← Chapters

ငါ့တာအိုဟာ အနီးမှာ

Vol. 47 Ch. 651

ငါ့တာအိုဟာ အနီးမှာ

Vol. 47 Ch. 651

ထိုသင်္ဘောကား မှန်ပါသည်၊ တစ်ချိန်လုံး မန်ဟိုသောင်းကျန်းခဲ့သမျှ အသံဗလံများကို နားထောင်နေခဲ့ရသော နေဝိညာဉ်အဖွဲ့အစည်းသင်္ဘောပင် ဖြစ်၏။ အဘိုးကြီးသုံးယောက်ဖြစ်စေ၊ တည်ငြိမ်သောလူငယ်နှစ်ဦးဖြစ်စေ၊ ခရီးသည်များဖြစ်စေ အကုန်လုံး ရင်တဒိန်းဒိန်း ခုန်၍ တုန်လှုပ်ချောက်ချားနေကြတော့သည်။ လူတိုင်းမှာ သင်္ဘောအား လေမုန်တိုင်းစည်းအတွင်းမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားစေချင်နေလေပြီ။

ပြီးခဲ့သော နှစ်လအတွင်း သူတို့သည် ပေါက်ကွဲသံများအား အကြိမ်နှစ်ဆယ်ကြားခဲ့ရ၏။ ထို့ကြောင့် လေမုန်တိုင်းစည်း ဖြတ်သွားဖို့ ကြိုးစားနေသည်မှာ အုပ်စုလိုက်မဟုတ်ဘဲ ၊ လူတစ်ယောက်တည်းသာ ဖြစ်ကြောင်း သူတို့အားလုံး ခန့်မှန်းခဲ့ကြပြီးဖြစ်သည်။

ထိုလူသည် အဖျက်စီးမခံရဘဲ မန္တန်ဝင်္ကပါများကို ဖြတ်သွားနိုင်သည်အထိ ကြောက်စရာကောင်းပြီး ‌မယုံနိုင်လောက်အောင် အစွမ်းထက်ပေမည်။

အားလုံးအထဲ အရေးအကြီးဆုံးမှာ သင်္ဘောတွင် ဖုန်းရွှေသံလိုက်အိမ်‌မြှောင်တစ်ခုရှိ၏။ အဘိုးကြီးသုံးယောက်မှာ ပြီးခဲ့သည့်လက ၎င်းကို အသုံးပြုရန် သူတို့၏စွမ်းအားများစုဆောင်း၍ ထည့်သွင်းခဲ့လေသည်။

ဖုန်းရွှေသံလိုက်အိမ်မြှောင်သည် သင်္ဘောပေါ်တွင် သုံးခဲသော ပစ္စည်းတစ်ခုဖြစ်၏။ ၎င်းတွင် လုပ်ဆောင်ချက်တစ်ခုတည်းသာ ရှိသည်။ ၎င်းသည် လေမုန်တိုင်းစည်းအတွင်းသို့ မမြင်ရသောလှိုင်းများ ဖြန့်ကျက်နိုင်ပြီး အဆိုပါလှိုင်းများက သံလိုက်အိမ်မြှောင်၏မျက်နှာပြင်အပေါ်တွင် ပတ်ဝန်းကျင်၏မြေပုံတစ်ခု ပေါ်လာစေမည်။ မြေပုံက မှော်သင်္ကေတများမှ ဖြစ်ပေါ်လာသော မည်သည့်အစွမ်းထက်စိတ်ဝိညာဉ်သတ္တဝါမဆို၏ တည်နေရာကို ဖော်ပြပေးမည်ဖြစ်သည်။

ပြီးခဲ့သည့်လက သူတို့သည် စိတ်ဝိညာဉ်များကို ဖော်ထုတ်ရန် မြေပုံ၏လုပ်ဆောင်ချက်ကို အသုံးပြုခဲ့၏။ စိတ်ဝိညာဉ်များက အဖြူရောင်အလင်းစက်များဖြစ်လေသည်။ သူတို့၏ပတ်ဝန်းကျင်တစ်ခုလုံးမှာ ထိုကဲ့သို့အဖြူစက်များဖြင့် ပြွတ်သိပ်ကြပ်နေ၏။ သို့သော် ၎င်းတို့အားလုံး၏အလယ်တွင်ကား .... အနီစက်တစ်စက်။

အနီစက်က လူတိုင်းအား ထိတ်လန့်‌တုန်လှုပ်အံ့ဩသွားစေသည်။

အနီစက်သည် ကျင့်ကြံသူတစ်ယောက်ကို ကိုယ်စားပြုခြင်းမဟုတ်ပါလော။

ထိုမျှသာမက ပြီးခဲ့သောလအတွင်း ပတ်ဝန်းကျင်ရှိ အဖြူစက်များမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။ မှော်သင်္ကေတစိတ်ဝိညာဉ်များမှာ တမင်တကာ ရှောင်တိမ်းနေသည့်အလားပင်။ ထို့အပြင် အပြင်မှကျင့်ကြံသူကို ကိုယ်စားပြုသော အနီစက်သည် ရဲရဲတောက်နေသော သွေးပမာ ပိုပို၍ လင်းလက်တောက်ပလာခဲ့သည်။ လူတိုင်းမှာ အသက်ရှူမှားကုန်ကြပြီး မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။

အထူးသဖြင့် .... အနီစက်မှာ ‌မြေပုံပေါ်ရှိ အဝါစက်ဆီသို့ တဟုန်ထိုး ဦးတည်လာနေသည်ကို သတိပြုမိလိုက်၍ပင်။ ထိုအဝါစက်ကား .... သူတို့ရောက်နေသည့် သင်္ဘောကို ကိုယ်စားပြုပေ၏။ အလန့်တကြားအော်သံများ ဆူညံသွားသည်။

"လာနေပြီ"

"လေမုန်တိုင်းစည်းကို ဖြတ်လာနေတဲ့ ကျင့်ကြံသူက... ငါတို့ဆီ လာနေပြီ" သင်္ဘောပေါ်ရှိ ကျင့်ကြံသူဆယ်ယောက်ကျော်မှာ မျက်နှာ‌ဖြူဖျော့ကုန်ကြသည်။ တချို့ဆိုလျှင် မသိရသောအရာကြီးအပေါ် ထိတ်လန့်ကြောက်ရွံ့လွန်း၍ ထပင် ထရပ်လိုက်ကြသည်။

သင်္ဘော၏ တာဝန်ရှိ အဘိုးကြီးသုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် မျက်နှာဖြူဆုပ်ဖြူလျော်နှင့် ကြည့်လိုက်ကြသည်။ တစ်ယောက်၏မျက်လုံးထဲရှိ ခါးသီးမှုများ၊ ရှုပ်ထွေးသောခံစားချက်များကို တစ်ယောက်မြင်လိုက်ကြ၏။ သုံးယောက်လုံးမှာ ဤအဖြစ်မျိုး ကြုံတွေ့ရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ဖူးပေ။

ဤအပြင်လူမှာ မည်သူဖြစ်ကြောင်း သူတို့ မသိသော်လည်း လေမုန်တိုင်းစည်း၏အနက်ပိုင်းထဲတွင် အသက်ရှင်လျက်နေနိုင်သူ မည်သူမဆိုတွင် သေချာပေါက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံခြင်းအခြေခံရှိကြောင်း ကောင်းကောင်းသိကြလေသည်။

"စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တွေမှာ ထူးဆန်းတဲ့အကျင့်တွေ ရှိတယ်။ သူ  ငါတို့အားလုံးကို သတ်ချင်ရင် ဂိုဏ်းလည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ ငါတို့သုံးယောက်အတွက်လေးနဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်နဲ့ ထိပ်တိုက်တွေ့မှာ မဟုတ်ဘူး"

"သေစမ်း။ ဘာလို့ ဒီလိုဖြစ်နေတာလဲ။ ဖြတ်သွားချင်ရင်လည်း ဖြတ်သွားပေါ့။ ဘာလို့ ငါတို့နောက် ‌လိုက်လာတာတုန်း....."

သူတို့မှာ ရင်တထိတ်ထိတ်၊ ဖင်တကြွကြွနှင့် ထိုင်နေကြတော့သည်။ ဤအခိုက်အတန့်တွင် လေမုန်တိုင်းစည်းမှ လေပြင်းတစ်ချက်က သင်္ဘော၏ညာခြမ်းကို ရုတ်တရက် ဖြတ်လိုက်ရာ သင်္ဘောမှ ထုတ်လွှတ်နေသော သွေးအလင်းရောင်မှာ လုံးလုံးလျားလျား လွှမ်းခြုံခံလိုက်ရသည့်အလား မှေးမှိန်ဖျော့တော့သွားတော့သည်။

သင်္ဘောအပေါ်မှ အသံတစ်သံမှ ထွက်မလာ။ လူတိုင်းသည် လေတိုက်လိုက်သည့်အရပ်သို့ လှမ်းကြည့်ရင်း စိုးရိမ်ထိတ်လန့်စွာဖြင့် ထိုင်နေကြ၏။ မြူများ တဖွေးဖွေး လှုပ်လာပြီး မွန်းကြပ်သွားစေသော ဖိအားတစ်ခုက သူတို့အပေါ် သက်ရောက်လာသည်။

မကြာမီ လေကိုခွင်းလျက် လာနေသော အစိမ်းရောင်ပုံရိပ်တစ်ခုအား မြင်လိုက်ရသည်။ သူ၏မျက်လုံးများက သင်္ဘောအပေါ်သို့ အကြည့်ရောက်လာစဉ် သူ၏ဆံပင်များမှာ လေတွင် မျောလွင့်လျက်ရှိချေသည်။ မှန်ပါသည်၊ ဤလူကား မန်ဟို။

သူ သူတို့ကို မြင်လိုက်သည့်အချိန်မှာပင် သင်္ဘောအပေါ်ရှိ လူတိုင်း သူ့ကို ကြည့်လိုက်ကြသည်။

အဘိုးကြီးသုံးယောက်မှာ သူ့ကို မြင်မြင်ချင်း တုန်ရီလာကြသည်။ "နေဝိညာဉ်အဖွဲ့အစည်းရဲ့ သုံးဆက်မြောက် ဂိုဏ်းသား ကျွန်တော်တို့ ဂါဝရပြုပါတယ် ၊ စီနီယာ" သူတို့အားလုံး တစ်ညီတည်း ပြောလိုက်ကြသည်။ မန်ဟို့ထံမှ ဖိအားကြီးက သူတို့၏အသက်ရှုသံများကို မြန်ဆန်လာစေ၏။ ဖိအားကြောင့် သူတို့ကိုယ်ထဲရှိ အနုသုခုမရုပ်ခန္ဓာများပင် တုန်ရီနေသည်ကို ခံစားနေရလေသည်။

အထူးသဖြင့် မန်ဟို သူတို့ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည့်အခါ သူတို့မှာ သေးထွက်ကျမတတ် ကြောက်သွားတော့သည်။ သူ၏အကြည့်မှာ ချွန်မြနေသောဓားသွားအလား။ သူသည် အကြည့်တစ်ချက်တည်းနှင့် သူတို့၏စိတ်ကို ဖတ်နိုင်သည့်အလား။ သူတို့မှာ သူ၏အရှေ့တွင် ထိုးဖောက်မြင််ခြင်းခံနေရသည့်အလားပင်။ အဘိုးကြီးသုံးယောက်သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်း လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် သင်္ဘောအပေါ်ရှိ ခရီးသည်ဆယ်ယောက်ကျော်လည်း လက်ယှက်ပြီး မန်ဟိုကို အရိုအသေပေးလိုက်ကြ၏။

သင်္ဘောဆီသို့ လျှောက်လှမ်းလာစဉ် မန်ဟို၏မျက်နှာထားကတော့ အပြုံးအရယ်မဲ့လျက်သာ။ သူ အနားရောက်လာသည့်အခါ သင်္ဘော၏အကာအကွယ်ယန္တရားဖြစ်သော အနီရောင်ဒိုင်းတစ်ခု ဖျတ်ခနဲ ပေါ်လာသည်။

ဒိုင်းပေါ်လာသောအခါ အဘိုးကြီးသုံးယောက်မှာ ရင်တဒိန်းဒိန်း ခုန်လာပြီး မျက်စိမျက်နှာပျက်သွားတော့သည်။ စိတ်ထဲတွင် သူတို့မှာ နောင်တကြီးစွာ ရနေကြပြီး အထင်လွှဲတော့မည်ဖြစ်ကြောင်း သိလိုက်ကြ၏။ ဒိုင်းမှာ လေမုန်တိုင်းစည်းတွင် ရှင်သန်နိုင်သော ပညာရှင်တစ်ယောက်ကို ဟန့်တားရန် ဘာမှလုပ်နိုင်မည်မဟုတ်ပေ။ အလွန်ဆုံး တခဏတော့ အချိန်ဆွဲပေးနိုင်သော်လည်း အဆုံးသတ်တွင် ကံဆိုးမိုးမှောင်ကြမည့်သူများမှာ သူတို့ကိုယ်တိုင်ပင် ဖြစ်ပေ၏။

သူတို့သည် ဒိုင်းကို ဖယ်ရှားရန် ပြင်လိုက်သော်လည်း သူတို့မလုပ်နိုင်ခင် မန်ဟိုက ၎င်းကို တွန်းထုတ်လိုက်၏။ တချွတ်ချွတ်အက်သံများ ကြားနေရစဉ် မန်ဟိုက ပုံမှန်အတိုင်း မပြောင်းလဲသော မျက်နှာထားဖြင့် ၎င်းကို ဖြတ်လျှောက်လာသည်။

သင်္ဘောအပေါ်ရှိ ကျင့်ကြံသူအများစုမှာ ဖြစ်ပျက်နေသောအရာအား မမြင်ကြရသော်လည်း အဘိုးကြီးသုံးယောက်မှာတော့ ပါးစပ်အဟောင်းသား ဖြစ်နေကြ‌လေသည်။ သူတို့ဒိုင်းမှာ ဤမျှအသုံးမကျသည်လော....

ဖြစ်ပျက်နေသောအရာက သူတို့၏တွေးတောနိုင်စွမ်းထက် ကျော်လွန်နေလေသည်။ သူတို့သည် ချက်ချင်း ဒူးထောက်ပြီး ဝပ်တွားအရိုအသေပေးလိုက်ကြ၏။

ဖြစ်ပွားနေသော ထူးဆန်းမှုကို သတိထားမိလိုက်သူတချို့ရှိသည်။ တည်ငြိမ်သောလူငယ်နှစ်ယောက်မှာ ပတ်လမ်း(၃)သို့ တစ်ကြိမ်ထက်ပိုပြီး ရောက်ခဲ့ဖူးလေသည်။ ထို့ကြောင့် သူတို့သည် အခြားသူများထက်ပိုပြီး သင်္ဘောအကြောင်း နားလည်၏။ လောလောဆယ်တွင် သူတို့၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြပြီး ရင်တဒိန်းဒိန်း ခုန်လာကြတော့သည်။

မန်ဟိုက ဘာမှမပြောပေ။ သူသည် သင်္ဘောအပေါ် ဆင်းသက်ကာ ဘေးဘီဝဲယာကို ကြည့်ပြီးနောက် ဦးပိုင်းတွင် တင်ပျဉ်ခွေထိုင်ချလိုက်၏။

သူက ပထမဦးစွာ ဘာမှမပြောသလို၊ သင်္ဘောပေါ်ရှိလူများမှာလည်း ဆောင်းလယ်က ပုစဉ်းရင်ကွဲများသဖွယ် တိတ်ဆိတ်နေကြသည်။ အဘိုးကြီးသုံးယောက်မှာ ထမရပ်ရဲကြပေ။ သင်္ဘောတစ်စင်းလုံး အသက်ရှူသံပင် မကြားရ။

အတန်ကြာသော် မန်ဟိုက အေးအေးလူလူ ပြောသည်။ "မင်းတို့မှာ ပတ်လမ်း(၃)ရဲ့ မြေပုံများ ရှိသလား"

အဘိုးကြီးသုံးယောက်က တွန့်ဆုတ်ခြင်းမရှိဘဲ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားများကို ထုတ်ပြီး မန်ဟို့ကို လေးလေးစားစား ဆက်သလေသည်။

မန်ဟိုက လက်ခံပြီး ကျောက်စိမ်းပြားကို အကဲခတ်ပြီးနောက် ဘေးရှိ ဖုန်းရွှေ့သံလိုက်အိမ်မြှောင်ဆီသို့ အကြည့်ရောက်သွားသည်။ သူ၏မျက်လုံးများ တလက်လက် တောက်ပလာပြီး သူက ခေါင်းညိတ်လိုက်၏။

"မင်းတို့ ပတ်လမ်း(၃)ကို သွားနေကြတာလား" သူက မေးလိုက်သည်။

"စီနီယာခင်ဗျ" အဘိုးကြီးသုံးယောက်အနက်မှ တစ်ယောက်က ပြန်ဖြေသည်။ "ကျုပ်တို့က ဒီခရီးသည်တွေကို ပတ်လမ်း(၃)မှာရှိတဲ့ ပင်လယ်ခံတပ်ဆီ ပို့ဆောင်‌ပေးဖို့ အမိန့်အတိုင်း ဒီသင်္ဘောကို ရွက်လွှင့်နေကြတာပါ"

"ငါ့ကို အတူခေါ်သွားရင် အဆင်မပြေဖြစ်မှာလား" မန်ဟိုက အေးတိအေးစက် မေးလိုက်သည်။

"ဟာဗျာ စီနီယာကြီးကိုဆိုရင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာပေါ့။ ကျုပ်တို့ကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျူပ်တို့ အငယ်ပိုင်းမျိုးဆက်‌တွေ ‌အနေနဲ့ လုံလုံလောက်‌တောင် ကျေးဇူးမတင်နိုင်ပါဘူး" အဘိုးကြီးသုံးယောက်က တတ်နိုင်သမျှ လေးလေးလေးစားစား ပြောနေကြပြီး မန်ဟို စိတ်ကွက်သွားမှာ ကြောက်သဖြင့် ဖော်လန်ဖားနေသံ ပေါက်နေ၏။

"ကဲ ဒါဆိုလည်း ဆက်သွားကြတာပေါ့" မန်ဟိုက မျက်လုံးများပိတ်ရင်း ပြောလိုက်သည်။

အဘိုးကြီးသုံးယောက်က ချက်ချင်း နာခံပါကြောင်း ပြောပြီးနောက် ဂရုတစိုက် ထိလိုက်ကြသည်။ စိတ်ထဲတွင် သူတို့သည် စိတ်သက်သာရာရသွားကြပြီး သင်္ဘောကို အမြန်ဆုံးအရှိန်ဖြင့် ဆက်သွားစေလိုက်၏။ သူတို့ ဆက်သွားနေကြစဉ် ဘယ်သူမှ စကားမပြောရဲကြပေ။ သင်္ဘောတစ်စင်းလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်နေလေသည်။

သင်္ဘောသည် မန်ဟို့အရှိန်အတိုင်း မြန်မြန်မရွေ့လျားနိုင်သော်လည်း အကျိုးရှိသည်ကား သက်တောင့်သက်သာ ဆက်သွားနိုင်ခြင်းပင်။ သူသည် ရက်အနည်းငယ် တင်ပျဉ်ခွေလျက် တရားထိုင်နေခဲ့၏။ ထို့နောက် သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး ဖုန်းရွှေသံလိုက်အိမ်မြှောင်ကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ၊ သင်္ကေတတစ်ရာစိတ်ဝိညာဉ်တစ်ကောင် သိပ်မလှမ်းကမ်း၌ ပျံဝဲနေကြောင်း သူ မြင်လိုက်ရ၏။

အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် သင်္ကေတတစ်ထောင်စိတ်ဝိညာဉ်သည် ပကတိမျက်စိဖြင့် မြင်ရလောက်အောင် နီးကပ်လာသည်။ ၎င်းမှာ သံချိန်းကြိုးကြီးသဖွယ် လေမုန်တိုင်းထဲတွင် လွင့်မျောနေ၏။ ၎င်းက မိုးကြိုးများကို စားရန် ကြိုးစားရင်း သင်္ဘောကို အဖက်မလုပ်ပေ။

မန်ဟိုက ရုတ်တရက် ထရပ်လိုက်သည်။

"သင်္ဘောကို ရပ်ပြီး ငါ့ ခဏစောင့်" သူက ထိုသို့ပြောပြီး ထွက်သွား၏။ အဘိုးကြီးသုံးယောက်နှင့် ခရီးသည်များမှာ အံ့အားသင့်သွားကြသည်။ သူတို့သည် မန်ဟို သင်္ဘောာမှ ထွက်သွားသည်ကို စောင့်ကြည့်နေကြ၏။ ချက်ချင်းပင် သံချိန်းကြိုးကြီးက သူ့ကို အာရုံရသွားပုံပေါ်သညိ။ ၎င်းက သူရှိရာသို့ ဝှီးခနဲ ရိုက်ချလိုက်ပြီး ကျောချမ်းဖွယ် အသတ်အဖြတ်စိတ်ဆန္ဒတစ်ခုသည် မိုးထိတိုင် ရိုက်ခတ်သွား၏။ ရုတ်တရက် ပတ်ဝန်းကျင်ရှိ မိုးကြိုးများမှာ နီရဲလာပြီး မန်ဟို့ဆီသို့ တရွှီးရွှီး ဝင်လာကြသည်။

သို့သော် သံကြိုးကြီး မန်ဟို့အနား မကပ်နိုင်ခင် မန်ဟိုက မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ချက်ချင်းပင် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးစာလုံးများ ပေါ်လာ၏။ ၎င်းတို့ သံကြိုး၏ပတ်ပတ်လည်ကို ဝိုင်းရံသွားစဉ် မန်ဟိုက ရှေ့တက်ပြီး လက်သီးဖြင့် ထိုးချလိုက်သည်။

သံကြိုးကြီးပျက်စီးသွားရာ မှော်သင်္ကေတတစ်ထောင်မှာ အဘက်ဘက်သို့ ပြန့်ကြဲသွားတော့သည်။ ထို့နောက် သူက မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီး တောင်တစ်ထောင်အား ပေါ်လာစေလိုက်သည်။ ၎င်းတို့က သင်္ကေတများကို လွှမ်းခြုံပြီးနောက် အလွန်ကြီးမားသောတောင်ကြီးတစ်လုံးအဖြစ် အတူတကွ ပေါင်းစည်းသွားသည်။ ထို့နောက် တောင်ကြီးသည် ကျုံ့ရင်း မန်ဟို၏လက်ဝါးအပေါ်သို့ ကျဆင်းလာရာ သူက ၎င်းကို ချိတ်ပိတ်လိုက်၏။

၎င်းအား သိုလှောင်အိတ်ထဲ ထည့်ပြီးနောက် သူသည် ချာခနဲ လှည့်ကာ သင်္ဘောဆီသို့ ပြန်လာ၏။

အဖြစ်အပျက်တစ်ခုလုံးမှာ အသက်ဆယ်ရှိုက်သာ ကြာဘိုက်သည်။ မန်ဟို့လှုပ်ရှားမှုများမှာ ‌တိမ်တိုက်များသဖွယ် ညက်ညောပြီး  ရေအလျဉ်သဖွယ် ပြေပြစ်လေသည်။ သူကား ထိုကဲ့သို့အလုပ်မျိုးနှင့် အသားကျနေသည့်အလား ဆရာကျလွန်းလေသည်။ စောင့်ကြည့်နေသူများမှာတော့ စိတ်နှလုံးတုန်လှုပ်ခြင်းတို့ ဖြစ်ကြရကုန်၏။

သင်္ဘောပေါ်ရှိ လူများမှာ ကြောင်အနေကြပြီး ပတ်လမ်း(၃)သို့ ရောက်ခဲ့ဖူးသည့် ကျင့်ကြံသူနှစ်ယောက်မှာတော့ အသက်ပင်မရှူနိုင်တော့ပေ။ သင်္ကေတတစ်ထောင်စိတ်ဝိညာဉ်သည် မည်မျှအင်အားကြီးမားကြောင်း သူတို့ကောင်းကောင်း သိကြသဖြင့် သူတို့၏မန်ဟို့အပေါ် ကြောက်စိတ်တို့မှာ အတိုင်းအတာအသစ်တစ်ခုသို့မြင့်တက်သွားလေပြီ။

ယခုတွင် သူတို့သည် ထပ်ဆင့်ကဲပေါက်ကွဲသံများ အကြိမ်နှစ်ဆယ်ကျော် ကြားခဲ့ရသည့် အကြောင်းရင်းအား သေချာသိသွားကြပြီဖြစ်သည်။ သို့သော်လည်း ထိုစဉ်တုန်းက ၎င်းမှာ မှော်သင်္ကေတစိတ်ဝိညာဉ်များကို ဖမ်းပြီး ချုပ်နှောင်နိုင်သော ကြောက်စရာကျင့်ကြံသူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူတို့ ဘယ်တော့မှ မထင်ထားခဲ့ပေ။

အားလုံးအထဲ အတုန်လှုပ်ဆုံးမှာ အဘိုးကြီးသုံးယောက်ဖြစ်၏။ သူတို့သည် နေဝိညာဉ်အဖွဲ့အစည်း၏ဂိုဏ်းသားများဖြစ်ပြီး တခြားသူများထက် ‌လေမုန်တိုင်းစည်းနှင့်ပတ်သက်ပြီး ဗဟုသုတပိုရှိကြလေသည်။

အခြားသူများအနေဖြင့် မှော်သင်္ကေတစိတ်ဝိညာဉ်များကို ဖမ်း၍ရသည်လား မသိကြသ်ောလည်း သူတို့ကတော့ ကောင်းကောင်းသိကြ၏။ နှစ်ပေါင်းရာဂဏန်းမျှကြာတိုင်း ဂိုဏ်းသုံးဂိုဏ်းမှ အစွမ်းထက်ပညာရှင်များသည် မှော်သင်္ကေတစိတ်ဝိညာဉ်များအား ဖမ်းရန် ရည်ရွယ်ချက်ဖြင့် ခေါင်းဆောင်ကြီးတစ်ဦး၏ ဦးဆောင်မှုအောက်တွင် မန္တန်ဝင်္ကပါထဲသို့ ဝင်ရောက်ကြရ၏။ ထိုကဲ့သို့စိတ်ဝိညာဉ်များမှာ ခေါင်းဆောင်ကြီးများအတွက် အသုံးဝင်လေသည်။

ခေါင်းဆောင်ကြီးများ ၎င်းတို့ကို မည်သို့အသုံးပြုသည်လဲ ဘယ်သူမှ အတိအကျ မသိကြသည့်တိုင် မှော်သင်္ကေတစိတ်ဝိညာဉ်များသည် မန္တန်ဝင်္ကပါ၏အဆီအနှစ်ဖြစ်ကြောင်းကိုတော့ သိကြ၏။ အထူးသဖြင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများနှင့် ယှဉ်နိုင်သော ‌သင်္ကေတတစ်ထောင်စိတ်ဝိညာဉ်များပင်။ ၎င်းတို့မှာ ခန့်မှန်း၍မရသလို၊ ဖျက်စီး၍လည်း မရသလောက်ဖြစ်သည်။ သူဝောာ်စင်သုံးဦးသာလျှင် ၎င်းတို့ကို ဖမ်းနိုင်ကြ၏။

"စ...စ...စီနီယာကြီး ....ခရီးတစ်လျှောက်လုံး သင်္ကေတတစ်ထောင်စိတ်ဝိညာဉ် ဘယ်လောက် ရခဲ့တာလဲဟင်" အဘိုးကြီးသုံးယောက်အနက်မှ တစ်ယောက်က မျက်နှာဖြူ‌ဆုပ်နေလျက် အသံတုန်တုန်ရီရီဖြင့် မေးသည်။

"နှစ်ဆယ်ကျော်" မန်ဟိုက သင်္ဘောဦးတွင် ထိုင်နေရာမှ ပြန်ဖြေသည်။ သူက အဘိုးကြီးကို လှမ်းကြည့်၏။

"နှစ်ဆယ်ကျော်" အဘိုးကြီးမှာ မျက်နှာပျက်ယွင်းသွားပြီး ဟောဟဲပင် လှိုက်လာတော့သည်။ သူက ရုတ်တရုတ် ကျန်အဘိုးကြီးနှစ်ယောက်ကို ကြည့်ပြီးနောက် ဟိန်းဟောက်လိုက်၏။ "မြန်မြန် သင်္ဘောကိုမောင်းတော့ အမြင့်ဆုံးအရှိန်နဲ့"

သူတို့အနေဖြင့် ထပ်မံသတိပေးစရာ မလိုတော့ပေ။ မန်ဟို့စကားကြားသောအခါ သူတို့မှာ မန်ဟို့ထက် ပို၍ကြောက်စရာကောင်းသော အရာကြီးကို တွေးလိုက်မိသည့်အလား တုန်ရီလာကြ၏။ သူတို့သည် သင်္ဘောကို ထိန်းချုပ်ရန် ကျင့်ကြံခြင်းအခြေခံများကို အမြန်ဆုံး လှည့်ပတ်လိုက်ကြပြီး သင်္ဘောအား မြန်နိုင်သမျှ မြန်မြန် ရွေ့လျားသွားစေလိုက်သည်။

မန်ဟိုက မျက်လုံးများ လင်းလက်သွားပြီး စောစောက စကားပြောခဲ့သော အဘိုးကြီးကို ကြည့်လိုက်သည်။

အဘိုးကြီးက ခပ်ယဲ့ယဲ့ ပြုံးရင်း စိုးရိမ်‌‌ထိတ်လန့်နေသော မျက်နှာထားဖြင့် ပြန်ကြည့်‌၏။

"စီနီယာ့ကြည့်ရတာ နှစ်တစ်ရာအတွင်း သင်္ကေတတစ်ထောင်စိတ်ဝိညာဉ်ငါးမျိုးထက် ပိုပြီး ဖမ်းခွင့်မရှိဝာာ မသိဘူးတူပါရဲ့။ အဲ့ဒီပမာဏထက် ကျော်လို့မရဘူး မဟုတ်ရင် ...... မရဏပြည်မြေအောက်ကမ္ဘာသင်္ဘော ပေါ်လာလိမ့်မယ်.....

"မရဏပြည်ပေါ်လာရင် မြေအောက်ကမ္ဘာသင်္ဘောလည်း ပေါ်လာတတ်တယ်၊ တာအိုရှာဖွေခြင်းအဆင့်တားမြစ်ဇုန်ပဲ"

အဘိုးကြီး စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် သူတို့ပတ်ဝန်းကျင်ရှိ လေမုန်တိုင်းများ ရုတ်တရက် ရပ်သွားသယောင်ပင်။ မိုးကြိုးများ လေလယ်တွင် တန့်နေကြပြီး မြူများလည်း လှုပ်ရှားခြင်းမရှိတော့။

အချိန်ရပ်သွားသည့်အလား၊ ကောင်းကင်နှင့်မြေကြီး၏ သဘာဝနိယာမများ လှုပ်ရှားမှုမရှိတော့သည့်အလားပင်။

တစ်ချိန်တည်းမှာပင် ရှေးဆန်သောအသံကြီးတစ်သံအား ကြားလိုက်ရသည်။ ၎င်းသည် အချိန်အငွေ့အသက်တို့ဖြင့် ပြည့်နေပြီး  ဆွေးမြည့်ပျက်စီးမှုအား ပိတ်ဖုံးကွယ်ထားသော ကန့်လန့်ကာအား ဖယ်လိုက်သကဲ့သို့ပင်။ အက်ကွဲကွဲ၊ ဩရှရှ အသံကြီးကား အဝေးမှ ပဲ့တင်ထပ်လာလေသည်။

"ဟိုးရှေးရှေးတုန်းက မင်းဟာ မင်းဆိုပြီး မကျန်တော့တဲ့အထိ အဆုံးထိ ဆက်လျှောက်ဖို့ ရွေးချယ်ခဲ့တယ် ....

"ဟိုးရှေးရှေးတုန်းက ငါဟာ ငါပဲကျန်တော့တဲ့အထိ အဆုံးထိ ဆက်လျှောက်ဖို့ ရွေးချယ်ခဲ့တယ် ....

"ငါက ဘယ်သူလဲ။ မင်းကရော ဘယ်သူလဲ .... နက်နဲလွန်းတဲ့ အရိုးဖြူတွေ။ ခေတ်တွေရဲ့အစ။ ငါ့တာအိုဟာ ...အနီးမှာ"

***

All Chapters