ကျီရှောင်ရှောင်ကို ထပ်မံဆုံတွေ့ခြင်း
Vol. 48 Ch. 661
က္ကန္ဒြေရှိအမျိုးသမီး ထွက်သွားပြီးနောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ တအံ့တဩ အော်လိုက်ကြသည်။ "အဆင့်(၁) ပင်လယ်ခံတပ်တံဆိပ်ပြား"
မျက်လုံးအားလုံးက မန်ဟို့အပေါ် ကျရောက်လာ၏။ အထူးသဖြင့် သူ လက်ထဲတွင် ဖင်တပြန်၊ ခေါင်းတပြန်လှန်ရင်း ဆော့ကစားနေသော ရွှေရောင်တံဆိပ်ပြားအပေါ် ဖြစ်သည်။
"အဆင့်(၁) ပင်လယ်ခံတပ်တံဆိပ်ပြားတဲ့ ... ဂိုဏ်းသုံးဂိုဏ်းရဲ့ သူတော်စင်သုံးဦးပဲ အဲ့ဒီလိုလက်ဆောင်မျိုး ပေးနိုင်တာလေ"
"ဒါ အဲ့ဒီလို တံဆိပ်ပြားမျိုးကို ဒုတိယအကြိမ် မြင်ဖူးတာပဲ ။ ဒီပုဂ္ဂိုလ်က မယုံနိုင်လောက်အောင် အထူးအရေးပေးခံရတဲ့ ဧည့်သည်ပဲဖြစ်ရမယ်"
စကားသံများ ကျွတ်ကျွတ်ညံနေစဉ် မန်ဟိုသည် တံဆိပ်ပြားကို ငုံ့ကြည့်လိုက်၏။ ၎င်းသည် ရွှေအတိပြီးနေပြီး ပင်လယ်ခံတပ်တစ်ခု၏ပုံစံအား ၎င်း၏မျက်နှာပြင်အပေါ်တွင် ရေးထွင်းထား၏။ အခြားတစ်ဖက်တွင်တော့ နေဝိညာဉ်အဖွဲ့အစည်းဆိုသော စာလုံးများ ရှိသည်။
အတွင်းထဲမှ ထုတ်လွှတ်နေသော အားပျော့ပျော့ ဖိအားတစ်ခုကိုလည်း ခံစားရပေမည်။
ဝေ့လီမှာတော့ မျက်လုံးကလေးများ ဝိုင်းစက်ပြူးကျယ်နေပြီး မယုံကြည်နိုင်ဖြစ်နေသည်။ သူမသည် လူအုပ်ကြီးကို ဖြတ်၍ ပင်လယ်ခံတပ်ထဲ ဝင်ရောက်သွားသော မန်ဟို့အနောက်သို့ ကြောင်တောင်တောင်ကလေး လိုက်သွားလေ၏။ သူတို့ ဖြတ်သွားတိုင်း ဂိုဏ်းသုံးဂိုဏ်း၏ကျင့်ကြံသူများက ချက်ချင်း လက်ယှက်၍ အတိုင်းထက်အလွန် ရိုသေလေးစားနေသော အမူအရာများဖြင့် သူတို့ကို အရိုအသေပေးတတ်ကြလေသည်။
မြို့ထဲသို့ အဆင်ပြေပြေ ဝင်ရောက်လာခဲ့ပြီးနောက်တွင်ပင် ဝေ့လီမှာ စိတ်နှင့်ကိုယ်မကပ်သေးပေ။ နောက်ဆုံးတွင် သူမက အသက်ပြင်းပြင်း ရှူသွင်းပြီး မန်ဟို့ကို ကြည့်လိုက်သည်။ သူကား သူမအတွက် ပိုပို၍သာ လျှို့ဝှက်ဆန်းကြယ်လာနေ၏။
နောက်ဆုံးတွင် သူမမှာ ထပ်မံမအောင့်အည်းနိုင်တော့ဘဲ မေးလိုက်ဝောာ့သည်။ "စ..စီနီယာ .... ဟို မဟုတ်မှ နေဝိညာဉ်သူတော်စင်နဲ့ သိတာလားဟင်"
"ဟင့်အင်း သိပ်မသိပါဘူး" မန်ဟိုက ဘေးဘီဝဲယာကို ကြည့်ရင်း ဘာမှမဟုတ်သည့်အတိုင်း ပြန်ဖြေသည်။ ညနေခင်းဖြစ်သော်လည်း မြို့မှာ တပွက်ပွက်ဆူနေသော ရေနွေးအိုးပမာ ဆူညံစည်ကားနေဆဲပင်။
ဝေ့လီက ခြေလှမ်းအနည်းငယ် လျှောက်လာသော်လည်း ယုံကြည်သေးပုံမရ။ "မဖြစ်နိုင်ဘူး။ သူနဲ့ မသိဘူးဆိုရင် ဘာလို့ သခင်မလင်းကိုယ်တိုင် စီနီယာ့ကို ပင်လယ်ခံတပ်တံဆိပ်ပြားလာပေးမှာလဲ။ သူက နေဝိညာဉ်သူတော်စင်ရဲ့ ချစ်ဇနီးနှစ်ယောက်ထဲက တစ်ယောက်လေ၊ ပုံမှန်ဆို ဘယ်တော့မှ လူကြားထဲ ထွက်လာတတ်တာ မဟုတ်ဘူး"
မန်ဟိုက တောက်ပစွာ ပြုံးရင်း သူမကို ပြန်ကြည့်သည်။ "တလောတုန်းက သူ့ကို အရက်အိုးတစ်အိုးပေးခဲ့လို့ပါ"
ဝေ့လီမျက်ဝန်းလေးများ လေးနက်သွားသည်။ သူမမှာ မယုံသေးသော်လည်း စောစောက အဖြစ်အပျက်မှာ ထူးဆန်းလွန်းလေသည်။ အခြားတစ်ဖက်တွင် မန်ဟို ယခု ပြောလိုက်သည်ကို ယုံကြည်ဖို့ကလည်း လက်တွေ့မကျပေ။
"အဲ့ဒီအကြောင်းကို ထားလိုက်တော့" မန်ဟိုက ပြုံးရင်း ပြောသည်။ "ကဲ အခု မိစ္ဆာနှလုံးသားတွေ ဝယ်တဲ့နေရာတစ်နေရာလောက် လိုက်မပို့ပေးတော့ဘူးလား" သူသည် သိပ်တင်စီးသော ပုံစံမရှိသော်လည်း ဝေ့လီမှာ အတန်ငယ် စိတ်လှုပ်ရှားလာတော့သည်။ သူမက စတင် ရှင်းပြလေသည်။
"စီနီယာရှင့် ၊ ပင်လယ်ခံတပ်မှာ မိစ္ဆာနှလုံးသားတွေကို အထူးရောင်းဝယ်တဲ့ နေရာသုံးနေရာရှိတယ်။ အဲ့ဒါက ပင်လယ်နတ်မင်းဂိုဏ်း၊ ဝေဟင်အင်မော်တယ်ဂိုဏ်းနဲ့ နေဝိညာဉ်အဖွဲ့အစည်းတို့ အသီးသီးပိုင်တဲ့ ပင်လယ်စံအိမ်သုံးအိမ်ပဲ
"သူတို့ ကမ်းလှမ်းတဲ့ ဈေးနှုန်းတွေက အမြင့်ဆုံးမဟုတ်ပေမယ့် ဖောက်သည်တွေနဲ့ပတ်သက်ရင် အမြဲရိုးသားစစ်မှန်တယ်။ မိစ္ဆာနှလုံးသား ဘယ်လောက်ယူသွားယူသွား ၊ သူတို့က ဝိညာဉ်ကျောက်တုံးနဲ့ လဲပေးနိုင်တယ်
"ဂိုဏ်းသုံးဂိုဏ်းဖွင့်ထားတဲ့ နေရာသုံးနေရာအပြင် နဂါးငွေ့တန်းလေလံအိမ်ဆိုတာလည်း ရှိတယ်။ လေလံအိမ်ဆိုတဲ့အတိုင်း လေလံပွဲတွေ ကျင်းပပေးတာပေါ့
"ဒါ့အပြင် မိစ္ဆာနှလုံးသားတွေ ဝယ်လို့ရတဲ့ ဆိုင်တွေလည်း မြို့အနှံ့အပြားမှာ ရှိတယ်။ ပြောခဲ့ဖူးတဲ့အတိုင်းပဲ ဒါက နဂါးငွေ့တန်းပင်လယ်ဆိုတော့ ပစ္စည်းတွေကို မိစ္ဆာနှလုံးသားနဲ့လည်း တိုက်ရိုက် ဝယ်လို့ရတယ်
"အမှန်တိုင်းပြောရရင် စီနီယာ ပစ္စည်းတွေအများကြီး ဝယ်ချင်တယ်ဆိုရင် ... မိစ္ဆာနှလုံးသားတွေကို ဝိညာဉ်ကျောက်တုံးတွေနဲ့ အခုချက်ချင်း မလဲပစ်ဖို့ ကျွန်မ အကြံပေးချင်တယ်။ ပင်လယ်ခံတပ်က ပစ္စည်းအများစုကို မိစ္ဆာနှလုံးသားနဲ့ပဲ ဝယ်လို့ရလို့ပါ"
မန်ဟိုက တခဏ တိတ်ဆိတ်စွာ တွေးနေပြီးနောက် ခေါင်းညိတ်လိုက်သည်။ "အရင်ဆုံး ပျံသန်းမှော်ပစ္စည်းတွေ ရောင်းတဲ့တစ်နေရာရာ သွားကြတာပေါ့"
"စီနီယာ ဘယ်လိုအမျိုးအစားကို လိုချင်လဲ" ဝေ့လီက မေးသည်။
"အကောင်းတကာ့ အကောင်းဆုံး" မန်ဟိုက အသံကျယ်ကြီးဖြင့် ကြေညာလိုက်သည်။
ဝေ့လီ၏မျက်လုံးများ တောက်ပလာပြီး သူမသည် သူ့ကို တစ်နေရာသို့ ချက်ချင်း ဦးဆောင်ခေါ်သွားတော့သည်။ သူမမှာ အမှန်ပင် ပတ်ဝန်းကျင်နှင့် လွန်စွာရင်းနှီးကျွမ်းဝင်၏။ ညနေခင်း၏အမှောင်ထုက တရိပ်ရိပ် ပျိုးတက်လာစဉ် သူမသည် အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာသည်အထိ သူ့ကို ခေါ်သွား၏။ နောက်ဆုံးတွင် သူတို့နှစ်ယောက် အထင်ကြီးစဖွယ်စံအိမ်တစ်အိမ်၏ အပြင်တွင် ရပ်လိုက်ကြသည်။
၎င်းမှာ ဇီးရောင် ဧရာမလေသင်္ဘောကြီးပုံစံနှင့်တူအောင် ဆောက်လုပ်ထားခြင်းဖြစ်၏။ ယခုတွင် မှောင်ရီပျိုးနေပြီဖြစ်သော်လည်း အဆောက်အအုံတစ်ခုလုံးမှာ အရောင်အဝါတောက်ပတင့်တယ်လျက်ရှိနေသည်။ စွမ်းအားလှိုင်းများလည်း ဖြာဆင်းနေပြီး တံခါးများ၏အရှေ့တွင် အင်အားကြီးမားထည်ဝါခံညားသော အသွင်အပြင်ဖြင့် ကျောက်ချီလင်နဂါးကြီးနှစ်ကောင်ရှိသည်။
ပင်မတံခါးကမူ လူဆယ်ရပ်စာမျှ မြင့်မားသည့်အပြင် ရေမျောကမ်းတင်သစ်သားဖြင့် တည်ဆောက်ထားခြင်းဖြစ်၏။ အပြင်မှ ကြည့်လျှင် အဆောက်အအုံ၏ ဆောက်လုပ်ရေးပစ္စည်းတစ်ခုချင်းစီတိုင်းအား ဂရုတစိုက် ရွေးချယ်ခဲ့သည့်အလားဖြစ်ပြီး လျှို့ဝှက်နက်နဲသောအဓိပ္ပာယ်ဖြင့် ပြည့်ဝနေ၏။ အားကောင်းသော စိတ်ဝိညာဉ်စွမ်းအင်အပြည့်ဖြင့် မှော်သင်္ကေတများပင် ရှိသည်။ အဆောက်အအုံကို ကြည့်လိုက်မိသော မည်သူမဆိုမှာ ခမ်းနားထည်ဝါမှုအဆင့်အတန်းကြောင့် ရင်သပ်ရှုမောသွားရမည်သာ ဖြစ်ပေ၏။
"ပျံသန်းရေးမှော်ပစ္စည်းတွေနဲ့ ပတ်သက်ရင် ပင်လယ်ခံတပ်မှာ စုစုပေါင်း ဆိုင် (၁၁)ဆိုင်ရှိတယ်။ အကောင်းဆုံးကဝောာ့ ဝေဟင်အင်မော်တယ်ဂိုဏ်းရဲ့ တိမ်ပြိုစံအိမ်ပဲ။ ဒီနေရာရဲ့ ပျံသန်းရေးမှော်ပစ္စည်းတွေကိုဆိုရင် ပြင်ပဂိုဏ်းတွေ၊ မျိုးနွယ်စုတွေတောင်မှ မကြာခဏ လာရှာတတ်ကြတယ်" ဝေ့လီမှာ အဝောာ်လေး စိတ်လှုပ်ရှားနေတော့၏။ သူမအတွက် မှော်ပစ္စည်းပျံများကို ဝယ်ဖို့ အသာထား၊ တိမ််ပြိုစံအိမ်ဆိုသည်မှာ သူမဘယ်တော့မှ ခြေချနိုင်သော နေရာမဟုတ်ခဲ့ပေ။
ထိုကဲ့သို့ ပျံသန်းမှော်ပစ္စည်းများ၏တန်ဖိုးမှာ သူမ စိတ်ကူးနိုင်သည်ထက် အဆများစွာ ပိုပေသည်။ ပုံမှန်ဆို သူမမှာ အပြင်မှ ငေးကြည့်ရုံသာ တတ်နိုင်ခဲ့၏။ ယခုတော့ အမှန်တကယ် ဝင်ရောက်ရတော့မည်ဖြစ်ရာ သူမကို အလွန်စိတ်လှုပ်ရှားနေစေတော့သည်။
မန်ဟိုက တိမ်ပြိုစံအိမ်ကို လေ့လာရင်း အပြင်တွင် ရပ်နေသည်။ အတွင်းကိုလည်း လှပသောအဆင်တန်ဆာများဖြင့် ပုံဖော်ထားကြောင်း သူ မြင်လိုက်ရသည်။ တောက်ပနေသော မီးအလင်းရောင်က အရာအားလုံးကို အလင်းဆောင်ပေးနေပြီး ကြမ်းခင်းများမှာလည်း ဝိညာဉ်ကျောက်တုံးများဖြင့် ခင်းထားခြင်းဖြစ်ပေသည်။
အတွင်းတွင် ဝယ်သူလေးငါးယောက်ခန့်မှာ အမျိုးမျိုးသော ပျံသန်းမှော်ပစ္စည်းများအား ဝေဟင်အင်မော်တယ်ဂိုဏ်းသားများ မိတ်ဆက်ပြသပေးနေသည်ကို မာန်တက်နေသော မျက်နှာထားများဖြင့် နားထောင်ရင်း လျှောက်ကြည့်နေကြသည်။
သူတို့ဝတ်ဆင်ထားသော အဝတ်အစားများအရ အရေးပေးခံ လူကုံထံများဖြစ်ကြောင်း ပြောနိုင်၏။ တစ်ချက်လေးကြည့်လိုက်ရုံနှင့် သူတို့သည် နာမည်မရှိသော သင်းကွဲကျင့်ကြံသူများမဟုတ်ဘဲ ဂိုဏ်းကြီးများ၊ မျိုးနွယ်စုများမှ လာကြောင်း သိသာသည်။
ဝင်ပေါက်ဘေးတွင် တင်ပျဉ်ခွေထိုင်နေသည်ကား အချိတ်ပိုးထည်များ ဝတ်ဆင်ထားသော အဘိုးကြီးနှစ်ယောက်ဖြစ်သည်။ သူတို့၏မျက်နှာများမှာ ပြောင်ရောင်တောက်ပနေပြီး မျက်လုံးများပိတ်လျက် တရားထိုင်နေကြ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် သူတို့၏ကျင့်ကြံခြင်းအခြေခံသည် အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့် ဖြစ်ကြ၏။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအား အစောင့်အဖြစ် ခန့်အပ်ထားခြင်းမှာ မည်သည့်သူခိုးဓားပြကိုမဆို ကြောက်လန့်သွားစေရန် လုံလောက်လေသည်။
ဆိုင်ထဲတွင် ဝေဟင်အင်မော်တယ်ဂိုဏ်းသား သုံးယောက်အား ထပ်တွေ့ရသည်။ အမျိုးသားက နှစ်ယောက်၊ အမျိုးသမီးက တစ်ယောက်ဖြစ်လေသည်။ သူတို့သည် ဖက်လှဲတကင်း စကားပြောနေကြပြီး ရံဖန်ရံခါ အမျိုးသမီးက ခပ်လွင်လွင်လေး ရယ်တတ်လေ၏။ သူမမျက်ဝန်းလေးက ညှို့ယူဖမ်းစားနေသလို တောက်ပနေပြီး သူမက ဆွဲဆောင်မှုရှိသောအငွေ့အသက်လေးကို ထုတ်လွှတ်နေလေသည်။
သို့သော် ဆိုင်အပြင်တွင် ရပ်နေသော မန်ဟိုနှင့် ဝေ့လီကို သူတို့သုံးယောက်စလုံး အဖက်မလုပ်ပေ။ သူတို့သည် လူအများ အပြင်တွင် ရပ်၍ လေးစားအားကျသောမျက်လုံးများဖြင့် ကြည့်နေကြခြင်းနှင့်ပတ်သက်ပြီး အသားကျနေလေပြီ။
မန်ဟိုက ဝင်တော့မည့်အချိန် ရုတ်တရက် သူ့အနောက်မှ ဟေးလားဝါးလား ရယ်သံမောသံတို့ကို ကြားလိုက်ရသည်။ ကျင့်ကြံသူတစ်သိုက်သည် အမျိုးသမီးတစ်ယောက်၏ ဝိုင်းလျက် ပေါ်လာကြ၏။ သူတို့က ဆိုင်ထဲ တိုက်ရိုက် ဝင်သွားကြသည်။
လမ်းပေါ်ရှိ လူများမှာ လေးစားသောမျက်နှာထားများဖြင့် ထိုအုပ်စုအား လမ်းဖယ်ပေးလိုက်ကြသည်။ ထိုအုပ်စုရှိ ကျင့်ကြံသူတစ်ဦးတစ်ယောက်ချင်းစီသည် လမ်းပေါ်ရှိ လူများ ဘယ်တော့မှ အတိုက်အခိုက်မလုပ်ဝံ့သော ဂိုဏ်းသုံးဂိုဏ်း၏ ရွေးချယ်ခံများ ဖြစ်ကြ၏။
သူတို့ဝတ်ဆင်ထားသော အဝတ်အစားများအရဖြစ်စေ၊ သူတို့၏ပြုမူပြောဆိုပုံများအရဖြစ်စေ၊ မည်သည့်ရှုထောင့်တွင်မဆို အထက်စီးဆန်ကြလေသည်။
သို့သော် ဂိုဏ်းသုံးဂိုဏ်း၏ ရွေးချယ်ခံများသည် သူတို့ လိုက်ပို့နေသော အမျိုးသမီးနှင့်ပတ်သက်ပြီး မြှောက်ပင့်ပြောဆိုရင်း ရယ်မောနေကြ၏။
အမျိုးသမီးမှာ လှပချောမောပြီး မယုံနိုင်လောက်အောင် နူးညံ့သိမ်မွေ့လေသည်။ ထိုမျှသာမက သူမမျက်ဝန်းလေးများသည် ညှို့ငင်နေသော အရိပ်အယောင်လေးနှင့် တဖျပ်ဖျပ်လက်နေရာ မည်သူ့ကိုမဆို သူမအရှေ့တွင် ဒူးထောက်အရှုံးပေးပစ်လိုက်ချင်သည့် ညှို့ဓာတ်လေးဖြင့် ပြည့်နှက်နေ၏။
အမျိုးသမီး၏ဘေးတွင် သွယ်တန်းသော မျက်ခုံးနှစ်ဖက်၊ ကြယ်စင်များသဖွယ် တလက်လက်တောက်ပနေသော မျက်ဝန်းတစ်စုံဖြင့် လူငယ်တစ်ယောက် လမ်းလျှောက်နေသည်။ သူသည် ဆိုဖွယ်မရှိအောင် ချောမောခံ့ညားပြီး ရှည်လျားသော ဝတ်ရုံဖြူကို ဝတ်ဆင်ထား၏။ ခြုံပြောရလျှင် သူကား သူမတူသော ကျောက်စိမ်းသဖွယ် မျက်နှာနှင့် ထင်ရှားနေလေသည်။
"ရှောင်ရှောင်" သူက ပြစ်မျိုးမှဲ့မထင် လှပသည့် အမျိုးသမီးကို ပြုံးပြရင်း ပြောသည်။ "ဒါက ဝေဟင်အင်မော်တယ်ဂိုဏ်းရဲ့ တိမ်ပြိုစံအိမ်ပေါ့။ ကျေးဇူးပြုပြီး အထဲကြွပါ" သူ ဖြတ်သွားစဉ် သူ၏အေးစက်စက်အကြည့်က မန်ဟိုနှင့် ဝေ့လီကို ဖြတ်ကြည့်သည်။
ဆိုင်ထဲ၌ တင်ပျဉ်ခွေထိုင်နေသော အဘိုးကြီးနှစ်ယောက်က မျက်လုံးဖွင့်ပြီး ချက်ချင်း ထရပ်လိုက်ကြသည်။ ကျန်ဂိုဏ်းသားသုံးယောက်လည်း ကမန်းကတန်း ပြေးလာကြ၏။ သူတို့အားလုံးက လူငယ်ကို တရိုတသေ အရိုအသေပေးလိုက်ကြသည်။
"ဂါဝရပြုပါတယ် ခေါင်းဆောင်လေး"
လူငယ်က ခေါင်းညိတ်လိုက်သည်။ သူ၏ မောက်မာတင်စီးသော မျက်နှာထားက ရှောင်ရှောင်အမည်ရှိ အမျိုးသမီးကို ပြန်ကြည့်လိုက်သည့်အခါ နူးညံ့သိမ်မွေ့သွားလေသည်။ သူတို့အားလုံး ဆိုင်ထဲ ဝင်လိုက်ကြစဉ် အတွင်းရှိ ဝယ်သူလေးငါးယောက်က အလျင်အမြန် လက်ယှက်အရိုအသေပေးလိုက်ကြ၏။
ဆိုင်ထဲတွင် ဆူညံနေသည်နှင့်ဆန့်ကျင်ဘက်၊ မန်ဟိုကတော့ အပြင်တွင် အေးဆေးတည်ငြိမ်စွာ ရပ်နေသည်။ သို့သော် မြင်ရခဲသော ပီတိအပြုံးကြီးက သူ၏နှုတ်ခမ်းထက်တွင် ဖြစ်ထွန်းနေ၏။ သူ့ဘေးရှိ ဝေ့လီသည် ရှောင်ရှောင်အမည်ရှိ အမျိုးသမီးကို အားကျစွာကြည့်ရင်း လေးစားနေတော့သည်။
"ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ" မန်ဟိုက ပြောသည်။ "သူ့ကို ဒီနေရာမှာ တွေ့လိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး" ဤအမျိုးသမီးသည် ကျီရှောင်ရှောင်မှတစ်ပါး အခြားမဟုတ်ပေ။ သူ၏အကြွေးစာချုပ်သည်လည်း မန်ဟို့သိုလှောင်အိတ်ထဲတွင် ရှိနေသေး၏။
"လာ" သူက အေးတိအေးစက် ပြောသည်။ "ဝင်ကြစို့" ဝေ့လီလည်း သူ့အနောက်မှ ဆိုင်ထဲလိုက်ဝင်လာသည်။ မည်သူမျှ သူတို့နှစ်ယောက်ကို ဖုတ်လေသောငါးပိ ရှိသည်ဟုပင် မထင်ပေ။ အကုန်လုံး ဂိုဏ်းသုံးဂိုဏ်း၏ ရွေးချယ်ခံအနားတွင် ဝိုင်း၍ မျက်နှာလုပ်နေကြသည်။
မန်ဟိုက တခဏ စောင့်လိုက်သော်လည်း တစ်ယောက်မှ သူတို့ကို လာမနှုတ်ဆက်ပေ။ တိမ်ပြိုစံအိမ်၏ ပထမအထပ်တစ်ထပ်လုံးတွင် တစ်စုံတစ်ယောက်မှ သူတို့နှစ်ယောက်ကို ကြည့်ပင်မကြည့်ကြ။ မန်ဟို့မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားတော့သည်။
"ဒီတော့ ဒါက တိမ်ပြိုစံအိမ်ရဲ့ ဝယ်သူတွေကို ဆက်ဆံတဲ့ပုံစံပေါ့လေ ဟမ်" သူ၏အသံက ချက်ချင်းပင် တိမ်ပြိုစံအိမ်တစ်အိမ်လုံး ပဲ့တင်ထပ်သွားရာ အထဲရှိ လူတိုင်း၏အာရုံကို ဆွဲဆောင်လိုက်တော့သည်။ ကျီရှောင်ရှောင်ပင်လျှင် ရုပ်ပြောင်းရုပ်လွှဲလုပ်ထားသော မန်ဟို့ကို မမှတ်မိသော်လည်း လှမ်းကြည့်လာ၏။
ဝေဟင်အင်မော်တယ်ဂိုဏ်း၏ ခေါင်းဆောင်လေးဖြစ်သူက မျက်မှောင်ကြုတ်သွားသော်လည်း ရံဖန်ရံခါ မှော်ပစ္စည်းပျံအမျိုးမျိုးကို လက်ညှိုးထိုးပြရင်း ကျီရှောင်ရှောင်နှင့် စကားဆက်ပြောလိုက်သည်။
မှန်ပါသည်၊ အဘိုးကြီးနှစ်ယောက်မှာ သူ,မျက်မှောင်ကြုတ်သွားသည်ကို ချက်ချင်း သတိပြုမိသွားကြ၏။ သူတို့ထဲမှ တစ်ယောက်က စိတ်မရှည်သောဟန်ဖြင့် ဝေဟင်အင်မော်ဂိုဏ်းသူကို လက်ညှိုးထိုးလိုက်သည်။
"သွား ဖြေးရှင်းလိုက်ချည်" သူက ပြောသည်။
အစက အမျိုးသမီးသည် ဂိုဏ်းသုံးဂိုဏ်းမှ ရွေးချယ်ခံများ ရောက်ရှိလာသည့်အတွက် အလွန်စိတ်လှုပ်ရှားနေခဲ့၏။ သူမသည် သူမအလှတရားက သူမကို အထူးအခွင့်အရေးတချို့ ဖန်တီးပေးပါစေရန် မျှော်လင့်နေခဲ့လေသည်။
သို့သော် ယခုတော့ အဘိုးကြီး၏စကားကို ကြားသော် သူမရင်ထဲတွင် မကျေမချမ်းမှုများ ချက်ချင်း ပေါက်ဖွားလာတော့သည်။ သို့သော်လည်း အမိန့်ကို မပယ်ရှားဝံ့သဖြင့် ဆူပုပ်ပုပ်နှင့် မန်ဟိုနှင့် ဝေ့လီဆီသို့ ဆောင့်ကြီးအောင့်ကြီး လျှောက်လာသည်။
သူမသည် သူတို့နှစ်ယောက်ကို လှမ်းကြည့်ပြီး ကြည့်ဖို့ပင် မတန်သည့်အလား ၊ သူများအကျိုးစီးပွားဖျက်စီးရန်သာ ရောက်လာသည့်အလား ခံစားလိုက်ရတော့သည်။ "ဘယ်လိုပျံသန်းရေးမှော်ပစ္စည်းမျိုး လိုချင်လဲ" သူမက မတူမတန်သလို ဆိုသည်။ "ဒီနေရာမှာ ဈေးအပေါဆုံးပစ္စည်းတောင် အဆင့်နိမ့်မိစ္ဆာနှလုံးသား အတုံး ၅၀ တန်တယ်။ မတတ်နိုင်ဘူးဆိုရင် ကျေးဇူးပြုပြီး ထွက်သွားလိုက်ပါ"
သူမအနေဖြင့် မန်ဟို၏ကျင့်ကြံအဆင့်ကို မမြင်ရသော်လည်း ဤသည်မှာ ဝေဟင်အင်မော်တယ်ဂိုဏ်း၏ တိမ်ပြိုစံအိမ် ဖြစ်သည်။ သူ့တွင် မြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိလျှင်တောင်မှ သူမအတွက် အံ့ဩထိတ်လန့်စရာ မဟုတ်ပေ။
ဤနေရာတွင် ဘယ်သူမှ ပြဿနာရှာရဲမည်မဟုတ်။
ဝေ့လီက စိတ်မကောင်းဖြစ်သွားသော်လည်း တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားလာသည်။ သူမက မန်ဟို့ကို လှမ်းကြည့်လိုက်၏။
"ဈေးအကြီးဆုံးဟာ ပြပေး" မန်ဟိုက မပြောင်းလဲသော မျက်နှာထားဖြင့် ပြန်ဖြေသည်။
"ဈေးအကြီးဆုံးဟုတ်လား" အမျိုးသမီးက ခနဲ့သလို ရယ်ရင်း ပြန်ပြောသည်။ သူမသည် မျက်လုံးထဲတွင် လှောင်ပြောင်သရော်နေသောအရိပ်အယောင်တို့ ပေါ်မလာနိုင်အောင် မတားနိုင်လိုက်ပေ။ သူမအနေဖြင့် ဤနေရာတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးပြီဖြစ်၍ သူတို့ကိုယ်သူတို့ အထင်ကြီးနေသော ယခုလိုလူများအား လက်ချိုးရေမရအောင် မြင်ခဲ့ဖူးလေသည်။ အဆုံးသတ်တွင်တော့ အမြဲ မျက်နှာဖြူဆုပ်ဖြူလျော်နှင့် စိတ်ဓာတ်ကျသွားကြသည်သာ ဖြစ်၏။
အမျိုးသမီးက ခံစားချက်မဲ့စွာ ရယ်လိုက်သည်။ "ဈေးအကြီးဆုံးက အဆင့်နိမ့်မိစ္ဆာနှလုံးသား ၅၀၀၀ ကျမယ်။ တာအိုရောင်ရင်း တစ်ချက်ကြည့်မလား"
မန်ဟိုက တခဏ တွေးပြီးနောက် ခေါင်းညိတ်လိုက်သည်။ "အင်း ကြည့်တာပေါ့"
"အဲ့ဒီလိုအရာမျိုးက တွေ့ကရာလူ ကြည့်လို့ရတဲ့အရာမဟုတ်ဘူး" သူမက ပြန်ဖြေသည်။ "ကြည့်ချင်ရင် စည်းကမ်းတွေအရ သုံးဆယ်ရာခိုင်နှုန်းကို စရံပေးရမယ်။ တာအိုရောင်ရင်း တကယ် ကြည့်ချင်သေးလား" သူမ၏သရော်နေသောအသံမှာ ပို၍သိသာလာသည်။ တစ်ချိန်တည်းမှာပင် သူမသည် ရွေးချယ်ခံတို့အဖွဲ့ စံအိမ်၏ ဒုတိယအထပ်သို့ သွားနေကြသည်ကို သတိထားမိလိုက်၍ စိုးရိမ်စပြုလာတော့သည်။
"တံခါးက ဟိုမှာပါ တာအိုရောင်ရင်း" သူမက ရုတ်တရက် ပြောသည်။ "ကောင်းကောင်းသွားပါ" ထို့နောက် သူမသည် ရွေးချယ်ခံအဖွဲ့နောက်လိုက်ရန် လှည့်လိုက်၏။
***