← Chapters

ရှင်သန်ခြင်းနှင်းပန်း လှုပ်ရှားခြင်း

Vol. 47 Ch. 656

ရှင်သန်ခြင်းနှင်းပန်း လှုပ်ရှားခြင်း

Vol. 47 Ch. 656

မန်ဟိုသည် သူ့ကို လေဆင်နှာမောင်းကြီးသဖွယ် ဝိုင်းထားသော မှော်သင်္ကေတနှစ်သောင်းဖြင့် ပင်လယ်အောက်တွင် ဖြစ်သည်။ ရေများက တဖွေးဖွေး လှုပ်နေပြီး ပင်လယ်မိစ္ဆာများမှာ သူ့ထံမှ မီတာသုံးရာအကွာသို့ပင် မကပ်ရဲကြပေ။

မှန်ပါသည်၊ ပင်လယ်မိစ္ဆာများသည် သေဆုံးရလျှင်သော်မှ မမှုသည့်အလား သွေးရူးသွေးတန်း တိုက်ခိုက်နေကြ၏။ မှော်သင်္ကေတများကလည်း ပြောက်မြောက်စွာ သတ်ဖြတ်နေသည်။

လှိုင်းလုံးကြီးများက တဝုန်းဝုန်း ရိုက်ခတ်လျက်ရှိကာ ပတ်လမ်း(၃)၏တစ်ဝက်ကျော်အပေါ်ပင် သက်ရောက်မှုရှိပြီး ရောက်ရှိလာသည့် ပင်လယ်မိစ္ဆာများလည်း များပြားလာသည်။ မကြာမီ ပတ်လမ်း(၃)၏ ပင်လယ်ခံတပ်မြို့တော်ကိုပင် ဂယက်ရိုက်သွားရာ ကျင့်ကြံသူများမှာ တောင်ကြည့်မြောက်ကြည့်နှင့် မည်သည်တို့ဖြစ်ပျက်နေသည်လဲ သိချင်လာကြတော့သည်။

အမှန်တွင် လှိုင်းလုံးများက ဂိုဏ်းသုံးဂိုဏ်း စုပေါင်းတည်ထားသော ပင်လယ်ခံတပ်မြို့ကို တိုးဝှေ့ရိုက်ခတ်နေကြ၏။ စစ်ခရာသံများ ပျံ့လွင့်လာပြီး တပ်ချထားသောကျင့်ကြံသူများက ကြောက်မက်ဖွယ် ရန်သူကြီးတစ်ဦးကို တိုက်ခိုက်ရန် ပြင်နေကြသည့်အလား အသင့်အနေအထားဖြင့် နေရာယူလိုက်ကြသည်။

မြို့အတွင်းမှ တင်းမာခက်ထန်နေသော မျက်နှာထားများဖြင့် အစွမ်းထက်ပညာရှင်တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ သူတို့သည် မြို့ဆီသို့ ဦးတည်လာနေသော လှိုင်းများအား လှမ်းကြည့်လိုက်ကြ၏။

"ပတ်လမ်း(၂)ရဲ့ ပင်လယ်မကောင်းဆိုးဝါးတွေ တိုက်ခိုက်နေဝာာများ ဖြစ်မလား"

"မဖြစ်နိုင်ဘူး။ ပတ်လမ်း(၂)မှာ ပင်လယ်မကောင်းဆိုးဝါးတွေက မဖြစ်စလောက်ပဲ ရှိတာ။ ပေါ်လာခဲတဲ့အပြင် ဘယ်တော့မှ ပတ်လမ်း(၃)ကို ဝင်မလာကြဘူး။ သူတို့အတွက် ပတ်လမ်း(၃)ရဲ့ ပင်လယ်မိစ္ဆာတွေက သာမန်တိရစ္ဆာန်တွေပဲ။ သူတို့က သူတို့ကိုယ်သူတို့ ဧကရာဇ်တွေ၊ ဘုရင်တွေလို့ မြင်ကြတာ"

"ဒါပေမဲ့ ပင်လယ်မကောင်းဆိုးဝါးတွေကြောင့် မဟုတ်ရင် ဘယ်လိုဟာက ပတ်လမ်း(၃)မှာ ဒီလိုပြောင်းလဲမှုတွေ ဖြစ်စေမှာလဲ"

လူတိုင်းသည် ထိုကိစ္စကို ဆွေးနွေးနေကြပြီး ပင်လယ်မကောင်းဆိုးဝါးများဟူ၍ ဖော်ပြလိုက်သည်နှင့်တစ်ပြိုင်နက် ကြောက်ရွံ့ထိတ်လန့်လာကြတော့သည်။

မြို့အပြင်တွင် မြို့နံရံကို အရှိန်အဟုန်ပြင်းစွာ တဝုန်းဝုန်း ဝင်ဆောင့်နေသော လှိုင်းရိုက်သံများကို ကြားရနိုင်၏။

အသံများက ရပ်နားမှုမရှိဘဲ မြို့တစ်‌မြို့လုံးတွင် ပဲ့တင်ထပ်နေသည့်အတွက် ကျင့်ကြံသူများ၏မျက်နှာများတွင် အမူအရာအမျိုးမျိုး ဖြစ်ပေါ်လာတော့သည်။

ပင်လယ်ခံတပ်မြို့၏အလယ်တွင် မီဝာာ‌သုံးထောင်နီးပါး မြင့်သော ဧရာမမျှော်စင်ကြီးတစ်ခုရှိသည်။ မျှော်စင်၏ပတ်ဝန်းကျင်မှာ ဖိတ်ခေါ်ခြင်းမရဘဲ မည်သူမျှ ဝင်ခွင့်မရှိသော တားမြစ်ဇုန်တစ်ဇုန်ဖြစ်၏။

ဤသည်မှာ သူတော်စင်သုံးဦးအတွက် သီးသန့်ထားရှိသော ကျင့်ကြံခြင်းနေရာပင်။  မျှော်စင်၏အမြင့်ဆုံးတွင် နီစွေးစွေးဝတ်ရုံကို ဝတ်ဆင်ထားသည့် လင်းမျိုးရိုးနှင့် သက်လတ်ပိုင်းလူတစ်ယောက် ထိုင်နေ၏။ သူ့တွင် ရှည်လျားနက်မှောင်သော ဆံပင်များရှိပြီး လောလောဆယ်တွင် ကျောနောက်လက်ပစ်လျက် ပြတင်းပေါက်၏အပြင်ကို ငေးကြည့်ရင်း ရပ်နေလေသည်။ သူက မျက်မှောင်ကြုတ်နေပြီး သူ ဘာတွေးနေသလဲ ပြောရခက်၏။

"လှိုင်းတွေက မီတာသုံးရာထက် ပိုမြင့်တဲ့အပြင် အကြောင်းရင်းမရှိတဲ့အတိုင်း ပေါ်လာကြတယ်" သူက အေးတိအေးစက် ပြောသည်။ "တစ်ခုခုက ပင်လယ်မိစ္ဆာတွေကို ရန်စလိုက်တာ ထင်တယ်။ အကုန်လုံးသွားနေတဲ့နေရာက တစ်နေရာတည်းပဲ။ အရိုအသေပေးဖို့ သွားနေကြတာလား။ ဆင့်ခေါ်ခံရလို့လား။ ဒါမှမဟုတ် အညှို့ခံရလို့လား" သူ၏မျက်လုံးများသည် စူးရှတောက်ပလာပြီး စကားပြောနေစဉ် သူ၏စကားလုံးများမှာ ဂယက်များသဖွယ် ဖြာထွက်နေသယောင်ပင်။

"ဘယ်လိုပဲဖြစ်ဖြစ် ပင်လယ်မိစ္ဆာတွေက ဉာဏ်သိပ်မကောင်းဘူး။ သူတို့ကို ရူးအောင် လုပ်နေတဲ့ လိုအင်ဆန္ဒတစ်ခု ရှိကို ရှိရမယ်" သူက ရုတ်တရက် ရှေ့တစ်လှမ်းပြီးနောက် ပျောက်ကွယ်သွားသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ပင်လယ်ခံတပ်၏အပြင်၊ ခပ်လှမ်းလှမ်းတွင် ပြန်ပေါ်လာ၏။ သူက လက်နှစ်ဖက်ကျောနောက်ပစ်လျက် ရှေ့‌လျှောက်သွားစဉ် လှိုင်းလုံးများက သူ၏ခြေထောက်အောက်တွင် ‌တဖွေးဖွေး လှုပ်နေလေသည်။

သူသည် ခြေတစ်လှမ်းတည်းနှင့် ပျောက်ကွယ်သွားပြီး အလွန်ဝေးကွာသောနေရာတွင် ပြန်ပေါ်လာသည်။ ထိုအတိုင်း သူကား အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက် အသက်ကိုပင်စွန့်၍ လုပ်စေကာမူ ဘယ်တော့မှ ရရှိနိုင်မည်မဟုတ်သော အမြန်နှုန်းဖြင့် ရွေ့လျားသွားလေသည်။

ဝတ်ရုံနီနှင့်လူ လာနေသည့်အချိန်မှာပင် မန်ဟိုမှာ မှော်သင်္ကေတနှစ်သောင်း၏ ဝန်းရုံခြင်းခံထားရသည်။ မရေမတွက်နိုင်သော ပင်လယ်မိစ္ဆာမှာ သတ်ဖြတ်ခံခဲ့ရသဖြင့် သူ၏ပတ်ပတ်လည်ရှိ ရေထဲတွင် သွေးများ ရဲပလောင်းခတ်နေ၏။ သူ့မှာ အောက်သို့ နစ်နစ်လာပြီး သူ့ကို ဝိုင်းထားသည့် ပင်လယ်မိစ္ဆာများလည်း အတော်မသပ်နိုင်အောင် ဖြစ်နေရာ မည်မျှသတ်ခဲ့ပြီးသည်လဲပင် မသိတော့ပေ။

ဤအခိုက်တွင် ပင်လယ်မိစ္ဆာအုပ်ကို ထိုးခွင်းသွားသော ငါးရောင်စဉ်လျှပ်စီးတန်းတစ်တန်း ပေါ်လာသည်။ ၎င်းသွားနေသည့်နေရာတိုင်း ပင်လယ်မိစ္ဆာများမှာ တိုက်ရိုက် ပေါက်ကွဲကုန်ကြ၏။ လျှပ်စီးတန်းမှာ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားတို့ဖြင့် ပြည့်နှက်နေသည့်အလားပင်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် မန်ဟို့ပတ်ပတ်လည်ရှိ မှော်သင်္ကေတများကို ဝင်တိုက်သွား၏။

ဂျိန်း

မှော်သင်္ကေတနှစ်သောင်းမှာ ချင်ချင်း ပြိုကွဲသွားတော့သည်။ ၎င်းတို့က ချက်ချင်း မော့ကြည့်လိုက်သော မန်ဟို့ဆီသို့ ပြေးဝင်လာကြ၏။ ကျွန်းကြီးကြေမွပြီး ပင်လယ်ကြမ်းပြင်သို့ စတင်နစ်မြုပ်လာခဲ့ကတည်းက သူသည် ချဉ်းကပ်လာနေခဲ့သော အရိုးဖြူနှင်းပန်းဂျယ်လီငါးကို သတိထားမိခဲ့ပြီးဖြစ်သည်။

သို့သော် အောက်သို့နစ်မြှုပ်‌ခဲ့ပြီးနောက် ပတ်ဝန်းကျင်ကြောင့် အန္တရာယ်မဖြစ်သော်လည်း ခရမ်းပင်လယ်တွင် ရှိခဲ့စဉ်တုန်းကနှင့် မတူကြောင်း တွေ့လိုက်ရ၏။ ဤနေရာ၌ သူ၏နတ်ဘုရားအာရုံမှာ အကန့်အသတ်ရှိလေသည်။

မှန်ပါသည်၊ သူသည် အမြဲတစေ အသိနှင့်သတိ ကပ်နေသည့်အတွက်ကြောင့် လျှပ်စီးတန်း သူ့အပေါ် ထိုးဆင်းလာသည်နှင့်တစ်ပြိုင်နက် ညာလက်ကို မြှောက်ပြီး အရှေ့သို့ လက်ခလယ်ဖြင့် ထိုးလိုက်သည်။ သွေးလက်ဝါးကြီး ချက်ချင်း ပေါ်လာပြီး တဟုန်ထိုး ရှေ့ထွက်သွား၏။

ငါးရောင်စဉ်လျှပ်စီးတန်း သွေးလက်ဝါးကို ဝါးမြိုတော့မည့်အလား ဝင်းခနဲ ပြန့်ကားလာသည်။

မန်ဟို့မျက်လုံးများ တလက်လက် တောက်ပသွားပြီး သူက အေးစက်စက် နှာတစ်ချက် မှုတ်လိုက်၏။ ချက်ချင်းပင် မျက်နှာကြီးတစ်ဖက် သူ၏အရှေ့တည့်တည့်တွင် ပေါ်လာသည်။ ၎င်းသည် မျက်လုံးကြီးများပိတ်လျက် ရှေ့ထွက်သွားသော်လည်း မန်ဟို့မျက်နှာနှင့် ချွတ်စွပ်ပင်။ ဤသည်ကား မှန်ပါသည်၊ သွေးအင်မော်တယ်နတ်ဘုရားစွမ်းရည်၏ အသွင်သဏ္ဌာန်ဖြစ်လေသည်။

ဖောင်းခနဲ ပေါက်ကွဲသံကြီး ပင်လယ်‌ကြမ်းပြင်တွင် မြည်ဟည်းသွားသည်။ လျှပ်စီးတန်း ပြိုကွဲသွားသည်နှင့် မျက်နှာကြီး၏ မျက်လုံးများ ပွင့်လာပြီး နှုတ်ခမ်းများက အသံမဲ့သော အသံဖြင့် စကားပြောလာကြသည်။

အသံမဲ့သောအသံကြီးမှာ ဂျယ်လီငါးကြီးကို   စုတ်ဖြဲပစ်လိုက်သယောင်ပင်။ သဏ္ဌာန်မဲ့ အသံလှိုင်းများသဖွယ် လှိုင်းခြောက်လှိုင်းက မန်ဟို့အရှေ့မှ ဖြာထွက်သွား၏။ ပထမဆုံးလှိုင်းက ပင်လယ်မိစ္ဆာထောင်ချီကို တိုက်ရိုက် ပေါက်ကွဲသွားစေသည်။ ဒုတိယ၊ တတိယနှင့် စတုတ္ထလှိုင်းများက ပင်လယ်မိစ္ဆာတစ်သောင်းကျော်ကို ပျက်စီးသွားစေသည်။

‌ပဉ္စမနှင့် ဆဋ္ဌမလှိုင်းများက အဝေးရှိ ဧရာမဂျယ်လီငါးကြီးအား မြင်ရအောင် လမ်းတစ်လမ်းဖော်ပေးလိုက်သည်။

စူးရှတောက်ပသော ငါးရောင်စဉ်အလင်းက ဂျယ်လီငါးကြီးထံမှ ဖြာထွက်လာကာ ခုခံလိုက်သော ငါးရောင်ခြယ်အကာအကွယ်တစ်ခု ဖြစ်သွားသည်။ အလွန်ကျယ်လောက်သော ပေါက်ကွဲသံကြီးက အရပ်လေးမျက်နှာသို့ ဖြာဆင်းသွားသော ပို၍ပင်ပြင်းထန်သည့် တိုက်ကွက်ကြီးတစ်ကွက် ဖြစ်သွားသည်။ မန်ဟိုက အေးစက်စက် နှာတစ်ချက် မှုတ်လိုက်ပြီး ထူးခြားဆန်းကြယ်ဂျယ်လီငါးကြီးကို တိုက်ရိုက် ချေမှုန်းပစ်ရန် ပြင်လိုက်စဉ် သူ့ဆီ ပြေးဝင်လာသော မယုံကြည်နိုင်ဖွယ်အားကြီးတစ်ရပ်အား အာရုံရလိုက်သည်။ သူ၏ပတ်ပတ်လည်ရှိ မှော်သင်္ကေတ‌လေဆင်နှာမောင်းကြီးမှာ ချက်ချင်း ပျက်ပြားပြီး သင်္ကေတနောက်တစ်ထောင်လည်း တစ်ဆက်တည်း ပျက်စီးသွားတော့သည်။

အားကြီး မန်ဟို့အနား နီးကပ်လာစဉ် သူ၏မျက်လုံးများက ဝင်းခနဲ လက်သွား၏။ သူသည် ဂျယ်လီငါးအား သတ်ဖြတ်ရန် အကြံအစည်ဟူသမျှ လက်လျှော့ပြီး ချာခနဲ လှည့်လိုက်သည်။ သူ၏ညာလက်က လက်သီးဆုပ်ကာ လာနေသော အားကြီးအား တိုက်ရိုက် ထိုးသွင်းလိုက်လေသည်။

ဂျုံးခနဲ ကြားလိုက်ရပြီး ပင်လယ်ရေများမှာ အဘက်ဘက်သို့ ကွဲထွက်သွား၏။ ရေလယ်တွင် ဧရာမလက်သီးကြီးနှစ်လုံး တစ်လုံးကို တစ်လုံး ပြေးဝင်သွားခဲ့သည့်အလားပင်။

အော်သံနက်ကြီး ကြားလိုက်ရပြီး အလွန်ကြီးမားသောအရိပ်ကြီးတစ်ခုသည် မန်ဟို့လက်သီး၏အားကြောင့် နောက်ဆုတ်သွားရ၏။

ဤအခိုက်အတန့်တွင် မန်ဟိုသည် စောစောက လက်သီးကြီး၏အရင်းအမြစ်ဖြစ်သော ပင်လယ်မိစ္ဆာကို ပြတ်ပြတ်သားသား မြင်လိုက်ရသည်။

၎င်းကား ဘီလူးကြီးတစ်ကောင်ပင်။

ခေါင်းနှစ်လုံး၊ အကြေးခွံအပြည့်ဖုံးနေသော အပြာရောင်အသားအရေဖြင့် မီတာသုံးထောင်အမြင့် ဘီလူးကြီးတစ်ကောင်။ မန်ဟို့ကို စိုက်ကြည့်နေစဉ် ၎င်း၏မျက်လုံးများမှာ  နီရဲတောက်နေ၏။

ဤသည်ကား ကျွန်းကို ပြိုကျသွားစေခဲ့သော အရာကြီးပင်။

အံ့ဖွယ်ကောင်းစွာနှင့် ဘီလူးကြီးအနောက်တွင်‌ ရှေ့နောက်ယိမ်းနေသော အရိုးဖြူနှင်းပန်းတစ်ပွင့် ရှိနေသည်။

အရိုးဖြူနှင်းပန်းမှာ ကြောက်စရာကောင်းလောက်အောင် ဖြူစွတ်နေပြီး အံ့ဩတုန်လှုပ်ဖွယ် ကောင်း၏။ အထူးသဖြင့် ၎င်းကို ကြည့်လျှင် ထူးဆန်းသောမျက်နှာထားဖြင့် သူ့ကို ပြန်စိုက်ကြည့်နေသော လူမျက်နှာအား မန်ဟို မြင်လိုက်ရ၍ပင်။

အကြည့်တွင် ခံစားချက်များစွာ ပြည့်သျှံနေ၏။ ၎င်းနှင့်ဘဝတူသော တစ်စုံတစ်ခုကို ကြည့်နေသည့်အလား .... အာရုံစူးစိုက်မှု ၊ တပ်မက်မှုတို့ ပြည့်နေသည်။

မန်ဟို့မျက်လုံးများ တလက်လက် တောက်ပလာသည်။ ဤအခိုက်အတန့်တွင် သူသည် နဂါးငွေ့တန်းပင်လယ်၏ ပတ်လမ်း(၃)တွင် ခန္ဓာကိုယ်အပေါ်၌ အရိုးဖြူနှင်းပန်းများနှင့် ထူးဆန်းသောပင်လယ်မိစ္ဆာနှစ်ကောင်ကို မြင်လိုက်ရပြီဖြစ်၏။

အရိုးဖြူနှင်းပန်းကို မြင်သောအခါ သူသည် သူ့ကိုယ်ထဲရှိ ရှင်သန်ခြင်းနှင်းပန်းမှာ လှုံ့ဆော်ခံရလိုက်၍ တိုက်ခိုက်ချင်နေသည်ကို ရှင်းရှင်းလင်းလင်း အာရုံရလိုက်၏။

ကြည့်ရသရွေ့ မန်ဟိုထံမှ ဖိအားနှင့် လက်ရှိအန္တရာယ်၏ပြင်းထန်မှုက ၎င်းကို ၎င်း၏အရှိန်အဝါအား သူ၏သွေးကြောများအထဲသို့ တမင်တကာ စီးဆင်းသွားအောင် လုပ်ခွင့်ပြုလိုက်သယောင်ပင်။

မန်ဟို့စိတ်မှာ တုန်ရီသွား၏။ သူသည် ရှင်သန်ခြင်းနှင်းပန်းနှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးပြီး အောင်အောင်မြင်မြင် ဖိနှိပ်နိုင်ခဲ့သော်လည်း အတင်းအဓမ္မ အားသုံး၍သာ ဖြစ်ခဲ့သည်။ ဤသည်မှာ ပထမဆုံးအကြိမ် ရှင်သန်ခြင်းနှင်းပန်းသည် အညံ့ခံပြီး ၎င်း၏သင်္ဘောဆန္ဒအလျောက် ၎င်း၏အရှိန်အဝါကို မန်ဟိုနှင့် ပေါင်းစည်းလိုက်ခြင်းဖြစ်သည်။

အရှိန်အဝါနှင့် တစ်သားတည်း ဖြစ်သွားသည့်အခါ မန်ဟို၏မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်တစ်ခု ပေါ်လာသည်။ သူက မခုခံဘဲ ရှင်သန်ခြင်းနှင်းပန်း၏အရှိန်အဝါကို သူ့ကိုယ်ထဲတွင် ဖြာဆင်းပျံ့နှံ့သွားစေ၏။ ချက်ချင်းပင် .... ငါးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းတစ်ပွင့်က သူ၏အနောက်တွင် ပေါ်လာတော့သည်။

ပန်းသည် နှစ်ပိုင်းကွဲနေသော မျက်နှာကြီးဖြစ်လာ၏။ တစ်ပိုင်းမှာ မန်ဟို့မျက်နှာနှင့်တူပြီး ကျောက်စိမ်းသဖွယ် နူးညံ့သိမ့်မွေ့နေသည်။ ကျန်တစ်ပိုင်းကတော့ ကောက်ကျစ်‌သော စိတ်ဝိညာဉ်တစ်ကောင်သဖွယ် ရက်စက်ကြမ်းကြုတ်နေ၏။

မျက်နှာနှစ်ဖက်၊ ပွင့်ချပ်ငါးချပ်၊ ကွန့်မြူးနေသော ရောင်စဉ်ငါးသွယ်။ မျက်စိတစ်မှိတ်အတွင်း အလင်းရောင်က ပင်လယ်ကြမ်းပြင်ကို စိုးမိုးသွား၏။ ထိုသို့ဖြစ်ပျက်သွားစဉ် မန်ဟို့စိတ်မှာ ရုတ်တရက် တုန်ရီသွားပြီး ထူးဆန်းသောအလင်းရောင်တစ်ခု သူ၏မျက်လုံးများတွင် တောက်ပလာဝောာ့သည်။ ထိုအခိုက်အတန့်တွင် .... ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်ကို သူ အာရုံရလိုက်လေသည်။

ဤသည်မှာ သူ့အ‌နေဖြင့် ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်ကို ပထမဆုံးအာရုံရခြင်းမဟုတ်သော်လည်း သူခံစားခဲ့ဖူးသမျှထဲ တိုက်ရိုက်အကျဆုံးဆယ်သွယ်မှုဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးက သူ့ကို ‌ကူညီနေသည့်အလား၊ သူ၏ဖြစ်တည်မှုမှာ အသိအမှတ်ပြုခံလိုက်ရသည့်အလားပင်။

ကောင်းကင်နှင့်မြေကြီးသည် သူ့အတွက်ဆိုလျှင် ဘာမဆိုလုပ်ဆောင်ပေးရန် အသင့်ဖြစ်နေသကဲ့သို့ ခံစားချက်ကြီးမှာ ဖော်ပြဖို့ ခဲယဉ်းနေ၏။

စွမ်းအားကား အကန့်အသတ်မရှိပေ။

ကောင်းကင်သည် မျက်လုံးဖွင့်၍ သူ့ကို ငုံ့ကြည့်လိုက်သကဲ့သို့ သူ၏ကံကြမ္မာမှာ နက်ရှိုင်းသွားသည့်အလား။ သူ့ကို အန္တရာယ်ပြုသည့် မည်သည့်သက်ရှိသတ္တဝါမဆိုမှာ ကောင်းကင်နှင့်မြေကြီးအတွက် မနှစ်မြို့စရာအရာဝတ္ထုဖြစ်လာမည့်အလားပင်။

မဖော်ပြတတ်သော ခံစားချက်ကြီးသည် လျှို့ဝှက်နက်နဲသော အနာဂတ်နှင့်တူ၏။

"ရှင်သန်ခြင်းနှင်းပန်း ခုနစ်ရောင်ခြယ်နဲ့ ပွင့်လန်းတဲ့အခါ နှစ်တစ်ထောင်တိုင် ပန်းတွေ ပွင့်ပြီး ပန်းတွေကြွေတယ်.... ဒါက တကယ်ပဲ သတ်လို့မရဘူးလား" သဘောပေါက်လိုက်ခြင်းက မန်ဟို့ကို တုန်လှုပ်သွားစေသော်လည်း လက်ရှိအချိန်တွင် စဉ်းစားနေရန် အချိန်မရှိပေ။

ငါးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်း သူ့အနောက်၌ ပေါ်လာသည်နှင့်တစ်ပြိုင်တည်းဆိုသလို ပတ်ဝန်းကျင်ရှိ ‌ပင်လယ်မိစ္ဆာအုပ်ကြီးများ ရူးသွပ်သွားတော့၏။ ၎င်းတို့၏မျက်လုံးများ နီမြန်းလာပြီး ခန္ဓာကိုယ်အပေါ်တွင် ချုပ်နှောင်အ‌မှတ်အသားများ ပေါ်လာလေသည်။

ချုပ်နှောင်အမှတ်အသားသည် ဖြူဆွတ်နေသည်မှလွဲ၍ ရှင်သန်ခြင်းနှင်းပန်း၏ ကနဦးသဏ္ဌာန်သဖွယ် စိတ်ဝိညာဉ်တစ်ကောင်၏မျက်နှာပုံစံရှိသည်။ သို့သော် အနီးကပ်ကြည့်လျှင် ၎င်းသည် ရှင်သန်ခြင်းနှင်းပန်းမဟုတ်ဘဲ အံ့ဖွယ်ကောင်းစွာနှင့် ... အရိုးဖြူနှင်းပန်းများ‌ဖြစ်ကြောင်း မြင်ရပေမည်။

"ဒီအရိုးဖြူနှင်းပန်းမှာ သေချာပေါက် ရှင်သန်ခြင်းနှင်းပန်းနဲ့ တိုက်ရိုက်ပတ်သက်မှု ရှိကိုရှိရမယ်။ ဒါပေမဲ့ နဂါးငွေ့တန်းပင်လယ်မှာ ဘာလို့ အရိုးဖြူနှင်းပန်းတွေ ဒီလောက်များနေရတာလဲ။ ပင်လယ်မိစ္ဆာတစ်ကောင်စီတိုင်းမှာ တစ်ပွင့်စီ ရှိနေသလိုပဲ" မန်ဟိုသည် အရိုးဖြူပန်းချုပ်နှောင်တံဆိပ်များကို လှည့်ပတ်ကြည့်ပြီး ဉီးရေပြားတို့ပင် ထုံကျင်လာတော့သည်။

"ဒါက ငါ့ဆရာ ပြောခဲ့ဖူးတဲ့ နဂါးငွေ့တန်းပင်လယ်က ဆရာကြီးငွေမီးအိမ်နဲ့ တစ်ခုခု ပတ်သက်နေမလားမသိဘူး" မန်ဟိုသည် ဧရာဘီလူးကြီးနှင့် ဂျယ်လီငါးကြီးကို ထပ်မံကြည့်လိုက်ရာတွင် တခြားပင်လယ်မိစ္ဆာများနှင့်မတူကြောင်း သဘောပေါက်သွား၏။

သူတို့အပေါ်တွင် တည်ရှိသည်မှာ အရိုးဖြူနှင်းပန်း၏အမှတ်အသားမဟုတ်ဘဲ အသက်ဝင်နေသည့် ပန်းအစစ်ဖြစ်သည်။

လောလောဆယ်တွင် အရိုးဖြူနှင်းပန်းနှစ်ပွင့်သည် ပွင့်ချပ်သုံးချပ်ဖြင့် ဖူးပွင့်တော့မည့်အလား ရှေ့နောက်ယိမ်းနေ၏။

***

All Chapters