← Chapters

ပူးပေါင်းခြင်း

Vol. 48 Ch. 671

ပူးပေါင်းခြင်း

Vol. 48 Ch. 671

အသက်အရှိုက်အနည်းငယ်ကြာသော် နေဝိညာဉ်သူတော်စင်၏မျက်လုံးများတွင် စိတ်ပိုင်းဖြတ်လိုက်သောအရိပ်အ‌ယောင်တစ်ခု ပြည့်နှက်သွားသည်။ သူက အရက်ခွက်ကို မြှောက်ပြီးနောက် မော့သောက်လိုက်လေသည်။

၎င်း လည်ချောင်းတစ်လျှောက် ဆင်းသွားစဉ် သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ရီလာပြီး မျက်နှာအပေါ်တွင် သွေးကြောများ ထောင်လာသည်။ နာကျင်မှုက ဖြစ်ပေါ်လာသော်လည်း သူက ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်ကို လှည့်ပတ်ရင်း သည်းခံနိုင်လိုက်၏။ သူ့ဇနီးသည်မှာ မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး ထရပ်တော့မည့်အချိန် နေဝိညာဉ်သူတော်စင်က သူမကို အကြည့်တစ်ချက်ဖြင့် တားလိုက်လေသည်။

သူသည် အသက်ဆယ်ရှိုက်ကြာသည်အထိ ဟောဟဲလှိုက်နေပြီးနောက် ရုတ်တရက် ညာလက်ခလယ်ဖြင့် ညွှန်လိုက်သည်။ စူးရှထက်မြက်မှုအပြည့်နှင့် အပြာရောင်အရှိန်အဝါတစ်ခုပေါ်လာ၏။ ၎င်းက မျှော်စင်၏နံရံကို ဖြတ်သွားပြီး ထို့နောက်တွင် ခမ်းနားထည်ဝါသော ဓားချီတစ်ခုသည် မိုးကုပ်စက်ဝိုင်းသို့ တဟုန်ထိုး ထွက်သွားလေတော့သည်။

နေဝိညာဉ်သူတော်စင်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏မျက်နှာမှာ သွေးဆုပ်ဖြူလျော်နေတော့သည်။ သူက မန်ဟို့ကို လှမ်းကြည့်သည်။

“မင်း မွေးရပ်မြေက လူတိုင်း ဒီလိုအရက်မျိုး သောက်တာလား”

မန်ဟိုက မပြောင်းလဲသော မျက်နှာထားဖြင့် နေဝိညာဉ်သူတော်စင်ကို မမှိတ်မသုန် စိုက်ကြည့်နေရင်း ကြေးအရက်အိုးကို မြှောက်ပြီး ‌အကြာကြီး မော့သောက်လိုက်သည်။

နေဝိညာဉ်သူတော်စင်၏မျက်နှာ ထပ်မဲ့သွားပြန်သည်။ သူ စောင့်ကြည့်နေစဉ် မန်ဟိုက အရက်နှင့်ပတ်သက်၍ မည်သို့မျှ မဖြစ်သည့်အပြင်  နောက်တစ်ကျိုက်ပင် သောက်လိုက်သေးသည်။ သူက သက်ပြင်းချလိုက်၏။

“ကျင့်ကြံခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံးမှာ အရက်နဲ့ ငါ့ကို ခြိမ်းခြောက်တဲ့သူကို ဒါ ပထမဆုံး တွေ့ဖူးတာပဲ”

“မင်းကို အရက်နည်းနည်းပါးပါး တိုက်တာ ဘယ်လိုလုပ်ပြီး ခြိမ်း‌ခြောက်တာ ဖြစ်ရတာလဲ” မန်ဟိုက အတန်ငယ် စိတ်မကောင်းဖြစ်သွားသော လေသံနှင့်ပြောသည်။ “ငါတို့ မွေးရပ်မြေမှာဆိုရင် လူတိုင်း ဒါကို တကယ် သောက်ကြတာ။ ထွက်လာတုန်းက နည်းနည်းအလျင်လိုနေတာနဲ့ သိပ်များများမယူလာမိဘူးလေ။ နောက်တစ်ကြိမ်ကျရင်တော့ သေချာပေါက် ပိုယူလာခဲ့ပါ့မယ်”

နေဝိညာဉ်သူတော်စင်မှာ တိတ်ဆိတ်စွာ ထိုင်နေ၏။ မည်သည့်အရာက မန်ဟို့ကို ဤနေရာသို့ ရောက်လာစေခဲ့သည်လဲ သူ မသိပေ။ အရက်ထဲရှိ ဓားချီသည် အလွန်ပြင်းသဖြင့် စောစောက သူ့မှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ တုန်လှုပ်ခဲ့ရလေသည်။ ထို့နောက် မန်ဟိုက မည်သို့မျှမနေဘဲ သောက်နေသည်ကို သူ မြင်လိုက်ရ၏။ သူ့အတွက် မန်ဟိုမှာ ပထမတုန်းက ထင်ထားခဲ့သည်ထက်ပင် လျှို့ဝှက်ဆန်းကြယ်နေတော့သည်။

“သူက ပင်လယ်မိစ္ဆာတွေကို ရူးသွားစေတဲ့အထိ ညှို့နိုင်တယ်” သူက တွေးသည်။ “သူ့မှာ ဒီထူးဆန်းတဲ့ ဓားအရက်နဲ့ အံ့ဖွယ်အပြင်အားကိုယ်ရှိတဲ့အပြင် ငါ့ရဲ့ အေးခဲချီကိုတောင် ဖယ်ရှားပစ်နိုင်တယ် ... ဒါတင်မကသေးဘူး အချိန်ကျင့်ကြံသူလည်း ဟုတ်တယ်။ ဒါဆို .... ဘာကြောင့် ဒီကို ရောက်လာတာလဲ” သူသည် အေးခဲအရက်ထည့်ထားသော ခွက်ကို မြှောက်ပြီး တစ်ငုံသောက်လိုက်၏။

“နေဝိညာဉ်အဖွဲ့အစည်းနဲ့ ဘာကြောင့် မိစ္ဆာနှလုံးသားအလဲအလှယ် မလုပ်တာလဲ။ လဲနှုန်းက မယုံနိုင်လောက်အောင်တော့ မမြင့်ပေမယ့် နည်းလည်း မနည်းပါဘူး”

မန်ဟိုက နေဝိညာဉ်သူတော်စင်ကို ဘာမှမပြောဘဲ တခဏ ပြန်ကြည့်သည်။ ထို့နောက် သူက မေးလိုက်၏။ “ဂိုဏ်းသုံးဂိုဏ်းက မိစ္ဆာနှလုံးသားတွေကို ဘာကြောင့် ဒီလောက် တန်ဖိုးထားနေတာလဲ”

“ဆိုရရင်တော့ လျှို့ဝှက်ချက်တစ်ခုပေါ့” နေဝိညာဉ်သူတော်စင်က အေးတိအေးစက် ‌ပြန်ဖြေသည်။ “ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံအဆင့်ကို စဉ်းစားရင် နောက်ဆုံးကျ မင်းဘာသာမင်း သိသွားမှာပါ

“ဂိုဏ်းသုံးဂိုဏ်းရဲ့ သမိုင်းက အရှည်ကြီးပဲ” သူက ဆက်ပြောသည်။ “ဘယ်လောက်ကြာခဲ့ပြီလဲဆိုတာတော့ ငါတောင် မသိဘူး။ ဂိုဏ်း‌သုံးဂိုဏ်းရဲ့ ပထမဆုံးမျိုးဆက် ခေါင်းဆောင်ကြီးတွေ အတူတူ လေမုန်တိုင်းစည်းကို ဆင့်ခေါ်ခဲ့ကြတာပဲ သိတယ်။ အဲ့ဒီနောက်ပိုင်း ဒီနေရာဟာ ဒီနေ့အထိ ကာကွယ်စောင့်ရှောက်ခံထားရတာပဲ

“အဲ့ဒီခေါင်းဆောင်ကြီးတွေ သေပြီလား ၊ ရှင်နေသေးလား ဆိုဝာာဝောာ့ ဘယ်သူမှ မသိဘူး။ ဒါပေမဲ့ သူတို့က ဆက်လက်ထိန်းသိမ်းထားဖို့ မိစ္ဆာနှလုံးသားတွေ လိုအပ်တဲ့ အမွေအနှစ်တစ်ခု ချန်ထားခဲ့တယ်။ ဒါ့အပြင် ဂိုဏ်းသုံးဂိုဏ်းရဲ့ ကျင့်ကြံသူတွေအတွက် ကျင့်ကြံအားထုတ်နည်းတွေက အပြင်လူတွေနဲ့ မတူဘူး။ ငါတို့အတွက်တော့ ဝိညာဉ်ကျောက်တုံးတွေက အတန်အသင့်ပဲ အသုံးဝင်တာ။ အခြားတစ်ဖက်မှာ မိစ္ဆာနှလုံးသားတွေက သူတို့နဲ့မတူဘူးပေါ့

“ပြီးတော့ အရေးအကြီးဆုံးအနေနဲ့ ဂိုဏ်းသုံးဂိုဏ်းကို ကာကွယ်ပေးထားတဲ့ မဟာမန္တန်ဝင်္ကပါ တစ်ပတ်လည်တိုင်း ကြောက်စရာ မိစ္ဆာနှလုံးသားပမာဏတစ်ခုအထိ လိုအပ်တယ်။ မိစ္ဆာနှလုံးသားတွေမပါဘဲ မလည်ပတ်နိုင်ဘူး”

ဤအခြင်းအရာအားလုံးကို ကြားသော် မန်ဟိုက ညစ်ကျစ်ကျစ် ရယ်လိုက်သည်။ “နောက်အကြောင်းရင်းတစ်ခု ရှိသေးတယ်မဟုတ်လား”

“ဟုတ်တယ် ဒါပေမယ့် ငါ မင်းကို မပြောပြနိုင်ဘူး” နေဝိညာဉ်သူတော်စင်က မန်ဟို့ကို စိုက်ကြည့်ရင်း ပြန်ဖြေသည်။

“လေမုန်တိုင်းစည်းထဲက မရဏပြည်မြေအောက်ကမ္ဘာသင်္ဘောနဲ့ တစ်ခုခုပတ်သက်နေတယ် မဟုတ်လား” မန်ဟိုက မျက်လုံးက တလက်လက် တောက်ပနေလျက် ပြုံးပြီး ပြောသည်။

နေဝိညာဉ်သူတော်စင်က သူ့ကို ခံစားချက်မဲ့စွာ ပြန်ကြည့်သည်။ “သတင်းနှိုက်နေလည်း မထူးဘူး။ ဒီကိစ္စက အပြင်လူတွေကို ပြောမရတဲ့ ဂိုဏ်းသုံးဂိုဏ်းရဲ့ လျှို့ဝှက်ချက်ပဲ။ ဒါပေမယ့် မင်းက မရဏပြည်မြေအောက်ကမ္ဘာသင်္ဘောကို သိတယ်ပေါ့.... မထင်မှတ်ထားဘူး”

လေသံမှာ ပုံမှန်အတိုင်းသာ ဖြစ်သော်လည်း စိတ်ထဲတွင်တော့ နေဝိညာဉ်သူတော်စင်သည် မန်ဟို မရဏပြည်မြေအောက်ကမ္ဘာသင်္ဘောကို ‌ဖော်ပြလိုက်သဖြင့် တုန်လှုပ်အံ့ဩသွားလေသည်။ သူ့မှာ ပိုပို၍ ကြောက်လန့်လာတော့၏။

ဤအခိုက်အတန့်တွင် နေဝိညာဉ်သူတော်စင်၏ သိုလှောင်အိတ်အတွင်းရှိ ကျောက်စိမ်းပြားတစ်ပြား ရုတ်တရက် တောက်ပလာသည်။ သူက ၎င်းကို ထုတ်ကြည့်ပြီးနောက် စားပွဲအပေါ် တင်လိုက်လေသည်။

“မပြောချင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့” မန်ဟိုက သတင်းနှိုက်ရန် အားထုတ်မှုဟူသမျှ လက်လျှော့ရင်း ပြောလိုက်သည်။ “မိစ္ဆာနှလုံးသားကိစ္စကတော့ ... ငါ့ကို ဝိညာဉ်ကျောက်တုံးများများ ပေးသရွေ့ ငါလည်း လဲလှယ်မယ်” သူက သိုလှောင်အိတ်ကို ထုတ်၍ ဖြေပြီး စားပွဲအပေါ် တင်လိုက်သည်။

နေဝိညာဉ်သူတော်စင်၏အရှေ့က စားပွဲအပေါ်ရှိ ကျောက်စိမ်းပြားကို ကြည့်ရင်း မန်ဟိုက ခပ်ပြုံးပြုံးဖြင့် ဆိုသည်။ “အထဲမှာ ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရှိလဲ မင်း သိပြီးသားနေမှာပါ။ ဈေးကိုသာ ပြောလိုက်”

“ဝိညာဉ်ကျောက်တုံး ကုဋေ ငါးထောင်” နေဝိညာဉ်သူတော်စင်က ပြန်ဖြေသည်။ သူက လက်ကို ဝှေ့ယမ်း၍ လက်စွပ်တစ်ကွင်းအား ပျံထွက်သွားစေပြီး မန်ဟိုက ဖမ်းယူလိုက်လေသည်။

သူသည် ၎င်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်သည့်အခါ လက်စွပ်ထဲတွင် ဝိညာဉ်ကျောက်တုံးများ ပြည့်ကြပ်နေကြောင်း မြင်လိုက်ရ၏။

၎င်းတို့သည် အဆင့်နိမ့်လည်း မဟုတ်သလို၊ အလယ်အလတ်ပင် မဟုတ်ပေ။ အကုန်လုံးကား အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများ ဖြစ်၏။

မန်ဟို၏သူငယ်အိမ်များ ကျုံ့သွားသည်။ သူနားလည်ရသလောက် ဂိုဏ်းကြီးများနှင့် မျိုးနွယ်စုကြီးများအတွက်ပင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ဤမျှစုမိဆောင်းမိရန် ခက်ခဲပေလိမ့်မည်။ သို့ထိတိုင် နေဝိညာဉ်သူတော်စင်၏ရက်ရောမှုက ... အတော်လေး လက်ဖျားခါဖွယ်ပင်။

မန်ဟိုက ဤသွေးအေးအေးမျက်နှာနှင့်လူမှာ တကယ်တမ်း ချမ်းသာသောပုဂ္ဂိုလ်နစ်ဦးဖြစ်နေပုံနှင့်ပတ်သက်ပြီး စိတ်ထဲတွင် တစ်ယောက်တည်း ပွစိပွစိ ပြောနေတော့သည်။ သို့သော် နေဝိညာဉ်အဖွဲ့အစည်းကဲ့သို့ အဖွဲ့အစည်းသေးသေးလေးတွင် မည်သည့်အတွက်ကြောင့် ဝိညာဉ်ကျောက်တုံးဤမျှရှိနေရသည်လဲ စဉ်းစား၍မရသေးပေ။

သူသည် ရုတ်တရက် မိစ္ဆာနှလုံးသားများကို တွေးလိုက်မိသဖြင့် မျက်လုံးများ တဖျပ်ဖျပ် လက်သွားတော့၏။

“မဟုတ်မှ မိစ္ဆာနှလုံးသားတွေနဲ့ ပတ်သက်တဲ့ တစ်ခုခုက နေဝိညာဉ်အဖွဲ့အစည်းကို ဒီလောက်ချမ်းသာစေတာလား” သူက တွေးလိုက်သည်။

“အလဲအလှယ်ပြီးပြီဆိုတော့ မင်း အခု ပြန်လို့ရပြီ” နေဝိညာဉ်သူတော်စင်က မျက်လုံးများ ပိတ်ပြီး မန်ဟို့ကို ကြည့်နေရခြင်းကပင် အဝောာ်လေး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသည့်အလား သူကို အဖက်မလုပ်တော့ပေ။

မန်ဟိုက ပြုံးရင်း လက်စွပ်စွပ်ပြီးနောက် ထရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် ခြေလှမ်းနှစ်လှမ်းသာ လှမ်းရသည်၊ တုံ့ခနဲ ရပ်ပြီး ပြန်လှည့်ကြည့်လေသည်။

“မင်းတို့ နေဝိညာဉ်အဖွဲ့အစည်းမှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီးရှိတယ်ဆိုတော့” သူက ပြောသည်။ “မင်း ပူးပေါင်းဖို့ စိတ်ဝင်စားလောက်မယ် ထင်တယ်”

နေဝိညာဉ်သူတော်စင်က မျက်လုံးများဖွင့်ပြီး မန်ဟို့ကို ကြည့်သည်။

“ဘယ်လို ပူးပေါင်းမှုမျိုးလဲ”

“ပင်လယ်မိစ္ဆာတွေကို ပေါင်းတိုက်ဖို့။ ငါက သူတို့ကို မျှားခေါ်ပေးမယ်”

နေဝိညာဉ်သူတော်စင်၏မျက်လုံးများ တောက်ပလာပြီး တခဏကြာ တိတ်ဆိတ်နေပြီးနောက် အသံထွက်လာသည်။ “ခွဲတမ်းက ဘယ်လိုလဲ”

“ဆယ်တုံးရတိုင်း မင်း ကိုးတုံးယူ၊ ငါ တစ်တုံးယူမယ်။ ဒါ့အပြင် မိစ္ဆာနှလုံးသားတွေကို ဝိညာဉ်ကျောက်တုံးနဲ့ လဲလှယ်တဲ့အခါ ၁၀ရာခိုင်နှုန်း လျှော့ပေးမယ်”

“ငါးဆယ်ရာခိုင်နှုန်း” နေဝိညာဉ်သူတော်စင်က ပြောသည်။

“‌မဖြစ်နိုင်ဘူး” မန်ဟိုက ခေါင်းခါရင်း ပြန်ဖြေသည်။ “ပင်လယ်မိစ္ဆာတွေကို ညှို့ရတာ လွယ်တယ်မှတ်လို့။ ပြီးတော့ အဲ့ဒါက ငါ့တာဝန်လေ။ ပိုမြန်ချင်လို့ မင်းအကူအညီတောင်းတာ။ ပတ်လမ်း(၃)ကလည်း မင်းတို့ ဂိုဏ်းသုံးဂိုဏ်းအပိုင် ဖြစ်နေလို့ ။ မဟုတ်ရင် ငါ့ဘာသာငါပဲ လုပ်မှာ”

“ဪ ဒီတော့ ပတ်လမ်း(၃)မှာ ရှိရတာက ဘာနဲ့တူလဲဆိုပြီး သိသေးတယ်ပေါ့” နေဝိညာဉ်သူတော်စင်က တစ်ခွန်းမခံ ပြန်ပြောသည်။ သူတို့နှစ်‌ယောက်မှာ ပူးပေါင်းခြင်းနှင့်ပတ်သက်ပြီး ဆက်လက်ငြင်းခုံနေကြလေသည်။ ဘေးတွင်တော့ နေဝိညာဉ်သူတော်စင်၏ ဇနီးလှလှလေးမှာ နှစ်ယောက်ကို ကြည့်ရင်း လက်ကလေးအုပ်လျက် ပြုံးနေ၏။ နေဝိညာဉ်သူတော်စင် ဤမျှစကားများများစားစား ပြောနေသည်ကို သူမ မကြားခဲ့ရသည်မှာ နှစ်နှင့်ချီနေလေပြီ။

သူမသည် ယောက်ျားဖြစ်သူကို ကောင်းကောင်း နားလည်၏။ သူ့မှာ အပြင်ပန်းတွင် အေးစက်စက်နိုင်သော်လည်း တကယ်တမ်း သူ အသိအမှတ်ပြုသည့်လူများကို မိတ်ဆွေရင်းချာအဖြစ် သတ်မှတ်ထားသူဖြစ်သည်။ သူ အသိအမှတ် မပြုသည့်လူများကိုမူ မယုံနိုင်လောက်အောင်ပင် အစွမ်းထက်လင့်ကစား သူ့ပါးစပ်မှ စကားသုံးခွန်းထက်ပိုပြီး ကြားရမည်မဟုတ်ပေ။

သူမယောက်ျားနှင့် မန်ဟိုသည် အစေးကပ်ပုံမရသော်လည်း နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် လေးစားကြကြောင်း သူမမြင်နိုင်၏။

မန်ဟိုက စားပွဲကို ရိုက်ချလိုက်ရာ ကျောက်စိမ်းပြားအား လေပေါ် ပျံတက်သွားစေသည်။ “ဒီမှာ နားထောင် အချောင်သမား။ မင်းကို ငါ ညှာပေးထားတာနော် ငါ့ကို အလေးအနက်ထားရအောင် မလုပ်နဲ့။ မင်းက ငါ့မွေးရပ်မြေက အရက်ကို မြည်းခဲ့ပြီးပြီပဲ ။ ငါးဆယ်ရာခိုင်နှုန်းလျော့ဈေးက မဖြစ်နိုင်တာ သိတယ်မလား”

နေဝိညာဉ်သူတော်စင်က အေးတိအေးစက် နှာမှုတ်လိုက်သည်။ “နှစ်ပေါင်းရာချီတိုင်အောင် ပတ်လမ်း(၃)မှာ သူဝောာ်စင်တွေက အကုန်လုံးကို ထိန်းချုပ်ခဲ့တာ။ ငါ့ ခွင့်ပြုချက်မပါရင် မင်း ဘယ်ပင်လယ်မိစ္ဆာကိုမှ သတ်လို့မရဘူး”

သူတို့နှစ်ယောက်မှာ ဒေါသတကြီး မျက်နှာချင်းဆိုင်နေကြ၏။ နေဝိညာဉ်သူတော်စင်၏ဇနီးက ပြုံးရင်း သူတို့၏အရက်ခွက်များကို ဖြည့်ပေးရန် ထရပ်လိုက်သည်။ သူမက နူးညံ့ပျော့ပျောင်းသောအသံလေးနှင့် ပြော၏။ “ဒီလိုလုပ်နေစရာမလိုပါဘူး ရှင်တို့နှစ်ယောက်ရယ်။ ငါးဆယ်ရာခိုင်နှုန်း၊ ဆယ်ရာခိုင်နှုန်းပြောနေမယ့်အစား ‌အလျော့ပေးပြီး သုံးဆယ်ရာခိုင်နှုန်းနဲ့ သဘောတူလိုက်ကြပေါ့”

မန်ဟိုက တခဏ တွေးပြီးနောက် ခေါင်းညိတ်သဘောတူလိုက်သည်။ “ကောင်းပြီ။ ဒါဆိုလည်း သုံးဆယ်ရာခိုင်နှုန်းပေါ့” ဤသည်မှာ ပတ်လမ်း(၃) မဟုတ်ပါလော။ နေဝိညာဉ်သူတော်စင်နှင့်ပတ်သက်၍လည်း ဝှက်ဖဲများ မထုတ်မချင်း သူ အနိုင်ရနိုင်မည်မဟုတ်ပေ။ သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် မည်သို့ရင်ဆိုင်ရမလဲ မသိကြသည့်တိုင် မန်ဟိုမှာတော့ သူ၏ဝိညာဉ်ကျောက်တုံးအား တွေ့ကရာလူတစ်ယောက်ကို ခွဲပေးရန် စိတ်အနှောင့်အယှက်မဖြစ်မိဘဲ မနေပေ။

နေဝိညာဉ်သူတော်စင်က တခဏ တွန့်ဆုတ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။

မန်ဟိုက ထရပ်လိုက်၏။ “ကဲ အချောင်သမားရေ ၊ သဘောတူပြီးပြီဆိုတော့ ရက်အနည်းငယ်ကြာရင် သွားကြတာပေါ့”

“ငါက သူတော်စင် ၊ ငါ့နာမည်က လင်းတောက်” နေဝိညာဉ်သူတော်စင်က အံတင်းတင်းစေ့ထားသည့်ကြားမှ ပြောသည်။

“ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ် အချောင်သမား” မန်ဟိုက အင်္ကျီလက်စကို ခါ၍ ထွက်သွားရန် ပြင်ရင်း ပြောသည်။

ဤအခိုက်အတန့်တွင် နေဝိညာဉ်သူတော်စင်၏မျက်လုံးများ လင်းခနဲ လက်သွားပြီး ရုတ်တရက် အင်္ကျီလက်စဖြင့် စားပွဲအပေါ်တင်ထားသော ကျောက်စိမ်းပြားကို ဖြတ််တိုက်ရင်း မန်ဟို့ဆီ ပျံသွားစေသည်။ မန်ဟိုက လှည့်၍ ဖမ်းယူလိုက်ပြီးနောက် နေဝိညာဉ်သူတော်စင်ကို ကြည့်သည်။

“ဝေဟင်အင်မော်တယ်သူတော်စင် နဲ့ ပင်လယ်နတ်မင်းသူတော်စင်က ငါ့ကို သတင်းပို့ထားတယ်။ တစ်ချက်ကြည့်လိုက်” သူက အရက်တစ်ကျိုက်သောက်ပြီး မျက်လုံးများ ပိတ်လိုက်ကာ ဆက်မပြောတော့ပေ။

ကျောက်စိမ်းပြားထဲသို့ နတ်ဘုရားအာရုံ ဖြန့်ကျက်လိုက်စဉ် မန်ဟို့ မျက်နှာထားမှာ လေးနက်သွားတော့၏။ အထဲရှိ သတင်းကို ကြည့်ပြီးနောက် သူ့တစ်ကိုယ်လုံး တုန်ရီသွားလေသည်။  ကျောက်စိမ်းပြားအရ လောလောဆယ်တွင် ဝေဟင်အင်မော်တယ်သူတော်စင်နှင့် ပင်လယ်နတ်မင်းသူတော်စင်တို့သည် သူတို့၏ဂိုဏ်းသား ခုနစ်ဆယ်ရာခိုင်နှုန်းနှင့် ပတ်လမ်း(၃)သို့ လာနေကြလေပြီ။

ထိုသတင်းအပြင် မန်ဟို၏ပုံတူပန်းချီနှင့်အတူ နေဝိညာဉ်သူတော်စင်အား သူ့ကို ကူရှာပေးရန် ကမ်းလှမ်းထားသောစာလည်း ပါရှိသည်။

နောက်ဆုံးတွင်တော့ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကား ကူရှာပေးလျှင် ရရှိမည့် ဆုကြေးအကြောင်းကို နေဝိညာဉ်သူတော်စင်အား ရှင်းပြရန် ကိုယ်တိုင်လာနေပြီဆိုသော သတင်းလည်း ပါ၏။

မန်ဟိုက ခံစားချက်မဲ့သော မျက်နှာထားဖြင့် ကျောက်စိမ်းပြားကို ပြန်ပစ်ပေးလိုက်ရာ ၎င်းက နေဝိညာဉ်သူတော်စင်၏အရှေ့ရှိ လေထဲတွင် ရပ်နေလေသည်။

‌နေဝိညာဉ်သူတော်စင်က ၎င်းကို သိမ်းပြီးနောက် အေးတိအေးစက် ပြောသည်။ “ဟန်ဖုန်း”

စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဟန်ဖုန်းက နေဝိညာဉ်သူတော်စင်၏အရှေ့တွင် ခစားရန် အခန်းထဲသို့ နေရာရွှေ့ပြောင်းလာသည်။ သူက လက်ယှက်ပြီး အရိုအသေပေး၏။

နေဝိညာဉ်သူတော်စင်က တည်ငြိမ်စွာ ဆိုသည်။ “ပင်လယ်ခံတပ်ကို သွား၊ ဒီမှာ ဆရာ့မိတ်ဆွေနဲ့ပတ်သက်တဲ့ အချက်အလက်ဖယ်ရှားပစ်။ လူဘယ်လောက် သူ့ကိုမြင်မြင်၊ သူနဲ့ပတ်သက်ခဲ့ ပတ်သက်ခဲ့ ၊ အကုန်လုံးဖြေရှင်းလိုက်။ ဘာမှမချန်ထားနဲ့

“အဲ့‌ဒီအထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြို့ကနေ ထွက်သွားတဲ့သူတွေလည်း ပါတယ်။ အကုန်ဖယ်ရှားပစ်လိုက်”

ဟန်ဖုန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီးနောက် နာခံကြောင်း ပြောလိုက်သည်။ သူသည် မန်ဟို့ကို လှမ်းကြည့်ပြီးနောက် လှည့်ထွက်သွားတော့၏။

မန်ဟိုက ဤအဖြစ်အပျက်များကို ကြည့်ရင်း မျက်လုံးများ တောက်ပနေခဲ့သော်လည်း ဘာမှမပြောပေ။

“ဝေဟင်အင်မော်တယ်သူတော်စင်နဲ့ ပင်လယ်နတ်မင်းသူတော်စင်က လေမုန်တိုင်းစည်းကို ဖြတ်နေကြပြီ။ သူတို့ အမြန်နှုန်းနဲ့ဆိုရင် ဒီရောက်ဖို့ နှစ်လကြာလိမ့်မယ်။ ‌ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကတော့ တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူဆိုပေမယ့် နှစ်လလောက် ကြာလိမ့်မယ်

“ကျန်တဲ့သူတော်စင်တွေရယ်၊ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကိစ္စနဲ့ ပတ်သက်ပြီး တောင်းဆိုချက်အကုန်လုံးကို ငါ သဘောတူတယ်။ အဲ့ဒီလိုဆိုရင် ငါ့ပိုင်နက်မှာ မင်းရဲ့သဲလွန်စကို ရှာဖို့ ခက်လိမ့်မယ်”

မန်ဟိုက လက်ယှက်ပြီး အရိုအသေမပေးခင် တခဏ တိတ်ဆိတ်နေခဲ့၏။ “ကျေးဇူးအများကြီးတင်ပါတယ်”

"ငါက မင်းကို ကူညီနေတာမဟုတ်ဘူး။ ငါတို့စီးပွားရေးကို ကူညီနေတာ" နေဝိညာဉ်သူတော်စင်က အေးစက်စက် ပြန်ဖြေသည်။ ထို့နောက် သူသည် ချောင်းဟန့်ပြီး မန်ဟို့ကို ကြည့်၏။ "ရှစ်ဆယ်ရာခိုင်နှုန်း"

မန်ဟိုက အံတင်းတင်းကြိတ်လိုက်လေသည်။ သူ၏အမူအရာမှာ ယခင်အတိုင်းသာ ဖြစ်သော််လည်း မိမိကိုယ်ကို ကျေနပ်နေသော နေဝိညာဉ်သူတော်စင်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ "လေးဆယ်ရာခိုင်နှုန်း၊ ဒီထက်ပိုပြီး တိုးမပေးနိုင်ဘူး"

***

All Chapters