← Chapters

အရက်က ‌အတော်လေး ပြင်းတာပဲ

Vol. 48 Ch. 660

အရက်က ‌အတော်လေး ပြင်းတာပဲ

Vol. 48 Ch. 660

မိန်းကလေး၏စကားလုံးများက အဘိုးကြီးကို အလွန်အမင်း မျက်နှာပျက်ယွင်းသွားစေသည်။ သူက နောက်တစ်ဖန် မန်ဟို့ကို လက်ယှက်အရိုအသေပေးလိုက်၏။

“တာအိုရောင်ရင်း ၊ ကျုပ် တပည့်က နားလည်သိတတ်မှု မရှိလို့ပါ။ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့။ ပင်လယ်ခံတပ်က ကြီးတာမှန်ပေမယ့် အဲ့ဒီမှာရှိတဲ့ ဘယ်အရာမဆို ပွင့်လင်းမြင်သာပါတယ်။ သွားတာနဲ့ တာအိုရောင်ရင်း နားလည်ပါလိမ့်မယ်”

မိန်းကလေးက အောက်နှုတ်ခမ်းလေးကို ဖိကိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ သူမမှာ အသနားခံနေသော မျက်ဝန်းလေးဖြင့် မန်ဟို့ကို ကြည့်နေလေသည်။

အဘိုးကြီးသည် အတန်ငယ် ပျာယာခတ်သွားပုံရ၏။ “တာအိုရောင်ရင်း” သူက ဆက်‌ပြောသည်။ “ခင်ဗျားရဲ့မေးခွန်းအကုန်လုံးကို ကျုပ် တစ်ခုမကျန် ဖြေကြားခဲ့ပြီးပါပြီ။ ကျုပ်တပည့်ဟာ အိမ်ကိုလွမ်းနေရုံသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ကျင့်ကြံသူတွေအနေနဲ့ တိုးတက်ချင်ရင် အနေချောင်သလို နေလို့မရဘူးလေ။ ဒါကြောင့် အတွေ့အကြုံနည်းနည်းပါးပါး ရဖို့ သူ့ကို လောကကြီးထဲ ခေါ်လာခဲ့တာပါ”

မန်ဟိုက မိန်းကလေးနှင့်အဘိုးကြီးကို ကြည့်ပြီး သက်ပြင်းခိုးချလိုက်သည်။

“ကျင့်ကြံခြင်းလောကမှာ တောတွင်းဥပဒေက စိုးမိုးပေတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ငါအနေနဲ့ ဘာမှ မလုပ်နိုင်ဘူး။ ဒါပေမဲ့” သူက ခေါင်းခါရင်း ပြောလာသည်။ “ငါတို့ရဲ့ အပြု‌အမူတွေ၊ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ရင်တော့ ရေးသားဖော်ပြထားခြင်းမရှိတဲ့ အမှန်တရားတစ်ခု ရှိတယ်။ မကောင်းမှုလုပ်ရင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် မရောက်ရှိဘူးဆိုတာပဲ”

“ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်း” အဘိုးကြီးက မိန်းကလေးကို လှမ်းဆွဲရင်း ပြောသည်။

“စီနီယာရှင့်” မိန်းကလေးက ‌ဆက်ပြောသည်။ “စီနီယာ ကျင့်ကြံခြင်းအခြေခံ အားနည်းနေခဲ့တုန်းက လိုလိုလားလား ကူညီပေးချင်နေတဲ့ ကျေးဇူးရှင်တစ်ယောက်ယောက်နဲ့ ဆုံတွေ့ခဲ့ဖူးလားဟင်..... “ သူမ,စကားပြောမဆုံးခင် အဘိုးကြီး၏လက်က သူမအပေါ် ကျရောက်လာရာ သူမမှာ ‌သေချင်စိတ်အပြည့်ဖြင့် အားကိုးရာမဲ့စွာသာ ငိုနေနိုင်သော ရုပ်သေးရုပ်ပမာ ဖြစ်သွားလေသည်။

မန်ဟိုက သူမစကားကို ကြားသော် ရုတ်တရက် ပြောလိုက်သည်။ “မင်းကို ထွက်သွားလို့ ငါ ပြောမိလား”

စကားလုံးများက ရိုးရှင်းသော်လည်း အဘိုးကြီးမှာ ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် စိတ်နှလုံးတုန်ရီသွားတော့၏။ သူ့ကိုယ်အတွင်းရှိ အနုသုခုမရုပ်ခန္ဓာမှာ တဆတ်ဆတ် တုန်ယင်လာပြီး ချွေးသီးချွေးပေါက်များ သူ၏နဖူးအပေါ်တွင် တွဲခိုလာသည်။ သူက တုံ့ခနဲ ရပ်ပြီး အံ့ဩမယုံနိုင်ဖြစ်နေသော မျက်နှာထားဖြင့် မန်ဟို့ကို လှည့်ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် သူ့အရှေ့ရှိ လူ၏ ကျင့်ကြံခြင်းအခြေခံမှာ သူ့ထက် အဆ,အဆများစွာ ကျော်လွန်နေကြောင်း သဘောပေါက်သွားတော့သည်။

မန်ဟို စကားပြောလိုက်စဉ် သူ၏အသံမှာ အေးစက်နေ၏။ “ဒီမိန်းကလေးမှာ ယန်ဓာတ်အားကောင်းစေဖို့ ယင်ဓာတ်ကို ထုတ်ယူပေးတဲ့ နှစ်ကိုယ်ကျင့်စဉ်အတွက် သင့်တော်တဲ့ ပြိုင်ဘက်ကင်း ရုပ်ခန္ဓာကိုယ်ရှိတယ်...ခင်ဗျားရဲ့ ရည်ရွယ်ချက်က  ကျင့်ကြံခြင်းအခြေခံအတားအဆီးကို ဖောက်ထွက်ဖို့ အဲ့ဒီယင်စွမ်းအားကို အသုံးပြုမှာလေ” သူက ထိုသို့ပြောပြီး ညာဘက်ကို မြှောက်လိုက်ရာ အလယ်အလတ်အဆင့်မိစ္ဆာနှလုံးသား ဆယ်ခုအား အဘိုးကြီးဆီသို့ ပျံသန်းသွားစေသည်။

“ပုံမှန်ဆိုရင် ကျုပ်က ဒီလိုကိစ္စတွေမှာ ဝင်ပါလေ့ပါထမရှိဘူး” သူက ဖြေး‌ဖြေးချင်း ဆက်ပြောသည်။ “ဒါပေမဲ့ ဒီမိန်းကလေးကို ဆုံတွေ့ပြီးပြီဆိုတော့ ကျုပ်တို့နှစ်ယောက်မှာ ရေစက်ပါတယ်။ စောစောက ကျုပ် မေးခွန်းတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီမိစ္ဆာနှလုံးသားတွေ ယူပြီး ထွက်သွားပါတော့”

အဘိုးကြီးမှာ တခဏ ဆုံးဖြတ်ရခက်နေသော်လည်း နောက်ဆုံးတွင် မိန်းကလေးကို လွှတ်၍ မိစ္ဆာနှလုံးသားများအား သိမ်းလိုက်သည်။ သူသည် ခါးသက်သက်ပြုံးရင်း လက်ယှက်၍ မန်ဟို့ကို အရိုအ‌သေပေးပြီးနောက် အဝေးသို့ ထွက်သွားတော့သည်။

မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် သူ၏စဉ်းစားနိုင်စွမ်းထက် ကျော်လွန်နေပြီး သူတို့နှစ်ယောက်အကြား ကွာဟမှုမှာ ကြီးမားလွန်းပေသည်။ အဘိုးကြီးမှာ မကျေမနပ်ပင် မဖြစ်ရဲသဖြင့် သူ၏ကံကြမ္မာကိုသာ လက်ခံလိုက်ရလေသည်။

အဘိုးကြီး ထွက်သွားသောအခါ ‌မျက်ရည်များက မိန်းကလေး၏ပါးပြင်တစ်လျှောက် တသွင်သွင် စီးကျလာပြီး သူမမှာ မန်ဟို့ကို ထပ်ကာထပ်ကာ အရိုအသေပေးနေတော့သည်။

“ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ကျွန်မက ပင်လယ်ခံတပ်မှာ  မွေးတဲ့သူပါ။ စီနီယာကို ကူညီဖို့ အစွမ်းကုန်ကြိုးစားပါ့မယ်” သူမ၏ ကျေးဇူးတင်စိတ်တို့မှာ သူမမျက်ဝန်းလေးများတွင် သိသာပေါ်လွင်နေလေသည်။ ယခုလေးတင်မှ ကပ်ဘေးကြီးကို ရှောင်တိမ်းနိုင်ခဲ့၍ သူမအသံလေးမှာ အတန်ငယ် တုန်ရီနေသည်။ စောစောက ဖော်ပြခဲ့သော သတ္တိအားလုံး အစအနမကျန် ပျောက်ကွယ်သွားပြီး အားနည်းမှုအသွင်ပြောင်းသွားတော့သည်။

“နာမည် ဘယ်လိုခေါ် လဲ” မန်ဟိုက သူမကို လှမ်းကြည့်ရင်း မေးသည်။

“ဝေ့လီ ..... ဂျူနီယာနဲ့နာမည်က ဝေ့လီပါ” သူမက နာမည်ကြောင့် ခံစားလိုက်ရသော ဝမ်းနည်းမှုတို့ကို ဖုံးကွယ်ရန် ခေါင်းလေးငုံ့ရင်း တိုးတိုးကလေး ပြန်ဖြေသည်။ (ဝေ့= တစ်ဦးတည်း၊ လီ = ထွက်သွားသည်/ချန်ထားခဲ့သည်)

မန်ဟိုက ခေါင်းညိတ်လိုက်သော်လည်း စကားထပ်မပြောတော့ပေ။ ထို့နောက် သူသည် အင်္ကျီလက်စကို ခါကာ မိန်းကလေးနှင့်အတူ မြေပုံပေါ်တွင် ဖော်ပြထားသည့် ဂိုဏ်းကြီးသုံးဂိုဏ်း၏ ပင်လယ်ခံတပ်ရှိရာသို့ ပျံသန်းသွားတော့သည်။

ဝေ့‌လီက မန်ဟိုနှင့် လိုက်ပါပျံသန်းနေစဉ် ချီတုံချတုံ ဖြစ်နေသည်။ သူမသည် သူတို့၏ပတ်ပတ်လည်ရှိ မြူများကို ကြည့်ပြီး သူမအနေဖြင့် တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးသော၊ ယခု သူတို့ ရွေ့လျားနေသော အမြန်နှုန်းကို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် ဝေ့လီက တိုးတိုးကလေး ပြောလာ၏။ “စီနီယာက .... သင်းကွဲကျင့်ကြံသူလား”

“ဘာလို့မေးတာလဲ” မန်ဟိုက အေးအေးဆေးဆေး ပြန်မေးသည်။

“ပတ်လမ်း(၃)မှာ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတွေက သင်းကွဲကျင့်ကြံသူဟုတ်ရင်ဟုတ် ၊ မဟုတ်ရင် အထူးပျံသန်းရတနာတွေကို ထောက်ပံ့ပေးတဲ့ ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေက ဖြစ်ကြတယ်။ အဲ့ဒီလိုပျံသန်းရတနာတွေက ပြဿနာတွေအများကြီးကို ရှောင်လွှဲနိုင်စေတဲ့အပြင် ခရီးနှင်နေရင်း တရားထိုင်ပြီး ကျင့်ကြံအားထုတ်လို့ရအောင် လုပ်ပေးတယ်”

ဝေ့လီသည် သူမစကားများကြောင့် မန်ဟို စိတ်ကွက်သွားမည်စိုး၍ တွန့်ဆုတ်သွားပြန်၏။ “ဒါ့အပြင် ပင်လယ်ခံတပ်ကို ဝင်ရောက်တာနဲ့ အဲ့ဒီလိုပျံသန်းရတနာမျိုးရှိရင် အစစ်ဆေးမခံရဘူး”

“အဲ့ဒီလိုလား” မန်ဟိုက ‌‌တခဏ စဉ်းစားနေပြီးနောက် ပြောသည်။ “ဟုတ်ပြီ ဒါဆို ပင်လယ်ခံတပ်ကို ရောက်ရင် နည်းနည်းပါးပါး သွားကြည့်တာပေါ့” သူသည် သူ့တွင် ပျံသန်းရတနာတစ်ခုမှမရှိကြောင်း ယခုမှ သဘောပေါက်သွားတော့၏။ ထိုကဲ့သို့ရတနာမျိုးအား စီးရင်း ကျင့်ကြံအားထုတ်၍ရသည်ကို ထည့်တွက်လျှင် မန်ဟိုမှာ အတော်လေး စိတ်လှုပ်ရှားလာတော့သည်။

ဝေ့လီ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ထိုပျံသန်းရတနာများမှာ အလွန်အမင်းဈေးကြီးကြောင်း မန်ဟို့ကို ဆက်ပြောရန် ပြင်လိုက်သည်။ သို့သော် သူမမှာ ပါးစပ်မဟရဲပေ။ ထို့နောက် သူမသည် မန်ဟို အလယ်အလတ်အဆင့်မိစ္ဆာနှလုံးသားဆယ်တုံးအား အလွယ်တကူ ထုတ်ပေးခဲ့ပုံကို တွေးမိပြီး သူ့တွင် အလွန်မြင့်မားသောအဆင့်အတန်းတစ်ခုရှိကြောင်း နားလည်သွား၏။

အချိန်အတော်လေးကြာသော် သူမက မန်ဟို၏ ရိုးရိုးစင်းစင်းဝတ်ရုံကို လှမ်းကြည့်ပြီး ပြောလာသည်။ “စီနီယာရှင့် ... အဝတ်အစားလဲသင့်တယ်ထင်တယ်။ ပင်လယ်ခံတပ်မှာ ပင်လယ်မိစ္ဆာတွေကနေ ဖန်တီးချုပ်လုပ်ထားတဲ့ တာအိုဝတ်ရုံတွေ ရှိပါတယ်။ ကောလဟာလတွေအရ အဆင့်အမြင့်ဆုံးဝတ်ရုံတွေဆိုရင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်တိုက်ကွက်ကိုတောင် ခံနိုင်ရည်ရှိတယ်တဲ့

“ရိုးရှင်းတဲ့အဝတ်အစားမျိုး သဘောကျရင် ပင်လယ်ခံတပ်မှာ အဲ့ဒါတွေလည်း ရှိတယ်။ ဒါပေမဲ့ ထုတ်ကုန်အရည်အသွေးအရပဲ ဖြစ်ဖြစ်၊ ခုခံနိုင်စွမ်းအရပဲဖြစ်ဖြစ် အဲ့ဒီအဝတ်အစားတွေက နဂါးငွေ့တန်းပင်လယ်မှာ ပြိုင်ဘက်ကင်းတယ်။ နှစ်စဉ်နှစ်တိုင်း အဝတ်ချုပ်ဖို့အတွက် အပြင်ဂိုဏ်းတွေ၊ အပြင်မျိုးနွယ်စု‌တွေကနေ လူတွေအများကြီး ရောက်လာကြတာ”

မန်ဟိုသည် သူ၏ဝတ်ရုံကို ငုံ့ကြည့်ပြီး ခေါင်းညိတ်လိုက်၏။ သူ့အနေဖြင့် အဝတ်အစားနှင့်ပတ်သက်၍ ဘယ်တော့မှ ဂရုမစိုက်ခဲ့သော်လည်း မိန်းကလေး၏စကားများကို နားထောင်ပြီးနောက်တွင် အကျိုးအကြောင်းသင့်ကြောင်း သဘောပေါက်သွား၏။

“အေး ဟုတ်ပြီ။ ရောက်ရင် တစ်စုံနှစ်စုံ ဝယ်လိုက်မယ်”

“စီနီယာ သိုလှောင်အိတ်ကိစ္စလည်း ရှိသေးတယ်။ နဂါးငွေ့တန်းပင်လယ်မှာ ပုံမှန်ထက် အဆတစ်ရာ ပိုဆန့်တဲ့ သိုလှောင်ရတနာတွေကိုလည်း ရနိုင်တယ်။ တချို့ဆိုလျှင် လျှို့ဝှက်ဆန်းကြယ်တဲ့ တခြားအရည်အသွေးတွေတောင် ရှိတယ်

“တကယ်တမ်းပြောရရင် အဆင့်မြင့်သိုလှောင်ပစ္စည်းတွေဆိုရင် စိတ်ဝိညာဉ်စွမ်းအင်ကိုတောင် သိုလှောင်နိုင်တယ်။ အဲ့ဒါကြောင့် မှော်စွမ်းအား ကုန်ခမ်းသွားရင်တောင်မှ အနည်းဆုံး သိုလှောင်အိတ်ဖွင့်ဖို့ အခွင့်အရေးတော့ ရသေးတာပေါ့”

“အဲ့ဒီလိုပစ္စည်းတွေ ရှိတယ်ပေါ့” မန်ဟိုက မေးသည်။ ၎င်းမှာ သူ့အတွက် အသစ်အဆန်းဖြစ်ပြီး စိတ်ဝင်စားစရာ‌ကောင်းလေသည်။ “ဟုတ်ပြီ ရောက်တာနဲ့ နည်းနည်းပါးပါး ဝယ်ရမယ်”

“စီနီယာမှာ အသံပေးပို့အဆောင် တစ်ခုခုများ ရှိလား။ မရှိဘူးလား။ မရှိဘူးဆိုရင် ပင်လယ်ခံတပ်မှာရတဲ့ အသံပေးပို့အဆောင်တွေကို ဝယ်သင့်တယ်။ အဲ့ဒါမှ နဂါးငွေ့တန်းပင်လယ်ရဲ့ ဘယ်နေရာကိုပဲ ရောက်နေရောက်နေ အပြင်က လူတွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်လိမ့်မယ်”

“ဟုတ်ပြီ ဝယ်မယ်”

“စီနီယာရဲ့ ကျင့်ကြံခြင်းအခြေခံအဆင့်ကို ထည့်တွက်ရင် မှော်လက်စွပ်တွေတော့ လိုလောက်မှာ မဟုတ်ပေမယ့် နည်းနည်းပါးပါး ဝယ်ဖို့ အကြံပေးချင်တယ်...”

“ကောင်းတယ်။ လက်တစ်ဆုပ်လောက် ဝယ်မယ်”

“စီနီယာရှင့် ပတ်လမ်း(၃)မှာ အကြာကြီးနေမယ်ဆိုရင် မြို့ထဲက ကျင့်ကြံခြင်းဂူတစ်လုံးလည်း ဝယ်တာကောင်းမယ်။ ဈေးကတော့ နေရာပေါ်မူတည်ပြီး ကွဲပြားမှာပေါ့...”

“အကောင်းဆုံးတစ်ခုကို ဝယ်မယ်”

သူတို့ ခရီးနှင်လာကြစဉ် ဝေ့လီသည် မန်ဟို့ကို စ၊ လယ် ၊ ဆုံး တွက်ချက်ပြနေ၏။ တခြားအ‌ချိန်အခါတွင်သာ ဆိုလျှင် မန်ဟို့အနေဖြင့် အာရုံစိုက်နေမည်မဟုတ်ပေ။ သို့ရာတွင် သူသည် သိုလှောင်အိတ်ထဲရှိ မိစ္ဆာနှလုံးသားအရေအတွက်နှင့် လဲလှယ်နိုင်မည့်ပမာဏကို စဉ်းစားရင်း ပျော်ရွှင်မြူးထူးနေလေ၏။

ကြွယ်ဝချမ်းသာပြီး ဩဇာအာဏာရှိသော ခံစားချက်များဖြင့် ပြည့်နှက်နေစဉ်  ဝယ်နိုင်သော အံ့ဖွယ်ပစ္စည်းအကုန်လုံးအား ဖော်ပြရင်း အဖော်ပြုပေးနေသော တစ်စုံတစ်ယောက်ရှိခြင်းက သူ့ကို စိတ်ကြည်လင်လန်းဆန်းနေစေတော့သည်။ သူက အင်္ကျီလက်စခါပြီး တစ်ခုမကျန် ဝယ်ရန် ဆုံးဖြတ်လိုက်တော့သည်။

ရက်အနည်းငယ်ကြာသော် မန်ဟိုသည် အဝေးမှ ပင်လယ်ခံတပ်အား လှမ်းမြင်လိုက်ရ၏။ သူ့မှာ ဝေ့လီ သူ့ကို ပြောပြခဲ့သော ပစ္စည်းအရေအတွက် မည်မျှရှိနေပြီဆိုသည်ကိုသော်လည်းကောင်း၊ မည်မျှဝယ်မည်ဟု ‌ပြောခဲ့သည်ကို‌လည်းကောင်း မမှတ်မိတော့ပေ။

သို့သော် ဝေ့လီမှာ အလွန် ဆရာကျ၏။ သူမကား အချိန်အတော်ကြာကတည်းက ကျောက်စိမ်းပြားတစ်ပြား ထုတ်၍ ခရေစေ့တွင်းကျ မှတ်တမ်းတင်ထားပြီးဖြစ်လေသည်။

အရှေ့ရှိ ပင်လယ်ခံတပ်ကြီးသည် အတိုင်းထက်အလွန် ကြီးမား၏။ ၎င်းမှာ ပင်လယ်ရေမျက်နှာပြင်ထက်တွင် မားမားမတ်မတ် ရပ်နေသော သားရဲကြီးတစ်ကောင်နှင့် တူလေသည်။ လောလောဆယ်တွင် ညနေစောင်းအခါသမယဖြစ်၍ မြို့မှာ လှပစွာ တောက်ပနေတော့သည်။ သာမန်ကာသျှံကာ တစ်ချက်ကြည့်ပြီးသော် အတွင်း၌ အနည်းဆုံး ကျင့်ကြံသူတစ်သိန်းအနည်းဆုံး ရှိမည်ဖြစ်ကြောင်း မန်ဟို ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်တွင် ဂိုဏ်းသုံးဂိုဏ်း၏ ကင်းလှည့်ကျင့်ကြံသူများ ပြည့်နှက်နေသည်။ မြို့အလယ်၌ အရောင်အဝါ ခံ့ညားထည်ဝါနေသော ပုလဲသွယ်များဖြင့် တန်ဆာဆင်ထားသည့် မျှော်စင်ကြီးတစ်ခုကိုလည်း မြင်ရနိုင်သည်။ ပုလဲများမှာ မန်ဟိုမှလွဲ၍ ဘယ်သူမှမမြင်နိုင်သော လှိုင်းများကို ထုတ်လွှတ်ရင်း တစ်မြို့လုံးအား ဖုံးလွှမ်းနေစေ၏။

တစ်မြို့လုံးအား မိုးထိမြင့်သွန်းနေသော တံတိုင်းကြီးက ပတ်ပတ်လည် ဝန်းရံထားသည်။ တံတိုင်းကြီးမှာ ‌ပင်လယ်ရေမျက်နှာပြင်အောက်အထိလည်း ဆန့်တန်းနေလေသည်။ တံတိုင်းကြီးသည် ညအမှောင်ထုတမျှ နက်မှောင်နေပြီး မှိုင်းညို့ညို့နှင့် ကျောချမ်းဖွယ်‌ကောင်း၏။ ‌ခြောက်ကပ်နေသော ပင်လယ်မိစ္ဆာအသေကောင်များ စိုက်ဝင်နေသည့် ကြောက်စရာဆူးချွန်ချွန်များမှာလည်း မြို့ကို ဝန်းရံထားလေသည်။

မန်ဟို့မျက်လုံးများ တလက်လက် တောက်ပသွားသည်။ သူ အာရုံရသလောက် ပင်လယ်ခံတပ်ထဲတွင် အနည်းဆုံး တားမြစ်မန္တန်ရာနှင့်ချီပေမည်။ သူသာ မြို့ထဲသို့ တိုက်ရိုက် ဝင်ရောက်ဖို့ ကြိုးစားခဲ့လျှင် ဘယ်နည်းနှင့်မှ ဖြစ်နိုင်မည်မဟုတ်။

ဤတားမြစ်မန္တန်ဝင်္ကပါများသည် အသက်ဝင်လာလျှင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို အလွယ်တကူ အသက်နုတ်ပစ်နိုင်၏။

ဤရွေ့ဤမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်။ သို့သော် မန်ဟိုသည် သူ့ကို ခေါင်းနပန်းကြီးသွားစေသော အရှိန်အဝါတစ်ခုကိုလည်း မြို့ထဲ၌ အာရုံရလိုက်၏။ ၎င်းမှာ ကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါတစ်စိတ်တစ်ပိုင်း ပါဝင်နေပြီး မှော်ပစ္စည်းတစ်ခု၏အရှိန်အဝါလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေဟန်တူသည်။

သေသေချာချာ မဆုံးဖြတ်နိုင်သော်လည်း ဤအရှိန်အဝါကို ထုတ်လွှတ်နေသော အရာကြီးမှာ … စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် စွမ်းအားထက် သာလွန်ကြောင်း မန်ဟို ‌ပြောနိုင်သည်။

မြို့ကို လှမ်းကြည့်ပြီးနောက် သူ၏အကြည့်မှာ မြို့အလယ်ရှိ မျှော်စင်ကြီးအပေါ် ကျရောက်သွားသည်။ ထိုအခိုက်အတန့်မှာပင် အနီရောင်ဝတ်ရုံနှင့် နေဝိညာဉ်သူတော်စင်သည် ထိုမျှော်စင်၌ တရားထိုင်‌နေ၏။ ရုတ်တရက် သူ၏မျက်လုံးများ ပွင့်လာသည်။

သူ၏အကြည့်သည် မျှော်စင်၏အတွင်းမှ ဖောက်ထွက်၍ အဝေးရှိ မန်ဟို့အပေါ် ကျရောက်သွားသည်။ မန်ဟိုက ပုံပန်းသွင်ပြင် ပြောင်းလဲထားသော်လည်း သူကတော့ မန်ဟို့ကို မှတ်မိသေး၏။

သူတို့နှစ်ယောက်သည် အကွာအဝေးတစ်ခုခြားလျက် ရှိသော်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်နေသည်ကို နှစ်ယောက်လုံး အာရုံရလေသည်။ တခဏကြာသော် သူတို့က အကြည့်လွှဲလိုက်ကြသည်။

မန်ဟို လေလယ်တွင် ရပ်လိုက်သည်ကို မြင်သောအခါ ဝေ့လီက သူ့ကို ကြည့်ပြီး ပြောသည်။ “စီနီယာ”

တခဏကြာသော် သူမက ဆက်ပြောသည်။ “စီနီယာ့မှာ သက်သေခံတံဆိပ်ပြားရှိလား”

“ရှိရင် တိုက်ရိုက် ဝင်သွားလို့ရတယ်။ မရှိဘူး ဆိုရင်တော့ နည်းနည်းဒုက္ခများရလိမ့်မယ်....”

မန်ဟို မျက်မှောင်ကြုတ်သွားသည်။ သူ့တွင် သက်သေခံတံဆိပ်ပြားမရှိသဖြင့် လောလောဆယ်တွင် သူတို့နှစ်ယောက်မှာ မြို့ဂိတ်၏အရှေ့တည့်တည့်တွင် ရပ်နေကြလေသည်။ အထဲ၌ လူသုံးယောက် တင်ပျဉ်ခွေတရားထိုင်နေကြ၏။ သူတို့အရှေ့တွင် ကျင့်ကြံသူတစ်ဒါဇင်ကျော်က တံဆိပ်ပြားများကို ကိုင်လျက် ရပ်နေကြသည်။ ရံဖန်ရံခါ သူတို့က ဘေးဘီဝဲယာကို သွေးအေးသော မျက်နှာထားများဖြင့် လှမ်းကြည့်တတ်၏။

ညနေစောင်းနေပြီဖြစ်သော်လည်း ပင်လယ်ခံတပ်သို့ ဝင်ရန် တန်းစီစောင့်နေကြသူများ အတော်များပြားလေသည်။

မန်ဟိုနှင့် ဝေ့လီရောက်သောအခါ အဘိုးကြီးသုံးယောက်က တစ်ပြိုင်တည်း မျက်စိဖွင့်လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် မန်ဟိုသည် အနီးနားရှိ တားမြစ်မန္တန်များမှ လာနေသော လှိုင်းဂယက်အငွေ့အသက်များကို ခံစားလိုက်ရ၏။

သူသာ အန္တရာယ်ပြုမည့်အရိပ်အယောင် နည်းနည်းလေးပင် ပြလိုက်လျှင် ထိုမန္တန်ဝင်္ကပါများ ချက်ချင်း အသက်ဝင်သွားမယ်ဖြစ်ကြောင်း သိလေသည်။

“စီနီယာ” ဝေ့လီက ပြောသည်။ “သက်သေ‌ခံတံဆိပ်ပြားမရှိဘူးဆိုရင် ကျွန်မ မြို့ထဲ အရင်ဝင်သွားပြီးတော့ တစ်ခုဝယ်ပေးမယ်။ ကံဆိုးစွာနဲ့ ဈေးက တော်တော်တော့ ကြီးလိမ့်မယ်။ ပြီးတော့ သာမန်သက်သေခံတံဆိပ်ပြားပဲ ကျွန်မ ယူပေးနိုင်မှာ။ အဲ့ဒါက နောက်ပိုင်းဆို ပြဿနာတက်လိမ့်မယ်။ ဒါပေမဲ့....” သူမစကားပြောနေသည့်အချိန်မှာပင် မြို့တွင်းမှ တောက်ပသောအလင်းတန်းတစ်တန်း ရုတ်တရက် ပျံထွက်လာသည်။

အထဲတွင်ကား ပန်းရောင်ဝတ်ရုံနှင့် လှပသောအမျိုးသမီးတစ်ယောက် ရှိ၏။ သူမသည် က္ကန္ဒြေအပြည့်နှင့် တင့်တယ်လှပပြီး သူမပေါ်လာသည်နှင့်တစ်ပြိုင်နက် မြို့ဂိတ်ရှိ ကျင့်ကြံသူများမှာ ခါးကိုင်းအရိုအသေပေးလိုက်ကြသည်။

“ဂါဝရပြုပါတယ် သခင်မလင်း”

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ကျန်ကျင့်ကြံသူများ၏ မျက်နှာအပေါ်၌ လေးစားရိုသေသော အမူအရာတို့ ပြည့်နှက်သွားသည်။ တစ်ယောက်ပြီးတစ်ယောက် လက်ယှက်၍ အရိုအသေပေးလိုက်ကြ၏။

“ဂါဝရပြုပါတယ် သခင်မလင်း”

က္ကန္ဒြေသိက္ခာရှိသော အမျိုးသမီးက ခေါင်းညိတ်ပြီး ပြုံးပြသည်။ သူမသည် မန်ဟို့အရှေ့ရောက်သည်အထိ လူကြားထဲမှ ဖြတ်လာ၏။ ဝေ့လီမှာ ကြောက်လန့်တကြား နောက်ဆုတ်လိုက်သည်။ မန်ဟိုက ‘သခင်မလင်း’ ဟူ၍ လူတိုင်းခေါ်ကြသော အမျိုးသမီး ချဉ်းကပ်လာသည်ကို ကြည့်ရင်း ပုံမှန်အတိုင်းပင်။ သူမက သူ၏အရှေ့တွင် ရပ်လိုက်ကာ လူတိုင်း၏ ရှေ့မှောက်တွင် ခြေတစ်ဖက် ရှေ့ထုတ်၍ သူ့ကို ဒူးညွတ်အရိုအသေပေးလိုက်၏။

သူမက စကားမပြောသော်လည်း ပြုံးပြီး ရွှေရောင်တံဆိပ်ပြားတစ်ခုကို မန်ဟို့ဆီ ကမ်းပေးလေသည်။

“လူတစ်ယောက်က ရှင့်ဆီ ကျွန်မကို သတင်းပါးခိုင်းလိုက်လို့။ အရက်က တော်တော်လေး ပြင်းတယ်တဲ့” သူမက ပြုံးပြီး မန်ဟိုကို လေးလေးနက်နက် တစ်ချက်ကြည့်ကာ လှည့်ထွက်သွားဝောာ့သည်။

သူမ လျှောက်ထွက်သွားစဉ် လူအုပ်ကြီးက မန်ဟို့ကို လှည့်ကြည့်လိုက်ကြ၏။ ဝေ့လီမှာ မျက်လုံးလေးအဝိုင်းသားနှင့် သူ့ကို မမှိန်မသုန် ကြည့်နေလေသည်။

***

All Chapters