မွေးရပ်မြေက အရက်
Vol. 47 Ch. 658
အနီရောင်၀တ်ရုံနှင့်လူမှာ နဂါးငွေ့တန်းပင်လယ် သူတော်စင်သုံးဦးထဲက တစ်ယောက်။ နေဝိညာဉ်အဖွဲ့အစည်း၏ နေဝိညာဉ်သူတော်စင်မှတပါး အခြားမဟုတ်ပေ။
သူသည် အနီရောင်၀တ်ရုံများကို သဘောကျနှစ်ခြိုက်ပြီး သူ၏ ဓားသုံးလက်က ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါရမ်းပစ်နိုင်၏။ ယခင်တစ်ခေါက်က မိစ္ဆာလှိုင်းကြီး ပင်လယ်ခံတပ်ကို ဖျက်ဆီးရန် ရောက်ရှိလာသောအခါ သူက ဓားသုံးလက်ကို ကိုင်ဆွဲရင်း တစ်ယောက်တည်း ခုခံခဲ့လေသည်။ ဓားချီများက ပတ်လမ်း (၂)အထိ ထိုးဖောက်၀င်ရောက်သွားခဲ့၏။
၎င်းမှာ မယုံနိုင်လောက်အောင် အံ့ဩထိတ်လန့်ဖွယ်ကောင်းပြီး မိစ္ဆာအုပ်ကြီးမှာလည်း ကြောက်လန့်တကြားဖြင့် ပြန်ဆုတ်သွားခဲ့ကြရသည်။
မန်ဟိုသည် ပတ်လမ်း (၃)သို့ မလာခင်ကတည်းက ဤအရာများကို သိရှိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် အနီရောင်၀တ်ရုံနှင့်လူ ပေါ်လာသည်နှင့် သူက ထိုလူ မည်သူဖြစ်သည်လဲ ခန့်မှန်းမိလိုက်၏။
လောလောဆယ်တွင် မန်ဟို၏ အချိန်ဓားထိပ်သည် နေဝိညာဉ်သူတော်စင်ပေါ်သို့ ရွယ်ထားပြီး နေဝိညာဉ်သူတော်စင်၏ ဓားသုံးလက်က အေးစိမ့်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ရင်း မန်ဟို့ထံမှ ခုနစ်လက်မအကွာတွင် ရပ်နေ၏။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း မျက်လုံးဖြင့် မမြင်ရသော တိုက်ပွဲကို ဆင်နွှဲနေလေသည်။ ဤသည်မှာ မှော်ပညာရပ်တိုက်ပွဲမဟုတ်ဘဲ နတ်ဘုရားစိတ်ဆန္ဒပြိုင်ပွဲ ဆင်နွှဲနေခြင်းဖြစ်သည်။ စောင့်ကြည့်နေသူများအဖို့ ကြားရမည်မဟုတ်သလို ၊ မြင်လည်းမြင်ရမည် မဟုတ်ပေ။ သို့သော် သူတို့နှစ်ယောက်အတွက်တော့ အရာအားလုံးသည် အပြင်းအထန် ထစ်ချုန်းအော်မြည်နေပြီး လျှပ်စီးများ တ၀င်း၀င်း လက်လျက် ကမ္ဘာကြီးမှာ ပျက်စီးတော့မည်အလား ဖြစ်ကာ လေများပင် နောက်ပြန်ရွေ့လျားနေလေသည်။
အနီရောင်၀တ်ရုံနှင့် နေဝိညာဉ်သူတော်စင်က မန်ဟို့ကို ကြည့်ပြီး သူငယ်အိမ်များ ကျုံ့သွား၏။ " မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး ..."
"ပြီးတော့ မင်းလည်း ငါ့ကို မသတ်နိုင်ဘူးလေ " မန်ဟိုက အေးအေးဆေးဆေး ပြန်ဖြေသည်။
နေဝိညာဉ်သူတော်စင်က မန်ဟို့ကို ပြန်ကြည့်သည်။ မန်ဟို့ပြောစကားက အမှန်ဖြစ်ကြောင်း သူ ၀န်ခံရပေမည်။ သူ့အနေဖြင့် မန်ဟို့ကို မသတ်နိုင်ပေ။ မန်ဟို၏ ကျင့်ကြံခြင်းအခြေခံမှာ အလွန်ထူးဆန်းပြီး မည်သည့်အတွက်ကြောင့်မှန်း မသိသော်လည်း မန်ဟိုက နဂါးငွေ့တန်းပင်လယ်မြို့အားလုံးကို ဖျက်ဆီးပစ်နိုင်သည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေ၏။
သူသည် တစ်နေရာလုံးနှင့် မဖော်ပြတတ်သော ပတ်သက်မှုတစ်ခုခု ရှိနေသည့်အလားပင်။
နေဝိညာဉ်သူတော်စင်က ရုတ်တရက် ညာလက်ကို မြှောက်ပြီး အင်္ကျီလက်စ ခါရမ်းလိုက်ရာ ဓားသုံးလက်က ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့ ပြန်ပေါ်လာသောအခါ သူ၏ ပတ်ပတ်လည်တွင် ပျံဝဲနေလေသည်။
တစ်ဆက်တည်းမှာပင် မန်ဟို၏ မျက်လုံးများ လင်းခနဲ လက်သွားပြီး အချိန်ဓားထိပ်က သူ့ကို ပျံဝဲလှည့်ပတ်ရန် ပြန်ရောက်လာ၏။
နေဝိညာဉ်သူတော်စင်က မန်ဟို့ကို ကြည့်ပြီး တစ်လုံးချင်း ပြောသည်။ " အရင်တုန်းက ငါက ကျင့်ကြံသူတစ်ယောက်ကို ဘယ်ဝောာ့မှ မသတ်ဘူးဆ်ိုပြီး ကျမ်းကျိန်ခဲ့တယ်။ ငါ့ရဲ့ ဓားက အပြင်လူတွေကိုပဲ သတ်လိမ့်မယ်
"မင်းအနေနဲ့ နဂါးငွေ့တန်းပင်လယ်မှာ နေနိုင်ပေမယ့် မင်းရဲ့ အရှိန်အဝါက ငါ့ကို မနှစ်မြို့စေဘူး။ ပတ်လမ်း (၂) က ပင်လယ်မကောင်းဆိုးဝါးတွေနဲ့ မင်းနဲ့ တစ်ခုခု ပတ်သက်နေတာ ငါတွေ့သွားရင်တော့ မင်းကို သတ်ဖြတ်ဖို့အတွက် နေဝိညာဉ်သူတော်စင်အဖွဲ့ ဘိုးဘေးကြီးရဲ့ အဖိုးထိုက်ရတနာနဲ့ တာအိုရှာဖွေခြင်းစွမ်းအားကို သုံးရလိမ့်မယ် "
မန်ဟိုက အနီရောင်၀တ်ရုံနှင့်လူကို ပြန်ကြည့်သည်။ စောစောတုန်းက သူတို့သည် တစ်ယောက်ကိုတစ်ယောက် ဓားဖြင့် ရွယ်ခဲ့ကြသော်လည်း ထိုလူ့ကို ရွံရှာမုန်းတီးစိတ် မဖြစ်ပေါ်မိပေ။ ထိုလူသည် စိတ်ကြီး၀င်နေသော်လည်း မုသားမပြောတတ်သော လူစားမျိုးဖြစ်ကြောင်း သူ ခံစားလိုက်ရ၏။
ထိုကဲ့သို့ လူများတွင် ရိုးရှင်းသော်လည်း မယိုင်လဲသော စည်းမျဉ်းများ ရှိတတ်ကြလေသည်။
" ငါ စိတ်ရှိသလို ငါလုပ်မယ် " မန်ဟိုက စူးရှတောက်ပနေသော မျက်လုံးများဖြင့် အေးစက်စက် ပြန်ပြောလိုက်၏။
နေဝိညာဉ်သူတော်စင်၏ မျက်လုံးများသည် ထိုနည်းတူစွာ အေးစက်စက် တောက်ပသွား၏။ သူက နောက်ဆုံးတစ်ချက် အေးစက်စက် ကြည့်ပြီး ထွက်ခွာသွားတော့သည်။
သူ ထွက်ခွာမသွားမီ မန်ဟိုက အလျင်အမြန် ပြောလိုက်၏။ " ငါ့အတွက် အဲ့ဒီ့ မှော်သင်္ကေတစိတ်ဝိညာဉ်တွေကို စုဆောင်းဖို့ အားတော်တော်ထုတ်ခဲ့ရတာ "
နေဝိညာဉ်သူတော်စင်က ရပ်ပြီး ပြန်ကြည့်သည်။ " ဒီစိတ်ဝိညာဉ်တွေက ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ အပိုင်ပဲ "
မန်ဟိုက ချက်ချင်း ပြန်မဖြေ။ ထိုအစား သိုလှောင်အိတ်ကို ပုတ်၍ အရက်ထည့်ထားသော ဘူးသီးခြောက်ကို ထုတ်လိုက်သည်။ သူက ၎င်းကို ပစ်ပေးလိုက်၏။
နေဝိညာဉ်သူတော်စင်က ဖမ်းလိုက်၏။ သူသည် ၎င်းကို စစ်ဆေးကြည့်ရှုလိုက်သောအခါ အံ့အားသင့်သွားတော့သည်။
" ဒါက ငါ့ရဲ့ မွေးရပ်မြေက အရက် နည်းနည်းပါးပါးပဲ " မန်ဟိုက အေးအေးလူလူ ပြော၏။ " ငါ ထွက်လာတုန်းက ယူလာခဲ့တာ "
နေဝိညာဉ်သူတော်စင်က အရက်ဘူးကို ကြည့်ပြီး မန်ဟို့ကို ပြန်ကြည့်သည်။ သူသည် ခံစားချက်မဲ့နေသော မျက်နှာထားဖြင့် တစ်ခဏ တွေးတောနေ၏။ ထို့နောက် သူက ချာခနဲ လှည့်ထွက်သွားလေသည်။ ထိုသို့ လှည့်ထွက်သွားစဉ် အင်္ကျီလက်စကို ခါ၍ သူ ယူဆောင်ခဲ့သော မှော်သင်္ကေတစိတ်ဝိညာဉ်တစ်သောင်းနှင့် သူ၏ ဆက်သွယ်မှုကို ဖြတ်တောက်ပစ်လိုက်၏။ ထို့်နောက် ၎င်းတို့က မန်ဟို့ပတ်ပတ်လည်တွင် ပျံဝဲရန် ရောက်ရှိလာ၏။
မန်ဟိုက အကြည့်လွှဲလိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း အလင်းတန်းအသွင်ပြောင်းကာ အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ရက်အနည်းငယ်ကြာသော် ပတ်လမ်း (၃) ရှိ အတော်လေးသေးငယ်သော ကျွန်းပေါ်တွင် မန်ဟိုသည် တင်ပျဉ်ခွေထိုင်နေ၏။ မှော်သင်္ကေတစိတ်ဝိညာဉ်တစ်သောင်းကား သူ၏ ပတ်ပတ်လည်တွင် ဒိုင်းသဖွယ် လှည့်ပတ်နေလေသည်။
ကြက်တူရွေးသည် သူ၏ အရှေ့တွင် သူ့ကို စိတ်ဆိုးမာန်ဆိုးနှင့် ကြည့်နေရင်း ရှိနေ၏။ အသားဂျယ်လီမှာမူ ကြက်တူရွေးဘေးတွင် ရပ်နေလေသည်။
သုံးယောက်သား ယခုလို မျက်နှာချင်းဆိုင်နေခဲ့သည်မှာ အသက်ဆယ်ရှိုက်ခန့် ကြာခဲ့ပြီဖြစ်သည်။
"အမွှေးအတောင်နဲ့ သတ္တဝါငါးကောင် ။ ထပ်ပြီးတော့ ဆွေးနွေးစရာ အကြောင်းမရှိဘူး။ ထပ်ပြီး လျော့ပေးစရာ အကြောင်းမရှိဘူး။ သခင်ငါး အသက်စွန့်ရမယ်ဆိုရင် အဲ့တာ ဘာမှမဟုတ်ဘူး "
"ဟုတ်တယ် ။ သခင်သုံးလည်း လူယုတ်မာသုံးကောင် လိုချင်တယ်။ ထပ်ပြီး ဆွေးနွေးစရာ မရှိဘူး။ ငါ သုံးကောင်လို့ပြောရင် သုံးကောင်ပဲ ဖြစ်ရမယ် "
မန်ဟိုမှာ တိတ်ဆိတ်နေပြီး နာကျင်နေသော အမူအရာက သူ၏ မျက်နှာကို ဖုံးလွှမ်းနေ၏။ အချိန်အတန်ကြာသော် သူ့မှာ စိတ်မပါတပါဖြင့် ခေါင်းညိတ်လိုက်ရလေသည်။ မန်ဟို့ကို ယခုလို မြင်ရခြင်းက ကြက်တူရွေးအား ဂုဏ်ယူစွာ ရယ်မောလိုက်စေ၏။ ကြက်တူရွေးက ငှက်မွှေးတစ်မွှေးကို ပစ်ပေါက်ပေးလိုက်ရာ ၎င်းသည် မလှမ်းမကမ်းသို့ ပျံထွက်သွားပြီး ဖောက်ခနဲ မိစ္ဆာနှလုံးသားပုံကြီးဖြစ်သွားတော့၏။
အသားဂျယ်လီလည်း အလွန်တရာ ဂုဏ်ယူနေဟန် တူသည်။ ၎င်းက ပါးစပ်ဟပြီး ရောင်စုံအလင်းများအား ထွေးထုတ်လိုက်၏။ ထိုအလင်းများက မိစ္ဆာနှလုံးသားပုံကြီး အသွင်ပြောင်းသွားလေသည်။
မန်ဟို့မှာ စိတ်ထဲတွင် ရယ်လိုက်မိ၏။ သူသည် ဤငတုံးနှစ်ကောင်နှင့် အတော်လေး ရင်းနှီးခဲ့ပြီး ဖြစ်၏။ သူတို့၏ တောင်းဆိုမှုများက ရိုးရှင်းသော်လည်း အလျင်အမြန် သဘောတူလိုက်လျှင် သို့မဟုတ် ဂရုမစိုက်သောပုံစံ ပြလိုက်လျှင် ပို၍သာ ပြဿနာတက်မည်ဖြစ်လေသည်။
ထို့ကြောင့် သူသည် ထိုငတုံးနှစ်ကောင် စိတ်ကျေနပ်စေရန် တမင်တကာ စဉ်းစားရခက်ပြီး ဝေခွဲမရသည့်ပုံစံ ဖမ်းခဲ့ခြင်းဖြစ်၏။
၎င်းတို့နှင့် ရင်ဆိုင်ပြီးသောအခါ မန်ဟို့မျက်လုံးများက မိစ္ဆာနှလုံးသားအပုံနှစ်ပုံဆီသို့ ရောက်သွားသည်။ ထိုနေရာတွင် အရေအတွက်အားဖြင့် တစ်သိန်းကျော် ကောင်းကောင်းရှိ၏။
ထိုမျှသာမက တစ်၀က်ခန့်မှာ အလယ်အလတ်အဆင့် မိစ္ဆာနှလုံးသားများ ဖြစ်သယောင်ပင်။ အဆင့်မြင့်နှလုံးသားများပင် ရှိပြီး အရေအတွက်ကား မဆိုစလောက် များပြား၏။
"ကြေးမုံနဲ့ မိစ္ဆာနှလုံးသားတွေကို ပွားနိုင်မလားမသိဘူး " သူက မျက်လုံးများ တဖျပ်ဖျပ် တောက်ပနေလျက် တွေးလိုက်သည်။ သူသည် ခေါင်းငုံ့၍ အကြာကြီး စဉ်းစားနေ၏။ လောလောဆယ်တွင် သူ ရင်ဆိုင်နေရသည့် အကြီးမားဆုံး အန္တရာယ်မှာ ဒသမမျိုးနွယ်ခေါင်းဆောင်ကြီး ဖြစ်သည်။
" အဲ့ခွေးမသားကြီးရဲ့ ကျင့်ကြံခြင်းအခြေခံက မြင့်လွန်းတာကြောင့်မလို့ ငါ သူနဲ့ ပြိုင်နိုင်မှာ မဟုတ်ဘူး။ ငါ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက သူနဲ့တွေ့ရင် ထွက်ပြေးဖို့ နည်လမ်းရှာဖို့ပဲ " သူက အချိန်ဓားထိပ်ကို လှမ်းကြည့်လိုက်၏။
" ငါ့မှာ ဓားထိပ် ဆယ်ခုကျော် ရှိရင် ပဒုမ္မာဓား၀င်္ကပါအဖြစ် ဖော်ဆောင်နိုင်ပြီ။ အဲ့ဒါဆိုရင်တော့ သူ့ကို နည်းနည်းပါးပါး လန့်သွားအောင်လုပ်လို့ရတယ်။ ကံဆိုးစွာနဲ့ ငါ့မှာ ဝိညာဉ်ကျောက်တုံး မလုံလောက်ဘူး " သူသည် မျက်မှောင်ကြုံ့သွားသော်လည်း သူ၏ မျက်လုံးများကတော့ စူးရှတောက်ပလျက် ရှိသည်။
" ဒါပေမယ့် ငါ သစ်သားအချိန်ဓားတွေကို ပွားနိုင်တယ်။ အခု ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံအဆင့်အရဆိုရင် ဓားထဲမှာ အချိန်နှစ်ခြောက်ဆယ်စက်၀န်း ခုနစ်ခု ပိတ်လှောင်ထားနိုင်ပြီ။ ငါ့မှာ တစ်ရာကျော်သာ ရှိသွားရင်တော့ "
"ပြီးရင် ပဒုမ္မာဓားဝင်္ကပါရဲ့ တတိယပုံစံကို ထုတ်လွှတ်လိုက်ပြီ။ အဲ့ဒါက ဘယ်လောက်အစွမ်းထက်လိုက်မလဲ" သူ၏အတွေးရထားကြီး ဤဘူတာဆိုက်သော် မန်ဟိုသည် သစ်သားအချိန်ဓားတစ်လက်အား ချက်ချင်း ထုတ်လိုက်၏။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး အချိန်များအား ၎င်းထဲ၌ စတင်သိုလှောင်တော့သည်။
နောက်လဝက်အတောအတွင်း ထစ်ချုန်းပေါက်ကွဲသံများ ရံဖန်ရံခါ ပဲ့တင်ထပ်လာတတ်သည်။ တစ်ချိန်လုံး မန်ဟိုမှာ မျက်မှောင်ကြီးကြုတ်နေ၏။ တစ်ရက်တွင်တော့ မန်ဟိုကား မျက်မှောင်မကြုတ်တော့ပေ။ သူအရှေ့တွင် ပျံဝဲနေသည်မှာ သူ ပိုင်ဆိုင်ထားသော သစ်သားအချိန်ဓားတစ်လက် ဖြစ်လေသည်။
၎င်းအပေါ်တွင် သစ်ကြောများအား မြင်ရပြီး အချိန်စွမ်းအား ဖြာထွက်လာသောအခါ ၎င်းတွင် နှစ်ခြောက်ဆယ်စက်ဝန်းခုနစ်ခု၏ အချိန်လှိုင်းများ ပါရှိနေလေပြီ။ မန်ဟို့တွင် ဤတစ်ခုမှလွဲပြီး အချိန်စွမ်းအားအမြောက်အမြား ပါရှိသော မှော်ပစ္စည်းမရှိတော့ပေ။
"သစ်သားအချိန်ဓားတွေအကုန်လုံး ဖျက်စီးခံလိုက်ရတယ် ။ ဒီတစ်ခုပဲ ကျန်တော့ပေမယ့် တန်ပါတယ်လေ... တော်သေးဝာာပေါ့ နောက်ဆုံးမှာ တစ်ခုတော့ အောင်မြင်သေးလို့" ထို့နောက် သူက ကြေးမုံကို ထုတ်ပြီး စပွားတော့သည်။
ကံဆိုးစွာနှင့် နှစ်ခြောက်ဆယ်စက်ဝန်းခုနစ်ခုနှင့် သစ်သားအချိန်ဓားတစ်လက်ကို ပွားဖို့အတွက် ဝိညာဉ်ကျောက်တုံးများစွာ လိုအပ်၏။ ဤတစ်ခေါက် မန်ဟို ခံစားနေရသော နာကျင်မှုမှာ အမှန်တကယ်ဖြစ်၏ ။ အဆုံးသတ်တွင်တော့ သူ့မှာ ဆယ်ခုပွားရန် သိုလှောင်အိတ်ထဲရှိ ဝိညာဉ်ကျောက်တုံးအကုန်လုံး သုံးလိုက်ရတော့သည်။
ယခုတွင် မူလဓားအပြင် စုစုပေါင်း ဆယ့်တစ်လက် ရှိသွားလေပြီ။
သူသည် တခဏ တွေးတောပြီးနောက် ထိုနည်းတူပွားရန် မိစ္ဆာနှလုံးသားများကို အသုံးပြုဖို့ ကြိုးစားကြည့်၏။ မိစ္ဆာနှလုံးသား ခုနစ်တုံး ၊ ရှစ်တုံးကို ကြေးမုံထဲ ထည့်ပြီး ရလဒ်ကို စောင့်ကြည့်ပြီးနောက် သူက ရပ်လိုက်သည်။
"ဝိညာဉ်ကျောက်တုံးတွေနဲ့ သိပ်မကွာဘူး..." သူက မျက်မှောင်ကြုတ်ရင်း တွေးသည်။ မူလက မိစ္ဆာနှလုံးသားမှာ ဝိညာဉ်ကျောက်တုံးများနှင့် အလွန်ဆင်တူသည်ဟု သူ တွေးထင်ခဲ့သော်လည်း ၎င်းတို့တွင် သူမတူသောလုပ်ဆောင်ချက်တစ်ခု ရှိပေလိမ့်မည်။
၎င်းတို့မှာ ဝိညာဉ်ကျောက်တုံးများမဟုတ်ဘဲ မိစ္ဆာနှလုံးသားများ မဟုတ်ပါလော။
"ငါက ပတ်လမ်း(၃)မှာရှိတဲ့ ပင်လယ်မိစ္ဆာတွေကို ညှို့နိုင်ခဲ့တယ်။ ဒါပေမဲ့ တခြားသူတွေဆိုရင်တော့ အလွန်ဆုံး မိစ္ဆာနှလုံးသား ရာဂဏန်းလောက်ပဲ ရှာနိုင်လိမ့်မယ်
"တကယ်ပဲ မိစ္ဆာနှလုံးသား ရာဂဏန်းလောက်လေးအတွက်နဲ့ ဒီကို သက်စွန့်ဆံဖျား လာကြတာလား" မန်ဟို့ မျက်လုံးများတွင် စဉ်းစားနေသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"နေဝိညာဉ်သူတော်စင်ကလည်း မိစ္ဆာနှလုံးသားတွေ လိုချင်တယ်လို့ ပြောခဲ့တယ်။ သူ့ရဲ့ ကျင့်ကြံအဆင့်နဲ့ အဆင့်အတန်းကို ထည့်တွက်ရင် မိစ္ဆာနှလုံးသားတစ်ရာလောက်ကို အသာထား၊ ဝိညာဥ်ကျောက်တုံးသန်းချီလည်း ဂရုစိုက်မှာမဟုတ်ဘူး..... ဒါကြောင့် မိစ္ဆာနှလုံးသားတွေမှာ ငါမသိတဲ့ တခြားအသုံးတည့်တဲ့နေရာ ရှိရမယ်" မန်ဟိုသည် ထပ်မံအတွေးနယ်ချဲ့ပြီးနောက် ယင်း သူ မျက်စိသျှမ်းသွားခဲ့သော အရာဖြစ်ကြောင်း သေချာသွားသည်။ ထို့နောက် သူသည် မျက်လုံးများ တဖျပ်ဖျပ် လက်လျက် ထရပ်ကာ မိစ္ဆာနှလုံးသားများကို သိမ်းလိုက်သည်။
သူသည် စဉ်းစားရင်း ကျွန်းပေါ်တွင် ဆက်နေနေခဲ့သည်။ နောက်ဆုံးတွင် လေပေါ်ပျံတက်ပြီး အဝေးသို့ တဟုန်ထိုး ထွက်သွားတော့၏။
"ငါ မသိဘူးဆိုတော့" သူက တွေးသည်။ "သိတဲ့သူတစ်ယောက်ကို ရှာရမယ်ထင်တယ်"
သူသည် လေကိုခွင်း၍ တရိပ်ရိပ် သွားနေစဉ် ရုပ်ပြောင်းပြီး ကျင့်ကြံအဆင့်ကို အနုသုခုမရုပ်ခန္ဓာအဆင့်အထိ လျှော့ချလိုက်သည်။ ရက်အနည်းငယ်ကြာသော် သူက တုံ့ခနဲ ရပ်ပြီး အဝေးသို့ လှမ်းကြည့်လိုက်လေသည်။
သိပ်မလှမ်းမကမ်းတွင် မီတာရာဂဏန်းမျှကျယ်သော ဝဲကြီးတစ်ဝဲကို သူ တွေ့လိုက်ရ၏။ ၎င်းအထဲတွင် ဧရာမပင်လယ်ရေမြင်းတစ်ကောင်ရှိသည်။ ၎င်းက အရာအားလုံးကို ခဲသွားစေသော အအေးဓာတ်များ ထုတ်လွှတ်ရင်း ဟိန်းဟောက်လိုက်၏။
ပင်လယ်ရေမြင်း၏အရှေ့ လေအလယ်တွင် ပျံဝဲနေသည်မှာ အမျိုးသားတစ်ယောက် ၊အမျိုးသမီးတစ်ယောက်ဖြစ်သည်။ အမျိုးသားသည် အိုနေပြီဖြစ်ပြီး ခါးလည်းကုန်းနေ၏။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်ဖြစ်ပြီး အတော်လေး ပိန်ချုံးနေသော ခန္ဓာကိုယ်ရှိသည်။ သူ၏မျက်နှာမှာလည်း ဖျော့တော့နေပြီး လက်ထဲတွင် မီးအားလှိုင်းများ ဖြန့်ကြက်နေသော ပုလဲတစ်လုံးကို ဆုပ်ကိုင်ထားသည်။ ၎င်းသည် ပင်လယ်ရေမြင်းကြီး၏ပိုင်နက်အပါအဝင် တစ်နေရာလုံးအပေါ် တဖွဲဖွဲရွာကျသွားသော မီးစက်များဖြစ်သွားသည်။
အဘိုးကြီး၏ဘေးတွင် မျက်နှာအသွင်အပြင်ကို ဖုံးကွယ်ထားသော မျက်နှာဖုံးနှင့် အမျိုးသမီးတစ်ဦးရှိ၏။ သို့သော် သူမ၏ ပေါ်လွင်နေသော အသားအရေအရ အသက်သိပ်မကြီးသေးကြောင်း သိသာလေသည်။
သူမ၏ကျင့်ကြံခြင်းအခြေခံသည်အမြုတေဖြစ်ဝာည်မှု စဦးပိုင်းအဆင့်ဖြစ်ပြီး အဘိုးကြီး ပင်လယ်ရေမြင်းကြီးနှင့် တိုက်ခိုက်နေကြသည်ကို စူးစူးစိုက်စိုက် ကြည့်နေသော်လည်း သူမမျက်ဝန်းများတွင်တော့ မုန်းတီးမှုတို့ပြင်းထန်နေ၏။
အဘိုးကြီး၏ မျက်နှာဖြူဆုပ်နေသည်ကို မြင်သောအခါ သူမက ပြောသည်။ "စီနီယာကြီး ဒီတိုင်းပဲ ထားလိုက်ရအောင်ပါ။ ဒီထက်ပို အားနည်းတဲ့ ပင်လယ်မိစ္ဆာတစ်ကောင်ကောင်ပဲ သွားရှာကြတာပေါ့..."
"ငါတို့ ဒီရောက်နေတာ လနဲ့ချီပြီ" အဘိုးကြီးက အံကြိတ်ထားသည့်ကြားမှ ပြောသည်။ "ဒါ ငါတို့ ရှာတွေ့တဲ့ ပထမဆုံးပင်လယ်မိစ္ဆာပဲ။ ဘယ်လိုလုပ်ပြီး အလွှတ်ပေးရမှာတုန်း" သူက သွေးတစ်ပွက်ထွေးလိုက်ရာ သူ ကိုင်ထားသည့် ပုလဲအား နီစွေးသွားစေသည်။ ထို့နောက် မီးတောက်ပင်လယ်တစ်စင်း ဟုန်းခနဲ တောက်လာရာ အောက်ရှိပင်လယ်ရေများမှ အငွေ့များ ထလာစေတော့သည်။ မီးပင်လယ်ထဲရှိ ပင်လယ်ရေမြင်းကြီးက ဟိန်းဟောက်လိုက်သည်။ ၎င်းက ပြင်းထန်သော အအေးဓာတ်တို့ကို ထုတ်လွှတ်ရင်း မီးပင်လယ်ကို ခွဲထွက်လာ၏။ ချက်ချင်းပင် မီးတောက်တစ်ဝက်ကျော်မှာ ငြိမ်းသေသွားတော့သည်။
အဘိုးကြီး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး အံတင်းတင်း ကြိတ်လိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် ရုတ်တရက် အဝေးမှ အလင်းတန်းတစ်တန်း ပေါ်လာသည်။
အလင်းတန်းထဲတွင်ကား မှန်ပါသည်၊ မန်ဟိုပင်။
သူ၏ ရုတ်တရက် ပေါ်လာခြင်းက အဘိုးကြီး အံ့ဩသင့်သွားစေသည်။ သူ့ဘေးရှိ မိန်းကလေး၏မျက်နှာလည်း ရိပ်ခနဲ ဖြစ်သွား၏။ အဘိုးကြီးမှာမူ မန်ဟို့၏ကျင့်ကြံခြင်းအခြေခံမှာ အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်ဖြစ်ကြောင်း မြင်သောအခါ အတန်ငယ် စိတ်သက်သာရာရသွားသော်လည်း တစ်ချိန်တည်းမှာပင် မျက်မှောင်ကြုတ်သွား၏။
"တာအိုရောင်ရင်း" သူက ပြောသည်။ "ကျေးဇူးပြုပြီး ဝေးဝေးနေပါ။ ဒီမိစ္ဆာကို ကျုပ် ရှာတွေ့တာမလို့ ကျုပ်ပဲ ပိုင်တယ်"
***