ပင်လယ်မိစ္ဆာများကို အမဲလိုက်ခြင်း
Vol. 47 Ch. 655
တစ်လဆိုသော အတိုင်းအတာသည် လျှပ်တပြက် ကုန်ဆုံးသွားခဲ့၏ ။
ထိုအတောအတွင်း မန်ဟိုမှာ ပတ်လမ်း(၃)တစ်လျှောက် မင်းမူနေခဲ့လေသည်။ သူ၏ကျင့်ကြံအဆင့်ထည့်တွက်လျှင် သူနှင့်ယှဉ်နိုင်သော ပင်လယ်မိစ္ဆာဟူ၍မရှိပေ။ သူ့အနားကပ်သွားသော မည်သည့်အကောင်မဆို ဇီဝိန်ချုပ်ကြရကုန်၏။
တစ်ခါတရံ သူ့အနေဖြင့် ဘာမှပင် ထွေထွေထူးထူး လုပ်စရာမလိုပေ။ သစ်သားအချိန်ဓားထိပ်ကို သူ၏ပတ်ပတ်လည်တွင် ဝဲပျံစေလိုက်ရုံသာ ဖြစ်သည်။ အတွေးလေးတစ်ချက်တည်းနှင့် ဓားထိပ်က အချိန်မရွေး တိုက်ခိုက်နိုင်၏။
ပြီးခဲ့သည့် (၂၅)ရက်တုန်းက စွန့်စားခန်းထွက်လာသော ကျင့်ကြံသူတစ်ဒါဇင်ကျော်သည် ပင်လယ်မိစ္ဆာများ၏ လိုက်ဖမ်းခြင်း ခံခဲ့ရလေသည်။
သူတို့အားလုံး ကူကယ်ရာမဲ့နေကြစဉ် အနက်ရောင်အတန်းတစ်တန်း ပေါ်လာသည်။ ၎င်းက ပင်လယ်မိစ္ဆာနှစ်ကောင်ကို ထုတ်ချင်းဖောက်၍ ပြာချပစ်လိုက်၏။ မိစ္ဆာနှလုံးသားများ ပျံထွက်လာပြီးနောက် လျှပ်တပြက် ပျောက်သွားခဲ့သည်။
အစောပိုင်း ရက်နှစ်ဆယ်တုန်းက မောက်မာသောမျက်နှာထားနှင့် လူတစ်ယောက် ပင်လယ်မိစ္ဆာတစ်ကောင်နှင့် အကြိတ်အနှယ် တိုက်ခိုက်နေစဉ် အနက်ရောင်အတန်းတစ်တန်းက မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ပေါ်လာကာ ပင်လယ်မိစ္ဆာကို ပြာချပစ်လိုက်လေသည်။
လွန်ခဲ့သော ဆယ်ငါးရက်၊ လွန်ခဲ့သော ဆယ်ရက်၊ လွန်ခဲ့သော ငါးရက်က ပတ်လမ်း(၃)ရှိ နေရာဒေသအမျိုးမျိုးတွင် တူညီသောဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။ အမှန်အတိုင်းပြောရလျှင် နေ့စဉ်နေ့တိုင်းဆိုသလို ဖြစ်ပွားနေခြင်းပင်။ တဖြေးဖြေး အနက်ရောင်ဓားနှင့်ပတ်သက်ပြီး ကောလဟာလများ ပျံ့နှံ့လာခဲ့သည်။
တစ်လကြာ မင်းမူနေခဲ့ပြီးနောက်တွင် မန်ဟိုသည် မိစ္ဆာနှလုံးသားတစ်ထောင်ကျော်နီးပါး စုဆောင်းမိခဲ့၏။ အများစုမှာ အဆင့်နိမ့်ဖြစ်ပြီး အလယ်အလတ်အဆင့် အနည်းအကျဉ်းသာ ရရှိခဲ့လေသည်။
အခြားသူများဆိုလျှင် ထီပေါက်သည့်နှယ် ခုန်ပေါက်ပျော်ရွှင်နေကြမည်ဖြစ်သော်လည်း မန်ဟိုကတော့ သိပ်မပျော်ပေ။
"တောင်ပိုင်းဒေသ ၊ မြောက်ပိုင်းသဲကန္တာရနဲ့ အရှေ့ဘက်နယ်မြေမှာရှိတဲ့ ရွေးချယ်ခံတွေအကုန်လုံး ငါ့အပေါ် ဝိညာဉ်ကျောက်တုံးအများကြီး အကြွေးတင်နေတယ်။ ပြီးခဲ့တဲ့လက ငါရရှိခဲ့တာတွေက မျက်ချေးထဲ ထည့်လို့တောင်မရဘူး။ လူတွေကို ကလိမ်ကျတာနဲ့ ယှဉ်လို့ကိုမရဘူး" သူသည် လောလောဆယ်တွင် လေလယ်၌ ရပ်ကာ အဆုံးအစမဲ့သော ပင်လယ်ကြီးကို ငေးကြည့်ရင်း ရေအောက်၌ ပင်လယ်မိစ္ဆာမည်မျှရှိမည်လဲ သိချင်နေ၏။
"အဆင့်မြင့်ဝိညာဉ်ကျောက်တုံးနည်းနည်း ဒါမှမဟုတ် .... သာလွန်အဆင့်ဝိညာဉ်ကျောက်တုံးနည်းနည်းရရင်တောင် တန်ဦးမယ်" သူ၏ သိုလှောင်အိတ်ထဲတွင် သာလွန်အဆင့်ဝိညာဉ်ကျောက်တုံးများ ရှိသော်လည်း သိပ်မများပေ။ ၎င်းတို့သည် မယုံနိုင်လောက်အောင် တန်ဖိုးရှိပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာ လက်လွတ်စပယ် သုံးခဲ့မိပုံကို ပြန်တွေးကြည့်မိတိုင်း သူ့မှာ အဖျားတက်ချင်သလို ဖြစ်ရမြဲပင်။
"ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက်သာ ရှိရင် သစ်သားအချိန်ဓားတွေ ဒါမှမဟုတ် အချိန်ဓားထိပ်ကိုတောင် ပွားနိုင်တယ်။ အဲ့ဒီလိုလုပ်ဖို့ အနည်းဆုံး ဝိညာဥ်ကျောက်တုံးဆယ်သန်းကျော် လိုနေတာ တစ်ခုပဲ" သူက ပင်လယ်ပြင်ကို ငုံ့ကြည့်ပြီး အံတင်းတင်းကြိတ်လိုက်သည်။
"ဝမ်ခေါင်းဆောင်ကြီး မသေသေးရင် အန္တရာယ်က ငါ့ဆီ လာနေလောက်ပြီ။ ငါ့အတွက် အခု အရေးကြီးဆုံးက မြန်နိုင်သမျှမြန်မြန် အစွမ်းထက်အောင် လုပ်ဖို့ပဲ။ ငါ မီးကုန်ယမ်းကုန် ကြိုးစားရမယ်" ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ သူ၏မျက်လုံးများတွင် ပေါ်လာပြီး သူကား လျှပ်တပြက် ပျောက်ကွယ်သွားတော့သည်။
ရက်အနည်းငယ်ကြာသော် မန်ဟိုသည် ပတ်လမ်း(၃)အတွင်းရှိ ကျွန်းကြီးတစ်ကျွန်းအပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူ့ပတ်ဝန်းကျင်တစ်ခုလုံးမှာ အချိန်အတော်ကြာကတည်းက ပြောင်းသလင်းခါနေခဲ့ပြီးဖြစ်ပြီး အချိန်ဓားထိပ်က သူ့ကိုပတ်၍ ပျံဝဲနေသည်။ သူက အထဲမှ တောင်အသေးလေးတစ်လုံး ပျံထွက်လာသော သိုလှောင်အိတ်ကို ငုံ့ကြည့်လိုက်သည်။
ဤတောင်လေးထဲတွင် ချုပ်နှောင်ထားသည်မှာ သူ ဖမ်းမိခဲ့သော သင်္ကေတတစ်ထောင်စိတ်ဝိညာဉ်အပြင် တခြားမဟုတ်သော တိုက်ပွဲဝင်ပုဆိန်တစ်လက် ဖြစ်၏ ။
၎င်းကို ခေတ္တ ကြည့်ပြီးနောက် သူသည် ညာလက်ကို လေပေါ် မြှောက်လိုက်ကာ တောင်အား ပျောက်ကွယ်သွားစေသည်။ တိုက်ပွဲဝင်ပုဆိန်က ချက်ချင်း အော်ဟစ်ပြီး မန်ဟို့ကို တိုက်ခိုက်ရန် ပြင်လိုက်စဉ် မန်ဟိုက အင်္ကျီလက်စရှည်ကို ဝှေ့ယမ်းလိုက်ရာ ဖိအားကြီးတစ်ခုအား ပတ်ဝန်းကျင်တစ်ခွင် ဖုံးလွှမ်းသွားစေသည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်သော်လည်း တိုက်ပွဲဝင်ပုဆိန်မှာ ဖောက်ခနဲ မှော်သင်္ကေတတစ်ထောင်အဖြစ် ပြောင်းလဲသွား၏။ မန်ဟို့လက်မှာ လေမှတစ်ပါး မည်သည့်အရာကို မဆုပ်ကိုင်မိလိုက်ပေ။
မှော်သင်္ကေတများက မာန်တက်နေသည့်အလား သွယ်ဖြာထွက်သွား၏။ ၎င်းတို့သည် မန်ဟို့ကျောနောက်တွင် လည်ရင်း တိုက်ပွဲဝင်ပုဆိန်တစ်လက်အသွင် ပြန်လည်ဖြစ်ပေါ်လာပြီးနောက် မန်ဟို့ကို ခုတ်ချလိုက်၏။
"မန္တန်" မန်ဟိုက အေးတိအေးစက် ပြောလိုက်သည်။ သူက ခေါင်းပင် လှည့်မကြည့်ဘဲ ဘယ်လက်ခလယ်ဖြင့် အနောက်သို့ ညွှန်ရုံသာ ညွှန်လိုက်၏။
မှော်သင်္ကေတတစ်ထောင်မှာ တုန်ရီလာကြပြီး လေလယ်တွင် ရုန်းကန်နေကြသည်။ သို့ရာတွင် မန်ဟို လက်သီးထိုးသွင်းလိုက်သောအခါ တိုက်ပွဲဝင်ပုဆိန်သည် မှော်သင်္ကေတအစုအဖြစ် ပြိုကွဲသွားရ၏။ ထို့နောက် သူက မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ပြီး တောင်ဝါးမြိုမန္တန်သည် မှော်သင်္ကေတတစ်ထောင်အား ဖုံးလွှမ်းလိုက်သော တောင်တစ်ထောင်အား ဖော်ဆောင်လိုက်တော့သည်။
မန်ဟိုသည် နည်းနည်းလေးမှ ပြဿနာမရှိသည့်အလား ဤလှုပ်ရှားမှုအားလုံးကို ဟာကွက်မရှိ ပြေပြစ်စွာ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ ထို့နောက် သူ၏မျက်နှာထားမှာလည်း ထုံးစံအတိုင်းပင်။ သူသည် သင်္ကေတများကို နတ်ဘုရားအာရုံဖြင့် ခတ်နှိပ်လိုက်ရာ နာရီအနည်းငယ် ကြာမြင့်သွားသည်။ ဖြစ်စဉ်တစ်ခုလုံးပြီးမြောက်သော် တောင်တစ်ထောင်အား ရုတ်သိမ်းပြီး မှော်သင်္ကေတများကို လွှတ်ပေးလိုက်၏။
သင်္ကေတများမှာ အသိစိတ်မရှိတော့သည့်အလား တဖျပ်ဖျပ် လက်နေသော်လည်း လှုပ်ရှားမှုမရှိဘဲ ပျံဝဲနေကြလေသည်။
"စုစည်းစမ်း" မန်ဟိုက အေးတိအေးစက် ပြောသည်။ ချက်ချင်းပင် သင်္ကေတများသည် တိုက်ပွဲဝင်ပုဆိန်တစ်လက်အသွင် ပြန်လည်စုစည်းသွားကြကာ သူ့ကို လှည့်ပတ်နေတော့သည်။ ၎င်းအပေါ် ထိန်းချုပ်နည်းအား ခေတ္တခဏ လေ့ကျင့်ပြီးနောက် မန်ဟိုသည် သိုလှောင်အိတ်အတွင်းရှိ ကျန်သင်္ကေတတစ်ထောင်စိတ်ဝိညာဉ်များကိုလည်း ထိုနည်းအတိုင်း ပြုလုပ်လိုက်သည်။ ရက်အနည်းငယ်ကြာသော် ပြီးဆုံးသွားပြီး မှော်သင်္ကေတနှစ်သောင်းကျော်မှာ သူ၏ပတ်ပတ်လည်တွင် တဝှီးဝှီး ပျံသန်းနေကြလေပြီ။
၎င်းတို့သည် ကြောက်ခမန်းလိလိ ဖိအားကြီးတစ်ခုကို ထုတ်လွှတ်နေသော လေမုန်တိုင်းဝဲကတော့ကြီး ဖြစ်လာ၏။
ထူးဆန်းသောအလင်းရောင်တစ်ခု မန်ဟို၏မျက်လုံးများတွင် ပေါ်လာသည်။ ဤရတနာ၏စွမ်းအားသည် လေမုန်တိုင်းစည်း၌ သူမြင်ခဲ့ရသည့် ဧရာမသားရဲကြီးပုံစံဖန်ဆင်းထားသော သင်္ကေတစိတ်ဝိညာဉ်များနှင့်ယှဉ်လျှင် ဒုတိယသာ လိုက်လေသည်။
"ဒါပေမဲ့ ငါ့ကျင့်ကြံခြင်းအခြေခံကို တော်တော်လေး အားနည်းသွားစေတယ်" သူက တွေးနေသည်။ ဆေးလုံးတချို့ စားသုံးပြီးနောက် သူသည် တရားထိုင်လိုက်၏။ နောက်တစ်နေ့မနက် အရုဏ်တက်မှ သူ၏မျက်လုံးများ ပြန်ပွင့်လာသည်။
"အချိန်ကျပြီ" သူက ပြောသည်။ သူသည် အသက်ပြင်းပြင်း ရှူသွင်းရင်း မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ သူ၏စွမ်းအားကို လျင်မြန်စွာ လျော့ကျသွားစေသော ချုပ်နှောင်တံဆိပ်များအား သူ၏ခန္ဓာကိုယ်အပေါ်တွင် ထားရှိလိုက်သည်။ မကြာမီ ရှင်သန်ခြင်းနှင်းပန်းကား နောက်တစ်ဖန် ထကြွလာတော့၏။
ယခင်က မန်ဟိုသည် သူတစ်ယောက်တည်းသာ နှင်းပန်း၏အရှိန်အဝါကို အာရုံနိုင်သည်ဟု တွေးထင်ခဲ့၏။ သို့သော် ပတ်လမ်း(၃) သို့ ရောက်ရှိပြီးနောက်ပိုင်း ပင်လယ်မိစ္ဆာများအတွက် ရှင်သန်ခြင်းနှင်းပန်းမှာ ၎င်းကို စားလိုက်လျှင် အံ့ဖွယ်ပုံသဏ္ဌာန်ပြောင်းလဲခြင်းမျိုး ဖြစ်ပွားစေမည့် ဆန်းကြယ်အားဆေးမျိုးအလားပင်။
အရှိန်အဝါဖြာထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ပင်လယ်ကြီးမှာ တဝုန်းဝုန်း အုံကြွလာတော့သည်။ ပတ်လမ်း(၃)၏ ပင်လယ်ရေနက်ပိုင်းအတွင်း၌ မရေမတွက်နိုင်သော မျက်လုံးနီနီကြီးများ ဖျတ်ခနဲ ပွင့်လာကြသည်။ မျက်စိတစ်မှိတ်အတွင်း ပင်လယ်မိစ္ဆာများကား သူတို့စားရမည့် တစ်စုံတခု၏ တည်နေရာကို အလိုအလျောက် သိနေသည့်အလား တစ်နေရာသို့ ထွက်သွားကြတော့သည်။
ခပ်လှမ်းလှမ်း တစ်နေရာတွင် ရောင်စုံခြယ်ဂျယ်လီငါးတစ်ကောင်သည် ရေအောက်၌နေ၍ တိုက်ခိုက်ရန် အခွင့်ကောင်းကို စောင့်ရင်း ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့နောက်လိုက်နေ၏။ သို့သော် ၎င်းက လှုပ်ရှားတော့မည့်အခိုက်အတန့်တွင် ရုတ်တရက် တုန်ရီသွားပြီးနောက် တစ်နေရာသို့ ကူးခတ်သွားတော့သည်။
အခြားတစ်နေရာတွင် ကျင့်ကြံသူဒါဇင်အနည်းငယ်သည် ပင်လယ်မိစ္ဆာသုံးကောင်နှင့် အသည်းအသန် တိုက်ခိုက်နေကြ၏။ ရုတ်တရက် ပင်လယ်မိစ္ဆာများက ဟိန်းဟောက်လိုက်ကြပြီး ရေထဲ ထိုးဆင်းကာ ပျောက်ကွယ်သွားဝောာ့သည်။
ယခုလိုမြင်ကွင်းများ ပတ်လမ်း(၃)တစ်ဝန်းရှိ နေရာအမျိုးမျိုးတွင် ဖြစ်ပျက်နေသည်။ ကျင့်ကြံသူအတော်များများလည်း သတိထားမိသွားကြ၏။ လေလယ်ရှိ တချို့ကျင့်ကြံသူများမှာ ပင်လယ်ပြင်တစ်လျှောက် တဝုန်းဝုန်း ရိုက်ခတ်နေသော လှိုင်းလုံးကြီးများနှင့် ကူးခတ်နေကြသော ပင်လယ်မိစ္ဆာများအား မြင်လိုက်ရ၍ ကြက်သေသေကုန်ကြလေသည်။
"ဒါ သားရဲလှိုင်းကြီးလို့ ငါ့ မပြောစမ်းနဲ့"
လူပေါင်းများစွာ တုန်လှုပ်နေကြသည့်အချိန်မှာပင် မန်ဟိုသည် ကျွန်းအပေါ်တွင် အေးအေးဆေးဆေး ထိုင်စောင့်နေ၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာမျှကြာသော် ဧရာမလက်မကြီးတစ်ဖက်က ရုတ်တရက် ပင်လယ်မှထွက်၍ သူ့ဆီသို့ ပြေးဝင်လာသည်။
တစ်ပြိုင်တည်းမှာပင် ပင်လယ်မိစ္ဆာအမြောက်အမြား ရေထဲမှ ခုန်ထွက်လာကြပြီး မန်ဟို့ဆီ ဦးတည်လာသည်။
မန်ဟိုက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သင်္ကေတတစ်ထောင် တိုက်ပွဲဝင်ပုဆိန်အား ပျံထွက်သွားစေသည်။ ၎င်းက ပင်လယ်မိစ္ဆာများ ဖျက်စီးပစ်လိုက်သဖြင့် ပေါက်ကွဲသံများ မြည်ဟည်းသွားတော့သည်။
ထိုစဉ်မှာပင် လောဘတက်နေသော မျက်လုံးများဖြင့် နောက်ထပ်ပင်လယ်မိစ္ဆာတစ်ရာကျော် ရေထဲမှ ခုန်ထွက်လာကြသည်။ မန်ဟိုမှာ ပတ်လမ်း(၃)၏ ပင်လယ်မိစ္ဆာအားလုံးကို ဝါးမြိုချင်နေသော လေဆင်နှာမောင်းကြီး ဖြစ်လာခဲ့လေပြီ။
မန်ဟိုသည် မှော်သင်္ကေတများကို ခြယ်လှယ်ရင်း တည်ငြိမ်နေသလို၊ အလျင်လည်း မလိုပေ။ လက်ချောင်းတစ်ချောင်းအဝှေ့ဖြင့် မှော်သင်္ကေတတစ်ထောင်က ကျွန်းကို ဝန်းရံရင်း ပျံထွက်လာကာ မည်သည့်ပင်လယ်မိစ္ဆာကိုမှ ကျွန်းအနားသို့ မီတာသုံးရာထက်ပို၍ မကပ်ရဲအောင် ဟန့်တားထား၏။
ပေါက်ကွဲသံအပြည့်နှင့် လေးနာရီကြာမြင့်သွားသည်။ ပင်လယ်မိစ္ဆာတစ်ထောင်ကျော်က လှိုင်းတံပိုးကြီးများအတွင်းမှ ထွက်လာခဲ့ကြ၏။ ၎င်းတို့မှာ ရှင်ခြင်းနှင့်သေခြင်းခြားနားမှုကို နားမလည်သည့်အလား အသက်ကိုပင် အရေးမထားဘဲ သွေးရူးသွေးတန်း ပြေးဝင်လာကြလေသည်။
မန်ဟို့လက်များက မှော်သင်္ကေတ (၈၀၀၀) အထိ ထိန်းချုပ်ရန် လျင်မြန်စွာ ရွေ့လျားနေသည်နှင့်အမျှ ပေါက်ကွဲသံများ ဆူညံနေတော့သည်။ သင်္ကေတများသည် တိုက်ပွဲဝင်ပုဆိန်အပါအဝင် မှော်ပစ္စည်းအမျိုးမျိုး ဖြစ်လာကြပြီး အံ့မခန်းလိလိ အင်အားကြီးကို ထုတ်လွှတ်နေ၏။
နောက်ထပ်လေးနာရီ ကြာမြင့်သွားပြီး ထိုအတောအတွင်း မန်ဟိုသည် ကျင့်ကြံခြင်းအခြေခံ၏လည်အားကို ထောက်ပံ့ရန် ဆေးလုံးများအား ဆက်တိုက်စားခဲ့၏။ လောလောဆယ်တွင် ကျွန်း၏ပတ်ပတ်လည်မှာ ပင်လယ်မိစ္ဆာများ ပြွတ်သိပ်နေလေသည်။ များပြားလွန်း၍ မည်သည့်အရာကိုမှ မမြင်ရသလောက်ပင်။
အဆိုပါမြင်ကွင်းကြီးက မြင်လိုက်ရသည့် မည်သူ့ကိုမဆို အံ့ဩတုန်လှုပ်သွားစေလိမ့်မည်။ မန်ဟိုပင်လျှင် အံ့အားသင့်နေ၏။ သို့ရာတွင် သူကား ပင်လယ်မိစ္ဆာအရေအတွက်အား သည့်ထက်ပင် ပိုများစေချင်နေသည်။ မှော်သင်္ကေတများသည် ယခုတွင် အခု(၁၃၀၀၀) ရှိပြီဖြစ်ပြီး တဝှီးဝှီး လည်ရင်း ဆူညံနေ၏။
အဝေးမှကြည့်လျှင် ကျွန်းသည် လေမုန်တိုင်းဝဲကတော့ကြီးတစ်ခုနှင့် အနက်ရောင်မြူများဖြင့် ဝန်းရံရစ်သိုင်းခံထားရသယောင်ပင်။ လေမုန်တိုင်း၏အပြင်တွင်တော့ ကျွန်းပေါ် တက်ရန် ကြိုးစားနေကြသည့် ပင်လယ်မိစ္ဆာများ မရေမတွက်နိုင်အောင် ရှိ၏။
ဟိန်းဟောက်သံကြီးသည် ရင်သပ်ရှုမောဖွယ်ကောင်းပြီး သွေးများက အရပ်မျက်နှာတစ်ခွင်သို့ လွင့်စင်ထွက်ကုန်သည်။ မန်ဟိုမှာ အချိန်တိုလေးအတွင်း ပင်လယ်မိစ္ဆာအရေအတွက်မည်မျှ သတ်ခဲ့ပြီးသည်လဲ မသိပေ။ သိကြသည့်နှစ်ကောင်မှာဝောာ့ ကြက်တူရွေးနှင့် အသားဂျယ်လီသာ ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ လျှောက်ပတ်သွားနေရသည်ကို ငြီးငွေ့နေကြ၍ပင်။ ပင်လယ်မိစ္ဆာများ သေသောအခါ ၎င်းတို့နှစ်ကောင်ကား မိစ္ဆာနှလုံးသားများကို ဝမ်းသာအားရ လိုက်သိမ်းကြလေသည်။
သို့သော် ဤအခိုက်အတန့်တွင် အဝေးမှ ဟိန်းဟောက်သံကြီးတစ်သံက လေကို ခွဲပစ်လိုက်သည်။ ဤဟိန်းဟောက်သံကြီးသည် ပြိုင်ဘက်ကင်း၏။ ၎င်းမှာ ကလေးမလေးတစ်ယောက်၏ ငိုသံနှင့်တူပြီး ချက်ချင်းပင် မန်ဟို့ကို မော့ကြည့်မိလိုက်စေသည်။ သူ၏နတ်ဘုရားအာရုံက ဖြာထွက်သွားပြီး ဖြေးဖြေးချင်း ကူးခတ်လာနေသော ခုနစ်ရောင်ခြယ်ဂျယ်လီငါးကြီးတစ်ကောင်အတွက် ကတုန်ကယင်ဖြင့် လမ်းဖယ်ပေးနေကြသော ပင်လယ်မိစ္ဆာများကို မြင်လိုက်၏။
ဂျယ်လီငါး၏ငယ်ထိပ်တွင်ကား .... အဖြူရောင်ပန်းပွင့်တစ်ပွင့်။
၎င်းသည် အရိုးဖြူဖြူများသဖွယ် ပန်းတစ်ပွင့်နှင့် အရိုးဖြူနှင်းပန်းဖြစ်သည်။ ၎င်းက ရှေ့နောက်ယိမ်းနွဲ့နေရာ ပတ်ဝန်းကျင်ရှိ အရောင်အလုံးစုံကို ပျောက်ကွယ်သွားစေပြီး အဖြူအမည်းဖြင့် အစားထိုးပစ်လိုက်သည်။
မန်ဟိုသည် လှမ်းကြည့်လိုက်စဉ် အောက်တွင် ဧရာမသတ္တဝါကြီးတစ်ကောင် တိုက်ခိုက်နေသကဲ့သို့ ရုတ်တရက် ကျွန်းတစ်ကျွန်းလုံး တုန်ခါသွားသည်ကို ခံစားလိုက်ရ၏။
သူ၏မျက်နှာမှာ ရိပ်ခနဲ ဖြစ်သွားသော်လည်း ကျွန်းကို အထောက်အပံပေးရန် သူကိုယ်တိုင်လည်း အစွမ်းအစမဲ့နေသည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ထလာပြီးနောက် ကျွန်းမှာ တစစီ ပြိုကျသွားတော့သည်။
လှိုင်းတံပိုးကြီးများ ပင်လယ်ပြင်တစ်လျှောက် ရိုက်ခတ်သွားပြီး မျက်စိတစ်မှိတ်အတွင်း ကျွန်းတစ်ကျွန်းလုံးမှာ ပင်လယ်ထဲ နစ်မြုပ်လာလေသည်။ မန်ဟိုလည်း ရေထဲ တစ်ပါတည်း ဆွဲချခံလိုက်ရသည်။
ထိုအခိုက်တွင် ပတ်ဝန်းကျင်ရှိ ပင်လယ်မိစ္ဆာများမှာ ပို၍သွေးရူးသွေးတန်း ဖြစ်သွားကြသည်။ ရေပြင်အောက်က ကမ္ဘာသည် ၎င်းတို့၏ပိုက်နက်ဖြစ်သောကြောင့် ပို၍ပင် ပြင်းထန်လာသော ရူးသွပ်တပ်မက်မှုတို့ဖြင့် ပြေးဝင်လာကြတော့သည်။
မန်ဟို၏မျက်လုံးများ တဖျပ်ဖျပ် လက်သွားသည်။ ရေမျက်နှာပြင်အောက်က ကမ္ဘာမှာ ပင်လယ်မိစ္ဆာများ၏ပိုင်နက် ဖြစ်လောက်သော်လည်း သူ၏ကမ္ဘာလည်း ဖြစ်ပေသည်။
သူသည် ဓာတ်ငါးပါးအရုပ် ရေစာလုံးကို ဖော်ဆောင်ခဲ့သည့်အပြင် ခရမ်းပင်လယ်၏အောက်ခြေတွင်လည်း နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ဖူး၏။ သို့ဖြစ်၍ ပင်လယ်ဖိအားကို သူအနေဖြင့် မည်သည့်အတွက်ကြောင့် ဂရုစိုက်တော့မည်နည်း။ သူက သွေးအေးသော မျက်နှာထားဖြင့် ညာလက်ကို မြှောက်လိုက်ရာ တလက်လက် တောက်ပနေသော သင်္ကေတနှစ်သောင်းအား လည်သွားစေသည်။ ၎င်းတို့က မှော်ပစ္စည်းအခုနှစ်ဆယ် အသွင်ပြောင်း၍ ပင်လယ်မိစ္ဆာများဆီ ပြေးဝင်သွားကြပြီး သုတ်သင်ချေမှုန်းပစ်လိုက်တော့သည်။
ပေါက်ကွဲသံများက ပင်လယ်၏အပြင်သို့ ထွက်မလာသော်လည်း ဧရာမလှိုင်းလုံးကြီးများအား ပတ်လမ်း (၃) တစ်လျှောက် ရိုက်ခတ်သွားစေသည်။ ၎င်းတို့ကို မြင်လိုက်သည့် ကျင့်ကြံသူများမှာ အံ့အားသင့်သွားကြပြီး မည်သည်တို့ဖြစ်ပျက်နေသည်လဲ စိတ်ဝင်စားသွားကြသည်။
ထိုမျှသာမက ပတ်လမ်း(၃)၏ မယုံနိုင်လောက်အောင် အစွမ်းထက်သော ပင်လယ်မိစ္ဆာတချို့လည်း ယခုတွင် ရူးသွပ်တပ်မက်မှုအပြည့်ဖြင့် မန်ဟို့ဆီသို့ ဦးတည်လာနေကြလေပြီ။
***