မြေအောက်ကမ္ဘာသင်္ဘော
Vol. 47 Ch. 652
အသံ ပဲ့တင်ထပ်လာစဉ် မန်ဟို့ခန္ဓာကိုယ်အပေါ်ရှိ အမွှေးအမျှင်အလုံးစုံ ထောင်မတ်သွားတော့သည်။ ဖော်ပြမတတ်သော ခံစားချက်တစ်ခုက သူ့ကိုယ်တစ်လျှောက် စီးဆင်းသွားပြီး အေးစက်နေသော လက်ကြီးတစ်ဖက်က သူ၏လည်ပင်းကို အသာအယာ ပွတ်သပ်နေသည့်အလားပင်။
ပုပ်ပွနေသော အရှိန်အဝါတစ်ခုလည်း ပတ်ဝန်းကျင်တွင် ပြည့်နှက်လာသည်။ သူ ရောက်ရှိနေသော သင်္ဘောမှာမူ ရုတ်တရက် နှေးကွေးသွားသည့်အလားပင်။ တခဏလေးအတွင်း နှစ်ပေါင်းထောင်ချီ ကုန်ဆုံးသွားခဲ့သယောင် ထင်ရသည်။
သင်္ဘောအပေါ်ရှိ လူတိုင်းမှာ သွေးဆုပ်ဖြူလျော်နေကြပြီး တဆတ်ဆတ် တုန်လာ၏။ တစ်ခါမှမမြင်ရဖူးသော ကြောက်လန့်နေသည့် အရိပ်အယောင်များကို သူတို့၏မျက်နှာများအပေါ်တွင် မြင်ရနိုင်လေသည်။ မရဏပြည်မြေအောက်ကမ္ဘာသင်္ဘောအကြောင်း မသိသူများပင်လျှင် လက်ရှိအခြေအနေအရ အန္တရာယ်တွင်းထဲ ရောက်နေပြီဖြစ်ကြောင်း ပြောနိုင်၏။
ကြောက်လန့်တုန်လှုပ်မှုတို့ အဘိုးကြီးသုံးယောက်၏ရင်ထဲတွင် ပြည့်နှက်သွားသည်။ သူတို့သည် သင်္ဘောအား တတ်နိုင်သမျှမြန်မြန် သွားအောင် အားထည့်ရန် ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို ထုတ်ပြီး ဆေးလုံးများပင် စားလိုက်ကြသည်။
မန်ဟိုသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး ပြင်းထန်လှသော အအေးဓာတ်ကို ပယ်ဖျက်ရန် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်၏။ အနားတွင် ထိုင်နေသော အဘိုးကြီးသုံးယောက်အနက် တစ်ယောက်က ခပ်ဩဩကြီး အော်လိုက်သည်။ "လှည့်မကြည့်ကြနဲ့။ အကုန်လုံး ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် လှည့်မကြည့်ကြနဲ့
"တစ်ယောက်မှ မရဏပြည်ဆီ သွားတဲ့လမ်းကို ကြည့်မိလို့မဖြစ်ဘူး။ လှည့်ကြည့်မိလိုက်တာနဲ့ သေပြီပဲ"
သင်္ဘောအပေါ်တွင် လှည့်ကြည့်ရန် စဉ်းစားနေခဲ့ကြသော လူတချို့ ရှိသည်။ သို့သော် အဘိုးကြီး၏စကားကို ကြားသောအခါ တုန်ရီလျက် ထိုင်နေကြပြီး နောက်သို့ နည်းနည်းလေးမှ လှည့်မကြည့်ရဲကြတော့ပေ။ သူ၏အနောက်တွင် တိုးလိုက်၊ ကျယ်လိုက်ဖြစ်နေသော တဟင့်ဟင့် ငိုရှိုက်သံများ ကြားနေရ၏။ ထိုအသံများမှာ မရေမတွက်နိုင်သောလူများ ငိုယိုနေကြသည့်အလားပင် ။ တဖြေးဖြေး ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ပို၍ပင် အေးခဲလာသည်။ မှိန်ပျပျအလင်းရောင်ထဲတွင် လွင့်မျောနေသော ဆံပင်များသဖွယ် အဖြူရောင်မြူအမျှင်တန်းများအား မြင်ရလေသည်။
"ငါရဲ့တာအိုရဲ့အဆုံးသတ်က.... အနီးမှာ ....." အသံကြီးသည် ပုပ်သိုးဆွေးမြည့်နေသော အရှိန်အဝါတစ်ခုဖြင့် ပြည့်နှက်နေသယောင်ပင်။
သင်္ဘောဦးတွင် ထိုင်နေသော မန်ဟို့မျက်ဝန်းများမှာ တစတစ သွေးအေးလာသည်။ သူသည် လှည့်မကြည့်သော်လည်း သူ့ကိုယ်ထဲရှိ စွမ်းအင်မှာ တဖြေးဖြေး နိုးကြားလာနေ၏။
သင်္ဘောမှာ အရှိန်တင်နေသော်လည်း ၎င်းပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ လှုပ်ရှားမှုမရှိပေ။ ၎င်း သည့်ထက်မြန်မြန် ရွေ့လျားလျှင်တောင်မှ ဆထက်ပွားလာနေသော အဖြူရောင်အမျှင်များမှ မလွတ်မြောက်နိုင်သေးသည်သာ ဖြစ်၏ ။
သင်္ဘောမှာ အရာအားလုံး မလှုပ်ရှားဘဲ ရှိနေသည့် ပန်းချီကားတစ်ချပ်ထဲတွင် နစ်နေသည့်အလားပင်။ အဘိုးကြီးသုံးယောက် မည်မျှအစွန်းကုန်ကြိုးစားစေကာမူ မြန်သင့်သလောက်မြန်မြန် မရွေ့လျားနိုင်သေးပေ။
အဘိုးကြီး ညွှန်းဆိုခဲ့သော မြေအောက်ကမ္ဘာသင်္ဘောမှာ တစတစ နီးကပ်လာနေသကဲ့သို့ ပုပ်သိုးပျက်စီးခြင်းအရှိန်အဝါမှာလည်း နီးကပ်လာနေသည်။
သူတို့၏သင်္ဘောက မရွေ့လျားနေသည့်တိုင် သင်္ဘောအပေါ်တွင်တော့ အချိန်ဖြတ်သန်းမှုမှာ အရှိန်မြန်လာလေပြီ။ လူတိုင်းမှာ အသက်စွမ်းအားများ ကုန်ခမ်းစပြုလာသည့် လက္ခဏာများကို အာရုံရလိုက်ကြသည်။
အဘိုးကြီးသုံးယောက်၏ရင်ထဲတွင် မျှော်လင့်ချက်များ ပျက်ပြားလာသည်။
မန်ဟိုက ညာခြေကို တိတ်တဆိတ် မြှောက်ပြီးနောက် ကုန်းပတ်အား အသာအယာ ဆောင့်နင်းလိုက်သည်။ ချက်ချင်းပင် သူ၏ကျင့်ကြံခြင်းအခြေခံသည် ထစ်ချုန်းသွားပြီး စွမ်းအားများ သင်္ဘောအတွင်းသို့ စီးဆင်းသွား၏။ ကုန်းပတ်၏နေရာအများစု တိုက်ရိုက် ကြေမွသွားသော်လည်း တစ်ချိန်တည်းမှာပင် သင်္ဘောကား မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားသွားလေပြီ။
အမြန်နှုန်းမှာ သူတို့အား ပိတ်မိနေသော ရပ်တန့်ကမ္ဘာကြီးမှ လွတ်မြောက်တော့မည့်အလား ဖြစ်သွားစေသည်။ အဘိုးကြီးသုံးယောက်မှာ ပါးစပ်အဟောင်းသား အံ့ဩသွားကြပြီး မျှော်လင့်ချက်များ ပေါ်ပေါက်လာတော့သည်။ သူတို့လည်း ထုတ်နိုင်သမျှ စွမ်းအားအကုန်ဖြင့် အားဖြည့်လိုက်ကြ၏။
နောက်ဆုံးတွင် သူတို့သည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မလှုပ်မယှက်ဖြစ်စေသော နိယာမနှင့် စီးချင်းထိုးနိုင်သည့် အမြန်နှုန်းတစ်ခုသို့ ရောက်ရှိသွား၏။ လေများ ရွေ့လျားလာပြီး ရပ်တန့်မှုမှာ ပျက်စီးကြေမွတော့မည့်အလားပင်။ အရာအားလုံး နောက်တစ်ဖန် ရွေ့လျားလာတော့မည့် ဤအခိုက်အတန့်တွင် မန်ဟို့နားထဲတွင် သက်ပြင်းချသံတစ်သံအား ကြားလိုက်ရ၏။
ထို့နောက် အမျိုးသားတစ်ယောက်၏ အနန္တရချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်နှက်နေသော အသံတစ်သံကို ကြားလိုက်ရသည်။ "ဟိုအာရေ ... သား ဒီနှစ်တွေ ကျန်းကျန်းမာမာနဲ့ အဆင်ပြေပြေ နေရရဲ့လား .... အဲ့ဒီတုန်းက သားအမေ သဘောမတူခဲ့ပေမယ့် အဖေက ... အဖေက ဒီနည်းလမ်းပဲရှိတယ်ဆိုပြီး ခေါင်းမာခဲ့မိတယ်။ သားအမေကို အပြစ်မတင်ပါနဲ့ကွယ် ...."
မန်ဟို တုန်ရီသွားသည်။ ဤအသံကို သူ မှတ်မိ၏။ ၎င်း၏အပိုင်းအစလေးတချို့မှာ သူ၏မှတ်ဉာဏ်ထဲတွင် ကျန်ရှိနေသေးလေသည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် ဤအသံသည် သူ့အဖေ၏အသံဖြစ်ကြောင်း သူ မှတ်မိသေး၏။
သူ့မှာ တိတ်ဆိတ်စွာ ရပ်နေသည်။ သင်္ဘော တရိပ်ရိပ် ပြေးနေစဉ် သူက နောက်လှည့်မကြည့်ပေ။ ပတ်ဝန်းကျင်ရှိ ရပ်တန့်နေမှုမှာ လျင်မြန်စွာပင် ပြန်လည်လှုပ်ရှားလာသည်။ လေထဲတွင် မျောလွင့်နေခဲ့သော အဖြူရောင်အမျှင်များမှာလည်း ဖြေးညင်းစွာ နောက်ပြန်ရွေ့လျားသွားရင်း သင်္ဘောကို လွှတ်ပေးနေလေပြီ။
သို့သော် ထိုအခိုက်တွင် မန်ဟို နောက်အသံတစ်သံကို ကြားလိုက်ရသည်။
"ဟိုအာ .... အမေ့ကို .... မှတ်မိသေးလား။ အမေလေ သားရဲ့အမေ .... လှည့်ကြည့်ပါဦး ၊ သား မျက်နှာလေး အမေ ကြည့်ပါရစေဦး။ နှစ်တွေအများကြီး ကြာခဲ့ပြီ သားရယ် ... အမေ သားကို လွမ်းနေခဲ့တာ"
မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူခေါင်းမှာ မဆိုစလောက် ရွေ့လျားလာသည်။ သူ၏မျက်ဝန်းများတွင် ရှုပ်ထွေးနေသော ခံစားချက်များက စိုးမိုးနေ၏။ သူက နောက်လှည့်မကြည့်ပေ။ ထိုအစား သူ၏စွမ်းအားအလုံးစုံကို သင်္ဘောအား ထိန်းချုပ်ရာတွင် ထည့်သွင်းထားသည်။ နောက်ဆုံးတွင် သင်္ဘောဦးက ရပ်တန့်နေသောပန်းချီကားအတွင်းမှ ထိုးဖောက်ထွက်လိုက်သဖြင့် ဂျိန်းခနဲ ထစ်ချုန်းသံကြီးတစ်သံ ကြားလိုက်ရလေသည်။
ရပ်တန့်နေသောနယ်ပယ်၏ အစပ်မှာ မျက်စိရှေ့လေးတွင်သာ ရှိတော့ကြောင်း မန်ဟို မြင်လိုက်ရသည်။ သူတို့ကား ပန်းချီကားအတွင်းမှ ထွက်တော့ပေမည်။
"မင်းနှလုံးသားရဲ့ အနက်ရှိုင်းဆုံးထဲမှာ စွဲလမ်းမှုကိန်းအောင်းနေတယ်" ဤအသံကြီးသည် သူ၏မှတ်ဉာဏ်ထဲရှိသော မိဘနှစ်ပါး၏အသံမဟုတ်ပေ။ ၎င်းက ရှေးဆန်ပြီး ပုပ်သိုးဆွေးမြည့်နေသောအသံကြီးဖြစ်သည်။
အသံကြီးမှာ ဇဝေဇဝါဖြစ်နေပုံလည်း ရပြီး အတောမသပ်နိုင်သော စွဲလမ်းမှုတို့ဖြင့်လည်း ပြည့်နှက်နေသယောင်ရှိသည်။
"မင်းက မရဏပြည်လမ်းပေါ်မှာ ငါဆုံတွေ့ရတဲ့ သက်ရှိသတ္တဝါတစ်ကောင်ပဲ။ မင်းရဲ့ စွဲလမ်းမှုအာသီသပြည့်အောင် ... ငါ မင်းကို ဖြည့်ဆည်းပေးနိုင်တယ်။ လှည့်ကြည့်လိုက်။ မင်း ရဲ့ မိဘနှစ်ပါး ဘယ်လိုပုံစံရှိလဲ မြင်ရလိမ့်မယ်"
မန်ဟို့ကျင့်ကြံခြင်းအခြေခံသည် ရုတ်တရက် လှုပ်ရှားနေခြင်း ရပ်တန့်သွား၏။ သူသည် သင်္ဘောအတွင်းသို့ စွမ်းအားများ ထပ်မံမထည့်သွင်းတော့ဘဲ သင်္ဘောဦးပိုင်း၌ မလှုပ်မယှက် ရပ်နေလေသည်။ သူ၏အရှေ့တည့်တည့်တွင် ရှိသည်ကား ရပ်တန့်နေသောပန်းချီကား၏ အစွန်းအနား ဖြစ်သည်။ ထိုအနားကို ဖြတ်ပြီးလျှင် လွတ်မြောက်ပေလိမ့်မည်။
လှည့်ကြည့်လိုက်လျှင် မခန့်မှန်းနိုင်သော တစ်စုံတစ်ခု ဖြစ်ပွားလိမ့်မည်ကို မန်ဟို ကောင်းကောင်း သိသည်။ သို့သော် စောစောက ပြောလိုက်သည့်စကားလုံးများကား သူ့ကို လုံးလုံးလျားလျား အံ့ဩတုန်လှုပ်သွားစေခဲ့၏ ။
ဘယ်သူမှ သူ့နားအနား ပြောလိုက်သော စကားလုံးများကို မကြားရပေ။ အဘိုးကြီးသုံးယောက်ပင်လျှင် မကြားခဲ့ရ။ လူတိုင်းမှာ ကြောက်လန့်တုန်ရီလျက် တွေဝေငေးကြောင်စွာဖြင့် ထိုင်နေကြလေသည်။ မန်ဟိုတစ်ယောက်တည်းသာ သူတို့အကြား စိတ်ကြည်လင်နေခြင်းဖြစ်သည်။
မန်ဟိုက ရုတ်တရက် ပြုံးလိုက်သည်။ ၎င်းသည် အပူအပင်ကင်းသောအပြုံး၊ သန့်ရှင်းသောစိတ်ဆန္ဒအပြည့်ဖြင့် အပြုံးဖြစ်သည်။
သူက ရေရွတ်လိုက်သည်။ "လှည့်ကြည့်တော့ ဘာအန္တရာယ်ဖြစ်မှာလဲ။ ငါရဲ့ ကျင့်ကြံနေတဲ့ ဘဝတစ်လျှောက်လုံးမှာ ငါ့နှလုံးသားကို ပျိုးထောင်ခဲ့တယ်။ ငါ့လမ်းစဉ်ဟာ နားလည်ခြင်း နဲ့ အမှန်တရားအကြောင်းပဲ
"လှည့်မကြည့်ရင် ငါ့နှလုံးသားကို ဘယ်လိုပျိုးထောင်နိုင်မလဲ" အနောက်သို့ အေးအေးလူလူ ပြန်လှည့်ကြည့်လိုက်စဉ် သူ၏မျက်လုံးများသည် စူးရှတောက်ပသောအလင်းရောင်ဖြင့် ပြည့်နေ၏။
သူ၏အာရုံကို ပထမဆုံး ဆွဲဆောင်လိုက်သည့်အရာမှာ သင်္ဘော၏ပတ်ပတ်လည်၌ လိမ်ယှက်ကောက်ကွေးလျက် လေတွင် မျောလွင့်နေသော အဖြူရောင်အမျှင်များ ဖြစ်သည်။ အမျှင်များက ဧရာမစစ်သင်္ဘောကြီးထံမှ အစပြုလေသည်။
သင်္ဘောသည် မီတာသုံးထောင်တိတိ ရှည်လျားပြီး ခေတ်ပေါင်း မရေမတွက်နိုင်အောင် တည်ရှိခဲ့သည့်အလား ရှေးကျသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ၎င်းက စစ်ပွဲများစွာ ကြုံတွေ့ဖြတ်သန်းခဲ့ရကြောင်း သက်သေထူလျက် ပျက်စီးယိုယွင်းနေလေပြီ။
သင်္ဘောဦးပိုင်းတွင် ပုံရိပ်တစ်ခုအား မြင်ရနိုင်သည်။ ၎င်းသည် အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော အဘိုးကြီးတစ်ယောက် ဖြစ်၏။ သူ၏မျက်နှာအသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူ၏ခန္ဓာကိုယ်မှာ နှစ်ပေါင်းများစွာတိုင်အောင် ချပ်ဝတ်တန်ဆာအတွင်း၌ ပုပ်သိုးဆွေးမြည့်နေခဲ့သည့်အလားပင်။
အဖြူရောင်အမျှင်များမှာ တကယ်တမ်း အဘိုးကြီး၏ဆံပင်များ ဖြစ်သည်။
မန်ဟို့အကြည့် သူ့အပေါ် ကျရောက်လာသည်နှင့်တစ်ပြိုင်နက် အဘိုးကြီးမှာ သတိထားမိသွားသယောင်ပင်။ သူက ခေါင်းမော့ပြီး မန်ဟို့ကို ကြည့်သည်။
အကြည့်ချင်း ဆုံသွားလျှင်ချင်း မန်ဟို၏စိတ်မှာ ထစ်ချုန်းသွားရ၏။ ထို့နောက် မြင်ကွင်းတစ်ခု ပေါ်လာသည်။ ခေါင်းတလားတစ်ခု မြင်လိုက်ရပြီး ၎င်း၏မျက်နှာပြင်ပေါ်တွင် လိပ်ပြာကိုးကောင်ပုံစံ ရေးထွင်းထားလေ၏။
ခေါင်းတလားက စစ်မြေပြင်တစ်ခုအပေါ်တွင် လဲလျောင်းနေသည်။ ထို့နောက် ပြိုကွဲပျောက်ကွယ်သွား၏။ မန်ဟိုမှာ သတိပြန်လည်လာစဉ် အသက်ရှူသံများမြန်နေတော့သည်။
"သူ့ရဲ့ .... တာအိုအစေ့ ...." ချပ်ဝတ်တန်ဆာနှင့်ပုံရိပ်က တိုးညှင်းစွာ ပြောလိုက်သော်လည်း သူ၏အက်ကွဲကွဲ အသံကြီးသည် ပဲ့တင်ထပ်သွား၏။ "နှစ်ပေါင်းများစွာ တစ်လျှောက်လုံး ငါ ဆုံတွေ့ခဲ့ဖူးတဲ့ သက်ရှိသတ္တဝါတွေအားလုံးထဲမှာ မရေမတွက်နိုင်တဲ့ တာအိုအစေ့တွေကို မြင်ခဲ့ဖူးတယ်... မင်းကတော့ သူတို့နဲ့ မတူဘူး
"သွား" အဘိုးကြီးက ချပ်ဝတ်တန်ဆာ ဝတ်လျက် တင်ပျဉ်ခွေထိုင်နေသည်။ သူကား ဘယ်တော့မှ ၊ ဘယ်သောအခါမှ မထတော့မည့်အလားပင်။ သူ စကားပြောသောအခါ သူ၏အသံသည် အတိတ်ကို လွမ်းဆွေးနေသံပေါက်နေလေသည်။ တဖြေးဖြေး သူ၏ဆံပင်များသည် မန်ဟိုတို့သင်္ဘောဆီမှ ဖယ်ခွာသွား၏။ တစ်ချိန်တည်းမှာပင် မီတာသုံးထောင်စစ်သင်္ဘာကြီးကား တရွေ့ရွေ့ နောက်ဆုတ်သွားလေပြီ။ ၎င်းမှာ ပျောက်ချင်းမလှ ပျောက်တော့မည့်အလား လွင့်ပါးမှေးမှိန်စပြုလာသည်။
ပတ်ဝန်းကျင်ရှိ ရပ်တန့်နေမှုမှာလည်း တဖြေးဖြေး ပျောက်ကွယ်လာသည်။
သင်္ဘောကြီး ပျောက်ကွယ်လာစဉ် မန်ဟိုက ရုတ်တရက် စကားပြောရန် ပါးစပ်ဟလိုက်သည်။ "စီနီယာကြီး ၊ ခင်ဗျား ကျုပ် ကတိကို မဖြည့်ဆည်းပေးရသေးဘူးလေ" ချက်ချင်းပင် ရပ်တန့်မှုက ပြန်လည်ဝင်ရောက်လာသည်။ စစ်သင်္ဘောအပေါ်ရှိ အဘိုးကြီးက မန်ဟို့ကို လေးလေးနက်နက် တစ်ချက်ကြည့်၏။
အကြည့်တွင် တစ်ကမ္ဘာလုံး၏ပြောင်းလဲခြင်းတို့ ပါရှိနေသယောင်ပင်။ မန်ဟို့မျက်ဝန်းများတွင် အချိန်က နောက်ပြန်စီးဆင်းသွားသည်။ ချက်ချင်းပင် ထစ်ချုန်းသံကြီးတစ်သံ သူ၏စိတ်ထဲ၌ ပြည့်နှက်သွားသည်။
ဤတစ်ခေါက် သူ၏မြင်ကွင်းထဲတွင် တာ့ချင်းတောင်ကို မြင်လိုက်ရသည်။
တာ့ချင်းတောင်၏အပြင်တွင် ခရမ်းရောင်လေသည် ဆော်သွေးတိုက်ခတ်လျက်ရှိ၏။ မြူများက တလိပ်လိပ် ထလာရင်း တောင်တစ်လုံး ၊ နောက်ဆုံး ယွင်ကျဲစီရင်စုတစ်စုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။
စီရင်စု၏အိမ်များအတွင်းရှိ မီးအိမ်များမှာ ချက်ချင်း ငြိမ်းသေသွားကြလေပြီ။ အိမ်တစ်အိမ်မှလွဲ၍ ..... ထိုအိမ်ထဲတွင် မီးအိမ်က တရိပ်ရိပ် လှုပ်နေရင်း ပြတင်းပေါက်ဘေးတွင် ရပ်နေသော သက်လတ်ပိုင်းအရွယ်လူအား အလင်းရောင်ပေးနေ၏။
အိပ်ခန်းထဲမှ တဟင့်ဟင့် ရှိုက်ငိုနေသံများကို ကြားရနိုင်သည်။ ဟနေသော တံခါးကြားမှ အမျိုးသမီးတစ်ယောက်၏အရိပ်ကို မြင်ရနိုင်သည်။ သူမက ကောင်လေးတစ်ယောက်ကို ပွေ့ထားပြီး မျက်ရည်များ စီးကျလျက်ရှိ၏။
ကောင်လေးတွင် ဉာဏ်ကောင်းသောမျက်ဝန်းလေးများ ရှိသော်လည်း ယခုတွင်တော့ တွေဝေနေပြီး နားမလည်နိုင်ဖြစ်နေဟန်တူသည်။
ခရမ်းရောင်လေက ခရမ်းရောင်မြူများအား ယွင်ကျဲစီရင်စုကို လုံးဝဖုံးလွှမ်းသွားအောင် တိုက်ခတ်လိုက်သည်။ မဟူရာညကောင်းကင်ထက်တွင် ရုတ်တရက် ခရမ်းရောင်နေတစ်စင်း မြင်သာလာ၏။
ခရမ်းရောင်နေက မယုံကြည်နိုင်ဖွယ် ဖိအားကြီးတစ်ခုအား ယွင်ကျဲစီရင်စုအပေါ် သက်ရောက်သွားစေသည်။
ထိုအခိုက်အတန့်တွင် သက်လတ်ပိုင်းလူက အရှေ့တံခါးကို ဖွင့်ပြီး ခရမ်းရောင်မြူများအတွင်းသို့ လမ်းလျှောက်ဝင်သွား၏။ အမျိုးသမီးက မျက်ရည်များကို သုတ်ပြီး ကောင်လေးကို တခဏ ပြန်လှည့်ကြည့်သည်။ ထို့နောက် သူမလည်း လှည့်ထွက်သွားတော့၏ ။
ထိုအခိုက်လေး၌ သူမမျက်နှာကို မန်ဟို ပြတ်ပြတ်သားသား မြင်လိုက်ရသည်။
သူမသည် နူးညံ့သိမ်မွေ့စွာ လှပပြီး မျက်ရည်များက မခွဲခွာချင်ကြောင်း သက်သေထူနေသည်။ သို့သော် သူမက ကြောက်လန့်ပြီး အားကိုးရာမဲ့နေသော လူမမယ်ကောင်လေးကို အခန်းထဲ၌ တစ်ယောက်တည်း ထားခဲ့လေသည်။
"အဖေ့ .... အမေ့....." ကောင်လေးက အော်သည်။ သူ့မှာ ပို၍ကြောက်လန့်လာပုံရသည်။ သူက မြူများအတွင်းသို့ ပြေးထွက်သွား၏။
"အဖေရေ .... အမေရေ .... ဘယ်မှာလဲ။ သား ကြောက်တယ် ....." ကောင်လေး၏အသံမှာ နူးညံ့သော ကလေးသံလေးဖြစ်ပြီး တုန်ရီနေသည်။ သူ့မှာ တစ်ယောက်တည်း ကြောက်နေသယောင်ပင်။ သူ၏ပတ်ဝန်းကျင်ရှိ လေများမှာ အေးစက်နေပြီး မြူများကလည်း နေရာလပ်မကျန် ဖုံးနေ၏။ သို့ရာတွင် ၎င်းမှာ မြူအတွင်းသို့ ပဲ့တင်ထပ်လာသော ကောင်လေး၏ငိုသံများကိုတော့ မဖျောက်ပစ်နိုင်ပေ။
သူပြေးနေစဥ် သူ၏ တအီးအီး ငိုရှိုက်သံများမှာ ပိုပို၍ စူးရှကျယ်လောင်လာသည်။ ရုတ်တရက် သူ့မှာ ခလုတ်တိုက်ချော်လဲသွားသဖြင့် ဒူးပွန်းပြီး ဝတ်ရုံစများ ပြဲသွား၏။ သူ့ဆံပင်များမှာ စုတ်ဖွာနေပြီး မျက်ရည်များက ပါးပြင်ထက်မှ မြေကြီးပေါ်သို့ တပေါက်ပေါက် ကျလာသည်။ သူ့အတွက် လိုချင်သမျှ အဖေနှင့်အမေသာ ဖြစ်ပါသော်လည်း သူ သတိမထားလိုက်မိသည်ကား မြူအတွင်းမှ သူ၏ခေါင်းဆီသို့ ထိုးထွက်လာသော အနက်ရောင်တစ္ဆေလက်ကြီးတစ်ဖက်ကိုပင်။
***