မင်း ညစ်တာပဲ
Vol. 48 Ch. 669
ကျောက်ပြားပေါက်ကွဲသွားသည့်အခိုက်အတန့်တွင် နေဝိညာဉ်သူတော်စင်သည် ပင်လယ်ခံတပ်ရှိ မျှော်စင်တွင် ထိုင်နေ၏။ ရုတ်တရက် သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး သူက နတ်ဘုရားအာရုံကို မြို့၏ နေရာအနှံ့အပြားသို့ ဖြန့်ကျက်လိုက်လေသည်။ ၎င်းသည် ချက်ချင်း မန်ဟိုရောက်နေသောနေရာကို ညွှန်ပြနေ၏။
အခြေအနေကို စစ်ဆေးပြီးနောက် သူ၏မျက်နှာကြီး မဲ့သွားတော့သည်။
“သူနဲ့ မိစ္ဆာနှလုံးသားပမာဏပြိုင်ဖို့ ကြိုးစားနေတယ်တဲ့လား။ အဲ့ဒီခုနစ်ယောက်တော့ သေချင်နေတာပဲ
“သူ့ကို အခွင့်အရေးပေးလို့မဖြစ်ဘူး။ သူများထက် နှာတစ်ဖျားသာတာနဲ့ ပြဿနာရှာတက်တဲ့ လူစားမျိုးပဲ အဲ့ဒီကောင်က....” နေဝိညာဉ်သူတော်စင်က ဘေးတွင်ချထားသော အရက်အိုးကို ကြည့်ပြီး ခေါင်းကိုက်လာလေသည်။ အထဲရှိ အရက်အကြောင်း တွေးမိသောအခါ သူ၏မျက်နှာမှာ မသာမယာဖြစ်သွားတော့၏။
သူက အင်္ကျီလက်စကို ခါလိုက်ရာ မျှော်စင်အပြင်မှ လူတစ်ယောက် ချက်ချင်း ချဉ်းကပ်လာသည်။ ထိုလူက အထဲရောက်သည်နှင့် ဒူးထောက်ဂါဝရပြုလေသည်။
“ဂါဝရပြုပါတယ် ဆရာ”
၎င်းသည် ခရမ်းရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်သည်။ သူ၏မျက်နှာအမူအရာမှာ လေးစားနေသောပုံစံရှိပြီး သူ၏မျက်လုံးများမှာ စွမ်းအားများဖြင့် တောက်ပနေလေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှ သိပ်အလှမ်းမဝေးသော အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်တွင် ဖြစ်၏။
“ဂိုဏ်းရဲ့ မိစ္ဆာနှလုံးသားလဲလှယ်စံအိမ်ကို သွား” နေဝိညာဉ်သူတော်စင်က အေးတိအေးစက် ပြောသည်။ “အဲ့ဒီမှာ ငါ ဒီကို ခေါ်လာစေချင်တဲ့ လူတစ်ယောက်ရှိတယ်။ ယဉ်ကျေးရိုသေဖို့လည်း မမေ့နဲ့။ ငါ့ကို ဆက်ဆံသလို သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံ”
သက်လတ်ပိုင်းလူက ချက်ချင်း ခေါင်းညိတ်လိုက်သော်လည်း သူ၏ဆရာ စကားဆက်မပြောတော့သည့်အချက်က သူ့ကို တခဏ ရပ်တန့်သွားစေသည်။
“ဆရာ ၊ အဲ့ဒီလေးစားရပါသော စီနီယာရဲ့ နာမည်ကို သိခွင့်ရှိမလားခင်ဗျာ”
“သွားသာသွားလိုက်၊ မင်း သူ့ကို သိလိမ့်မယ်” နေဝိညာဉ်သူတော်စင်မှာ ထိုကိစ္စကို ထပ်မံဆွေးနွေးချင်ပုံမရပေ။
သက်လတ်ပိုင်းလူမှာ အတန်ငယ် ဇဝေဇဝါဖြစ်နေရင်း ထရပ်ပြီး မျှော်စင်မှ ထွက်သွားတော့သည်။
ထိုစဉ် နေဝိညာဉ်သူတော်စင်အဖွဲ့အစည်း၏ မိစ္ဆာနှလုံးသားလဲလှယ်ဆိုင်၏ ဒုတိယအထပ်တွင်တော့ မန်ဟိုသည် ကျောနောက် လက်ပစ်လျက် ရပ်နေ၏။ သူက ကြေမွသွားသော နဂါးကိုးကောင်မိစ္ဆာနှလုံးသားချိန်ခွင်ကို ကြည့်ပြီး ခွေးအကြီး လှည်းနင်းခံရသလို ကြောင်တောင်တောင်ကြီးရပ်နေကြသော အဘိုးကြီးများကို လှမ်းကြည့်လိုက်သည်။
အဘိုးကြီးများမှာ ကျောက်ရုပ်ဖြစ်နေကြလေပြီ။ သူတို့၏ခေါင်းထဲတွင် တဝုန်းဝုန်း ဝင်တိုက်နေသော လှိုင်းလုံးကြီးများဖြင့် ပြည့်နှက်နေပြီး စိတ်များမှာလည်း တစစီ စုတ်ဖြဲခံနေရသည့်အလား ခံစားနေရတော့သည်။
ထို့နောက် သူတို့က စတင်တွက်ချက်ကြည့်ကြ၏.....
“အရောင်တစ်ကြိမ်ပြောင်းတာက မိစ္ဆာနှလုံးသားအရေအတွက်နှစ်ဆလို့ ဆိုလိုတယ်......
“စုစုပေါင်း အရောင်ခြောက်ခါ ပြောင်းသွားတာဆိုတော့ မိစ္ဆာနှလုံးသားအရေအတွက်က ခြောက်ဆဖြစ်နေလို့ပဲ... အရင် ရှိတာ မိစ္ဆာနှလုံးသား ရှစ်သောင်း။ ဒါဆို သိုလှောင်အိတ်ထဲမှာ မိစ္ဆာနှလုံးသားငါးသိန်း ရှိတယ်လို့ ဆိုလိုတာလား
“မိစ္ဆာနှလုံးသားငါးသိန်းကို ဝိညာဉ်ကျောက်တုံးပြောင်းမယ်ဆိုရင် ... ဆိုရင် ......
“ကုဋေ ၃၀ ကျော်” သူတို့က မန်ဟို့ကို ကြောက်လန့်တကြား လှမ်းကြည့်လိုက်ကြသည်။
“မဖြစ်နိုင်တာ”
“နဂါးကိုးကောင်မိစ္ဆာနှလုံးသားချိန်ခွင်မှာ တကယ် အကန့်အသတ်တစ်ခုတော့ ရှိတယ်။ အဆင့်နိမ့်မိစ္ဆာနှလုံးသားစံနှုန်းအရဆိုရင် တစ်သန်း အထိ လက်ခံနိုင်တယ်။ ငါးသိန်း ၊ ခြောက်သိန်းလောက်နဲ့ ကြေမွသွားမှာ မဟုတ်ဘူး။ တစ်ခုခုတော့ ဖြစ်နေပြီ” အဘိုးကြီးများမှာ ပါးစပ်အဟောင်းသားနှင့် မန်ဟို့ကို မမှိတ်မသုန် လှမ်းကြည့်ကြသည်။
သို့သော် ပြဿနာကို အဖြေမရှာနိုင်ခင် တော်ဝင်အစောင့်ကျိုးနှင့် အကြီးအကဲစွန်းမှာ လုံးလုံးလျားလျား တုန်လှုပ်နေသည့်တိုင် ရုတ်တရက် တစ်ခုခုက မမူမှန်ကြောင်း သတိထားမိသွားကြ၏။ သူတို့လည်း မန်ဟို့ကို လှမ်းကြည့်လိုက်လေသည်။
လူကိုးယောက်စလုံး၏မျက်လုံးများ နီရဲသွားသည်။
ယခုတွင် အဘိုးကြီးခုနစ်ယောက်မှာ ... ရှုံးတော့မည်ကို စဉ်းစားရင်း ဒေါသထွက်ကုန်ကြ၏။
“မင်း ညစ်ထားဝာာပဲ” သူတို့က အသံဩဩကြီးများဖြင့် ဟိန်းဟောက်လိုက်ကြသည်။
သူတို့ရှုံးလျှင် သူတို့၏မိစ္ဆာနှလုံးသားများအားလုံး မန်ဟို၏အပိုင် ဖြစ်သွားပေလိမ့်မည်။ သူတို့အနေဖြင့် ထိုသို့မဖြစ်မခံနိုင်ပေ။ ဤသည်မှာ သူတို့၏မိစ္ဆာနှလုံးသားများမဟုတ်ဘဲ သူတို့ကိုယ်စားပြုသော ဂိုဏ်းများ၊ မျိုးနွယ်စုများ၏ ပိုင်ဆိုင်မှုမဟုတ်ပါလော။
“မင်း သေချာပေါက် ညစ်ထားတာပဲ။ မိစ္ဆာနှလုံးသားချိန်ခွင်က အဆင့်နိမ့်မိစ္ဆာနှလုံးသား တစ်သန်းကို တွက်ပေးနိုင်တယ်။ မင်း သိုလှောင်အိတ်ထဲမှာ ကိုးသိန်းထက်ပိုရှိတာ ငါ မယုံနိုင်ဘူး”
“မင်း ဘယ်လိုလုပ်ခဲ့လဲ မသိပေမယ့် မတရားတာတော့ သေချာတယ်။ အဲ့ဒီလိုအပြုအမူမျိုးက သေဖို့ ထိုက်တန်တယ်” အဘိုးကြီးများ၏ သတ်ဖြတ်လိုစိတ်များမှာ ပိုပို၍ သိသာထင်ရှားလာတော့သည်။
“နောက်တစ်ခေါက် ပြိုင်ရဲလား မပြိုင်ရဲဘူးလား။ မင်းသိုလှောင်အိတ်ထဲက မိစ္ဆာနှလုံးသားတွေ ထုတ်လိုက်စမ်း။ ဒါမှ အရေအတွက်ကို တိုက်ရိုက် ယှဉ်နိုင်မှာ”
“မပြရဲရင် မင်း ညစ်ထားတာ သိသာနေပြီ။ ငါတို့အရှေ့မှာတောင် ဒီလောက်အရှက်မရှိတဲ့ ပြုမူရဲတယ်ဆိုတော့ မင်း ဒီမိစ္ဆာလဲလှယ်စံအိမ်ကနေ အသက်ရှင်ရင် ထွက်သွားရမယ်မထင်နဲ့”
အဘိုးကြီးခုနစ်ယောက်မှာ အလွန်မောက်မာတင်စီးစွာ ပြုမူနေသည်။ သူတို့က ကျင့်ကြံခြင်းအခြေခံများကို ထုတ်လွှတ်လျက် အရပ်လေးမျက်နှာသို့ တိုက်ခတ်သွားသော မုန်တိုင်းတစ်လုံးဖြစ်လာစေရင်း ရှေ့တက်လာကြသည်။
ဝေ့လီမှာ မျက်နှာလေး ဖြူဆုပ်ဖြူလျော်နေပြီး မန်ဟို့အနောက်တွင် ပုန်းမနေခဲ့လျှင် ခံနိုင်ရည်မရှိဘဲ တိုက်ရိုက် ပေါက်ကွဲသွားပေလိမ့်မည်။
မန်ဟို့သိုလှောင်အိတ်များကို လှမ်းယူရန် ပြင်ခဲ့သော အဘိုးကြီးက ရုတ်တရက် သိုလှောင်အိတ်တစ်လုံးထုတ်ကာ ကျောက်ပြားအပေါ် ပစ်တင်လိုက်သည်။ နဂါးကိုးကောင်က မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး ရုတ်တရက် အပြာရောင်တောက်လာသည်။
သို့သော် အကုန်လုံးပြာခြင်းမဟုတ်။ ပထမနဂါး၏ကိုယ်တစ်ပိုင်းသာ ပြာသွားခဲ့၏။
“အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၉၈၀၀၀။ ဒါ ငါ ပိုင်ဆိုင်သမျှ မိစ္ဆာကျောက်တုံးအကုန်ပဲ။ မင်း ထပ်လောင်းရဲလား”
တော်ဝင်အစောင့်ကျိုးနှင့် စွန်းယွင်လျန်းမှာ တိတ်ဆိတ်စွာ စောင့်ကြည့်ရင်း ဘေးတွင် ရပ်နေ၏။ ဤတစ်ခေါက်တွင် တော်ဝင်အစောင့်ကျိုးပင်လျှင် မတုံ့ပြန်ပေ။ သူ့အနေဖြင့် ဤကိစ္စထဲတွင် ထပ်မံမပါဝင်ချင်တော့ပေ။
မန်ဟိုက အဘိုးကြီးခုနစ်ယောက်ကို လှမ်းကြည့်ပြီး ညာလက်ကို ခါလိုက်သည်။ ချက်ချင်းပင် သူ၏သိုလှောင်အိတ်များအားလုံး ပျက်စီးကြေမွသွားသော ကျောက်ပြားအပုံမှ ပျံထွက်လာသည်။ ဤအခြင်းအရာကို မြင်သော် အဘိုးကြီးခုနစ်ယောက်လုံး ဟိန်းဟောက်ပြီး သူ့ဆီ ချဉ်းကပ်လာကြသည်။
သို့သော် သူတို့အနားရောက်မလာခင် မန်ဟိုက နောက်ဆုံးသိုလှောင်အိတ်ကို ဖွင့်ပြီး မိစ္ဆာနှလုံးသားတစ်တုံး ထုတ်လိုက်သည်။ ၎င်းသည် သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်များနှင့်အတူ အရောင်အဝါများ တောက်ပနေ၏။ မန်ဟိုက အင်္ကျီလက်စကို ခါလိုက်ကာ မိစ္ဆာနှလုံးသားအား စွန်းယွင်လျန်းဆီ ပျံသန်းသွားစေသည်။
“အကြီးအကဲစွန်း ၊ ကျုပ်အတွက် တန်ဖိုးဖြတ်ပေးနိုင်မလား” သူက အေးတိအေးစက် ပြောလိုက်သည်။
အဘိုးကြီးခုနစ်ယောက်က လာနေရာမှ ရပ်ပြီး စွန်းယွင်လျန်းလက်ထဲရှိ မိစ္ဆာနှလုံးသားကို ကြည့်လိုက်သည်။ သူတို့၏မျက်နှာများ ပျက်ယွင်းသွားတော့၏။ အနီးကပ်ကြည့်စရာပင် မလိုအပ်ပေ။ စိတ်ဝိညာဉ်စွမ်းအင်နှင့် ၎င်း၏အရောင် ၊ ၎င်း၏အရွယ်အစားအပေါ် မူတည်၍ အလွယ်တကူ ဆုံးဖြတ်နိုင်လေသည်....
“အလယ်အလတ်အဆင့် မိစ္ဆာနှလုံးသား” စွန်းယွင်လျန်းက ပင့်သက်ရှိုက်လိုက်မိသည်။ သူ၏စကားလုံးများက အဘိုးကြီးခုနစ်ယောက်၏ နောက်ဆုံးမျှော်လင့်ချက်ကို ရိုက်ချိုးပစ်လိုက်လေသည်။
စွန်းယွင်လျန်းက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး မိစ္ဆာနှလုံးသားကို ကြည့်လိုက်သည်။ သူ၏မျက်နှာတွင် ခံစားချက်ပေါင်းစုံ ဖြတ်ပြေးသွားပြီး သူ့အကြည့်က မန်ဟို့လက်ထဲရှိ သိုလှောင်အိတ်ဆီ ရောက်သွားလေသည်။ အဘိုးကြီးခုနစ်ယောက်လည်း ထိုနည်းတူပင်။ သူတို့အားလုံးမှာ ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်၍ ထင်ကြေးများ ပေးရင်း မျက်နှာများ ပိုပို၍ မသာမယာ ဖြစ်လာတော့သည်။
“အလယ်အလတ်အဆင့် မိစ္ဆာနှလုံးသားတွေရဲ့ တန်ဖိုးက သိပ်အတက်အကျမရှိဘူး” စွန်းယွင်လျန်းက ပြောသည်။ “တစ်တုံးကို ဝိညာဉ်ကျောက်တုံး တစ်သောင်း ဒါမှမဟုတ် အဆင့်နိမ့်မိစ္ဆာနှလုံးသား ဆယ်တုံးတန်တယ်။ ဒါမဲ့ အဆင့်နိမ့်မိစ္ဆာနှလုံးသားဆယ်တုံးနဲ့တော့ အလယ်အလတ်အဆင့်ကို ဝယ်မရဘူးပေါ့” သူက မန်ဟို့ကို မော့ကြည့်ရင်း ဖြေးညင်းစွာ ပြောသည်။ “တာအိုရောင်ရင်းမှာ အလယ်အလတ်အဆင့် မိစ္ဆာနှလုံးသား ဘယ်လောက်ရှိပါသလဲ”
မန်ဟိုက ဘာမှပြန်မပြော။ သူက အင်္ကျီလက်စကိုသာ ဝှေ့ယမ်းလိုက်ရာ တလက်လက် တောက်ပနေသော သလင်းကျောက်ရေတံခွန်အား သူ၏သိုလှောင်အိတ်ထဲမှ ဝေါခနဲ ကျသွားစေတော့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး စိတ်ဝိညာဉ်စွမ်းအင်များ ချက်ချင်း သိပ်သည်းသွား၏။ ဒုတိယအထပ်မှာ အင်မော်တယ်တို့၏ဗိမာန်အလား ဖြစ်သွားတော့သည်။
အလယ်အလတ်အဆင့် မိစ္ဆာနှလုံးသားတစ်သောင်းကား တောင်လိုပုံနေလေသည်။ ချက်ချင်းပင် ရှိရှိသမျှလူတိုင်းမှာ ဟောဟဲလှိုက်လာပြီး စိတ်နှလုံးတုန်ရီသွားကြတော့၏။
“အလယ်အလတ်အဆင့်မိစ္ဆာနှလုံးသားတစ်သောင်း။ အဆင့်နိမ့်မိစ္ဆာနှလုံးသား တစ်သိန်းနဲ့ .....ညီမျှတယ်။ ဝိညာဉ်ကျောက်တုံး ..... သန်းတစ်ရာနဲ့ လဲလို့ရတယ်” စွန်းယွင်လျန်းမှာ အသံမနည်းထိန်း၍ စကားပြောနေရလေသည်။
အခြားတစ်ဖက်တွင် တော်ဝင်အစောင့်ကျိုးမှာ အမြင်အာရုံများ ဝေဝါးလာပြီး သတိလစ်ချင်လာတော့သည်။ သူ ပေါ်တင်လှောင်ပြောင်ခဲ့သော လူမှာ အလယ်အလတ်အဆင့်မိစ္ဆာနှလုံးသား ဤမျှပိုင်ဆိုင်နေလိမ့်မည်ဟု သူ မည်သို့တွေးနိုင်ခဲ့နည်း။
အဘိုးကြီးခုနစ်ယောက်မှာမူ တုန်ရီနေကြပြီး ဆယ်နှစ်နီးပါး အသက်ပိုကြီးသွားသည့်အလားပင်။
“တိုက်ရိုက်နှိုင်းယှဉ်နေစရာ မလိုပါဘူး” စွန်းယွင်လျန်းက မန်ဟို့ကို လှမ်းကြည့်ရင်း ပြောသည်။ သူက လက်ယှက်ပြီး လေးလေးစားစား အရိုအသေပေးလိုက်၏။ “တာအိုရောင်ရင်း အနိုင်ရသွားပါပြီ”
ဝေ့လီသည် မန်ဟို့အနောက်တွင် အူတူတူလေး ရပ်နေ၏။ မန်ဟို ချမ်းသာကြောင်း သူမ သိသော် ဤမျှချမ်းသာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
မန်ဟိုက ညာလက်ကို မြှောက်၍ အဘိုးကြီးခုနစ်ယောက်ပိုင်သော သိုလှောင်အိတ်များကို သိမ်းလိုက်သည်။ အဘိုးကြီးများက မျက်ထောင့်နီကြီးများဖြင့် ကြည့်နေကြလေသည်။ ယခုတွင် သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒမှာ ပိုမိုပြင်းထန်လာပြီး မန်ဟို သူတို့၏သိုလှောင်အိတ်များအား ရဲရဲဝင့်ဝင့် ယူသွားသည်ကို မြင်တွေ့ရခြင်းကြောင့် တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာတော့သည်။
“ခဏနေဦး”
“တာအိုရောင်ရင်း၊ မင်းမှာ ငါတို့ထက် မင်းမှာ မိစ္ဆာနှလုံးသားတွေ ရှိတာ သေချာပါတယ်။ ဒါပေမဲ့ စောစောက ညစ်တဲ့ကိစ္စကို မရှင်းရသေးဘူးနော်”
“မင်းမှာ အလယ်အလတ်အဆင့်မိစ္ဆာနှလုံးသား တစ်သောင်း ရှိရင်တောင်မှ နဂါးကိုးကောင်မိစ္ဆာနှလုံးသားချိန်ခွင် ပျက်စီးသွားဖို့ မလုံလောက်သေးဘူး။ မင်း ညစ်ခဲ့တယ်။ အဲ့ဒါကြောင့် လောင်းကြေးက အကျုံးမဝင်ဘူး။ ငါတို့ လက်မခံနိုင်ဘူး” မှန်ပါသည်၊ အဘိုးကြီးခုနစ်ယောက်မှာ နှစ်ပေါက်တစ်ပေါက် ရိုက်နေခြင်းဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း သိသည်။ သို့သော်လည်း ဘာတတ်နိုင်ဦးမည်နည်း။ သူတို့မိစ္ဆာနှလုံးသားများအား မန်ဟို့ကို သည်အတိုင်း ယူခွင့်တော့ မပေးနိုင်ပေ။
“ဒါဆိုလည်း လက်ခံအောင် လုပ်ရုံပေါ့” မန်ဟိုက တည်တည်ငြိမ်ငြိမ် ပြန်ပြောသည်။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ကျန်အလယ်အလတ်အဆင့် မိစ္ဆာနှလုံးသားနှစ်သောင်းအား သိုလှောင်အိတ်ထဲမှ ပျံထွက်လာစေလိုက်သည်။ ၎င်းတို့က ဒုတိယထပ်တစ်ထပ်လုံးနီးပါး ပြည့်သွား၏။
အဘိုးကြီးခုနစ်ယောက်၏မျက်လုံးများ ပြူးကျယ်နေစဉ်မှာပင် မန်ဟိုက သိုလှောင်အိတ်ထဲမှ အဆင့်မြင့်မိစ္ဆာနှလုံးသားများအား ပျံထွက်သွားစေ၏။ အဆင့်မြင့်မိစ္ဆာနှလုံးသားများက ချက်ချင်းပင် ဒုတိယထပ်ရှိ လူတိုင်း၏အာရုံစိုက်ရာ ဖြစ်သွားတော့သည်။
၎င်းတို့ထံမှ ထုတ်လွှတ်နေသော စိတ်ဝိညာဉ်စွမ်းအင်များမှာ တိုင်လုံးသဏ္ဌာန်အရှိန်အဝါတစ်ခုသဖွယ် ပင်လယ်ခံတပ်အပေါ်ရှိ လေထဲသို့ ထိုးတက်သွားလေသည်။ ကောင်းကင်တွင် ပြိုးပြိုးပြက်ပြက် လက်သွားပြီး လေများ တဝေါဝေါ တိုက်ခတ်ကာ တိမ်တိုက်များလည်း ဆူပွက်နေ၏။
ပင်လယ်ခံတပ်မှ ကျင့်ကြံသူတိုင်း ချက်ချင်း ကြောင်အမ်းအမ်း လှမ်းကြည့်လိုက်ကြသည်။ ပင်လယ်ခံ၏ နေရာအနှံ့အပြားမှ စကားသံများ ချက်ချင်း ဆူညံပွက်လောရိုက်လာတော့၏။
မိစ္ဆာနှလုံးသားလဲလှယ်စံအိမ်ထဲတွင်တော့ စွန်းယွန်းလျန်းမှာ အဆင့်မြင့်မိစ္ဆာနှလုံးသားများကြောင့် ပါးစပ်အဟောင်းသားဖြစ်နေ၏။ သူက တစ်တုံးကို ကောက်ကြည့်ရင်း အက်ကွဲကွဲအသံကြီးဖြင့် ပြောလေသည်။ “ဒါ....ဒါ ... အဆင့်မြင့်မိစ္ဆာနှလုံးသားတစ်တုံးပဲ”
ထိုကဲ့သို့ပစ္စည်းများအား ရတနာများအဖြစ် သတ်မှတ်နိုင်ပြီး မြင်ရခဲလေသည်။ လေလံပွဲများတွင်လည်း တစ်တုံးတည်းသာ ရောင်းချတတ်ပြီး ပြီးခဲ့သည့်နှစ်များတစ်လျှောက်လုံး သူ မြင်တွေ့ခဲ့ဖူးသည်မှာ တစ်ရာထက် မပိုခဲ့ပေ။
“အဆင့်မြင့်မိစ္ဆာနှလုံးသားတွေအတွက် ကြမ်းခင်းဈေးက ဝိညာဉ်ကျောက်တုံး ငါးသိန်းကနေ စတယ်။ အလယ်အလတ်မိစ္ဆာနှလုံးသား အတုံး(၅၀) ဒါမှမဟုတ် အဆင့်နိမ့်မိစ္ဆာနှလုံးသား အတုံး(၅၀၀) နဲ့ လဲလို့ရတယ်.... ဒီမှာ ရှိတာက တစ်သောင်းဆိုဝောာ့ ... ကုဋေ ငါးရာတန်တယ်လို့ ဆို... ဆိုလိုတာပဲ”
တော်ဝင်အစောင့်ကျိုး၏အမြင်အာရုံမှာ ယခုတွင် ဝေဝါးမှောင်မိုက်သွားလေပြီ။
အဘိုးကြီးခုနစ်ယောက်မှာမူ မျက်နှာများ သွေးဆုပ်ဖြူလျော်နေကြပြီး စိတ်ထဲတွင် ထစ်ချုန်းသံများ ပြည့်နှက်နေတော့၏။ ခန့်မှန်းရခက်ပြီး ပဟေဠိဆန်သောလူတစ်ယောက်နှင့် လောင်းကြေးထပ်နေရသည်ဟူ၍ သူတို့အနေဖြင့် မည်သို့တွေးနိုင်ခဲ့မည်နည်း။
ဝိညာဉ်ကျောက်တုံးသန်းချီတန်သော မိစ္ဆာနှလုံးသားများ ပိုင်ဆိုင်ထားသည့် သူတို့မှာ ..... ကုဋေ (၅၀၀) ချမ်းသာသောလူတစ်ယောက်နှင့် လောင်းကြေးထပ်နေခဲ့လေသည်။
မန်ဟိုက လည်ချောင်းရှင်းပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အဘိုးကြီးခုနစ်ယောက်၏ပိုင်ဆိုင်မှု တစ်သိန်းနီးပါးအပါအဝင် မိစ္ဆာနှလုံးသားများအားလုံး သူ၏သိုလှောင်အိတ်ထဲ ပြန်ဝင်လာသည်။ အဘိုးကြီးခုနစ်ယောက်က ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်ကြ၏။ သူတို့က မျက်ထောင့်နီကြီးများဖြင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို ထုတ်လွှတ်၍ မန်ဟို့ဆီ ပြေးတက်လာကြသည်။
မန်ဟို့မျက်နှာအမူအရာမှာ ရုတ်တရက် အေးစက်ခက်ထန်သွား၏။
“ဖယ်စမ်း”
စကားလုံးလေးနှစ်လုံးက အဘိုးကြီးခုနစ်ယောက်ကို မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ခံစားသွားရစေသည်။ သွေးများ သူတို့၏ပါးစပ်မှ ပန်းထွက်သွား၏။ သူတို့မှာ မန်ဟို့အနားပင် မကပ်နိုင်ကြဘဲ လွင့်ထွက်သွားကြတော့သည်။ သူတို့က သူ့ကို ကြည့်ပြီး တစ်ခါမှ မကြောက်စဖူးကြောက်နေသော အမူအရာများဖြင့် သွေးအန်လိုက်ကြ၏။
“စိတ်... စိတ်ဝိညာဉ်ခွဲထွက်ခြင်း” သူတို့၏မျက်နှာများမှာ သွေးဆုပ်ဖြူလျော်သွားကြပြီး တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီစပြုလာ၏။ ဤတစ်ကြိမ်တွင် တော်ဝင်အစောင့်ကျိုးမှာ တကယ်ကြီး သတိလစ်လဲကျသွားခဲ့လေပြီ။
စွန်းယွင်လျန်းက ပင့်သက်ရှိုက်ရင်း ရှေ့ဆက်ပြီးနောက် လက်ယှက်၍အရိုအသေပေးလိုက်သည်။
“ဂျူနီယာ ဂါဝရပြုပါတယ် စီနီယာ”
***