← Chapters

ရေခဲမီးကမ္ဘာ

Vol. 107 Ch. 1495

ရေခဲမီးကမ္ဘာ

Vol. 107 Ch. 1495

“မမလား ....” ရတနာလေးက ရင်တဒိန်းဒိန်း ခုန်နေလျက် ပြောသည်။ ထိုမျက်နှာလေးမှာ သူ ဘယ်တော့မှ မမေ့နိုင်သည့်မျက်နှာလေးပင်။ သူ့ဘ၀၏အမှောင်မိုက်ဆုံး၊ အထီးကျန်ဆုံးအခိုက်အတန့်တွင် သူ့နှလုံးသားထဲရှိ တစ်ခုတည်းသောအနွေးဓာတ်လည်း ဖြစ်ခဲ့၏။

နောက်ဆုံးတော့ ရတနာလေး၏လက်များက သူမမျက်နှာမှ ခွာသွားသည်။ သူက ပြုံးလိုက်၏။ နွေးထွေးပြီး ပျော်ရွှင်နေသော အပြုံးလေးဖြစ်ပေသည်။

နှစ်များစွာ ကုန်လွန်သွားသည်။

မန်ဟို့ကိုယ်ပွား၏ န၀မဘ၀သည် ပထမကုန်းမြေပေါ်တွင် တိတ်ဆိတ်စွာ ကုန်ဆုံးနေ၏။ ထိုစဉ် မန်ဟိုကား အာကာပြင်ကျယ်စကြ၀ဠာ၏ ကြယ်တာရာကောင်းကင်ထဲရှိ ဧရာမပန်းပွင့်ကြီးအတွင်း၌ နောက်ဆုံးမှန်ကွဲစကို လိုက်ရှာနေလေသည်။

လောလောဆယ်တွင် သူသည် ရေခဲများ ဖုံးနေသော ကမ္ဘာတစ်ကမ္ဘာထဲတွင် တင်ပျဉ်ခွေထိုင်နေ၏။ “ဒီ‌နောက်ဆုံးမှန်ကွဲစကို ရတာနဲ့ မှန်ကွဲစအကုန် ပြည့်သွားလိမ့်မယ်။ ဒါဆို ကြေးမုံကို ငါ့ဆီပြန်လာအောင် ခေါ်လို့ရပြီ”

ဤကမ္ဘာတွင် သူ မြင်သမျှအရာအားလုံးကား ရေခဲများသာ။ အပင်များရှိသော်လည်း ရေခဲနေပုံရသည်။ ၎င်းတို့ကား ရေခဲပန်းပုများသဖွယ် လှပ၏။

“ဘယ်လောက်ထူးဆန်းလိုက်တဲ့ ကမ္ဘာလဲ....” သူက မျက်လုံးများ လင်းလက်တောက်ပနေလျက် ပြောသည်။ ပန်းထဲသို့ ၀င်လာကတည်းက ဤ‌ဧရိယာတွင် ကြေးမုံကို သူ ရှာဖွေနေခဲ့သော်လည်း ဤနေရာရှိ အအေးဓာတ်က အနှစ်သာရကိုးခုပညာရှင်များကိုပင် ထိတ်လန့်စေနိုင်လောက်အောင် ပြင်းထန်လှသည်။ ၎င်းက သူ့ကို တစ်ချိန်လုံး ဖိနှိပ်ရင်း ကျန်အရာများနည်းတူ‌ ရေခဲပန်းပုအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားနေသည်။

အတန်ငယ် အနားယူပြီးနောက် မန်ဟိုသည် ရေခဲကမ္ဘာတလျှောက် ပျံသန်းသွား၏။ မည်သည့်နေရာတွင်ရှာရှာ၊ မှန်ကွဲစကို မတွေ့သည်တိုင် ဤပန်းပွင့်ကြီး၏ အတွင်းတစ်နေရာတွင် ရှိနေကြောင်း သူ ခံစားနေရသည်။

ရှေ့ဆက်သွားနေစဉ် ရုတ်တရက် အဝေးတစ်နေရာမှ လာနေသော အားကောင်းကောင်း ဟိန်းဟောက်သံတစ်သံကို ကြားလိုက်သည်။ သူ့ပတ်ပတ်လည်ရှိ ရေခဲပြင်ကြီး‌ ကြေမွသွားပြီး အက်ကွဲကြောင်းများ ထလာ၏။

သူက မျက်မှောင်ကြုတ်၍ အနောက်လှည့်ကြည့်သည်။ အဝေးတွင် မီတာသုံးသိန်းတိတိမြင့်မားသော ဧရာမတောင်ကြီးတစ်လုံး ရှိ၏။ ၎င်း၏တောင်ထိပ်က အပေါ်ရှိ တိမ်တိုက်များကို ထိုးဖောက်နေလေသည်။ တောင်သည် လောလောဆယ်တွင် တုန်ရီနေပြီး သူ ယခုလေးတင် ကြားလိုက်ရသည့် ဟိန်းဟောက်သံလာရာ အရင်းအမြစ်လည်း ဖြစ်၏။

အနီးကပ်ကြည့်လိုက်ပါက အမှန်တရားကို တွေ့ရလိမ့်မည်။ သူ ကြည့်နေရသည်က တောင်မဟုတ်ဘဲ ဧရာမဘီလူးကြီးတစ်ကောင်ပင်။ ဘီလူးကြီးသည် ထိုင်နေရာမှ ထဖို့ ကြိုးစားနေသော်လည်း အစွမ်းထက်အနှစ်သာရချိတ်ပိတ်သင်္ကေတများက ၎င်းကို ၀န်းရံလျက် ရုန်းမထွက်နိုင်အောင် တားမြစ်နေ၏။

မန်ဟိုက အေးစက်စက်နှာမှုတ်လိုက်သည်။ ဤမီတာသုံးသိန်းဘီလူကြီးသည် လွန်ခဲ့သော နှစ် ၂၀ က ‌ဤနေရာသို့ ၀င်ရောက်ခဲ့ပြီးနောက် သူ တွေ့ခဲ့ရသည့် ပထမဆုံးသက်ရှိဖြစ်၏။ ဘီလူးကြီးက သူ့ကို မြင်လျှင်ချင်း တောင်တစ်လုံးအသွင်မှ ဘီလူးတစ်ကောင်အသွင် ပြောင်းခဲ့လေသည်။ ထို့နောက် သတ်ဖြတ်လိုစိတ်များဖြင့် သူ့ကို တိုက်ခိုက်ဖို့ စတင်ခဲ့သည်။

ထိုကောင်ကြီးနှင့် ဆက်သွယ်ညှိနှိုင်းဖို့ကား မဖြစ်နိုင်ခဲ့ပေ။ မန်ဟိုက ရန်မပြုလိုကြောင်း ပြသခဲ့သော်လည်း ၎င်းက သူ့ကို အဖက်မလုပ်ဘဲ ပို၍ပင်နင်းကန်တိုက်ခိုက်ခဲ့သေးသည်။ မန်ဟိုလည်း ဒေါသထွက်သွားသဖြင့် ၎င်းကို ပြန်တိုက်ခိုက်ခဲ့လေသည်။

မီတာသုံးသိန်းဘီလူးကြီးမှာ သူ့အတွက် ပြိုင်ဘက်မဟုတ်သည့်အပြင် မသေနိုင်ပုံလည်းရသည်။ နှစ် ၂၀ တစ်လျှောက်လုံး မန်ဟိုသည် ၎င်းကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်အနိုင်ယူခဲ့သည့်တိုင် အပြတ်မရှင်းပစ်နိုင်ခဲ့ပေ။

အဆုံးသတ်တွင် သူ့မှာ မတိုက်ခိုက်ချင်တော့၍ မှန်ကွဲစအား အေးအေးလူလူ ရှာဖွေဖို့ ၎င်းကို ချိတ်ပိတ်ခဲ့၏။ ယခုတွင် ဘီလူးကြီးကား ချုပ်စည်းများအတွင်းမှ ရုန်းထွက်ဖို့ ကြိုးစားနေလေပြီ။

မန်ဟိုက ဘီလူးကြီးကို လျစ်လျူရှုပြီးနောက် မှန်ကွဲစကို ဆက်လက်ရှာဖွေလိုက်သည်။

သူ ဆက်လက်ပျံသန်းနေစဉ်အတွင်း နှစ်ပေါင်းများစွာ ကုန်လွန်သွား၏။ နောက်ဆုံးတော့ အအေးဓာတ်နည်းလာကြောင်း သူ သတိထားမိလိုက်သည်။ တစ်နေရာရောက်သော် အေးပင်မအေးတော့ပေ။

“နောက်ဧရိယာတစ်ခုကို ငါ ရောက်သွားတာများ ဖြစ်နိုင်နေမလား” သူက အရှိန်တင်ရင်း တွေးသည်။ လအနည်းငယ်ကြာသော် မန်ဟိုသည် အဝေးကို ကြည့်ရင်း လေထဲတွင် ပျံဝဲနေ၏။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ရေခဲတောင်များအတွင်း၌ မြို့များကို သူ မြင်လိုက်ရသည်။

မြို့များသည် ဟိုဟိုသည်သည် ပြန့်ကျဲနေပြီး အတော်လေးတော့ များ၏။ ထောင်ဂဏန်းမျှရှိမည် ထင်ရသည်။ ထိုမျှသာမက ဤမြို့များတွင် မရေမတွက်နိုင်သော သက်ရှိများ ပြည့်နှက်နေချေသည်။

၎င်းတို့သည် ကြီးမား၏။ ဤမြို့များဖြင့်ယှဉ်လျှင် တောင်ပင်လယ်လောကနှင့် အာကာပြင်ကျယ်ဂြိုလ်ရှိ မြို့များမှာ ကလေးကစားစရာများနှင့် တူနေလိမ့်မည်။

မန်ဟိုက အတွေးများဖြင့် ပျံဝဲနေသည်။ မှန်ကွဲစများကို ရှာဖွေနေသည့် နှစ်များအတွင်း ကမ္ဘာလောကပေါင်းများစွာကို သူ ရောက်ရှိခဲ့ဖူးသည်။ ကျင့်ကြံသူမဟုတ်သော သက်ရှိသတ္တဝါမျိုးစုံကိုလည်း မြင်ခဲ့ဖူးသည်။ တချို့က သားရဲများနှင့်တူသည်။ တချို့တွင်မူ မြူခန္ဓာကိုယ်များပင် ရှိ၏။

ပထမတော့ ထိုဖြစ်တည်မှုများကို မြင်သည့်အခါ သူ အံ့ဩတုန်လှုပ်ခဲ့သည်။ သို့သော် အချိန်တစ်ခုကြာသော် မထူးဆန်းတော့ပေ။ အာကာပြင်ကျယ်စကြ၀ဠာ၏ ကြယ်တာရာကောင်းကင်အတွင်း၌ ထူးဆန်းသော သက်ရှိမျိုးစုံရှိကြောင်း သူ ကောင်းကောင်းသိရှိခဲ့ပြီ ဖြစ်သည်။

မန်ဟိုသည် အရှေ့ရှိ မြို့များကို ကြည့်နေ၏။ ၎င်းတို့က အတော်လေး လှမ်းသော်ငြား အတွင်းရှိ သက်ရှိများကို သူ ရှင်းရှင်းလင်းလင်း မြင်ရသေးလေသည်။

အဆိုပါသက်ရှိတို့သည် ဧရာမကြီးမားသည်မှအပ ကျင့်ကြံသူများနှင့် ဆင်တူ၏။ အများစုက မီတာ ၃၀ ခန့်မြင့်မားရာ ‌တောင်များ လမ်းလျှောက်သွားနေသည်နှင့် တူသည်။ သူတို့အကြားရှိ ကလေးများပင်လျှင် အနည်ဆုံး ၃ မီတာ မြင့်မား၏။

အသက်အကြီးဆုံး တချို့ကမူ မီတာ ၃၀၀ ကျော်ပြီး မီတာ ၃၀၀၀ ခန့်မြင့်မားသည်။ မန်ဟိုသည် နတ်ဘုရားအာရုံဖြင့် ဤဖြစ်တည်မှုများအကြားရှိ အင်အားအကြီးမားဆုံးအကောင်ကို ရှာတွေ့သွား၏။ ထိုအကောင်သည် အနှစ်သာရ ၉ ခုစဦးပိုင်းအဆင့်ရှိသော ဘီလူးကြီးဖြစ်ပြီး အနည်းဆုံး မီတာ ၃၀၀၀၀ မြင့်မားလေသည်။

ထိုဘီလူးသည် မြို့ထဲ၌ ရှိနေခြင်းမဟုတ်။ တောင်တစ်လုံးအသွင်ဖြင့် တင်ပျဉ်ခွေထိုင်နေ၏။

သို့သော် ဘီလူး၏အရှိန်အဝါအငွေ့အသက်များအပေါ် အခြေခံ၍ အသက်စွမ်းအားတို့ ပြည့်နှက်နေ‌ကြောင်း မန်ဟို ပြောနိုင်သည်။ ဘီလူး၏ပတ်ပတ်လည်တွင် တောင်အသွင်များဖြင့် တခြားအစွမ်းထက်ပညာရှင်များရှိသည်။ တစ်ကောင်မှ မီတာ ၃၀၀၀၀ မမြင့်မားသော်လည်း တစ်ရာခန့်က မီတာ ၁၅၀၀၀ မျှ မြင့်မား၏။

ဤဘီလူးများသည် ဤကမ္ဘာ၏ သဘာဝမျိုးစိတ်များ ဖြစ်ကြပြီး သူ တွေ့ခဲ့သော မီတာသုံးသိန်းအမြင့် ရေခဲတောင်ဘီလူးနှင့် တစ်မျိုးစိတ်တည်းဖြစ်ကြောင်း ပြောနိုင်သည်။

ခပ်လှမ်းလှမ်းတွင် မန်ဟိုသည် ရေခဲမြေ အဆုံးသတ်သွားသည်ကို တွေ့လိုက်ရ၍ အံ့အားသင့်သွား၏။ ထို့အလွန်တွင် အစိမ်းရောင်လွင်ပြင်များကို သူ မြင်လိုက်ရသည်။

မရေမတွက်နိုင်သောမြို့များကိုလည်း လွင်ပြင်များအပေါ်၌ မြင်ရနိုင်သည်။ ၎င်းတို့အားလုံးက တစ်မြို့နှင့်တစ်မြို့ ချိတ်ဆက်ကာ ကျင့်ကြံသူများနှင့်တူသော သက်ရှိများ ရှိသည့် တံတိုင်းလိုအရာမျိုးအား ဖော်ဆောင်ထားသည်။ ထိုသက်ရှိအားလုံးက သာမန်အရပ်ရှိသော်လည်း သူတို့၏ကျောမှ တောင်ပံများ ထွက်နေသည်။

တောင်ပံများက သူတို့၏ကျင့်ကြံအဆင့်အပေါ် မူတည်၍ ပြောင်းလဲလေသည်။ အစွမ်းထက်လေလေ၊ နီရဲလာလေလေ ဖြစ်၏။

“ဘယ်လောက်စိတ်ဝင်စားစရာကောင်းလိုက်တဲ့ ကမ္ဘာလဲ။ တစ်ပိုင်းက အေးတယ်၊ တစ်ပိုင်းက နွေးတယ်။ နေဦးမဟုတ်သေးဘူး ... ဒါက နွေးတဲ့ ကမ္ဘာအလယ်ပိုင်း။ နွေးနေလို့ ဒီဘီလူးနဲ့ လူတူသတ္တဝါတွေ နေထိုင်လို့ရတာ

“အဲဒီလိုဆိုရင် အဝေးထပ်သွားရင် .... ပူခြစ်လာလိမ့်မယ်” မန်ဟိုက အစိမ်းရောင်လွင်ပြင်များဆီသို့ ဦးတည်လျက် တဟုန်ထိုးထွက်သွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ထိုသက်ရှိများထက် များစွာမြင့်မားသည့်အတွက် မည်သူမှ သူ၏တည်ရှိမှုကို သတိမထားမိကြပေ။

မန်ဟိုသည် နှစ်ပေါင်းများစွာ ဆက်လက်ပျံသန်း‌နေ၏။ အောက်ရှိ မြေများက အစိမ်းရောင်မှ အနီရောင်သို့ ပြောင်းစပြုလာသည်။ ချော်ရည်များက မိုးကောင်းကင်ကို ကြက်သွေးရောင်ခြယ်မှုန်းလျက် စီးဆင်းနေသည်။ ဧရိယာထဲ ဝင်ရောက်ဖို့ ကြိုးစားသည့် သက်ရှိအများစု ပြာကျသွားမည်အထိ ပူပြင်းစပြုလာလေပြီ။

အနှစ်သာရ ၉ ခုကျင့်ကြံခြင်းအခြေခံများပင် လုံးလုံးလျားလျား အဖျက်စီးခံရမည့်အမှတ်သို့ ရောက်လာခဲ့သည်။ မန်ဟိုလည်း မသက်မသာဖြစ်လာ၏။ နောက်ဆုံးတော့ အဝေးတွင် တောင်တစ်လုံးကို သူ လှမ်းမြင်လိုက်သည်။ ရေခဲဘီလူးဆီမှ သူ ခံစားခဲ့ရသော အရှိန်အဝါထက် မနည်းသော အရှိန်အဝါတစ်ခုကိုလည်း ခံစားလိုက်ရ၏။ ထိုအရှိန်အဝါက မန်ဟို့ကို ခံစားခဲ့ရသည့်အလား တဟုန်ထိုး ရောက်ရှိလာသည်။

ထို့နောက် ‌တောင်သည် ဝုန်းခနဲ မီးတောက်များမှုတ်ထုတ်လိုက်သော မီးတောင်အသွင်ပြောင်းသွားသဖြင့် အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ ထိုစဉ်မှာပဲ မီးငှက်တစ်ကောင်က မီးတောင်အတွင်းထဲမှ ပျံထွက်လာသည်။ ၎င်းသည် သတ်ဖြတ်လိုပြီး သတိရှိသောမျက်လုံးများဖြင့် မန်ဟို့ကို စူးစူးရဲရဲ ကြည့်လေသည်။ ထို့နောက် မီးတောက်မီးလျှံများဖြင့် မန်ဟို့ဆီ ပြေးဝင်လာတော့သည်။

မီးငှက်သည် အနားရောက်လာသည့်အခါ မိန်းမတစ်ယောက်အသွင် ကျုံ့ဝင်သွား၏။ သူမကား ကြက်သွေးရောင်တောင်ပံများဖြင့် လှပပြီး လေကိုခွင်းလာသော မီးပင်လယ်တစ်စင်းပေါ်၌ ရပ်နေသည်။

“မင်းကို ဒီနေရာမှာ မကြိုဆိုဘူး တိုင်းတစ်ပါးသား” သူမက ဒေါသတကြီး ပြောသည်။ “အခုချက်ချင်း ထွက်သွားစမ်း” သူမအသံ ပဲ့တင်ထပ်နေစဉ် မန်ဟိုပတ်ပတ်လည်ရှိ လေထုမှာ ကြေမွသွားပြီး မီးပင်လယ်က သူ့ဆီ ရိုက်ခတ်လာသည်။

မန်ဟိုသည် ဤနေရာတွင် ယခုလိုအစွမ်းထက်ဖြစ်တည်မှုမျိုးအား တွေ့ရသည်ကို မအံ့ဩသော်လည်း မျက်လုံးများလင်းခနဲ လက်သွား၏။ ‌‌ရေခဲပြင်များတွင် ရေခဲတောင်ဘီလူးရှိပြီး မီးလွင်ပြင်တွင် မီးငှက်တစ်ကောင် ရှိသည်။ ကမ္ဘာသည် ဟန်ချက်ညီနေ၏။

“အနှစ်သာရ ၉ ခု အထွတ်အထိပ်အဆင့်နဲ့ ယှဉ်နိုင်တဲ့ အဆင့်တစ်ဆင့်အထိတင် မဟုတ်ဘူး။ အဲဒီအလွန်အဆင့်ကိုတောင် ကျင့်နိုင်မှတော့ ဒီအရာတွေက အသိဉာဏ်ရှိတယ်လို့ ဆိုလိုတယ်။ ဒါ့အပြင် မဆင်မခြင်လုပ်တတ်မှာမဟုတ်ဘူး

“အဲဒီလိုဆိုရင် မီးငှက်နဲ့ ရေခဲတောင်က ချက်ချင်း ရန်လိုနေမှတော့ ... မှန်ကွဲစအကြောင်း သိနေတာပဲဖြစ်မယ်” သူသည် မျက်လုံးများလင်းလက်တောက်ပနေလျက် ညာလက်ကို ဝှေ့ယမ်းရင်း တောင်များကို ဆင့်ခေါ်ကာ မီးပင်လယ်အား ဝင်တိုက်စေလိုက်၏။

ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး တစ်ကမ္ဘာလုံး တုန်ခါသွားသည်။ အမျိုးသမီးအသွင်နှင့် မီးငှက်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ အသတ်အဖြတ်စိတ်ဆန္ဒက သူမ၏မျက်ဝန်းထဲတွင် တောက်လောင်လာပြီး သူမကား မီးငှက်အသွင်ပြောင်းပြီးနောက် မန်ဟို့အား တိုက်ခိုက်ဖို့ ပြေးဝင်လာတော့သည်။

“ငါ့မှာလည်း အသွင်ပြောင်းမှော်အစွမ်း ရှိတယ်” မန်ဟိုက ပြောသည်။ သူသည် အေးစက်စက်နှာမှုတ်ရင်း မိုးပြာရောင်သိမ်းငှက်တစ်ကောင်အသွင်ပြောင်းလိုက်၏။ အရောင်ကား ခရမ်းရောင်သမ်းလာသည်အထိ ရင့်လာလေသည်။ မိစ္ဆာချီတစ်ချီက အရာအားလုံးကို တသိမ့်သိမ့်တုန်ခါနေစေရင်း မြောက်တက်လာသည်။ ခရမ်းရောင်သိမ်းငှက်က မီးငှက်ဆီ ပြေးဝင်သွားပြီး နှစ်ကောင်သည် လေလယ်တွင် ဝင်တိုက်သွား၏။

မိုးကောင်းကင်ကြီး တုန်ခါသွားပြီး မြေကြီးလည်း လှုပ်ခတ်ကာ အက်ကွဲကြောင်းများ အရပ်လေးမျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။ မြေထုများ ကျွံကျကုန်၍ ချော်ရည်များ လေပေါ်မြောက်တက်လာ၏။ အနှစ်သာရ ၉ ခု အထွတ်အထိပ်အဆင့်ဖြစ်တည်မှုနှစ်ခု တိုက်ခိုက်သောအခါ ပတ်ဝန်းကျင်အပေါ် များစွာသက်ရောက်နေသည့်အတွက် ကြာကြာတိုက်ခိုက်လျှင် အရာအားလုံးကို ဖျက်စီးပစ်နိုင်လောက်သည်။

မီးငှက်က စူးခနဲ တစ်ချက်အော်ကာ မိန်းမအသွင်ပြန်ပြောင်းရင်း နောက်ဆုတ်လိုက်သည်။ သူမသည် သွေးတစ်ပွက်အန်ပြီးနောက် မန်ဟို့အား အမဲဖြတ်တော့မည့်အလား မော့ကြည့်၏။

မန်ဟိုလည်း လူပုံစံပြန်ပြောင်းပြီးနောက် မီးငှက်အား အေးစက်စွာ ကြည့်သည်။

“ဒီလိုကျင့်ကြံခြင်းအခြေခံနဲ့ဆို” မီးငှက်က ပြောသည်။ “အရှင်က အာကာပြင်ကျယ်စကြဝဠာမှာ နာမည်မရှိတဲ့လူတော့ မဟုတ်လောက်ဘူး။ ဒီကို ဘာရည်ရွယ်ချက်နဲ့ ရောက်လာတာပါလဲ” မန်ဟို့ကို သိသိသာသာ ကြောက်နေသော်ငြား သူမသည် အလျှော့ပေးဖို့ အဆင်သင့်ဖြစ်သေးပုံမရပေ။

“မင်းက ဟိုရေခဲတုံးထက်စာရင် စဉ်းစားဉာဏ်ရှိသေးတယ်” မန်ဟိုက အေးစက်စက်ပြန်ဖြေသည်။ “ငါ့မှာ ပျက်စီးစေလိုတဲ့ အကြံအစည်မရှိဘူး”

မီးငှက်၏မျက်လုံးများ လင်းလက်သွားသည်။ “ရေခဲတုံး ဟုတ်လား။ ရှင် ရေခဲတောင်ဂိုဏ်းချုပ်ကို တွေ့ခဲ့တာလား”

“ရေခဲတောင်ဂိုဏ်းချုပ်။ မင်းပြောတာ ဟိုမီတာသုံးသောင်းအမြင့်ဘီလူးကြီးလား။ ဟုတ်တယ် ငါ သူနဲ့တွေ့ခဲ့တယ်။ တွေ့တဲ့နေရာမှာတင် ချိတ်ပိတ်ထားခဲ့တယ်”

မီးငှက်သည် မန်ဟို အမှန်ပြောနေခြင်းဟုတ်မဟုတ် အကဲခတ်နေသည့်အလား မျက်လုံးများမှေးကျဉ်းသွား၏။ သူမမှာ မန်ဟို့ကို ပို၍ပင်ကြောက်သွားသဖြင့် အသက်ပြင်းပြင်းရှူလိုက်မိသည်။

တခဏကြာသော် သူမက ‌မေးသည်။ “ဒါဆို ဘာကြောင့် ဒီကို လာခဲ့တာပါလဲ အရှင်”

“ဒီအတွက်ပဲ” မန်ဟိုက အင်္ကျီလက်စခါလျက် ပြောသည်။ မှန်ကွဲစတစ်ခုက မီးတောက်မီးလျှံများ၏အလယ်တွင် စူးရှသောအရောင်အဝါကို ထုတ်လွှတ်လျက် ပေါ်လာ၏။

All Chapters