ကြွေလွင့်ဇာမဏီနယ်မြေ
Vol. 50 Ch. 702
ခရမ်းကြယ်စင်ပြည်နယ်သည် ကိုးပြည်ထောင်အတွင်း နည်းပညာ အထွန်းကားဆုံး နေရာဖြစ်သည်။
အန်လင်းသည် ခရမ်းကြယ်စင်ပြည်နယ်သို့ ဒုတိယအကြိမ် ရောက်ရှိလာခြင်းပင်။ သူသည် မိုးမျှော်တိုက်ကြီးများ၊ ကျင့်ကြံရေးနှင့် နည်းပညာ ပေါင်းစပ်ထားသော သယ်ယူပို့ဆောင်ရေးယာဉ်များအား တွေ့ရသောအခါ ကူကယ်ရာမဲ့စွာ ငေးမောကြည့်မိသည်။
"ဝိုး....ဘီလူးအန်လင်း....ဒီနေရာက လူ့ယဉ်ကျေးမှုက အံ့ဖွယ်ကြေးမုံပြင်ကမ်ဘာနဲ့ တော်တော်တူတာပဲ။”
တီနာ၏ မြစိမ်းရောင် မျက်ဝန်းလေးများမှာ ရေနွေးငွေ့သုံး ရထားများကိုကြည့်ကာ စိတ်လှုပ်ရှားနေသည်။
"တကယ်တော့ ခရမ်းကြယ်စင်ပြည်နယ်က အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာက လူသားမျိုးနွယ်ထက် အများကြီးသာတယ်။ သူတို့က ကျင့်ကြံရေးနဲ့ နည်းပညာကို ပေါင်းစပ်ထားနိုင်ပြီလေ။"
အန်လင်း လေးလေးနက်နက် တုံ့ပြန်လိုက်သည်။
သူခေတ္တမျှ တွေးတောပြီးနောက် အသံပို့လွှတ်ရန် ဆုံးဖြတ်လိုက်သည်။
"ဟယ်လို...အတန်းဖော်အန်လင်း...ဘာကိစ္စ ရှိလို့လဲ။"
နူးညံ့ချိုမြိန်သော စကားသံလေး ထွက်ပေါ်လာသည်။
"ဟားဟား.....စုချန်းရန် ငါအခု ခရမ်းကြယ်စင်ပြည်နယ်ကို ရောက်နေတယ်။ ဂိုဏ်းအတွက် တည်နေရာ ရွေးမလို့လေ။ မင်းအကြံပေးချင်တဲ့ နေရာလေးဘာလေး မရှိဘူးလား။"
အန်လင်း ပြုံးကာမေးလိုက်သည်။
"အော်...ငါတို့ဂိုဏ်းအတွက် တည်နေရာ ရွေးမလို့လား။ ရက်နည်းနည်းလောက် စောင့်ပေးလို့ရလား။ နင့်ကို နေရာကောင်းကောင်း ခေါ်သွားပေးမယ်လေ။"
စုချန်းရန် စကားဆိုလိုက်သည်။
"အခုက အင်ပါယာနန်းတော်က စစ်သည်တော်တွေနဲ့အတူ ခရမ်းကြယ်စင်ပြည်နယ်က မူမမှန် ဖြစ်နေတဲ့ နေရာတစ်ခုကို သွားနေရလို့။ တခြားအင်အားစုတွေလည်း အဲ့ကိုရောက်နေကြပြီ။ တစ်ရက်နှစ်ရက်အတွင်းတော့ ကိစ္စက မပြီးလောက်ဘူး ထင်တာပဲ။"
"မူမမှန် ဖြစ်နေတာလား။"
အန်လင်း စိတ်ဝင်စားသွားသည်။
"ရတနာတွေဘာတွေ မွေးဖွားလာတာမျိုးလား။"
"သိပ်တော့မသေချာဘူး။ ကောင်းတာလည်း ဖြစ်နိုင်သလို၊ ဆိုးတာလည်း ဖြစ်နိုင်တယ်။ သတင်းအချက်အလက်တွေ ထပ်မရသေးဘူး။"
စုချန်းရန် အေးအေးဆေးဆေး ရှင်းပြလိုက်သည်။ သို့သော် အန်လင်းမှာ အသံပို့လွှတ်ခြင်းမှတဆင့် စွမ်းအင်ပေါက်ကွဲသံများ ကြားနေရလေသည်။
"ငါ့ကိုတည်နေရာပို့ပေးလိုက်။ တစ်ချက်လောက် လာကြည့်မလို့။"
အန်လင်းမှာ အငြိမ်မနေနိုင်တော့ပေ။ ဤပြည်နယ်တွင် စုချန်းရန် မပါပဲ ဂိုဏ်း၏တည်နေရာရှာရန် မလွယ်ကူသောကြောင့် သူမအား ကူညီပေးလိုက်ခြင်းမှာ ပိုမိုကောင်းမွန်လိမ့်မည်။
"ဟင်...နင်တို့လာမလို့လား။ ကောင်းပြီလေ။"
စုချန်းရန်သည် တည်နေရာ အတိအကျအား အန်လင်းတို့ထံ ပို့ပေးလိုက်သည်။
အန်လင်းသည် အသံပေးပို့ခြင်း အဆောင်အား နတ်သမီးငယ်လေးထံ ပေးလိုက်သည်။
"တီနာ....ငါတို့ကို အဲ့ကိုခေါ်သွားပေး။"
"အေးဆေးပဲ။"
တီနာသည် လေဟာနယ်ခုန်ကူးခြင်း ဝဲဂယက်တစ်ခု ပြုလုပ်လိုက်သည်။
အန်လင်း၊ လျှိုချင်းဟွမ်၊ တပိုင်နှင့် ရှောင်ဇယ်တို့သည်လည်း ထိုဝဲဂယက်ထဲ ဝင်သွားလိုက်ကြသည်။
.......
ခရမ်းကြယ်စင်ပြည်နယ်၏ ကြွေလွင့်ဇာမဏီနယ်မြေ၌
ကီလိုမီတာ တစ်ထောင်ကျော်ခန့်သည် မီးတောက်မီးလျှံများ လွှမ်းမိုးနေသည်။
ရှေးဟောင်းကာလတစ်ခုတွင် နတ်ဇာမဏီတစ်ကောင်သည် ဤနေရာတွင် ကြွေလွင့်ခဲ့သောကြောင့် ၎င်း၏မီးလျှံတာအိုသည် ကောင်းကင်နှင့်မြေပြင်အား ထိခိုက်စေကာ ထာဝရမီးလောင်ပြင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
သို့သော် လွန်ခဲ့သော နှစ်ဝက်ခန့်မှ စတင်ကာ ကြွေလွင့်ဇာမဏီနယ်မြေမှ မီးတောက်မီးလျှံများ လျော့ပါးလာခဲ့သည်။
ထိုအဖြစ်အပျက်သည် ခရမ်းကြယ်စင်ပြည်နယ်ရှိ အင်အားစုများအားလုံးကို ထိတ်လန့်စေခဲ့သောကြောင့် ၎င်းတို့အားလုံး စုဝေးရောက်ရှိလာကြခြင်း ဖြစ်သည်။
မီးတောက်မီးလျှံများသည် နေ့စဉ်နှင့်အမျှ လျော့ပါးလာပြီး ရက်အနည်းငယ်ကပင် အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာလည်း အခွင့်အရေးများရှာရန် စိတ်ဝင်စားလာကြသည်။
ကျင့်ကြံရေးလောကတွင် ထူးခြားဆန်းကြယ်မှုများ ရှိနေသော နေရာတစ်ခုသည် အခွင့်အရေးများ ရှိနေတတ်ကြောင်း အားလုံးသိရှိထားကြသည်။
ထိုသည်မှာ လူတိုင်းနားလည်ထားကြသော အရာတစ်ခု ဖြစ်ပါသော်လည်း တစ်ခါတရံတွင် ထိုကဲ့သို့ ဆန်းကြယ်သော အရာများသည် ပျက်စီးခြင်းကိုလည်း ဦးတည်သွားတတ်သည်။
သေရေးရှင်ရေး ပြဿနာထိ ဖြစ်ပါသော်လည်း စွန့်စားခြင်းနှင့် ဆုလာဘ်ဟူသည် ယှဉ်တွဲနေပြီး သေရမည်ကို မကြောက်သော ကျင့်ကြံသူများစွာ ရှိနေကြသည်။
ယခုအခါ အားလုံး၏ အာရုံစိုက်မှုမှာ ကြွေလွင့်ဇာမဏီနယ်မြေသို့ ရောက်ရှိလာခဲ့လေပြီ။
သစ်တောစိမ်းအင်ပါယာ မိသားစုသည်ပင် ထိုကိစ္စအား အလေးထားကာ အဆင့်မြင့် ကျင့်ကြံသူများကို စုံစမ်းစစ်ဆေးရန် ပို့ဆောင်ခဲ့ရသည်။
ထိုအဖွဲ့သည် ခရမ်းကြယ်စင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးအား ထိန်းသိမ်းရန်လည်း တာဝန်ယူထားရလေသည်။
ရတနာများ တွေ့ရှိလာခဲ့ပါက အင်ပါယာမိသားစုအား အပ်နှံရမည် ဖြစ်သည်။
အင်ပါယာ မိသားစုသည် ဂုဏ်ပြုလက်မှတ်၊ ဆုတံဆိပ်နှင့် ဘွဲ့ထူးဂုဏ်ထူးများ ပြန်လည်ပေးအပ်မည် ဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေပင်။
ဂိုဏ်းကြီးလေးဂိုဏ်း မရှိနေသော နေရာဖြစ်သဖြင့် ခရမ်းကြယ်စင် ပြည်နယ်အတွင်း အင်ပါယာမိသားစုမှာ အင်အားအကြီးဆုံးဟု ဆိုနိုင်သည်။ သစ်တောစိမ်းအင်ပါယာ မိသားစုသည် အင်ပါယာမိသားစုကြီး ကိုးခုတွင် တစ်ခုအပါအဝင်ဖြစ်ကာ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ မရှိပါသော်လည်း ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ခုနစ်ဦး ရှိသောကြောင့် ခရမ်းကြယ်စင် ပြည်နယ်တစ်ခုလုံးအား အုပ်စိုးထားရန် လုံလောက်ပေသည်။
သစ်တောစိမ်းအင်ပါယာမှ စေလွှတ်လိုက်သော အဖွဲ့တွင် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ နှစ်ဦး၊ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဆယ်ဦးနှင့် ကိုယ်တိုင်ကိုယ်ကျ အခွင့်အရေး လာရောက်ရှာဖွေသော စုချန်းရန်တို့ ပါဝင်သည်။
"မင်းသမီးယွင်လဲ့ ကျွန်တော့်နောက်မှာပဲနေပါ။ မင်းသမီးလေးကို ဘာအန္တရာယ်မှ မဖြစ်အောင် ကာကွယ်ပေးပါ့မယ်။"
နွေဦးလေပြေအလား လတ်ဆတ်သော အပြုံးကို ပိုင်ဆိုင်ထားသော ချောမောခန့်ညားသည့် အမျိုးသားတစ်ဦး စကားဆိုလိုက်သည်။
စုချန်းရန် ခေါင်းညိတ်ပြလိုက်သည်။
"ဂရုစိုက်ပေးပါဦး.... စီနီယာတုန်းကော်..."
"စီနီယာလို့ မခေါ်ပါနဲ့။ ကျွန်တော်က အဲ့လောက်အသက်မကြီးသေးပါဘူး။ အစ်ကိုတုန်းကော်လို့ခေါ်ရင် ရပါပြီ။"
ထိုအမျိုးသားမှာ ရယ်ရယ်မောမော တုံ့ပြန်လိုက်သည်။
စုချန်းရန်မှာ မည်သည့်စကားမှ ပြန်မပြောတော့ပေ။
သိပ်မကြီးဘူးဟုတ်လား....အသက်သုံးထောင်ကွာတာက နည်းနည်းနောနောမို့လို့လား.....
သူနှင့်နီးစပ်ချင်သော အမျိုးသားများ ရှိနေသည်ကို သိနေပါသော်လည်း စုချန်းရန်မှာ ထိုကိစ္စနှင့်ပက်သတ်၍ တွေးပင်မတွေးပေ။
စုချန်းရန်သည် ပုံမှန်အားဖြင့်လည်း တိတ်တိတ်ဆိတ်ဆိတ်သာ နေတတ်သောကြောင့် တုန်းကော်မှာ သူမ တိတ်ဆိတ်သွားသည်ကို မကျေမနပ် မဖြစ်မိပေ။
လှပသော ကောင်းကင်နတ်မိမယ်လေးအား ရင်းနှီးကျွမ်းဝင်လာရန် အချိန်ပေးရမည်ဖြစ်ကြောင်း သူကောင်းစွာသိရှိနေသည်။
ပြိုင်ပွဲတစ်ခုအား အနိုင်ရရန် ဖြည်းဖြည်းနှင့် မှန်မှန်သာ ရှေ့ဆက်သွားသင့်သည်။
စုချန်းရန်သည် ရုပ်ရည်၊ အဆင့်အတန်း၊ ပါရမီ အစရှိသဖြင့် နေရာတိုင်းတွင် ထိပ်တန်းဖြစ်နေသောကြောင့် သူမအား စိတ်ဝင်စားနေသော အမျိုးသားများစွာ ရှိသည်။
သို့သော် ကွာခြားလှသော အခြေအနေများကြောင့် အများစုမှာ တွေဝေနေကြပါသော်လည်း တုန်းကော်သည် ၎င်းတို့နှင့် မတူညီပေ။
သူသည် သစ်တောစိမ်းအင်ပါယာ မိသားစု၏ အဆင့်အမြင့်ဆုံး ကျင့်ကြံသူများထဲမှ တစ်ဦး ဖြစ်သည်။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီးနောက် သစ်တောစိမ်းအင်ပါယာမိသားစု၏ တန်ဖိုးအရှိဆုံး ရတနာလေးနောက်သို့လိုက်ရန် ယုံကြည်ချက် ရှိနေလေပြီ။
ယခုတာဝန်အတွင်း တိုက်ပွဲများ ဖြစ်ပေါ်လာပါက သူ၏ဟင်းလင်းပြင်သို့အပြန် စွမ်းအင်များဖြင့် မင်းသမီးလေး အထင်ကြီးစေရန် ကြိုးစားမည်ဖြစ်ပြီး အခြေအနေ ကောင်းမွန်ပါက သူမ၏ အသက်အား ကယ်တင်ခွင့် ရချင်မိသည်။ ထိုသို့ဆိုလျှင် မင်းသမီးလေးသည် သူ့အပေါ် စိတ်ခံစားချက်များ ရှိလာမည်ဖြစ်ပြီး တဖြည်းဖြည်းနှင့် ချစ်ကျွမ်းဝင်လာပေလိမ့်မည်။
သူတွေးရင်းတွေးရင်း စိတ်လှုပ်ရှားလာသည်။ ပန်းပွင့်လေးသဖွယ် အရောင်အသွေး စုံလင်ကာ တင့်တယ်လှပလာသော မင်းသမီးလေး ယွင်လဲ့အားကြည့်ကာ သူသည်ဘဝ၏ အချစ်စစ်အား ရှာတွေ့ခဲ့ပြီဖြစ်ပြီး နှစ်သုံးထောင်ကျော် တစ်ကိုယ်တည်းသမားဘဝအား အဆုံးသတ်လိုလာကြောင်း သေသေချာချာ သိရှိသွားခဲ့သည်။
သူသည် အကောင်းဆုံးဆိုသော အရာများကိုသာ အလိုရှိသည်။
တုန်းကော်သည် ဘဝမန္တာန် တစ်ခုလုံး ပြီးပြည့်စုံသွားသလို ခံစားရသည်။
မကြာမီတွင် သစ်တောစိမ်းအင်ပါယာ မိသားစုအဖွဲ့မှာ ကြွေလွင့်ဇာမဏီနယ်မြေသို့ ရောက်လာခဲ့ကြသည်။ မြေပြင်တစ်ခုလုံး မည်းနက်ကာ အပူချိန်များ မြင့်တက်နေပြီး ဗဟိုဒေသနှင့်နီးလေ ပိုမိုဆိုးရွားလာလေပင်။
၎င်းတို့သည် စိတ်ဝိဉာဉ်ဆေးပင်နှင့် စိတ်ဝိဉာဉ်သစ်သီးများကိုပါ တွေ့ခဲ့ရသောကြောင့် ထူးခြားဆန်းကြယ်မှုများသည် အခွင့်အရေးများကိုပါ ယူဆောင်လာကြောင်း သိလိုက်ရသည်။
ဂိုဏ်းပေါင်းများစွာသည် ထိုရတနာများအတွက် တိုက်ခိုက်နေကြပါသော်လည်း သစ်တောစိမ်းအင်ပါယာ မိသားစုအဖွဲ့မှာ ဗဟိုဒေသသို့သာ ဆက်လက်ထွက်ခွာလာကြသည်။
ဝုန်း....
အဝေးတစ်နေရာတွင် ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်လာသည်။
စုချန်းရန်သည် နဂါးတစ်ကောင်အလား ကောင်းကင်ထက်သို့ ထိုးတက်သွားသော ရွှေရောင်စွမ်းအင်လှိုင်းကိုကြည့်ကာ အပြာရောင် မျက်ဝန်းလေးများ တောက်ပလာသည်။
"အဲ့ဒါ ကြွေလွင့်ဇာမဏီနယ်မြေရဲ့ ဗဟိုဒေသမလား။ ပစ္စည်းကောင်းတွေ ရှိမယ့်ပုံပဲ။"
သူမ စတင်၍ စိတ်လှုပ်ရှားလာတော့သည်။