← Chapters

အရုဏ်ဦးအင်မော်တယ်၏ ခေါ်သံ

Vol. 48 Ch. 673

အရုဏ်ဦးအင်မော်တယ်၏ ခေါ်သံ

Vol. 48 Ch. 673

“ဓားဆယ်လက်က ကြာတစ်ပွင့်ကို ဖော်ဆောင်တယ်” နေဝိညာဉ်သူတော်စင်က တွေးလိုက်သည်။ “ကြာဆယ်ပွင့်က ‌ဝင်္ကပါတစ်ခု ‌ဖန်တီးပေးတယ်”

“ဓားအလက်တစ်ရာ နဲ့ ဧရာမဝင်္ကပါကြီးတစ်ခု။ အချိန်စွမ်းအားတွေနဲ့ ပြည့်နှက်နေတယ်။ အချိန်စွမ်းအားလှိုင်းဖြာထွက်လာရင် ဘယ်အရာမှ မခြောက်ကပ်ဘဲ မနေနိုင်ဘူး”

“အားလုံးအထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးက ဓားပန်းပွင့်တိုင်းမှာ ပြောင်းလဲခြင်းထောင်ချီပါနေတာပဲ။ ကြာဆယ်ပွင့်က ဝင်္ကပါကြီးအသွင်ပြောင်းသွားတဲ့အခါ ပြောင်းလဲခြင်းတွေက အဆနဲ့တိုးသွားတယ်။ အထဲမှာ ဖုံးကွယ်ထားတဲ့ ပြောင်းခြင်းသောင်းနဲ့ချီ လောက်တယ်

“ဒီလို အကြီးစားဝင်္ကပါတစ်ခုကို ထိန်းချုပ်ဖို့ဆိုရင် နတ်ဘုရားအာရုံက ကြောက်စရာကောင်းတဲ့အဆင့်တစ်ခု ရောက်နေမှပဲ။ ဒါပေမဲ့ အဲ့ဒါတွေအားလုံးက .... ဒုဝာိယပဲ ရှိသေးတယ်။ အရေးအကြီးဆုံးက ဝင်္ကပါတစ်ခုဆိုတာ ရုပ်အသွင်ရော၊ စိတ်ဝိညာဉ်ရော နှစ်မျိုးလုံး လိုအပ်တာလေ။ သူ့ရဲ့ ဒီပဒုမ္မာဓားဝင်္ကပါမှာ အဲဒီအရာနှစ်မျိုးလုံး ရှိနေတယ်” နေဝိညာဉ်သူတော်စင်မှာ စိတ်နှလုံးတုန်ရီသွား၏။ သူသည် မန်ဟို့ကို မျှော်လင့်ထားခဲ့ပြီးဖြစ်သော်လည်း ယခုတွင် မန်ဟို့အပေါ် အထင်သေးခဲ့မိကြောင်း သဘောပေါက်လိုက်၍ သူ၏သူငယ်အိမ်များမှာ ကျုံ့မသွားဘဲ မနေတော့ပေ။

“ဒီတော့ ငါနဲ့တိုက်ခိုက်ခဲ့တုန်းက သူ့စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ သုံးနေတာကိုး။ ‌‌ဒီဓားဝင်္ကပါကိုသာ သုံးခဲ့ရင် ... ငါတောင်မှ လွတ်မြောက်ဖို့ ခက်ခဲတယ်

“အချိန်ကျင့်ကြံသူတွေဆိုတာ အရမ်းရှားပေမယ့် သူက ငါထင်ထားတာထက်တောင် အံ့ဩစရာ ကောင်းနေတယ်။ ပြီးတော့ ဟိုအရက်အိုး .... အဲ့ဒါ သူ့မွေးရပ်မြေကဆိုတာ ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ်။ ဘယ်နေရာမှာ ရှိလဲ မသိတာတစ်ခုပဲ” မန်ဟို့ ဓားဝင်္ကပါများ၏စွမ်းအားကို မျက်စိ‌ဖြင့်တပ်အပ်မြင်ပြီးနောက် နေဝိညာဉ်သူတော်စင်မှာ စိတ်ထဲတွင် တုန်လှုပ်နေတော့၏။ လောလောဆယ်တွင် ပင်လယ်မိစ္ဆာထောင်ချီမှာ သူတို့ဆီသို့ အပြေးအလွှား လာနေကြလေပြီ။

မျက်စိတစ်မှိတ်အတွင်း ပင်လယ်သည် ပရမ်းပတာဖြစ်သွားတော့၏။ မန်ဟို့ဓားဝင်္ကပါက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် လည်နေသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေလေသည်။

မန်ဟိုသည် ပင်လယ်မိစ္ဆာတစ်ကောင်သတ်ပြီးတိုင်း မိစ္ဆာနှလုံးသား မည်မျှတိုးလာသည်လဲ စိတ်တွက်တွက်နေ၏။ နေဝိညာဉ်သူတော်စင် ကြောင်တောင်တောင်နှင့် ရပ်နေသည်ကို မြင်သောအခါ သူ့မှာ စိတ်မပျက်မိဘဲ ‌မနေတော့ပေ။ “ဟေ့ကောင် အချောင်သမား။ မင်း မြန်မြန်မလှုပ်ရှားရင် သုံးဆယ်ရာခိုင်နှုန်းတောင် မပေးဘဲနေမှာနော်”

နေဝိညာဉ်သူတော်စင်က အေးစက်စက် နှာတစ်ချက်မှုတ်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မှော်သင်္ကေတတစ်သိန်းသည် သူ၏အင်္ကျီလက်အတွင်းမှ ပျံထွက်လာကာ မှော်သင်္ကေတသားရဲဆယ်ကောင်အသွင်ပြောင်းရင်း လည်လာ၏။ ၎င်းတို့က ဟိန်းဟောက်‌အော်မြည်လျက် ပင်လယ်မိစ္ဆာများဆီသို့ ပြေးဝင်သွားပြီး စတင်သတ်ဖြတ်တော့သည်။

ယခုတွင် မန်ဟိုနှင့် နေဝိညာဉ်သူတော်စင်မှာ အတူတကွ အလုပ်လုပ်နေကြသဖြင့် သတ်နှုန်းမှာ အဆများစွာ မြန်သွားတော့သည်။ ရှင်သန်ခြင်းနှင်းပန်း၏လှုံ့ဆော်မှုကြောင့်မဟုတ်လျှင် ပတ်လမ်း(၃)တွင် ဤမျှများပြား‌သော ပင်လယ်မိစ္ဆာများကို သတ်နိုင်မည်မဟုတ်ပေ။ ယခုတော့ ပင်လယ်မိစ္ဆာများမှာ ဆင်ခြင်စဉ်းစားနိုင်စွမ်းပျောက်သွားသည့်အလား ရူးသွပ်နေကြလေပြီ။

သတ်ဖြတ်ပွဲကြီး တစ်နာရီနီးပါး ကြာမြင့်သည့်အခါ သွေးများက ပင်လယ်ပြင်တွင် ရဲပလောင်း‌ခတ်နေတော့သည်။ ရုတ်တရက် ပထဝီမြေကြီးကိုပင် မွစာကြဲသွားစေသော ဟိန်းဟောက်သံကြီးလေးသံ ပတ်ဝန်းကျင်တွင် ပြည့်နှက်သွား၏။

ထိုအခိုက်အတန့်တွင် အံ့ဩဖွယ်ကောင်းစွာနှင့် အရိုးဖြူနှင်းပန်းများဖြင့် ဧရာမပင်လယ်မိစ္ဆာကြီးလေးကောင်က အရပ်လေးမျက်နှာမှ သူတို့ဆီသို့ ချဉ်းကပ်လာလေပြီ။

ပင်လယ်မိစ္ဆာကြီးလေးကောင်အနက် တစ်ကောင်က ဧရာမဂျယ်လီငါးကြီးတစ်ကောင်ဖြစ်သည်။ ကျန်သုံးကောင်အနက် တစ်ကောင်မှာ ဧရာမခရမ်းရောင်ပင်လယ်လိပ်ကြီးတစ်ကောင်ဖြစ်ပြီး အခြားနှစ်ကောင်မှာတော့ ချွတ်စွပ်တူသော ပင်လယ်နဂါးများပင်။

၎င်းတို့ ချဉ်းကပ်လာနေစဉ် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါဖြာထွက်လာသဖြင့် ဧရာမလှိုင်းများ ပင်လယ်ပြင်တစ်လျှောက် ရိုက်ချသွားတော့၏။

“နှစ်ကောင်စီပေါ့” မန်ဟိုက မြန်နိုင်သမျှ မြန်မြန်ပြောလိုက်သည်။ “ဘယ်သူ ပိုမြန်မြန် သတ်နိုင်မလဲ ပြိုင်ချင်လား။ ငါ နိုင်ရင် ဆယ်ရာခိုင်နှုန်း လျော့ဈေး။ မင်းနိုင်ရင် လေးဆယ်ရာခိုင်နှုန်းလျော့ဈေး။ ဘယ်လိုလဲ”

နေဝိညာဉ်သူတော်စင်က မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ သူ့အနေဖြင့် ဤမျှအရှက်မရှိသောသူကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။ သူက မန်ဟို့ကမ်းလှမ်းမှုကို တည့်တိုး ငြင်းဆန်ပြီးနောက် အင်္ကျီလက်စကို ခါလိုက်ရာ  တလက်လက်တောက်ပနေ‌သော ‌ပုံရိပ်ယောင်ဓားနှစ်လက်အား သူ့အရှေ့တွင် ပေါ်လာစေလိုက်သည်။ ၎င်းတို့က တစ်လက်နှင့်တစ်လက် ခြစ်လိုက်ရာ သရဲပုံရိပ်များ ပေါ်လာ၏။ ရာပေါင်းများစွာသောဓားတို့က ပင်လယ်နဂါးကြီးနှစ်ကောင်ဆီသို့ ဓားမိုးသဖွယ် ရွာကျသွားလေသည်။

နေဝိညာဉ်သူတော်စင်အား အလွယ်တကူ အရူးလုပ်မရသောအခါ မန်ဟိုက ဘာမှထပ်မပြောတော့ပေ။ သူသည် လှည့်ပြီးနောက် ညာလက်ဖြင့် လက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ချက်ချင်းပင် အချိန်ဓားထိပ်ငါးခုက ဧရာမခရမ်းရောင်ပင်လယ်လိပ်ကြီးဆီသို့ အံ့မခန်းလိလိ အမြန်နှုန်းဖြင့် ပြေးဝင်သွားလေသည်။ တစ်ချိန်တည်းမှာပင် အချိန်ဓားဝင်္ကပါပျောက်ကွယ်သွားပြီး ဂျယ်လီငါးကြီးကို ဝန်းရံလျက် ပြန်ပေါ်လာသည်။

မန်ဟိုက ဝင်္ကပါနှစ်ခု၏အလယ်တွင် မှော်သင်္ကေတတစ်သိန်းဖြင့် ခြံရံလျက် တည်ရှိနေ၏။

“တိုက်ခိုက်” သူက ဟိန်းဟောက်လိုက်သည်။  ချက်ချင်းပင် .... အချိန်ဓားထိပ်ဆယ်ခုသည် ဧရာမပင်လယ်လိပ်ကြီးကို ပတ်၍ လည်ပြီး အံ့ဖွယ်အချိန်စွမ်းအားတစ်ခုကို ထုတ်လွှတ်လာ၏။ ဧရာမပင်လယ်လိပ်ကြီးက ဟိန်းဟောက်လိုက်ပြီး ၎င်းကျောပေါ်ရှိ အရိုးဖြူနှင်းပန်းမှာ ရှေ့နောက်ယိမ်းလာသည်။ ၎င်းက အရှေ့သို့ ပြေးဝင်လာတော့မည့်ပုံရသော်လည်း အချိန်စွမ်းအားအရှိန်အဝါ ရောက်ရှိလာသောအခါ ၎င်းမှာ တုန်ရီသွားပြီး အံ့ဩသောမျက်နှာအမူအရာဖြစ်သွားသည်။ ၎င်းသည် အချိန်ဆွဲမနေတော့ဘဲ ၎င်းကိုယ်၎င်း ခုခံရန် အခွံထဲ၌ ခေါင်းဖွက်လိုက်သည်။

ကံဆိုးစွာနှင့် မည်သည့်အရာမှ အချိန်စွမ်းအား၏အောက်တွင် မညှိုးနွမ်း၊ မခြောက်ကပ်ဘဲ မနေနိုင်ပေ။

အချိန်ဓားထိပ်ငါးခုက အချိန်နှစ်တစ်သိန်းကျော်သော အချိန်စွမ်းအားကို ထုတ်လွှတ်လိုက်၏။ စွမ်းအား လည်ပတ်နေစဉ် ဧရာမခရမ်းရောင်ပင်လယ်လိပ်ကြီး၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ခြောက်ကပ်လာတော့သည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းစွမ်းအား ပိုင်ဆိုင်ထားသော လိပ်ကြီးကား ပြာထက်မပိုတော့ပေ.....

အမြန်နှုန်းနှင့် သေနှုန်းက မန်ဟို့ကိုပင် ရုတ်တရက် အာရုံစိုက်မိသွားစေသည်။ သူ၏မျက်လုံးများမှာ စူးရှတောက်ပလာတော့၏။

“ငါ့ဝိညာဉ်ကျောက်တုံးတွေ အလကားမဖြစ်ဘူးပဲ” သူက တွေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ဂျယ်လီငါးကြီးမှာ ပ‌ဒုမ္မာဓားဝင်္ကပါထဲတွင် ပိတ်မိသွား၏။ ၎င်းက ရုန်းကန်နေသော်လည်း ၎င်း၏ခန္ဓာကိုယ်မှာ ခြောက်ကပ်စပြုလာသည်။ အသက်ဆယ်ရှိုက်ကြာသော် ဓားဝင်္ကပါက ၎င်းအား ပင်လယ်ရေများနှင့်အတူ မျောသွား‌သော ပြာများဖြစ်သွားစေ၏။

ဤအခိုက်အတန့်တွင် နေဝိညာဉ်သူတော်စင်မှာ ပင်လယ်နဂါးတစ်ကောင်ကိုသာ သတ်ရသေး၏။ သူက ခေါင်းလှည့်ကြည့်လိုက်ရာ မန်ဟို့အချိန်ရတနာများ၏ အထင်ကြီးဖွယ် စွမ်းအားကို မြင်လိုက်လေသည်။ သူ၏သူငယ်အိမ်များ ကျုံ့သွားပြီး မန်ဟိုမှာ ယခင်ထက်ပို၍ လျှို့ဝှက်နက်နဲကြောင်း သူတွေ့လိုက်ရ၏။

အချိန်များ ကုန်လွန်သွားသည်။ နာရီပေါင်းများစွာ ကြာသည့်တိုင် ပင်လယ်မိစ္ဆာများက သူတို့၏ပတ်ဝန်းကျင်တွင် တစ်ကောင်နှင့်တစ်ကောင် တိုးဝှေ့ရင်း ပြွတ်သိပ်ကြပ်နေသေး၏။ ပင်လယ်ရေမှာ နီစွေးနေလေပြီ။ နေဝိညာဉ်သူတော်စင်ပင် ပမာဏကြောင့် တုန်လှုပ်နေတော့သည်။

သို့သော် တိုက်ခိုက်လေလေ ၊ သူ၏စိတ်လှုပ်ရှားမှုများမှာ ပြင်းထန်လာလေလေဖြစ်၏။ သူက ပင်လယ်ခံတပ်၏ ဓားသုံးလက်ကိုပင် ဆင့်ခေါ်လိုက်လေသည်။ ၎င်းတို့ဖြတ်သွားသည့်နေရာတိုင်း၌ အသေကောင်များသာ ချန်ရစ်ခဲ့လေသည်။

အဆုံးသတ်တွင် မန်ဟိုမှာ ဘာမှလုပ်စရာပင် မလိုတော့ပေ။ သူသည် ဓားဝင်္ကပါနှင့် မှော်သင်္ကေတများကို လည်‌ပတ်နေစေရင်း ရပ်နေ၏။ နေဝိညာဉ်သူတော်စင်မှာတော့ ပင်လယ်မိစ္ဆာများကို သွေးရူးသွေးတန်း တိုက်ခိုက်နေ၏။ ထိုလူမှာ အဆုတ်ကွဲ‌မတတ် အော်၍ ဟိုသိုသည်သည် ပျံသန်းနေရာ တခြားလူတစ်ယောက်ဖြစ်သွားပုံပေါက်နေတော့သည်။

“သေကြစမ်း” သူက တစ်ချိန်လုံး ဟားတိုက်ရယ်နေရင်း အော်လိုက်သည်။ ရေအောက်တွင် ဖြစ်သည့်တိုင် သူ၏ကျင့်ကြံခြင်းအခြေခံက သူ၏ခပ်အုပ်အုပ်ရယ်သံကို တစ်နေရာလုံးတွင် ပဲ့တင်ထပ်နေစေသည်။

မန်ဟိုမှာ သွေးတို့စိုရွှဲနေသော နေဝိညာဉ်သူတော်စင်ကို ကြည့်ပြီး တွေးလိုက်သည်။ “နောင်ကျရင် ဒီလူ့ကို ငါ သေချာပေါက် ရန်စလို့မဖြစ်ဘူး ...” ထိုလူ၏ ယခင်တုန်းက တင်းမာခက်ထန်နေသော မျက်နှာထားသည် ယခုတွင် ကြောက်စရာကောင်းနေပြီး သူ၏တည်ငြိမ်သောစရိုက်မှာလည်း ဒေါသမာန်ဟုန်အပြည့်နှင့် ‌ဝုန်းဒိုင်းကြဲ သောင်းကျန်းနေလေပြီ။

“သူတော့ ရူးနေပြီ....” မန်ဟိုက မျက်လုံးကလေး ကလယ်ကလယ်နှင့် တွေးလိုက်သည်။ “အချောင်သမားတော့ သူ့ကိုယ်သူ အကြာကြီး ထိန်းချုပ်ထားရတာ ဖြစ်နေမလား” သူ ကြည့်လေလေ၊ နေဝိညာဉ်သူတော်စင် အမှန်တကယ် ရူးသွားပြီဟူ၍ ခံစားရလေလေ ဖြစ်တော့သည်။

တစ်နေရာတွင် ကြက်တူရွေးသည် ဖျတ်ခနဲ ပေါ်လာပြိီး မန်ဟို့ပခုံးပေါ် နားလိုက်သည်။ နေဝိညာဉ်သူတော်စင်၏ သတ်ဖြတ်နေသောပုံစံကို မြင်သောအခါ ၎င်း၏မျက်လုံးများ ပြူးကျယ်သွားတော့၏။ “သူတော့ ရူးနေပြီ....” ၎င်းက ပြောသည်။

အသားဂျယ်လီက ဘေးတွင် တည်ကြည်ဖြောင့်မတ်နေသော ဟန်ပန်ဖြင့် ခေါင်းညိတ်နေ၏။ “အဲ့ဒီအရူးကို သွားရန်မစနဲ့ မန်ဟို။ ငါ သူ့လိုလူတွေ မြင်ဖူးတယ်။ အကုန်လုံး ကျပ်မပြည့်ကြဘူး”

“ခင်ဗျားတို့ နှစ်ကောင် မိစ္ဆာနှလုံးသားတွေ လိုက်မကောက်ကြဘူးလား” မန်ဟိုက သတိပေးလိုက်သည်။ ကြက်တူရွေးနှင့် အသားဂျယ်လီမှာ မျက်လုံးမျာ းတဖျပ်ဖျပ် လက်သွားပြီး ပင်လယ်ကြမ်းပြင်တွင် ဟိုဟိုသည်သည် ပျံသန်းရင်း မိစ္ဆာနှလုံးသားများ ကောက်နေတော့သည်။

နေဝိညာဉ်သူတော်စင်က ဤအခြင်းအရာကို မြင်သော်လည်း အဖက်မလုပ်ပေ။ လောလောဆယ်တွင် သူသည် သတ်ဖြတ်ရင်း ပျော်ရွှင်နေ၏။

အချိန်များ ကြာမြင့်လာသည်နှင့်အမျှ နေဝိညာဉ်သူတော်စင်မှာ သတ်ဖြတ်ရာတွင် ဈာန်ဝင်နေတော့သည်။ သူသည် မှော်ပစ္စည်းများပင် ထုတ်သုံးနေသဖြင့် ပေါက်ကွဲသံများ ဆူညံနေလေသည်။ မန်ဟိုကမူ ယခင်ထက်ပို၍ အချောင်ခိုလာသည်။ နောက်ဆုံးတွင် သူသည် မန္တန်ဝင်္ကပါ၏အထဲတွင် တင်ပျဉ်ခွေထိုင်ပြီး သူ့ကိုယ်အတွင်းရှိ ကျင့်ကြံခြင်းအခြေခံအပိုင်းသုံးပိုင်းကို အာရုံစိုက်၍ ပေါင်းစည်းရင်း တရားထိုင်ရန် မျက်လုံးများ ပိတ်လိုက်၏။

အချိန်များ ထပ်မံကုန်ဆုံးသွားသည်။ သတ်ဖြတ်ပွဲကြီးက‌ နောက်ထပ်လေးနာရီ ဆက်ကြာသွား၏။ နေဝိညာ‌ဉ်သူတော်စင်မှာ အသံဝင်လာသည့်တိုင် သူ၏သတ်ဖြတ်စိတ်မှာ လျော့ကျမသွားဘဲ မြင့်တက်လာခဲ့လေသည်။

တခဏကြာသော် မန်ဟိုက မျက်လုံးများ ဖွင့်လိုက်သည်။ သူတို့၏ပတ်ပတ်လည်ရှိ ပင်လယ်ရေများမှာ ယခုတွင် နီစွေးနေလေပြီ။ နေဝိညာဉ်သူတော်စင်ကို ကြည့်ပြီးနောက် သူက မျက်လုံးများ ထပ်ပိတ်လိုက်၏။

အမွှေးတိုင်တစ်တိုင်ထွန်းစာမျှကြာပြီးနောက် သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူသည် ထရပ်ပြီး အဝေးရှိ ပင်လယ်ကြမ်းပြင်ကို လှမ်းကြည့်လိုက်၏။ အန္တရာယ်ကြီး ရောက်လာတော့မည်ဆိုသော ခံစားချက်က ရုတ်တရက် သူ့ကို လွှမ်းခြုံသွားလေသည်။

တစ်ချိန်တည်းမှာပင် ရှင်သန်ခြင်းနှင်းပန်းမှာ ထကြွလှုပ်ရှားလာပြီး အထဲမှ ရုန်းထွက်လိုနေသည့်အလား စိတ်လှုပ်ရှားနေတော့သည်။ ထိုကဲ့သို့ နိမိတ်တစ်ခုက မန်ဟို့စိတ်ထဲတွင် ထစ်ချုန်းမြည်ဟည်းသွားစေသည်။ သူသည် ရုတ်တရက် နေဝိညာဉ်သူတော်စင်ဆီသို့ လျှောက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ စစ်ရထားအား ပေါ်လာစေသည်။

“ပျော်စရာကြီးပဲဟ” နေဝိညာဉ်သူတော်စင်က မျက်လုံးများနီမြန်းနေလျက် ရယ်လိုက်သည်။

“လီးကို ပျော်စရာလား” မန်ဟိုက စိတ်တိုတိုနှင့် ပြောသည်။ “သွားမယ်” သူသည် နေဝိညာဉ်သူတော်စင်ကို လှမ်းဆွဲလိုက်၏။ နေဝိညာဉ်သူတော်စင်မှာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသော်လည်း မန်ဟို့ကို မတားဘဲ စစ်ရထားထဲသို့ အဆွဲသွင်းခံလိုက်သည်။

ရွှီး

စစ်ရထားက မရေမတွက်နိုင်‌သော ပင်လယ်မိစ္ဆာများကို ထိုးဖောက်ရင်း တဟုန်ထိုး ထွက်သွား၏။ ၎င်း ပင်လယ်ရေမျက်နှာပြင်ထက်သို့ ဦးတည်သွားပြီးနောက် နေဝိညာဥ်သူတော်စင်အား အလွန်တရာချမ်းစိမ့်သွားစေသော အေးစက်စက် အရှိန်အဝါတစ်ခုက  ပင်လယ်အနက်ပိုင်းထဲမှ ပေါ်ထွက်လာတော့သည်။

အေးစက်စက်အရှိန်အဝါအတွင်းတွင် ခပ်သဲ့သဲ့ အသံတစ်သံအား ရုတ်တရက် ကြားရနိုင်၏။ “သားရေ ... ပြန်လာခဲ့ .... ပြန်လာခဲ့...”

အသံပဲ့တင်ထပ်သွားစဉ် ပင်လယ်၏အနက်ပိုင်းထဲမှ ဧရာမလက်တံကြီးတစ်ချောင်းက ဧရာမအရိပ်မည်းမည်းကြီးသဖွယ် ထိုးထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား သူတို့အပေါ် ရောက်လာခဲ့လေပြီ။

၎င်းသည် အံ့မခန်းလိလိ အမြန်နှုန်းကြီးဖြင့် ရွေ့လျားလာရာ မန်ဟို့စစ်ရထားကို ရစ်ပတ်တော့ခါနီးဆဲဆဲ ဖြစ်လာသည်။ မန်ဟို့မျက်လုံးများ ချက်ချင်း နီရဲသွားသည်။ သူသည် အင်မော်တယ်လမ်းညွှန်၏ချီ‌လက်ကျန်ကို လှည့်ပတ်လိုက်၏။

ချီ၏စွမ်းအားက နေဝိညာဉ်သူတော်စင်၏မျက်လုံးများကို ပြူးကျယ်သွားစေသည်။ ထို့နောက် သူသည် ဧရာမလက်တံကြီးကို ကြည့်ရင်း ခေါင်းနပန်းကြီးသွား၏။ သို့သော် တစ်ချိန်တည်းမှာပင် တိုက်ခိုက်လိုစိတ်များလည်း ဖြစ်ပေါ်လာသည်။

သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ပတ်ပတ်လည်တွင် လည်နေသော ဓားသုံးလက်အား လက်တံကြီးဆီ ပြေးဝင်သွားစေလိုက်သည်။

မန်ဟိုက မော့ကြည့်လိုက်ပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်သွား၏။ သူလည်း ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အချိန်ဓားထိပ်ငါးခုနှင့် ဓားအလက်တစ်ရာပဒုမ္မာဓားဝင်္ကပါအား ဓားသုံးလက်နောက်မှ လိုက်သွားစေလိုက်သည်။

အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီး ကြားလိုက်ရသည်။ နေဝိညာဉ်သူ‌တော်စင်နှင့် မန်ဟိုတို့ပါးစပ်မှ သွေးများပန်းထွက်သွား၏။ သို့သော် သူတို့နှစ်ယောက်၏ ပူးပေါင်းအားနှင့် အံ့ဖွယ်မှော်ပစ္စည်းများက လက်တံကြီးကို ခေတ္တ ရပ်တန့်သွားစေသည်။

သူတို့ မှော်ပစ္စည်းများကို ‌ပြန်ခေါ်လိုက်သည့်အခိုက်အတန့်တွင် စစ်ရထားမှာ စတင်ရွေ့လျားလာတော့သည်။ ၎င်းက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ပင်လယ်မှ ထိုးထွက်ပြီး  ပျောက်ကွယ်သွားတော့သည်။

ရှင်သန်ခြင်းနှင်းပန်းသည် သွေးချင်းနီနေသော ပင်လယ်ပြင်ထက်မှ ထွက်လာပြီးနောက် တရွေ့ရွေ့ ပြန်ဝင်သွားသည်။ အနီရောင်လှိုင်းများက တလိပ်လိပ် ရိုက်ခတ်နေသော်လည်း ရေများမှာ ပြန်လည်တည်ငြိမ်သွားလေ၏။

ပင်လယ်ခံတပ်သို့ နီးကပ်လာသည့်အခါ စစ်ရထားက ဝှစ်ခနဲ ပျောက်ကွယ်သွား၏။ မန်ဟို့မျက်နှာမှာ ဖြူဆုပ်နေပြီး နေဝိညာဉ်သူတော်စင်လည်း ထိုနည်းတူပင်။ သူတို့နှစ်‌ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။

“သေစမ်း ဘာကြီးတုန်း” နေဝိညာဉ်သူတော်စင်က အံကြိတ်ထားသည့်ကြားမှ ပြောသည်။ “ပြီးတော့ မင်းက သူ့ရဲ့အာရုံကို ဘယ်လိုလုပ် ဆွဲဆောင်မိလိုက်တာလဲ။ မင်းက ပြဿနာတော်တော်ရှာတဲ့ကောင်ပဲ။ ပထမ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး။ အခုကျပြန်တော့ ဟိုသောက်ကျိုးနည်းအရာကြီး”

မန်ဟိုက တုံ့ဆိုင်းမနေဘဲ ပြန်ပြောသည်။ “ပတ်လမ်း(၃)မှာရှိတဲ့ အရာမှန်သမျှကို မင်း ထိန်းချုပ်နေတာလို့ ပြောဖူးတယ်မလား။ မင်းတောင် မသိတာ၊ ငါသိမယ်လို့ ဘယ်လို‌မျှော်လင့်နေတာတုန်း”

နှစ်ယောက်သား နှာမှုတ်ပြီး တစ်ယောက်ကိုတစ်ယောက် စိတ်ဆိုးမာန်ဆိုး ကြည့်လိုက်ကြသည်။ တခဏကြာသည်အထိ တစ်ယောက်မှ စကားမပြောပေ။

နောက်ဆုံးတွင် နေဝိညာဉ်သူတော်စင်က ပြောသည်။ “ငါတို့ ဘယ်လောက်ရလိုက်လဲ”

မန်ဟိုက တွက်ချက်ပြီးနောက် မျက်လုံးများ စတင်တောက်ပလာသည်။ “နောက်ဆုံးတစ်ခေါက်ရဲ့ နှစ်ဆ” သူက ပြောသည်။

နေဝိညာဉ်သူတော်စင်မှာ ဤအခြင်းအရာကို ကြားသောအခါ ချက်ချင်း ပြုံးလိုက်သည်။ “ပင်လယ်ခံတပ်ကို ပြန်သွားပြီး ရက်ပိုင်းလောက် အနားယူရအောင်။ ပြီးရင် ပြန်စကြမယ် ဟုတ်ပြီလား”

***

All Chapters