← Chapters

ပတ်လမ်း(၃)တွင် ပွက်လောရိုက်နေသော မိစ္ဆာများ

Vol. 47 Ch. 653

ပတ်လမ်း(၃)တွင် ပွက်လောရိုက်နေသော မိစ္ဆာများ

Vol. 47 Ch. 653

မန်ဟိုသည် သူပင် ဖြစ်သော ကောင်လေးအား ကြည့်နေ၏။ သို့ရာတွင် သူ၏မှတ်ဉာဏ်ထဲတွင် ဤအဖြစ်အပျက်ကား ရှိမနေပေ။ ထိုညကို သူ မှတ်မိသည်။ ခရမ်းရောင်လေနှင့်အတူ ထူးဆန်းသောအသံများကိုလည်း သူ မှတ်မိသည်။

ထိုညသည် သူ၏အဖေနှင့်အမေ ပျောက်ဆုံးသွားခဲ့သော ညဖြစ်၏။ နောက်တစ်နေ့မနက်တွင် သူ့မှာ ဇဝေဇဝါ‌ ကြောင်တောင်တောင်နှင့် နိုးထလာခဲ့ပြီး ဖြစ်ကြောင်းကုန်စင်ကို မမှတ်မိခဲ့ပေ။ မှတ်မိသည့် တစ်ခုတည်းသောအရာမှာ .... အဝတ်စများ စုတ်ပြဲသွားသည်ကိုသာ။

အမြင်အာရုံထဲတွင် ဖြစ်ပျက်နေသော အရာကို မြင်သောအခါ သူသည် စိတ်ကို မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။

ထို့နောက် တစ္ဆေလက်ကြီး ကောင်လေးဆီသို့ ဆန့်တန်းသွားသည်ကို သူ မြင်လိုက်သည်။ ထိုအခိုက်အတန့်တွင် လူတစ်ယောက် ကောင်လေး၏အနောက်တွင် ပေါ်လာသည်။ သူက သူ၏လက်ချောင်းများဖြင့် တစ္ဆေလက်ကြီးကို ဆတ်ခနဲ ဖမ်းလိုက်ကာ အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။

တစ္ဆေလက်ကြီးသည် အမှုန့်ကြေသွားပြီး သွေးပျက်မတတ် အော်သံကြီး ကြားလိုက်ရလေသည်။ ခရမ်းရောင်မြူများအထဲမှ သရဲသဖွယ် ပုံရိပ်တစ်ခု ထွက်လာသည်။

ကောင်လေးမှာ ထိတ်လန့်သွားသော်လည်း ခေါင်းလှည့်ကြည့်လိုက်ရာတွင် သူ၏မျက်နှာအပေါ်၌ ဝမ်းသာပျော်ရွှင်မှုတို့ ဖြတ်ပြေးသွားတော့သည်။ ပါးမို့မို့လေးတစ်လျှောက် မျက်ရည်များ စီးကျနေရင်း သူက ပေါ်လာခဲ့သည့်လူ၏လက်မောင်းထဲ ပြေးဝင်လိုက်လေသည်။

"အဖေကလည်း ... ဘယ်သွားတာလဲ ။ သားက အဖေ့ကို ပျောက်လို့ လိုက်‌ရှာနေတာ...."

ထိုလူက သရဲပုံရိပ်အနောက် မလိုက်‌ပေ။သူသည် ချစ်ခြင်းမေတ္တာတို့၊ သံသယတို့ ရောပြွမ်းနေသော မျက်နှာထားဖြင့် ကောင်လေး၏အရှေ့တွင် ဒူးထောက်လိုက်၏။ သူက ကောင်လေးကိုကြည့်ရင်း ဆံပင်များ လှမ်းဖွလိုက်လေသည်။

သူသည် နူးညံ့ပျော့ပျောင်းသော အသံနှင့် စကားမပြောခင် အကြာကြီး တိတ်ဆိတ်နေခဲ့၏။ "မငိုပါနဲ့ ဟိုအာရယ်။ အမေနဲ့ အဖေက ခဏတဖြုတ်တော့ မဖြစ်မနေ သွားရမှာမလို့ပါ။ တစ်နေ့နေ့ကျ အဖေတို့ ပြန်တွေ့ကြရမှာပေါ့ သားရယ်"

သူ၏စကားလုံးများကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ကောင်လေးက ထိုလူ၏ဝတ်ရုံကို ကျစ်ကျစ်ပါအောင် လှမ်းဆုပ်လိုက်သည်။ "ဘယ်သွားနေတာလဲ။ သား အဖေတို့ကို မသွားစေချင်ဘူး ....."

ထိုလူက ဘာမှမပြောပေ။ သူက ကောင်လေး၏ ခေါင်းကို ပွတ်သပ်ပေးပြီး အကြာကြီး ‌တိတ်ဆိတ်သွားပြန်သည်။ ထို့နောက် သူ၏အသံထွက်လာ၏။ "အရှေ့ဘက်နယ်မြေ"

သူ၏မျက်နှာမှာ အနှိုင်းမဲ့သော ချစ်မြတ်နိုးမှုတို့ဖြင့် ပြည့်နှက်နေပြီး နာကျင်နေသယောင်လည်း ရှိသည်။ ထို့နောက် သူက ကောင်လေးကို လှမ်းထိလိုက်သည်။ သူ၏လက်မှာ တဖျပ်ဖျပ် လက်လာပြီး ကောင်လေးမှာ မျက်လုံးပိတ်၍ အိပ်ပျော်သွားတော့သည်။

ထိုလူက ကောင်လေးကို ပွေ့ပြီး အိမ်ထဲ ပြန်ဝင်သွားလေသည်။ ကောင်လေးကို ခုတင်အပေါ် အသာအယာ တင်ပေးပြီးသော် ရပ်ကြည့်နေ၏။ အချိန်အတန်ကြာသွားပြီးနောက်ဆုံးတော့ သူက သက်ပြင်းချလိုက်သည်။

မန်ဟိုသည် မီးအိမ်၏အလင်းရောင်ကြောင့် ထိုလူ၏ပုံပန်းသွင်ပြင်ကို မြင်ရသွားလေသည်။ သူသည် ချောမောခန့်ညားပြီး တည်ကြည်ဖြောင့်မတ်ကာ ရင်းနှီးသလိုရှိသလို ၊ ထူးလည်းထူးဆန်းနေ၏။ သူ့ကို ကြည့်ခြင်းက မန်ဟို့ကို ရင်တဒိန်းဒိန်း ခုန်လာစေသည်။

အချိန်အတော်လေးကြာသော် ထိုလူက ကုန်းပြီး ခုတင်ပေါ်ရှိ ကောင်လေး၏နဖူးကို နမ်းလိုက်သည်။ သူ ခါးပြန်မတ်လိုက်သောအခါ သူ၏မျက်နှာထားမှာ နာကျင်နေပြီး မခွဲချင်နေသယောင်ပင်။ သူသည် အိမ်မှ  ထွက်ခွာ၍ ခရမ်းရောင်လေနှင့်မြူများအတွင်း ဝင်ရောက်ပျောက်ကွယ်သွား၏။ သူကား ယွင်ကျဲစီရင်စုမှ ၊ တာ့ချင်းတောင်မှ  ထွက်သွားပြီး ပျောက်ကွယ်သွားခဲ့လေပြီ။

မြင်ကွင်း အဆုံးသတ်သွားသောအခါ မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး စိတ်ပြန်ကြည်သွားသည်။ သူက သင်္ဘော၏ကုန်းပတ်အပေါ်တွင် ရပ်နေ၏။ သူ၏ပတ်ပတ်လည်တွင် လေမုန်တိုင်းများသာ ကျန်ခဲ့ရစ်လေသည်။ မည်သည့်အဖြူရောင်ဆံမျှင်မှ မရှိတော့သလို၊ မြေအောက်ကမ္ဘာသင်္ဘောလည်း မရှိတော့။ လေမုန်တိုင်းစည်းသာ ကျန်ရစ်ခဲ့သည်။

သင်္ဘောပေါ်ရှိ ကျန်ရှိသူအားလုံးမှာ အိပ်ပျော်နေကြ၏။

ပတ်ဝန်းကျင်မှာလည်း တိတ်ဆိတ်နေသည်။ မန်ဟိုသည် ဘေးဘီဝဲယာကို ကြည့်ပြီး တင်ပျဉ်ခွေထိုင်ချလိုက်ကာ ‌အဝေးသို့ တွေတွေကြီး ငေးကြည့်နေလေသည်။

အတန်ကြာသော် အဘိုးကြီးသုံးယောက် နိုးလာသည်။ ထို့နောက် တခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် နိုးလာကြ၏။ သူတို့သည် လန့်လည်းလန့်၊ ကျေးဇူးလည်း တင်နေသော အမူအရာများဖြင့် မန်ဟို့ကို ကြည့်လိုက်ကြသည်။ မန်ဟိုက စကားမပြောလေရာ သူတို့လည်း စကားတစ်ခွန်းပင် မဟရဲကြပေ။

ဤသို့ဖြင့် သင်္ဘောသည် နောက်ထပ်လအနည်းငယ်ကြာ ဆက်လက်ခရီးနှင်လာခဲ့၏။ နောက်ဆုံးတော့ ၎င်းကား တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လေမုန်တိုင်းစည်း၏အဆုံးနှင့် နီးကပ်လာကြလေပြီ။

တစ်ချိန်လုံး မန်ဟိုကား ထပင် မထခဲ့ပေ။ မှော်သင်္ကေတစိတ်ဝိညာဉ်များနှင့် ကြုံတွေ့ရလျှင် သူသည် ၎င်းတို့ကို ကြည့်ပင် မကြည့်ချေ။ သင်္ဘော၏အရှေ့ကိုသာ ရှေးရှုနေသဖြင့် သူ ဘာတွေးနေသလဲ သိရန် ခက်ခဲ၏။

နောက်ထပ်လအနည်းငယ် ကြာပြီး လေမုန်တိုင်းစည်း၏အဆုံးသို့ သင်္ဘောရောက်သွားရာတွင် သူတို့၏နောက်ဆုံးပန်းတိုင်ဖြစ်သော ဆိပ်ကမ်းတစ်ခုအား အမှောင်ထုမှတစ်ဆင့် မြင်လိုက်ကြရ၏။

မန်ဟိုက ထရပ်ပြီး သူ၏နတ်ဘုရားအာရုံကို သင်္ဘောတစ်စင်းလုံးနှင့် ၎င်းအပေါ်ရှိ လူများအပေါ် ဖြန့်ကြက်လိုက်သည်။ ဤသည်မှာ မိစ္ဆာအင်မော်တယ်စေတီ၌ ရရှိခဲ့သော အသေးစားမှော်ပညာရပ်တစ်ခု၊ ဤလူများ၏ စိတ်ထဲမှ သူနှင့်ပတ်သက်သမျှ မှတ်ဉာဏ်အကုန်လုံး ဖယ်ရှားပစ်ပေးမည့် တာအိုမှော်ကျင့်စဉ်တစ်ခု ဖြစ်လေသည်။ ထို့နောက် သူကား လေမုန်တိုင်းအတွင်းသို့ ပျံထွက်ပျောက်ကွယ်သွားတော့သည်။

မန်ဟို ပျောက်ကွယ်ပြီး အသက်ဆယ်ရှိုက်ကြာသော် သင်္ဘောအပေါ်ရှိ လူတိုင်း သတိပြန်လည်လာကြသည်။ သူတို့မှာ အတန်ငယ် တွေဝေနေကြသော်လည်း တခဏကြာသော် သင်္ဘောက ကမ်းကပ်သွားလေပြီ။ ထိုအခိုက်အတန့်တွင် သူတို့သည် မမြင်ရသောအတားအဆီးတစ်ခုကို ဖောက်ထွက်သွားသည့်အလားပင်။ ‌စောစောက မှောင်မိုက်‌နေမှုသည် ရုတ်တရက် လင်းခနဲ တောက်ပသွားတော့၏။

ထိုအလင်းရောင်သည် ပင်လယ်ပြင်နှင့် လှိုင်းများအပေါ် ဖြာကျနေသာ နေရောင်ခြည်တို့ဖြစ်ပေသည်။ သင်္ဘောအပေါ်ရှိ အုပ်စုမှာ ဆားနံ့သင်းနေသော လေကို ရှူသွင်းလိုက်ပြီး ..... ယခုတွင် ပတ်လမ်း (၃) သို့ ရောက်လာခဲ့ပြီဖြစ်ကြောင်း သိလိုက်ကြ၏။

သင်္ဘောထံမှ ဝမ်းသာအားရအော်သံများ ထွက်လာသည့်အချိန်မှာပင် မန်ဟိုသည် လေမုန်တိုင်းစည်းအတွင်းမှ တစ်ယောက်တည်း ထွက်လာ၏။ သူက ပင်လယ်ပြင်ထက်တွင် ရပ်ရင်း နေလုံးကြီးကို မော့ကြည့်လိုက်သည်။

"အဲ့ဒီမြင်ကွင်းက အစစ်အမှန် ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ အရှေ့ဘက်နယ်မြေက ... သေချာပေါက် ငါ သွားရမယ့် နေရာပဲ

"လက်ရှိ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးနဲ့ အန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းပြီးရင်တော့ အရှေ့ဘက်နယ်မြေကို သေချာပေါက် သွားမယ်

"တန်နိုင်ငံကို သွားမယ်။ ချန်အန်းကို သွားမယ်။ ကလေးဘဝတုန်းက ငါ့အိပ်မက်ကို အကောင်အထည်ဖော်ရမယ် ...." သူသည် အရှေ့အရပ်ကို ကြည့်ရင်း မည်မျှပင်ဝေးကွာစေကာမူ အရှေ့ဘက်နယ်မြေကို မြင်ရ‌လောက်အောင် ကျင့်ကြံခြင်းအခြေခံမြင့်မားပါစေရန် ဆုတောင်းနေမိ၏။

"အဖေနဲ့ အမေ အကြောင်းနဲ့ အဲ့ဒီနှစ်တုန်းက ဘာဖြစ်ခဲ့တာလဲဆိုတာ သဲလွန်စရှာကောင်းရှာတွေ့နိုင်လောက်တယ်။ ခရမ်း‌ရောင်‌လေ ၊ ခရမ်းရောင်မြူ...... အဲ့‌ဒါတွေက ငါနဲ့ ဘယ်လိုပတ်သက်နေတာလဲ....."

"ပြီးတော့လည်း ...." သူသည် ခေါင်းငုံ့ပြီး သူ၏လက်ဖမိုးကို ကြည့်လိုက်သည်။ သူ ကျင့်ကြံအဆင့်‌ အသစ်တက်တိုင်း ထိုအမှတ်က လက်ဖမိုးတွင် ပေါ်လာတတ်လေသည်။

ထိုအမှတ်မှာ သူနှင့်အတူ အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့ပြီးပြီဖြစ်၍ ၎င်း၏အဓိပ္ပာယ်ကို နားမလည်လျှင်တော့ ကျင်ကြံအားထုတ်ခဲ့သော နှစ်တွေအကုန်လုံး အလကားဖြစ်သွားပေလိမ့်မည်။

"အဲ့ဒီနှစ်တွေမှာ ဖန်ယု ဘယ်လောက်ထူးဆန်းနေခဲ့လဲ ငါ သတိမထားတာတော့ မဟုတ်ဘူး... ဒီတိုင်း အမှန်တရားကို လက်မခံချင်နေတာလား" သူ၏မျက်လုံးများတွင် မြင်ရခဲသော ပျော့ညံ့အားနည်းမှုကို မြင်နိုင်လေသည်။ နောက်ဆုံးတွင် သူက သက်ပြင်းချပြီး ‌အတွေးများကို နှလုံးသားအောက်ဆုံးသို့ တွန်းပို့လိုက်သည်။

သူ့မှာ ရုတ်တရက် အလွန်အထီးကျန်သွားသလို ခံစားလိုက်ရ၏။ ၎င်းမှာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း အိမ် မည်သည့်နေရာတွင် ရှိသလဲ သိချင်နေမိသော အထီးကျန်မှုမျိုးဖြစ်သည်။ သူသည် ကျင့်ကြံခြင်းကို နှစ်ပေါင်းရာချီ အားထုတ်ခဲ့သော်လည်း ယခုတွင် သူ့ကို အဖော်ပြုပေးမည့် မိတ်ဆွေအပေါင်းအသင်းမရှိပေ။

"ဒါက ကျင့်ကြံခြင်းတဲ့လား။ တစ်ယောက်တည်း လျှောက်လှမ်းရမယ့် လမ်းကြောင်းတဲ့လား" သူက မျက်လုံးများကို ခေတ္တပိတ်လိုက်သည်။ သူ ၎င်းတို့ကို ပြန်ဖွင့်သောအခါ မည်သည့်အားနည်းပျော့ညံ့မှုကိုမှ မမြင်ရတော့ပေ။ ထိုအစား မယိုင်လဲသော ခိုင်မာပြတ်သားမှုသည် ပုံမှန်အတိုင်း ကိန်းအောင်းနေပြီဖြစ်သည်။

မန်ဟိုက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး စူးရှသောမျက်ဝန်းများဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။

သူ၏ပတ်ပတ်လည်ရှိ အရာအားလုံးမှာ ပတ်လမ်း(၄)အတိုင်းပင်။ သို့သော် ပတ်လမ်း(၃)ထက်ပို၍ များပြား‌သော မိစ္ဆာချီများ စီးဆင်းနေကြောင်း သူ အာရုံရလိုက်သည်။

မည်သူမှ ၎င်းကို မသိရှိသော်လည်း မိစ္ဆာချုပ်နှောင်သူအနေဖြင့် မန်ဟိုကတော့ ၎င်းကို သဘာဝအတိုင်း ခံစားရလေသည်။

မန်ဟို မသိသည့်အရာမှာ ဤအခိုက်အတန့်တွင် ပတ်လမ်း(၃)၏ ပင်လယ်ကြမ်းပြင်အပေါ်၌ မရေမတွက်နိုင်သော မျက်လုံးများ ရုတ်တရက် ပွင့်လာခြင်းကို ဖြစ်သည်။ ၎င်းတို့အားလုံးက သူရှိရာသို့ မော့ကြည့်နေကြ၏။

ပင်လယ်၏အနက်ဆုံးအပိုင်းတွင် အောက်ရေစီးကြောင်းများ တဝဲဝဲ လည်နေပြီး လေဆင်နှာမောင်းတစ်လုံး ဖြစ်ပေါ်လာနေသည့်အလားပင်။ မရေမတွက်နိုင်သော မျက်လုံးနီနီများသည် ပထမဆုံးအကြိမ် မျှော်လင့်ချက်ကို မြင်လိုက်ရသည့်အလား ပြင်းပြသော အလိုဆန္ဒတို့ကို ထုတ်လွှတ်နေတော့သည်။

ရေမျက်နှာပြင်အပေါ်တွင်တော့ မန်ဟိုသည် တစ်ယောက်တည်း တခဏ ရေရွတ်နေပြီးနောက် အဝေးသို့ ထွက်သွား၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာမျှ ပျံသန်းပြီးသော် သူက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သူ့အရှေရှိ ပင်လယ်မှာ ရုတ်တရက် ဝုန်းခနဲ ‌ပေါက်ကွဲသွားပြီး ရေထဲမှ ဧရာမလက်တံကြီးတစ်လက်က သူ့ဆီ ပြေးဝင်လာသည်။

၎င်းသည် အရိပ်ပမာ အံ့ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားလာသည်။ မီး‌တောက်ကြာပွ‌တ်ကြီးတစ်ခု လေကို စုတ်ဖြဲပစ်လိုက်သယောင်ပင်။

၎င်းသည် အနုသုခုမရုပ်ခန္ဓာအဆင့်နှင့် တူညီသောစွမ်းအားကို ပိုင်ဆိုင်ထားသည့် တိုက်ကွက်တစ်ကွက် ဖြစ်သည်။ မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်ပြီးနောက် လာနေသော လက်တံကြီးဆီသို့ ‌လက်ကို ဝှေ့ယမ်းလိုက်ကာ ဖမ်းဆုပ်သည့်ဟန်လုပ်လိုက်သည်။ လက်တံကြီးက သူ၏အရှေ့ ခြေတစ်လှမ်းစာမျှအကွာတွင် မမြင်ရသော ဧရာမလက်ကြီးတစ်ဖက်ဖြင့် ဖမ်းဆုပ်ခံလိုက်ရသည့်အလား တုံ့ခနဲ ရပ်သွား၏။

လက်တံကြီးမှာ လုံးဝမည်းနက်နေပြီး မရေမတွက်နိုင်သော စုပ်ခွက်များဖြင့် ဖုံးလွှမ်းနေသည်။ ၎င်းက ဆားတို့ခံရသော တီကောင်ကြီးပမာ တွန့်လိမ်လူးလွန့်ရင်း ရုန်းကန်နေပုံရသည်။ ထိုမြင်ကွင်းကြီးမှာ အော်ဂလီဆန်စရာကောင်းပြီး ၎င်း၏အရင်းအတိုင်း လိုက်ကြည့်လျှင် ‌‌တ‌ဖွေးဖွေး လှုပ်နေသော ရေမျက်နှာပြင်အောက်၌ ဧရာမသတ္တဝါကြီးတစ်ကောင်နှင့်တူသည့် အရာကြီးကို မြင်ရ‌နိုင်၏ ။

တစ်ချိန်တည်းမှာပင် နောက်ထပ်လက်တံဆယ်လက်ကျော်က ရေအောက်မှ မန်ဟို့ဆီသို့ တဝှစ်ဝှစ် ထွက်လာကြသည်။ သူက သွေးအေးအေး ကြည့်နေပြီးနောက် ညာလက်ဖြင့် ဖမ်းဆုပ်ကာ ဆောင့်ဆွဲလိုက်တော့သည်။

ဗွမ်း

မန်ဟို့လက်၏ ကြောက်ခမန်းလိလိ စွမ်းအားကြီးအောက်တွင် ပင်လယ်သည် ဗွမ်းခနဲ ပေါက်ကွဲသွားကာ မီတာသုံးရာအရှည်ကင်းမွန်ကြီးတစ်ကောင်‌မှာ လေပေါ်သို့ ဆောင့်ဆွဲခံလိုက်ရတော့၏။

မန်ဟိုက လက်အားကို ဖြေလျော့ပြီး ရှေ့တစ်လှမ်းတက်လိုက်သည်။ သူကား လှစ်ခနဲ ပျောက်သွားပြီး ကင်းမွန်ကြီး၏အရှေ့တည့်တည့်တွင် ပေါ်လာလေသည်။ ထို့နောက် ညာလက်သီးကို ဆုပ်၍ ထိုးချလိုက်၏။ ကင်းမွန်ကြီးမှာ ဖောင်းခနဲ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားပြီးနောက် ‌အပိုင်းအစများက ပင်လယ်ရေမျက်နှာပြင်ထက်သို့ တဖွဲဖွဲ ကျသွားလေသည်။

စုတ်ပြတ်သပ်သွားသော အသားစိုင်များအတွင်း၌ လက်ချောင်းတစ်ချောင်းအရွယ် အပြာရောင်သလင်းဝတ္ထုတစ်ခုရှိသည်။ မန်ဟိုက ၎င်းကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဖမ်းဆုပ်လိုက်သည်။ ၎င်း သူ၏လက်ဝါးကို ထိလိုက်သောအခါ ၎င်းသည် စိတ်စွမ်းအားလှိုင်းများနှင့်အတူ မှိန်ဖျော့ဖျော့လေး တောက်ပသွား၏။

"ဒါကြည့်ရတာ အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံးနဲ့တူတယ်။ မိစ္ဆာနှလုံးသားပဲ ဖြစ်ရမယ်" သူသည် ၎င်းကို တခဏ စစ်ဆေးပြီးနောက် သိုလှောင်အိတ်ထဲ ထည့်၍ သူလမ်းသူ ဆက်သွားရန် ပြင်လိုက်သည်။ သို့သော် သူက မျက်မှောင်ကြုတ်လိုက်၏။ နတ်ဘုရားအာရုံကို ဖြန့်ကြက်ကြည့်လိုက်သောအခါ ချက်ချင်း သူ၏မျက်နှာ ပျက်ယွင်းသွားတော့သည်။

သူ၏နတ်ဘုရားအာရုံရပ်ဝန်းထဲတွင် အမျိုးမျိုးသော ပင်လယ်မိစ္ဆာများအား သူ အာရုံရလိုက်၏။ သူတို့က သူရှိရာသို့ တရိပ်ရိပ် လာနေကြလေသည်။

တစ်ကောင်စီတိုင်းက လောဘအငွေ့အသက်များနှင့် ရက်စက်ကြမ်းကြုတ်နေသည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်၎င်း မုဆိုးဟု မြင်ပြီး သူ့ကို သားကောင်ဟု သတ်မှတ်ထားသယောင်ပင်။

"ဒါကြောင့် ပတ်လမ်း(၃)က အန္တရာယ်များတာလား" သူက မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးရင်း တွေးလိုက်သည်။ ထို့နောက် အောက်ရှိ ပင်လယ်ပြင်ဆီသို့ လက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် ပင်လယ်‌ရေမျက်နှာပြင်မှာ ထစ်ချုန်းပြီး မီတာသုံးထောင်ခန့်ကျယ်သော ချိုင့်ကြီးဖြစ်သည်အထိ လျော့ကျသွားသည်။ မန်ဟိုက လက်ကို နောက်တစ်ခေါက် ဝှေ့ယမ်းကာ ‌ချိုင့်ကြီးအား လည်လာစေသည်။

လည်ခြင်းက တဝေါဝေါ မြည်သံကြီးအားး မိုးထိညံသွားစေ၏။ တွင်းနက်ကြီးတစ်တွင်း ရေထဲတွင် ဖြစ်ပေါ်လာနေသည့်အလားပင်။ လှိုင်းလုံးကြီးများ တလိပ်လိပ် ထလာပြီး ပင်လယ်မိစ္ဆာခုနစ်ကောင်၊ ရှစ်ကောင်ကို ဖော်ပြလိုက်၏။

ဤပင်လယ်မိစ္ဆာများသည် ကျင့်ကြံအဆင့် သိပ်မမြင့်မားကြပေ။ အများစုမှာ အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်သာ ဖြစ်ကြပြီး တချို့ဆိုလျှင် အမြုတေဖြစ်တည်မှုအဆင့်တွင်သာ ရှိ၏။ ၎င်းတို့သည် ငမ်းငမ်းတက် လိုချင်နေသော မျက်လုံးနီနီကြီးများဖြင့် မန်ဟို့ကို ကြည့်နေကြသည်။ မန်ဟို့ကို မစားနိုင်သော်လည်း သူ့ကို တစ်ကိုက်လေး ကိုက်လိုက်ရုံနှင့်ပင် ဉာဏ်အလင်းတစ်မျိုးမျိုး ရရှိသွားမည့်အလားပင်။

၎င်းတို့အကြည့်က မန်ဟို့ကို စက်ဆုပ်ရွံရှာသွားစေသည်။ သူ့မှာ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ကြည့်ခြင်း ခံနေရသည့်အလားပင် ခံစားလိုက်ရ၏။

သူ၏မျက်ဝန်းများ သွေးအေးသွားပြီး ညာလက်သီးကို ဖြေး‌ဖြေးချင်း ဆုပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ပင်လယ်ရှိ ဝဲကြီးမှာ တဖြေးဖြေး ကျုံ့ပြီးစုလာ၏။ ပင်‌လယ်ရေမှာ ချက်ချင်း နီစွေးသွားပြီး မချိတင်ကဲ ဟိန်းဟောက်သံများ ကြားလိုက်ရသည်။ မန်ဟို လက်သီးဆုပ်ပြန်ဖြေလိုက်သောအခါ ရေများက ကားထွက်ပျံ့နှံ့သွားပြီး ‌ဝဲကြီးက ပြန်လည်လာသည်။

တခဏကြာသော် မန်ဟိုက အင်္ကျီလက်စကို ခါ၍ နီရဲနေသော ပင်လယ်ပြင်မှ မိစ္ဆာနှလုံးသားအတုံးနှစ်ဆယ်ကျော် ပျံတက်လာစေလိုက်သည်။ သူသည် ၎င်းတို့ကို သိုလှောင်အိတ်ထဲ ထည့်ပြီးနောက် အဝေးထွက်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွားတော့သည်။

ကျန်ခဲ့သည့်အရာဆို၍ ပင်လယ်ရေထဲ တဖြေး‌ဖြေး ပျော်ဝင်သွားသော သွေးများသာ ဖြစ်၏။ အရာအားလုံးမှာ အေးချမ်းတည်ငြိမ်လျက်သာ။

***

All Chapters