← Chapters

သူကြွယ်များနှင့် လောင်းကြေးထပ်ခြင်း

Vol. 48 Ch. 667

သူကြွယ်များနှင့် လောင်းကြေးထပ်ခြင်း

Vol. 48 Ch. 667

သက်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် လောလောဆယ်တွင် နားရွက်တက်ချိတ်မတတ် ပြုံးရင်း အဘိုးကြီးခုနစ်ယောက်အဖွဲ့တစ်ဖွဲ့အား ဒုတိယအထိပ်သို့ ‌တက်လာကြသည်။

အဘိုးကြီးခုနစ်ယောက်က ပိုးသားဝတ်ရုံများကို ဝတ်ဆင်ထားပြီး တစ်ချက်လေးကြည့်ရုံနှင့် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များဖြစ်ကြောင်း သိသာသည်။ သူတို့၏မျက်လုံးများမှာ လင်းလက်တောက်ပနေပြီး သူတို့၏ကျင့်ကြံခြင်းအခြေခံများကား အံ့ဖွယ်ထူးကဲပေ၏။ အကုန်လုံးသည် အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်ဖြစ်ကြ‌လေသည်။ ‌သူတို့မှာ ပြုံးနေသော်လည်း သူတို့၏အပြုံးများမှာ‌တော့ ‌မာနခေါင်ခိုက်နေလေသည်။

“တာအိုရောင်ရင်းတို့ သဘောအတိုင်းပါပဲ” သက်လတ်ပိုင်းလူက ရိုးရိုးသားသား ပြုံးရင်း ပြောသည်။ သူသည် အဘိုးကြီးခုနစ်ယောက်အား ဒုတိယအထပ်သို့ ဖိတ်ခေါ်လာရင်း စိတ်လှုပ်ရှားနေဟန်တူ၏။ မန်ဟိုနှင့် ဝေ့လီကို လှမ်းမြင်လိုက်ပုံရသော်လည်း တစ်ချက်ကြည့်ပြီးနောက် အဖက်ပင်မလုပ်ပေ။

စွန်းယွင်လျန်းမှာ စောစောက မျက်မှောင်ကြုတ်နေသော်လည်း အဘိုးကြီးခုနစ်ယောက်ကို မြင်သောအခါ မျက်လုံးများ ချက်ချင်း တောက်ပလာတော့သည်။ သူက တဟားဟား အော်ရယ်ရင်း ထရပ်ကာ  ထိုခုနစ်ယောက်ကို အပြေးအလွှား သွားကြို၏။

“ကြည့်ပါဦး ပင်လယ်ခံတပ်ရဲ့ သူကြွယ်ကြီးခုနစ်ဦးဖြစ်နေတာကိုး” စွန်းယွင်လျန်းက ဆက်၍ရယ်နေရင်း ပြောသည်။ သူက လက်ယှက်၍ အရိုအသေပေးလိုက်၏။ “ခင်ဗျားတို့ရဲ့ တည်ရှိမှုက ကျုပ်တို့ရဲ့နိမ့်ကျတဲ့စံအိမ်လေးကို လင်းထိန်သွားစေတာပဲဗျာ”

အဘိုးကြီးခုနစ်ယောက်လုံးက အပြန်အလှန်အနေဖြင့် ပြုံးပြီး လက်ယှက်နှုတ်ဆက်လိုက်ကြသည်။

မန်ဟိုကတော့ မပြောင်းလဲသော မျက်နှာထားဖြင့် လက်ဖက်ရည်ဆက်သောက်နေ၏ ။ ဝေ့လီမှာမူ အဘိုးကြီးခုနစ်ယောက်ကို မြင်သည်နှင့် သူငယ်အိမ်များ ကျုံ့သွားသည်။ သူမက ကြောက်ရွံ့ရို‌သေ‌နေသောအသံနှင့် မန်ဟို့ကို လှည့်ပြောသည်။ “စီနီယာ၊ ဒီလူခုနစ်ယောက်လုံးက ပင်လယ်ခံတပ်မှာ ‌နာမည်ကြီးတဲ့ ဈေးဆိုင်ပိုင်ရှင်တွေပဲ။ သူတို့ရဲ့ကျင့်ကြံခြင်းအခြေခံက ထူးခြားပြီး မိစ္ဆာနှလုံးသားအများကြီးကို ထိန်းချုပ်ကိုင်တွယ်ကြတယ် ....

“ပင်လယ်ခံတပ်မှာ ဂိုဏ်းကြီးသုံးဂိုဏ်း ဖွင့်လှစ်ထားတဲ့ မိစ္ဆာနှလုံးသားအလဲအလှယ်ဆိုင်တွေက သာမန်ကျင့်ကြံသူတွေအတွက်တင်ပဲ လဲလှယ်ပေးတာမဟုတ်ဘူး။ မြို့ထဲမှာ ရှိတဲ့ ဆိုင်ပေါင်းစုံအတွက် လိုအပ်ချက်အရ နှစ်စဥ်နှစ်တိုင်း မိစ္ဆာနှလုံးသားတွေ လဲလှယ်ပေးကြတယ်

“ဘယ်ဂိုဏ်းနဲ့ စီးပွားရေးလုပ်မယ်ဆိုကတော့ သူတို့သဘောအတိုင်းပဲ။ ဂိုဏ်းသုံးဂိုဏ်းက ဘာမှဝင်မစွက်ဖက်ဘူး....”

မန်ဟိုက လက်ဖက်ရည်ခွက်ကို မြှောက်ပြီး နောက်တစ်ငုံ သောက်လိုက်သည်။ သူ၏မျက်လုံးများမှာ အနည်းငယ်ရီဝေနေပြီး စိတ်နှင့်ကိုယ်မကပ်သည့်အလား ဗလာကျင်းနေ၏။ ဝေ့လီပင်လျှင် သူမစကားအား သူကြားရဲ့လား မသိပေ။

စွန်းယွင်လျန်းမှာ ပျော်ရွှင်ကြည်နူးမှုအပြည့်ဖြင့် သက်လတ်ပိုင်းလူကို လှမ်းကြည့်ရင်း မျက်ဝန်းများတွင် လေးစားမှုတို့ပြည့်နှက်သွား၏။ သက်လတ်ပိုင်းအရွယ်အဘိုးကြီးမှာ အတော်လေး စိတ်လှုပ်ရှားနေပြီး ဈေးဆိုင်ပိုင်ရှင်ခုနစ်ဦးကို ဧည့်ဝတ်ကျေသည်ထက်ပင် ပိုနေတော့သည်။

တစ်ဖွဲ့လုံး ရယ်ကာမောကာဖြင့် အလ္လာပသလ္လာပပြောရင်း ထိုင်ခုံများဆီသို့ လျှောက်လာကြသည်။ စွန်းယွင်လျန်းက အစေခံတစ်ဦးကို လက်ဖက်ရည်လာချခိုင်းရန် ပြင်လိုက်စဉ် သက်လတ်ပိုင်းလူက မျက်မှောင်ကြုတ်ပြီး မန်ဟိုနှင့်ဝေ့လီကို လှမ်းကြည့်လာသည်။ ထို့နောက် သူက စွန်းယွင်လျန်းကို ကြည့်ပြီး အသံပေးပို့လိုက်၏။ “အကြီးအကဲစွန်း၊ ဒီနှစ်ယောက်က ဘယ်သူတွေတုန်း”

“စောစောက မိစ္ဆာနှလုံးသားနည်းနည်းပါးပါး လဲလှယ်ဖို့ ရောက်လာကြတဲ့ ဖောက်သည်တွေ” သူကလည်း အသံပြန်ပေးပို့လိုက်သည်။

ဤသည်ကို ကြားမှ သက်လတ်ပိုင်းလူမှာ အတန်ငယ် စိတ်အေးသွားပုံရသည်။ ပထမက သူသည် ထိုနှစ်ယောက်ကို စွန်းယွင်လျန်း၏မိတ်ဆွေများဟု ထင်ခဲ့မိလေသည်။ “အကြီးအကဲ ၊ သူကြွယ်ခုနစ်ဦးက အထူးဧည့်သည်တော်တွေနော်။ ဒီဆန်ကုန်မြေလေးနှစ်ယောက်ကို အောက်ထပ်က တစ်ယောက်ယောက်ဖြစ်ဖြစ် တာဝန်ယူခိုင်းလိုက်ပါလား”

စွန်းယွင်လျန်းမှာ တခဏ ချီတုံချတုံ ဖြစ်သွားပြီး မန်ဟိုဘက်လှည့်ကာ လက်ယှက်၍ ပြုံးပြလိုက်သည်။

“တာအိုရောင်ရင်း၊ အဆင်မပြေဖြစ်သွားရင် အားနာပါတယ်။ အောက်ထပ်ကို ဆင်းပေးလို့ရမလား။ ကျုပ် ရောင်းရင်းရဲ့ မိစ္ဆာနှလုံးသားတွေကို လဲလှယ်ပေးနိုင်မယ့် တစ်ယောက်ယောက် လွှတ်ပေးပါ့မယ်။ ဘယ်လိုလဲ”

စွန်းယွင်လျန်း၏ စကားကို ကြား‌သော် မန်ဟို့မျက်လုံးများထဲရှိ ရီဝေမှုတို့ ပျောက်ကွယ်သွားပြီး သူက လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်သည်။ ချက်ချင်းပင် သက်လတ်ပိုင်းလူ ဦးဆောင်လာသော အဖွဲ့ထဲမှ အစေခံတစ်ယောက် ထွက်လာပြီး ၎င်းကို သိမ်းလိုက်သည်။

မန်ဟိုက မျက်မှောင်ကြုတ်၍ ထရပ်ပြီး စွန်းယွင်လျန်းကို လှမ်းကြည့်သည်။ “ကောင်းပြီ” သူက ပြောသည်။ “စကားမစပ် လက်ရှိလဲလှယ်ပေးတဲ့ နှုန်းထားက ဘယ်လောက်”

“စိတ်အေးအေးထားပါ တာအိုရောင်ရင်း” စွန်းယွင်လျန်းက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ဈေးနှုန်းက မိစ္ဆာနှလုံးသားတစ်တုံးကို ဝိညာဉ်ကျောက်တုံးခြောက်ရာပါ” သူသည် ထိုသို့ပြောရင်း လက်ခုပ်တီးလိုက်ရာ နေဝိညာဉ်အဖွဲ့အစည်းဂိုဏ်းသားတစ်ယောက် ပထမထပ်မှ ချက်ချင်း တက်လာသည်။ မန်ဟိုကို လေးလေးစားစား အရိုအသေပေးပြီးနောက် သူက သူနှင့်အတူ အောက်လိုက်ဆင်းရန် မန်ဟို့ကို လက်ဟန်ပြလိုက်သည်။

မန်ဟိုက မဆိုစလောက် ပြုံးလိုက်ပြီး မျက်နှာအမူအရာမှာတော့ တည်ငြိမ်အေးဆေးလျက် ရှိ၏။ ပထမဆုံး သူတို့သည် သူ၏လက်ဖက်ရည်ခွက်ကို သိမ်းသွားပြီး ယခု မောင်းထုတ်ဖို့ ကြိုးစားနေလေပြီ။ သူတို့ သူ့ကို ပေးသော ‌ဈေးနှုန်းသာ လက်ခံနိုင်ဖွယ်ဖြစ်လျှင် သူ လက်ခံနိုင်ခဲ့ဦးမည်။ သို့သော် သူတို့က အဘိုးကြီးခုနစ်ယောက်‌နှင့် မတူသော ဝိညာဉ်ကျောက်တုံးပမာဏဖြင့် သူ့ကို ကမ်းလှမ်းလိုက်လေသည်။

သူက ဆက်၍ပြုံးနေရင်း ပြန်ထိုင်ချလိုက်သည်။

ဤအပြုအမူက စွန်းယွင်လျန်းကို ချက်ချင်း မျက်မှောင်ကြုတ်သွားစေသည်။

သက်လတ်ပိုင်းလူမှာ စိတ်မရှည်တော့သယောင်ပင်။ သူ စဉ်းစားရသရွေ့ မန်ဟို့တွင် လဲစရာ မိစ္ဆာနှလုံးသား အလွန်ဆုံး ရာဂဏန်းမျှသာ ရှိပေလိမ့်မည်။ “မိတ်‌ဆွေ” သူက ပြောသည်။ “‌ဒီဆိုင်ကို နေဝိညာဉ်အဖွဲ့အစည်းက ပိုင်တာ။ ကျုပ် ကိုယ်တိုင်ကတော့ အဲ့ဒီဂိုဏ်းရဲ့ တော်ဝင်အစောင့်။ ဒါက ... မိတ်ဆွေအတွက် ပြဿနာရှာရမယ့် နေရာမဟုတ်ဘူး။ ကိုယ့်ခြေထောက်နဲ့ကိုယ် အောက်ထပ်ဆင်းတာက အကူအညီနဲ့ဆင်းရတာထက်စာရင် ပိုကောင်းလိမ့်မယ်နော်”

သူသည် သူကြွယ်ခုနစ်ဦးနှင့် မယှဉ်နိုင်သော ယခုလိုလူများစွာ မြင်ခဲ့ဖူး၏။ သူကြွယ်ခုနစ်ဦးမှာ မိစ္ဆာနှလုံးသားအမြောက်အမြား ကြွယ်ဝကြပြီး သူကိုယ်တိုင်ပင် သူတို့ကို ဤနေရာသို့ ခေါ်လာဖို့အတွက် အတော်လေး အားထုတ်ခဲ့ရလေသည်။

“လုပ်လေ စမ်းကြည့်” မန်ဟိုက အေးတိအေးစက် ပြောသည်။

စကားလုံးများက စွန်းယွင်လျန်း၏အမူအရာ ချက်ချင်း လေးနက်သွားစေသည်။ သက်လတ်ပိုင်းလူက မန်ဟို မည်သူမည်ဝါဖြစ်သလဲ မသိသဖြင့် မျက်မှောင်ကြုတ်သွားလေသည်။

အဘိုးကြီးခုနစ်ယောက်မှာ သိပ်ကျေနပ်သွားဟန်မတူ။ သူတို့သည် မည်သည့်ဆိုင်တွင်မဆို မိစ္ဆာနှလုံးသားများအား စိတ်တိုင်းကျ လဲလှယ်နိုင်၏။ ဤ‌နေရာကို ရွေးချယ်ခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သက်လတ်ပိုင်းလူ၏ အထူးတလည်အရေးပေးခြင်း ခံထားရ၍ပင်။ မှန်ပါသည်၊ ပို၍ပင် အရေးကြီးသည်မှာ ဤနေရာရှိ လဲလှယ်နှုန်းထားသည် အခြားဂိုဏ်းနှစ်ဂိုဏ်းထက် မဆိုစလောက်သာ၏။

မြို့ကို လက်ရှိ အုပ်ချုပ်နေသော သူတော်စင်မှာ နေဝိညာဉ်သူတော်စင်ပင် မဟုတ်ပါလော။

ခုနစ်‌ယောက်၏အလယ်တွင် ရပ်နေသော အဘိုးကြီးက တည်ငြိမ်စွာ ဆိုသည်။ “ အကြီးအကဲစွန်း၊ တော်ဝင်အစောင့်ကျိုး။ ကျုပ်တို့ခုနစ်ယောက်မှာ အချိန်သိပ်မရှိတာ သိမှာပါ။ သိပ်ကြာကြာ ရပ်စောင့်မနေနိုင်ပါဘူး။ နောက်မှပဲ အလဲအလှယ်လုပ်ကြတာပေါ့”

စကားလုံးများက ကျိုးအမည်ရှိလူကို ချက်ချင်း ပျာယာခတ်သွားစေသည်။ သူက မန်ဟို့ကို အတင်းအကြပ် မောင်းထုတ်တော့မည့်အချိန် ရုတ်တရက် အကြီးအကဲစွန်းက ရှေ့ဆက်လာသည်။

“တာအိုရောင်ရင်း” သူက မန်ဟို့ကို ကြည့်ရင်း ပြောသည်။ “ဝိညာဉ်ကျောက်တုံးက ပြဿနာမဟုတ်ပါဘူး။ ဒီတော့ မိစ္ဆာနှလုံးသားတစ်တုံးကို ဝိညာဉ်ကျောက်တုံးခုနစ်ရာဆို ဘယ်လိုလဲ”

ဤသည်ကို ကြားသော် မန်ဟိုက အတန်ငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ သူသည် ပြုံးရင်း ထရပ်ပြီးနောက် အောက်ထပ်သို့ ဆင်းရန် ပြင်လိုက်စဉ် ခုနစ်ယောက်အနက် လက်ယာအစွန်ဆုံးတွင် ရပ်နေသော အဘိုးကြီးက အထင်သေးသလိုပြောသည်။

“ဆိုတော့ ဘယ်သူမဆို ဝိညာဉ်ကျောက်တုံးခုနစ်ရာ ရနိုင်တာပေါ့လေ” သူက ပြောသည်။ “‌ဒါဆိုရင် တော်ဝင်အစောင့်ကျိုး။ ကျုပ်တို့ ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရမှာလဲ”

ကျန်အဘိုးကြီးခြောက်ယောက်လည်း မဆိုင်းမတွ ‌ခေါင်းညိတ်လိုက်ကြသည်။ သူတို့ခုနစ်ယောက် ဖွင့်ထား‌သော ဆိုင်များအား သူတို့၏ဂိုဏ်းအမျိုးမျိုး၊ မျိုးနွယ်စုအမျိုးမျိုးက နောက်ကွယ်မှ ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ ထိုမျှသာမက သူတို့သည် မျက်စိရှေ့ရောက်လာသော အခွင့်အရေးဟူသမျှအား ဘယ်တော့မှ အလွှတ်မပေးမည့် အကင်းပါးသူများလည်း ဖြစ်၏။

“အဲ့ဒီလူတောင် ဝိညာဉ်ကျောက်တုံးခုနစ်ရာရရင်” နောက်အဘိုးကြီးတစ်ယောက်က ပြောသည် ။ “ငါတို့အနေနဲ့ အနည်းဆုံး မိစ္ဆာနှလုံးသားတစ်တုံးကို ဝိညာဉ်ကျောက်တုံးရှစ်ရာ ရသင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်သွားဖြတ်လာတစ်ယောက်နဲ့ နှုန်းတူတူ ပေးတာတော့ လက်မခံနိုင်ဘူး။ တော်ဝင်အစောင့်ကျိုး ၊ ခင်ဗျား ကျုပ်ကို အဲ့ဒီလိုကတိပေးခဲ့တာလား”

“အမှန်ပဲ” နောက်တစ်ယောက်က ပြောသည်။ “တော်ဝင်အစောင့်ကျိုး ၊ ဝိညာဉ်ကျောက်တုံးတွေ ထပ်တိုးပေးဖို့ တောင်းဆိုတယ်ဆိုတာ ကျုပ်တို့မှာ လဲစရာ မိစ္ဆာနှလုံးသားတွေ အများကြီးရှိလို့ပဲ။ အမှန်အတိုင်းပြောရရင် ခင်ဗျား ပထမအထပ်မှာ လပေါင်းများ လဲပေးနေခဲ့ရတာထက် ပိုများတယ်။ ‌မဖြစ်စလောက် မိစ္ဆာနှလုံးသားရာဂဏန်း‌လောက်နဲ့လူကို ဈေးအတူတူပေးရင် ကျုပ်တို့က ဘယ်မျက်နှာနဲ့ နေထိုင်ရမှာလဲ”

စွန်းယွင်လျန်းမှာ ပြဿနာတက်ပြီဆိုသည်ကို သဘောပေါက်လိုက်သဖြင့် မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားတော့သည်။ တော်ဝင်အစောင့်ကျိုးမှာမူ မန်ဟိုနှင့်ဝေ့လီကို စိန်းစိန်းဝါးဝါး လှမ်းကြည့်သည်။

“အကြီးအကဲစွန်း၊ ဒါ တကယ်ပဲ မသင့်တော်ဘူးမဟုတ်လား” အဘိုးကြီးနောက်တစ်ယောက်က မေးသည်။

စွန်းယွင်လျန်းမှာ တခဏ ချီတုံချတုံ ဖြစ်သွားပြီးနောက် သက်ပြင်းခိုးချလိုက်တော့သည်။ သို့သော် သူ ပါးစပ်ပင် မဟနိုင်ခင် မန်ဟိုက စကားပြောလာ၏။

“ဒီတော့ ခင်ဗျားတို့ဆီမှာ မိစ္ဆာနှလုံးသားတွေ အများကြီး ရှိတယ်ပေါ့လေ” သူက လူခုနစ်ယောက်ကို မေးသည်။

“မင်းမှာ ရှိတာထက်ပိုဝာာ သေချာတယ်” စကားပြောခဲ့သော ပထမဆုံးတစ်ယောက်က အေးတိအေးစက် ပြောသည်။

မန်ဟို့မျက်လုံးများ လင်းလက်သွားသည်။ သူက အေးစက်စက် နှာတစ်ချက်မှုတ်ပြီးနောက် အင်္ကျီလက်စခါလိုက်သည်။ “ခင်ဗျားတို့ ကျုပ်နဲ့ ပြိုင်ပွဲသေးသေးလေး ပြိုင်ရဲလား” သူက မေးသည်။ “ရှုံးတဲ့သူက နိုင်တဲ့သူကို မိစ္ဆာနှလုံးသားအကုန်လုံး ပေးရမယ်”

သူ၏စကားလုံးများက အဘိုးကြီးခုနစ်ယောက်၏မျက်နှာအမူအရာများကို ‌ပြောင်းလဲသွားစေသည်။ သူတို့က မန်ဟိုကို လှမ်းကြည့်ပြီး ရုတ်တရက် အခြေအနေက ‌တင်းမာသွားလေပြီ။ စွန်းယွင်လျန်းက ရှေ့တက်ပြီး နှစ်ဦးနှစ်ဖက်လုံးကို လက်ယှက်အရိုအသေပေးလိုက်သည်။

“လူကြီးမင်းတို့၊ ‌ဒေါသမထွက်ကြပါနဲ့ဗျာ။ အကုန်လုံးက သေသေချာချာ မရှင်းပြမိတဲ့ ကျုပ် အမှားပါ။ တာအိုရောင်ရင်း ၊ ဒါက ပင်လယ်ခံတပ်မှာ အကြီးဆုံးစီးပွားရေးတွေလုပ်ကိုင်တဲ့ သူကြွယ်ကြီးခုနစ်ယောက်ပါ။ နှစ်တိုင်းနှစ်တိုင်း မိစ္ဆာနှလုံးသား‌အမြောက်အမြား လာလဲလှယ်လေ့ရှိပါတယ်

“ရောင်ရင်း ကျုပ်မျက်နှာထောက်ထားပြီး ဒီကိစ္စကို ဒီအတိုင်းထားလိုက်လို့ ရမလား”

ဤသည်ကို ကြားသော် မန်ဟို့မျက်နှာက မသိမသာ လင်းလက်သွားသည်။ သူက နောက်တစ်ဖန် အေးစက်စက် နှာမှုတ်လိုက်ပြန်၏။ သို့သော် ဤတစ်ခေါက်တွင် သူ၏လေသံက အတန်ငယ် ပျော့ပျောင်းသွားလေသည်။ “ဟုတ်ပြီ အကြီးအကဲစွန်း ခင်ဗျားမျက်နှာထောက်ထားပြီး ကျုပ် ဒီတိုင်းထားလိုက်ပါ့မယ်”

အဘိုးကြီးရှစ်ယောက်၏မျက်လုံးများ မီးဝင်းဝင်းတောက်သွားသည်။ ရုတ်တရက် သူတို့အထဲမှ တစ်ယောက်က မန်ဟို့‌အရှေ့တည့်တည့်တွင် လမ်းပိတ်ရင်း ပြန်ပေါ်လာသည်။ “ဒီမှာ ရပ်စမ်း”

“ခင်ဗျားတို့လူတွေ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ” မန်ဟိုက ငေါက်လိုက်သည်။ နိုးနိုးကြားကြား ဖြစ်သွားပြီး သံသယဝင်သွားသောအရိပ်အယောင်က သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွား၏။ ထိုမျှသာမက နေထိုင်ခဲ့သော နှစ်ပေါင်းများစွာတစ်လျှောက်လုံး သူသည် လူအများကို ကလိမ်ကျနှပ်ချရင်း အံတိုနေလေပြီ။ ၎င်းသည် သူ၏အရိုးထဲအထိပင် အမြစ်တွယ်နေပြီဖြစ်သော အရည်အချင်းတစ်မျိုးဖြစ်၏။

အဘိုးကြီးခုနစ်ယောက်သည် လည်ကောင်းလည်နိုင်သော်လည်း မန်ဟို့မျက်နှာထားကို ကြည့်ခြင်းဖြင့် ရိပ်မိနိုင်ဖို့ကတော့ မဖြစ်နိုင်ပေ။

တော်ဝင်အစောင့်ကျိုးက အ‌ထင်သေးနေသောမျက်လုံးများဖြင့် အေးစက်စက် ရယ်လိုက်သည်။

စွန်းယွင်လျန်းက မျက်မှောင်ကြုတ်ရင်း မန်ဟို့ကို ကြည့်ပြီးနောက် အဘိုးကြီးခုနစ်ယောက်ကို ကြည့်သည်။

မန်ဟို့လမ်းကို ပိတ်ထားသော အဘိုးကြီးက မျက်လုံးများ တဖျပ်ဖျပ် လက်လျက် စကားမပြောဘဲ ရပ်နေလေသည်။ ကျန်အဘိုးကြီးခြောက်ယောက်မှာမူ စိတ်လှုပ်ရှားနေဟန်ပင်။ ရုတ်တရက် တစ်ယောက်က ပြောသည်။ “ပြိုင်ချင်ရင်လည်း ပြိုင်ကြတာပေါ့။ ရှုံးတဲ့သူက နိုင်တဲ့သူကို မိစ္ဆာနှလုံးသားအကုန် ပေးရမယ်”

စွန်းယွင်လျန်းက နောက်တစ်ဖန် လက်ယှက်ပြီး အရိုအသေပေးလိုက်ပြန်သည်။ “သူကြွယ်ကြီးခုနစ်ယောက်ခင်ဗျ။ ဒီတာအိုရောင်ရင်းက မိစ္ဆာနှလုံးသားနည်းနည်းပါးပါး လဲလှယ်ဖို့ လာတာပါ။ အပြောအဆိုနည်းနည်း မာသွားပေမယ့် သူကြွယ်ကြီးတို့ခုနစ်ယောက်‌အနေနဲ့ ကျုပ် မျက်နှာထောက်ထားပေးဖို့ တောင်းဆိုချင်ပါတယ်....”

မန်ဟိုက သက်ပြင်းအကျယ်ကြီး ချပြီးနောက် သူ့လမ်းကို ပိတ်နေသော အဘိုးကြီး၏ဘေးမှ ဖြတ်လျှောက်သွားလေသည်။ ဝေ့လီကလည်း သူ့နောက်မှ လှေကားဆီသို့ လိုက်လာသည်။ သူ့နှုတ်ခမ်းအပေါ်တွင် မဲ့ပြုံးတစ်ခု ဖြစ်ထွန်းသွားသော်လည်း မည်သူမှ မမြင်လိုက်ပေ။

သူ၏တွက်ချက်မှုအရ အဘိုးကြီးခုနစ်ယောက်အနေဖြင့် သေချာပေါက် သူ၏ထောင်ချောက်ထဲ ကျလာပေလိမ့်မည်။ သူ တွက်ထားသည့်အတိုင်းပင်။ ယခုတွင် အဘိုးကြီးများမှာ မန်ဟို့တွင် သူတို့နှင့်ယှဉ်နိုင်လောက်သော မိစ္ဆာနှလုံးသားပမာဏမရှိဟု တထစ်ချ ယုံကြည်သွားတော့၏။

မန်ဟို ‌လှေကားခြောက်ထစ်သာ ဆင်းရသေးသည်၊ အဘိုးကြီးခုနစ်ယောက်အနက် နှစ်ယောက်က ရုတ်တရက် သူ့အရှေ့တွင် ဖျတ်ခနဲ ပေါ်လာကာ သူ့လမ်းကို ပိတ်လိုက်၏။

“စကားကို မဆင်မခြင်ပြောရင် ဒုက္ခရောက်တတ်တယ်” တစ်ယောက်က ပြောသည်။ “မင်းက အရင် ပြိုင်မယ်လို့‌ ပြောခဲ့မှတော့ ပြိုင်ကို ပြိုင်ရမယ်”

မန်ဟို့မျက်နှာမှာ အတန်ငယ် မအီမသာဖြစ်သွားပြီး တိတ်ဆိတ်စွာ ရပ်နေတော့သည်။ သူက မျက်နှာထား တင်းမာခက်ထန်နေလျက် လှည့်ပြီး အပေါ် ပြန်တက်လာသည်။

စွန်းယွင်လျန်းမှာ ခါးသက်သက် ပြုံးလိုက်ပြီး မန်ဟို့ကို အားနာနေသောအကြည့်ဖြင့် ကြည့်သည်။ တော်ဝင်အစောင့်ကျိုးမှာမူ သူ၏လှောင်ပြောင်သရော်နေမှုက သိသာလေသည်။

မန်ဟိုက အံတင်းတင်းကြိတ်ပြီး မွဲပြာကျသည်အထိ စွန့်စားတော့မည့်အလားပြောသည်။ “ဘယ်လိုပြိုင်ကြမှာလဲ”

အဘိုးကြီးခုနစ်ယောက်ထဲမှ တစ်ယောက်က ထောင်လွှားမောက်‌မာနေသောဟန်ပန်ဖြင့် ရှေ့တက်လာသည်။ “ငါ တစ်ယောက်တည်းနဲ့တင် လုံလောက်တယ်”

“ဒီသိုလှောင်အိတ်ထဲမှာ အဆင့်နိမ့်မိစ္ဆာနှလုံးသား (၁၃၀၀၀) ပါတယ်။ တာအိုရောင်ရင်းမှာ မိစ္ဆာနှလုံးသား ဘယ်လောက်ရှိလဲ” သူက သိုလှောင်အိတ်ကို တော်ဝင်အစောင့်ကျိုးဆီ ပစ်ပေးလိုက်သည်။ တော်ဝင်အစောင့်ကျိုးက လက်ခံ၍ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်၏။ သူသည် ခေါင်းညိတ်ပြီးနောက် ပို၍သေချာစေဖို့ရန်အလို့ငှာ ကျောက်ပြားတစ်ပြား ထုတ်လိုက်လေသည်။

၎င်းသည် မီတာသုံးရာမြင့်ပြီး နဂါးကိုးကောင်အား ထုဆစ်ပုံဖော်ထားလေသည်။ တော်ဝင်အစောင့်ကျိုးမှ သိုလှောင်အိတ်ကို ကျောက်ပြားအပေါ် တင်လိုက်သောအခါ ပထမနဂါးသည် ‌အသက်ဝင်လာသည့်အလား လင်းလက် တောက်ပလာ၏။ ဒုတိယနဂါးမှာမူ သုံးဆယ်ရာခိုင်နှုန်း တောက်ပလာသည်။

“နဂါးကိုးကောင်မိစ္ဆာနှလုံးသားချိန်ခွင်မှာ” စွန်းယွင်လျန်းက ပြောသည်။ “နဂါးတစ်ကောင်စီက အဆင့်နိမ့်မိစ္ဆာနှလုံးသားတစ်သောင်းကို ကိုယ်စားပြုတယ်” သူက ထိုသို့ပြောရင်း မန်ဟိုသုံးဖို့အတွက် တစ်ပုံစံတည်းတူသော ကျောက်ပြားတစ်ပြား ထုတ်လိုက်သည်။

မန်ဟိုနှင့်ပြိုင်နေသော အဘိုးကြီးက မောက်မောက်မာမာ ပြော၏။ “မင်းမှာ မိစ္ဆာနှလုံးသားတွေ ဘယ်လောက်ရှိလဲ သိချင်မိတယ်။ တာအိုရောင်ရင်း ကျေးဇူးပြုပြီး ငါတို့သိရအောင် ထုတ်လိုက်ပါ”

အဘိုးကြီးခြောက်ယောက်က ရလဒ်အပေါ် ယုံကြည်ချက်အပြည့်အဝရှိနေသော ပုံစံဖြင့် တောက်ပစွာ ပြုံးရင်း မန်ဟို့ကို ကြည့်နေကြသည်။

တော်ဝင်အစောင့်ကျိုး၏အပြုံးမှာ ပို၍ပင် တောက်ပလာတော့သည်။ သူသည် မန်ဟိုကို အစကတည်းက မကြိုက်ခဲ့၍ ယခုတွင် သူ၏ လှောင်ပြောင်နေသောအကြည့်မှာ ယခင်ထက်ပို၍ သိသာလာလေသည်။ ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်ပြီး တုံ့ပြန်မည့် မန်ဟို့အမူအရာကို ကြည့်ရဖို့ သူ ‌မစောင့်နိုင်တော့ပေ။

***

All Chapters