ဝယ်၍မရသောရတနာ
Vol. 50 Ch. 698
ထိုစကားကြောင့် အန်လင်း၏ မျက်ဝန်းများ တောက်ပသွားသည်။
ထိုသည်မှာ လူများ၏ သဘောသဘာဝပင်။ အလွန်အမင်း ကြွယ်ဝချမ်းသာသွားသောသူသည် အလွယ်တကူ ဝယ်ယူနိုင်သည့် ပစ္စည်းများအား တန်ဖိုးရှိသည်ဟု မထင်ကြတော့ပေ။
ထိုအချိန်သို့ရောက်လျှင် ငွေနှင့်ဝယ်မရနိုင်သော အရာများကို အာရုံစိုက်လာကြသည်။
ဥပမာအားဖြင့် အချစ် သို့မဟုတ် ထူးခြားဆန်းပြားသော အမှတ်တရ ပစ္စည်းများနှင့် ပျင်းရိဖွယ် အရေးကြီး သမိုင်းမှတ်တမ်းဝင် အရာဝတ္ထုများ ဖြစ်သည်။
ကျင့်ကြံရေးလောကတွင် တန်ဖိုးဖြတ်မရနိုင်သော ရတနာများစွာ ရှိသည်။
ဥပမာ နတ်ဘုရားအဆင့် ရတနာများပင်။
နတ်ဘုရားဆေးရည်၊ နတ်ဘုရားဆေးလုံး၊ နတ်ဘုရားလက်နက် စသည်ဖြင့် နတ်ဘုရားအဆင့် ရတနာများစွာ ရှိကြသည်။
သို့မဟုတ် အထူးတလှယ် ဖန်တီးပြုလုပ်ထားသော အဆင့်မသတ်မှတ်နိုင်သည့် ရတနာများလည်း ရှိပေသည်။
ဗာမီလီယမ်ငှက် မူလရတနာများမှာ ဥပမာတစ်ခုပင်။ သြဇာအာဏာ ကြီးမားသူများမှ ဖန်တီးထားပြီး လောကနိယာမ၏ အစွမ်းများကိုပင် ဆင့်ခေါ်နိုင်သော ရတနာများ ရှိသည်။ ထိုရတနာများသည် လွန်စွာတန်ဖိုးကြီးသောကြောင့် ကံကောင်းမှသာလျှင် တွေ့ဆုံနိုင်ပေလိမ့်မည်။
ဗာမီလီယမ်ငှက်ကြေးမုံသည် အချိုးမပြေသည့်အပြင် စကားပြောသည်မှာ ဘုဆတ်ဆတ် နိုင်လွန်းလှပါသော်လည်း တိုက်ခိုက်မှုအား တစ်ရာရာခိုင်နှုန်း တန်ပြန်နိုင်သော စွမ်းရည်သည် တိုက်ပွဲများတွင် လွန်စွာအသုံးဝင်လှသည်။
"စဉ်းစားကြည့်ရအောင်။ တိုက်ခိုက်ရေးပစ္စည်းတွေလည်း မလိုဘူး။ စစ်နတ်ဘုရား ခန္ဓာလည်းရှိတော့ ကာကွယ်ရေးပစ္စည်းတွေလည်း မလိုအပ်ဘူးပဲ။"
အန်လင်းမှာ လိုအပ်နိုင်မည့် ပစ္စည်းကို ဦးနှောက်ခြောက်အောင် တွေးတောနေရသည်။
လင်ကျွင်းကျွင်း ဒေါသထွက်လာကာ အန်လင်းအား မျက်စောင်းထိုးလိုက်သည်။
"ဟွန့်.....နင်အရမ်း သန်မာနေရင်လည်း ဘာလို့ ကောင်းကင်ကို မဆန့်ကျင်တာလဲ။ နင့်ရဲ့ ပြိုင်ဘက်ကင်း စွမ်းရည်တွေအတွက် ဆုတွေ၊ ဘွဲ့တွေ ချီးမြှင့်ပေးရဦးမှာလား။"
အန်လင်းမှာ အမှန်တကယ် စဉ်းစားမရသောကြောင့် သူမကိုပင် မတုံ့ပြန်နိုင်ပေ။
သူတွေဝေစွာ စကားဆိုလိုက်သည်။
"နောက်ရက်ကြမှ ပြန်တွေ့ကြရင်ရော ဘယ်လိုလဲ။"
လင်ကျွင်းကျွင်း: "....."
သူမသည် စိတ်ခံစားချက်များအား အတော်ခက်ခဲစွာ ထိန်းချုပ်နေရသည်။
"အာ.....ဒေါသတော့ မထွက်လိုက်ပါနဲ့။ ဒါမှမဟုတ် ခင်ဗျားဘက်က ဘာတွေပေးနိုင်မလဲ ပြောကြည့်လေ။"
အန်လင်းလည်း ဘာလုပ်ရမှန်း မသိတော့သဖြင့် လင်ကျွင်းကျွင်း၏ ကမ်းလှမ်းချက်အား နားထောင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
လင်ကျွင်းကျွင်း အနည်းငယ် စဉ်းစားကာ စကားဆိုလိုက်သည်။
"နင့်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ရတနာတွေက နန်းဆောင်ငါးသွယ်က ရတနာတိုက်တွေထဲမှာပဲ ရှိလိမ့်မယ်။ အဲ့ကရတနာတွေက ဧကရာဇ်တွေရဲ့ ခွင့်ပြုချက်နဲ့မှ လဲလှယ်လို့ရတာ။ ရတနာတိုက်ထဲက လဲလို့ရမယ့် ပစ္စည်းတွေကို ပြောပြမယ်လေ။ နင်ဘာလိုလဲ ငါ့ကိုပြောပေါ့။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
"ပထမဆုံး ပစ္စည်းက ကောင်းကင်အရှင်သခင်နန်းတော်က အခွင့်အလမ်းအသင်္ချေသေတ္တာပဲ။ အဲ့ဒါကိုသုံးဖို့ သက်ရှိစွမ်းအင်ကို လိုအပ်တယ်။ တိုက်ပွဲထဲမှာဆိုရင် အဲ့သေတ္တာကို အသက်သွင်းပြီး ကိုယ်နဲ့ကိုက်ညီမယ့် မန္တာန်တွေကို ထုတ်ဖော်နိုင်လိမ့်မယ်။"
"အစွမ်းကတော့ အမျိုးမျိုးပဲ။ အားအကောင်းဆုံး အချိန်မှာ အသုံးပြုသူထက်တောင်သာတဲ့ စွမ်းအင်မျိုး ထုတ်ပေးပေမယ့် အားနည်းတဲ့ အချိန်ကြရင်လည်း တော်တော်ကို သိသာတယ်။ အဲ့ဒါက ငါ့အဖေရဲ့ ရတနာတိုက်ထဲမှာဆိုတော့ ငါသာတောင်းရင် ရနိုင်ခြေရှိတယ်။"
လင်ကျွင်းကျွင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
ထိုရတနာသည် မက်မောဖွယ်ကောင်းကြောင်း အန်လင်း ဝန်ခံရပေလိမ့်မည်။
အခွင့်အလမ်းအသင်္ချေသေတ္တာသည် စိတ်ဝင်စားစရာပင်။
လင်ကျွင်းကျွင်း စကားဆက်လိုက်သည်။
"ဒုတိယပစ္စည်းကတော့ ဇီဝေးရတနာတိုက်က မနက်ခင်းရောင်ခြည်ထီးတော်ပဲ။ အဲ့ဒါကို အသက်သွင်းလိုက်ရင် ဝိုးတဝါးပုံရိပ်တွေ ထွက်လာမှာမို့ တိုက်ပွဲထဲမှာ အသုံးဝင်လိမ့်မယ်။"
"အသိစိတ် လုံလုံလောက်လောက် ရှိရုံနဲ့ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို ပုံရိပ်ယောင်တွေထဲ ပိတ်ထားနိုင်ပြီး စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူကို ပိတ်ထားနိုင်လိမ့်မယ်။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ဆိုရင်တော့ အဆင့်တူ အချင်းချင်း ပိတ်လှောင်ထားနိုင်လိမ့်မယ်။"
အန်လင်း အတော်ပင် စိတ်လှုပ်ရှားသွားသည်။ ထိုရတနာသည် အဆင့်မြင့်သော ကျင့်ကြံသူများအား စိန်ခေါ်နိုင်စေလိမ့်မည်။
"တတိယ ပစ္စည်းက ထျန်းဟောင်နန်းတော်က နတ်ဘုရားမိုးကြိုးနာရီပဲ။ အဲ့ဒါကို အသက်သွင်းလိုက်ရင် အရမ်းအားကောင်းတဲ့ မိုးကြိုးမန္တာန်တွေ ထုတ်နိုင်လိမ့်မယ်။ နတ်ဘုရားမိုးကြိုးနာရီက အစစ်အမှန် မိုးကြိုးစိတ်ဆန္ဒတွေနဲ့ ပေါင်းစည်းနေတာမို့လို့ မိုးကြိုးလျှပ်စီးကျင့်စဉ်တွေ ကျင့်ကြံသူတွေအတွက် အရမ်းအကျိုးရှိတဲ့အပြင် မိုးကြိုးတာအိုနဲ့ ပက်သတ်တဲ့ ဉာဏ်အလင်းတွေအတွက်လည်း အကူအညီ ဖြစ်စေလိမ့်မယ်။"
"အဲ့ဒါက ဧကရာဇ်ထျန်းဟောင်ကို တာအိုလေ့လာတဲ့ နေရာမှာ အကူအညီ ဖြစ်စေခဲ့တဲ့ အရေးကြီး ရတနာ တစ်ခုပဲ။ သူပေးချင်ပါ့မလား သိပ်မသေချာဘူး။"
လင်ကျွင်းကျွင်း တွေဝေစွာ ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ မိုးကြိုးနဲ့ ပက်သတ်ပြီး ကျွန်တော် စိတ်မဝင်စားဘူး။"
အန်လင်း လက်ခါပြလိုက်သည်။ သူ့ထံတွင် မိုးကြိုးလျှပ်စီးနှင့် ပက်သတ်သော နည်းစနစ်များစွာ ရှိနေသဖြင့် နတ်ဘုရားမိုးကြိုးနာရီအား အမှန်တကယ် စိတ်မဝင်စားပေ။
လင်ကျွင်းကျွင်း အသက်ပြင်းပြင်းရှူကာ စကားဆက်လိုက်သည်။
"လေးခုမြောက် ပစ္စည်းက ချန်းရှန်နန်းတော်က ကိုးဆယ့်ကိုးလွှာ ကောင်းကင်ဝင်္ကပါပြားပဲ။ အဲ့ဝင်္ကပါပြားက ကောင်းကင်နဲ့မြေပြင်ရဲ့ အစွမ်းတွေ ပါဝင်နေပြီး စွမ်းအင်လုံလောက်နေသမျှ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကိုတောင် ကာကွယ်ပေးနိုင်လိမ့်မယ်။"
ထိုစကားကြောင့် အန်လင်း၏ မျက်ဝန်းများ တောက်ပသွားသည်။
သူသည် ဂိုဏ်းသစ်တစ်ခု တည်ထောင်ရန် ရှိသောကြောင့် ကာကွယ်ရေးဝင်္ကပါမှာ မဖြစ်မနေ လိုအပ်သောအရာ ဖြစ်သည်။ ထိုကိုးဆယ့်ကိုးလွှာ ကောင်းကင်ဝင်္ကပါပြားသည် ပြီးပြည့်စုံပေလိမ့်မည်။
လူသားဝက်စုဗူးလို့ကို မပြောရဘူး.....
အန်လင်း၏ အမူအရာအားကြည့်ရင်း လင်ကျွင်းကျွင်းမှာ ဆံပင်သပ်ကာ ပြုံးလိုက်သည်။
"တစ်ခုရှိတာက အဲ့ပစ္စည်းက အရမ်းတန်ဖိုးကြီးတယ်။ ရောင်းဖို့လျာထားတာလည်း မဟုတ်ဘူး။ ကောင်းကင်ဘုံခုံရုံးရဲ့ နာမည်နဲ့ ဝယ်ဖို့တောင်းဆိုပြီး ငါ့မှာရှိတဲ့ စိတ်ဝိဉာဉ်ကျောက်တုံး သန်းလေးဆယ် ပေးလိုက်ရင်တောင် ဧကရာဇ်ချန်းရှန် သဘောတူမတူ မသေချာသေးဘူး။ နင်တကယ်လိုချင်ရင် စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်းလောက် ထပ်စိုက်ပေးရလိမ့်မယ်။"
"ငွေရေးကြေးရေးက ပြဿနာ မဟုတ်ပါဘူး။"
သူဋ္ဌေးကြီးအန်လင်း လက်ခါပြလိုက်သည်။
ထို့နောက် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားလေသည်။
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
"ဒါပဲလား။"
"ဟုတ်တယ်လေ။ ကျန်တာက အံ့ဖွယ်ဆေးလုံးတို့၊ နတ်ဘုရားလက်နက်တို့ပဲ ရှိတော့တာ။ အဲ့ဒါတွေ တော်တော်များများက အဆင့်မြင့် ကျင့်ကြံသူတွေ လက်ထဲမှာဆိုတော့ ဘယ်သူကမှ ပေးလိုက်ချင်မှာ မဟုတ်ဘူး။ သမိုင်းတလျှောက် အဲ့လိုရောင်းတာမျိုးလည်း မကြုံဖူးဘူး။ ရောင်းခဲ့ရင်တောင် စျေးနှုန်းက စိတ်ဝိဉာဉ်ကျောက်တုံး သန်းတစ်ရာအထက်ပဲ ဖြစ်နေမှာ။ အဲ့ဒါကြောင့် ဆက်မတွေးတာ ကောင်းမယ်။"
လင်ကျွင်းကျွင်း မျက်စောင်းထိုးလိုက်သည်။
ထိုစကားကြောင့် အန်လင်း ငြိမ်သက်သွားသည်။
နတ်ဘုရားမိုးကြိုးနာရီမှလွဲ၍ အခြားသော ရတနာများအား သူအလိုရှိနေသည်။
လင်ကျွင်းကျွင်းသည် အလျင်လိုစရာ အကြောင်းမရှိသောကြောင့် ဗျာများနေသော အန်လင်းအား မေးဖျားထောက်ကာ စိမ်ပြေနပြေ ထိုင်ကြည့်နေလိုက်သည်။
"အာ..."
အန်လင်း အချိန်အတော်ကြာ တွေးတောကာ လေးလေးနက်နက် မေးမြန်းလိုက်သည်။
"ကိုးဆယ့်ကိုးလွှာ ကောင်းကင်ဝင်္ကပါပြားရော၊ အခွင့်အလမ်းအသင်္ချေသေတ္တာရော လိုချင်တယ်။ အဆင်ပြေမလား။ ငွေကတော့ လိုက်နိုင်ပါတယ်။"
လင်ကျွင်းကျွင်း အသက်ပြင်းပြင်းရှူကာ အန်လင်းအား မျက်စောင်းထိုးလိုက်သည်။
"နင့်ကိုယ်နင် ဘာပြောနေလဲရော သိရဲ့လား။ သူတို့ရတနာတွေကို စိတ်ဝိဉာဉ်ကျောက်တုံးနဲ့ လဲပေးဖို့တောင် ငါကတောင်းတောင်းပန်ပန်နဲ့ တောင်းဆိုရမှာ။ အဲ့ရတနာတွေက ဟင်းရွက်၊ ကန်စွန်းရွက်ဝယ်သလို အဘရေ နှစ်စည်းလောက်ပေးပါဦးဆိုပြီး ဝယ်လို့မရဘူးဟဲ့။"
အန်လင်း ဖြည်းညင်းစွာ စကားဆိုလိုက်သည်။
"အဲ့လိုမဟုတ်ဘူးလေ။ စဥ်းစားကြည့်နော်....ကိုးဆယ့်ကိုးလွှာ ကောင်းကင်ဝင်္ကပါပြားကိုတော့ ဧကရာဇ်ချန်းရှန်ဆီမှာ တောင်းဆိုရမှာ မှန်တယ်။ ဒါပေမယ့် အခွင့်အလမ်းအသင်္ချေသေတ္တာက ကောင်းကင်အရှင်သခင် ပိုင်တာလေ။ ပြောရရင် ကျွန်တော်တို့ ပစ္စည်းပဲပေါ့။ ဟုတ်တယ်မလား။ အဲ့ဒါကြောင့် တောင်းဆိုနေစရာ မလိုတော့ဘူးလေ။ ကျသင့်ငွေ ရှင်းပေးလိုက်ရင် ရပြီပေါ့။"
"အဓိပ္ပါယ်ရှိတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ပစ္စည်းပဲဟာ။"
လင်ကျွင်းကျွင်း စိတ်သက်သာရာရကာ ခေါင်းညိတ်ပြလိုက်သည်။
"ခဏနေပါဦး။"
သူမ အသိစိတ်ဝင်ကာ စားပွဲအား လက်ဖြင့်ရိုက်ချလိုက်သည်။
"အဲ့ဒါ ငါတို့ပစ္စည်း မဟုတ်ဘူးလေ။ ငါ့မိသားစုကပဲပိုင်တာ။ အပိုစကားတွေ ငါ့ပါးစပ်ကနေ ထွက်လာအောင် အကွက်ဆင်မနေနဲ့။"
အန်လင်း: "....."
ထို့နောက် ၎င်းတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေခဲ့ကြသည်။
"အဲ့ဒါဆိုလည်း သတင်းအချက်အလက်တွေ မရောင်းပေးတော့ဘူး။"
အန်လင်း စကားဆိုလိုက်သည်။
လင်ကျွင်းကျွင်း: "...."