အန္တရာယ်များ ချဉ်းကပ်လာခြင်း
Vol. 48 Ch. 670
ပင်လယ်ခံတပ်၏အလယ်တည့်တည့်တွင် မန်ဟိုသည် သူ၏အရှိန်အဝါကို ထုတ်ဖော်လိုက်ရာ အဘိုးကြီးခုနစ်ယောက်အား ပါးစပ်မှ သွေးများပန်းထွက်လျက် လွင့်ထွက်သွားစေ၏။ ထိုအခိုက်အတန့်မှာပင် အချွန်အတက်များနှင့် အမည်းရောင်တိမ်တိုက်တစ်လုံးသည် လျှပ်စီးများ တဝင်းဝင်းလက်လျက် ဝေဟင်အင်မော််ဂိုဏ်း၏အပြင်နား၊ ပတ်လမ်း(၄)ထဲတွင် လေကို ခွင်းလျက် ပျံသန်းလာလေသည်။
ထို့နောက် တိမ်တိုက်များက ပြိုကွဲသွားပြိး အနက်ရောင်ဝတ်ရုံအရှည်နှင့် အဘိုးကြီးတစ်ယောက်အား ဖော်ပြလိုက်သည်။ သူ၏ပုံပန်းသွင်ပြင်မှာ ရှေးဆန်ပြီး အချိန်အငွေ့အသက်က သူ့ကို ဝန်းရံလှည့်ပတ်နေသယောင်ရှိ၏။ သူသည် လျှို့ဝှက်နက်နဲစွာ တောက်ပနေသော မျက်လုံးများဖြင့် ပင်လယ်ရေမျက်နှာပြင်ကို ငုံ့ကြည့်ရင်း လေလယ်တွင် ပျံဝဲနေ၏။
မန်ဟိုသာ ဤနေရာတွင် ရှိလျှင် သူ့ကို ချက်ချင်း မှတ်မိလိမ့်မည်။ ဤအဘိုးကြီးကား .... ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှတစ်ပါးအခြားမဟုတ်ပေ။
"အချိန်ထပ်ဆွဲလို့ မဖြစ်တော့ဘူး" သူက အေးတိအေးစက် ပြောသည်။ "ဒီတစ်ခေါက်တော့ သေချာပေါက် သူ့ရဲ့တာအိုအခြေကို လုယူရမယ်။ ဒီကိုယ်ပွားသာ ရှုံးသွားရင်တော့ တည်နေရာကို မှတ်ပြီး ငါ့ကိုယ်အစစ်နဲ့ နေရာရွှေ့ပြောင်းပြီး လာရမယ်။ အင်မော်တယ်အပ်နှင်းခြင်းစင်မြင့် သတိထားမိသွားရင်တောင်မှ ငါ့ရည်ရွယ်ချက် အထမြောက်လိမ့်မယ်" သူ၏မျက်လုံးများမှာ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် သတ်ဖြတ်လိုစိတ်နှစ်မျိုးလုံးဖြင့် စူးရဲနေချေသည်။
"ပတ်လမ်း(၄)မှာ သူနဲ့ပတ်သက်တဲ့ ဘာခြေရာလက်ရာမှ မကျန်ခဲ့ဘူး။ ဒီကိုမလာခင်တုန်းက သူ့တည်နေရာကို နိမိတ်ဖတ်ကြည့်တာလည်း မရခဲ့ဘူး။ ဒါပေမယ့် နဂါးငွေ့တန်းပင်လယ်မှာပဲ ရှိနေသေးတာတော့ သေချာတယ်
"ပတ်လမ်း(၄)မှာရော ၊ ပြင်ပပင်လယ်မှာရော မရှိဘူးဆိုတော့ .... ပတ်လမ်း(၃)မှာပဲ ဖြစ်ကိုဖြစ်ရမယ်
"ပတ်လမ်း(၃)က တာအိုရှာဖွေခြင်းအဆင့်အတွက် တားမြစ်ဇုန်တစ်ဇုန် ဖြစ်နေတယ်...." သူက မျက်မှောင်ကြုတ်ပြီးနောက် ရုတ်တရက် ဝေဟင်အင်မော်ဂိုဏ်းသို့ တန်းတန်းမတ်မတ် ပျံဆင်းသွားတော့သည်။
သူသည် အမွှေးတိုင်တစ်တိုင်ထွန်းစာမျှအထိသာ အထဲတွင် နေနေ၏။ သူ ပြန်ထွက်လာပြီးနောက်တွင် ဝေဟင်အင်မော်တယ်ဂိုဏ်းမှာ ရုတ်တရက် အုတ်အုတ်ကျက်ကျက် ဖြစ်သွားတော့သည်။ ဝေဟင်အင်မော်တယ်သူတော်စင်က အမိန့်များ ထုတ်ပြန်ကြေညာခဲ့လေသည်။ ဝေဟင်အင်မော်တယ်ဂိုဏ်းသားတစ်ဝက်ကျော်မှာ ပတ်လမ်း(၃)ရှိ ဝေဟင်အင်မော်တယ်ဂိုဏ်း ပင်လယ်မြို့တော်သို့ ပျံသန်းသွားကြ၏။
ဂိုဏ်းသားထောင်သောင်းချီသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ နတ်ဘုရားအာရုံအနည်းငယ်နှင့်အတူ မန်ဟို့ပုံရိပ်ပါဝင်သော ကျောက်စိမ်းပြားတစ်ပြားစီကို ဆုပ်ကိုင်ရင်း ပျံသန်းသွားကြလေသည်။
ဝေဟင်အင်မော်တယ်ဂိုဏ်းသားများ ဝေဟင်အင်မော်တယ်ဂိုဏ်းပင်လယ်မြို့ထဲသို့ ဝင်ရောက်လိုက်သည့်အချိန်မှာပင် ပတ်လမ်း(၃) အဝင်မှတ်တမ်းများအား စစ်ဆေးလိုက်ကြ၏။ သို့ရာတွင် မန်ဟိုနှင့်ပတ်သက်သော သဲလွန်စတစ်စုံတရာမှ မတွေ့ရပေ။ ထို့နောက် ဝေဟင်အင်မော်တယ်ဂိုဏ်းသည် ရှိရှိသမျှ အင်အားအကုန် ဖြန့်ကျက်၍ သင်္ဘောအားလုံးနှင့် လေမုန်တိုင်းစည်းဆီသို့ ရွက်လွှင့်ကြတော့သည်။ သူတို့ကား တာဝန်များပြီးမြောက်ဖို့ ပတ်လမ်း(၃)သို့ သွားနေကြလေပြီ။
ထိုစဉ် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် ပင်လယ်နတ်မင်းဂိုဏ်းသို့ အလည်သွားရောက်၏။ သူတို့ကို မည်သို့မည်ဖုံ ကတိပေးခဲ့သည်လဲ အတပ်မပြောနိုင်သည့်တိုင် သူ ထွက်သွားသောအခါ ပင်လယ်နတ်မင်းသူတော်စင်က အမိန့်များ ထုတ်ပြန်လိုက်ရာ ပင်လယ်နတ်မင်းဂိုဏ်းသားထောင်သောင်းချီအား ပျာယာခတ်သွားစေသည်။ သူတို့သည် ကျောက်စိမ်းပြားများကိုင်လျက် ပင်လယ်နတ်မင်းဂိုဏ်းပင်လယ်မြို့တော်သို့ ဦးတည်သွားကြသော ဓားအရှိန်အဝါများ ဖြစ်သွားကြ၏။ ပတ်လမ်း(၃)သို့ ဝင်ရောက်လာသည့် မှတ်တမ်းများကို နှံ့နှံ့စပ်စပ် စစ်ဆေးပြီးနောက် ဂိုဏ်းသားများကား ဝေဟင်အင်မော်တယ်ဂိုဏ်းသားများနည်းတူ ပတ်လမ်း(၃)ထဲ ဝင်ရောက်သွားကြလေပြီ။
စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များဖြစ်သည့် ဝေဟင်အင်မော်တယ်သူတော်စင်နှင့် ပင်လယ်နတ်မင်းသူတော်စင်များပင်လျှင် ဂိုဏ်းတွင် ကျန်ခဲ့သူများနှင့်အတူ လေမုန်တိုင်းစည်းထဲ ဝင်ရောက်သွား၏။
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်းအနက် နှစ်ဂိုဏ်းမှာ ပွက်လောရိုက်နေလေပြီ။ သို့သော် နေဝိညာဉ်အဖွဲ့အစည်း၏ နေဝိညာဥ်သူတော်စင်မှာ ပတ်လမ်း(၃) ရှိ ဂိုဏ်းသုံးဂိုဏ်း၏ ပင်လယ်ခံတပ်တွင် တပ်ချထားလေရာ သဘောတူညီမှု ဆောင်ရွက်ဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးအနေဖြင့် မှတ်တမ်းများကို စစ်ဆေးနိုင်ခဲ့သော်လည်း မည်သည့်တပ်ဖွဲ့မှ မလှုပ်ရှားခဲ့ပေ။
ထိုကိစ္စကို ခေတ္တ စဉ်းစားပြီးနောက် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏မျက်လုံးများတွင် ဉာဏ်အမြော်အမြင်တို့ တောက်ပသွားလေသည်။ "ဒီကောင်လေးက တော်တော့်ကို ပါးနပ်တာပဲ။ ဒါပေမဲ့ စဉ်းစားကြည့်လေလေ မှတ်တမ်းမရှိဘူးဆိုတော့ ပတ်လမ်း(၃)မှာ ဖြစ်နိုင်ခြေပိုများတယ်"
သူသည် နေဝိညာဉ်အဖွဲ့အစည်း၏ဌာနချုပ်မှ ထွက်လာခဲ့ပြီးနောက် လေမုန်တိုင်းစည်းထဲ ဝင်ရောက်သွားတော့သည်။
"ငါ ပတ်လမ်း(၃)မှာ ဘယ်လိုမှ ပြေးမလွတ်နိုင်တဲ့ ပိုက်ကွန်ကို ချပြီးသွားပြီ။ မန်ဟိုတစ်ယောက် .... ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ဂိုဏ်းသားထောင်သောင်းချီရဲ့ လက်ထဲကနေ ပျောက်ကွယ်သွားမယ်ဆိုတာ ငါ မယုံနိုင်ဘူး
"ဝေဟင်အင်မော်တယ်သူတော်စင်နဲ့ ပင်လယ်နတ်မင်းသူတော်စင်က ပတ်လမ်း(၃)ကို သွားပါ့မယ်လို့ ကတိပေးသွားတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံက သာမန်ပဲ ဆိုပေမယ့် ဂိုဏ်းရဲ့အမွေအနှစ်ရတနာပါရင်တော့ ရှုပ်ရှုပ်ယှက်ယှက် သွားလုပ်လို့မရဘူး
"ဘယ်သူမှ ပတ်လမ်း(၃)အကြောင်း သူတို့ထက်ပိုပြီး နားမလည်နိုင်ဘူး။ မန်ဟို မင်း လွတ်အောင်ပြေးနိုင်ရင်တော့ မင်း ငါ့ထက်သာတယ်ဆိုတာ ဝန်ခံမယ်
"သူတို့တင်ပဲ မင်းကို ရှာကြမှာမဟုတ်ဘူး။ နေဝိညာဉ်အဖွဲ့အစည်းကိုလည်း ငါ သိမ်းသွင်းဖို့ ယုံကြည်ချက်ရှိတယ်။ ဒါဆိုရင် ဂိုဏ်းသုံးဂိုဏ်းက ဂိုဏ်းသားသိန်းချီ မင်းတစ်ယောက်တည်းကို ရှာကြတော့မှာပဲ.... အဲ့ဒါနဲ့ မလုံလောက်သေးရင် ငါ့ ဆုကြေးရက်ရက်ရောရော ထုတ်လိုက်မယ်။ အချိန်တန်ရင် ပတ်လမ်း(၃)မှာရှိတဲ့ ကျင့်ကြံသူတွေအကုန်လုံး ငါ့ရဲ့မျက်စိနဲ့နား ဖြစ်လာရလိမ့်မယ်
"တစ်ယောက်လောက် မင်းကို ရှာတွေ့တာနဲ့ ငါလည်း သိမယ်" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် လေမုန်တိုင်းစည်းကို ဖြတ်ဝင်သွား၏။ သူ မည်သည့်နေရာသွားသွား၊ အနက်ရောင်မြူများမှ သူ့ထံမှ ဖယ်ခွာ၍ လမ်းတစ်လမ်း ဖွင့်ပေးလေသည်။ မည်သည့်အရာမှ သူ့လမ်းတွင် မရပ်ရဲသည့်အလားပင်။
"ဒီတစ်ခေါက် အောင်ကို အောင်မြင်ရမယ်။ အချိန်တွေ ကြာနေပြီ။ ကျီမျိုးနွယ်စုလည်း သံသယဝင်လာနေပြီ..." ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏မျက်နှာမှာ တင်းမာခက်ထန်နေ၏။ သူအနေဖြင့် ဂျူနီယာမျိုးဆက်၏ သေးနုပ်ညံ့ဖျင်းသော လူငယ်လေးတစ်ယောက်က ဤမျှဂြိုဟ်မွှေနိုင်ပြီး သူ့ကိုပင် နှစ်ကြိမ်ဆက်တိုက် အနိုင်ယူနိုင်လိမ့်မည်ဟု မည်သို့ ထင်ထားခဲ့မည်နည်း။
ဝေဟင်အင်မော်တယ်ဂိုဏ်းနှင့် ပင်လယ်နတ်မင်းဂိုဏ်း၏ သောင်းသိန်းချီသော ဂိုဏ်းများ လေမုန်တိုင်းစည်းထဲ ဝင်ရောက်သွားကြသည့်အခိုက်အတန့်၌ ပတ်လမ်း(၃)၊ ဂိုဏ်းသုံးဂိုဏ်း၏ ပင်လယ်ခံတပ်ရှိ နေဝိညာဉ်အဖွဲ့အစည်း မိစ္ဆာနှလုံးသားလဲလှယ်ဆိုင်တွင် မန်ဟိုက ဖမ်းဆုပ်သည့်လှုပ်ရှားမှုလုပ်လိုက်ရာ မိစ္ဆာနှလုံးသားအကုန်လုံး သူ၏သိုလှောင်အိတ်ထဲ ပျံဝင်လာသည်။
အဘိုးကြီးခုနစ်ယောက်မှာ ဆောင်းလယ်က ပုစဉ်းရင်ကွဲများသဖွယ် တိတ်ဆိတ်နေကြ၏။ သူတို့၏မျက်နှာများမှာ ဖြူဆုပ်နေကြပြီး မန်ဟို့ကို မတားရဲကြပေ။ ရင်နာနေသောခံစားချက်မှာလည်း သူတို့တစ်ကိုယ်လုံးကို ဖိစီးနှိပ်စက်နေသည့်တိုင်အောင် ပျံ့နှံ့လာခဲ့၏။
စွန်းယွင်လျန်းက အမောတကော အသက်ရှူရင်း မျှော်လင့်ချက်ပြင်းပြနေသော မျက်လုံးများဖြင့် ရုတ်တရက် စကားပြောလာသည်။ "စီနီယာ ဒီမိစ္ဆာနှလုံးသားတွေကို လဲလှယ်ချင်တယ်ဆိုရင် ကျေးဇူးပြုပြီး အေးဆေးသာ နားနေပါ။ ဂိုဏ်းကနေ ကျေနပ်စရာကောင်းတဲ့ ဈေး သေချာပေါက် ပေးပါလိမ့်မယ်" သူသည် အကယ်၍ သူကိုယ်တိုင် လဲလှယ်ပေးရလျှင် ဂိုဏ်းအတွက် မှတ်သားဖွယ်လုပ်ဆောင်ပေးမှုအဖြစ် သတ်မှတ်ခံရမည်ကို သိလေသည်။
ထိုသို့လုပ်ဆောင်မှုမျိုးသည် နေဝိညာဉ်သူတော်စင်ဆီမှပင် တုံ့ပြန်မှုရကောင်းရစေနိုင်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံအပေါ် သက်ရောက်မှုရှိနိုင်၏။ ကံကောင်းထောက်မလျှင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ဝင်ရောက်ခွင့်ပင် ရနိုင်သည်။
ဝင်ရောက်ခွင့်မရလျှင်သော်မှ သူ့အနေဖြင့် ဂိုဏ်းအတွင်း၌ ထင်ရှားကျော်ကြားလာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
"နေဝိညာဉ်အဖွဲ့အစည်းတစ်ဖွဲ့တည်းနဲ့ ဒီလောက်များတဲ့ မိစ္ဆာနှလုံးသားတွေကို ကိုင်တွယ်နိုင်ပါ့မလား" မန်ဟိုက သူ့ကို ကြည့်ရင်း မေးသည်။
စွန်းယွင်လျန်းမှာ တခဏ ပါးစပ်အဟောင်းသားဖြစ်သွားပြီးနောက် တွက်ချက်ကြည့်တော့၏။ နေဝိညာဉ်အဖွဲ့အစည်း၏ အရင်းအမြစ်အားလုံး အသုံးပြုလျှင်ပင် ဤမိစ္ဆာနှလုံးသားများအား ဝိညာဉ်ကျောက်တုံးများနှင့် လဲပေးရန် ခက်ခဲကြောင်း သဘောပေါက်လိုက်သဖြင့် သူ၏မျက်နှာမှာ အတန်ငယ် မသာမယာ ဖြစ်သွားတော့သည်။
စွန်းယွင်လျန်းတစ်ယောက် တုံ့ဆိုင်းနေသည့်အခိုက်အတန့်တွင် အလင်းတန်းတစ်တန်းက စံအိမ်ဆီသို့ အလောတကြီး ပျံသန်းလာ၏။ ၎င်းသည် နေဝိညာဥ်သူတော်စင်၏ တပည့်ပင်။ သူက အသေးစားနေရာရွှေ့ပြောင်းရင်း ဒုတိယအထပ်တွင် ဖျတ်ခနဲ ပေါ်လာသည်။ သူသည် ရောက်ရောက်ချင်း မျက်နှာဖြူဆုပ်နေသော အဘိုးကြီးခုနစ်ယောက်ကို မြင်လိုက်၏။ ထို့နောက် သူ့အကြည့်က မန်ဟို့အပေါ် ကျရောက်လာသည်။
တစ်ချက်လေးကြည့်လိုက်ရုံနှင့် ဤသည်မှာ သူ့ဆရာ ညွှန်းဆိုခဲ့သော စီနီယာမျိုးဆက်ဝင်ဖြစ်ကြောင်း အလိုလို သေချာသွားလေသည်။ သက်လတ်ပိုင်းလူက အသက်တစ်ချက်ရှူသွင်းပြီးနောက် လက်ယှက်အရိုအသေပေးလိုက်သည်။
"ကျုပ်က ဂျူနီယာမျိုးဆက်ရဲ့ ဟန်ဖုန်းပါ။ ဂါဝရပြုပါတယ် စီနီယာ။ ကျုပ်ဆရာက စီနီယာကို သူနဲ့ စကားစမြည်ပြောဖို့ ဖိတ်ခေါ်ခိုင်းလိုက်လို့ အမိန့်အရ လာရောက်ရတာပါခင်ဗျ"
ထိုလူရောက်လာသည်နှင့်တစ်ပြိုင်နက် စွန်းယွင်လျန်း၏ မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး လက်ယှက်အရိုအသေပေးလိုက်လေသည်။ အဘိုးကြီးခုနစ်ယောက်လည်း သူ့ကို မြင်သောအခါ ကြောက်ရွံ့ရိုသေမှုတို့ သူတို့မျက်နှာအပေါ်တွင် ပေါ်လာပြီး အရိုအသေပေးလိုက်ကြ၏။
မန်ဟိုက သက်လတ်ပိုင်းလူကို ကြည့်ပြီး မျက်လုံးများ မဆိုစလောက် ကျဉ်းမြောင်းသွားသည်။ ထို့နောက် သူသည် ပင်လယ်ခံတပ်၏အလယ်တည့်တည့်မှ မိုးထိုးနေသော မျှော်စင်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။
"မင်းဆရာက နေဝိညာဉ်သူတော်စင်လား" သူက အေးတိအေးစက် မေးလိုက်သည်။
"ဟုတ်ကဲ့ ကျုပ်ဆရာက နေဝိညာဉ်သူတော်စင်ပါ" ထိုလူက တလေးတစား ပြန်ဖြေသည်။
မန်ဟိုက စွန်းယွင်လျန်းကို ပြန်ကြည့်လိုက်သည်။ "ကျုပ် သူတော်စင်ဝိညာဉ်နဲ့ သွားတွေ့လိုက်ဦးမယ်" သူက ပြောသည်။ "ခင်ဗျားက ဝိညာဉ်ကျောက်တုံးပြဿနာကို ဖြေရှင်းပြီး ကျုပ်ကို လာရှာချည်။ ကျုပ် ခင်ဗျားကို မိစ္ဆာနှလုံးသား ဘယ်လောက်ပေးမလဲဆိုတာ ခင်ဗျား ကျုပ်ကို ဝိညာဉ်ကျောက်တုံး ဘယ်လောက်ဈေးနဲ့ ကမ်းလှမ်းနိုင်မလဲအပေါ် မူတည်တယ်" နေဝိညာဥ်သူတော်စင်၏ တပည့်မှာ မန်ဟို့စကားလုံးများကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဝေ့လီမှာတော့ စိတ်လှုပ်ရှားစွာ ရပ်နေလေသည်။
စွန်းယွင်လျန်းက ချက်ချင်း သတင်းပေးပို့လိုက်သည်။ အသေးစိတ်မဖော်ပြဘဲ မန်ဟို့တွင် မိစ္ဆာနှလုံးသားမည်မျှရှိသည်ကိုသာ သတင်းပို့လိုက်၏။ ဟန်ဖုန်း၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
ယခုတွင် သူ့ဆရာ သူ့ကို ဘာကြောင့် ဤနေရာသို့ လွှတ်လိုက်သည်လဲ သူ သဘောပေါက်သွားလေပြီ။
"သူ့မှာ ဘယ်လိုလုပ် ဒီလောက်မိစ္ဆာနှလုံးသားတွေ အများကြီးရှိနေရတာလဲ" သူက တွေးလိုက်သည်။ သူကား မန်ဟို့ကို ပို၍ပင်ရိုသေလေးစားနေသော ဟန်ပန်ဖြင့် မျှော်စင်သို့ ခေါ်ဆောင်သွားလေသည်။
ဝေ့လီလည်း သူတို့နှင့်အတူဖြစ်ပြီး မျှော်စင်နှင့်နီးလေလေ၊ သူမမှာ စိတ်လှုပ်ရှားလေလေ ဖြစ်နေ၏။ မန်ဟို့နောက်လိုက်နေခဲ့သော အချိန်တိုလေးအတွင်း သူမသည် သူမတစ်ဘဝလုံးတွင် မည်သို့မျှမြင်တွေ့ရမည်မဟုတ်သော အံ့ဖွယ်အရာများစွာကို မြင်တွေ့ခဲ့ရပြီးလေပြီ။
အထူးသဖြင့် မိစ္ဆာနှလုံးသားကိစ္စ။ သူမမှာ နှလုံးခုန်ပင် ရပ်သွားခဲ့သည့်အလား ခံစားခဲ့ရ၏။ မန်ဟို ချမ်းသာကြောင်း သူမ သိသော်လည်း ... ထိုမျှချမ်းသာလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
သူ၏ကြွယ်ဝမှုမှာ တစ်နိုင်ငံလုံးနှင့်မယှဉ်နိုင်သော်လည်း ဂိုဏ်းကြီးတစ်ဂိုဏ်းနှင့် ယှဉ်နိုင်သည်ဟုဆိုလျှင် ချဲ့ကားရာမရောက်ပေ။
မကြာမီ သူတို့သုံးယောက်သား မျှော်စင်သို့ ရောက်လာကြ၏။ မန်ဟိုက ဝေ့လီကို လှည့်ကြည့်သည်။
ဟန်ဖုန်းက ချက်ချင်း လက်ယှက်ပြီး အရိုအသေပေးလေသည်။
"မပူပါနဲ့ စီနီယာ။ ဒီတာအိုရောင်ရင်းအတွက် ကျုပ် နေရာထိုင်ခင်း စီစဉ်ပေးလိုက်ပါ့မယ်"
မန်ဟိုက ခေါင်းညိတ်လိုက်သည်။ ဝေ့လီ မငြင်းဆန်သည်ကို ကြည့်ပြီး သူကား မျက်စိတစ်မှိတ်အတွင်း မျှော်စင်၏ထိပ်ဆုံးသို့ ပျံတက်သွားတော့သည်။
သူပြန်ပေါ်လာသောအခါ မျှော်စင်ထဲတွင် ဖြစ်သည်။
အနက်ရောင်ဝတ်ရုံနှင့် နေဝိညာဉ်သူတော်စင်က စားပွဲကျယ်ကြီးတစ်လုံး၏အနောက်တွင် တင်ပျဉ်ခွေထိုင်နေ၏။ ဘေးတွင် က္ကန္ဒြေရှိသော သူ၏ဇနီးသည် ရှိသည်။ မန်ဟို ပေါ်လာသောအခါ သူမက အရက်အိုးတစ်အိုးကို ရှူကြည့်နေလေသည်။ သူမက သူ့ကို ကြည့်ပြီး နွေးထွေးစွာ ပြုံးပြသည်။
"မင်းက ငါ့ကို အရက်နည်းနည်း တိုက်ခဲ့တယ်" နေဝိညာဉ်သူတော်စင်က ပြောသည်။ "အခု မင်းကို ငါ တစ်ခုပြန်တိုက်မယ်" သူ စကားပြောနေသည့်အချိန်မှာပင် သူ၏ဇနီးသည်က အရက်အိုးကို ယူလာသည်။ သူမသည် ခွက်နှစ်ခွက် ထုတ်ပြီး အရက်အား ညီတူညီမျှ ထည့်ပေးလိုက်၏။ ထို့နောက်တွင် နေဝိညာဉ်သူတော်စင်၏ဘေးတွင် ထိုင်ကာ မန်ဟို့ကို သိချင်စိတ်များဖြင့် လှမ်းကြည့်လေသည်။
မန်ဟိုက ဘာမှမပြောဘဲ နေဝိညာဉ်သူတော်စင်၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည် ။ သူက အရက်ခွက်ကို မြှောက်၍ ကြည့်ပြီးနောက် တစ်ကျိုက်တည်း မော့ချလိုက်လေသည် ။
ပါးစပ်ထဲ ရောက်လာသောအခါ အရက်သည် အေးစက်နေပြီး သူ့တစ်ကိုယ်လုံး ရေခဲရိုက်ခံနေရသလို ခံစားလိုက်ရသည်။ အရက်က သူ၏အသက်မီးတောက်ကို ငြိမ်းသတ်ပစ်တော့မည့်အလားပင်။
အအေးဓာတ်သည် ချီကြောများထဲ ဝင်ရောက်လာပြီး ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့သွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံပင်လျှင် မျက်စိတစ်မှိတ်အတွင်း ခဲသွား၏။ သူ၏နတ်ဘုရားအာရုံမှာ နှေးသွားပြီး သူ့မှာ အိပ်ပျော်တော့မည့်အလား ဖြစ်နေသည်။ စဉ်းစားတွေးခေါ်ရန်ပင် ခက်ခဲနေလေပြီ။
သူသည် အလွန်အေးနေသဖြင့် ရေခဲလွှာများပင် သူ၏အရေပြားအပေါ်၌ ပေါ်လာသည်။ ခွက်ထဲရှိ အရက်က သူ့ကို ရေခဲရုပ်တု အသွင်ပြောင်းသွားစေပုံပင်။
ဤအရက်သည် သာမန်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သာဆိုလျှင် သောက်လိုက်ပါက ချက်ချင်း အသက်ထွက်သွားစေနိုင်၏။ သို့သော် မန်ဟို၏အပြင်အားကိုယ်မှာ ထို့အတွက် သန်မာလွန်းလေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံနှင့်နတ်ဘုရားအာရုံ ရေခဲသွားစေကာမူ သူ၏အပြင်အားကိုယ်မှာ မဆိုစလောက် တုန်ခါသွား၏။ ထိုတခဏလေးအတွင်း တုန်ခါမှုထောင်ချီ ဖြစ်ပျက်သွားသည်။ တုန်ခါနှုန်းမှာ ကြီးမြတ်သောတာအိုတစ်ခုနှင့် လိုက်လျောညီထွေ ဖြစ်နေသယောင်ရှိပြီး အသက်ဆယ်ရှိုက်စာလေးအတွင်း သူ၏ခေါင်းမှ အဖြူရောင်အငွေ့စီးကြောင်း ထိုးထွက်သွားတော့သည်။ ၎င်းက မျှော်စင်၏ထိပ်ဆုံးတစ်ထပ်လုံးအပြည့် နေရာယူသွားပြီး နံရံများပင် ခဲလာရာ အက်သံများ ထွက်လာတော့သည်။
က္ကန္ဒြေရှိသောအမျိုးသမီး၏မျက်ဝန်းများက လေးနက်သွားပြီး နေဝိညာဉ်သူတော်စင်မှာ မျက်နှာအမူအရာကင်းမဲ့နေသော်လည်း မန်ဟို့ကို စိုက်ကြည့်နေစဉ် သူ၏မျက်လုံးများမှာ အေးစက်နေလေသည်။
"မင်းအရက်က သိပ်မပြင်းဘူး။ အနည်းဆုံးတော့ ငါ့အရက်လောက် မပြင်းဘူးပေါ့ကွာ" မန်ဟိုက သိုလှောင်အိတ်ကို ပုတ်၍ အရက်ထည့်ဘူးသီးခြောက်မဟုတ်ဘဲ ဟန်ရှန်း၏ ကြေးအရက်အိုးကို ထုတ်လိုက်သည်။ သူလည်း ခွက်တစ်ခွက်ထုတ်ကာ အရက်ဖြည့်၍ နေဝိညာဉ်သူတော်စင်ဆီသို့ လျှောတိုက်ပေးလိုက်လေသည်။
"ကဲ သုံးဆောင်ပါဦး" သူက အေးတိအေးစက် ပြောလိုက်သည်။
ခွက်ကို ငုံ့ကြည့်လိုက်စဥ်် နေဝိညာဉ်သူတော်စင်၏မျက်နှာမဲ့သွားသည်။ သူ့မှာ ထူးထူးဆန်းဆန်း ချီတုံချတုံ ဖြစ်နေတော့၏။
***