ဘုရားပေးသောဆုလာဘ်
Vol. 48 Ch. 668
ဝေ့လီက မန်ဟို့ကို စိုးရိမ်တကြီး လှမ်းကြည့်လာသည်။ သူမမှာ မန်ဟို ရှုံးသွားလျှင် ဖြစ်လာမည့်အရာနှင့်ပတ်သက်ပြီး စိတ်ပူနေ၏။ သူ ပေးဆပ်ရမည့် တန်ကြေးမှာ စိတ်ကူး၍မရနိုင်သည်မဟုတ်ပါလော.....
မန်ဟိုက ခံစားချက်မဲ့သော မျက်နှာထားဖြင့် သိုလှောင်အိတ်ကို ပုတ်၍ နဂါးကိုးကောင်မိစ္ဆာနှလုံးသားချိန်ခွင်ပေါ် တင်လိုက်သည်။ သိုလှောင်အိတ် ၎င်း၏မျက်နှာပြင်ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ကျောက်ပြားအပေါ်တွင် ထုဆစ်ပုံဖော်ထားသော နဂါးတစ်ကောင်မှာ လင်းလက်တောက်ပစပြုလာ၏။
ဖြစ်ပျက်နေသောမြင်ကွင်းက လူတိုင်းအား သေသေချာချာ ကြည့်နေမိစေသည်။ အထူးသဖြင့် အဘိုးကြီးခုနစ်ယောက်။ သူတို့၏မျက်နှာအမူအရာများ ရိပ်ခနဲ ဖြစ်သွားကြပြီး လျင်မြန်စွာပင် ဝမ်းသာအားရ တောက်ပလာတော့သည်။
သူတို့သည် ရှုံးမှာကို မစိုးရိမ်။ စိုးရိမ်သည်မှာ မန်ဟို့သိုလှောင်အိတ်ထဲတွင် မိစ္ဆာနှလုံးသား သိပ်သိပ်များများစားစား မပါမည်ကိုပင်။ ၎င်းတွင် တစ်သောင်းရှိကြောင်း မြင်သောအခါ သူတို့သည် ခွဲယူပြီးနောက်တွင် ခုနစ်ယောက်လုံး အမြတ်ကောင်းကောင်းရနိုင်ဦးမည်ကို သိလိုက်ကြ၏။
အဘိုးကြီးခုနစ်ဦး၏မျက်နှာများအပေါ်တွင် အပြုံးများဖြစ်ထွန်းလာကြစဉ် တော်ဝင်အစောင့်ကျိုး၏မျက်လုံးများမှာတော့ ဝိုင်းစက်ပြူးကျယ်နေပြီး နောင်တအနည်းငယ်ရသွားမိ၏။ ယခင်က သူသည် မန်ဟို့တွင် မိစ္ဆာနှလုံးသား ရာဂဏန်းမျှ သို့မဟုတ် အလွန်ဆုံး ထောင်ဂဏန်းမျှသာ ရှိလိမ့်မည်ထင်ခဲ့လေသည်။ သို့သော် ထိုလူ့တွင်ကား တကယ်တမ်း တစ်သောင်းရှိနေလေ၏။
သို့သော် မန်ဟို မည်သည့်နည်းနှင့်မျှ မနိုင်နိုင်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ၏နောင်တမှာ အလျင်အမြန်ပင် ပျောက်ကွယ်သွားသည်။ အဆုံးသတ်တွင် မန်ဟို မုချ ရှုံးလိမ့်မည်။ သူကြွယ်ခုနစ်ဦးကတော့ လဲလှယ်ရန် မိစ္ဆာနှလုံးသားများ ပိုမိုရရှိသွားလိမ့်မည်။
ဤအခိုက်အတန့်တွင် ဒုတိယနဂါးသည် တစ်ဝက်လင်းလာသည့်တိုင်အောင် တောက်ပလာ၏ ။ ထိုအခြင်းအရာက မန်ဟို့သိုလှောင်အိတ်ထဲတွင် မိစ္ဆာနှလုံးသား (၁၅၀၀၀) ရှိကြောင်း ညွှန်ပြနေလေသည်။
“ခင်ဗျား ရှုံးသွားပြီ” မန်ဟိုက ချက်ချင်း ပြောလိုက်သည်။ သူသည် ပျော်ရွှင်ဝမ်းမြောက်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို ကြိုးစားဖုံးကွယ်နေပုံရသော်လည်း သူ၏မျက်နှာပေါ်တွင် အတိုင်းသား ပေါ်လွင်နေ၏။
“ဘယ်သူပြောလဲ” သူ့အရှေ့တွင် ရပ်နေသော အဘိုးကြီးက ရယ်လိုက်သည်။ “ပြိုင်ပွဲက မင်းနဲ့ ငါတို့ခုနစ်ယောက်နဲ့ပဲ။ ခုနစ်ယောက်မပြီးမချင်း မပြီးသေးဘူး။ ဘယ်သူမှလည်း ကြားဝင်စွက်ဖက်ခွင့် မရှိဘူး။ ဒီပြိုင်ပွဲပြီးရင် တစ်ဖက်ကတော့ အခြားတစ်ဖက်ကို ပိုင်ဆိုင်သမျှ မိစ္ဆာကျောက်တုံးအကုန် ပေးရမယ်” ကျန်ခြောက်ယောက်လုံး ခေါင်းညိတ်လိုက်ကြသည်။
ပထမဆုံးအဘိုးကြီးက နောက်ဆုတ်သွားပြီး ဒုတိယအဘိုးကြီးက ဆောင့်ကြွားကြွားနှင့် ရှေ့တက်လာသည်။ သူသည် သိုလှောင်အိတ်တစ်လုံးထုတ်ပြီး မန်ဟို့ကို အထင်သေးသလို ကြည့်ကာ ၎င်းအား ကျောက်ပြားအပေါ် ပစ်တင်လိုက်၏။
ဝီခနဲ အသံတစ်သံကြားလိုက်ရပြီး ကျောက်ပြားမှာ စတင်တုန်ခါလာတော့သည်။ ၎င်း၏မျက်နှာပြင်ပေါ်ရှိ နဂါးများမှာ အသက်ရှိနေသည့်အလား လှိုင်းများ ထုတ်လွှတ်နေလေပြီ။ ဒုတိယနဂါးမှာ ယခုတွင် တစ်ကောင်လုံး တောက်ပနေပြီဖြစ်ရာ ၎င်းအား အလွန်အသက်ဝင်နေစေတော့၏။ ထိုမျှသာမက တတိယနဂါးမှာလည်း တစ်ကောင်လုံး တောက်ပနေလေပြီ။
“မိစ္ဆာနှလုံးသား စုစုပေါင်း ၃၀၀၀၀” တော်ဝင်အစောင့်ကျိုးက စိတ်လှုပ်တရှား ဆိုသည်။
“ထပ်ရှိသေးရဲ့လား” အဘိုးကြီးက မန်ဟို့ကို ကြည့်ရင်း မေးသည်။
ကျန်အဘိုးကြီးခြောက်ယောက်လည်း ထိုနည်းတူပင်။ သူတို့အားလုံးသည် မန်ဟို့တွင် မိစ္ဆာနှလုံးသားအများအပြားမဟုတ်ဘဲ အနည်းငယ် ရှိလောက်သေးသည်ဟု ထင်နေကြပြီး ပြိုင်ပွဲမှာ ဆင်ပြောင်ကြီး အမြီးတစ်သလို ပြီးဆုံးသွားလိမ့်မည်ဟု ထင်ကြေးပေးနေကြ၏။
မန်ဟိုက ညာလက်ဖြင့် ဝတ်ရုံထဲသို့ နှိုက်လိုက်စဉ် မျက်နှာထားတင်းမာနေ၏။ ထို့နောက် သိုလှောင်အိတ်နောက်တစ်လုံး ဆွဲထုတ်ပြီး ကျောက်ပြားအပေါ် ပစ်တင်လိုက်လေသည်။ ၎င်း ကျသွားသည်နှင့်တစ်ပြိုင်နက် တတိယနဂါးတစ်ကောင်းလုံး လင်းလက်သွားပြီး စတုတ္ထနဂါး၏ဆယ်ရာခိုင်နှုန်းလည်း ထိုနည်းတူပင်။
တော်ဝင်အစောင့်ကျိုးမှာ ပင့်သက်ရှိုက်သွားပြီး မန်ဟို့ကို လှမ်းကြည့်သည်။ “၃၁၀၀၀ ...”
စွန်းယွင်လျန်းမှာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေပြီး မယုံကြည်နိုင်လုနီးပါးဖြစ်နေသည်။ စိတ်ထဲတွင် သူသည် ခါးသက်သက် ရယ်နေမိ၏။ မန်ဟို့တွင် မိစ္ဆာနှလုံးသားဤမျှ ပိုင်ဆိုင်ထားကြောင်း သူ သိခဲ့လျှင် ယခုလိုဖြစ်စရာ အကြောင်းမရှိပေ။
အဘိုးကြီးခုနစ်ဦးပင်လျှင် အံ့အားသင့်နေကြသည်။ သူတို့တစ်ယောက်စီတွင် မိစ္ဆာနှလုံးသား (၁၀၀၀၀) ကျော် ပိုင်ဆိုင်ထားသော်လည်း မည်သူ့တွင်မျှ ပိုင်ဆိုင်မှု (၂၀၀၀၀) မကျော်ပေ။ သို့ထိတိုင် သူတို့၏ပြိုင်ဘက်မှာ ပမာဏ(၃၀၀၀၀)က ထုတ်ခဲ့ပြီးလေပြီ။ ယခုတွင် သူတို့မှာ သူနှင့်ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုး မပေးမိဘဲ မနေတော့ပေ။
သို့သော် အဘိုးကြီးခုနစ်ယောက်အတွက် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်ရန် တခဏသာ ကြာလိုက်သည်။ သူတို့သည် ဤပြိုင်ပွဲကို ယခင်ထက်ပို၍ စိတ်ဝင်စားလာကြသဖြင့် မျက်လုံးများတွင် စိတ်အားထက်သန်မှုတို့ဖြင့် တောက်ပလာတော့သည်။ ဤပြိုင်ဘက်တွင် မိစ္ဆာနှလုံးသား (၃၀၀၀၀) ဝန်းကျင်ရှိသည်ကို ထည့်တွက်ပါက သူတို့နိုင်လျှင် တစ်ယောက်ကို (၅၀၀၀) နီးပါး ရကြလေမည်။ တွေးလိုက်ရုံနှင့် သူတို့မှာ ရင်တဒိန်းဒိန်းခုန်လာကြတော့၏။
ထို့နောက် ခုနစ်ယောက်သား ညစ်ကျယ်ကျယ် ရယ်လိုက်ကြသည်။ ဤအခိုက်တွင် ဒုတိယအဘိုးကြီးသည် နောက်ဆုတ်သွားပြီး တတိယအဘိုးကြီးက ရှေ့တက်လာခဲ့လေပြီ။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သိုလှောင်အိတ်တစ်လုံးအား ပျံ့ထွက်သွားစေ၏။ ချက်ချင်းပင် စတုတ္ထနှင့် ပဉ္စမနဂါးများ တောက်ပလာသော်လည်း ပဉ္စမနဂါးမှာ ကိုးဆယ်ရာခိုင်နှုန်းသာဖြစ်သည်။
“အဆင့်နိမ့်မိစ္ဆာနှလုံးသား ၄၉၀၀၀” တော်ဝင်အစောင့်ကျိုးက ပြောရင်း မန်ဟို့ကို လှမ်းကြည့်လိုက်သည်။ ယခုတွင် ဝေ့လီအပါအဝင် လူတိုင်းမှာ မန်ဟို့ကို စိုက်ကြည့်နေကြလေပြီ။
“မင်း ဆက်ပြိုင်နိုင်မယ်ဆိုတာ ငါ မယုံဘူး” သုံးယောက်မြောက်အဘိုးကြီးက အေးတိအေးစက် ပြောသည်။
မန်ဟိုက ဘာမှမပြောပေ။ သူ့ဝတ်ရုံထဲရှိ သိုလှောင်အိတ်များမှာ အဆုံးမရှိသယောင်ပင်။ သူက တစ်အိတ်ပြီးတစ်အိတ် ထုတ်၍ လှမ်းပစ်လိုက်ရာ စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမနဂါးများ အပြည့်အဝ တောက်ပလာ၏။
သိုလှောင်အိတ်တွင် မိစ္ဆာနှလုံးသား (၃၀၀၀၀) ရှိနေလေသည်။
တော်ဝင်အစောင့်ကျိုးမှာ ချာချာလည် မူးဝေနေပြီး အသက်ရှူသံများ မြန်နေ၏။ သူက ကျောက်ပြားအပေါ်၌ တောက်ပနေသော နဂါးခြောက်ကောင်ကို တွေတွေကြီး ငေးကြည့်နေလေသည်။
“မိစ္ဆာနှလုံးသား.....၆၀၀၀၀”
အဘိုးကြီးခုနစ်ယောက်မှာ မျက်စိမျက်နှာပျက်သွားပြီး မန်ဟိုကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ကြသည်။ ထို့နောက် အချင်းချင်း ပြန်ကြည့်ပြီး တက်ညီလက်ညီ သုံးသပ်လိုက်ကြသည်။ သူတို့အမြင်တွင်တော့ ဤသိုလှောင်အိတ်မှာ သူတို့၏ပြိုင်ဘက်၏ နောက်ဆုံးအိတ်ဖြစ်ပေလိမ့်မည်။
“မိစ္ဆာနှလုံးသား ၆၀၀၀၀ တဲ့လား။ ဒီလောက် မောက်မာတင်စီးနေတာ အံ့ဩစရာမရှိပါဘူး”
“သူ့မှာ မိစ္ဆာနှလုံးသားတွေ ဒီလောက်အများကြီးရှိလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး။ ဒါပေမဲ့ ငါတို့ခုနစ်ယောက်ကို မယှဉ်နိုင်ပါဘူးကွ။”
“၇၀၀၀၀ ရှိရင် အကောင်းဆုံးပဲ။ ဒါမှ တစ်ယောက်ကို ၁၀၀၀၀ စီ ရမှာ။ ဒါဆို တော်တော်လေး မြတ်ပြီ။ ဒီလူ့မှာ နောက်ခံတောင့်တောင့်တင်းတင်း ရှိရင်တောင်မှ ငါတို့ခုနစ်ယောက်ကို နိုင်မယ်ထင်လား”
အဘိုးကြီးလေးနှင့် အဘိုးကြီးငါးတို့ တစ်ပြိုင်တည်း ရှေ့ဆက်လိုက်ကြစဉ် ခုနစ်ယောက်လုံးက မခိုးမခန့် ရယ်လိုက်ကြသည်။ သူတို့နှစ်ယောက်က သိုလှောင်အိတ်များကို လှမ်းပစ်လိုက်ပြီး ၎င်းတို့ ကျောက်ပြားအပေါ် ကျရောက်သွားသောအခါ ဆဋ္ဌမနဂါးသာ တောက်ပလာခြင်းမဟုတ်၊ သတ္တမနဂါးလည်း တောက်ပလာပြီး အဋ္ဌမနဂါးမှာတော့ ငါးဆယ်ရာခိုင်နှုန်း လင်းနေ၏။
“အဆင့်နိမ့်မိစ္ဆာနှလုံးသား ၇၅၀၀၀” တော်ဝင်အစောင့်ကျိုး၏ အံ့အားသင့်နေသောအသံက ပဲ့တင်ထပ်လာသည်။
ပဉ္စမအဘိုးကြီးက အားပါးတရ ရယ်လေသည်။ “တာအိုရောင်ရင်း၊ မင်းမှာ မိစ္ဆာနှလုံးသား ဘယ်လောက်ရှိရှိ ထုတ်လိုက်တော့။ ငါတို့ မင်းနဲ့ အဆုံးထိ ဆက်သွားမယ်” သူ၏အမူအရာသည် မာန်တက်နေဟန်ရှိပြီး သူ့ရင်ထဲတွင်တော့ ဖုံးဖိမရနိုင်သော ပျော်ရွှင်မှုတို့ ပြည့်နှက်နေလေ၏။
အခြားသူများလည်း မန်ဟို့မိစ္ဆာနှလုံးသားများကို မည်သို့ခွဲရမည်လဲ စဉ်းစားရင်း ငါးခူပြုံးပြုံးနေကြလေသည်။
မန်ဟိုက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ဝတ်ရုံထဲ ထပ်နှိုက်လိုက်သည်။ ထို့နောက် သိုလှောင်အိတ်တစ်လုံး ထုတ်ကာ ကျောက်ပြားပေါ် ပစ်တင်လိုက်သဖြင့် အဘိုးကြီးခုနစ်ယောက်၏မျက်လုံးများ ကျဉ်းမြောင်းသွားလေပြီ။
ဂျိမ်းခနဲ သတ္တမနှင့် အဋ္ဌမနဂါး တောက်ပလာသည်။ နဝမနဂါးသာ ကျန်တော့၏။
ဤအခြင်းအရာကို မြင်သောအခါ အဘိုးကြီးခုနစ်ယောက်က အားပါးတရ အော်ရယ်တော့သည်။ တော်ဝင်အစောင့်ကျိုးပင် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။ သိသာစွာပင် မန်ဟို့ပင် မိစ္ဆာနှလုံးသား(၈၀၀၀၀) သာ ရှိလေသည်။ မဟုတ်လျှင် နဝမနဂါး တောက်ပလာခဲ့လိမ့်မည်။
စွန်းယွင်လျန်းမှာတော့ အသက်ရှူမှားနေခဲ့ပြီဖြစ်ပြီး ရင်တဒိန်းဒိန်းခုန်လာသည်။ တော်ဝင်အစောင့်ကျိုး၏အမူအရာကို မြင်သောအခါ သူ့မှာ ထိုလူ့မျက်နှာကို ဖြတ်ရိုက်ပစ်ချင်နေတော့သည်။ “ အ,လိုက်တဲ့ကောင်။ မိစ္ဆာနှလုံးသား (၈၀၀၀၀) ပိုင်တဲ့လူဆိုတာ ရန်စလို့ရတဲ့လူမဟုတ်ဘူး။ သူက ခုနစ်ယောက်၊ တစ်ယောက်မလို့ မတိုက်ခိုက်ရဲကောင်း မတိုက်ရဲပေမယ့် ဒီအခြေအနေက နေဝိညာဉ်အဖွဲ့အစည်းမှာ ဖြစ်နေတာလေ။ သေချာပေါက် အလျှော့ပေးမှာမဟုတ်ဘူး”
“ဟာသ လုပ်မနေနဲ့တော့” အဘိုးကြီးခြောက်က ပြောသည်။ “တာအိုရောင်ရင်း၊ အခု မင်းကို ငါ ဆုံးမပေးဖို့ အချိန်ကျပြီ။ ကောင်းကင်ဘုံရဲ့အလွန်မှာ ကောင်းကင်ဘုံရှိသလို၊ မင်းထက်သာတဲ့သူတွေ အမြဲရှိတယ်ဆိုတာ မှတ်ထား။ ဘယ်တော့မှ မမေ့နဲ့” သူကား ရှေ့ပင်တက်မလာဘဲ သိုလှောင်အိတ်အား လှမ်းပစ်လိုက်သည်။ ၎င်းက ဘုတ်ခနဲ ကျောက်ပြားအပေါ်သို့ ကျသွားရာ အဋ္ဌမနဂါးအား တစ်ကောင်လုံး တောက်ပသွားစေသည်။ နဝမနဂါးက ခုနစ်ဆယ်ရာခိုင်နှုန်း တောက်ပလာ၏။
“အဆင့်နိမ့်မိစ္ဆာကျောက်တုံး ..၈ .... ၈၇၀၀၀၀” တော်ဝင်အစောင့်ကျိုး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
မန်ဟိုက မျက်မှောင်ကြုတ်သွားပြီး ဝတ်ရုံထဲ နှိုက်လိုက်သည်။ သို့သော် သိုလှောင်အိတ်ထပ်မထုတ်။ သူ ပိုင်ဆိုင်သမျှ အဆင့်နိမ့်မိစ္ဆာနှလုံးသားအားလုံးမှာ ဝတ်ရုံထဲတွင် ရှိသည်မဟုတ်ပါလော။
ဝေ့လီမှာ မန်ဟို့မျက်နှာအမူအရာကို မြင်သောအခါ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ အဘိုးကြီးခုနစ်ယောက်၏မျက်နှာအမူအရာများမှာ အတိုင်းမသိ ဝမ်းသာကျေနပ်နေဟန်ပင်။ သူတို့ထဲမှ တစ်ယောက်က ရှေ့တက်လာပြီး ကျောက်ပြားအပေါ်တွင် မန်ဟိုတင်ထားခဲ့သော သိုလှောင်အိတ်များဆီ လှမ်းလိုက်သည်။
“ထိလို့ရတယ်လို့ ကျုပ် ပြောလား” မန်ဟိုက ပြောသည်။ သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အဘိုးကြီးအား နောက်သို့ အသာအယာ တွန်းထုတ်လိုက်သော တိုက်ကွက်တစ်ကွက် ဖြစ်သွား၏။ အဘိုးကြီးမှာ မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး မန်ဟို့ကို လှမ်းကြည့်လိုက်သည်။ ကျန်အဘိုးကြီးခြောက်ယောက်က မနှစ်မြို့သောမျက်နှာအမူအရာများဖြင့် ရှေ့ဆက်လာလေသည်။
“အရှုံးကို လက်မခံနိုင်ဘူးလား တာအိုရောင်ရင်း” တစ်ယောက် မေးသည်။
“လက်မခံနိုင်လည်း မတတ်နိုင်ဘူး” နောက်တစ်ယောက်က ပြောသည်။ “ရှုံးတာက ရှုံးတာပဲ။ ရှုံးသွားပြီဖြစ်တဲ့အတွက် အဲ့ဒီမိစ္ဆာနှလုံးသားတွေက အခု ငါတို့အပိုင်ဖြစ်သွားပြီ”
မန်ဟို့မျက်နှာအမူအရာကတော့ ယခင်အတိုင်းသာ။ ထို့နောက် သူက ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။
“ပြိုင်ပွဲ ပြီးမှမပြီးသေးတာကို ဘယ်လိုလုပ်ရှုံးသွားတာလဲ ကျုပ်က” သူ၏စကားလုံးများက အဘိုးကြီးခုနစ်ယောက်ကို ချက်ချင်း ရင်လေးသွားစေ၍ အချင်းချင်း တအံ့တဩ ကြည့်လိုက်ကြသည်။
“အဆင့်နိမ့်မိစ္ဆာနှလုံးသားတွေ ထပ်ရှိသေးလို့လား”
“အဆင့်နိမ့်မိစ္ဆာနှလုံးသားလား။ မရှိတော့ဘူး ကုန်ပြီ” မန်ဟိုက ပြန်ဖြေသည်။ ဤအခိုက်အတန့်တွင် သူ၏ခါးဘေးရှိ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ၎င်းအတွင်းမှ နောက်ထပ်သိုလှောင်အိတ်တစ်လုံး ထွက်လာလေသည်။ ဤသည်မှာ ပင်လယ်ခံတပ်တွင် ဝယ်ခဲ့သော အထူးသိုလှောင်အိတ်များအထဲမှ တစ်လုံးဖြစ်၏။
မန်ဟိုက ၎င်းကို ကိုင်ရင်း နဂါးကိုးကောင်မိစ္ဆာနှလုံးသားချိန်ခွင်ကို ကြည့်လိုက်သည်။ “ဒီကျောက်ပြားကလွဲပြီး တခြားဟာ ဘာလို့မသုံးတာလဲ။ ဒီလိုအံ့ဖွယ်ရတနာတစ်ခု ပျက်စီးသွားရင် နှမြောစရာကြီးနေမှာ”
ဤသည်ကို ကြားသော် အဘိုးကြီးခုနစ်ယောက်မှ မန်ဟို့လက်ထဲရှိ သိုလှောင်အိတ်ကို အထိတ်တလန့်သာ စိုက်ကြည့်နိုင်တော့သည်။ သို့သော် တစ်ယောက်က သရော်လိုက်၏။ “ကျောက်ပြားမှာ နဂါးကိုးကောင်ပဲ ရှိပေမယ့် တစ်သိန်းကျော်ရင် အရောင်ပြောင်းသွားလိမ့်မယ်။ ဒီနေ့အထိ မိစ္ဆာနှလုံးသားတွေသုံးပြီး နဂါးကိုးကောင်မိစ္ဆာနှလုံးသားချိန်ခွင်ကို ပျက်စီးစေနိုင်တဲ့သူ ရှိတယ်လို့ တစ်ခါမှ မကြားခဲ့ဖူးဘူး”
မန်ဟိုက ချီတုံချတုံဖြစ်နေသော စွန်းယွင်လျန်းကို လှမ်းကြည့်လိုက်ရာ စွန်းယွင်လျန်းမှာ ပြုံးပြီး ခေါင်းညိတ်လိုက်လေသည်။
“သိပ်ကောင်းတာပေါ့ ဒါဆိုလည်း” မန်ဟိုက သိုလှောင်အိတ်ကို ပစ်တင်ရင်း ပြောသည်။ ၎င်း ကျောက်ပြားအပေါ် ကျသွားသောအခါ ဘုတ်ခနဲ ကျသံအား ပထမအထပ်မှပင် ကြားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် နဂါးကိုးကောင်လုံး လင်းထိန်တောက်ပလာတော့သည်။
အဘိုးကြီးများ၏မျက်နှာအပေါ်တွင် အာရုံစူးစိုက်သွားသောအရိပ်အယောင်များ ပေါ်လာ၏။
ထို့နောက် ပထမဆုံးနဂါးမှာ အပြာရောင်ပြောင်းလာလေပြီ။
ထိုမြင်ကွင်းက အဘိုးကြီးခုနစ်ယောက်လုံးကို မျက်နှာပျက်သွားစေသည်။
ထို့နောက် ဒုတိယနဂါး၊ တတိယနဂါး ၊ နဂါးကိုးကောင်လုံး ပြာသွား၏။
ထို့နောက် ပထမဆုံးတစ်ကောင်မှ နောက်ဆုံးတစ်ကောင်အထိ အရောင်ပြောင်းလာပြီး ခရမ်းရောင် တောက်သွားဝောာ့၏။
အဘိုးကြီးခုနစ်ယောက်လုံးမှာ တုန်ရီနေပြီး အံ့ဩမယုံကြည်နိုင်မှုတို့က သူတို့၏မျက်နှာများကို ဖုံးလွှမ်းနေတော့သည်။ တချို့ဆို ရေပင်ရေရွတ်မိလိုက်ကြ၏။ “မဖြစ်နိုင်ဘူး”
သို့သော် အရောင်ပြောင်းခြင်းက ခရမ်းရောင်မှာတင်မရပ်။ နဂါးများမှာ အရောင်ထပ်ပြောင်းလာလေပြီ။ ဤတစ်ခေါက်တွင်တော့ လိမ္မော်ရောင်ဖြစ်၏။
“လိမ္မော်ရောင် .... လိမ္မော်ရောင်ပဲ” အဘိုးကြီးခုနစ်ယောက်မှ နွေခေါင်ခေါင် မိုးကြိုးပစ်ချခံလိုက်သည့်အလား ချာချာလည်ကုန်ကြသည်။ သူတို့မှာ တွေတွေကြီးရပ်လျက် ဆွံ့အနေကြလေပြီ။
သို့သော် အရောင်ပြောင်းခြင်းက မပြီးသေး။ ၎င်းသည် နောက်တစ်ဖန် ပြောင်းသွားပြန်ရာ နဂါးတစ်ကောင်ပြီးတစ်ကောင် သွေးရောင်တောက်လာတော့သည်။
အရောင်အပြောင်းအလဲများမှာ ပတ်ဝန်းကျင်ရှိ လူများကို အတိုင်းထက်အလွန် အံ့ဩတုန်လှုပ်နေစေတော့သည်။ သူတို့ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေစဉ်မှာပင် နဂါးကိုးကောင်လုံး သွေးရောင်အတိပြီးသွားလေပြီ။ ထို့နောက် ....
နဂါးကိုးကောင်မှာ နောက်တစ်ရောင် ထပ်ပြောင်းတော့မည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြန်သည်။
သို့သော် နဂါးကိုးကောင်မိစ္ဆှာနှလုံးသားချိန်ခွင်မှာ နောက်ဆုံးအတိုင်းအတာသို့ ရောက်သွားခဲ့ပြီဖြစ်၍ အရောင်ထပ်မပြောင်းနိုင်တော့ပေ။ ဂျိန်းခနဲ အသံကြီး ဆိုင်တစ်ဆိုင်လုံးတွင် ဟိန်းထွက်သွားပြီး မကြာခင် အပြင်မှပင် ကြားလိုက်ရလေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် အသံက နဂါးကိုးကောင်မိစ္ဆာနှလုံးသားချိန်ခွင်မှ လာခြင်းဖြစ်၏။ တချွတ်ချွတ် အက်ကွဲသံများ ထွက်လာပြီး အားလုံး၏ရှေ့မှောက်တွင် ၎င်းကား ရုတ်တရက် ရစရာမရှိအောင် ပျက်စီးသွားတော့၏။
မန်ဟိုက လည်ချောင်းရှင်းလိုက်သည်။ သူသည် သူ၏ပတ်ပတ်လည်ရှိ အံ့အားသင့်နေသူများကို ကြည့်ရင်း ချမ်းသာရခြင်းက ... ဘုရားပေးသောဆုလာဘ်အလား ခံစားနေရတော့သည်။
***