စုကျိုးအင်မော်တယ်ဂိုဏ်းအတွက်တည်နေရာရှာခြင်း
Vol. 50 Ch. 701
အန်လင်းသည် အခွင့်အလမ်းအသင်္ချေသေတ္တာနှင့် ကိုးဆယ့်ကိုးလွှာ ကောင်းကင်ဝင်္ကပါပြားအား သိမ်းဆည်းလိုက်ပြီးနောက် လင်ကျွင်းကျွင်းအား ကျေးဇူးတင်လိုက်သည်။
လင်ကျွင်းကျွင်းကြောင့်သာ မဟုတ်ပါက ငွေရှိနေလျှင်ပင် ထိုရတနာများကို ဝယ်ယူနိုင်မည် မဟုတ်ပေ။
"နင်ဂိုဏ်းထောင်မလို့ဆို။"
လင်ကျွင်းကျွင်း ရုတ်တရက် မေးမြန်းလာသည်။
အန်လင်း၏ အမူအရာ ပြောင်းလဲသွားသည်။
"ခင်ဗျား ဘယ်လိုသိတာလဲ။"
သူ၏သူငယ်ချင်းများမှလွဲ၍ ထိုအကြောင်းအား မည်သူ့ကိုမှ မပြောရသေးပေ။ တစ်စုံတစ်ယောက်သည် ထိုလျှို့ဝှက်ချက်အား မတော်တဆ ပေါ်စေခဲ့လေသလော။
"ကျောင်းပြီးသွားတဲ့ ကျောင်းသားတွေ ဘယ်နေရာ သွားကြတယ်ဆိုတာ မှတ်တမ်းတင်တဲ့ ကျောင်းရုံးခန်းကနေ သိလာခဲ့တာ။ လျှိုချင်းဟွမ်ရော၊ ရှင်းကျူရော ပါရမီရှင် နှစ်ယောက်လုံးကို နင်ကပဲ သိမ်းသွားမယ်လို့ ဘယ်သူမှ ထင်မထားကြဘူး။"
လင်ကျွင်းကျွင်း ခပ်ဖွဖွပြုံးကာ အန်လင်းကို ကြည့်ရှုလိုက်သည်။
ထိုအကြည့်ကြောင့် အန်လင်းမှာ အပြစ်လုပ်မိထားသော ကလေးငယ် တစ်ဦးသဖွယ် ရှက်ရွံ့သွားရသည်။
"ဒါပေမယ့် ကျောင်းတော်မှာ နင့်ဂိုဏ်းအကြောင်း မကြေညာဘူးဆိုတော့ နင့်မှာ အသိစိတ်တော့ ရှိသေးတာပဲ။"
လင်ကျွင်းကျွင်း လက်သီးလေးများကို ဝေ့ယမ်းပြလိုက်သည်။
"မဟုတ်လို့ကတော့ ငါနင့်ကို မရိုက်နိုင်ရင်တောင် တစ်ယောက်ယောက်က သင်ခန်းစာ လာပေးမှာ သေချာတယ်။"
အန်လင်း တံထွေးမြိုချရင်း အားယူကာ ပြုံးလိုက်သည်။
"ကျွန်တော်က အပျော်သဘောနဲ့ ဂိုဏ်းထောင်ရုံပါပဲ။ ဘာမှတောင် မစဉ်းစားရသေးဘူး။ အဲ့ဒါကြောင့် ကောင်းကင်အရှင်သခင်ကို မပြောပြပါနဲ့နော်။"
ထိုကိစ္စသည် လူငယ်များကြား အပျော်သဘောဖြင့် စတင်ခဲ့ခြင်း ဖြစ်သောကြောင့် များများစားစား မတွေးခဲ့မိပေ။
ဂိုဏ်းသစ်တည်ထောင်ခြင်းသည် အရေးကြီးသော ကိစ္စတစ်ခု မဟုတ်ပါသော်လည်း သူသည် ကောင်းကင်ဘုံခုံရုံး၏ ပါရမီရှင် ကျောင်းသားများအား ခိုးယူခဲ့သောကြောင့် ကောင်းကင်အရှင်သခင်ကိုယ်တိုင် ပါးရိုက်ဆုံးမလျှင်ပင် လွန်မည်မဟုတ်ပေ။ ထို့ကြောင့် ကောင်းကင်အရှင်သခင်၏ သမီးတော်လေးအား ဖားနိုင်မှ ဖြစ်မည်။
လင်ကျွင်းကျွင်း မခို့တရို့ပြုံးကာ အန်လင်းနား ကပ်သွားသည်။
"နင်လည်း ကြောက်တတ်သေးတာကိုး..."
အန်လင်း တုံ့ပြန်တော့မည့် အချိန်မှာပင် လင်ကျွင်းကျွင်း စကားဆက်လိုက်သည်။
"နင်တို့ လူလိုသေးလား။ ငါလည်း နင်တို့နဲ့ လိုက်ပျော်ချင်တယ်လေ။ ဒါပေမယ့် နာမည်ခံလောက်ပဲပေါ့။ ငါက ကောင်းကင်ဘုံခုံရုံးရဲ့ အဖွဲ့ဝင် ဖြစ်နေဦးမှာပဲ။"
"မ....မကောင်းလောက်ဘူး ထင်တယ်။"
အန်လင်း ခက်ခဲစွာ ပြောလိုက်သည်။
လာနောက်နေတာလား..... သူ့ရဲ့ သမီးတော်လေးကသာ စုကျိုးအင်မော်တယ်ဂိုဏ်းကို ရောက်နေတာ ကောင်းကင်အရှင်သခင် သိသွားရင် ဘယ်လိုလုပ်မလဲ.... နာမည်ခံသက်သက်ဆိုရင်တောင် ကောင်းကင်ဘုံခုံရုံးကို စော်ကားသလို ဖြစ်နေပြီ....
ပြီးတော့ လင်ကျွင်းကျွင်းက ကောင်းကင်ဘုံခုံရုံးရဲ့ သူလျှိုဖြစ်နေရင် ငါးပါးမှောက်ပြီ..... ငါ့ရဲ့အသစ်စက်စက် ဂိုဏ်းလေးမှာ သူလျှိုလာထားလောက်လား....
"ငါသိပြီ...."
လင်ကျွင်းကျွင်း အနောက်ဆုတ်ကာ အဝေးသို့ ကြည့်ရှုလိုက်သည်။
"ဘာပဲဖြစ်ဖြစ် နင့်ဂိုဏ်းကို လျှို့ဝှက်ထားလို့ ရမှာမဟုတ်ဘူး။ အခုကျောင်းပြီးသွားတဲ့သူတွေ မသိရင်တောင်မှ နောက်လူတွေကရော...."
"နင်က ကျောင်းတော်မှာ လွှမ်းမိုးမှုကြီးတဲ့သူပဲ။ နောက်ဆိုရင် ကျောင်းပြီးသွားတဲ့သူ မှန်သမျှ စုကျိုးအင်မော်တယ်ဂိုဏ်းထဲ ဝင်ချင်ကြလိမ့်မယ်။ ပါရမီရှင်တွေက နင့်ဆီပဲ ရောက်ရောက်သွားတာကို ကောင်းကင်ဘုံခုံရုံးက လက်ပိုက်ကြည့်နေမယ်ထင်လား။ ပြောရရင် နင့်အတွက် သူတို့ဝမ်းသာပေးမယ်များ ထင်နေလား။"
လင်ကျွင်းကျွင်း၏ မျက်ဝန်းထဲတွင် ရင့်ကျက်မှု အရိပ်အယောင်များ ပါဝင်နေသည်။
အန်လင်းသည်လည်း ဆိုလိုရင်းကို နားလည်နေသောကြောင့် ကူကယ်ရာမဲ့စွာ မေးမြန်းလိုက်သည်။
"ကျွန်တော့်ကို ဘယ်လိုလုပ်စေချင်နေတာလဲ။"
လင်ကျွင်းကျွင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
"ကောင်းကင်ဘုံခုံရုံးက နင့်ကိုလက်မလွှတ်ချင်ဘူးလေ။ နင်သာ ကောင်းကင်ဘုံခုံရုံးရဲ့ အဖွဲ့ဝင် ဖြစ်လာမယ်ဆိုရင် စုကျိုးအင်မော်တယ်ဂိုဏ်းကို တည်ထောင်တာ အပါအဝင် နင်လုပ်ချင်ရာ လုပ်လို့ရတယ်။ ကောင်းကင်ဘုံခုံရုံးရဲ့ အဖွဲ့ဝင် အဖြစ်ရော၊ စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဖြစ်ပါ နေလိုက်ပေါ့။"
"ကောင်းကင်ဘုံခုံရုံးက စုကျိုးအင်မော်တယ်ဂိုဏ်းကို ဘာမှတောင်းဆိုမှာ မဟုတ်ဘူး။ ပြီးတော့ တားမြစ်ဧရိယာ၊ မှော်နယ်မြေတွေကို စိတ်ကြိုက်ဝင်ထွက်သွားလာခွင့်နဲ့တခြားကောင်းကျိုးတွေ အများကြီးကိုပါ ရဦးမှာ။"
အန်လင်း မည်သည့်စကားမှ ပြန်မပြောပေ။ သို့သော် ဂိုဏ်းချုပ်သည်ပင် စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၏ ကျောင်းသားဖြစ်နေသောကြောင့် စုကျိုးအင်မော်တယ်ဂိုဏ်းအတွက် ကောင်းကင်ဘုံခုံရုံးနှင့် ပက်သတ်ဆက်နွယ်မှုများ ဖြတ်တောက်ရန် မည်သို့မှ မဖြစ်နိုင်ပေ။
ထိုသည်မှာ ဆိုးရွားလှသည်တော့ မဟုတ်ပေ။
ကောင်းကင်ဘုံခုံရုံးသာ ကျောထောက်နောက်ခံအဖြစ် ရှိနေပါက စုကျိုးအင်မော်တယ်ဂိုဏ်းအတွက် အစစအရာရာ ပိုမိုလွယ်ကူသွားလိမ့်မည်။
ထို့အပြင် အန်လင်းသည်လည်း နေရာကောင်းတစ်ခုမှ မထွက်ခွာလိုပေ။ သူသည် ကောင်းကင်ဘုံခုံရုံး၏ အပေါ်ယံကိုသာ သိခွင့်ရပြီး အတွင်းကျကျ မလေ့လာရသေးပေ။
ထို့ကြောင့် လင်ကျွင်းကျွင်း၏ ကမ်းလှမ်းမှုမှာ အန်လင်းအတွက် ပြီးပြည့်စုံနေသည်။
"ကောင်းပြီလေ။ ခင်ဗျားပြောတာ ကျွန်တော် လက်ခံတယ်။ ဒါပေမယ့် ကောင်းကင်ဘုံခုံရုံးက တာဝန်တွေကိုတော့ မထမ်းဆောင်နိုင်ဘူး။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
လင်ကျွင်းကျွင်း ပြုံးကာပြောလိုက်သည်။
"ကိစ္စမရှိဘူး။"
"ဟုတ်သားပဲ.... ငါ့မှာတောင်းဆိုစရာလေး ရှိတယ်။"
"ပြောကြည့်လေ။"
"ငါလည်း စုကျိုးအင်မော်တယ်ဂိုဏ်းကို ဝင်ချင်တယ်။"
"ရတယ်လေ။ အကြီးအကဲလုပ်ပေါ့။"
"ဒါပေမယ့် တာဝန်ယူစရာ မလိုတဲ့ အကြီးအကဲပဲ လုပ်မှာနော်။"
"တာဝန်တင်မကဘူး။ လစာပါမရတဲ့ အကြီးအကဲ ဖြစ်စေရမယ်။"
"ကျွတ်....ကပ်စေနည်းလိုက်တာ။"
လင်ကျွင်းကျွင်း ထွက်သွားပြီးနောက် အန်လင်းမှာ ဆက်လက်အနားယူနေလိုက်သည်။
အခွင့်အလမ်းအသင်္ချေသေတ္တာကြောင့် စွမ်းအင်များ ဆုံးရှုံးလိုက်ရသဖြင့် အားပြန်ဖြည့်ရန် လိုအပ်နေသည်။
ထို့ကြောင့် ရွှယ်ကျန်ထျန်းနှင့်အတူ တစ်ရက်လုံးလုံး အိပ်စက်နေခဲ့သည်။
ပြင်းထန်လှသော တံခါးခေါက်သံများ ထွက်ပေါ်လာလေသည်။
ဒေါက်.....ဒေါက်.....ဒေါက်.....ဒေါက်....
ယခုတစ်ကြိမ်တွင် တံခါးခေါက်သံမှာ စည်းချက်မကျလှပေ။
"လာပြီ...လာပြီ..."
အန်လင်း တံခါးထံ လျှောက်သွားလိုက်သည်။
ထိုကဲ့သို့ စိတ်ပျက်စရာ တံခါးခေါက်သံသည် လင်ကျွင်းကျွင်း မဖြစ်နိုင်ပေ။
တံခါးဖွင့်လိုက်သောအခါ တောက်ပစွာ ပြုံးနေသော မိန်းမငယ်တစ်ဦးကို တွေ့လိုက်ရသည်။
"သွားရအောင် အန်လင်း။"
"အင်း....တပိုင်၊ တီနာနဲ့ ရှောင်ဇယ်ကို ခေါ်လိုက်ဦးမယ်။"
ထိုမိန်းမငယ်လေးသည် လျှိုချင်းဟွမ်ဖြစ်ပြီး ဂိုဏ်းအတွက် တည်နေရာရှာရန် ရောက်ရှိလာခြင်းပင်။
အန်လင်းနှင့် လျှိုချင်းဟွမ်တို့သည် တပိုင်အား စီးနင်းကာ ကျောင်းတော်၏ နေရာကူးပြောင်းရေး အစီအရင်ရှိရာသို့ ရောက်လာကြသည်။
"ကိုးပြည်ထောင်က ကျယ်လွန်းတယ်။ ဘယ်ကိုအရင်သွားကြမလဲ။"
လျှိုချင်းဟွမ် အန်လင်းအားကြည့်ကာ မေးလိုက်သည်။
"ကျောက်နဂါးပြည်နယ်၊ လေဟာပြင်ပြည်နယ်၊ ခရမ်းကြယ်စင်ပြည်နယ်၊ ကျောက်မျက်တိုင်းပြည်နယ်၊ မိုးကြိုးပြည်နယ်၊ ဓားဝိဉာဉ်ပြည်နယ်၊ ရှေးဦးအာကာပြင်ပြည်နယ်၊ ကောင်းကင်မြစ်ပြည်နယ်နဲ့ ပိုင်ဟွားပြည်နယ်တို့မှာ ဂိုဏ်းကြီးလေးဂိုဏ်း ရှိနေတဲ့ ပြည်နယ်တွေကို ရှောင်သင့်တယ်။"
အန်လင်း အကြံပေးလိုက်သည်။
လျှိုချင်းဟွမ် ခေါင်းညိတ်သဘောတူသည်။
"ကောင်းပြီလေ။ ဒဏ္ဍာရီသားရဲဂိုဏ်းက ကျောက်နဂါးပြည်နယ်၊ အင်မော်တယ်စိတ်ဝိဉာဉ်တစ်သောင်းဂိုဏ်းက လေဟာပြင်ပြည်နယ်၊ ကောင်းကင်ဓားဂိုဏ်းက ရှေးဦးအာကာပြင်ပြည်နယ် ပြီးတော့ ဗာမီလီယမ်ငှက်ဂိုဏ်းက ပိုင်ဟွားပြည်နယ်မှာ ရှိတယ်။ အဲ့ပြည်နယ်တွေကို မသွားတော့ဘူး။ ငါတို့က ဂိုဏ်းတိုးတက်ဖို့အတွက် လုံခြုံအေးချမ်းတဲ့ နေရာကို လိုချင်တာဆိုတော့ စစ်ဖြစ်နေကြ ပြည်နယ်တွေကိုပါ ဖယ်ထုတ်လိုက်ရအောင်။"
"အင်း..."
အန်လင်း စကားဆိုလိုက်သည်။
"အဲ့ဒါဆိုရင် အနက်ရောင်စိမ့်တောနဲ့ ထိစပ်နေတဲ့ ကျောက်မျက်တိုင်းပြည်နယ်နဲ့ ပုရွက်ဆိတ်မျိုးနွယ်စုနဲ့နီးတဲ့ ကောင်းကင်မြစ်ပြည်နယ်ကို ဖယ်ထုတ်ရမယ်။ ခရမ်းကြယ်စင်ပြည်နယ်၊ မိုးကြိုးပြည်နယ်နဲ့ ဓားဝိဉာဉ်ပြည်နယ်ပဲ ကျန်မယ်။"
"ခရမ်းကြယ်စင်ပြည်နယ်က ကိုးပြည်ထောင်ရဲ့ အရှေ့မြောက်ဘက်မှာရှိတာ။ ပြီးတော့ စုစု(စုချန်းရန်)ရဲ့ သစ်တောစိမ်းအင်ပါယာ မိသားစုကလည်း အဲ့မှာပဲဆိုတော့ ငါတို့အတွက် အဆင်ပြေမလား မသိဘူး။"
လျှိုချင်းဟွမ် စဉ်းစားကာ ပြောလိုက်သည်။
အန်လင်း၏ မျက်ဝန်းများ တောက်ပသွားလေသည်။
"မဆိုးဘူးပဲ။ ခရမ်းကြယ်စင်ပြည်နယ်ကို သွားလည်ကြည့်ရအောင်။"
ထိုသို့ဖြင့် ၎င်းတို့နှစ်ဦးမှာ ခရမ်းကြယ်စင်ပြည်နယ်ထံ ထွက်လာခဲ့ကြသည်။
.....
ခရမ်းကြယ်စင်ပြည်နယ်၏ အရှေ့ဘက်၌
မြေပြင်တွင် မည်သည့်အပင်မှ မရှိပဲ နက်မှောင်သော မြေစေးများကသာ သက်ရှိအလား လှုပ်ရွနေသည်။
ကောင်းကင်နှင့်မြေပြင်၏ သံစဉ်ဟု ထင်ရသော တေးသံတစ်ခုသည် ကီလိုမီတာပေါင်းများစွာတိုင် ပျံ့လွင့်နေပါသော်လည်း အသံရင်းမြစ်အား ရှာမရပေ။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး တစ်ဦးမှာ ထိုမြေပြင်အား လွမ်းဆွတ်နေဟန်ဖြင့် ကြည့်ရှုလိုက်သည်။
"ခရမ်းကြယ်စင်....ငါပြန်လာပြီ။"