ထင်ရာစိုင်းနေသော သူဌေးကြီး
Vol. 48 Ch. 663
မန်ဟိုက ရှုပင်းပင်းကို ခေတ္တ ကြည့်ပြီးနောက် သူ၏စွမ်းအားကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ ဒုတိယထပ်ကား ပုံမှန်ပြန်ဖြစ်သွား၏။ သို့သော် စောစောက ဖိအားမှာ သူမကျောတွင် ချွေးတို့ ရွှဲစိုသွားစေခဲ့လေသည်။ ခံစားချက်မှာလည်း ရှေးဦးသားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်နေသကဲ့သို့ ခံစားချက်မျိုးဖြစ်သည်။
သို့သော် ဖိအားကို ခံစားလိုက်ရသူမှာတော့ ရှုပင်းပင်းတစ်ယောက်တည်းသာ။ ကျီရှောင်ရှောင်သော်လည်းကောင်း၊ ဂိုဏ်းသုံးဂိုဏ်းမှ ရွေးချယ်ခံများသော်လည်း မည်သည့်အရာကိုမျှ မခံစားလိုက်ရချေ။ သူတို့ သတိထားမိခဲ့သည့် တစ်ခုတည်းသောအရာမှာ ရှုပင်းပင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းကိုသာ ဖြစ်ပေ၏။
“ဈေးပြော” မန်ဟိုက ခပ်မိုက်မိုက်ဟန်ဖြင့် ပြောလိုက်သည်။ ဤသို့ပြောလိုက်သော သူ့စကားသူ ကြားလိုက်ရခြင်းက မန်ဟို့ကို ဝမ်းသာပီတိဖြစ်နေစေတော့သည်။ ကျင့်ကြံအားထုတ်ခဲ့သော နှစ်ပေါင်းရာချီအတွင်း သူ၏အသပြာအိတ်မှာ ပင့်ကူအိမ်ပင် တွယ်ရလောက်အောင် ပြောင်တလင်း ခါနေခဲ့၏။ ရံဖန်ရံခါ လက်ဖျားငွေသီးတတ်သော်လည်း ကြေးမုံ၏ အငမ်းမရ စုပ်ယူခံရခြင်းဖြင့်သာ နိဂုံးချုပ်တတ်စမြဲပင်။
သို့သော် နောက်ဆုံးတွင်တော့ သူ့မှာ ကလေးဘဝကတည်းက နှလုံးသားထဲတွင် ကိန်းအောင်းနေခဲ့သော အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ယုံကြည်ချက်ရှိလာခဲ့လေပြီ.....
ငါက သူဌေးကွ အရူးတွေရဲ့
သူ၏ဘေးတွင် ဝေ့လီ၏မျက်လုံးများမှာ တဖျပ်ဖျပ် လက်လျက်ရှိ၏။ သူမအတွက် မန်ဟိုမှာ သူမမျက်နှာကို တိုးဝှေ့ရိုက်ခတ်နေသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ရင်း တဝင်းဝင်း တောက်ပနေသည့်အလား ခံစားနေရတော့သည်။
ရှုပင်းပင်းမှာ မန်ဟို့ပုံစံကြောင့် ပျာယာခတ်နေရင်း ပြောလာသည်။ “တကယ်တော့ ဈေးက ပြဿနာမဟုတ်ပါဘူး....”
“အဆင့်နိမ့်မိစ္ဆာနှလုံးသား ၆၀၀၀” မန်ဟိုက မေးကို ဂုဏ်ယူစွာ မော့ရင်း ပြောသည်။
“အဲ့ဒါက....”
“မလောက်သေးဘူးလား။ ၈၀၀၀ ဆိုရင်ရော” မန်ဟို့မျက်နှာထားမှာ ပုံမှန်အတိုင်းသာ ဖြစ်သော်လည်း စိတ်ထဲတွင် မြောက်ကြွမြောက်ကြွ ဖြစ်နေလေသည်။ ရုတ်တရက်ကြီး သူတောင်းစားဘဝမှ သူဌေးဘဝရောက်သွားခြင်းက မန်ဟို့ကို စိတ်ရှိလျှင် ဆိုင်တစ်ဆိုင်လုံး ဝယ်နိုင်သည်ဟူ၍ ခံစားရနေစေတော့သည်။
ဤသည်မှာ ကျင့်ကြံခြင်းအခြေခံနှင့် စိုးစဥ်းမျှ မသက်ဆိုင်သော ယုံကြည်မှုဖြစ်သည်။ သူ ယုံကြည်ချက် ရှိလေလေ၊ သူ၏စကားလုံးများမှာ ပို၍အားပါလာလေပင်။
ငါ တကယ် ချမ်းသာနေပြီ အရူးတွေရဲ့
အတွေ့အကြုံများစွာရှိပြီး အသိအမြင်နှံ့စပ်သော ရှုပင်းပင်းပင်လျှင် သူ့စကားများအထဲရှိ ယုံကြည်ချက်နှင့် အင်အားတို့ကြောင့် မအံ့ဩမိဘဲ မနေပေ။ သူမမှာ မျက်လုံးကလေးများ ဝိုင်းစက်နေပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ အဆင့်နိမ့်မိစ္ဆာနှလုံးသား (၈၀၀၀) မှာ အင်မတန် မြင့်မားသော ဈေးနှုန်းပင်။
ဝေ့လီမှာတော့ မျက်လုံးအဝိုင်းသားနှင့် မန်ဟို့ကို ကြောင်ကြည့်နေသည်။ သူမသည် အဆင့်နိမ့်မိစ္ဆာနှလုံးသား (၈၀၀၀)က ဝိညာဉ်ကျောက်တုံး မည်မျှတန်မည်လဲ စိတ်တွက်,တွက်ကြည့်နေလေ၏။
ဂိုဏ်းသုံးဂိုဏ်း၏ရွေးချယ်ခံများနှင့် ကျီရှောင်ရှောင်မှာတော့ မန်ဟို့စကားကို ကြားသောအခါ ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေကြတော့သည်။ ယခုတွင် သူတို့မှာ ဤလူထံမှ လူချမ်းသာတစ်ယောက်၏ အငွေ့အသက်များ အမှန်တကယ် ထုတ်လွှတ်နေကြောင်း ရုတ်တရက် သဘောပေါက်သွားတော့၏.....
ဂိုဏ်းသူတချို့မှာလည်း မန်ဟို့ကို ကြည့်နေစဉ် မျက်လုံးများ ရွှန်းလဲ့တောက်ပနေလျက်ရှိသည်။ သူတို့သည် စောစောက သတိမထားမိခဲ့သော်လည်း ယခုတော့ ..... ဤပုဂ္ဂိုလ်မှာ သူမတူအောင် ချောမောခန့်ညားပြီး အံ့ဖွယ်ထူးခြားသောအရှိန်အဝါရှိကြောင်း မြင်လိုက်ရတော့သည်။ သူသည် သာမန်လူတစ်ယောက်နှင့် သိသိသာသာ ကွဲထွက်နေပြီး ကြော့ကြော့မော့မော့ သားသားနားနားနှင့် ဆွဲဆောင်မှုရှိနေတော့၏။
မန်ဟိုမှာ မျက်နှာထားကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းထားသော်လည်း ၎င်းကို ကြည့်လိုက်သော မည်သူမဆို အောက်ပါစာလုံးများအား ရေးသားထားသည့်အလား ခံစားလိုက်ရပေမည်။
ငါက ဦးသူဌေးကြီးကွ
ရှုပင်းပင်း၏ မျက်လုံးများ ပြူးကျယ်နေပြီး ရင်တဒိန်းဒိန်း ခုန်နေသည်။ “ကျွန်မထင်တာ....”
“မလုံလောက်သေးဘူးလား” မန်ဟိုက ပြောသည်။ သူသည် ယွင်ကျဲစီရင်စုမှ သူဌေးဟန်ပန်ကို အတုခိုးရင်း လက်ကို ခါရမ်းလိုက်၏။ ထို့နောက် ချောင်းဟန့်ကာ ပြောသည်။ “ကိစ္စမရှိဘူး။ အဆင့်နိမ့်မိစ္ဆာနှလုံးသားတစ်သိန်းနဲ့ဆို ရပြီလား”
ဤစကားကို ကြားလိုက်ရသော ရပ်ကြည့်နေသူများ၏မျက်နှာများအပေါ်ရှိ အံ့ဩတုန်လှုပ်မှုကို မြင်သောအခါ မန်ဟိုမှာ ကျင့်ကြံခြင်းအခြေခံအဆင့်တက်သည်ထက်ပင် အကျေနပ်ကြီးကျေနပ်နေတော့သည်။
ရှုပင်းပင်းမှာတော့ ပါးစပ်ကလေး ဟစိဟစိနှင့်။ ကျီရှောင်ရှောင်၏မျက်လုံးများက မန်ဟို့အပေါ်မှ မခွာ။ ဝေဟင်အင်မော်တယ်ဂိုဏ်းမှ ခေါင်းဆောင်လေးနှင့် ဂိုဏ်းသုံးဂိုဏ်းမှ ရွေးချယ်ခံအားလုံးမှာမူ မျက်လုံးကြီးပြူး၍ ပါးစပ်ပင် မစေ့နိုင်တော့။
ရှုပင်းပင်းသည် ပြန်မဖြေခင် သိသိသာသာပင် ဆုံးဖြတ်ရခက်နေ၏။ “စီနီယာရှင့် ၊ ဒါက တလောကမှ ကျွန်မတို့ဆီ ပို့ပေးတဲ့ စစ်ရထားပါ။ ကြည့်ရတာ သူက ပတ်လမ်း(၂)နဲ့ ပတ်လမ်း(၃)အကြား နယ်စပ်မှာ ပေါ်လာခဲ့တာဖြစ်မယ်။ ဒီအကြောင်းကို ဂိုဏ်းဆီ အခုထိ အကြောင်းမကြားရသေးပါဘူး”
မန်ဟို၏မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူ၏မျက်လုံးများက လင်းခနဲ လက်သွားသည်။ သူကား စီနီယာဟု အခေါ်ခံရခြင်းကို စိတ်မကွက်ကြောင်း သေချာ၏။
“ကျွန်မခန့်မှန်းတာ မှန်မယ်ဆိုရင် စီနီယာအနေနဲ့ ပတ်လမ်း(၂)က ပင်လယ်မကောင်းဆိုးဝါးတွေ နဲ့ ... ဒဏ္ဍာရီလာ ရှေးဟောင်းစစ်သင်္ဘောကြောင့် နဂါးငွေ့တန်းပင်လယ်ကို လာခဲ့တာမဟုတ်လား
“ဒီကြေးစစ်ရထားမှာ ရှေးဆန်မှုတွေ ပြည့်ဝနေတာမလို့ ရှေးခေတ်က ပစ္စည်းတစ်ခုဆိုတာ သိသာပါတယ်။ ဒီပစ္စည်း ဒီမှာ ပေါ်လာတာက ရှေးဟောင်းစစ်သင်္ဘောဆီကနေ အရင်းခံတယ်လို့ ညွှန်ပြနေပါတယ်
“ကျွန်မမှာ တစ်ခုပဲ တောင်းဆိုစရာ ရှိပါတယ် စီနီယာ။ ရှေးဟောင်းစစ်သင်္ဘောကို စီနီယာ သွားရှာတဲ့အခါ ကျွန်မကိုလည်း ခေါ်သွားပေးနိုင်မလား။ ဘာအကူအညီမှ ပေးစရာမလိုပါဘူး။ ကျွန်မ အဲ့ဒီသင်္ဘောအပေါ် ခြေချနိုင်တာနဲ့ ရပါပြီ
“အပြန်အလှန်အနေနဲ့ ဒီပစ္စည်းကို မိစ္ဆာနှလုံးသား ၅၀၀၀ နဲ့ ရောင်းပေးပါ့မယ်”
မန်ဟို့မျက်လုံးများ ဝင်းလက်သွားသည်။
“ရှေးဟောင်းစစ်သင်္ဘောကို ငါ သွားမရှာဘူးဆိုရင်ကော” သူက အေးတိအေးစက် မေးလိုက်သည်။
ရှုပင်းပင်းက တုံ့ဆိုင်းခြင်းအလျဥ်းမရှိ ပြန်ဖြေသည်။ “အဲ့ဒါကတော့ စီနီယာရဲ့ သဘောဆိုရင်တော့ ကျွန်မလည်း နောက်ဆုတ်ရုံပဲ ရှိပါတယ်” သူမက ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် အလျင်အမြန် ဖော်ပြီး အမွှေးတိုင်အိုးကို လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် အတွင်းရှိ အငွေ့များ ကွဲထွက်သွားပြီး ကြေးစစ်ရထားမှာ စံအိမ်ထဲမှ ထွက်ပြေးရန် ကြိုးစားနေသည့်အလား ပျံထွက်လာသည်။
မန်ဟိုက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ စစ်ရထားသည် လေလယ်တွင် ရုတ်ခြည်း ရပ်တန့်သွား၏။ ၎င်းမှာ မွေးကင်းစကလေးတစ်ယောက်၏လက်အရွယ်အထိ ကျုံ့ရင်း အောက်သို့ ဆွဲချခံလိုက်ရပြီး မန်ဟို့လက်ဝါးအပေါ် ဆင်းသက်လိုက်သည်။ သူက ၎င်းကို သိုလှောင်အိတ်ထဲ ချက်ချင်း ထည့်လိုက်၏။
သူက ရှုပင်းပင်းကို လျစ်လျူရှုရင်း ထရပ်လိုက်သည်။ ထို့နောက် ဝေ့လီနှင့်အတူ ဂိုဏ်းသုံးဂိုဏ်းရွေးချယ်ခံများ၏ အားကျနေသောအကြည့်များအောက်တွင် ယွင်ကျဲစီရင်စု၏သူဌေးတစ်ဦးဖြစ်သော ဘဏ္ဍာထိန်းကျိုးပုံစံအတိုင်း လျှောက်ထွက်သွားလေသည်။ သူက ကျောနောက်လက်ပစ်၍ လှေကားဆီ လျှောက်သွား၏။
ပထမဆုံးလှေကားထစ်အပေါ် ခြေချလိုက်သောအချိန်မှနောက်ဆုံး မန်ဟိုက ရှုပင်းပင်းကို လှည့်ကြည့်လိုက်သည်။
“ငါ့ကို အသံပေးပို့အဆောင်တစ်ခုပေး” သူက ပြောသည်။
ရှုပင်းပင်းမှာ ချက်ချင်း ထခုန်မိမတတ် ပျော်ရွှင်သွားတော့သည်။ သူမက အသက်ရှူသံများမြန်နေရင်း အသံပေးပို့အဆောင်တစ်ခု ထုတ်ပြီး တရိုတသေ ကမ်းပေးလိုက်သည်။
မန်ဟိုက အဆောင်ကို သိမ်းပြီး ရှုပင်းပင်းလိုက်ပါပို့ဆောင်ပေးသည့်အတိုင်း လှေကားမှ ဆင်းကာ တိမ်ပြိုစံအိမ်မှ ထွက်သွားတော့သည်။
အပြင်တွင် ကောင်းကင်မှာ မှောင်မည်းနေပြီဖြစ်ပြီး ပင်လယ်လေညင်းလေးက သူ၏မျက်နှာကို ကျီစယ်သွား၏။ ဝေ့လီမှာတော့ ချွေးပြန်နေပြီး မန်ဟို့ကို တစ်လှည့်၊ တိမ်ပြိုစံအိမ်ကို တစ်လှည့် ကြည့်ရင်း ကြောင်တောင်တောင်လေး ဖြစ်နေသည်။
ညဉ့်နက်နေပြီဖြစ်၍ မန်ဟိုက နောက်ဆိုင်များဆီသို့ မသွားတော့ဘဲ တည်းဖို့ နေရာရှာဖို့ ဝေ့လီကို အားကိုးလိုက်သည်။ နောက်ဆုံးတွင် သူသည် ကိုယ်ပိုင်ပင်မဝင်ပေါက်နှင့် သီးသန့်နေအိမ်တစ်လုံး ငှားလိုက်၏။
နေအိမ်သည် တကယ်တမ်း ကျင့်ကြံခြင်းဂူတစ်လုံးဖြစ်ပြီး ပင်လယ်ခံတပ်တွင် ရရှိနိုင်သမျှထဲ ဈေးအကြီးဆုံးဖြစ်၏။ ၎င်းတွင် အကာအကွယ်မန္တန်ဝင်္ကပါတစ်ခုနှင့်အတူ ပင်လယ်ကြမ်းပြင်နှင့် ဆက်သွယ်ပေးထားသော လမ်းတစ်လမ်းလည်း ပါသည်။ ထိုလမ်းအဆုံးတွင် တံခါးပိတ်ကျင့်ကြံခြင်းအတွက် သီးသန့်အခန်းတစ်ခန်း ရှိ၏။ ပင်လယ်ကြမ်းပြင်တွင် ဖြစ်သည့်တိုင် တရားထိုင်ရာအခန်းသည် ပင်လယ်ခံတပ်၏ အထွေထွေအကာအကွယ်မန္တန်ဝင်္ကပါများ၏အောက်တွင် ရှိနေသေးရာ မည်သည့်ပင်လယ်သားရဲမှ ၎င်းအနား လာနိုင်မည်မဟုတ်ပေ။
ပထမတွင် မန်ဟိုသည် ယခုနေရာကို ဝယ်ရန် ကြံခဲ့သော်လည်း သေချာစဉ်းစားပြီးနောက် ဝိညာဉ်ကျောက်တုံးများစွာ အကုန်မခံနိုင်တော့၍ ငှားရန်သာ ဆုံးဖြတ်ခဲ့၏။
နေအိမ်တွင် အခန်းများစွာ ပါသည့်အတွက် ဝေ့လီလည်း သူမအခန်းနှင့်သူမ နေရလေသည်။ ညမင်းသားခြုံထည်အောက်တွင် ရှိနေသေးစဉ် သူမသည် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးနှင့် မန်ဟို သူမကို မည်သို့ကယ်ခဲ့သည်ကိုလည်း ပြန်စဉ်းစားနေမိ၏။ သူမမှာ သိပင်မသိလိုက်ဘဲ မန်ဟို့အား သူမ၏စိတ်နှလုံးသားထဲ၌ နေရာပေးထားပြီးလေပြီ။ သို့သော် သူမသည် သူတို့နှစ်ယောက်မှာ အဆင့်အတန်းအရရော၊ ဘဝအခြေအနေအရပါ ကွာခြားလွန်းကြောင်း ကောင်းကောင်းသိသဖြင့် သက်ပြင်းချပြီး တရားထိုင်ရန် မျက်လုံးများ ပိတ်လိုက်တော့သည်။
မန်ဟိုကမူ သူ့အခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။ တိတ်ဆိတ်မှုက သူ့ကို ဝန်းရံလျက်ရှိပြီး နာရီသုံးချက်ထိုးဝန်းကျင်တွင် ရုတ်တရက် သူ၏မျက်လုံးများ ပွင့်လာသည်။
“နောက်ဆုံးတော့ ငါ ချမ်းသာပြီ” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဘဏ္ဍာထိန်းကျိုး မရှိတော့တာ ဆိုးတာပဲ။ သူ့မျိုးဆက်တွေကို ရှာပြီး ငါ အကြွေးတင်နေတဲ့ ငွေစသုံးစ ပြန်ဆပ်ရမယ်”
“မဖြစ်သေးဘူး ငါက အခု ချမ်းသာနေပြီလေ။ အပိုထပ်ဆောင်း နည်းနည်းပါးပါး ပေးရမယ်” သူက ပြုံးပြီး သိုလှောင်အိတ်ကို ပုတ်လိုက်သည်။
ထို့နောက် လက်ကို မြှောက်လိုက်ရာ အပေါ်တွင် ကြေးစစ်ရထားပေါ်လာသည်။
ဤကြေးစစ်ရထားအနေဖြင့် နွေဦးနှင့်ဆောင်းဦး မည်မျှ ဖြတ်သန်းခဲ့ပြီးပြီလဲ ပြောရန် မဖြစ်နိုင်သော်လည်း ၎င်းမှာ သံချေးအထပ်ထပ်တက်နေသည့်အပြင် နှစ်ပေါင်းမရေမတွက်နိုင်အောင် အမှောင်ထုထဲတွင် နစ်မြုပ်နေခဲ့သည့်အလား ရှေးဆန်သောအငွေ့အသက်နှင့်လည်း ပြည့်နှက်နေ၏။
၎င်းကို ကြည့်ခြင်းက မန်ဟို့ရင်ထဲတွင် ထူးဆန်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာစေသည်။ ကြေးစစ်ရထားမှာ လူသိန်းသောင်းပေါင်းများစွာ သေကြေပျက်စီးခဲ့ရသော ပုံပြင်တို့အား ပြန်ပြောပြနေသည့်အလား။ အမေ့လျော့ခံခေတ်တစ်ခေတ်၏ သွေးဆာရန်လိုမှုအကြောင်း ဖော်ပြနေသည့်အလားပင်။
၎င်း၏မျက်နှာပြင်အပေါ်တွင် ရေးထွင်းထားသော သားရဲများမှာ အသေကောင်များနှင့်တူသော်လည်း မန်ဟို့မျက်လုံးထဲတွင်တော့ အသက်ရှိနေသည်။ ၎င်းတို့မှာ ရှင်သန်နိုးထလာပြီး ကောင်းကင်နှင့်မြေကြီးတွင် လွတ်လွတ်လပ်လပ် လျှောက်သွားနိုင်မည့်နေ့အတွက် စောင့်မျှော်ရင်း နှစ်သောင်းပေါင်းများစွာ အိပ်ပျော်နေခဲ့သယောင်ပင်။
မန်ဟိုက ကျင့်ကြံခြင်းအခြေခံစွမ်းအားတချို့ကို ညာလက်မှတစ်ဆင့် ကြေးစစ်ရထားထဲသို့ ပို့လွှတ်လိုက်သည်။ ချက်ချင်းပင် အားပျော့ပျော့ လှိုင်းများ ဖြာထွက်လာပြီး စစ်ရထားမှာ အရွယ်အစားကြီးလာ၏။
မန်ဟိုသည် ဤအတွက် အသင့်ပြင်ထားပြီးဖြစ်၍ ခြံဝင်းအပြင်သို့ အလျင်အမြန် ထွက်လိုက်သည်။ ထို့နောက် ညာလက်ကို မြှောက်လိုက်၏။ စစ်ရထားသည် မီတာကိုးရာအရွယ်ခန့် ရောက်သည့်တိုင်အောင် ဆက်လက်ကြီးမားလာရင်း ဂျိန်းခနဲ လေပေါ်ပျံတက်သွားသည်။
လှိုင်းများ ဖြာထွက်လာပြီး စစ်ရထားသည် အရောင်အဝါ တောက်ပလာ၏။ သို့ရာတွင် လှိုင်းများမှာ ပျက်စီးဆွေးမြည့်မှုတို့ဖြင့် ပြည့်နှက်နေဟန်တူပြီး အရောင်အဝါမှာလည်း အတော်လေး မှေးမှိန်နေသည်။
မန်ဟို၏ခန္ဓာကိုယ်သည် စစ်ရထားထဲတွင် ဖျတ်ခနဲ ပြန်ပေါ်လာ၏။ သူက ညာလက်ဖြင့် ၎င်း၏အနားကို ထိပြီး ကျင့်ကြံခြင်းအခြေခံစွမ်းအားတချို့ ထပ်မံပို့လွှတ်လိုက်သည်။ စစ်ရထားကား တုန်ရီလာပြီး လေပေါ်ထိုးတက်သွားလေသည်။
၎င်းသည် အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ရွေ့လျားသွား၍ သူ့အောက်တွင် ပင်လယ်ခံတပ်မှာ တမုဟုတ်ချင်း အစက်သေးသေးလေးတစ်စက်သာ ဖြစ်လာတော့သည်။ စစ်ရထားက ညလေကို တရွှီးရွှီး ထိုးခွင်းသွားနေသော်လည်း တုန်ခါခြင်းမရှိသလို ၊ နည်းနည်းလေးမှ မလှုပ်ရမ်းပေ။
ဤအခိုက်အတန့်မှာပင် နေဝိညာဉ်သူတော်စင်သည် ပင်လယ်ခံတပ်၏အလယ်ရှိ မျှော်စင်အမြင့်ကြီးတွင် တင်ပျဉ်ခွေလျက် တရားထိုင်နေ၏။ သူ၏ဘေးတွင် က္ကန္ဒြေရှိသောသခင်မလင်းသည် လက်နှစ်ဖက်ဖြင့် ငှက်မွှေးကြီးတစ်ချောင်းကို ကိုင်ရင်း အစီအရင်တစ်ခု ဖန်တီးနေသည်။ ငှက်မွှေးမှ ပျက်စီးဆွေးမြည့်နေသော အရှိန်အဝါတစ်ခုအား ထုတ်လွှတ်နေလေသည်။ တစ်ချိန်တည်းမှာပင် အဖြူရောင်အလင်းများက လေတွင် မျောလွင့်လျက်ရှိကာ လောလောဆယ်တွင် အနက်ရောင်ဝတ်ရုံဝတ်ထားသော နေဝိညာဉ်သူတော်စင်၏ ရှူသွင်းခြင်း ခံနေရ၏။
ကျင့်ကြံနေသည့်ခုလတ်မှာပင် နေဝိညာဉ်သူတော်စင်၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ” သခင်မလင်းက သူ့ကို လှမ်းကြည့်ရင်း မေးသည်။
“ဘာမှမဟုတ်ပါဘူး” သူက ပြန်ဖြေသည်။ “စောစောက ပြဿနာအိုးရောင်ရင်းပေါ့။ မှော်ပစ္စည်းတစ်ခုကို စမ်းသပ်နေတာလေ ဟမ့်” သူ၏မျက်နှာမှာ မည်းမှောင်လာပြီး သူ ဘာတွေးနေသလဲ ပြောရခက်လေသည်။
“ရှင့်ကို လက်ဆောင်အနေနဲ့ အရက်အိုးတစ်အိုး ပေးခဲ့တယ်မဟုတ်ဘူးလား”
နေဝိညာဥ်သူတော်စင်မှာ ‘အရက်’ဆိုသော စကားလုံးကို ကြားလျှင်ချင်း မျက်နှာကြီး မဲ့သွား၏။
“တကယ်တော့ ကိုယ့်ကို ခြိမ်းခြောက်နေတာ” သူက ပြောသည်။
သခင်မလင်းမှာ တအံ့တဩ စိုက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောပေ။ နေဝိညာဉ်သူတော်စင်လည်း အရက်ကိစ္စကို ထပ်မံမဟတော့။
ထိုစဉ် မန်ဟိုမှာတော့ လေအလယ်တွင် မျက်မှောင်ကြုတ်နေ၏။ သူက ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် စစ်ရထားကို စစ်ဆေးရင်း ၎င်းအထဲ၌ ရပ်နေလေသည်။
“ဒီပစ္စည်းက ပထမခွဲထွက်ခြင်းကျင့်ကြံသူနီးပါး မြန်တယ်။ ဒါပေမဲ့ ကျင့်ကြံခြင်းအခြေခံစွမ်းအား အများကြီးစားတယ်။ ဒါမပါဘဲနဲ့ ငါ ပိုလို့တောင် မြန်မြန်သွားနိုင်တာ ဆိုးတာပဲ
“ဒါ့အပြင်....” သူသည် တဖြေးဖြေး ပိုမိုကြီးမားလာနေသော စစ်ရထားအပေါ်ရှိ သံချေးရာများကို ကြည့်ရင်း မျက်လုံးများတောက်ပလာ၏။ “သုံးလေလေ၊ ပျက်စီးမှုက ပိုပိုပျံ့နှံ့လာလေလေပဲ။ မကြာခင် တစ်ခုလုံး သံချေးတက်သွားပြီး အလကားဖြစ်တော့မှာ” မန်ဟိုက ထိုသို့ပြောပြီး ညာလက်ကို မြှောက်ကာ စစ်ရထားအပေါ် ရိုက်ချလိုက်သည်။
ဒုန်းခနဲ အသံတစ်သံ ကြားလိုက်ရပြီး စစ်ရထားမှာ တုန်ခါသွားတော့သည်။ အတွင်းမှ ခပ်စူးစူးဟိန်းသံများ ထွက်လာပြီး ပုံရိပ်များ ထိုးထွက်လာကြသည်။
သို့သော် .... ၎င်းတို့အားလုံးမှာ စစ်ရထားနှင့် ၎င်းတို့အား ချည်နှောင်ထားသော သံကြိုးများ၏ ဟန့်တားခြင်းခံလိုက်ရသည်။ ထို့အပြင်.... ၎င်းတို့၏မျက်လုံးအားလုံး ပိတ်နေကြသည်။
တစ်ကောင်မှ မျက်လုံးများ မဖွင့်ခဲ့ပေ။
၎င်းတို့ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တွင် ပြင်းထန်သောဖိအားကြီးတစ်ခု ပေါ်လာသည်။ သို့သော် မန်ဟိုက မျက်မှောင်ပိုကြုတ်သွား၏။ သံချေးများက စစ်ရထားအပေါ်တွင် ယခင်ထက်ပိုမြန်သော အမြန်နှုန်းဖြင့် ပျံ့နှံ့နေလေပြီ။
***