သဘောတူညီချက်
Vol. 50 Ch. 699
အန်လင်းသည် အဆုံးသတ်တိုက်ကွက်အား ထုတ်သုံးလိုက်သည်။
လင်ကျွင်းကျွင်းမှာ မည်သည့်စကားမှ ပြန်မပြောနိုင်တော့ပေ။
သူမ၏ ပုခုံးများ တုန်ရီလာကာ ဒေါသနှင့်အတူ တံခါးမှ ထွက်သွားချင်စိတ်များ ဖြစ်ပေါ်လာသည်။
ထိုသို့ထွက်မသွားခင် အန်လင်းအား အပီသိပ်ခဲ့ချင်သေးသည်။
မည်သို့ပင်ဆိုစေကာမူ အတွေ့အကြုံများအရ စိတ်ရှိသလို လုပ်၍မဖြစ်ပေ။
"ကောင်းလေပြီ။ အန်လင်း.....နင်နိုင်တယ်။"
လင်ကျွင်းကျွင်း အံကြိတ်ကာ ပြောလိုက်သည်။
အန်လင်း၏ မျက်ဝန်းများ တောက်ပသွားကာ ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကောင်းကင်နတ်မိမယ် ထျန်းယွီ....ခင်ဗျားက ကျွန်တော့်အပေါ် အရမ်းကောင်းတာပဲ။ ဘယ်လိုပြန်ပြီး ကျေးဇူးဆပ်ရမလဲတောင် မသိတော့ဘူး။"
သူသည် အလွန်စိတ်လှုပ်ရှားစွာဖြင့် အခန်းပတ်ပတ်လည်အားကြည့်ကာ အော်လိုက်သည်။
"ထျန်းလေး....ထွက်လာပြီး ငါ့ကိုကူညီပေးပါဦး။"
ရွှယ်ကျန်ထျန်းသည် အိပ်ခန်းထဲမှ ထွက်လာကာ မရင်းနှီးသော အမျိုးသမီးအား ကြည့်ရှုလိုက်သည်။
ဒီမိန်းမက ဝဝလုံးလုံးလေးလည်း မဟုတ်ဘူး.... ဘယ်လိုချီးကျူးပေးရမှာလဲ.....
သို့သော် သခင်ဖြစ်သူ၏ ခပ်တင်းတင်း အမူအရာကြောင့် အတင်းအကြပ် ကြိုးစားချီးကျူးလိုက်သည်။
"ဝေါင်း.....ကောင်းကင်ဘုံလို မြင့်မြတ်တဲ့ နေရာမှာပဲ တွေ့နိုင်တဲ့ လှပလွန်းတဲ့ ကောင်းကင်နတ်မိမယ်လေးပါလား။ နတ်မိမယ်လေးရဲ့ လှုပ်ရှားမှု တစ်ခုချင်းစီက ယိမ်းနွဲ့ကခုန်နေသလိုပါပဲ။ နတ်မိမယ်လေးက ကြည့်မိတဲ့ သူတိုင်းကို ညှို့ငင်ဆွဲဆောင်နိုင်ပြီး နတ်မိမယ်လေးနဲ့ တွေ့ခွင့်ရတာကိုက ကောင်းချီးပေးခံရတာပါ။"
လင်ကျွင်းကျွင်း: "......"
"ဝိုး....ကောင်းကင်နတ်မိမယ်လေးက ကျွန်တော့်ဆီ လျှောက်လာနေတာပဲ။ နတ်မိမယ်လေးရဲ့ လမ်းလျှောက်ပုံက နဂါးတစ်ကောင် ကောင်းကင်မှာ ပျံဝဲနေသလို တင့်တယ်လွန်းပါတယ်။ ကျွန်တော် အရမ်းအံ့သြရတယ်။ ကျွန်တော့်ကို ကြည့်နေတဲ့ သူမရဲ့ အမူအရာကအစ ကျက်သရေရှိ....."
ရွှယ်ကျန်ထျန်း စကားမဆုံးသေးခင်မှာပင် နူးညံ့သော လက်အစုံမှာ သူ့အားကောက်ချီလိုက်သည်။
"အန်လင်း.... နင့်ရဲ့ မြူနှင်းဝိဉာဉ်သားရဲက ထူးဆန်းလိုက်တာ။ မဟုတ်သေးဘူး....ချစ်စရာကောင်းလိုက်တာ။"
လင်ကျွင်းကျွင်းသည် အစပိုင်းတွင် ဘာပြောရမှန်းမသိ ဖြစ်ခဲ့ပါသော်လည်း ရွှယ်ကျန်ထျန်း၏ နူးညံ့အိစက်သော ခန္ဓာကိုယ်လေးအား သဘောကျမိသွားပြီပင်။
"သဘောကျတယ်ဆို ကောင်းတာပေါ့။"
အန်လင်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။
သခင်က သစ္စာဖောက်ပဲ..... ငါ့ကို ဘယ်လိုတောင် လုပ်နိုင်ရတာလဲ....
ရွှယ်ကျန်ထျန်းမှာ အမျိုးမျိုး ဖျစ်ညှစ်ခံနေရသောကြောင့် အလွန်အမင်း ဒေါသထွက်နေသည်။
လင်ကျွင်းကျွင်းသည် ချစ်စဖွယ်ကောင်းလွန်းသော ရွှယ်ကျန်ထျန်းကြောင့် နှလုံးသား တစ်ခုလုံး အရည်ပျော်တော့မလို ခံစားနေရလေသည်။
သူမသည် တောက်ပနေသော မျက်ဝန်းအစုံဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။
"အန်လင်း...."
ထိုစကားသံမှာ နူးညံ့သိမ်မွေ့လွန်းသောကြောင့် အန်လင်းမှာ ကြက်သီးမွှေးညှင်းများပင် ထလာရသည်။
"ဘာလဲ။"
အန်လင်း သတိအပြည့်ဖြင့် လင်ကျွင်းကျွင်းအား ကြည့်ရှုလိုက်သည်။
"နင်သာငါ့ကို ဒီမြူနှင်းဝိဉာဉ်သားရဲလေး ပေးမယ်ဆိုရင် မနက်ခင်းရောင်ခြည်ထီးတော်ပါ ရအောင်လုပ်ပေးမယ်လေ။"
လင်ကျွင်းကျွင်း အလေးအနက် စကားဆိုလာသည်။
အန်လင်း: " ...."
ရွှယ်ကျန်ထျန်း: "......"
"ဟားဟား..... ခုနတုန်းကတော့ ရတနာနှစ်ခုကို တွေဝေနေပြီးတော့ အခုကြတော့ သုံးခုတောင် ယူပေးနိုင်တယ်ပေါ့လေ။"
အန်လင်း စနောက်ချင်စိတ်များ ဖြစ်ပေါ်လာသည်။
လင်ကျွင်းကျွင်း ရှက်သွေးဖြာသွားရသည်။
"မတူဘူးလေ။"
အန်လင်းသည် ထိုကိစ္စနှင့်ပက်သတ်၍ ဆွေးနွေးလိုစိတ် မရှိသောကြောင့် လင်ကျွင်းကျွင်းထံမှ ရွှယ်ကျန်ထျန်းကို ပြန်ခေါ်ထားလိုက်သည်။
"ထျန်းလေးက တန်ဖိုးဖြတ်မရတဲ့ ရတနာပဲ။ တခြားပစ္စည်း တစ်ခု၊ နှစ်ခုနဲ့ လဲလို့ရတဲ့သူ မဟုတ်ဘူး။"
လင်ကျွင်းကျွင်း အံ့သြသွားသလို ရွှယ်ကျန်ထျန်းလည်း ရင်ထဲထိသွားသည်။
ကြည့်ရတာ သခင်က ငါ့ကိုချစ်ပုံပဲ.....
သခင်၏ ပြားချပ်ချပ် ရင်ဘတ်သည် အမျိုးသမီးများ၏ မို့မောက်နေသော ရင်အစုံထက် ပိုမိုကောင်းမွန်သည်။
"အခု သဘောတူညီမှုလည်း ရပြီဆိုတော့ စိတ်ဝိဉာဉ်ကျောက်တုံး ဘယ်လောက်စိုက်ရမလဲဆိုတာ ပြောပါ။"
လူသားဝက်စုဗူး စိတ်ပြောင်းသွားပြီ စိုးသဖြင့် အန်လင်းမှာ သဘောတူညီမှု ပြုလုပ်ထားရန် ဆုံးဖြတ်လိုက်သည်။
အန်လင်း၏ ခပ်တင်းတင်း အမူအရာကြောင့် လင်ကျွင်းကျွင်းသည်လည်း ရွှယ်ကျန်ထျန်းကိစ္စ ထပ်မပြောတော့ပဲ မန္တာန်ရွတ်ဆိုကာ စာရွက်နှင့် စုတ်တံ ဖြစ်ပေါ်စေလိုက်သည်။
"နင့်မှာရှိသမျှ ခရမ်းကြယ်စင် အချက်အလက်တွေကို ချရေးပေး။ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုတော့ ရှိမယ်ထင်ပါတယ်။ ဘယ်သတင်းအချက်အလက်ကိုမှ ချန်မထားရင် ကောင်းမယ်။"
"မပူပါနဲ့။ ကောင်းကင်ဘုံခုံရုံးကို ကူညီခွင့်ရတာ ဂုဏ်ယူစရာပါ။"
အန်လင်း ရယ်မောကာ အချက်အလက်များ ချရေးလိုက်သည်။
လင်ကျွင်းကျွင်းမှာ အန်လင်းအား မျက်စောင်းထိုးနေလေသည်။
ဂုဏ်ယူစရာဟုတ်လား.....ခုနကပဲ အပေးအယူ လုပ်နေတာ ဘယ်သူလဲ.....
ဝင်္ကပါများ၊ သွေးမျိုးဆက် သုတေသန တင်ပြချက်များ၊ နည်းပညာဆိုင်ရာ အချက်အလက်များ......
လင်ကျွင်းကျွင်းမှာ ပေါ်ထွက်လာသော သတင်းအချက်အလက်များကိုကြည့်ကာ မျက်ဝန်းများ တောက်ပလာသည်။
ထိုအရာများအားလုံး ပြီးစီးသည်အထိ ရေးသားနိုင်ရန် အချိန်တစ်ရက်ခန့် ကြာမြင့်ခဲ့သည်။
လင်ကျွင်းကျွင်းသည် များပြားလှသော သတင်းအချက်အလက်များကိုကြည့်ကာ အလေးအနက် တွေးတောနေမိသည်။
သူမသည် အဆင့်အတန်းအားသုံးကာ အခြားသူများအား ဖိအားပေးရသည်ကို မုန်းတီးသူ ဖြစ်သည်။ တစ်နည်းဆိုသော် တရားမျှတမှုကိုသာ လက်ကိုင်ထားပေသည်။
ထို့ကြောင့်ပင် ယခုရရှိလာသော သတင်းအချက်အလက်များသည် သူမ ယူဆောင်လာသော စိတ်ဝိဉာဉ်ကျောက်တုံး သန်းလေးဆယ်ထက် တန်ကြေးကျော်လွန်နေသည်ကို သိလိုက်ရသည်။
သူမ မျှော်လင့်ထားသည်ထက်ပင် ထိုသတင်းအချက်အလက်များမှာ တန်ဖိုးကြီးနေသည်။
ငါဘာလုပ်ရမလဲ.....
"အဆင်ပြေရဲ့လား။"
အန်လင်း အကြောဆန့်ကာ လင်ကျွင်းကျွင်းအား ကြည့်ရှုလိုက်သည်။
"အင်း...."
လင်ကျွင်းကျွင်း သေသေချာချာ စဉ်းစားကာ စကားဆိုလိုက်သည်။
"နင်ပေးတဲ့ သတင်းအချက်အလက်တွေက စိတ်ဝိဉာဉ်ကျောက်တုံး သန်းငါးဆယ်လောက် တန်ကြေးရှိတယ်။"
အန်လင်း: "......"
ဒီကောင်မလေးက ဉာဏ်မကောင်းတာလား.....
သတင်းအချက်အလက်တွေကို စိတ်ဝိဉာဉ်ကျောက်တုံး သန်းလေးဆယ်နဲ့ရောင်းဖို့ သဘောတူပြီးနေပြီကို အခုကြတော့ သန်းငါးဆယ်တဲ့လား.....
"နင့်ကို မတရား မလုပ်ချင်ပါဘူး။ နောက်ထပ် စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်း ထပ်ပေးမယ်။"
လင်ကျွင်းကျွင်း တည်ငြိမ်စွာ ပြောလိုက်သည်။
အန်လင်း လင်ကျွင်းကျွင်းအား ကြည့်ရှုလိုက်မိသည်။ သူမသည် နူးညံ့သိမ်မွေ့ကာ ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းလိုက်နာမည့်ပုံ ပေါက်ပါသော်လည်း စင်စစ်တွင်မူ အလွန်ခေါင်းမာသော မိန်းမငယ်လေး ဖြစ်နေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ ကောင်းသောအမူအကျင့် တစ်ခုပင်။ အန်လင်းသည်လည်း လင်ကျွင်းကျွင်း၏ တရားမျှတသော ပုံစံကြောင့် သူမအား အနည်းငယ် အထင်ကြီးလာသည်။
"ရိုးရိုးသားသား တန်ဖိုးဖြတ်ပေးတာ ကျေးဇူးတင်ပါတယ်။"
အန်လင်း ကျေးဇူးတင်စကားဆိုလိုက်သည်။
"ဒါက ဆက်ဆံရေးတစ်ခုရဲ့ ယုံကြည်မှု အတွက်ပဲလေ။"
လင်ကျွင်းကျွင်း ခပ်ဖွဖွပြုံးကာ သတင်းအချက်အလက်များ သိမ်းဆည်းလိုက်သည်။
"ကောင်းကင်အရှင်သခင်နဲ့ ဧကရာဇ်ချန်းရှန်ကို စကားသွားပြောလိုက်ဦးမယ်။ ပစ္စည်းတွေကို သူတို့တန်ဖိုးဖြတ်ပေးပြီးတာနဲ့ နင့်ဆီပြန်လာခဲ့မယ်။"
တံခါးဖွင့်လိုက်သောအခါ ကျရောက်လာသော နေရောင်ခြည်ကြောင့် သူမ လန်းဆန်းသွားရသည်။
"တာ့တာ...."
သူမ အန်လင်းအား နှုတ်ဆက်ကာ ရုတ်ချည်းပျောက်ကွယ်သွားပြီး သူမရပ်နေခဲ့သော နေရာတွင် အဖြူရောင်ငှက်မွှေးအချို့သာ ကျန်ရစ်ခဲ့သည်။
"ဂရုစိုက်နော်။ နောက်မှတွေ့ကြတာပေါ့။"
အန်လင်းလည်း ပြန်လည်နှုတ်ဆက်လိုက်သည်။
သူသည် မြေပြင်ပေါ်ရှိ ငှက်မွှေးများကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
"မိုက်လိုက်တာ။"
ယခင်က လင်ကျွင်းကျွင်းသည် တိမ်စိုင်များကို စီးနင်းပါသော်လည်း ယခုတွင်မူ နေရာတွင်ပင် ပျောက်ကွယ်သွားသောကြောင့် ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ ရောက်ရှိသွားပုံ ရသည်။
သို့သော် ထိုသည်မှာ အရေးမပါလှပေ။
အန်လင်းသည် အရေထူလွန်းသောကြောင့် လင်ကျွင်းကျွင်းမှာ ဟင်းလင်းပြင်သို့အပြန်အဆင့် ရောက်ရှိသွားစေကာမူ သူ့အားမရိုက်နှက်နိုင်ပေ။
"ပင်ပန်းနေပြီ။ သွားအိပ်ရအောင်။"
အန်လင်းမှာ ရွှယ်ကျန်ထျန်းနှင့်အတူ အိပ်ခန်းထဲ ဝင်ရောက်သွားသည်။
......
နောက်တစ်နေ့၌
စည်းချက်ကျကျ တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။
"မင်္ဂလာ မနက်ခင်းပါ....ကောင်းကင်နတ်မိမယ် ထျန်းယွီ..."
အန်လင်း ပြုံးကာနှုတ်ဆက်လိုက်သည်။
"မနက်ခင်းပါ။"
လင်ကျွင်းကျွင်း ညင်သာစွာ စကားဆိုလိုက်သည်။
"ငါ့မှာ သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ်။ ဘယ်ဟာကို အရင်ကြားချင်လဲ။"