နှင်းပန်း ......
Vol. 47 Ch. 654
ပတ်လမ်း (၃) သည် အလွန်ကြီးမားပြီး ကျင့်ကြံသူအမြောက်အမြားဖြင့် ပြည့်နှက်နေ၏။ အများစုမှာ ပတ်လမ်း(၃)၏ ဒေသအမျိုးမျိုးတွင် ပင်လယ်မိစ္ဆာများကို အမဲလိုက်သွားရန်အတွက် သုံးယောက်အဖွဲ့၊ ငါးယောက်အဖွဲ့ ဖွဲ့တတ်ကြသည်။ ပင်လယ်မိစ္ဆာတစ်ကောင်နှင့် ဆုံတွေ့ရဖို့ဆိုသည်မှာ အဘက်ဘက်မှ ကံကောင်းနေဖို့ လိုပေ၏။ မှန်ပါသည်၊ သေမင်းချောက်ကမ်းပါးထဲ ကျရောက်သွားစေနိုင်သော အစွမ်းထက်ပင်လယ်မိစ္ဆာတချို့ ရှိသည်မဟုတ်ပါလော။
ပတ်လမ်း (၃) တွင် ကျောက်စိမ်းပြားမြေပုံများဖြင့် အထူးမှတ်သားဖော်ပြခြင်းခံထားရသော ဧရိယာတချို့ပင် ရှိသည်။ ထိုကဲ့သို့ဧရိယာများကို ဝင်ရောက်ဖို့ ကြိုးစားကြသူများအနေဖြင့် အထူးပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပေသည်။
ထိုမျှမက ပင်လယ်ခံတပ်ဟု ခေါ်သော မြို့တစ်မြို့ ပတ်လမ်း(၃) တွင် တည်ရှိသည်။ ကျင့်ကြံသူများအတွက် ကုန်ပစ္စည်းအရောင်းအဝယ် အဆင်ပြေစေရန် ဆိုသော ရည်ရွယ်ချက်ဖြင့် ဂိုဏ်းသုံးဂိုဏ်းမှ ၎င်းကို အတူတကွ တည်ထောင်ခဲ့ခြင်းဖြစ်လေသည်။ မြို့သည် ဧရာမကြီးမားပြီး ခံတပ်ကြီးပမာ ပင်လယ်ရေမျက်နှာပြင်ထက်တွင် မားမားမတ်မတ် ရပ်တည်လျက်ရှိ၏။ ပင်လယ်မိစ္ဆာများ၏တိုက်ခိုက်ခြင်းမှ နှစ်ပေါင်းများ မရေမတွက်နိုင်အောင် ကာကွယ်ပေးခဲ့သော အံ့ဖွယ်မန္တန်ဝင်္ကပါများက ၎င်းကို လွှမ်းခြုံထားလေသည်။
မြို့ထဲတွင် ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူတစ်သောင်းကျော် တပ်ချထား၏။ ထို့အပြင် သူတော်စင်သုံးဦးအနက်မှ တစ်ဦးက အမြဲတစေ မြို့ကို အုပ်ချုပ်လေသည်။ နှစ်တစ်ရာကြာတိုင်း အလှည့်ကျ အုပ်ချုပ်ခြင်းဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာသော် ဂိုဏ်းသုံးဂိုဏ်းသည် တောင်ပိုင်းဒေသ၊ အရှေ့ဘက်နယ်မြေ၊ အနောက်ပိုင်းသဲကန္တာရ နှင့် မြောက်ပိုင်းသဲကန္တာရတို့ပင် အသိအမှတ်ပြုရသည်အထိပင် ထင်ပေါ်ကျော်ဇော်သော ဂုဏ်ကျက်သရေကို ထိန်းသိမ်းထားနိုင်ခဲ့၏။
ရက်အနည်းငယ်ကြာသော် မန်ဟိုကား ပတ်လမ်း(၃)တွင် တရိပ်ရိပ် ပျံသန်းနေသည်။ သူက ညာလက်ကို မြှောက်လိုက်ရာ ဂျိန်းခနဲ မိုးခြိမ်းသွား၏။ ချက်ချင်းဆိုသလို ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်၏စွမ်းအားနှင့် နှိုင်းယှဉ်နိုင်သော မီတာသုံးဆယ်အရှည် ပင်လယ်မိစ္ဆာကြီးတစ်ကောင်မှာ အသက်ထွက်သွားခဲ့လေပြီ။
ဤပင်လယ်မိစ္ဆာတွင် မိစ္ဆာနှလုံးသားပင် မရှိပေ။ သို့သော် အကြောင်းတစ်စုံတရာကြောင့် ၎င်းသည် မန်ဟို၏အရှိန်အဝါကို အာရုံရလိုက်သည်နှင့်တစ်ပြိုင်နက် အသိစိတ်လွတ်သွားသည့်အလား သူ့ကို သဲသဲမဲမဲ တိုက်ခိုက်တော့သည်။ မန်ဟိုမှာ ခရီးစဉ်တစ်လျှောက်လုံး ယခုလို ပင်လယ်မိစ္ဆာခုနစ်ကောင်၊ ရှစ်ကောင်နှင့် ပက်ပင်းတိုးခဲ့ဖူးလေသည်။
"တစ်ခုခုတော့ လွဲနေပြီ" သူက မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။ သူ့မှာ ဤပတ်လမ်း(၃)တွင် သားကောင်ဖြစ်နေသည့်အလား ၊ သူ မည်သည့်နေရာသွားသွား ပင်လယ်မိစ္ဆာများက သူ့ဆီ ရောက်လာတတ်၏။
သူသည် တခဏ တွေးနေပြီးနောက် နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်၏။ သုံးရက်ခန့်ရှာဖွေပြီးနောက်တွင် ပင်လယ်မိစ္ဆာများကို သတိကြီးကြီးထား၍ အမဲလိုက်နေကြသည့် ကျင့်ကြံသူငါးယောက်အဖွဲ့တစ်ဖွဲ့ကို တွေ့လိုက်ရသည်။
သူက ခပ်လှမ်းလှမ်းမှ သူတို့နောက်သို့ လိုက်သွားပြီး သူတို့မှာ သူ၏တည်ရှိမှုကို သတိမထားမိကြပေ။
သို့သော် နေ့ဝက်သာ ကြာသေးသည်၊ သွေးရူးသွေးတန်း ချဉ်းကပ်လာနေသော ပင်လယ်မိစ္ဆာရှစ်ကောင်ကို သူ အာရုံရလိုက်၏။ ရုတ်တရက် ၎င်းတို့က ဟိန်းဟောက်ရင်း ရေထဲမှ ဗွမ်းခနဲ ထွက်လာကြသည်။ ကျင့်ကြံသူငါးယောက်မှာ ချက်ချင်း တုန်လှုပ်သွားကြလေသည်။
"ဟ ပင်လယ်မိစ္ဆာတွေ ဘာလို့ဒီလောက် များနေရတာတုန်း"
"ပတ်ဝန်းကျင်မှာ ရတနာတစ်မျိုးမျိုး ရှိနေလို့များလား" ငါးယောက်သား အထိတ်တလန့် ထွက်ပြေးသွားကြလေသည်။ မှန်ပါသည်၊ ပင်လယ်မိစ္ဆာများက သူတို့အနောက် လိုက်နေကြခြင်းမဟုတ်သည့်အတွက် သူတို့အနေဖြင့် လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေးသွားနိုင်ကြသည်။
မန်ဟိုမှာ မျက်မှောင်ကြုတ်လျက် လေလယ်တွင် ပျံဝဲနေသည်။ အဖြစ်အပျက်ကို စောင့်ကြည့်သုံးသပ်ပြီးနောက် ပင်လယ်မိစ္ဆာများကို ဆွဲဆောင်နေမိသူမှာ သူကိုယ်တိုင်ပင် ဖြစ်ကြောင်း နားလည်လိုက်လေပြီ။
"သူတို့ကို ရူးသွားစေရလောက်အောင် ငါနဲ့ပတ်သက်ပြီး တစ်ခုခုက ထူးခြားနေတာလား" သူက မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက် တွေးလိုက်သည်။ အောက်ဖက်တွင် ပင်လယ်မိစ္ဆာများသည် အမြင်ဆုံးအရှိန်ဖြင့် ပင်လယ်ရေမျက်နှာပြင်ကိုဖြတ်၍ တရိပ်ရိပ် လာနေကြလေပြီ။ မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်ပြီးနောက် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် နှစ်သုံးသောင်းအချိန်စွမ်းအားဖြင့် ဓားထိပ်က ပျံထွက်လာ၏။ မန်ဟို့ ထိန်းချုပ်မှုအောက်တွင် ၎င်းကား ဂဏန်းပုံသဏ္ဌာန်ပင်လယ်မိစ္ဆာတစ်ကောင်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသော အနက်ရောင်အတန်းတစ်တန်း ဖြစ်သွားတော့သည်။
၎င်း ပင်လယ်မိစ္ဆာဂဏန်းကို ထိုးဖောက်သွားသောအခါ အဆိုပါဂဏန်းမှာ အချိန်နှစ်သောင်းပေါင်းများစွာ ဖြတ်သန်းခဲ့ရသည့်အလား တမုတ်ဟုတ်ချင်း မီးခိုးရောင်ဖြစ်သွားသည်။ မျက်စိတစ်မှိတ်လေးနှင့် ၎င်းကား ပြာထက် မပိုတော့ပေ။
အနက်ရောင်တန်းက နောက်ထပ် ပင်လယ်မိစ္ဆာခြောက်ကောင်ကျော်ကို ထုတ်ချင်းဖောက်သွားသည်။ အကုန်လုံးမှာ မည်သည့်ကျင့်ကြံအဆင့်ပင် ဖြစ်စေကာမူ ရုတ်ခြည်း ခြောက်ကပ်လာပြီး ပြာဘဝသို့ ဆိုက်ရောက်ရတော့သည်။
နောက်ဆုံး ပင်လယ်မိစ္ဆာမှာမူ လိပ်တစ်ကောင်နှင့်တူသည်။ ဖြစ်ကြောင်းကုန်စင်ကို မြင်လိုက်ရသောအခါ ၎င်း၏မျက်လုံးများတွင် ကြောက်စိတ်တို့ ပြည့်နှက်သွား၏။ သို့ပင်ငြား မန်ဟို့ထံ ပြေးထွက်သွားလိုစိတ်အား မချိုးနှိမ်နိုင်ပေ။ ထိုစိတ်သည် ၎င်း မထိန်းချုပ်နိုင်သော မသိစိတ်အလားပင်။
မန်ဟိုက မီတာဒါဇင်အနည်းငယ်မျှသာ ရှိသော ပင်လယ်မိစ္ဆာကို အေးတိအေးစက် ကြည့်လိုက်သည်။ သူသည် အချိန်ဓားထိပ်ကို ပြန်သိမ်းပြီးနောက် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်၏။ တောင်ဝါးမြိုမန္တန်ပေါ်လာပြီး ဧရာမတောင်ကြီးတစ်လုံး ကျဆင်းလာသည်။ တောင်ကြီးက ပင်လယ်မိစ္ဆာကို ဖိနှိပ်ရင်း အတွင်းထဲ၌ ချုပ်နှောင်လိုက်လေပြီ။ မန်ဟိုက တောင်နှင့်အတူ၊ ပတ်ဝန်းကျင်ရှိ မိစ္ဆာနှလုံးသားများကို စုဆောင်းသိမ်းဆည်းရန် လက်ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ရှေ့ဆက်ထွက်သွားတော့၏။
များမကြာခင် မန်ဟိုသည် ကျွန်းတစ်ကျွန်းအနား၌ လျှပ်တစ်ပြက် ပေါ်လာ၏။ ချက်ချင်းပင် ကျွန်းထံမှ ဟိန်းဟောက်သံများ ကြားလိုက်ရတော့သည်။ မန်ဟိုက အတော်လေး မကျေနပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ မည်သည့် သားရဲ သို့မဟုတ် မည်သည့်ပင်လယ်မိစ္ဆာ ထိုနေရာတွင် ရှိနေသလဲ မရှိသည့်တိုင် သိရဖို့ပင် စောင့်မနေတော့ဘဲ သူ၏လက်ဝါးကြီးကား ကျရောက်သွားလေသည်။ လက်ဝါးကြီးက ဟိန်းဟောက်သံလာရာ ပတ်ဝန်းကျင်ကို ရိုက်ချလိုက်သဖြင့် တစ်ကျွန်းလုံး လှုပ်ရမ်းတုန်ခါသွားတော့သည်။
ကျွန်းမှာ တသိမ့်သိမ့် တုန်ခါနေပြီးနောက် တိတ်ဆိတ်သွား၏။ မည်သည့်သတ္တဝါဖြစ်စေ မန်ဟို့လက်ဝါးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရလေပြီ။
မန်ဟိုသည် တင်ပျဉ်ခွေထိုင်ချပြီးနောက် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သူ၏သိုလှောင်အိတ်ထဲမှ ပင်လယ်လိပ်ခန္ဓာကိုယ်အား ထည့်သွင်းချုပ်နှောင်ထားသော တောင်ကြီး ပျံထွက်လာသည်။
ပင်လယ်လိပ်ကို မြင်လျှင် မန်ဟို ပထမဆုံးတွေးလိုက်မိသောအရာမှာ မှီခိုရာလိပ်အိုကြီးဖြစ်၏။ သူက တခဏ မျက်မှောင်ကြုတ်သွားပြီးနောက် လက်ချောင်းတစ်ချောင်းကို ဝှေ့ယမ်းလိုက်ကာ တောင်ကြီးအား ပျောက်ကွယ်သွားစေသည်။ ပင်လယ်လိပ်က သူ့ကို မျက်ထောင့်နီကြီးများဖြင့် စိန်းစိန်းဝါးဝါး ကြည့်သည်။ ထို့နောက် ဟိန်းဟောက်ပြီး ပြေးဝင်လာ၏။ မန်ဟို့ညာလက်က ချက်ချင်း အောက်သို့ ဖိချလိုက်သည်။
မမြင်ရသော လက်ဝါးကြီးက ပင်လယ်လိပ်ကို ဖြောင်းခနဲ ရိုက်ချလိုက်လေသည်။ ၎င်းမှာ မည်မျှရုန်းရုန်း မလွတ်နိုင်ဖြစ်နေရာ မန်ဟို့ကိုသာ စိန်းစိန်းဝါးဝါးကြည့်ပြီး ဟိန်းဟောက်နိုင်တော့သည်။
"ငါ့ကို စားချင်တယ်လား" မန်ဟိုက အေးတိအေးစက် မေးသည်။ မိစ္ဆာချုပ်နှောင်အရှိန်အဝါတချို့ ထုတ်လွှတ်လိုက်သော်လည်း ပင်လယ်လိပ်မှ ထူးထူးခြားခြား မတုံ့ပြန်ပေ။ ၎င်းသည် ဆက်လက်မာန်ဖီနေပြီး သူ့ကို တစ်ကိုက်တည်းနှင့်စားချင်နေသည့်အလား လှမ်းဟပ်နေ၏။
"ဒီတော့ ငါက မိစ္ဆာချုပ်နှောင်သူဖြစ်နေတာကြောင့် မဟုတ်ဘူးကိုး" သူက တွေးသည်။ သူသည် အရှိန်အဝါကို ပြန်လည်ရုတ်သိမ်းပြီး သူပိုင်ဆိုင်ထားသမျှ သိုလှောင်အိတ်များကို ဖယ်ရှားကာ ဘေးတွင် ထားလိုက်သည်။ သူ တွေ့ရှိလိုက်ရသည်မှာ ပင်လယ်လိပ်ကား ၎င်းတို့ကို တစ်ချက်ကလေးမှ မကြည့်ခြင်းဖြစ်သည်။ ၎င်းက သူ့တစ်ယောက်တည်းကိုသာ စိန်းစိန်းဝါးဝါး စိုက်ကြည့်နေ၏။
"ငါ့သိုလှောင်အိတ်တွေနဲ့လည်း မဆိုင်ဘူး။ တကယ်ပဲ ငါကိုယ်တိုင်ကြောင့်လား။ သိဒ္ဓိတင်အသွေးအသားကျင့်စဉ်ကြောင့်များလား" သူ့မှာ အတန်ကြာ စဉ်းစားကြည့်သည့်တိုင် ထို့ထက်ပိုပြီး ယုတ္တိရှိသော ဖြေရှင်းချက်မျိုး ထွက်မလာပေ။
သူ့တွင် မိစ္ဆာအင်မော်တယ်ခန္ဓာ၏ လက္ခဏာတစ်ချို့ ရှိသည်မဟုတ်ပါလော။ ၎င်းက တစ်နည်းနည်းဖြင့် ပင်လယ်မိစ္ဆာများကို ဆွဲဆောင်နေခြင်းဖြစ်တန်ရာသည်။
ထပ်မံ၍ အတွေးနယ်ချဲ့ပြီးသော် သူ၏မျက်လုံးများ တလက်လက် တောက်ပလာသည်။ သူက ညာလက်ကို မြှောက်ပြီး လက်ချောင်းထိပ်ကို လှီးကာ သွေးတချို့ ဖြစ်ထုတ်လိုက်၏။ ပင်လယ်လိပ်ကြီးမှာ ချက်ချင်း သွေးရူးသွေးတန်း ဟိန်းဟောက်ရုန်းကန်ရင်း သွေးသောက်ဖို့ ကြိုးစားနေလေသည်။
"ဒီလိုကိုး" မန်ဟိုက တွေးသည်။ လက်ချောင်းပေါ်ရှိ ပြတ်ရှရာမှာ အလိုလိုပြန်ဆက်သွားပြီး သူက ထရပ်လိုက်သည်။ ထို့နောက် ပင်လယ်လိပ်နှင့်ပတ်သက်ပြီး တစ်ခုခုလုပ်ရန် လက်မြှောက်လိုက်၏။ သို့သော် လှုပ်ရှား၍ မပြီးခင် သူ၏လက်က တုံ့ခနဲ ရပ်သွားသည်။
"အဲ့ဒါက ပြီးပြည့်စုံတဲ့ ရှင်းလင်းချက် မဟုတ်ရင် ဘယ်လိုလုပ်မလဲ...." သူက တွေးလိုက်သည်။ သူသည် လိပ်ကြီးကို ပြန်ကြည့်ပြီးနောက် မိစ္ဆာအင်မော်တယ်စေတီတွင် ရရှိခဲ့သော မှတ်ဉာဏ်ဖျက်ပညာရပ်နှင့်ဆင်တူသည့် နတ်ဘုရားစွမ်းရည်တစ်ခုကို သတိရလိုက်သည်။
သူ၏ ယခင်ကျင့်ကြံခြင်းအခြေခံနှင့်ဆိုလျှင် ထိုနတ်ဘုရားစွမ်းရည်ကို အသုံးပြုခြင်းက တန်ပြန်သက်ရောက်မှုတစ်ခု ဖြစ်ပေါ်စေလိမ့်မည်။ သို့သော် ယခု သုံးလျှင်တော့ တန်ပြန်သက်ရောက်မှုအားကို အနည်းဆုံးအထိ လျော့ချနိုင်ပေမည်။ သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ လှုပ်ရှားသွားပြီး ပင်လယ်လိပ်ကြီး၏ ဘေးတည့်တည့်တွင် ပေါ်လာသည်။ ၎င်း သူ့ကို ဆာလောင်မွတ်သိပ်စွာ ကြည့်နေသည့်အချိန်မှာပင် သူ့လက်က လိပ်ကြီး၏ခေါင်းကို ဖိချလိုက်၏။
"စိတ်ဝိညာဉ်ရှာဖွေ" ထိရုံကလေး ထိလိုက်ရုံသာဖြစ်သော်လာ်း ပင်လယ်လိပ်၏ခန္ဓာကိုယ်မှာ ချက်ချင်း တောင့်တင်းသွားလေသည်။
အဖြူရောင်အလင်းများ မန်ဟို့မျက်လုံးများမှ ဖြာထွက်လာသည်။ တခဏလေးအတွင်း သူ၏အာရုံများသည် ပင်လယ်လိပ်၏စိတ်အတွင်းသို့ ရောက်ရှိသွား၏။ ရက်စက်ကြမ်းကြုတ်မှု၊ အမျက်ဒေါသနှင့် လိုချင်တပ်မက်မှုတို့ကို သူ ခံစားလိုက်ရသည်။
ကြုံရာကျပန်း မှတ်ဉာဏ်များလည်း မန်ဟို့စိတ်ထဲတွင် ပရမ်းပတာဖြစ်နေသည်။ ဤစွမ်းရည်ကို ပထမဆုံး အသုံးပြုခြင်းဖြစ်၍ မန်ဟိုမှာ အတန်ငယ် မအီမသာ ခံစားလိုက်ရသည်။ သို့သော် သူ၏အစွမ်းထက်ကျင့်ကြံခြင်းအခြေခံက ထိုခံစားချက်ကို တွန်းဖယ်လိုက်ပြီး သူကား ပင်လယ်လိပ်၏မှတ်ဉာဏ်ထဲတွင် အဖြေစရှာတော့သည်။
အချိန်တစ်ခုကြာသော် ရုတ်တရက် သူ၏အာရုံစူးစိုက်မှုက အထွတ်အထိပ်သို့ ရောက်သွားသည်။ ပင်လယ်လိပ်၏ ခြေရာလက်ရာမပျက်သေးသော မှတ်ဉာဏ်ထဲတွင် စကားလုံးတစ်လုံးကို သူ တွေ့ခဲ့ရလေသည်။
"...... နှင်းပန်း....."
မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး လိပ်၏ခေါင်းပေါ်တင်ထားသော ညာလက်ကို ပြန်ရုတ်လိုက်သည်။ ပင်လယ်လိပ်မှာ ယခုတွင် မှောက်လျက်အနေအထားဖြင့် အသက်လုရှူနေရလေသည်။ သူ စောစောက ပြုလုပ်ခဲ့သော စိတ်ဝိညာဉ်ရှာဖွေခြင်းမျိုးမှာ ၎င်းအား သေလျှင်သေ၊ မသေလျှင် ထိခိုက်သွားစေမည်ဖြစ်သည်။
"နှင်းပန်း ..." မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် သူ့ကိုယ်သူ ငုံ့ကြည့်ပြီးနောက် ညာလက်ဖြင့် ဝမ်းဗိုက်ကို ခပ်ပြင်းပြင်း ဖိချလိုက်၏။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီးနောက် ကျင့်ကြံခြင်းအခြေခံအပြင် ချီနှင့်သွေးပါ အားနည်းလာလေသည်။
သူသည် အားနည်းလာနေစဉ် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ပေါ်လာသော ချုပ်နှောင်တံဆိပ်တစ်ခုကို သူ၏ကိုယ်ပေါ်တွင် စီရင်လိုက်ရာ စွမ်းအင်များအား လျော့နည်းလာစေသည်။ ဖိအား၏အောက်ဝယ် သူ၏ကျင့်ကြံခြင်းအခြေခံသည် အနုသုခုမရုပ်ခန္ဓာအဆင့် မှ အမြုတေဖြစ်တည်မှုအဆင့်၊ ထိုမှတစ်ဖန် ချီအခြေတည်အဆင့်အထိ ဆက်တိုက်ကျဆင်းသွားခဲ့လေပြီ....
သူ့ကိုယ်သူ ဤအတိုင်းအတာအထိ အားနည်းသွားစေသောအခါ ထူးဆန်းသောအရှိန်အဝါနောက်တစ်ခု ပေါ်လာသည်။ ဤအရှိန်အဝါသည် ရှင်သန်ခြင်းနှင်းပန်း၏အရှိန်အဝါမှတစ်ပါး အခြားမဟုတ်ပေ။
ပုံမှန်အတိုင်းဆိုလျှင် မန်ဟိုသည် အလွန်တရာ အစွမ်းထက်လှ၍ အရှိန်အဝါအား အလွယ်တကူ သတိမထားမိနိုင်သော အတိုင်းအတာအထိ ဖိနှိပ်ထားနိုင်ခဲ့သည်။ သို့ရာတွင် ယခုတော့ သူ့ကိုယ်သူ တမင်အားနည်းစေရင်း ရှင်သန်ခြင်းနှင်းပန်း၏ အရှိန်အဝါကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်လိုက်လေပြီ။
အရှိန်အဝါပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို့ကို လေးလေးနက်နက် တုန်လှုပ်သွားစေသော တစ်စုံတစ်ခု ဖြစ်ပျက်သွား၏။
စောစောက သေအံ့ဆဲဆဲဖြစ်နေခဲ့သော ပင်လယ်လိပ်မှာ ဆတ်ခနဲ ခေါင်းထောင်လာသည်။ ၎င်း၏မျက်လုံးများက အာရုံအပြည့်အဝ စိုက်နေပြီး ၎င်းသည် ကြောက်မက်ဖွယ်ကောင်းစွာ ဟိန်းဟောက်ကာ မန်ဟို့ဆီသို့ ပြေးဝင်လာလေသည်။ ၎င်း၏ခန္ဓာကိုယ်မှာ ဖိနှိပ်ချုပ်နှောင်ခံထားရသော်လည်း ဂရုစိုက်ပုံမရ။ ၎င်းသည် အခွံကြီးပင် ကြေမွသွားသည့်တိုင်အောင် ယက်ကန်ယက်ကန် ရုန်းကန်ရင်း ဟိန်းဟောက်နေ၏။ နောက်ဆုံးတော့ အခွံကြီးမှာ စုတ်ပြတ်သပ်လာသော်လည်း ၎င်း၏မျက်လုံးများက နီရဲတွတ်နေပြီး ၎င်း၏ခေါင်းကြီးသည် ခန္ဓာကိုယ်မှ ပြုတ်ထွက်လာသည်အထိ ဝရုန်းသုန်းကား ဆန့်ထွက်လာတော့သည်။ သွေးများ ဖွားခနဲ လွင့်စင်သွားပြီး ခေါင်းပြတ်ကြီးက ပါးစပ်ကြီးဟလျက် မန်ဟို့ဆီသို့ ပြေးဝင်လာသည်။
မန်ဟိုက ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ ၎င်း၏အသက်မရှိသော မျက်လုံးတို့တွင် တပ်မက်မှု၊ ရူးသွပ်မှုများကို သူ ရှင်းရှင်းလင်းလင်း မြင်နေရ၏။ ထိုစဉ် သူသည် မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး ပင်လယ်ကို အကဲခတ်လိုက်သည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် ဧရာမလှိုင်းလုံးကြီးများ တလိပ်လိပ် ထလာပြီး ရူးသွပ််မှုအပြည့်ဖြင့် အရှိန်အဝါများက အဘက်ဘက်မှ သွေးရူးသွေးတန်း လာနေကြောင်း အာရုံရလိုက်သည်။
မန်ဟိုသည် ချက်ချင်းပင် အရှိန်အဝါကို ဖုံးကွယ်ပြီး ချုပ်နှောင်တံဆိပ်ကို ပြန်လွှတ်ပေးလိုက်၏။ သူ့စွမ်းအားများ လျင်မြန်စွာ ပြန်တက်လာပြီး ရှင်သန်ခြင်းနှင်းပန်း၏အရှိန်အဝါမှာ ဖိနှိပ်ခံလိုက်ရလေပြီ။ ပင်လယ်ပြင်ကြီး၏ ရူးသွပ်နေမှုမှာလည်း အသေးငယ်ဆုံးအတိုင်းအတာအထိ လျော့ကျသွား၏။
မန်ဟိုက အစိမ်းရောင်အခိုးအငွေ့အသွင်ပြောင်းပြီး ပျောက်ကွယ်သွားသည်။
သူပြန်ပေါ်လာသောအခါ ခပ်လှမ်းလှမ်းရှိ လေအလယ်တွင် ဖြစ်လေသည်။
"ဒီတော့ ရှင်သန်ခြင်းနှင်းပန်းက ပင်လယ်မိစ္ဆာတွေကို ဆွဲဆောင်နေတာပေါ့
"အခု ငါ စဉ်းစားကြည့်တော့ ရှင်သန်ခြင်းနှင်းပန်းကူးစက်ခံလို့ ဆေးရှာဖို့ သူ့ဆီရောက်လာတဲ့ လူတစ်ယောက်ရှိတယ်လို့ ဆရာ ငါ့ကို ပြောခဲ့ဖူးသလိုပဲ။ အဲ့ဒီလူ အခု သေလား ရှင်လားတော့ ငါ မသိဘူး။ နဂါးငွေ့တန်းပင်လယ်ကဆိုတာပဲ ... မှတ်မိတော့တယ်
"ငါ သူ့ကို ရှာနိုင်ရင် သူရဲ့ ရှင်သန်ခြင်းနှင်းပန်းအပေါ် နားလည်ထားတာကို အသုံးချပြီး ငါ့ကို ကူညီပေးနိုင်လောက်တယ်" မန်ဟိုကား တခဏ တွေးနေပြီးနောက် ပျောက်ကွယ်သွားပြန်သည်။
ထိုစဉ် ပတ်လမ်း(၃)မှ အလွန်ကွာဝေးသော ပတ်လမ်း(၂)၏ အတွင်းပိုင်းတစ်နေရာတွင် .....
ဤပတ်ဝန်းကျင်ရှိ ရေများသည် မည်းနက်နေပြီး အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ပင်လယ်ပြင်ပင်လျှင် မည်သည့်လှိုင်းဂယက်မှ မထဘဲ တည်ငြိမ်နေလျက်ရှိသည်။ ထိုနေရာတွင် ကျွန်းတစ်ကျွန်းအား မြင်ရနိုင်သည်။ တင်ပျဉ်ခွေလျက်ရှိသောပုံရိပ်တစ်ခုက ၎င်းအပေါ်တွင် ထိုင်နေ၏။ နဖူးမှ ခရုပတ်ချိုကြီးတစ်ခု ထိုးထွက်နေခြင်းမှအပ သူ၏ပုံစံမှာ ကျင့်ကြံသူတစ်ယောက်၏အသွင်အပြင် ရှိလေသည်။ သူ၏ပတ်ပတ်လည်တွင် အရိုးများ ပြန့်ကြဲနေပြီး အများစုက ကျင့်ကြံသူများ၏အရိုးများဖြစ်၏။
သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး မျက်လုံးတစ်လုံးစီတွင် မျက်ဆံနှစ်ခုကို မြင်နိုင်လေသည်။ ရက်စက်ကြမ်းကြုတ်သောအရှိန်အဝါတစ်ခုက သူ့ထံမှ ဖြာထွက်လာ၏။
"ရှင်သန်ခြင်း ....... နှင်းပန်း...."
***