန်ကြောက်စရာကောင်းသောအသွင်အပြင်ကို ပိုင်ဆိုင်ထားလေသည်။ သို့သော် ၎င်းမှာ ဧရာမတောင်ကြီး၏ အဝိုင်းခံထားရပြီး ဖိနှိပ်ချုပ်နှောင်ခံနေရလေသည်။
အမွှေးတိုင်တစ်ဝက်ထွန်းစာမျှ ကြာသော် ၎င်းက ခေါင်းမာမာဟိန်းဟောက်လိုက်သည်။ ထို့နောက်တွင် ဝောာင်ကြီးက ၎င်းကို ဖိနှိပ်ကာ ချုပ်နှောင်လိုက်လေပြီ။ တောင်သည် မန်ဟို့လက်ဝါးအပေါ်တွင် ကျုံ့လာပြီး သူက ၎င်းကို သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။
"နံပါတ်လေး" သူက မျက်လုံး တလက်လက် တောက်ပနေလျက် ပြောသည်။ သူသည် ပြုံးရင်း ရှေ့ဆက်သွား၏။
နှစ်လကြာသွားသည်။ ထိုအတောအတွင်း သင်္ဘောအပေါ်ရှိ အုပ်စုမှာ ပေါက်ကွဲသံများအား တစ်ကြိမ်ပြီးတစ်ကြိမ် ကြားနေခဲ့ရသည်။ မကြာမီ ခုနစ်ကြိမ်အထိ ကြားခဲ့ပြီးလေပြီ။ ယခုတွင် အကုန်လုံးမှာ သိချင်နေရာမှ အံ့ဩတုန်လှုပ်လာကြတော့သည်။
ဆယ်သုံးကြိမ်မြောက် ပေါက်ကွဲသံများ ထွက်လာပေါ်လာသည့်အခါတွင်တော့ သူတို့မှာ အကြီးအကျယ် ကြောက်လန့်လာကြတော့သည်။ အဘိုးကြီးသုံးယောက်ပင်လျှင် အသက်မှန်မှန်မရှူနိုင်တော့ပေ။
နှစ်လကြာပြီးနောက် အကြိမ်(၂၀)မြောက် ပေါက်ကွဲသံများက သူတို့နားထဲ ရောက်လာသည်။ သင်္ဘောအပေါ်ရှိ လူတိုင်းမှာ လုံးလုံးလျားလျား ဆွံ့အမှင်သက်နေကြတော့သည်။ အထူးသဖြင့် ပေါက်ကွဲသံများမှာ ...... တစတစ နီးကပ်လာနေကြောင်း သဘောပေါက်လိုက်၍ပင်။
နှစ်လအတောအတွင်း မန်ဟိုသည် ရတနာပုံသဏ္ဌာန်ရှိ မှော်သင်္ကေတများနှင့် ပက်ပင်းတိုးခဲ့၏။ ထိုသို့တိုးတိုင်း သူသည် မဆိုင်းမတွတိုက်ခိုက်ပြီး သူ့အား နာခံအောင် အစွမ်းကုန် ထုတ်မည်ဖြစ်သည်။
ဤအခိုက်တွင် သူကား လေမုန်တိုင်းစည်း၏အနက်ပိုင်းထဲ ရောက်နေပြီဖြစ်ပြီး အနက်ရောင်သင်္ဘောကြီးနှင့် နီးကပ်သထက် နီးကပ်လာခဲ့လေပြီ။
သူ အတွင်းပိုင်းထဲ ရောက်လေလေ သူ၏အမြန်နှုန်းမှာ လျော့ကျလေလေ ဖြစ်သည်။ လေပြင်းအားက သူ့ကို ထိခိုက်နေပြီဖြစ်၍ သူ၏ခန္ဓာကိုယ်အား စုတ်ပင် စုတ်ပြဲလာစေလေသည်။
ယခုတွင် သူ့မှာ ဆက်လက်တောင့်ခံထားဖို့ ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားကို အဆက်မပြတ် ဖြန့်ကျက်နေရသည်။
မိုးကြိုးများနှင့်ပတ်သက်၍မူ ၎င်းတို့ထဲတွင် အသိစိတ်ရှိနေပုံရသော ပုံရိပ်ယောင်သဏ္ဌာန်များကိုပင် မြင်နေရလေပြီ။ မန်ဟိုမှာ အံ့အားသင့်သွား၏။
တစ်နေရာရောက်သော် မည်းမည်းအရာကြီးတစ်ခုအတွင်းရှိ အဖြူရောင် အလင်းတန်းတစ်တန်းကို ဖျတ်ခနဲ မြင်လိုက်ရသည်။ ထိုမည်းမည်းအရာကြီးက မိုးကြိုးကို စားနေသည့်အလား ဖြစ်နေရာ မန်ဟို့မှာ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်း၍ လမ်းကြောင်းပြောင်းလိုက်တော့သည်။
သူမြင်လိုက်ရသည်ကား မိုးကြိုးကို မြိုချနေသော ဖားပြုပ်ကြီးတစ်ကောင် ဖြစ်၏။ ဤသည်မှာ သူ့အတွက် သားရဲပုံစံရှိသော မှော်သင်္ကေတများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ဖားပြုပ်ကြီးသည် အနည်းဆုံး မီတာသုံးရာရှည်လျားပြီး မန်ဟို့တွက်ချက်မှုအရ မှော်သင်္ကေတတစ်သောင်းဝန်းကျင်မှ ပေါ်ပေါက်လာခြင်း ဖြစ်ပေမည်။
"ဒီနေရာက အစွန်ဆုံးကနေ ငါ ဘယ်လောက် ဝေးသေးလဲ မသိဘူး ...." သူက ဖားပြုပ်ကြီးကို ရှောင်ရင်း တွေးလိုက်သည်။ ဖားပြုပ်ကြီးက သူ့ကို သတိထားမိသော်လည်း ဂရုမစိုက်ဘဲ မိုးကြိုးကိုသာ ဆက်စားနေ၏။
မန်ဟိုသည် အကြည့်လွှဲပြီး အဝေးသို့ ဆက်သွားရန်ပြင်လိုက်စဉ် ရုတ်တရက် 'ဟင်' ဆိုပြီး အာမေဍိတ်သံပြုလိုက်မိ၏။ သူက ခေါင်းလှည့်၍ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ တရိပ်ရိပ် ခုတ်မောင်းလာနေသော သင်္ဘောတစ်စင်းကို အာရုံရလိုက်လေသည်။
"ကွက်တိပဲ။ ဒီသင်္ဘောတက်ပြီး အနားယူရင်း ခရီးဆက်ရမယ်" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် ၎င်းဆီသို့ ထွက်သွားတော့သည်
***