← Chapters

ရှုပင်းပင်း

Vol. 48 Ch. 662

ရှုပင်းပင်း

Vol. 48 Ch. 662

အကြောင်းပြချက်မရှိဘဲ အထင်သေးခံလိုက်ရခြင်းက မန်ဟိုကို မျက်မှောင်ကြုတ်လိုက်မိစေသည်။ သူ၏ကျင့်ကြံခြင်းအ‌ခြေခံကို ဖော်ပြလိုက်လျှင် ‌တမုဟုတ်ချင်း ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်ကို မန်ဟို သိ၏။ သို့ရာတွင် သူကား ခက်ခက်ခဲခဲ အားထုတ်ရင်း ချမ်းသာလာခဲ့ပြီမဟုတ်ပါလော။ မိစ္ဆာနှလုံးသားများဖြင့် ပြဿနာကို ဖြေရှင်းနိုင်လေရာ မည်သည့်အတွက်ကြောင့် လူအများကို လွှမ်းမိုးရန် ကျင့်ကြံခြင်းအခြေခံအား အသုံးပြုတော့မည်နည်း။

အမျိုးသမီး ထွက်သွားသည်နှင့်တစ်ပြိုင်တည်းဆိုသလို မန်ဟိုက သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ချက်ချင်း စံအိမ်၏အလယ်တွင် အဆင့်နိမ့်မိစ္ဆာနှလုံးသား(၁၅၀၀)တုံးက တချွင်ချွင် ကျလာကာ တောင်လိုပုံသွားလေသည်။

အလင်းရောင်တို့က တလက်လက် ဖြစ်နေရာ မြင်ကွင်းတစ်ခုလုံးအား တောက်ပနေစေတော့သည်။ ထို့အပြင် ပဲ့တင်ထပ်လာသော တချွင်ချွင်မြည်သံများနှင့် အားကောင်းသော စိတ်ဝိညာဉ်စွမ်းအင်တို့က ဒုတိယအထပ်သို့ တက်ရန် ပြင်နေသော ရွေးချယ်ခံအားလုံးအား အလိုလို လှည့်ကြည့်မိလိုက်‌စေသည်။ အံ့ဩတုန်လှုပ်သွားသော အရိပ်အယောင်များ သူတို့၏မျက်နှာများအပေါ်တွင် ချက်ချင်း ပေါ်လာပြီးနောက် မျက်လုံးများ စူးရဲတောက်ပလာတော့သည်။

ကျီရှောင်ရှောင်က မိစ္ဆာနှလုံးသားများကို လှည့်ကြည့်လိုက်သည်။ သူမ၏အဆင့်အတန်းနှင့် ကျင့်ကြံခြင်းအခြေခံမှာ မည်သို့ဖြစ်စေကာမူ၊ သူမလည်း စိတ်ထဲတွင် တုန်လှုပ်သွားရဆဲပင်။ မိစ္ဆာနှလုံးသားများ၏ တန်ဖိုးကို ကောင်းကောင်းသိသဖြင့် သူမမှာ မန်ဟို့ကို လှမ်းမကြည့်မိဘဲ မနေတော့ပေ။

သူမ၏ဘေးရှိ လူငယ်မှာလည်း ပါးစပ်အဟောင်းသားဖြစ်နေပြီး အသက်ရှူမြန်နေသည်။ သူသည် ခေါင်းဆောင်လေးတစ်ဦးဖြစ်သော်လည်း အဆင့်နိမ့်မိစ္ဆာနှလုံးသားတစ်ထောင်ကျော် ပုံနေသည့်မြင်ကွင်းကြီးက သူ့အတွက်ပင် မြင်ရခဲသောအရာ ဖြစ်၏။

ဝေဟင်အင်မော်တယ်ဂိုဏ်းသူမှာမူ အမှန်တွင် အဖြစ်အပျက်ကို နောက်ဆုံးမှ သိလိုက်ရသူဖြစ်၏။ လူတိုင်း သူမအနောက်သို့ တအံ့တဩ ကြည့်နေကြသည်ကို မြင်သောအခါ သူမလည်း မသိလိုက်ဘဲ လှည့်ကြည့်မိလိုက်၏။ ထို့နောက် မိစ္ဆာနှလုံးသားအပုံကြီးကို ကြည့်ပြီး စိတ်ထဲ ဗလာကျင်းသွားလေသည်။

ထစ်ချုန်းသံများ သူမခေါင်းထဲတွင် ပြည့်နှက်သွားပြီး သူမမှာ မြင်နေရသောအရာကို မယုံကြည်နိုင်ဖြစ်နေ၏။ တောသားကျင့်ကြံသူများသဖွယ် သာမန်အဝတ်အစားများ ဝတ်ဆင်ထားသော ဤလူနှစ်ယောက်တွင် တကယ်တမ်း .... မိစ္ဆာနှလုံးသား သည်မျှပေါများနေလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။

“စ-စီနီယာ ..  ကျွန်မ ...” အမျိုးသမီးက အထစ်ထစ်အငေါ့ငေါ့ ဆိုသည်။

“မလောက်သေးဘူးလား” မန်ဟိုက အေးတိအေးစက် မေးသည်။ “အခု မင်းတို့စံအိမ်ရဲ့ အကောင်းဆုံးပစ္စည်းကို ယူလာခဲ့တော့” သူက ညာလက်ကို ဝှေ့ယမ်းလိုက်သည်။

ဒုန်း

မိစ္ဆာနှလုံးသား ဒုတိယအပုံ ပေါ်လာသည်။ ထို့နောက် ဒုန်းခနဲ နောက်တစ်ပုံပေါ်လာပြန်သည်။ စုစုပေါင်း မိစ္ဆာနှလုံးသားအပုံသုံးပုံ၊ အရေအတွက် (၅၀၀၀) သည် ယခုတွင် စံအိမ်၏ကြမ်းပြင်ပေါ်တွင် ပုံနေတော့၏ ။ ၎င်းတို့ထံမှ ဖြာထွက်နေသော အရောင်အဝါများက ပတ်ဝန်းကျင်တစ်ခွင် ကွန့်မြူးနေလေသည်။ အားကောင်းသော စိတ်ဝိညာဉ်စွမ်းအင်များသည် တစ်နေရာလုံးတွင်အား နတ်ဘုံနတ်နန်းပမာ ဖြစ်နေစေ၏။

အမျိုးသမီးမှာ ယခုတွင် မတ်မတ်ပင် မရပ်နိုင်တော့ပေ။ သူမ၏မျက်နှာမှာ သွေးဆုပ်ဖြူလျော်နေပြီး မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေ၏။ စောစောကလေးတင် သူမ လှောင်ပြောင်ခဲ့သော လူမှာ အမှန်တွင် ဤမျှချမ်းသာသော သူဌေးကြီးဖြစ်နေလိမ့်မည်ဟု သူမ စိတ်မကူးခဲ့ဖူးပေ။

လောလောဆယ်တွင် လှေကားထစ်၌ ရပ်နေသော ဂိုဏ်းသုံးဂိုဏ်းမှ ကျန်ရွေးချယ်ခံများမှာလည်း အသက်ဖြောင့်ဖြောင့် မရှူနိုင်ကြတော့ပေ။ သူတို့သည် မျက်လုံးပြူးကြီးများဖြင့် မိစ္ဆာနှလုံးသားများကို ကြည့်ရင်း သွားယူပစ်ချင်နေကြ၏။

ကျီရှောင်ရှောင်လည်း တအံ့တဩ ကြည့်နေသည်။ သူမသည် မန်ဟို့ကို ကြည့်ပြီး ရယူပိုင်ဆိုင်လိုမှုတို့က သူမနှလုံးသားထဲတွင် တဖြေး‌ဖြေး တောက်လောင်လာတော့သည်။ သူမဘေးရှိ လူငယ်မှာမူ မိစ္ဆာနှလုံးသားများကို မမှိတ်မသုန် စိုက်ကြည့်ရင်း အသက်ပြင်းပြင်းရှူသွင်းလိုက်၏။

စံအိမ်တစ်အိမ်လုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

ဤအခိုက်အတန့်တွင် ဒုတိယအထပ်မှ လာနေသော နှစ်လို့ဖွယ်ရယ်သံလေးအား ကြားလိုက်ရ၏။ လျှပ်ပေါ်လျှပ်လီ ဝတ်ဆင်ထားသော မိန်းမငယ်လေးတစ်ယောက် လမ်းလျှောက်ထွက်လာလေသည်။ သူမသည် ‌‌ပင်ကိုယ်အားဖြင့် ညှို့ဓာတ်ပြင်းပြီး လမ်းလျှောက်ထွက်လာစဉ် မွှေးကြိုင်သင်းပျံ့သောရနံ့က သူမထက် အလျင်စော၍ ရောက်ရှိလာခဲ့၏။ သူမနဖူးထက်တွင် ငါးရောင်စဉ်သလင်းကျောက်ပုံစံကွက်လေးတစ်ခုဖြင့် တန်ဆာဆင်ထားလေသည်။ မန်ဟို သူမကို ဘာမှမပြောရသေးခင်မှာပင် နှစ်လို့ဖွယ်အပြုံးလေးအား သူမမျက်နှာအပေါ်တွင် မြင်နေရပြီဖြစ်သည်။ ရင့်ကျက်တည်ငြိမ်သောအရှိန်အဝါတစ်ခုကလည်း ဆွဲဆောင်မှုအပြည့်ဖြင့် သူမထံမှ ဖြာထွက်နေ၏။

သူမက ရွေးချယ်ခံများကို အဖက်မလုပ်ဘဲ လှေကားထစ်တစ်ထစ်ချင်း ဖြေးညင်းစွာ ဆင်းလာရင်း ကျော်ဖြတ်သွား၏။ ရွေးချယ်အားလုံးမှာမူ ခေါင်းငုံ့ပြီး သူမကို လက်ယှက်အရိုအသေပေးကြရလေသည်။

ဝေဟင်အင်မော်တယ်ဂိုဏ်းမှ ခေါင်းဆောင်လေးကား ထိုအမျိုးသမီးကို မြင်သည်နှင့် မဆိုင်းမတွ ခေါင်းငုံ့လိုက်သည်။

“ဒီနေ့ အစောပိုင်းတုန်းက ငှက်ကျားတွေ အော်သံကြားတာနဲ့ အထူးဧည်သည့်တစ်ဦးတော့ လာတော့မယ်လို့ သိလိုက်တယ်လေ။ တစ်နေကုန်စောင့်‌နေခဲ့ပေမယ့် တကယ်တော့လည်း အနားယူနေထက် မပိုပါဘူး။ အခု‌တော့ အထူးဧည်သည့်တော်ကြီး ဒီရောက်လာခဲ့ပြီ

“ကျွန်မက ရှုပင်းပင်းပါ။ ဂါဝရပြုပါတယ် တာအိုရောင်ရင်း”

မန်ဟိုက ရှုပင်းပင်းကို ကြည့်ပြီး အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ကျင့်ကြံခြင်းအခြေခံရှိကြောင်း မြင်လိုက်ရသည်။ သူမက သိုသိုသိပ်သိပ် ဖုံးကွယ်ထားသော်လည်း မန်ဟို့မျက်လုံးများတွင်တော့ မြင်သာနေ၏။

သူ၏အကြည့်က ရှုပင်းပင်းကို ရင်တဒိန်းဒိန်း ခုန်သွားစေသည်။ သူ့အကြည့်မှာ သူမ၏အကာအကွယ်တိုင်းကို ဖောက်ထွင်း၍ သူမနှလုံးသားအထိ တောက်လျှောက်မြင်နိုင်သည့်အလား။ သူမ မည်မျှဖုံးကွယ်ရန် ကြိုးစားစေကာမူ၊ သူမ၏လျှို့ဝှက်ချက်များအား တစ်ခုမကျန် ဖော်ထုတ်နိုင်သည့်အလားပင်။

ချက်ချင်းပင် သူမသည် စိတ်လှုပ်ရှားလာသော်လည်း မျက်နှာအပေါ်တွင်တော့ နည်းနည်းလေးမှ မပြသပေ။ သူမအမူအရာမှာ ရင့်ကျက်တည်ငြိမ်နေသောဟန်ရှိ၏။

“တာအိုရောင်ရင်း ကျေးဇူးပြုပြီး ဒုတိယအထပ်ကို ကြွပါ” သူမက ပြုံးပြုံးလေး ဆိုသည်။ “တိမ်ပြိုစံအိမ်မှာ တာအိုရောင်ရင်း လိုအပ်တာမှန်သမျှ ရှိပါတယ်” သူမသည် စကားအသုံးအနှုန်းအရရော၊ အတွင်းစိတ်ခံစားချက်များအရပါ မန်ဟို့အပေါ် အလွန်တရာ ရို‌သေလေးစားနေ၏။

မန်ဟိုက ခေါင်းညိတ်ပြီးနောက် လှေကားထစ်များအတိုင်း တက်သွားသည်။ ဝေ့လီလည်း ရင်ခုန်သံများ ဗြောင်းဆန်နေလျက် သူ့အနောက်မှ လိုက်သွား၏။ ယနေ့ သူမ မြင်ခဲ့သမျှအရာအားလုံးမှာ သူမအတွက် ကမ္ဘာအသစ်ကြီးပွင့်လာခဲ့သည့်အလားပင်။ သူမမှာ မန်ဟို့နောက်မှ တကောက်ကောက်လိုက်ရင်း ရင်လည်းခုန်၊ စိတ်လည်းလှုပ်ရှားနေတော့သည်။

သူမက လှေကားထစ်ပေါ် ခြေချရန် ပြင်လိုက်စဉ် ရုတ်တရက် ချီတုံချတုံဖြစ်နေပြီး မန်ဟို့ကို တိုးတိုးကလေး ပြော၏။ “စီနီယာ မိစ္ဆာနှလုံးသားတွေက...”

“ပင်လယ်ခံတပ်မှာရှိတဲ့ ဘယ်သူမှ ငါ့ မိစ္ဆာနှလုံးသားတွေကို ထိရဲမှာ မဟုတ်ဘူး” မန်ဟိုက လှေကားထစ်များအတိုင်း တက်ရင်း ဖြေးညင်းစွာ ပြောလိုက်သည်။ သူ၏စကားလုံးများ ရှိရှိသမျှ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသောအခါ သူတို့မှာ ရင်ဒိန်းခနဲခုန်သွားရတော့၏။

ထိုကဲ့သို့စကားလုံးများက အမှန်တကယ် ဩဇာရှိလေသည်။

ရှုပင်းပင်း၏မျက်ဝန်းလေးများ ရွှန်းလဲ့တောက်ပသွားသည်။ သူမသည် စောစောက မန်ဟို၏ စူးစူးရဲရဲအကြည့်ကို ပြန်တွေးလိုက်သောအခါ ယခင်ပို၍ သတိမရှိသွားဘဲ မနေတော့ပေ။

‌လှေကားရှိ ရွေးချယ်ခံများမှာမူ ဝေဟင်အင်မော်တယ်ဂိုဏ်းမှဖြစ်စေ၊ အခြားဂိုဏ်းများမှဖြစ်စေ၊ စဉ်းပင်မစဉ်းစားမိဘဲ ‌မန်ဟို့အတွက် လမ်းဖယ်ပေးရန် နောက်ဆုတ်သွားကြ၏။ မန်ဟို သူမအနားရောက်လာသောအခါ ကျီရှောင်ရှောင်က စပ်စပ်စုစု မော့ကြည့်လာသည်။

မန်ဟိုကတော့ သူမကို မျက်ချေးထဲပင် မထည့်ဘဲ ဒုတိယထပ်သို့ ဆက်တက်သွားသည်။

ရှုပင်းပင်းက နောက်မှ လိုက်လာ၏။ သူမက  ရွေးချယ်ခံများအနားမှ ဖြတ်လျှောက်သွားစဉ် တုံ့ခနဲ ရပ်ပြီး အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ နှင့်အတူ ဧည်သည့်များကို ကြိုဆိုရန် တာဝန်ရှိသော ကျန်ဝေဟင်အင်မော်တယ်ဂိုဏ်းသားများကို လှည့်ကြည့်လိုက်သည်။

“နင်တို့နှစ်ယောက် ထွက်သွားစမ်း” သူမက အေးတိအေးစက် ပြောသည်။ “အခုချက်ချင်း ဝေဟင်အင်မော်တယ်ဂိုဏ်းကို ပြန်တော့” အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူနှစ်ယောက်မှာ ကတုန်ကယင်ဖြင့် နာခံလိုက်ကြသည်။

“ကျန်တဲ့လေးယောက်လည်း ထွက်သွား။ ဝေဟင်အင်မော်တယ်အကျဉ်းတိုက်ကို သွား ။ နှစ်ခြောက်ဆယ်စက်ဝန်းတစ်ဝက်အထိ အပြစ်ပေးခံရမယ်” ဝေဟင်မိစ္ဆာအင်မော်တယ်ဂိုဏ်းသားများ၏မျက်နှာများမှာ ချက်ချင်း အသေကောင်ပမာ ဖြူဆုပ်သွားတော့သည်။ သူတို့သည် တဆတ်ဆတ် တုန်ရီလာကြပြီး ကြောက်ရွံထိတ်လန့်နေကြသယောင်ပင်။

“နင်ကတော့....” သူမက စံအိမ်၏အလယ်တွင် တွေတွေကြီး ရပ်နေသော ဂိုဏ်းသူကို ကြည့်ရင်း ပြောသည်။ “နင့်ကြောင့် ဂိုဏ်းက ငါ့ကို ပြဿနာရှာရင် ….. သုံးစားမရတဲ့ ခွေးမျက်လုံးနဲ့အပျက်မ နင့်မှာ အသက်ဆယ်ချောင်းရှိရင်တောင် ငါ့ကို ပြန်ပေးဆပ်နိုင်မှာမဟုတ်ဘူး။ ဝေဟင်‌အင်မော်တယ်ဂိုဏ်းကနေ နင့်ကို ထုတ်လိုက်ပြီ။ အခုထွက်သွားစမ်း။ ဝေးဝေးသွားလေ ၊ ကောင်းလေပဲ” ထို့နောက် သူမက ချာခနဲ လှည့်ပြီး ဒုတိယအထပ်သို့ ဆက်တက်သွားသည်။ ကျီရှောင်ရှောင်၏ဘေးမှ ဖြတ်သွားသောအခါ သူမက ခေါင်းညိတ်ပြီး ပြုံးပြလေသည်။

တိမ်ပြိုစံအိမ်သည် အထပ်နှစ်ထပ်သာ ရှိ၏။ ဒုတိယအထပ်မှာ အဓိကခန်းမနှင့် အအရွယ်အစား အတူတူနီးပါးပင်။ ၎င်းသည် ခမ်းနားတင့်တယ်ပြီး အလယ်တည့်တည့်တွင် အမွှေးတိုင်အိုးတစ်အိုးရှိသည်။ ၎င်း၏အပေါ်တွင် ထူးခြားဆန်းကြယ်သတ္တဝါများပုံစံ ရေးထွင်းထားပြီး ၎င်းထံမှ လွင့်လူတက်နေသော အခိုးအငွေ့များမှာ ဒုတိယအထပ်ကို မြူများဝေနေသည့်နှယ် ဖြစ်နေစေလေသည်။

ဒုတိယအထပ်သို့ ရောက်ပြီးနောက် မန်ဟိုက အနားရှိ ခုတင်တစ်လုံးတွင် ထိုင်ချလိုက်သည်။ ဝေ့လီကတော့ ဘေးဘီဝဲယာကို စူးစမ်းရင်း သူ့ဘေးတွင် ရပ်နေသည်။ သူမနှလုံးသားလေးမှာ စိတ်လှုပ်ရှားလွန်း၍ ရင်ဘတ်ထဲမှ ခုန်ထွက်မတတ်ပင်။ သူမမှာ တစ်နေ့တွင် ယခုလိုစံအိမ်ထဲ၌ ရပ်နေနိုင်လိမ့်မည်ဟု တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။

မန်ဟို့အမူအရာမှာတော့ တည်ငြိမ်လျက်သာ။ သူသည် စကားမပြောဘဲ မျက်လုံးပိတ်လျက် ထိုင်နေ၏။ တခဏကြာသော် ရှုပင်းပင်းသည် ရင်ထဲ၌ ခံစားနေရသော ခါးသီးမှုတို့ကို ဖုံးကွယ်နေသည့်အလား ပြုံးရင်း ချဉ်းကပ်လာသည်။

“စီနီယာရှင့်၊ အဓိကခန်းမထဲမှာ မိစ္ဆာနှလုံးသားတွေ အများကြီး ချန်ထားခဲ့တော့ ကျွန်မ နည်းနည်းစိတ်ပူမိပါတယ်”

မန်ဟိုက မျက်လုံးဖွင့်ပြီး တောက်ပစွာ ပြုံးရင်း သူမကို ကြည့်သည်။ သူ၏အကြည့် သူမအပေါ် ကျရောက်လာသည်နှင့် သူမမှာ အတန်ငယ် စိတ်လှုပ်ရှားလာပြီး သူမအပြုံးပင်လျှင် ဖြစ်ညစ်ပြုံးနေသကဲ့သို့ ဖြစ်လာတော့သည်။

“ငါ ပျံသန်း‌ရေးမှော်ပစ္စည်းတစ်ခု လိုချင်တယ်” သူက အေးအေးဆေးဆေး ပြောသည်။ “အကောင်းတကာ့ အကောင်းဆုံးထဲက”

“ကျွန်မ အကုန်လုံး အသင့်ပြင်ထားပြီးပါပြီ စီနီယာ” ရှုပင်းပင်းက ပြောသည်။ သူမက လက်ခုပ်သုံးချက်တီးလိုက်ရာ အမွှေးတိုင်အိုး၏ အငွေ့များထဲမှ ပါးလွှာသောစကပ်လေးများနှင့် အမျိုးသမီးသုံးယောက် ထွက်လာသည်။ တစ်ယောက်စီသည် ငွေလင်ပန်းတစ်ချပ်စီကို ကိုင်၍ မြှောက်ထားရင်း ရိုရိုသေသေ ချဉ်းကပ်လာကြသည်။

ဤအခိုက်အတန့်တွင် ကျီရှောင်ရှောင်နှင့် အခြားသူများမှာ ဒုတိယအထပ်သို့ ရောက်လာကြပြီး ဘေးမှ လှမ်းကြည့်နေကြသည်။ သိသာစွာပင် သူတို့သည် ပျံသန်းရေးမှော်ပစ္စည်းများထက် မန်ဟို့ကို ပိုစိတ်ဝင်စားနေကြ၏။

ငွေလင်ပန်းသုံးချပ်အပေါ်တွင် အနီရောင် ကြေးဓားတိုတစ်လက်၊ ခရမ်းရောင်လှေတစ်စင်းနှင့် လွန်းတံတစ်‌ချောင်းပါရှိသည်။

ရှုပင်းပင်းသည် မန်ဟို့ကို ကြည့်ပြီး ပြုံးပြ၏။

“ကြေးနီဓား” သူမက ပြောသည်။ “လေဟုန်စီးနေတဲ့အချိန် မီတာသုံးထောင်အရှည်အထိ ပြန့်ကားလာနိုင်တယ်။ သရဲပုံရိပ်အဆင့်ကိုးဆင့် ပေါ်လာလိမ့်မယ်။ ခရီးသည်သုံးရာကို သယ်ဆောင်ပေးနိုင်တယ်။ ဓားတိုအလက် တစ်သောင်းလည်း ပါရှိတယ်

“ခရမ်းသစ်လှေ။ ခရီးသည်နှစ်ရာတင်နိုင်ပြီး  တိုက်စစ်မန္တန်ဝင်္ကပါရော ၊ ခံစစ်မန္တန်ဝင်္ကပါရော မရှိဘူး။ ဒါပေမဲ့ အမြန်နှုန်းက ... ပထမခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ တူတယ်။ ကံဆိုးတာက ဝိညာဉ်ကျောက်တုံး‌ တော်တော်စားတာပဲ။ အသက်သုံးရှိုက်တိုင်း အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်တုံးကုန်မယ်

“ဝိညာဉ်လွန်းပျံ။ ပုံမှန်အမြန်နှုန်းနဲ့ ကိုးမီတာပဲ ရှိတယ်။ ဒါပေမဲ့ အစွမ်းထက်ဆုံးကောင်းကွက်က လေဒလက်လုပ်ဆောင်ချက်ပဲ။ တစ်နာရီကြာတိုင်း လေဒလက်တစ်ခု ထုတ်ပေးနိုင်တယ်။ ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက် ရှိသရွေ့ ထုတ်ပေးနိုင်တဲ့ အရေအတွက်က အကန့်အသတ်မရှိဘူး

“ဒီပစ္စည်းသုံးခုက ကျွန်မ တိမ်ပြိုစံအိမ်မှာ ထုတ်လုပ်ထားတဲ့ အဆင့်မြင့်ပျံသန်းရေးမှော်ပစ္စည်းတွေပါ။ ဘယ်တစ်ခုကို သဘောတွေ့ပါသလဲ တာအိုရောင်ရင်း”

ဂိုဏ်းသုံးဂိုဏ်းမှ ရွေးချယ်ခံများ ဤမှော်ပစ္စည်းပျံသုံးမျိုးကို မြင်သောအခါ လိုချင်သွားကြ၏။ ဤပစ္စည်းများမှာ အံ့ဖွယ်ထူးကဲကြောင်း သူတို့ကောင်းကောင်းသိကြလေသည်။

မန်ဟိုက မဆိုစလောက် မျက်မှောင်ကြုတ်သွားသည်။ အခြားသူများအတွက် ဤပစ္စည်းများသည် အရည်အသွေးမြင့်မားသော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို ထည့်တွက်လျှင် မှန်းချက်နှင့် နှမ်းထွက်မကိုက်ပေ။

မန်ဟို မျက်မှောင်ကြုတ်သွားခြင်းက ရှုပင်းပင်းကို ရင်ခုန်လာစေပြီး အသက်ရှူသံများပင် မြန်လာစေမိသည်။ စောစောက အဖြစ်အပျက်ကိုလည်း ပြန်တွေးရင်း သူမသည် မန်ဟိုနှင့်ပတ်သက်၍ ခန့်မှန်းချက်တချို့ သုံးသပ်လိုက်မိသည်။

သူမက ကပျာကယာ ဆက်ပြောသည်။ “ဒါပေမဲ့ ကျွန်မ‌အ‌နေနဲ့တော့ ဒီပစ္စည်းတွေကို ဝယ်သင့်တယ်လို့ အကြံမပေးချင်ပါဘူး တာအိုရောင်ရင်း။ သူတို့က အံ့ဖွယ်ထူးကဲတာ မှန်ပေမယ့် တကယ်တမ်း သာမန်လောက်ပါပဲ။ ဈေးကြီးနေတာကလွဲပြီး ဒီတိုင်း စံထုတ်ကုန်တွေပဲလို့ ဆိုရမယ်။ တောင်ကောင်းကင်မှာ ဒီလိုပစ္စည်းတွေ ပိုင်တဲ့သူ တော်တော်များကြတယ်”

“ဟုတ်လား” မန်ဟိုက ရှုပင်းပင်းကို ကြည့်ရင်း ပြောသည်။

“စီနီယာရှင့်” သူမက မျက်လုံးလေးများ ရွှန်းရွှန်းစိုနေလျက် နူးညံ့ပျော့ပျောင်းစွာ ဆိုသည်။ “မိစ္ဆာနှလုံးသား လုံလုံလောက်လောက် ရှိတယ်ဆိုရင်တော့ တိမ်ပြိုစံအိမ်အနေနဲ့ တစ်သက်မှာ တစ်ခါပဲ တွေ့နိုင်တဲ့ အဖိုးထိုက်ရတနာတစ်မျိုးကို မိတ်ဆက်ပေးချင်ပါတယ်” သူမက ညာလက်ကို မြှောက်၍ မုဒြာလက်ကွယ်ဖော်ပြီး အမွှေးတိုင်အိုးကို လက်ညှိုးထိုးလိုက်သည်။

ချက်ချင်းပင် အမွှေးတိုင်အိုးမှာ တဂျုန်းဂျုန်း ထစ်ချုန်းလာရာ အခန်းအတွင်းရှိ မျက်လုံးအားလုံးအား ဆွဲဆောင်လိုက်တော့သည်။ ရုတ်တရက် အထဲမှ အခိုးအငွေ့များစွာ စီးမျောထွက်လာပြီး အံ့ဖွယ်ကောင်းစွာနှင့် ၎င်းတို့အတွင်းတွင် ပုံ‌ရိပ်ယောင် ကြေးစစ်ရထားတစ်စီးအား မြင်ရပေမည်။

စစ်ရထားသည် ရှေးကျသောအငွေ့အသက်ကို ထုတ်လွှတ်နေပြီး ပြိုးပြိုးပြက်ပြက်လက်နေသော လျှပ်စီးများဖြင့် ခြံရံလျက်ရှိ၏။ ၎င်းမှာ စစ်မီးတောက်များ၊ မရေမတွက်နိုင်သော သွေးစီးချောင်းများကို ကြုံတွေ့ခဲ့ရသည့်အလား အက်ရာများဖြင့်လည်း ဖုံးနေလေသည်။

ဖော်ပြမတတ်နိုင်သော ဖိအားတစ်ခုသည် ၎င်းထံမှ ဖြာထွက်လာပြီး ၎င်း၏မျက်နှာပြင်အပေါ်တွင် အလွန်တရာအသက်ဝင်နေသော ဝေဟင်သားရဲပျံများ မရေမတွက်နိုင်အောင်ရှိ၏။ မည်သူမျှ မပြောနိုင်သော်လည်း မန်ဟို ကြည့်လိုက်သောအခါ ၎င်းတို့မှာ အသက်ရှိနေသည့်အလား ထင်ရသည်။

သူ၏မျက်လုံးများတွင် သားရဲအားလုံးသည် အသက်ရှိနေပြီး ဟိန်းဟောက်အော်ဟစ်ရင်း ရုန်းကန်သောင်းကျန်းနေကြရာ သူ၏စိတ်နှလုံးကို တုန်ရီနေစေတော့သည်။

သူက ‘‌အီး’ ဟူ၍ ရေရွတ်လိုက်ပြီးနောက် ဘယ်မျက်လုံးကို ညာလက်ဖြင့် လှမ်းထိလိုက်သည်။ ထို့နောက် မျက်တောင်ကိုးခါခတ်လိုက်ရာ အင်မော်တယ်လမ်းညွှန်၏ အင်မော်တယ်ချီကို သူ၏ကိုယ်ထဲတွင် လည်သွားစေသည်။ ဤတစ်ခေါက် စစ်ရထားကို ပြန်ကြည့်လိုက်သောအခါ သားရဲပျံအားလုံးသည် အနက်ရောင်တောင်ပံကြီးအဖြစ် အတူတကွ ပေါင်းစုသွား၏။

ကံဆိုးစွာနှင့် တစ်ဖက်တည်း ရှိလေသည်။

မန်ဟိုက အကြည့်လွှဲပြီး မျက်လုံးပိတ်လိုက်သည်။ တခဏကြာသော် သူက ပြန်ဖွင့်ပြီး ရှုပင်းပင်းကို ကြည့်၏။

“ဘယ်လောက်လဲ”

ရှုပင်းပင်း ရင်တဒိန်းဒိန်း ခုန်လာသည်။ အခြေအနေက ဤပစ္စည်းအတွက် သူမစီစဉ်ထားသော အစီအစဉ်အတိုင်း သွားမနေပေ။ ထို့နောက် သူမသည် စောစောက မန်ဟို၏အပြုအမူများကို တွေးလိုက်ပြီး နောင်တရစပြုလာတော့သည်။

“တာအိုရောင်ရင်း ဒီပစ္စည်းက ရောင်းဖို့ မဟုတ်ပါဘူး။ ဒါက...”

မန်ဟို့မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး အံ့မခန်းလိလိ ဖိအားတစ်ရပ်က သူထံမှ ဖြာထွက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ၎င်းကား မုန်တိုင်းကြီးတစ်လုံး လာနေသည့်အတိုင်းပင်။

***

All Chapters