လုံမပျိုအားကယ်တင်ခြင်း
Vol. 50 Ch. 704
မီးလျှံနဂါးမှာ စုချန်းရန်အား ဝါးမြိုရန် အသင့်ဖြစ်နေလေပြီ။
ထိုအချိန်တွင် အဖြူရောင် အလင်းတန်းနှင့်အတူ တောင့်တင်းသော လက်တစ်စုံသည် စုချန်းရန်၏ သေးသွယ်သော ခါးလေးအားဖက်ကာ အခြားတစ်နေရာသို့ လျင်မြန်စွာ ဆွဲခေါ်သွားသည်။
အန္တရာယ်နှင့် ပွတ်ကာသီကာ လွဲချော်သွားပြီးနောက် စုချန်းရန် မော့ကြည့်လိုက်သောအခါ ရင်းနှီးနေသော လူငယ်လေးအား တွေ့လိုက်ရသည်။
"အ...အတန်းဖော်အန်လင်း...."
စုဝမ်ကျွင်းမှာလည်း ယခုမှသာ သက်ပြင်းချနိုင်တော့သည်။ စုချန်းရန်သာ တစ်စုံတစ်ခု ဖြစ်သွားခဲ့ပါက သူမ ခမည်းတော်၏ အမျက်ဒေါသကို ရင်ဆိုင်ရပေလိမ့်မည်။
အမျိုးသားတစ်ဦးမှ စုချန်းရန်အား ကယ်တင်သွားသည်ကို မြင်လိုက်ရသောကြောင့် တုန်းကော်၏ ခြေလှမ်းများ တုံ့ခနဲ ဖြစ်သွားသည်။
ငါ့ရဲ့စိတ်ကူးယဉ်အိပ်မက်ကို ဘယ်ကောင်ခိုးသွားတာလဲ.....
ထိုအချိန်တွင် မီးလျှံနဂါးမှာ စုချန်းရန်ထံ ထပ်မံပျံဝဲလာသည်။
စုချန်းရန်သည် ကြောက်ရွံ့လွန်းသောကြောင့် မျက်နှာတစ်ခုလုံး ဖြူရော်လာကာ အန်လင်းအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။
မီးလျှံနဂါး ရောက်ရှိလာတော့မည့် အချိန်မှာပင် ၎င်းတို့နှစ်ဦးအား အဖြူရောင် အလင်းတစ်ခုမှ လွှမ်းခြုံသွားလေသည်။
စုဝမ်ကျွင်းနှင့် တုန်းကော်တို့မှာ ကောင်းမွန်လွန်းလှသော လေဟာနယ်ခြယ်လှယ်ခြင်းနည်းစနစ်ကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။
နည်းစနစ်အား အသက်သွင်းလိုက်သည်မှာ မြန်ဆန်လွန်းလှပြီး လှုပ်ရှားမှုမှာလည်း ချောမွေ့လွန်းလှသောကြောင့် ထိုသူသည် လေဟာနယ်ခြယ်လှယ်ခြင်းနှင့်ပက်သတ်၍ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူဖြစ်ကြောင်း ထင်ရှားနေသည်။
အန်လင်းနှင့် စုချန်းရန်မှာ မျက်စိတမှိတ်အတွင်း တစ်ကီလိုမီတာ အကွာအဝေးသို့ ရောက်ရှိသွားလေသည်။
ယခုမှသာ စုဝမ်ကျွင်းတို့သည် အန်လင်း၏ ပုခုံးထက်တွင် ရှိနေသော လှပလွန်းသည့် နတ်သမီးငယ်လေးကို သတိပြုမိကြသည်။
"ဟူး....ကပ်သီးလေးပဲ။ မူမမှန်တာတွေ သတိထားမိတာနဲ့ အမြန်လာခဲ့လို့ တော်သေးတယ်။ မဟုတ်ရင် အချိန်မှီမှာတောင် မဟုတ်ဘူး။ စုချန်းရန် မင်းကတော်တော် အောင်မြင်နေတာပဲ။ မီးလျှံနဂါးကတောင် မင်းကိုပဲ အာရုံစိုက်နေတာ။"
အန်လင်း ရယ်မောကာ ပြောလိုက်သည်။
စုချန်းရန်သည်လည်း စိတ်မသက်မသာဖြစ်မှုများ လျော့ပါးသွားကာ ပါးလေးနှစ်ဖက် ပန်းရောင်သမ်းလာသည်။
"ကျေးဇူးတင်ပါတယ် အတန်းဖော်အန်လင်း....နင်သာမရှိရင် ငါသေနေလောက်ပြီ။"
"ငါတို့က သူငယ်ချင်းတွေပဲလေ။ ကျေးဇူးတင်စရာ မလိုပါဘူး။"
အန်လင်း ပေါ့ပါးစွာ တုံ့ပြန်လိုက်သည်။
အဝေးတွင်ရှိနေသော တုန်းကော်မှာ မိုးပြိုတော့မလို ဖြစ်နေလေပြီ။
သူငယ်ချင်းတွေက အဲ့လိုဖက်ကြလို့လား....
မင်းသမီးလေးကို လွှတ်လိုက်စမ်း.....
သို့သော် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအရ အန်လင်းမှာ ခေသူမဟုတ်ကြောင်း သိသာနေသောကြောင့် သူသည် မည်သည့်စကားမှ မပြောရဲပေ။ ယခုအချိန်တွင် မသင့်တော်သော စကားတစ်ခွန်းခွန်းသာ ပြောမိပါက ကိုယ့်ကိုယ်ကို ငရဲတွင်းထဲ ပို့သလို ဖြစ်နေပေလိမ့်မည်။
မီးလျှံနဂါးသည် လက်မလျှော့သေးပဲ စုချန်းရန်ထံ ပျံဝဲလာပြန်သည်။
တီနာသည် အန်လင်းနှင့် စုချန်းရန်တို့အား အခြားနေရာ ပို့ဆောင်ပေးရန် လက်သင်္ကေတများ ပြောင်းလဲလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ အခြားကျင့်ကြံသူများ၏ အသက်စွမ်းအင် အဆီအနှစ်များ စုပ်ယူထားသော မီးလျှံနဂါးနှင့် မီးလျှံဇာမဏီများကပါ စုချန်းရန်ထံ ဦးတည်ပျံဝဲလာသည်။
ကြောက်မက်ဖွယ် မီးတောက်မီးလျှံများ ဝန်းရံလာသည်နှင့်အတူ ကောင်းကင်တခွင်လုံးသည်ပင် ရွှေရောင်အလင်းများ တောက်ပနေတော့သည်။
ထိုတိုက်ခိုက်မှုသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများကိုပင် သတ်ပစ်နိုင်လောက်သည်။
သို့သော် တီနာသည် နတ်ဘုရားအဆင့် မန္တာန်ပေါင်းများစွာ တီထွင်ဖန်တီးထားသောကြောင့် ဆိုးရွားသော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသည့်တိုင် တည်တည်ငြိမ်ငြိမ်သာ ရှိနေသည်။
"ပုံရိပ်ယောင်အိပ်မက်ပြောင်းလဲခြင်း..."
တီနာ၏ စူးရှရှ အသံနှင့်အတူ ၎င်းတို့သုံးဦး၏ ခန္ဓာကိုယ်များ တလက်လက် လင်းလက်လာကာ စတင်ပျောက်ကွယ်လာသည်။
ဝုန်း.....
မီးလျှံများသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
တုန်းကော်မှာ ထိုမြင်ကွင်းကိုကြည့်ရင်း ဒူးများတဆတ်ဆတ် တုန်နေလေသည်။
အင်ပါယာနန်းတော်အား စစ်ကူအတွက် ဆက်သွယ်ခဲ့သော အမျိုးသားမှာလည်း အထိတ်တလန့် အော်ဟစ်လိုက်သည်။
ထိုအချိန်မှာပင် အန်လင်းနှင့် စုချန်းရန်မှာ အခြားနေရာတစ်ခုတွင် ပြန်လည်ပေါ်ထွက်လာသည်။
"ဟူး....တော်တော်ပူတာပဲ။"
အန်လင်း သက်ပြင်းချကာ ရင်ခွင်ထဲမှ မိန်းမငယ်လေးအား ကြည့်ရှုလိုက်သည်။
"မင်းရောပူနေလား။"
စုချန်းရန်မှာ ခေါင်းခါလိုက်ပြီးမှ အနည်းငယ် နီရဲနေသော အသားအရေနှင့်အတူ ခေါင်းညိတ်ပြလိုက်သည်။
အဝေးတွင်ရှိနေသော အမျိုးသားတစ်ဦးမှာ လက်မထောင်နေလေပြီ။
"ငါ့ယောက်ဖကတော့ ထင်တဲ့အတိုင်းပဲ။"
သူသည် စုချန်းရန်အား ကယ်တင်ပေးလိုပါသော်လည်း သူ၏ကျင့်ကြံရေးမှာ ထိုမျှမလုံလောက်ပေ။
သို့ပေသော်ငြားလည်း အန်လင်းသည် ကောင်းကင်ထက်မှ ဆင်းသက်လာကာ ညီမဖြစ်သူအား သူရဲကောင်းဆန်ဆန် ကယ်တင်သွားခဲ့သည်။ ထိတ်လန့်ခြင်းနှင့် အံ့သြဝမ်းသာခြင်း ခံစားချက်များ ဖုံးလွှမ်းကာ စုရှင်းမှာ မင်းသားတစ်ပါး၏ အိန္ဒြေကိုပင် မေ့လျော့သွားခဲ့ရသည်။
ဒီလက်ထပ်ပွဲကို ငါသဘောတူတယ်....
တုန်းကော်မှာမူ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ပါးစပ်အဟောင်းသားနှင့် ကြောင်တောင်တောင် ဖြစ်နေမိသည်။
ဘာလဲ..... အဲ့ကောင်က စုရှင်း ယောက်ဖလား....
စုရှင်းက စုချန်းရန်ရဲ့ အစ်ကိုလေ... ဒါဆိုရင်....
တုန်းကော်၏ နှလုံးသား တစ်ခုလုံး အေးခဲသွားရသည်။ သူသည် FAကောင်အဖြစ် နှစ်သုံးထောင်ကျော် ရှင်သန်လာခဲ့သည်။ ထို့နောက် ဘဝ၏ အချစ်စစ်အား ရှာတွေ့ပြီဟု ထင်ခဲ့ပါသော်လည်း ကံကြမ္မာအဖျက် ဝင်လာလေသလော။
နေပါဦး......
သူရုတ်ချည်းဆိုသလို သတိပြုမိသွားသည်။
သူသည် သစ်တောစိမ်းအင်ပါယာမိသားစု၏ အဆင့်မြင့် ဗိုလ်ချုပ်တစ်ဦး ဖြစ်သောကြောင့် စုချန်းရန်ထံတွင် တာအိုလက်တွဲဖော် ရှိပါက သေချာပေါက် သိရှိနေပေလိမ့်မည်။ ထို့ကြောင့် စုရှင်းမှာ ပေါက်ကရများ လျှောက်ပြောနေခြင်းသာ။
တုန်းကော်မှာ အတွေးကြောထဲ နစ်မြောနေသလို မီးလျှံနဂါးနှင့် မီးလျှံဇာမဏီများမှာ စုချန်းရန်နောက် လိုက်နေကြသည်။ သို့သော် တီနာ၏ လေဟာနယ်ခြယ်လှယ်ခြင်း ကျွမ်းကျင်မှုကြောင့် ၎င်းတို့မှာ စုချန်းရန်နားသို့ပင် ကပ်ခွင့်မရကြပေ။
"တော်တော်အထင်ကြီးစရာ ကောင်းတာပဲ။ အဲ့နတ်သမီးငယ်လေးက ဘယ်သူလဲ။"
စုဝမ်ကျွင်း မျက်လုံးအပြူးသား ဖြစ်နေသည်။
တီနာ၏ ကျင့်ကြံရေးသည် သူ့ထက်နိမ့်ပါးပါသော်လည်း သူမ၏ မန္တာန်များတွင် ပါဝင်နေသော အစစ်အမှန် စိတ်ဆန္ဒနှင့် တာအိုစိတ်ဆန္ဒများမှာ သူ့ထက်အဆပေါင်းများစွာ သာလွန်နေသည်။ သူသည် သူမ၏ မန္တာန်များအား နားလည်သဘောပေါက်နိုင်စွမ်းပင် မရှိပေ။
စုဝမ်ကျွင်းသာမက ခရမ်းကြယ်စင်ပြည်နယ်၏ ထိပ်တန်းအဆင့် ကျင့်ကြံသူများမှာလည်း အန်လင်းတို့ကိုကြည့်ကာ လန့်ဖြန့်နေကြသည်။ ၎င်းတို့အား တိုက်ခိုက်နေခဲ့သော မီးလျှံသားရဲများမှာ စုချန်းရန်နောက်ကိုသာ လိုက်နေကြသောကြောင့် လူတိုင်းမှာ အဖြစ်အပျက်များကို ကြည့်ရှုရန် အချိန်ရနေကြလေပြီ။
စုချန်းရန်သည် အမှန်တကယ် အန္တရာယ်များသော အခြေအနေသို့ ရောက်ရှိနေပါသော်လည်း တီနာမှာ အလွယ်တကူပင် ကယ်တင်ပေးနိုင်နေသည်။
ထိုမီးလျှံများသည် အသိစိတ် မရှိပါသော်လည်း အံ့ဖွယ်တာအို၏ စွမ်းအင်များ ပါဝင်နေသောကြောင့် ဟင်းလင်းပြင်သို့အပြန် အဆင့်များသည်ပင် အခန့်မသင့်လျှင် ပြာကျသွားနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ နတ်သမီးငယ်လေးသည် မီးလျှံနဂါးနှင့် မီးလျှံဇာမဏီများ၏ မီးတောက်များကို အေးအေးဆေးဆေးပင် ရှောင်ရှားနိုင်နေသည်။
ထိုသည်မှာ အံ့အားသင့်ဖွယ်ရာပင်။
အားလုံး၏ နှလုံးသားထဲတွင် နတ်သမီးငယ်လေးနှင့် ပက်သတ်သော မေးခွန်းများ ပြည့်နှက်နေသည်။
"ဝေါင်း...."
အချိန်ကြာမြင့်စွာ လိုက်လံတိုက်ခိုက်ပါသော်လည်း အကြောင်းမထူးသောကြောင့် မီးလျှံနဂါးမှာ စုချန်းရန်အား နောက်ဆုံးအကြိမ်ကြည့်ကာ ဟစ်ကြွေးလိုက်ပြီးနောက် ရွှေရောင်ဥထံ ပြန်သွားတော့သည်။ အခြားသော မီးလျှံသားရဲများမှာလည်း အသီးသီး ပြန်သွားကြလေသည်။
ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသူများအားလုံး ကြောင်တောင်တောင် ဖြစ်ကုန်သည်။
ဘာလဲဟ.... စုချန်းရန်ကို ဆက်မလိုက်နိုင်တော့လို့ လက်လျှော့သွားတာလား.....
ကျင့်ကြံသူများ သို့လော၊ သို့လော ဖြစ်နေသည်။
အခြားကျင့်ကြံသူများနောက်သို့ လိုက်နေသော မီးလျှံသားရဲသည်လည်း ပြန်သွားကြပြီ ဖြစ်သည်။
ထိုအခါမှသာ အားလုံး သက်ပြင်းချနိုင်တော့သည်။
ထိုအဖြစ်အပျက်ကြောင့် ကြွေလွင့်ဇာမဏီနယ်မြေတွင် အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ရသည်။ မြေပြင်တွင် အပေါက်များ မရေမတွက်နိုင်အောင် ရှိနေသည့်အပြင် လေထုထဲတွင်လည်း အဖျက်စွမ်းအင်များ ဖြာထွက်နေသော လေဟာနယ် ဝဲဂယက်များစွာကို တွေ့မြင်နိုင်သည်။
ဤနေရာတွင် ရှိနေခဲ့သော ကျင့်ကြံသူ တဝက်ခန့်မှာလည်း မီးလျှံသားရဲများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေသည်။
အံ့ဖွယ်တာအိုမီးလျှံများမှာ ရွှေရောင်ဥနှင့် ပေါင်းစည်းကာ ပျောက်ကွယ်သွားတော့သည်။
ရှင်သန်လွတ်မြောက်ခဲ့သော ကျင့်ကြံသူများမှာ လောဘမီးများ တောက်လောင်နေသော မျက်ဝန်းများဖြင့် ရွှေရောင်ဥအား အာရုံစိုက်လာကြသည်။