ဓားထိပ်ကို ပွားခြင်း
Vol. 48 Ch. 672
အချိန်အနည်းငယ်ကြာသော် မန်ဟိုက မျက်နှာမသာမယာနှင့် မျှော်စင်မှ ထွက်လာလေသည်။ အဆုံးသတ်တွင် သူ့မှာ ထိုအချောင်သမား၏ ကလိမ်ကျခြင်းခံခဲ့ရ၍ ငါးဆယ်ရာခိုင်နှုန်းလျှော့ဈေးပေးရန် သဘောတူခဲ့ရလေသည်။
မန်ဟိုသည် အခြားသူများကို ကလိမ်ကျရင်း နေထိုင်နေခဲ့သည့်အလား အမြဲ ခံစားခဲ့ရ၏။ အထူးသဖြင့် ယခု မျက်နှာတည်တည်နှင့် အချောင်သမား၊ နေဝိညာဉ်သူတော်စင်၏ ကလိမ်ကျခံရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။
“အဲ့ဒီအချောင်သမားက ငါ့ကို ဒီလိုမျိုး ကလိမ်ကျခဲ့တာ ယုံတောင်မယုံနိုင်ဘူး ...” မန်ဟိုက သက်ပြင်းချလိုက်သည်။ နေဝိညာဉ်သူတော်စင်၏တပည့်က သူ့ကို မြို့ထဲသို့မဟုတ်ဘဲ အနီးနားရှိ သီးသန့်စံအိမ်တစ်လုံးဆီ ခေါ်သွားပေးသည်။
ယင်းက နေဝိညာဉ်သူတော်စင်မှ စီစဉ်ပေးထားခြင်းဖြစ်သည်။ နေဝိညာဉ်အဖွဲ့အစည်း၏အပိုင် ဤသီးသန့်နယ်မြေတွင် နေခြင်းဖြင့် ထိတွေ့ဆက်ဆံရမှုအနည်းဆုံးဖြစ်ကာ သူ၏ခြေရာလက်ရာ သဲလွန်စများကို ဖယ်ရှားရလွယ်ကူပေမည်။
သူ၏မျက်နှာအမူအရာကို မြင်သောအခါ ဝေ့လီမှာ စကားမပြောရဲပေ။ သူမ လှမ်းကြည့်လိုက်တိုင်း သူ၏အမူအရာမှာတစ်မျိုး ပြောင်းနေသယောင်ပင်။ ရံဖန်ရံခါ သူသည် အံကြိတ်တတ်ပြီး ရံဖန်ရံခါ သက်ပြင်းချတတ်သည်။ တစ်ခါတစ်ရံကျ ပြောပြမတတ်အောင် နာကျင်ခံစားနေရပုံပေါက်သည်။
“သူ ဘာဖြစ်နေတာလဲ” သူမက တအံ့တဩ တွေးလိုက်၏။ သူမ မသိသည်မှာ မန်ဟို့အတွက် .... ဝိညာဉ်ကျောက်တုံးများက သူ၏ဘဝကြီးဖြစ်သည်ကိုပင်။ လူတစ်ယောက်ကြောင့် သူ ရှာနိုင်သမျှ ဝိညာဉ်ကျောက်တုံးအရေအတွက်လျော့သွားခြင်းက သူ့ကိုနှလုံးသားထဲ စိုက်ဝင်နေသော ဓားတစ်လက်အလားပင်။
မန်ဟို မျှော်စင်မှ ထွက်သွားပြီးနောက် နေဝိညာဉ်သူတော်စင်က အားရကျေနပ်စွာ ရယ်တော့သည်။ သူက အတော်လေး စိတ်ပျော်နေရင်း အရက်ခွက်ကို နှုတ်ခမ်းနားတေ့ကပ်ကာ အကြာကြီးဇိမ်ခံသောက်လိုက်၏။
သူ့ဇနီးသည်က ခေါင်းကလေးတစ်ခါခါနှင့် ဘေးတွင် ထိုင်နေသည်။ သူမလည်း အလွန်ပျော်နေ၏။ မန်ဟို့အပေါ် သူမယောက်ျား အခွင့်ကောင်းယူနိုင်ခဲ့ခြင်းကြောင့်မဟုတ်၊ သူတို့နှစ်ယောက်အကြား၌ မိတ်ဆွေဆက်ဆံရေးတစ်ခု ဖြေးဖြေးချင်း ဖြစ်တည်လာနေသည့်အတွက်ပင်။
သူမယောက်ျားတွင် မိတ်ဆွေအပေါင်းအသင်းတစ်ယောက်မှ မရှိခဲ့လေရာ သူ မည်မျှပျော်နေသလဲ သူမ ခံစားရလေသည်။
ထိုညတွင် မန်ဟိုသည် လက်ရှိအခြေအနေနှင့်ပတ်သက်၍ စဉ်းစားရင်း အခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေ၏။ သူ့မှာ ရင်နာနေဆဲဖြစ်သည်။ ကလိမ်ကျတတ်သောသူတစ်ယောက် ဝဋ်ပြန်လည်ခြင်းက သူ့ကို သက်ပြင်းများ အဆက်မပြတ် ချနေမိစေတော့သည်။
“ခွေးမသား ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး။ နေနှင့်ဦးပေါ့” မန်ဟိုမှာ သူ့ကိုယ်သူ လက်တွေ့ကျသောသူဟူ၍ အမြဲမှတ်ယူထားခဲ့၏။ ထို့ကြောင့် တွေးတောဆန်းစစ်ပြီးနောက်တွင် ဤအမှုများအတွက် အမှန်တကယ် တာဝန်ရှိသူမှာ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ပြီးဖြစ်ကြောင်း သုံးသပ်နိုင်သွား၏။
မန်ဟိုက အံတင်းးတင်းကြိတ်ရင်း ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။ လောလောဆယ်တွင် ကျင့်ကြံခြင်းအခြေခံစွမ်းအားအပိုင်းသုံးပိုင်းသာ ကျန်ရှိတော့ပြီး ၎င်းတို့မှာ ပေါင်းစည်းနေသောခုလတ်တွင် ဖြစ်သည်။
“ငါ တိုးတက်လာလေလေ ၊ နှေးလာလေလေပဲ” သူက နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းရင်း တွေးလိုက်သည်။ ဤသည်မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအတွက် သူ၏လမ်းစဉ်ဖြစ်သည်။ နောက်ဆုံးတွင် အပိုင်းသုံးပိုင်းသည် နှစ်ပိုင်းဖြစ်လာပြီး နောက်ဆုံးတစ်ခုတည်း ဖြစ်လာမည်။ ထို့သို့ဆိုလျှင် သူအနေ့ဖြင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်လေမည်။
“ပထမခွဲထွက်ခြင်းအတွက် ဘာကိုခွဲထုတ်ဖျက်စီးလိုက်ရင် ကောင်းမလဲ.....” သူသည် ဤအခိုက်အတန့်တွင် အတန်ငယ် ချီတုံချတုံဖြစ်နေ၏။ မကြာသေးမီက ဤကိစ္စနှင့်ပတ်သက်ပြီး အတွေးများရှိခဲ့သော်လည်း ဉာဏ်အလင်းမရသေးပေ။ ကိစ္စတစ်ရပ်လုံးမှာ သူ့အတွက် ဝေဝါးနေသေး၏။
သူသည် အတွေးထဲ နစ်မြောနေလျက် သိုလှောင်လက်စွပ်ကို ထုတ်ပြီး အထဲရှိ ဝိညာဉ်ကျောက်တုံးများကို ကြည့်လိုက်သည်။ ၎င်းတို့ တဖျပ်ဖျပ် တောက်ပနေသည်ကို မြင်မှ သူ့မှာ အတန်ငယ် နေသာထိုင်သာ ရှိသွားလေသည်။
“ဒီတော့ ခွေးမသား ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက မသေဘဲ ငါ့ကို ခြေရာခံဖို့ တော်တော်ကြိုးစားနေတာပဲ။ ဒီတစ်ခေါက် ငါ့တာအိုအခြေကို ရအောင် ယူတော့မယ့်ပုံပဲ” မန်ဟို၏မျက်လုံးများ အေးစက်သွားသည်။ သူသည် သစ်သားအချိန်ဓားနှင့် ကြေးမုံကို ထုတ်ပြီးနောက် စတင်ပွားပြီး အချိန်သိုလှောင်အမှတ်အသားများဖြင့် ထပ်မံသန့်စင်လိုက်သည်။
“သစ်သားအချိန်ဓားတစ်ရာရတဲ့အထိတော့ နေနှင့်ဦး။ သူတို့က တာအိုရှာဖွေခြင်းအဆင့်ကို အနည်းဆုံးတော့ အတိုင်းအတာတစ်ခုအထိ ခုခံနိုင်လိမ့်မယ်”
ယခုတွင် သူ၏ဝိညာဉ်ကျောက်တုံးများမှာ ပြည့်သျှံနေ၍ မန်ဟိုသည် ပွားရာတွင် စိတ်ရောကိုယ်ပါ နစ်မြှုပ်ထားလိုက်တော့၏။ တစနှင့်တစ သစ်သားအချိန်ဓားများ ပုံလာသည်။
ရက်အနည်းငယ်ကြာပြီးနောက်ဆုံးတွင်တော့ သူသည် အလက်တစ်ရာမြောက်အား ပွားနိုင်သွား၏။ ဓားအလက်တစ်ရာလုံးတွင် အချိန်စွမ်းအား နှစ်ခြောက်ဆယ်စက်ဝန်းရှစ်ခုပါရှိလေသည်။ (၆၀ × ၈= ၄၈၀ နှစ်)
သူ့မှာ ဆက်ပွားချင်သော်လည်း အချိန်ကားမလောက်ပေ။ သူနှင့် နေဝိညာဉ်သူတော်စင်တို့ ချိန်းဆိုထားသည့်အချိန်မှာ နောက်တစ်နေ့မနက် မိုးသောက်ချိန်ဖြစ်သည်။ သူသည် အချိန်စွမ်းအား နှစ်ခြောက်ဆယ်စက်ဝန်းရှစ်ခုနှင့် သစ်သားအချိန်ဓားအလက်တစ်ရာကို လှမ်းကြည့်ပြီး မျက်လုံးများ တလက်လက် တောက်ပလာတော့၏။ သို့သော် သူ့မှာ အံတင်းတင်းကြိတ်၍ သိုလှောင်လက်စွပ်ထဲရှိ ဝိညာဉ်ကျောက်တုံးများကို စစ်ဆေးလိုက်သည်။
“ဝိညာဉ်ကျောက်တုံးတွေက သိပ်သိပ်အရေးပါတယ်။ ဒါပေမယ့် ငါသေရင် သူများအပိုင် ဖြစ်သွားမှာ....” သူ၏မျက်လုံးက လင်းခနဲ လက်သွားပြီး သူသည် အချိန်ဓားထိပ်ကို ထုတ်လိုက်၏။
သူက ၎င်းကို ခေတ္တ စိုက်ကြည့်ပြီးနောက် အသက်ရှူသံများ မြန်လာတော့သည်။
“ဒီဓားထိပ်ကို သိပ်များများစားစား ပွားစရာမလိုဘူး။ ဆယ်ခုပဲ ... အဲ့ဒါဆိုရင် ပဒုမ္မာဓားဝင်္ကပါကို ပထမပုံစံကို ငါ ဖန်တီးနိုင်ပြီ။ အဲ့ဒီလို ဝင်္ကပါတစ်ခုရဲ့ စွမ်းအားက အချိန် နှစ်တစ်သိန်းနဲ့ ညီမျှမယ်” သူသည် ဓားထိပ်ကို တစ်လှည့် သိုလှောင်လက်စွပ်ကို တစ်လှည့်ကြည့်လိုက်သည်။ နောက်ဆုံးတွင် ကြေးမုံနှင့် စပွားတော့သည်။
ဓားကို မပွားခင်တုန်းက သူသည် သူ့ကိုယ်သူ အားပေးဖြေသိမ့်နေခဲ့ရ၏။ သို့သော် စပွားသည်နှင့် ပွား၍မပြီးမချင်း ရပ်တန့်မရကြောင်း သူ သိလေသည်။ ထို့ကြောင် သူသည် အစွမ်းကုန်ထုတ်ရန် ပြင်ဆင်တော့၏။ ဝိညာဉ်ကျောက်တုံးများက ကြေးမုံထဲ တဝေါဝေါ ဝင်ရောက်လာတော့သည်။
ဝိညာဉ်ကျောက်တုံးဆယ်တုံး၊ ဝိညာဉ်ကျောက်တုံးတစ်ရာ၊ ဝိညာဉ်ကျောက်တုံးတစ်ထောင်....
မန်ဟို့လှုပ်ရှားမှုများမှာ အတော်လေး အသက်မပါပေ။ သူ ကြည့်နေစဉ် သိုလှောင်လက်စွပ်ထဲရှိ ဝိညာဉ်ကျောက်တုံးပုံကြီးမှာ နည်းသထက်နည်းလာလေသည်။ နှစ်နာရီကြာသော် ကြေးမုံမှ ရုတ်တရက် စူးရှတောက်ပသော အလင်းရောင်များ ဖြာထွက်လာသည်။ ကြေးမုံ၏မျက်နှာပြင်သည် တဖြေးဖြေး ရေကဲ့သို့ ဖြစ်လာပြီး အထဲမှ တစ်ထပ်တည်းတူသော ဓားထိပ်နှစ်ခု ချက်ချင်း ပေါ်လာတော့၏။ မန်ဟို့မျက်လုံးများမှာ ပြင်းပြသောမျှော်လင့်ချက်တို့ဖြင့် မီးဝင်းဝင်းတောက်နေလေသည်။
မန်ဟိုမှာ ရင်ခုန်သံတို့ ဗြောင်းဆန်နေရင်း ၎င်းတို့ကို ကောက်ကိုင်လိုက်သည်။ ထို့နောက် ခေါင်းကို မော့ကာ တဟားဟား အော်ရယ်တော့သည်။
ဓားထိပ်နှစ်ခုလုံးရှိ အချိန်စွမ်းအားမှာ လုံးဝတစ်ထပ်တည်းပင်။
သို့သော် သူက ရယ်နေရင်းတန်းလန်း သုံးခဲ့သော ဝိညာဉ်ကျောက်တုံးအရေအတွက်ကို တွက်ချက်ကြည့်ပြီး ရင်ထဲ စူးအောင့်သွားဝောာ့သည်။
“ငါ တကယ်ကြီး ကုဋေတစ်ရာတောင် ဖြုန်းလိုက်တာပဲ”
“သေစမ်း ဈေးကြီးလိုက်တာဟ” နာကျင်မှုက သူ့ကို နှိပ်စက်နေတော့သည်။
“ခွေးမသား ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး။ ကျုပ်တို့ကြား မပြီးသေးဘူး” သူ၏မျက်လုံးများမှာ နီရဲနေပြီး ခံစားနေရသော ရင်နာမှုတို့က ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးအပေါ် စုပြုံကျသွားသောဒေါသ ဖြစ်နေတော့သည်။ ထို့နောက် သူက အံကြိတ်ပြီး နောက်တစ်ခု ဆက်ပွားတော့သည်။
မန်ဟိုသည် သူ၏မူလပိုင်ဆိုင်မှု ဝိညာဉ်ကျောက်တုံး ကုဋေငါးရာဖြင့် သစ်သားဓားထိပ်လေးခုသာ ပွားနိုင်ခဲ့၏။ ယခု သူ့တွင် မူလဓားထိပ်အပါအဝင် ငါးခုရှိသွားလေပြီ။ ကျန်ရှိသော ဝိညာဉ်ကျောက်တုံးများအတွက်မူ ဆေးလုံးများ၊ သစ်သားအချိန်ဓားများနှင့် အခြားတိုလီမုတ်စများ ပွားရန် အသုံးပြုလိုက်၏။
နောက်ဆုံးတော့ တိုက်ပွဲအတွက် လက်နက်စုံသွားပြီဖြစ်သည်။ သို့သော် သူ၏သိုလှောင်မှာတော့ ပြောင်တလင်း ခါနေချေပြီ။ သိုလှောင်လက်စွပ်လည်း ပြောင်တလင်း ခါနေ၏။ မနက်စောစောဖြစ်၍ ကောင်းကင်တွင် နေမင်းကြီးသည် လှပစွာ တောက်ပနေသော်လည်း မန်ဟို့အတွက်တော့ အရာအားလုံး မှောင်မိုက်နေသယောင်ပင်။
ယမန့်နေညက သူသည် မယုံနိုင်လောက်အောင် ချမ်းသာခဲ့၏။ နောက်တစ်နေ့မနက်ကျ ယခင်အတိုင်း မွဲပြာကျသွားလေပြီ။ ခါးသက်သက်ပြုံးခြင်းမှအပ မန်ဟိုတတ်နိုင်သည့် တစ်ခုတည်းသော အရာမှာလည်း ခါးသက်သက်ပြုံးရုံသာ ရှိသည်။
“ငါ့မှာ ချမ်းသာဖို့ ကံမပါဘူး တူပါရဲ့... ငါ့အတွက် ဝိညာဉ်ကျောက်တုံးတွေက မှော်ပစ္စည်းတွေနဲ့ တခြားဟာတွေပွားဖို့ လိုတဲ့ အရာသက်သက်ပဲ။ ဒါ့အပြင် မှော်ပစ္စည်းတွေကို စုပ်ယူတဲ့ ကောင်းကင်ဘုံကိုးထပ်ရတနာခန္ဓာတံဆိပ်တော်ကို ကျင့်ကြံရင်လည်း ဝိညာဉ်ကျောက်တုံးတွေက အတောမသပ်နိုင်အောင် ကုန်နေမှာ” သူက သက်ပြင်းချလိုက်သည်။ ကောင်းကင်ဘုံကိုးထပ်ရတနာခန္ဓာတံဆိပ်ဝောာ်သည် အပြင်အားကိုယ်ကျင့်ကြံဖို့ အသုံးပြုနိုင်သည့်၊ မိစ္ဆာအင်မော်တယ်စေတီတွင် ရရှိခဲ့သော တာအိုမှော်ကျင့်စဉ်တစ်ခု ဖြစ်သည်။
၎င်းသည် ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းတွင်ပင် နာမည်ကြီးကျင့်စဉ်တစ်ခု ဖြစ်ခဲ့၏။ အသွေးအသားသိဒ္ဓိတင်ကျင့်စဉ်နှင့််ယှဉ်လျှင် နောက်ရောက်ရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ အသွေးအသားသိဒ္ဓိတင်ကျင့်စဉ်မှာ လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်၍ပင်။ ကောင်းကင်ကိုးထပ်ရတနာခန္ဓာတံဆိပ်တော်သည် တစ်နှစ်ပြီးတစ်ခု ကျင့်ကြံရန် လိုအပ်ပြီး ချုပ်နှောင်နည်းလမ်းများမှာ မခက်ခဲပေ။ သို့သော် ဖြုန်းရသော အရင်းအမြစ်များမှာ ဂိုဏ်းအများစုအတွက် မတတ်နိုင်သည့်အရာ ဖြစ်၏။
တာအိုမှော်ကျင့်စဉ်နှင့် လျှို့ဝှက်ပညာရပ်နှစ်မျိုးလုံး ပေါင်းစည်းထားခြင်းက ခန္ဓာကိုယ်ကို အထွတ်အထိပ်အဆင့်တစ်ခုအထိ ကျင့်ကြံနိုင်သည်။ ၎င်းတို့ကို ပေါင်းစည်းလိုက်မှသာ စစ်မှန်သောစွမ်းအား ထွက်ပေါ်လာခြင်းဖြစ်၏။
“အသွေးအသားသိဒ္ဓိတင်ကျင့်စဉ်က လျှို့ဝှက်ပညာရပ်ဆိုတော့ အခြားအားသာချက်တွေလည်း ရှိလိမ့်မယ်။ ငါ့ကျင့်ကြံခြင်းအခြေခံအဆင့်ကြောင့် မလှုံဆော်နိုင်တာပဲ နေမှာ”
“ကောင်းကင်ဘုံကိုးထပ်ရတနာခန္ဓာတံဆိပ်တော်က ... ငါ့အပြင်အားကိုယ်ကို အဆင့်မြှင့်ဖို့ ဖြတ်လမ်းတစ်လမ်းပဲ။ သူများအတွက် ခက်ခဲလောက်ပေမယ့် ငါ့မှာ ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက် ရှိသရွေ့ ငါ ပွားနိုင်တဲ့ မှော်ပစ္စည်းတွေက အဆုံးသတ်မှာ မဟုတ်ဘူး။ ဒါဆို ကောင်းကင်ဘုံကိုးထပ်ရတနာခန္ဓာတံဆိပ်တော်ကို အကန့်အသတ်မရှိ ဆက်ကျင့်နိုင်ပြီ” မန်ဟိုက သက်ပြင်းချလိုက်သည်။ ကောင်းကင်ဘုံကိုးထပ်ရတနာခန္ဓာတံဆိပ်တော်ကို စတင်မကျင့်ကြံသေးသော အကြောင်းရင်းမှာ ဉာဏ်အလင်းကြောင့်သာမက အရေးအကြီးဆုံးအနေဖြင့် သူ့မှာ မွဲတေနေလေပြီ....
“ဝိညာဉ်ကျောက်တုံး ၊ ငါ ဝိညာဉ်ကျောက်တုံးတွေ လိုတယ်” မန်ဟို ခေါင်းမော့လာစဉ် သူ၏မျက်လုံးများမှာ နီရဲတွတ်နေတော့၏။ သူ၏ ဝိညာဉ်ကျောက်တုံးဆာလောင်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေပြီ။ သူကား တင်းမာခက်ထန်နေသော အရှိန်အဝါကို ထုတ်လွှတ်လျက် ပျံထွက်သွားတော့၏။
နေဝိညာဉ်သူတော်စင်မှာ မန်ဟို့ကို မြင်သောအခါ ချက်ချင်း အံ့ဩသွားသည်။
“ဘယ်ကောင် မင်းကို စိတ်တိုအောင် လုပ်လိုက်တာလဲ” သူက မေးသည်။
မန်ဟိုက ဘာမပြောသော်လည်း တင်းမာခက်ထန်နေသောအငွေ့အသက်မှာ ပို၍ပင် သိသာထင်ရှားလာသည်။ သူက ရိပ်ခနဲ အဝေးသို့ ပျံထွက်သွားသည်။ နေဝိညာဉ်သူတော်စင်မှာ ပို၍ပင်ဇဝေဇဝါဖြစ်နေသော ပုံစံဖြင့် နောက်မှ လိုက်လာ၏။ သူတို့နှစ်ယောက်သား အမြန်ဆုံး ရွေ့လျားလာကြပြီး မျက်စိတစ်မှိတ်အတွင်း ပင်လယ်ခံတပ်မှ ထွက်သွားကြလေပြီ။
သူတို့နှစ်ယောက် ပင်လယ်ခံတပ်မှ အကွာအဝေးတစ်ခုသို့ ရောက်သောအခါ မန်ဟိုက လေလယ်တွင် ရပ်၍ နေဝိညာဉ်သူတော်စင်ကို လှမ်းကြည့်သည်။
“ကဲ အချောင်သမားရေ အဆင်သင့်ဖြစ်ပြီလား” သူက နေဝိညာဉ်သူတော်စင်ကို ကြည့်ရင်း ပြောသည်။
“မင်း တကယ်ပဲ စီနီယာတွေအပေါ် ရိုသေမှုကို မရှိဘူး” နေဝိညာဉ်သူတော်စင်က မျက်မှောင်ကြုတ်ရင်း ပြန်ဖြေသည်။ “အသက်ကဖြင့် ဘယ်လောက်ရှိနေလို့လဲ။ လာလာ အချိန်ဖြုန်းမနေနဲ့ စကြစို့”
မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ သူက ဘာမှ ထပ်မပြောတော့ဘဲ ကျင့်ကြံခြင်းအခြေခံကို ဖိနှိပ်လိုက်သည်။ ရှင်သန်ခြင်းနှင်းပန်းမှာမူ အရုဏ်ဦးအင်မော်တယ်နှင့် ဆုံတွေ့ပြီးကတည်းက နိုးကြားနေခဲ့၏။ ၎င်းကား ထွက်ပေါက်ကို မြင်သည်နှင့် ပေါ်ထွက်လာတော့သည်။
အရှိန်အဝါပေါ်လာသောအခါ နေဝိညာဉ်သူတော်စင်၏မျက်လုံးများ လင်းလက်သွားပြီး နောက်ဆုတ်လိုက်၏။ သူက မန်ဟို့ကို မသင်္ကာသလို ကြည့်သည်။
“အဲဒီအရှိန်အဝါ ....” သူက တွေးလိုက်သည်။ “ပင်လယ်မကောင်းဆိုးဝါးတွေနဲ့ ဆင်တယ်... ဒါပေမဲ့ သူက ကျင့်ကြံသူဆိုဝာာ ထင်ရှားတယ်” ထိုအခိုက်အတန့်တွင် ပင်လယ်သည် ရုတ်တရက် တဝုန်းဝုန်း အုံ့ကြွလာပြီး ပတ်လမ်း(၃)၏ ပင်လယ်ဒေသအမျိုးမျိုးတွင် လှိုင်းလုံးကြီးများ မြင့်တက်ရိုက်ခတ်လာသည်။ ပင်လယ်မိစ္ဆာတစ်ကောင်ပြီးတစ်ကောင် တုန်ရီလာပြီးနောက် မျက်လုံးကြီးများ နီရဲလျက် မန်ဟို့ဆီ ဦးတည်လာကြတော့သည်။
အမွှေးတိုင်တစ်ဝက်ထွန်းစာ အချိန်အတွင်း ပင်လယ်မိစ္ဆာရာချီ ချဉ်းကပ်လာလေပြီ။
“မဟုတ်ဘူး ဒါ ပင်လယ်မကောင်းဆိုးဝါးရဲ့ အရှိန်အဝါမဟုတ်ဘူး” သူက တွေးလိုက်သည်။ ၎င်းနှင့်စပ်လျဉ်း၍ တစ်စုံတစ်ခုက မတူကွဲပြားနေကြောင်း သူ အာရုံရနေလေသည်။ “ပင်လယ်မကောင်းဆိုးဝါးအရှိန်အဝါ ပေါ်လာရင် ပင်လယ်မိစ္ဆာတွေက အရှုံးပေးရတယ်။ ဒီဖြစ်ရပ်မှာကျတော့ သူ့ကို သူတို့ရဲ့ ဗဟိုရန်သူတော်ကြီးလို တိုက်ခိုက်နေတာ။ သူတို့သေကြေရရင်တောင်မှ သူ့ကို စားချင်နေကြတဲ့ပုံစံပဲ”
ဗွမ်း
ပင်လယ်ထဲမှ ပင်လယ်မိစ္ဆာရာချီက မန်ဟို့ကို သွေးရူးသွေးတန်း တိုက်ခိုက်ရန် ထွက်လာကြသည်။
သူက အေးစက်စက် နှာတစ်ချက် မှုတ်၍ ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် မှော်သင်္ကေတတစ်သောင်းက ပတ်ဝန်းကျင်တွင် လှည့်ပတ်ရင်း ပေါ်လာ၏။ တဖောင်းဖောင်း ပေါက်ကွဲသံများ ဆူညံနေသည့်အချိန်မှာပင် ပင်လယ်မိစ္ဆာထောင်ချီကား အဝေးတွင် ပေါ်လာခဲ့လေပြီ။
“သိပ်မများပါလား” နေဝိညာဉ်သူတော်စင်က သရော်လိုက်သည်။
မန်ဟိုက ပြန်မဖြေ။ သူသည် ပင်လယ်ကြမ်းပြင်သို့ ဆင်းပြီး ရှင်သန်ခြင်းနှင်းပန်း၏အရှိန်အဝါကို ပို၍ပင် ဖြန့်ကျက်လိုက်သည်။ ပင်လယ်တစ်စင်းလုံးမှာ မီးဟုန်းဟုန်းတောက်နေသည့်အလားပင်။
မှန်၏ ၊ ထိုမီးတောက်မှာ ရှင်သန်ခြင်းနှင်းပန်း၏အရှိန်အဝါဆီသို့ မြန်မြန်ရောက်နိုင်ရန်အတွက် မရေမတွက်နိုင်သော ပင်လယ်မိစ္ဆာများ ၎င်းတို့၏အသက်စွမ်းအားများကို လောင်ကျွမ်းပြာချပစ်နေသည့်အတွက်ကြောင့်မှတစ်ပါး အခြားမဟုတ်ပေ။ မျက်စိတစ်မှိတ်အတွင်း ပင်လယ်မိစ္ဆာထောင်ချီကား အဝေးတွင် ပေါ်လာခဲ့လေပြီ။ ထို့ထက်ဝေးနေသောနေရာတွင် သိန်းသောင်းချီနေရာ ပင်လယ်ပြင်ထက်တွင် မိုးထိုးနေသည့် လှိုင်းလုံးကြီးများအား မြင့်တက်လာစေ၏။
ထို့အပြင် မိုးကုပ်စက်ဝိုင်းမှ ပဲ့တင်ထပ်လာသော အံ့မခန်းလိလိ ဟိန်းဟောက်သံ ခုနစ်သံ ၊ ရှစ်သံကိုလည်း ကြားလိုက်ရလေသည်။
နေဝိညာဥ်သူတော်စင်လည်း ရေထဲ ဆင်းလိုက်ရာ ပဒုမ္မာကြာပွင့်ပုံသဏ္ဌာန် ဆယ်ခုအသွင် ဖော်ဆောင်ထားသည့် သစ်သားဓားအလက်တစ်ရာဖြင့် ခြံရံလျက်ရှိသော မန်ဟို့ကို မြင်လိုက်ရသည်။ ၎င်းတို့ မန်ဟို့ကို လှည့်ပတ်နေစဉ် အကုန်လုံးသည် .... ပဒုမ္မာကြာပွင့်တစ်ပွင့်ပုံစံ ဧရာမမန္တန်ဝင်္ကပါကြီးတစ်ခုအဖြစ် အတူတကွ စုစည်းသွားတော့၏။
ဝင်္ကပါကြီးက မန်ဟို၏ပတ်ပတ်လည် မီတာသုံးရာအထိ စိုးမိုးထားပြီး အနားကပ်လာသော မည်သည့်ပင်လယ်မိစ္ဆာမဆို ခြောက်ကပ်၍ ပျောက်ကွယ်ကုန်ကြလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့ကား အချိန်တစ်ဘဝလုံးစာ ဖြတ်သန်းသွားခဲ့လေပြီ။
အမှန်တွင် ပတ်ဝန်းကျင်ရှိ ရေများပင်လျှင် ပျက်စီးသွားသော လက္ခဏာများပြလာသည်။ ကြည့်ရသရွေ့ မည်သည့်အရာမှ အချိန်စွမ်းအားလက်တွင်းမှ မလွတ်မြောက်နိုင်ပုံပင်။
ထိုမြင်ကွင်းက နေဝိညာဉ်သူတော်စင်ကို စိတ်နှလုံး တုန်ရီသွားစေတော့၏။
***