ငါတော့ ထောပြီ
Vol. 47 Ch. 659
မန်ဟိုက ခပ်ယဲ့ယဲ့ပြုံးရင်း တုံ့ခနဲ ရပ်ကာ အနားကပ်မလာတော့ပေ။
အဘိုးကြီးက မျက်မှောင်ကြုတ်ပြီး မိန်းကလေးနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ ထို့နောက် သူ၏ခွန်အားအလုံးစုံကို အရှေ့ရှိ မှော်ပစ္စည်းကို ထိန်းချုပ်ရာတွင် အာရုံစိုက်လိုက်ပြီး မီးတောက်များအား နောက်တစ်ဖန် ရွာကျသွားစေသည်။
ပင်လယ်ရေမြင်းကြီးက ဟိန်းဟောက်ပြီး အပြာရောင်အလင်းများ ၎င်း၏ခန္ဓာကိုယ်မှ စီးဖြာထွက်လာသည်။ ၎င်းသည် အားကုန်ထုတ်လိုက်သယောင်ပင်။ အလင်းရောင်က ပတ်ဝန်းကျင်တစ်ခွင် လင်းထိန်သွားပြီး ၎င်း ဖြတ်သွားသည့်နေရာတိုင်း ရေခဲသွား၏။ မီးပင်လယ်ကြီးပင်လျှင် ခဲသွားလေပြီ။ ရေခဲများက အဘိုးကြီးကို မျက်နှာတွင် အံ့ဩထိတ်လန့်မှုတို့ ပြည့်နှက်သွားစေသည်။ သူက မိန်းကလေးကို ဆွဲပြီး ထွက်သွားရန် ပြင်လိုက်သည်။ ကံဆိုးစွာနှင့် သူ့မှာ ဒဏ်ရာရထားပြီး အပြာရောင်အလင်းက မြန်လွန်းလေသည်။ လောလောဆယ်တွင် သူ့မှာ မလွတ်မြောက်နိုင်မည့်အလားပင် .....
အဘိုးကြီးမျက်ဝန်းများတွင် လွန်ဆွဲနေသောအရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း မီးတစ်ခတ်စာမျှသာ ကြာလိုက်၏။ သူက မိန်းကလေးကို ကြည့်ရင်း သူမကို ပစ်ပေါက်၍ အပြာရောင်အလင်း တားဖို့ ကြံလိုက်သည်။
ထိုအခိုက်အတန့်တွင် မန်ဟိုက လက်မြှောက်ပြီး အရှေ့သို့ ညွှန်လိုက်သည်။ ပြန့်ကားလာနေသော အပြာရောင်အလင်းသည် ရုတ်တရက် ရွေ့လျားနေခြင်း ရပ်သွားသဖြင့် အဘိုးကြီးနှင့်မိန်းကလေးကို လွတ်မြောက်သွားစေသည်။
တစ်ချိန်တည်းမှာပင် မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ရာ သစ်သားအချိန်ဓားတစ်လက်ကို ပျံထွက်သွားစေသည်။ ၎င်းသည် ပင်လယ်ရေမြင်းကြီးဆီသို့ လျှပ်စီးသဖွယ် ပြေးဝင်သွားပြီး မျက်စိတစ်မှိတ်အတွင်း ထုတ်ချင်းဖောက်သွားသည်။ ၎င်းသည် နှစ်ခြောက်ဆယ်စက်ဝန်းခုနစ်ခု၏ အချိန်စွမ်းအားဖြင့် ဓားဖြစ်သော်လည်း ၎င်း ပင်လယ်ရေမြင်းကြီးကို ထိုးဖောက်လိုက်သည်နှင့်တစ်ပြိုင်နက် ပင်လယ်ရေမြင်းကြီးမှာ ခြောက်ကပ်လာတော့သည်။
၎င်း၏မျက်လုံးများမှာ ကြောက်စိတ်တို့ပြည့်နှက်သွားပြီး ရေထဲပြန်ဝင်သွား၏။ သို့သော် ထိုအခိုက်အတန့်တွင် မန်ဟိုက အရှိန်အဝါတစ်ခုအား စီးမျောထွက်သွားစေရာ ပင်လယ်ရေမြင်းကြီး၏ မျက်လုံးများအား နီရဲသွားစေသည်။ ၎င်းက သူ့ဆီသို့ ချက်ချင်း ပြေးဝင်လာ၏။ အဘိုးကြီးနှင့် မိန်းကလေးတို့ တအံတဩ ကြည့်နေကြစဉ် သစ်သားဓားက ၎င်းကို ခုနစ်ကြိမ်၊ရှစ်ကြိမ်ခန့် ထုတ်ချင်းဖောက်ပစ်လိုက်သည်။
ပင်လယ်ရေမြင်းကြီး၏ခန္ဓာကိုယ် ခြောက်ကပ်လာစဉ် ၎င်း၏ ဟိန်းဟောက်သံများမှာ အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်နေတော့သည်။ ၎င်းသည် အချိန်တိုလေးအတွင်း ပင်လယ်ရေမျက်နှာပြင်ထက်တွင် ပေါလောပေါ်နေသော အလောင်းခြောက်ကြီးဖြစ်သွားလေပြီ.....
မန်ဟိုသည် ပင်လယ်ရေမြင်းအလောင်းကြီး၏အနား ကပ်သွားပြီးနောက် ညာလက်ဖြင့် ၎င်းအား ဖိချလိုက်သည်။ ချက်ချင်းပင် မိစ္ဆာနှလုံးသားတစ်တုံး သူ၏လက်ထဲသို့ ပျံဝင်လာ၏။ လေလယ်တွင် အဘိုးကြီးနှင့် မိန်းကလေးမှာ မန်ဟို့အား ရှုပ်ထွေးသောခံစားချက်များဖြင့် ကြည့်နေတော့သည်။ သူတို့မှာ အသိနှင့်သတိကပ်နေသည့်အလားပင်။ အထူးသဖြင့် သူ အသုံးပြုခဲ့သော အံ့ဖွယ်ဓားကြောင့်ဖြစ်သည်။
မန်ဟို သူတို့ကို မော့ကြည့်လိုက်သောအခါ အဘိုးကြီးက မိန်းကလေးကို သူ့အနောက်ပို့ပြီး ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။ သူက လက်ယှက်၍ အရိုအသေပေးလိုက်၏
"အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်း" သူက တရွေ့ရွေ့ နောက်ဆုတ်သွားရင်း ပြောသည်။ သူ့မှာ မန်ဟို၏ဓားကို ကြောက်လန့်နေကြောင်း သိသာလေသည်။ "အဲ့ဒီအလယ်အလတ်အဆင့် မိစ္ဆာနှလုံးသားကို ရောင်ရင်းပဲ ယူလိုက်ပါတော့။ တစ်နေ့ ဆုံတွေ့ရဖို့ ကံပါရင် ရောင်ရင်းရဲ့ကျေးဇူးကို မုချပြန်ဆပ်ပါ့မယ်"
မန်ဟိုက ခေါင်းခါလိုက်၏။ "ဒီလောက်အလျင်လိုစရာ မလိုပါဘူး" သူက ပြောသည်။ ထို့နောက် သူသည် မိစ္ဆာနှလုံးသားကို ထိတ်လန့်နေသော အဘိုးကြီးသို့ ပျံသန်းသွားစေ၏။ အဘိုးကြီးမှာ စဉ်းပင်မစဉ်းစားမိလိုက်လဲ ဖမ်းလိုက်မိသည်။ သူသည် စိုးရိမ်ထိတ်လန့်မှု၊ ဝေခွဲမရမှုတို့ဖြင့် မိစ္ဆာနှလုံးသားကို ကြည့်ပြီး မန်ဟို့ကို ကြည့်လိုက်သည်။
မိန်းကလေးမှာ အဘိုးကြီး၏လက်ထဲရှိ မိစ္ဆာနှလုံးသားကို မမှိတ်မသုန် ကြည့်ရင်း ရင်တဒိန်းဒိန်း ခုန်လာသည်။ သူမမျက်ဝန်းထဲရှိ မုန်းတီးရွံရှာမှုတို့မှာ ပို၍ပြင်းထန်လာပြန်သည်။ သူမမှာ အဘိုးကြီး သူမအပေါ် ကြံစည်ခဲ့သော စောစောက လုပ်ရပ်ကို ကောင်းကောင်းသိလေသည်။
"တာအိုရောင်ရင်း ဘာလို့...." အဘိုးကြီးက ချီတုံချတုံနှင့် ပြောသည်။
မန်ဟိုက ကွေ့ဝိုက်မနေတော့ဘဲ ပြောလိုက်သည်။ "ခင်ဗျားတို့နှစ်ယောက်မှာ အတန်အသင့် အစွမ်းထက်တဲ့ ကျင့်ကြံခြင်းအခြေခံရှိတာပဲ။ အဲ့ဒီမိစ္ဆာနှလုံးသားက အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံးနဲ့ တူတူလောက်ပဲကို ဘာလို့ဒီလောက် ဂရုစိုက်နေကြတာလဲ"
သူ၏စကားလုံးများက အဘိုးကြီးကို ဆွံ့အသွားစေသည်။ မိန်းကလေးလည်း မန်ဟို့ကို ကြောင်တောင်တောင်လေး ကြည့်သည်။
အဘိုးကြီးမှာ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် မန်ဟို့ကို ကြည့်ကာ ပြောသည်။ "တာအိုရောင်ရင်း .... မဟုတ်မှ ခင်ဗျား နဂါးငွေ့တန်းပင်လယ်ကို ပထမဆုံး ရောက်ဖူးတာလား"
မန်ဟိုက ခေါင်းညိတ်လိုက်သည်။
အဘိုးကြီးက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် တစ်ယောက်တည်း ရေရွတ်နေပြီးနောက် မိစ္ဆာနှလုံးသားကို သိမ်းလိုက်သည်။
"ဟုတ်တယ် ရောင်ရင်း" သူက ပြောသည်။ "ဒီမိစ္ဆာနှလုံးသားထဲက စိတ်ဝိညာဉ်စွမ်းအင်က အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးနဲ့ ဆင်တယ်။ ဒါပေမဲ့ အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်တုံးနဲ့ ဘယ်မိစ္ဆာနှလုံးသားကိုမှ ဝယ်မရဘူး
"ဂိုဏ်းသုံးဂိုဏ်းရဲ့ ပင်လယ်ခံတပ်မှာ မိစ္ဆာနှလုံးသား ဝယ်လို့ရတဲ့ အထူးနေရာတွေရှိတယ်
"တန်ဖိုးအတိအကျကိုတော့ ပြောမရဘူး။ နောက်ဆုံးတစ်ခေါက် ကျုပ် ပင်လယ်ခံတပ်က ထွက်လာခဲ့တုန်းက အဆင့်နိမ့်မိစ္ဆာနှလုံးသားတစ်တုံးကို ဝိညာဉ်ကျောက်တုံး ငါးရာတန်တယ်
"တစ်ထောင်ပေးတဲ့ တချို့နေရာတွေတောင် ရှိတယ်"
ဤအခြင်းအရာကို ကြားသောအခါ သူ့မှာ ကျင့်ကြံခြင်းအခြေခံ မြင့်မားလင့်ကစား စိတ်ထဲတွင် ထစ်ချုန်းသွားရတော့သည်။ သူ၏သိုလှောင်အိတ်ထဲတွင် အဆင့်နိမ့်မိစ္ဆာနှလုံးသား ရှစ်သောင်း၊ကိုးသောင်းခန့် ရှိသည်။ တွက်ချက်ကြည့်လျှင် ၎င်းတို့ကား ...... အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သိန်းရှစ်ရာ၊ ကိုးရာခန့် တန်ပေမည်။
ထိုပမာဏက မန်ဟို့စိတ်နှလုံးကို လှိုင်းလုံးကြီးများ ဝင်တိုက်နေသည့်နှယ်ဖြစ်စေသည်။ သူ၏ဦးနှောက်မှာ တုန်ရီနေပြီး မယုံနိုင်သလောက်ပင်။ သူ့တစ်ဘဝလုံးတွင် ဝိညာဉ်ကျောက်တုံး ဤမျှအများကြီး တစ်ခါမှ မပိုင်ဆိုင်ခဲ့ဖူးပေ။ သူ့မှာ ချက်ချင်းပင် အသက်ရှူသံများ မြန်လာတော့သည်။
"ဘယ်လောက်လို့ ပြောလိုက်တာ" သူ့မှာ မစဉ်းစားမိလိုက်ဘဲ လွှတ်ခနဲ ပြောလိုက်မိသည်။
"အဆင့်နိမ့်မိစ္ဆာနှလုံးသားတွေက ဝိညာဉ်ကျောက်တုံး ရာဂဏန်းကနေ ထောင်ဂဏန်းအထိ တန်ဖိုးရှိတယ်...." အဘိုးကြီးက ပြောသည်။ သူသည် မန်ဟို့တုံပြန်မှုနှင့်ပတ်သက်ပြီး ထူးဆန်းသည်ဟု မခံစားရသယောင်ပင်။ ဤကိစ္စကို ပထမဆုံးအကြိမ် ကြားလိုက်ရသူတိုင်း အံ့ဩတုန်လှုပ်သွားကြစမြဲဖြစ်၏။
"အလယ်အလတ်အဆင့်မိစ္ဆာနှလုံးသားဆိုရင်ရော" မန်ဟိုက ဆက်မေးလိုက်သည်။
အဘိုးကြီးမှာ တခဏ တုံ့ဆိုင်းနေပြီးနောက် သိုလှောင်အိတ်ကို ပွတ်သပ်လိုက်သော်လည်း ဆက်ရှင်းပြ၏။ "သူတို့ရဲ့ ဈေးလည်း တက်လိုက်ကျလိုက်ပဲ။ ပုံမှန်ဆို အလယ်အလတ်အဆင့် မိစ္ဆာနှလုံးသားတစ်တုံးကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်သောင်းတန်တယ်
မန်ဟို့မှာ ပါးစပ်ကြီးခြောက်သွားပြီး စကားမပြောနိုင်တော့ပေ။ သူ၏သိုလှောင်အိတ်ထဲတွင် အလယ်အလယ်အဆင့် မိစ္ဆာနှလုံးသားသုံးထောင်ကျော်ရှိလေသည်။ အရေအတွက်ကို တွက်ချက်ပြီးနောက် သူ၏စိတ်မှာ နောက်တစ်ဖန် ထစ်ချုန်းသွားရပြန်သည်။
ယခုတွင် သူသည် လူများ အဘယ်ကြောင့် ဤနေရာသို့ သက်စွန့်ဆံဖျား လာရောက်ကြသည်လဲ နားလည်သွားလေပြီ။
"ငါတော့ ထောပြီ" သူက တွေးလိုက်သည်။ "ငါတော့ တကယ်ထောပြီ" မန်ဟိုမှာ သူ၏ရင်ထဲ၌ ပေါက်ကွဲနေသော စိတ်လှုပ်ရှားမှုအား မထိန်းချုပ်နိုင်တော့ပေ။ သူ၏ဘဝရည်မှန်းချက်ကြီး ပြည့်ဝသွားသည့်အလား သူ့မှာ ရင်တဒိန်းဒိန်း ခုန်လာတော့သည်။
အဘိုးကြီးက မန်ဟို့ကို ကြည့်ပြီး ဆက်ပြောသည်။ "အရှားဆုံးကတော့ အဆင့်မြင့်မိစ္ဆာနှလုံးသားတွေပဲ။ ဘယ်လောက်တန်လဲ သေချာမသိပေမယ့် လေလံပွဲတွေမှာပဲ ပေါ်လာတတ်တာ
"ဒါပေမဲ့ ကျုပ် နောက်ဆုံး တက်ခဲ့တဲ့ လေလံပွဲမှာတော့ အဆင့်မြင့်မိစ္ဆာနှလုံးသားတစ်တုံးက ဝိညာဉ်ကျောက်တုံး ၆၇၀၀၀၀ နဲ့ ရောင်းထွက်သွားတယ်"
မန်ဟို ဤအခြင်းအရာကို ကြားသောအခါ ထခုန်မိမတတ် ပျော်လာတော့သည်။ သူ၏သိုလှောင်အိတ်ထဲတွင် အဆင့်မြင့်မိစ္ဆာနှလုံးသားတစ်သောင်းခန့် ရှိသည်မဟုတ်ပါလော။ ရုတ်တရက် သူ့မှာ ရွှေပုံကြီး သူ့အပေါ် ပြုတ်ကျလာသည့်အလား ခံစားလိုက်ရတော့သည်။
သို့သော် တခဏကြာသော် သူသည် ကြေးမုံ၏ပွားနိုင်စွမ်းကို စမ်းသပ်ဖို့ အသုံးပြုခဲ့သည်မှာ အဆင့်မြင့်မိစ္ဆာနှလုံးသားလေးတုံးဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူ့မှာ ရုတ်တရက် ရင်ထဲ စူးအောင့်သွားရတော့၏။
"ဒါဆိုရင် ငါ ..... ထပ်ပြီး ဝိညာဉ်ကျောက်တုံး သိန်းနှစ်ဆယ်ကျော် ဖြုန်းတီးလိုက်တယ်လို့ ဆိုလိုတာလား ။ လခွမ်း ... " သူ့မှာ ရုတ်တရက် အော်ဟစ်ဆဲဆိုပစ်ချင်စိတ်တို့ ဖြစ်ပေါ်လာသည်။ အသက်ပြင်းပြင်းရှူပြီးနောက် သူသည် သာလွန်အဆင့်ဝိညာဉ်ကျောက်တုံး နှစ်ထောင်နှင့်စာလျှင် တော်သေးသည်ဟု သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။ အတန်ငယ်ကြာသော် သူ့မှာ စိတ်ထိန်းနိုင်လိုက်လေသည်။
"ခင်ဗျားပြောသွားတာတွေထက် ပိုပြီး တန်ဖိုးရှိတဲ့ မိစ္ဆာနှလုံးသားအမျိုးအစား ရှိသေးလား" သူက မေးလိုက်သည်။ "သာလွန်အဆင့်ဝိညာဉ်ကျောက်တုံးတွေလိုမျိုး" သူ၏သိုလှောင်အိတ်ထဲတွင် အရိုးဖြူနှင်းပန်းဘီလူးကြီးဆီမှ ရရှိခဲ့သေ မိစ္ဆာနှလုံးသားတစ်တုံး ရှိထားသည်မဟုတ်ပါလော။
ထိုလူက တခဏ တွေးသွားပြီး ပြန်ဖြေသည်။ "အဲ့ဒီလိုဟာမျိုး မရှိဘူး။ ကျုပ် ကျင့်ကြံခြင်းအခြေခံက မမြင့်တာကြောင့် ဒါမှမဟုတ် အဲ့ဒီလောက်ချမ်းသာတဲ့သူတွေနဲ့ မတွေ့ဖူးတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ပတ်လမ်း(၃)မှာ အရိုးဖြူမိစ္ဆာနှလုံးသားလို့ ခေါ်တဲ့ဟာတော့ ရှိတယ်။ သူတို့က မယုံနိုင်လောက်အောင် ရှားပါတယ်။ တန်ဖိုးကလည်း အနှိုင်းမဲ့ပဲ"
မန်ဟို့မှာ ရင်ခုန်သွားသည်။ သူ၏ သိုလှောင်အိတ်ထဲရှိ မွေးကင်းစကလေး၏လက်အရွယ် မိစ္ဆာနှလုံးသားမှာ အဘိုးကြီး ဖော်ပြသွားခဲ့သော အရိုးဖြူမိစ္ဆာနှလုံးသားဖြစ်ကြောင်း သေချာလေသည်။
"တစ်ခုရှိသေးတယ်" အဘိုးကြီးက ပြောသည်။ "အရေးအကြီးဆုံးလည်း ဖြစ်လောက်တယ်။ ဂိုဏ်းသုံးဂိုဏ်းမှာ ပစ္စည်းအများစုကို မိစ္ဆာနှလုံးသားနဲ့ပဲ ဝယ်လို့ရတယ်။ အဲ့ဒါက ကျုပ် သူတို့ကို သိပ်တန်ဖိုးထားရတဲ့ အကြောင်းရင်းနောက်တစ်ခုပဲ
"ဒီအလယ်အလတ်အဆင့် မိစ္ဆာနှလုံးသားနဲ့ဆိုရင် အားဖြည့်ဆေးမှုန့်ဝယ်ဖို့ လောက်သွားပြီ။ ပြီးရင် ကျုပ်ရဲ့ .... ကျုပ်ရဲ့တပည့်လည်း အမြုတေဖြစ်တည်မှုအဆင့်ကနေ တက်နိုင်ပြီ" အဘိုးကြီးက စကားပြောပြီးနောက် နောက်ဆုတ်ပြီး မန်ဟို့ကို နောက်တစ်ဖန် အရိုအသေပေးလိုက်သည်။
မန်ဟိုက ခပ်ယဲ့ယဲ့ပြုံးပြီး ခေါင်းညိတ်လိုက်၏။ သူကား ယခုတွင် စိတ်ပျော်နေပြီး မိစ္ဆာနှလုံးသားများကို ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်ဖို့ ပင်လယ်ခံတပ်သို့ သွားရန် တွေးနေတော့သည်။
"ဒီလောက်များတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ဆို" သူက တွေးသည်။ "နှစ်ခြောက်ဆယ်စက်ဝန်းခုနစ်ခုပါတဲ့ အချိန်ဓားအလက်တစ်ရာ ပွားနိုင်ဖို့ ... ယုံကြည်ချက်ရှိတယ်။ ဒါဆိုရင် ပဒုမ္မာဓားဝင်္ကပါရဲ့ တတိယပုံစံကို ဖော်ဆောင်နိုင်ပြီ" သူက အသက်ပြင်းပြင်း ရှူသွင်းပြီး စိတ်လှုပ်ရှားမှုများကို ချုပ်တည်းလိုက်၏။ သူမှလွဲ၍ မည်သူမှ သစ်သားအချိန်ဓားအလက်တစ်ရာ မပိုင်ဆိုင်နိုင်ကြောင်း သူ သိလေသည်။ အတိတ်တွင်ဖြစ်စေ၊ အနာဂတ်တွင် ဖြစ်စေ၊ ၎င်းသည် အတိုင်းထက်လွန် ပြိုင်ဘက်ကင်းသော ၊ အလွန်တရာ ရှားပါးသောအရာ ဖြစ်ပေလိမ့်မည်။
အကြောင်းရင်းမှာ ကြေးမုံနှင့် ၎င်း၏ ကောင်းကင်ဘုံကို ဖီဆန်နေသော ပွားနိုင်စွမ်းကြောင့်ပင်။ ၎င်းသာမရှိလျှင် အချိန်ဓားအလက်တစ်ရာကို ဖန်တီးနိုင်မည်မဟုတ်။ အချိန်ကို ဓားထဲ သိုလှောင်ဖို့ ကြိုးစားတိုင်း မအောင်မြင်ခြင်းက ဓားတစ်လုံး ပျက်စီးသွားစေမည်။ ထိုမျှသာမက မအောင်မြင်နိုင်နှုန်းကလည်း အဆများစွာ မြင့်မား၏။
"တကယ်တမ်း အချိန်ဓားထိပ်ကိုတောင် နှစ်ခုပွားနိုင်လောက်တယ်" သူက ပိုပို၍စူးရှတောက်ပလာသော မျက်လုံးများဖြင့် တွေးလိုက်သည်။ သူသည် ချာခနဲ လှည့်၍ ထွက်သွားရန်ပြင်လိုက်စဉ် ရုတ်တရက် မိန်းကလေးက အရဲစွန့်လိုက်သောဟန်ပန်လေးနှင့် အံတင်းတင်းကြိတ်ကာ လက်ယှက်ပြီး မန်ဟို့ကို အရိုအသေပေးလိုက်သည်။
"စီနီယာရှင့်" သူမက ပြောသည်။ "ကျေးဇူးပြုပြီး ဂါဝရပြုပါရစေ"
မန်ဟိုမှာ ထွက်သွားရန် ပြင်နေခဲ့ပြီးပြီဖြစ်ပြီး မိန်းကလေး၏စကားကို ကြားသောအခါ ပြန်လှည့်ကြည့်လေသည်။
တစ်ဆက်တည်းမှာပင် အဘိုးကြီး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက မိန်းကလေးကို ချုပ်လိုက်သည်။ သူ၏မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ဖြစ်ပေါ်လာ၏။
"တာအိုရောင်ရင်း၊ ကျုပ် တပည့်က မရင့်ကျက်သေးလို့ပါ။ ဗွေမယူပါနဲ့။ ကောင်းကောင်းသွားပါနော်" သူက ထိုသို့ပြောပြီး မိန်းကလေးကို ဆွဲကာ ထွက်ခွာရန် ပြင်လိုက်သည်။ သူသည် စကားမပြောနိုင်အောင် သူမ၏ကျင့်ကြံခြင်းအခြေခံကို ချိတ်ပိတ်လိုက်၏။ သို့ရာတွင် သူမမျက်ဝန်းများမှာတော့ ထိုလူ၏ဆွဲခေါ်သွားခြင်း ခံနေစဉ် သေချင်နေသည့်အလား ပူဆွေးဝမ်းနည်းနေတော့သည်။
မန်ဟိုက မျက်မှောင်ကြုတ်သွားသည်။ ဤနှစ်ယောက်မှာ ဆရာတပည့်မဟုတ်ကြောင်း သူ သတိထားမိခဲ့ပြီးဖြစ်သည်။ အမှန်တွင် သူသည် အတွေ့အကြုံများအရ အဘိုးကြီး၏ စိတ်ရင်းအမှန်နှင့်ပတ်သက်ပြီး ခန့်မှန်းသိရှိထားပြီးဖြစ်လေသည်။
မူလက သူသည် ကြားဝင်စွက်ဖက်လိုခြင်း မရှိခဲ့သော်လည်း မိန်းကလေး၏ ဝမ်းနည်းပူဆွေးနေသော မျက်ဝန်းများကို မြင်ပြီးနောက် ရုတ်တရက် တခြားအမျိုးသမီး၏ပုံရိပ်ကို မြင်ယောင်မိလိုက်သည်။
"ချင်းလော်ဂိုဏ်းရဲ့ မြင့်မြတ်သောနယ်မြေမှာတုန်းက သူမမျက်ဝန်းတွေလည်း ဒီအတိုင်းပဲ" သူက တွေးလိုက်သည်။
"ခဏလောက်နေပါဦး" သူက သက်ပြင်းချရင်း အဘိုးကြီး၏အရှေ့တည့်တည့်တွင် ပေါ်လာသည်။
အဘိုးကြီးမှာ မျက်နှာပျက်သွားပြန်သည်။ သူ့မှာ မည်သည့်အရာကိုမှ အာရုံမရလိုက်ပေ။ စောစောက မန်ဟိုသည် သူ၏အနောက်တွင် ဖြစ်ခဲ့သော်လည်း ယခုတော့ ရုတ်တရက် အရှေ့သို့ ရောက်နေလေပြီ။ အဘိုးကြီးမှာ ရင်တဒိန်းဒိန်း ခုန်လာတော့၏။
"စကားဆုံးအောင် ပြောပါစေ" မန်ဟိုက ပြောသည်။ အဘိုးကြီးသည် သူ့ကို တန်ဖိုးရှိသောသတင်းများ ဝေမျှပေးခဲ့၍ မန်ဟို့အနေဖြင့် သူ့ကို တိုက်ခိုက်လိုစိတ်မရှိပေ။
မိန်းကလေးမှာ ကျင့်ကြံခြင်းအခြေခံပြန်လည်သက်ဝင်သွားသဖြင့် တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။ သူမမျက်ဝန်းလေးမှာ မျှော်လင့်ချက်တို့ဖြင့် မတောက်ပစဖူး တောက်ပသွား၏။ သူမက မန်ဟို့ကို နောက်တစ်ဖန် အရိုအသေပေးလိုက်ပြန်သည်။
"စီနီယာရှင့် ၊ နဂါးငွေ့တန်းပင်လယ်ကို ဒါ ပထမဆုံးအကြိမ် ရောက်ဖူးတာမလားရှင့်။ စီနီယာမသိသေးတာတွေ အများကြီးရှိပါတယ်။ ဂိုဏ်းသုံးဂိုဏ်းကလည်း စည်းကမ်းအရမ်းတင်းကြပ်တာမလို့ အပြင်လူတွေအနေနဲ့ နေဖို့နေရာ ကိုယ့်ဘာသာကိုယ် ရှာရတာ ခက်ခဲပါလိမ့်မယ်
"စီနီယာရှင့် ကျွန်မက ပင်လယ်ခံတပ်မှာ ကြီးပြင်းခဲ့တာမလို့ ချောင်ကြိုချောင်ကြားမကျန် အကုန်သိပါဝာယ်။ အကယ်လို့ စိတ်မရှိဘူးဆိုရင် ကျွန်မ လိုက်ပြပေးနိုင်ပါတယ်။ စီနီယာလည်း အချိန်ကုန်သက်သာတာပေါ့"
***