← Chapters

စစ်ရထား

Vol. 48 Ch. 664

စစ်ရထား

Vol. 48 Ch. 664

“အလွန်ဆုံး ဆယ်ကြိမ်ကျော်ပဲ အသုံးပြုနိုင်လိမ့်မယ်” မန်ဟိုက သံချေးများကို စစ်ဆေးကြည့်ရှုလိုက်သည်။ ၎င်းတို့မှာ အစင်းကြောင်းများအလား မည်သည့်နေရာသွားသွား ၊ ကြေးသားကို ပွန်းပဲ့နေသောသတ္တုပမာ ဖြစ်သွား‌စေသည်။

“သုံးတဲ့နည်းမမှန်သလို ခံစားရတယ်” သူက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ “အသုံးပြုတာက သူ့ကို ပျက်စီးစေတယ်ဆိုရင်တော့ ... ဟမ်” ရုတ်တရက် သူ၏နှလုံးသားမှာ ဒိန်းခနဲ ခုန်သွားလေသည်။

“သုံးတဲ့နည်းမမှန်လို့လား” သူ၏မျက်လုံးများ တဖျပ်ဖျပ် လက်သွားပြီး တိမ်ပြိုစံအိမ်မှာတုန်းက အင်မော်တယ်လမ်းညွှန်ဖော်ပြပေးခဲ့သော မြင်ကွင်းကို ပြန်တွေးမိလိုက်သဖြင့် သူ၏ ရင်ခုန်နှုန်းမှာ ပိုမိုပြင်းထန်လာတော့သည်။

မန်ဟိုက တခဏကြာ တွေးပြီးနောက် စစ်ရထားကို နောက်တစ်ဖန် ပုတ်လိုက်သည်။ ချက်ချင်းပင် စစ်ရထား၏ပတ်ပတ်လည်ရှိ သားရဲများ ပျောက်ကွယ်သွားပြီး ရထားအရွယ်အစား ကျုံ့လာသည်။ မကြာမီ ၎င်းသည် သူ၏လက်ဝါးအပေါ်တွင် မွေးကင်းစကလေး၏လက်အရွယ် ပြန်ဖြစ်သွား၏။

သူသည် လေအလယ်တွင် ပျံဝဲ၍ အသေးစိတ် စစ်ဆေးပြီးနောက် ရုတ်တရက် သဲလွန်စတချို့ တွေ့လိုက်ရတော့သည်။

“သူ့မျက်နှာပြင်အပေါ်မှာ ရေးဆွဲထားတဲ့ ရှေးဟောင်းမှော်သင်္ကေတတွေက စစ်ရထားရဲ့ တကယ့်အစိတ်အပိုင်းဖြစ်တဲ့ပုံမပေါ်ဘူး....

“ပြီးတော့ သံကြိုးပုံစံ ရေးဆွဲထားတာတွေရောပဲ။ သူတို့က နောက်မှ ထည့်ထားသလို စစ်ရထားနဲ့ နည်းနည်းလေးမှ မလိုက်ဖက်ဘူး” သူ၏ မျက်လုံးများသည် တခဏ တောက်ပနေပြီးနောက် ရုတ်တရက် ညာမျက်လုံးကို ပိတ်လိုက်၏။ သူသည် ကိုးကြိမ်ဆက်တိုက် မျက်တောင်ခတ်ပြီးနောက် အင်မော်တယ်လမ်းညွှန်၏ အင်မော်တယ်ချီကို ထုတ်လွှတ်ကာ သူ၏မျက်လုံးထဲ စီးဝင်လာစေသည်။ ချက်ချင်းပင် ကြေးစစ်ရထား၏ပုံပန်းသွင်ပြင်မှာ ပြောင်းလဲသွား၏။

၎င်းသည် စစ်ရထားမဟုတ်တော့ဘဲ ရက်စက်ကြမ်းကြုတ်သော သားရဲအုပ်ကြီးဖြစ်သွားလေသည်။ ၎င်းတို့က တစ်ကောင်နှင့်တစ်ကောင် လုံးထွေးနေပြီး အဝေးတစ်နေရာမှကြည့်လျှင် အနက်ရောင်တောင်ပံတစ်ဖက်နှင့် တူ၏။

အနက်ရောင်တောင်ပံမှာ မထင်ရှားသော်လည်း လိပ်ပြာတစ်ကောင်၏အတောင်ဖြစ်ကြောင်း မန်ဟို သေချာသိ၏။

သူ့မှာ ရင်ဒိန်းခနဲခုန်သွားပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်လေသည်။ သူသည် အင်မော်တယ်လမ်းညွှန်၏ ချီတချို့ကို ထပ်မံလှည့်ပတ်ပြီးနောက် ... လိပ်ပြာတောင်ပံကို အာရုံစိုက်လိုက်သည်။

သူ ၎င်းကို ကြည့်လိုက်လျှင်ချင်း ထစ်ချုန်းသံကြီးတစ်သံ သူ၏စိတ်ထဲတွင် ပြည့်နှက်သွားလေသည်။ သူ့အရှေ့ရှိ ကမ္ဘာကြီးမှာ မှန်တစ်ချပ်သဖွယ် ကွဲကျသွား၏။ ကွဲကျနေစဉ် မှန်အပိုင်းအစများသည် မန်ဟို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသော ပုံရိပ်များအဖြစ် တရိပ်ရိပ် ဖြတ်ပြေးသွားသည်။

သို့ရာတွင် ပုံရိပ်တစ်ခုကတော့ သူ၏မှတ်ဉာဏ်ထဲတွင် စွဲထင်ကျန်ရစ်သွားသည်။

ကောင်းကင်ထက်တွင် တလိပ်လိပ်ထနေသော တိမ်တိုက်များ၊ ပြိုးပြိုးပြက်ပြက်လက်နေသော လျှပ်စီးများကို ပြည့်နှက်နေသော မြေပြင်တစ်ခုကို သူ မြင်လိုက်ရ၏။ အနက်ရောင်ဝတ်ရုံများ ဝတ်ဆင်ထားသော လူတစ်ယောက်သည် အောက်ရှိ နယ်မြေများကို ငုံ့ကြည့်ရင်း စစ်ရထားထဲတွင် ရပ်နေသည်။

ဤလူသည် ကောင်းကင်ပင်ဖြစ်သည့်အလား၊ ကောင်းကင်၏စိတ်ဆန္ဒအလားပင်။

သူ၏နဖူးပေါ်တွင် ထာဝရလည်နေသော ဝဲစကြာတစ်ခုအား မြင်ရနိုင်ပြီး သူ၏ညာလက်တွင်မူ အဖြူရောင်ပုတီးစေ့များနှင့် အနက်ရောင်ကြိုးကုံးတစ်ကုံးကို ကိုင်ထားသည်။ ၎င်းမှာ ချုပ်နှောင်အမှတ်အသားများအား လက်ခံရန် စောင့်ဆိုင်းနေဟန်တူသည်။

ထိုလူ ရပ်နေသော စစ်ရထားမှာမူ မှော်သင်္ကေတများ မရှိသည်ကလွဲ၍ မန်ဟို လောလောလတ်လတ်ကမှ ရရှိခဲ့သော တစ်ခုနှင့် အလွန်တူ၏ ။

စစ်ရထား၏အောက်တွင် အဆုံးအစမဲ့သော ပင်လယ်တစ်စင်းရှိကာ ပင်လယ်၏အလယ်ဗဟိုတွင် မိုးထိုးနေသော ဧရာမသစ်ပင်ကြီးတစ်ပင် ရှိသည်။ သစ်ပင်ထိပ်တွင် ထိုင်နေသည်ကား ကမ္ဘာကြီးကို လှမ်းကြည့်ရင်း ပြုံးနေသော ကောင်လေးတစ်ယောက်။

‌ကောင်လေး၏ပတ်ပတ်လည်တွင် လိပ်ပြာကိုးကောင် တဖျပ်ဖျပ် ပျံသန်းနေ၏။ အဝေးတွင်တော့ ကျင့်ကြံအားထုတ်နေကြသော သက်ရှိသတ္တဝါများ မရေမတွက်နိုင်အောင်ရှိသည်။

အရာအားလုံးကား လွန်စွာ ဆိတ်ငြိမ်အေးချမ်းလျက်ရှိချေ၏.....

မန်ဟို့စိတ်မှာ ဂျိန်းခနဲ ထစ်ချုန်းသွားပြီးနောက် မြင်ကွင်းကား ပျောက်ကွယ်သွားတော့သည်။ သူ့မှာ ဟောလဲလှိုက်နေပြီး လက်ဝါးပေါ်ရှိ စစ်ရထားကို ကြည့်နေစဉ် သူ၏မျက်လုံးများ၌ ထူးဆန်းသောအလင်းရောင်တစ်ခု တောက်ပနေ၏။

“အဲဒီမြင်ကွင်းက ....” သူ၏မျက်လုံးများ တဖျပ်ဖျပ် လက်လာပြီး အသက်အနည်းငယ် ရှူပြီးနောက် ဘယ်လက်ကို မြှောက်၍ ကြေးစစ်ရထားအပေါ် တ‌ဖြေးဖြေး ဖိချကာ မှော်သင်္ကေတတစ်ခုကို ဖယ်ရှားလိုက်သည်။

စစ်ရထားအပေါ်၌ မှော်သင်္ကေတစုစုပေါင်း (၉၉) ခု ရှိလေသည်။

မန်ဟို့လက်မှ နူးညံ့သော်လည်း ရက်စက်သောအလင်း ဖြာထွက်လာသည်။ သူသည် မှော်သင်္ကေတတစ်ခုလုံးအား အောင်အောင်မြင်မြင် ဖယ်ရှားပြီးသည့်တိုင်အောင် စစ်ရထားကို ဆက်တိုက်ပွတ်နေ၏ ။ ဖယ်ရှားပြီးနောက်တွင်တော့ သူ၏မျက်နှာမှာ ဖြူဆုပ်နေလေပြီ။ မှော်သင်္ကေတဖယ်ရှားရခြင်းက ခက်ခဲပုံမရသော်လည်း ထိုသို့လုပ်ဖို့အတွက် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ပမာဏတစ်ခုအထိ အသုံးပြုခဲ့ရလေသည်။

မှော်သင်္ကေတ ဖယ်ရှားခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ကြေးစစ်ရထားသည် တုန်ခါလာလေသည်။ အိပ်ပျော်နေသော ရှေးသားရဲကြီးတစ်ကောင် ရုတ်တရက် နိုးထလာ‌နေသည့်အလား အထဲမှ ဟိန်းဟောက်သံကဲ့သို့ အသံများ ထွက်လာသည်။

အသံများ နားထဲ ရောက်လာသောအခါ မန်ဟိုမှာ လိပ်ပြာပင်တုန်ရီသွားရ၏။

“မှော်သင်္ကေတနဲ့ သံကြိုးတွေက တကယ်ပဲ နောက်မှ ထပ်ထည့်ထားတာကိုး။ ချုပ်နှောင်ဖို့အတွက် မဟုတ်ရင်တော့ အသုံးပြုနည်းအမှန် မသိတဲ့အတွက် ရထားကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့နည်းတစ်နည်းဖြစ်မယ်

“အဲ့ဒီလို မမှန်ကန်တဲ့အသုံးပြုနည်းက ပျက်စီးရတဲ့အကြောင်းရင်းပဲ” သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး ဒုတိယမြောက်မှော်သင်္ကေတကို ဖယ်ရှားတော့မည့်အချိန် သူ၏လက်က တုံ့ခနဲ ရပ်သွားပြီး သူ၏မျက်လုံးများတွင် သံသယဝင်သွားသောအရိပ်အယောင်တစ်ခု ပေါ်လာသည်။

“ဘာကြောင့် ငါပဲ စစ်ရထားအပေါ်က ပုံရိပ်တွေကို မြင်ရတာလဲ။ သူတို့ကို မြင်လိုက်တဲ့ ဘယ်သူမဆို အထဲမှာ တစ်ခုခု ထူးခြားနေတာ သိမှာပဲလေ” သူသည် သူ၏ကိုယ်အပေါ်ပိုင်းကို ပြန်ကြည့်ရင်း မျက်လုံးများ တောက်ပသွား၏။

အတန်ကြာသော် သူက တစ်လုံးချင်း ရေရွတ်လိုက်သည်။ “အင်မော်တယ်လမ်းညွှန် .... ချုံမန်းတိုင်”

စစ်ရထားအပေါ်ရှိ ပုံရိပ်များကို မြင်ရသည့်အကြောင်းရင်း၊ ၎င်း၏အသုံးပြုနည်းအမှန်လည်း သိလိုက်သော အကြောင်းရင်းမှာ အင်မော်တယ်လမ်းညွှန်၏ အင်မော်တယ်ချီကြောင့် ဖြစ်သည်။

“ဒါက မဟုတ်မှ အင်မော််တယ်ရတနာများလား” သူသည် အတွေးနက်နေရင်း ဘယ်လက်ကို မြှောက်၍ ဒုတိယမှော်သင်္ကေတတစ်ခုကို စတင်ဖယ်ရှားတော့သည်။

ကြေးစစ်ရထားသည် ပို၍တောက်လာပြီး အတွင်းမှ ဟိန်းဟောက်နေသံမှာလည်း ရှင်းလင်းပြတ်သားလာသည်။

ထို့နောက် မန်ဟိုက သုံးခုမြောက်မှော်သင်္ကေတကို ဖယ်ရှားလိုက်သည်။ ထို့နောက် လေးခုမြောက်။ ဆယ်ခုမြောက်မှော်သင်္ကေတအား ဖယ်ရှားပြီးသောအခါ ကြေးစစ်ရထားသည် တဝီဝီ မြည်လာပြီး မီတာသုံးဆယ်အရွယ်ရောက်သည်အထိ ပြန့်ကားလာ၏။

အရောင်အဝါက ဖိအားတစ်ခုနှင့်အတူ အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားသည်။ မန်ဟိုပင်လျှင် ပြင်းထန်သော ဖိအားကြောင့် စစ်ရထားအနား မကပ်နိုင်ဖြစ်နေ၏။ သူ့မှာ ချက်ချင်း နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။

သူ၏မျက်လုံးများ တလက်လက် တောက်ပလာသည်။ မှော်သင်္ကေတဆယ်ခုကို ဖယ်ရှားပြီးနောက် သူ၏ကျင့်ကြံခြင်းအခြေခံသည် ကုန်ခမ်းသလောက် ဖြစ်သွားခဲ့၏။ သူသည် ပြန်လည်သက်သာလာအောင် မျက်လုံးများ တခဏ ပိတ်ပြီးနောက် မျက်မှောင်ကြုတ်သွားလေသည်။

“မှော်သင်္ကေတတွေ ဖယ်ရှားတာ များလေလေ၊ ခက်ခဲလေလေပဲ” သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ စစ်ရထားဆီသို့ ပြေးဝင်သွားသည်။ သူ အနားရောက်လာစဉ် အဝါရောင်အလင်းစည်းကွင်းတစ်ကွင်း ရထား၏ပတ်ပတ်လည်တွင် ကောက်ကာငင်ကာ ပေါ်လာ၏။

၎င်းသည် လျင်မြန်စွာ ပြန့်ကားလာရာ မန်ဟို့စိတ်ထဲတွင် အန္တရာယ်၏အချက်ပေးသံတို့ မြည်သွားစေသည်။ သူက အ‌ဝါရောင်အလင်းစည်းကွင်းထဲမှ အလျင်အမြန် ထွက်ရင်း နောက်ပြန်ဆုတ်လိုက်သည်။ ထို့နောက် သူသည် အင်မော်တယ်လမ်းညွှန်၏ အင်မော်တယ်အနည်းငယ်ကို ဖြစ်ညစ်ထုတ်၍ သူ၏ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားစေပြီးနောက်‌ မူလနေရာသို့ ပြန်သွားလိုက်သည်။

ဤတစ်ခေါက်တွင် မည်သည့်အဝါရောင်အလင်းမှ ပေါ်မလာ။ သူသည် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားရင်း စစ်ရထားဆီသို့ မျက်စိတစ်မှိတ်အတွင်း ရောက်သွား၏။ သူ့ခန္ဓာကိုယ်ထဲ အင်မော်တယ်ချီများများစားစား မရှိ၍ ပျောက်ကွယ်သွားရန် သိပ်ကျန်တော့မည်မဟုတ်ပေ။

သူသည် လက်ကို စစ်ရထားအပေါ် ဖိချလိုက်၏။ တခဏ အချိန်ယူ တွေးပြီးနောက် သူက စစ်ရထားထဲသိို့ စွမ်းအားများ ထည့်သွင်းရင်း ကျင့်ကြံခြင်းအ‌ခြေခံကို လှည့်ပတ်လိုက်သည်။ သို့သော် စွမ်းအားမှာ ပင်လယ်သမုဒ္ဒရာထဲ ပလုံခနဲ ကျသွားသော ကျောက်တုံးပမာ ပျောက်ကွယ်သွားသယောင်ပင်။ စစ်ရထားထံမှလည်း မည်သည့်တုံ့ပြန်မှုမှ မရလိုက်။

မန်ဟိုသည် ကျင့်ကြံခြင်းအခြေခံကို ငြိမ်သက်အောင် လုပ်ပြီး နည်းနည်းလေးမှ တုံ့ဆိုင်းမနေဘဲ အင်မော်တယ်ချီအနည်းငယ် ထပ်မံပို့လွှတ်လိုက်သည်။ ၎င်းမှာ အမျှင်လေးတစ်မျှင်သာ ဖြစ်သော်လည်း သူ၏လက်ထဲမှ စစ်ရထားဆီသို့ စီးဆင်းသွားသည်နှင့် တစ်ကမ္ဘာလုံးမှာ ထစ်ချုန်းအော်မြည်လာတော့သည်။

ကောင်းကင်တွင် ဧရာမဝဲကြီးတစ်ခုသည် တဝေါဝေါ မြည်ရင်း လည်လာ၏။ အရပ်မျက်နှာတစ်ခွင်တွင် လျှပ်စီးတန်းများ သောင်းကျန်းပေါက်ကွဲသွားကြသည် ။ ကောင်းကင်နှင့်မြေကြီး ရုတ်တရက် ပြိုကျနေသည့်အလား ပတ်ဝန်းကျင်မှာ ဝရုန်းသုန်းကား ဖြစ်လာသယောင်ပင်။

မန်ဟိုမှာ ရုတ်တရက် စစ်ရထားနှင့် ပေါင်းစည်းရင်း တစ်သားတည်းဖြစ်လာနေသည့်အလား ခံစားလိုက်ရသည်။ ထို့နောက် စောစောက မြင်ကွင်းထဲမှ နဖူးတွင် ဝဲစကြာနှင့် အနက်ရောင်ဝတ်လူပုံရိပ်ကို သူမြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ရထားထံမှ တကျီကျီအသံတစ်သံ ထွက်လာကာ အရှေ့တွင် မရေမတွက်နိုင်သော သားရဲအရိုင်းကြီးများ၏ပုံရိပ်များ ပေါ်လာသည်။ ၎င်းတို့အားလုံးမှာ သံကြိုးများနှင့် ချည်နှောင်ခံထားရပြီး အသံမထွက်သော ဟိန်းဟောက်သံများ ထုတ်လွှတ်နေကြသည်။ ၎င်းတို့က ပြေးရင်း စစ်ရထားကို ဆွဲသွားကြ၏။ စစ်ရထားမှာ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် အဝေးသို့ တဟုန်ထိုးထွက်သွားသော ကြယ်တံခွန်ကြီးအသွင် ပြောင်းသွားလေတော့သည်။

၎င်း ရွေ့လျားသွားသောအမြန်နှုန်းမှာ ကောင်းကင်တွင် တဖောင်းဖောင်းပေါက်ကွဲသံများ ဆူညံနေစေသည်အထိပင်။ အဝါရောင်လှိုင်းများက မဟူရာညကောင်းကင်တွင် ဖြာဆင်းနေကာ အ‌ဝါရောင်တောက်နေစေတော့သည်။

လောလောဆယ်တွင် နေဝိညာဉ်သူတော်စင်သည် ပင်လယ်ခံတပ်ရှိ မျှော်စင်အတွင်းတွင် ငေါက်ခနဲ ထရပ်လိုက်၏။ သူ၏မျက်ဝန်းများတွင် အံ့ဩရိပ်သို့ ဖြတ်ပြေးသွားပြီ သူက လျှပ်တပြက် ပျောက်ကွယ်ကာ အပြင်ရှိ လေအလယ်တွင် ပြန်ပေါ်လာသည်။ သူကား အဝေးကို ကြည့်ရင်း မျက်နှာအမူအရာတစ်မျိုးပြီးတစ်မျိုး ပြောင်းနေတော့သည်။

“အဲ့ဒါ ဘာမှော်ပစ္စည်းလဲ” သူက ပင့်သက်ရှိုက်လိုက်သည်။ စောစောက သူ၏ကျင့်ကြံခြင်းအခြေခံမှာ ကြောက်လန့်သွားသောခံစားချက်ကြောင့် လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့၏။ ခံစားချက်သည် သူ လုံးဝမရင်းနှီးသော အရာမဟုတ်ပေ။ ၎င်းက ဂိုဏ်း၏ ဘိုးဘေးအမွေရတနာကို ရင်ဆိုင်ရသည့်အခါ ကြုံတွေ့ရမည့် ခံစားချက်မျိုးပင်။

“အဲ့ဒါ အမွေရတနာတစ်ခုလား” သူက တွေးလိုက်သည်။

မန်ဟိုလည်း အံ့ဩတုန်လှုပ်နေသည်။ အင်မော်တယ်လမ်းညွှန်မှ သူ ထုတ်လွှတ်လိုက်သော အင်မော်တယ်ချီက စစ်ရထားကို မျက်စိတစ်မှိတ်တည်းနှင့် ပင်လယ်ခံတပ်အား နောက်ကျန်ရစ်စေခဲ့၏။ သူ့အောက်တွင် ပင်လယ်ရေများ ရှိနေသေးသော်လည်း  ပတ်လမ်း(၃)တွင် ရှိနေသေးသည်လား သူ မပြောတတ်တော့ပေ။

ဤပင်လယ်အပိုင်းသည် လွန်စွာထူးဆန်းပြီး ရေများမှာ မည်းနက်နေ၏။ အရာအာလုံး တည်ငြိမ်နေသည့်အပြင် ရေမျက်နှာပြင်အပေါ်တွင် လှိုင်းလုံးများအသာထား၊ ဂယက်လေးများပင် မမြင်ရပေ။

“အဲ့ဒီအမြန်နှုန်းက ဘယ်... ဘယ်က လာတာလဲ” မန်ဟိုက ပင့်သက်တစ်ချက်ရှိုက်၍ ပြောလိုက်သည်။ သူသည် အံ့ဩတုန်လှုပ်နေသော မျက်နှာထားဖြင့် စစ်ရထားကို ငုံ့ကြည့်လိုက်၏။

“ဒါက အဖိုးထိုက်ရတနာပဲဟ

“ကံဆိုးစွာနဲ့ အင်မော်တယ်တစ်‌ယောက်ရဲ့ စွမ်းအားနဲ့ပဲ အလုပ်လုပ်အောင် ခိုင်းလို့ရတယ်။ ဒီရတနာက ... ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံကိုတောင် ဂရုမစိုက်ဘူး” သူက သက်ပြင်းချလိုက်သည်။ သူ့တွင် ရှိသည့် တစ်ခုတည်းသော အင်မော်တယ်ချီမှာ အင်မော်တယ်လမ်းညွှန်ထံမှ ဖြစ်သည်။ သူ့အနေဖြင့် ကောင်းကင်စက္ခုပညာရပ်အတွက် ၎င်းကို အနည်းငယ်သာ အသုံးပြုနိုင်သော်လည်း တိုက်ပွဲတွင် သုံးဖို့ရန်မှာ မီးလောင်နေသော မြင်းလှည်းကို ရေတစ်ခွက်နှင့် ငြိမ်းသတ်ရန် ကြိုးစားနေသလို ဖြစ်ချေမည်။

“အင်မော််တယ်ချီ... ဒီတော့ ဒီပစ္စည်းက တကယ် အင်မော်တယ်ရတနာပေါ့လေ။ အင်မော်တယ်ချီကျွေးမှ အလုပ်လုပ်တဲ့ အင်မော်တယ်ရတနာ....” ဤကိစ္စများကို စဉ်းစားနေစဉ် ရုတ်တရက် ထူးဆန်းသောအယူအဆတစ်ခု ‌‌ခေါင်းထဲ ပေါ်လာသဖြင့် ရင်ခုန်သွားတော့သည်။

“အင်မော်တယ်လမ်းညွှန်ရဲ့ ချီက တကယ်ပဲ အင်မော်တယ်ချီလား။ အင်မော်တယ်ချီအစစ်မဟုတ်ဘဲ တခြားတစ်ခုခုရော ဖြစ်နေနိုင်မလား...” သူကား များများစားစား မစဉ်းစားနိုင်ခင် ‌အောက်ရှိ ပင်လယ်ကို ငုံ့ကြည့်လိုက်၏။

ယခင်က တည်ငြိမ်နေခဲ့သော ရေပြင်မှာ ရုတ်တရက် ဂယက်များ ထလာသည်။ သူရှိရာသို့ ပြေးဝင်လာသော... မီတာသုံးရာအရှည် မိကျောင်းတစ်ကောင် ဖျတ်ခနဲ ပေါ်လာခဲ့လေပြီ။

မိကျောင်းများသည် ပုံမှန်အားဖြင့် ပင်လယ်တွင် ပေါ်မလာတတ်သော်လည်း ယခု ဤနေရာတွင် တစ်ကောင် ရှိနေသည်။ ၎င်းကား နက်မှောင်နေပြီး ၎င်း၏မျက်လုံးများမှာ သွေးအေးရက်စက်နေ၏။ ၎င်းကျောအပေါ်တွင် ကြောက်စရာအဖုအထစ်ကြီးများ ရှိသည်။

အဖုအထစ်များအလယ်တွင် တင်ပျဉ်ခွေထိုင်နေသည်မှာတော့ အစုတ်အပြတ်အဝတ်အစားတစ်စုံနှင့် လူတစ်ယောက်ဖြစ်သည်။ သူက ‌သွေးအေးအေးဖြင့် မန်ဟို့ကို မော့ကြည့်လာ၏။

မန်ဟို့ကို ကြည့်လိုက်သည့်အခိုက်အတန့်တွင် ထိုလူ၏မျက်လုံးများမှာ သွေးဆာနေသော အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်သွားလေသည်။

“ကျင့်ကြံသူလား” သူက သံသံချင်း ပွတ်တိုက်နေသံကဲ့သို့ အက်ကွဲကွဲ၊ ခပ်ရှရှအသံဖြင့် မနှစ်မြို့သည့်အလား ပြောသည်။  ထိုလူ စကားပြောရန် ပါးစပ်ဟလိုက်သောအခါ သွားမည်းမည်းကြီးများကို မြင်ရနိုင်၏။ မန်ဟို့အတွက်တော့ ထိုလူမှာ မသတီစဖွယ်အငွေ့အသက်များဖြင့် ပြည့်နှက်နေသယောင်ပင်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါက ထိုသူ့ထံမှ ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ပြိုင်တည်းမှာပင် မိကျောင်းကြီးက ခေါင်းမော့၍ ဟိန်းဟောက်လိုက်ကာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါအား ထုတ်ဖော်လိုက်သည်။ ပင်လယ်ရေများ ပရမ်းပတာဖြစ်သွားပြီး ညှီစို့စို့အပုပ်နံ့ ထွက်လာသည်။

“ဒါက မကောင်းဆိုးဝါးပင်လယ်ပဲ” ထိုလူက ပြောသည်။ “အခု မင်း ဒီရောက်လာမှတော့ ထွက်သွားလို့ရမယ် မထင်နဲ့” သူက ထိုသို့ပြောပြီး ဖမ်းဆုပ်သည့်ဟန်လုပ်လိုက်ရာ ပတ်ဝန်းကျင်ရှိ လေထုအား ခဲသွားစေသည်။ အံ့ဖွယ်ဖိအားတစ်ခု သက်ရောက်လာ၏။

မန်ဟို ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ “မကောင်းဆိုးဝါးပင်လယ်”

***

All Chapters