ရတနာလေး
Vol. 107 Ch. 1494
နောက်တစ်နေ့မနက်မှစပြီး ရတနာလေးသည် ပို၍တိတ်ဆိတ်လာ၏။ မျက်နှာပေါ်တွင် အနွေးဓာတ်ကို ခံစားရလျှင် နေက ဘာလဲ မမေးတော့ပေ။ ငှက်တေးသီသံများ ကြားရလျှင်လည်း ငှက်ဆိုတာက ဘာလဲ မေးခြင်းမရှိတော့။
နောက်ဆုံးတော့ ‘မျက်ကန်း’ ၏ အဓိပ္ပါယ်ကို တခြားသူများ၏ စကားသံများမှတစ်ဆင့် သူ ကြားသိလာသည်။ ကောင်းကင်ကြီးက အမည်းရောင်မဟုတ်ဘဲ အပြာရောင်ဖြစ်ကြောင်းကိုလည်း သိရှိလာခဲ့သည်။ ကမ္ဘာကြီးသည်လည်း အမည်းရောင်ကြီးမဟုတ်၊ များစွာသောအရောင်များဖြင့် လှပနေသည်ဟု ဆိုကြ၏။
သူက တခြားကလေးများနှင့် မတူမှန်း ရတနာလေး နားလည်ခဲ့သည်။ သူတို့အကုန်လုံး မွေးကတည်းက လောကကြီးကို မြင်နိုင်ခဲ့သော်လည်း သူကတော့ ....။
ကြီးပြင်းလာလျှင် ကမ္ဘာကြီးကို မြင်ရလိမ့်မည်... သူ့မိဘများထံမှ ထိုစကားက မုသားတစ်ခုသာ ဖြစ်ခဲ့သည်။ သို့သော် မုသားဖြစ်သည်ကို သူ မယုံချင်။ ထို့ကြောင့် အသက်ကြီးလာပါက မြင်နိုင်လိမ့်မည်ဟုသာ သူ့ကိုယ်သူ ဆက်တိုက်ပြောနေခဲ့သည်။
သူ မမြင်နိုင်သည့်အကြောင်းရင်းက ... အရွယ်မရောက်သေး၍သာ ဖြစ်လိမ့်မည်။
ရတနာလေးသည် တစ်ယောက်တည်း ပိုနေတတ်လာ၏။ တခြားကလေးများနှင့် ထွက်ကစားခြင်းလည်း မရှိ။ သူတို့က သူ့ကို အမြဲအနိုင်ကျင့်တတ်သည်၊ မျက်ကန်းဟု ခေါ်ကာ ဟာသလုပ်တတ်ကြသည်။ သို့သော် ရတနာလေးမှာ သူငယ်ချင်းလိုချင်သည့်အတွက် အတတ်နိုင်ဆုံးပြုံး၍ မငိုမိအောင် ကြိုးစားလေ၏။ ကျန်ကလေးများနှင့် ကစားတိုင်း မြေကြီးပေါ် တွန်းချခံရပြီး အဝတ်များလည်း စုတ်ဖြဲခံရကာ အသားကိုပင် ကုတ်ဖဲ့ခံရသော်လည်း ရတနာလေးသည် ပြုံးသာနေ၏။
ကလေးလူကြီးများက သူ့ကို မျက်စိမမြင်သည့်အတွက် စနောက်ကြပြီး ထိုစနောက်မှုများက ပိုပို၍သာ ရက်စက်လာသည်။ ရတနာလေးမှာ ခံစားရလွန်းသဖြင့် ငိုချင်သော်လည်း ချုပ်တည်းထားလေသည်။ ရှိထားသော သူငယ်ချင်းများကို သူ မဆုံးရှုံးလိုပေ။ သူတို့ကို သူ လိုအပ်သည်။
တစ်နေ့တွင် ကလေးများက ရုတ်တရက် သူ့ကို လာရှာကြကြောင်း ကြားလျှင် ရတနာလေး အလွန်စိတ်လှုပ်ရှားသွားသည်။ သူတို့က အထူးကစားနည်းတစ်ခုကို သူတို့နှင့်အတူ ကစားစေချင်ကြောင်း သူ့ကို ပြောသည်။
“အဲ့ကစားနည်းက မျက်ကန်းလိုက်ဖမ်းတမ်း တဲ့။ ရတနာလေး မင်းက ကန်းနေမှတော့ ငါတို့ကို လိုက်ဖမ်းပေးပေါ့ ဟုတ်ပြီလား”
“မင်း ဖမ်းမိသွားရင် အဲဒီအဖမ်းခံရတဲ့တစ်ယောက်က မျက်ကန်းဖြစ်သွားလိမ့်မယ်။ ပြီးတော့ ငါတို့ အဲဒီကစားနည်းအတွက် အထူးနေရာတစ်နေရာကို သွားကြမှာ။ ငါတို့ ‘စ’ ဆိုတာနဲ့ မင်း လိုက်ဖမ်းလို့ရပြီ”
“ဟို ... ငါ မကစားချင်ဘူး” ရတနာလေးက ထိတ်လန့်စွာ ပြောသည်။ မျက်ကန်းဖြစ်ရသည်မှာ ကြောက်စရာကောင်းမှန်း သူ သိ၍ အခြားသူများကိုလည်း မျက်ကန်းဖြစ်အောင် သူ မလုပ်ချင်ပေ။
“ပိတ်ထားစမ်း။ မင်း အခု လိုက်မကစားရင် ငါတို့ မင်းနဲ့ ဘယ်တော့မှ မကစားတော့ဘူး” ကလေးများက အငြင်းမခံဘဲ သူ့ကို ကစားဖို့ ဆွဲခေါ်သွားကြသည်။ ရတနာလေးမှာ သူတို့ သူ့ကို မည်သည့်နေရာသို့ ခေါ်သွားနေမှန်း မသိသော်လည်း ငှက်သံများအား ကြားလာရ၏။ နောက်ဆုံးတော့ သူတို့က သူ့ကို ဒူးထောက်ခိုင်းသည်။
“မှတ်ထားနော်၊ ငါတို့ ‘စ’ လို့ မပြောမချင်း မစနဲ့” သူတို့က ဟီးဟီးဟားဟားရယ်ကြပြီး အသံများက တဖြည်းဖြည်း ဝေးကွာတိုးဝင်သွားလေသည်။
ရတနာလေးမှာ စော ‘စ’ လိုက်မိလျှင် စည်းကမ်းချိုးဖောက်မိမှာ စိုး၍ မြေကြီးပေါ်တွင် မလှုပ်မယှက်ဒူးထောက် ကျန်ခဲ့သည်။ သူ စည်းကမ်းဖောက်လိုက်ပါက သူတို့က သူနှင့် ဘယ်တော့မှ ထပ်မကစားဘဲ နေတော့မည်မဟုတ်ပါလော။ ထို့ကြောင့် ရတနာလေးသည် ... အကြာမှအကြာကြီး စောင့်နေ၏။
မကြာမီ ငှက်သံများ တိတ်သွားပြီး အေးလည်း အေးလာရာ ရတနာလေးမှာ ကြောက်လာသည်။
“ငါတို့ အခု စလို့ရပြီလား” သူက အော်မေးသည်။ သို့သော် တစ်ယောက်မှ ပြန်မဖြေ။
“အခု စလို့ရပြီလား” ရတနာလေးမှာ တုန်ရီနေလေပြီ။ အေးသထက် အေးလာသော်လည်း ဘယ်သူမှ သူ့အော်သံများကို မတုံ့ပြန်။
“အခု စလို့ရပြီလား....” ရတနာလေးသည် ကတုန်ကယင်ဖြင့် ဖြည်းဖြည်းချင်း ထ၏။ အနီးနားမှ လူသံများ ကြားရလိမ့်မည်ဟု သူ ထင်ထားသော်လည်း မည်သူမှ သူ့မေးခွန်းကို ပြန်မဖြေကြပေ။
ရတနာလေးသည် ကြောက်လာ၏။ ကမ္ဘာကြီးမှာ မှောင်မိုက်နေပြီး မိဘများကြောင့် သူ ခံစားနေရသော အနွေးဓာတ်မှာလည်း မရှိတော့ပေ။ မှောက်မိုက်နေရုံသာမက အေးစိမ့်နေသည်။
“ငါတို့ အခုစကြမလားဟင်... ငါ .. ထပ် မကစားချင်တော့ဘူး...” ကြောက်လွန်း၍ မျက်ရည်များက သူ့ပါးပြင်တစ်လျှောက် စတင်စီးကျလာသည်။
“မင်းတို့တွေ ဘယ်မှာလဲ။ ငါတို့ ထပ်မကစားချင်တော့ဘူး .... အိမ်ပြန်ချင်တယ်
“ဖေကြီးရေ မေကြီးရေ...” ရတနာလေးသည် ငိုရင်း လက်ကလေးနှစ်ဖက်ဖြင့် ရှေ့ကို စမ်းရင်း လျှောက်လိုက်သော်လည်း မည်သည့်အရာကိုမှ မဆုပ်ကိုင်မိပေ။ ခြေလှမ်းအနည်းငယ်လှမ်းပြီးသော် သူ လဲကျသွားသည်။
“မေကြီး... မေကြီးရေ ဘယ်မှာလဲဟင် .. သားကြောက်တယ်..” သူက ကြောက်လန့်စွာ ငိုရင်း ကုန်းရုန်းထသည်။ တစ်ယောက်တည်းဖြစ်ရသည့် ခံစားချက်က မွန်းကြပ်ဖွယ်ကောင်းသည်။ သူ့အဝတ်စများ စုတ်ပြဲနေပြီး သူ့ခေါင်းမှ သွေးများစီးကျနေသည်။ ထို့အပြင် သူ့မှာ ခုနစ်နှစ်သာ ရှိသေးလေသည်။ ရတနာလေးသည် လက်နှစ်ဖက်ဖြင့် ရှေ့ကိုစမ်းရင်း ဖြည်းဖြည်းချင်း လျှောက်သွား၏။
သူ မမြင်ရသည်မှာတော့ ... လက်ရှိနေရာသည် တောအုပ်ဖြစ်ပြီး သူ့အရှေ့၌ အဖော်မဲ့ဝံပုလွေတစ်ကောင် ရှိနေသည်ကိုပင်။ ဝံပုလွေသည် သွေးအေးသောမျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်ရင်း တရွေ့ရွေ့ ချဉ်းကပ်လာ၏။
ဝံပုလွေသည် သူ့ကို ခုန်အုပ်တော့မည်အချိန်တွင် ရုတ်တရက် တုန်ရီသွားပြီး လဲကျသွား၏။ တခဏကြာသော် ၎င်းမှာ ပြာထက်မပိုတော့ပေ။ အစိမ်းရောင်ဂါဝန်ရှည်နှင့် မိန်းမငယ်လေးတစ်ဦး ပေါ်လာသည်။
သူမက စမ်းတဝါးဝါး လျှောက်နေသော ကလေးကို ငေးကြည့်နေသည်။ သူ့မျက်နှာပေါ်ရှိ မျက်ရည်များကို သူမ မြင်ရပြီး နှလုံးကြေကွဲဖွယ်အသံလေးဖြင့် အော်ခေါ်နေသော သူ့အသံကိုလည်း ကြားရသည်။ မိန်းကလေးသည် နှုတ်ခမ်းကို ဖိကိုက်ကာ မျက်ရည်ကျလာ၏။
“ဆရာရယ်.... “ သူမက တိုးညင်းစွာ ရေရွတ်လိုက်သည်။ ဤမိန်းကလေးသည် ယန်အာဖြစ်၏။ သူမဆရာကို နှစ်ပေါင်းရာချီ သူမ ရှာခဲ့ရပြီးနောက်တွင်တော့ ယနေ့တွင် ဤနေရာ၌ ဘဝပြန်ဝင်စားခြင်းအငွေ့အသက်များကို သူမ ခြေရာခံနိုင်ခဲ့သည်။ နောက်ဆုံးတော့ ... သူမဆရာ၏ လူဝင်စားကို သူမ ရှာတွေ့ခဲ့လေပြီ။
ငိုနေသောကောင်လေး၏ ခြေထောက်မှာ တစ်စုံတစ်ခုကို တက်နင်းမိလိုက်၍ ရှေ့သို့ မှောက်ရက်လဲကျလာသော်လည်း ယန်အာက သူ့ကို အသာအယာလေး ပွေ့လိုက်လေသည်။
ရတနာလေးသည် တုန်ရီလာပြီး မည်သူ သူ့ကို ဖမ်းလိုက်သလဲ ခံစားကြည့်ဖို့ လက်လှမ်းလိုက်၏။ သူမက သူ့အမေလိုပဲ နွေးထွေးလေသည်။ သူမနှင့်ပတ်သက်၍ တစ်စုံတစ်ခုက အလွန်ရင်းနှီးနေသည်။ သူမ၏ကိုယ်သင်းနံ့လေးကပင် ရင်းနှီးနေသလို ရှိသည်။
“ဟို....” သူက တိုးတိုးလေး ပြောသည်။
တခဏကြာသော် ယန်အာက သူ့အရှေ့တွင် ဒူးထောက်၍ ပြုံးပြီးနောက် မေးလေသည်။ “မင်းနာမည်က ရတနာလေးမလား”
“ဟုတ်” ရတနာလေးက ခေါင်းညိတ်ကာ ဖြေသည်။ မိန်းကလေး၏အသံသည် နူးညံ့သိမ်မွေ့၍ သူ့မှာ မကြောက်တော့ပေ။
ထိုအခိုက်အတန့်တွင် အဝေးမှ အသံများကို ကြားလိုက်ရသည်။ လူစုတစ်စုက လမ်းလျှောက်လာပြီး အော်ခေါ်နေသည်။
“ရတနာလေးရေ ဘယ်မှာလဲ....”
“ရတနာလေးရေ... မေမေလေ သားရဲ့ မေကြီး။ သားလေး ဘယ်မှာလဲကွယ်...”
“ရတနာလေး....” သူ့အမေနှင့်အဖေက တခြားသူများနှင့်အတူ လိုက်ရှာနေသည်။ သူတို့အသံများသည် စိုးရိမ်ပြီး ကြောက်ရွံ့နေဟန်ပင် တူ၏။
“ဖေကြီး... မေကြီး...” ရတနာလေးမှာ တသိမ့်သိမ့် တုန်လာသည်။
ယန်အာမှာ တခဏတွန့်ဆုတ်သွားပြီး ကလေးကို ခေါ်မသွားရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူမက သူ့ဆံပင်များ လှမ်းဖွလိုက်သည်။
“မင်းအဖေနဲ့ အမေ မင်းကို ရှာတွေ့သွားပြီ” သူမက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “နောက်ကျမှ .... မမ လာရှာမယ်နော်”
သူမက ထွက်ခွာဖို့ လှည့်လိုက်သော်လည်း ရတနာလေးသည် အရေးပါသောအရာတစ်ခုကို ဆုံးရှုံးရတော့မည့်အလား ရုတ်တရက် ခံစားလိုက်ရ၏။
“မမ...” သူက လွှတ်ခနဲ ပြောသည်။ “သား... မမ မျက်နှာကို ထိကြည့်လို့ရမလား”
ကောင်လေးကို ကြည့်နေသည့် ယန်အာ၏မျက်လုံးများသည် နွေးထွေးသွား၏။ ဤကလေးငယ်သည် သူမ၏အရာအားလုံးဖြစ်သော သူမဆရာဖြစ်လေသည်။
သူမက ကောင်လေး၏အရှေ့တွင် ဒူးထောက်လိုက်သည်။ သူ၏လက်သေးသေးလေးများမှာ ညစ်ပတ်နေသော်လည်း သူမက ဂရုမစိုက်ပေ။ သူသည် လှမ်း၍ သူ၏လက်ချောင်းလေးများအား သူမမျက်နှာတစ်လျှောက် ဂရုတစိုက် ဖြည်းဖြည်းချင်း ရွေ့လျားကြည့်ပြီး အတန်ကြာသော် ပြုံးလိုက်သည်။ ယန်အာက သူ့ကို နောက်တစ်ခေါက် ကြည့်သည်။ ထို့နောက် ပြုံးရင်း လှည့်ထွက်သွားသည်။
အချိန်အနည်းငယ်ကြာသော် ရတနာသည် ငိုရင်း သူ့မိဘများကို လှမ်းခေါ်ကာ အသံကြားရာဘက်သို့ ပြေးသွား၏။ သူတို့က သူ့ကို ပွေ့ချီလိုက်ကြလေသည်။ တောထဲမှ ထွက်လာပြီးနောက် သူသည် ဘာဖြစ်ခဲ့လဲ မမေးပေ။ သို့သော် နောက်ရက်များတွင် ကျန်ကလေးများနှင့် ကစားခြင်းမရှိတော့။ ရတနာလေးသည် တစ်ယောက်တည်းပဲ နေတတ်လာပြီး တောထဲတွင် ဆုံခဲ့ရသော မမအကြောင်း တွေးနေတတ်၏။
တစ်ခါတရံ သူမသည် အမှန်တကယ် ထွက်မသွားဘဲ သူ့ဘေးတွင် သူ့ကို စောင့်ရှောက်ပေးနေသလို သူ ခံစားရသည်။ သူမက ဘယ်တော့မှ လူယောင်ထွက်မပြသော်လည်း ထိုခံစားချက်ကို အမြဲရနေ၏။
အချိန်များ ကုန်လွန်သွားသည်။ ဆယ်နှစ်ကြာသော် ရတနာလေး အရွယ်ရောက်လာခဲ့သည်။ သို့သော် သူသည် အလင်းမရှိသော အမှောင်ကမ္ဘာထဲတွင် နေထိုင်နေရဆဲပင်။ မိုးကောင်းကင်က သူ့ကို မေ့လျော့နေပုံရလေသည်။
သူ့မိဘနှစ်ပါးလည်း အိုမင်းလာသည်။ ရတနာလေးသည် မမြင်ရသော်လည်း သူတို့၏အသံများ မတူတော့သည်ကို ပြောနိုင်၏။ သွက်လက်သောလက်များကြောင့် ရတနာလေးကား သူ့မိဘများနည်းတူ လက်သမားအတတ်ကို စတင်လေ့လာသည်။
ထူးထူးခြားခြားလုပ်စရာ မရှိသည့်အတွက် သူသည် ပန်းပုအတတ်တွင် ဝါသနာပါလာ၏။ မမြင်ရသော်လည်း စိတ်ကူးကြည့်နိုင်သည့်အတွက် သူ၏လက်ရာပန်းပုများက မယုံနိုင်လောက်အောင် အသက်ဝင်ပေသည်။ ကလေးတစ်ယောက်၏ အိပ်မက်များနှင့် တူသည်။
ရတနာလေးသည် ငှက်ကလေးများ၊ အိမ်များနှင့် သူနှင့် အရင်းနှီးဆုံးလူများကို ပန်းပုထု၏။
မျက်ကန်းဟု အခေါ်ခံရလည်း သူ ဂရုမစိုက်ပေ။ ကမ္ဘာကြီးကို မမြင်ရလည်း သူ ဂရုမစိုက်။ မိုးနှင့်မြေထဲတွင် သူ၏နေရာကို သူ ရှာတွေ့ခဲ့လေပြီ .... သူ၏သစ်သားပန်းပုများသည် သူ့အတွက် အရာအားလုံး ဖြစ်၏။
ပန်းပုများသည် အစစ်နှင့် အမြဲတမ်းမတူသော်လည်း သူ့နှလုံးသားထဲတွင် သူ မြင်ရသောအရာများ ဖြစ်၏။ ထိုမျှသာမက သူ့လက်ထဲ၌ တစ်စုံတစ်ခုကို ခံစားကြည့်နိုင်လျှင် ၎င်းအား ပန်းပုအသွင်ဖြင့် တစ်ပုံစံတည်း ထုဆစ်နိုင်လိမ့်မည်။
“မိုးကောင်းကင်က မျက်ကွယ်ပြုထားတယ်လို့ မေကြီး တစ်ခါပြောဖူးတယ်။ ငါတစ်ယောက်တည်း ခံစားနိုင်တဲ့ .... မျက်လုံးဖွင့်ထားတဲ့ မိုးကောင်းကင်ကို ငါ ထုဆစ်ချင်တယ်” ရတနာလေးသည် တဟားဟားရယ်၍ ခေါင်းခါလိုက်သည်။
တဖြည်းဖြည်း သူ၏ပန်းပုများသည် မြို့တော်တွင် ရေပန်းစားလာပြီး စီးပွားရေးလုပ်ငန်းလေးတစ်ခု ထူထောင်လာနိုင်၏။ သူ့ကို အလိုလိုက်ဆဲဖြစ်သော မိဘများမှာ ဝမ်းသာပီတိဖြစ်နေကြလေသည်။
သူတို့သားသည် အမြင်ကွယ်နေသော်လည်း ထူးချွန်သောလူငယ်တစ်ယောက် ဖြစ်၏။ နောက်ဆုံးက သူက သူတို့ကိုပင် ပြုစုစောင့်ရှောက်လာသည်။ သူတို့မှာ စိတ်နှလုံးလည်း လှုပ်ခတ် ၊ အလွန်လည်း ကျေနပ်ကြလေသည်။ သူတို့၏ရင်ထဲတွင် ချစ်ခြင်းမေတ္တာများပြည့်နှက်နေ၏။
သို့သော် ရတနာလေးကို သူတို့ စိတ်မချသေးပေ။ သူ့ကိုယ်သူ စောင့်ရှောက်နိုင်သော လုပ်ရည်ကိုင်ရည် သူ့တွင် ရှိသော်လည်း ရတနာလေး လက်ထပ်သင့်သည်ဟု သူတို့ ခံစားနေရဆဲပင်။
ကံဆိုးစွာနှင့် အမြင်ကွယ်နေသောသူနှင့် သူတို့သမီးကို လက်ထပ်ပေးလိုသည့် မိသားစုများ နည်းပါးလေသည်။
သုံးနှစ်ကြာသွားသည်။ နောက်ဆုံးတော့ အမျိုးသမီးတစ်ယောက်က အောင်သွယ်လုပ်၍ ရတနာလေးကို လက်ထပ်ဖို့ သဘောတူသော အိမ်လေးတစ်အိမ်မှ မိန်းကလေးတစ်ယောက်ကို ခေါ်လာသည်။ သူမသည် အလွန်လှပပြီး လက်ထပ်ဖို့ သဘောတူလိုက်ခြင်းက ရတနာလေး၏မိဘနှစ်ပါးများကို အလွန်ကြည်နူးသွားစေသည်။ သူတို့သည် သူတို့၏အိုးအိမ်စည်းစိမ်များဖြင့် သူမကို တင်တောင်းကာ အိမ်ပြန်လိုက်ပို့ပေးလိုက်ကြ၏။
ထိုနေ့က ဤလူအိုမောင်နှံအတွက် အပျော်ရွှင်ဆုံးနေ့တစ်နေ့ဖြစ်သည်။ သူတို့သည် မင်္ဂလာပွဲအခမ်းအနားကို ဦးဆောင်ကျင်းပပေး၏။ အနီရောင်မီးအိမ်လေးများအား ချိတ်ဆွဲထားကြသည်။ အိမ်နီးနားချင်းဆွေမျိုးသားရင်းများ ပြန်သွားသောအခါ ရတနာလေး၏မိဘများက သူမကို မင်္ဂလာအိပ်ခန်းသို့ ခေါ်သွားပေးသည်။
ရတနာလေးမှာ ဂနာမငြိမ်ပေ။ ဤမိန်းကလေးနှင့် သူ တစ်ခါမှ မတွေ့ခဲ့ရသေးသလို၊ အကုန်လုံး သူ့မိဘများမှ စီစဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် သားလိမ္မာတစ်ဦးဖြစ်၍ လက်ထပ်ဖို့ စိတ်မဝင်စားလျှင်တောင်မှ မိဘများ၏ဆုံးဖြတ်ချက်ကို နာခံလိမ့်မည်သာ။
ထိုမျှသာမက ဤမိန်းကလေးက သူ့လို မျက်ကန်းတစ်ယောက်အား ဘာကြောင့်လက်ထပ်ဖို့ သဘောတူခဲ့ကြောင်းကိုလည်း သူ သိချင်သည်။
ရတနာလေး အခန်းထဲ ဝင်လာသောအခါ သူမသည် အနီရောင်မင်္ဂလာသတို့သမီးဝတ်စုံကို ဝတ်ဆင်ထားပြီး အနီရောင်မျက်နှာလွှားဇာလေး ချထား၏။ ရတနာလေးမှာ သူမကို မမြင်ရသော်လည်း သူမ၏တည်ရှိမှုကိုတော့ ခံစားရသည်။
နံရံကို စမ်းရင်း သူသည် ခုတင်အနားကပ်သွားကာ သူ့ဇနီးကို လှမ်းထိလိုက်သည်။
သူမမှာ တုန်ရီသွားသော်လည်း ဘာမှမပြောပေ။
ရတနာလေးသည် တိတ်ဆိတ်စွာ ရပ်နေပြီး မျက်နှာလွှားဇာလေးကို အသာအယာ မ,လိုက်၏။ “မျက်နှာကို ထိကြည့်လို့ရမလား”
မိန်းကလေးမှာ အလွန်စိတ်လှုပ်ရှားနေပုံရသည်။ သူမသည် ဂါဝန်စလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး အသက်ရှူသံများ မြန်နေ၏။ သူမရင်ခုန်နေသည်မှာ ဟန်ဆောင်မှုမဟုတ်ပေ။ သူမရင်ထဲတွင် မှန်ကန်သောအရာကို လုပ်နေသည်လား မသိတော့ချေ။ သို့သော် ဤအရာသည် အတိတ်ဘဝမှာပဲဖြစ်ဖြစ်၊ လက်ရှိဘဝမှာပဲဖြစ်ဖြစ် သူမ အမြဲတမ်း တောင့်တနေခဲ့သည့်အရာဖြစ်သည် ...
သူမက အသက်ပြင်းပြင်းရှူပြီးနောက် ပြန်ဖြေလိုက်၏။ “အင်း”
ရတနာလေးက သူမမျက်နှာလေးကို ကိုင်လိုက်ပြီး သူ၏လက်ချောင်းများသည် သူမမျက်လုံး၊ နှာခေါင်းနှင့် နှုတ်ခမ်းများကို ခံစားနေ၏။ ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ယင်သွားသည်။