← Chapters

ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး လာချေပြီ

Vol. 49 Ch. 674

ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး လာချေပြီ

Vol. 49 Ch. 674

နေဝိညာဉ်သူတော်စင်က မန်ဟို စစ်ရထားအား သိမ်းလိုက်သည်ကို အားကျမနာလိုစွာ ကြည့်နေသည်။ သူက အကြာကြီး အောင့်ထားပြီးမှနောက်ဆုံး မေးလာ၏။ "မင်းရဲ့ အဲဒီရတနာက တယ်ဟုတ်တာပဲ ရောင်းချင်လား"

"မရောင်းဘူး" မန်ဟိုက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေသည်။

"အေးပါ မရောင်းလဲနေပေါ့" နေဝိညာဉ်သူတော်စင်က အေးစက်စက် နှာတစ်ချက်မှုတ်ကာ ပြန်ပြောသည်။ "အစုတ်ကြီးကိုများ၊ မင်း အလကားပေးတောင် ငါ မယူဘူး"

"မင်း အလကားပေး‌မယ်ဆိုရင် ငါ ယူမယ်" မန်ဟိုက မျက်တောင်တဖျပ်ဖျပ် ခတ်ရင်း ပြန်ဖြေသည်။

"တော်စမ်း" နေဝိညာဉ်သူတော်စင်က ဒေါသတကြီး ရန်တွေ့သည်။

"ဒီမှာ အချောင်သမားလေး။ မိစ္ဆှာနှလုံးသားတွေအကုန်လုံး ငါ့ သိုလှောင်အိတ်ထဲမှာနော်။ 'တော်စမ်း' လို့ နောက်တစ်ခေါက် ပြောကြည့် ၊ ဘာဖြစ်သွားမလဲ မြင်ရလိမ့်မယ်" သူသည် အကုန်လုံးကို အပိုင်သိမ်းတော့မည့်အလား မျက်လုံးများ တလက်လက် တောက်ပလာ၏။

နေဝိညာဉ်သူတော်စင်က ပါးစပ်ဟလိုက်သော်လည်း သူ့စိတ်သူပြန်ထိန်းပြီး ဘာမှပြန်မပြောပေ။

အချိန်အတော်ကြာမှ သူသည် စကားလမ်းကြောင်းလွှဲရင်း ပြောလာ၏။ "ကောင်းပြီ၊ မဟုတ်တာတွေ မပြောနဲ့တော့။ စောနက ဟာကြီးက ဘာကြီးလဲ"

"သောက်ကောင်းကျိုးမပေးတဲ့ ကျိန်စာသင့် ရှင်သန်ခြင်းနှင်းပန်း" မန်ဟိုက ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။ "ကြည့်ရတာ ပတ်လမ်း (၂) မှာ နေနေတဲ့ပုံပဲ"

"ရှင်သန်ခြင်းနှင်းပန်း" နေဝိညာဉ်သူတော်စင်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လင်းလက်သွား၏။

မကြာခင် နှစ်ယောက်သား မည်သူ၏သတိထားမိခြင်းမခံရဘဲ ပင်လယ်ခံတပ်သို့ ပြန်ရောက်လာကြ၏။ မျှော်စင်ထဲရောက်သော် ဝေစုခွဲလိုက်ကြသည်။ မန်ဟိုသည် လူများအား မကြာခဏ ကလိမ်ကျတတ်သော်လည်း ပြောပြီးစကားကိုတော့ ဘယ်တော့မှ ပြန်မရုတ်သိမ်းတတ်ပေ။ ထို့ကြောင့် ကပ်စေးနည်းတွန့်တိုနေခြင်းလည်း မရှိ။ သူ့အနေဖြင့် မိစ္ဆာနှလုံးသားများအား သိမ်းပေးထားရသော်လည်း တစ်တုံး‌မှ ချန်မထားပေ။

သူတို့၏ယခင်သဘောတူညီချက်အတိုင်း မန်ဟိုက မိစ္ဆာနှလုံးသားဆယ်ရာခိုင်နှုန်းကို ရပြီး နေဝိညာဉ်သူတော်စင်ကို ငါးဆယ်ရာခိုင်နှုန်းလျော့ဈေးဖြင့် ရောင်းချလိုက်သည်။ ဝိညာဉ်ကျောက်တုံးအမြောက်အမြား သူ၏သိုလှောင်အိတ်ထဲ ဝင်လာ၏။ မန်ဟိုမှာ နေဝိညာဉ်သူတော်စင် ကျိကျိတက် ချမ်းသာကြောင်း နောက်တစ်ကြိမ် သဘောပေါက်လိုက်ပြန်သည်။

မန်ဟိုသည် ‌ဝိညာဉ်ကျောက်တုံးများနှင့် မျှော်စင်မှ ထွက်ခွာလာပြီးနောက် ဘဏ္ဍာထိန်းကျိုး၏ဟန်ပန်အတိုင်း လျှောက်လာခဲ့လေသည်။ သူသည် သူ၏နေအိမ်သို့ ပြန်ရောက်သော် အကြာကြီး အံကြိတ်နေ၏။ ထို့နောက် အချိန်ဓားထိပ်များမှာ မည်မျှအံ့ဖွယ်ကောင်းကြောင်း စဉ်းစားပြီး နောက်ဆုံးတွင် ကြေးမုံကို ထုတ်ကာ စပွားတော့သည်။

ဤတစ်ခေါက်တွင် သူသည် တစ်ခါတည်း ငါးခုပွားလိုက်၏။ ယခု သူ့၌ စုစုပေါင်း အချိန်ဓားထိပ်ဆယ်ခုရှိပြီဖြစ်ရာ ပဒုမ္မာဓားဝင်္ကပါ၏ ပထမပုံစံကို ဖော်ဆောင်နိုင်လေပြီ။

ပုံစံမှာ ပြည့်စုံသွားသည့်အတွက် ၎င်း၏စွမ်းအားကား ဆထက်တိုးသွားတော့၏။ မန်ဟိုက စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် ဝင်္ကပါကို ရှေ့နောက်ပျံသန်း‌နေစေသည်။

ထို့နောက် သူသည် သစ်သားအချိန်ဓားများ ထုတ်ပြီး ၎င်းတို့အထဲသို့ အချိန်စွမ်းအားများ ထပ်ပေါင်းထည့်လိုက်သည်။

ရက်အနည်းငယ်ကြာသော် သူနှင့် နေဝိညာဉ်သူတော်စင်သည် ပတ်လမ်း (၃) ၏ အဝေးတစ်နေရာသို့ ခရီးနှင်၍ ပင်လယ်မိစ္ဆာများကို သတ်ဖြတ်ကြပြန်သည်။ ယခု‌တစ်ခေါက်တွင် နှစ်ယောက်သား ပို၍ပင် အတွဲညီလာ၏။ နေဝိညာဉ်သူတော်စင်မှာ သတ်ဖြတ်ရင်း ပိုပို၍ စိတ်လှုပ်ရှားလာပြီး မန်ဟိုကတော့ မျက်လုံးများပိတ်ကာ အရုဏ်ဦးအင်မော်တယ်ကို စောင့်ကြည့်ရင်း တရားထိုင်နေတတ်သည်။

သူတို့နှစ်ယောက် ပတ်လမ်း (၃) ၌ ထင်တိုင်းကြဲနေခဲ့ကြစဉ်အတောအတွင်း တစ်လကြာမြင့်သွားသည်။ ပတ်လမ်း(၃)ရှိ ကျန်ကျင့်ကြံသူများမှာ ရုတ်တရက် မည်သည့်ပင်လယ်မိစ္ဆာကိုမျှ မမြင်ရသလောက် ဖြစ်လာသဖြင့် အံ့ဩတုန်လှုပ်နေကြတော့သည်။

ထိုမျှသာမက ပတ်လမ်း(၃)မှာ မကြာခဏ ဧရာမလှိုင်းလုံးကြီးဖြင့် ပြည့်နှက်နေတတ်ရာ အပြင်ထွက်မရဖြစ်နေ‌လေသည်။

မှန်ပါသည်၊ မန်ဟိုနှင့် နေဝိညာဉ်သူတော်စင်တို့ အမြတ်မည်မျှထွက်နေသလဲဆိုလျှင် စဉ်းစားကြည့်၍ပင် မရပေ။ မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာလည်း ယခုတွင် အပိုင်းသုံးပိုင်းမှ နှစ်ပိုင်းအဖြစ်သို့ ပေါင်းစည်းသွားခဲ့ပြီဖြစ်သည်။

သူ့အတွက် ပထမခွဲထွက်ခြင်း လုပ်ဆောင်ရမည့် နေ့ရက်ကား လက်တစ်ကမ်းသာ ‌လိုပေတော့သည်။

ထို့အပြင် သူ၏အချိန်ဓားဝင်္ကပါရှိ သစ်သားအချိန်ဓားအလက်တစ်ရာမှာလည်း နှစ်ခြောက်ဆယ်စက်ဝန်းဆယ်ခု စွမ်းအားဖြင့် ပြည့်နှက်နေလေပြီ။ ဝင်္ကပါအား ထုတ်လွှတ်လိုက်သောအခါ ၎င်း၏စွမ်းအားကြီးကား အံ့မခန်းလိလိပင်။ မှန်ပါသည်၊ သူ၏ အထိရောက်ဆုံး ဝှက်ဖဲကတော့ အချိန်ဓားထိပ်ဆယ်ခုဖြစ်သည်။

၎င်းတို့ချည်းသက်သက်နှင့်ပင် နေဝိညာဉ်သူတော်စင်ကို တုန်လှုပ်သွားစေရန် လုံလောက်သည်။ သို့သော် ၎င်းတို့ကို ပဒုမ္မာကြာ၏ ဗဟိုချက်အဖြစ်ထား၍ အချိန်ပဒုမ္မာဓားဝင်္ကပါနှင့် ပေါင်းစည်းလိုက်လျှင် ဓားချီသည် ပင်လယ်ခံတပ်၏ ပတ်ပတ်လည် မီတာထောင်ချီသောဧရိယာတွင် ပြည့်နှက်နေရာယူသွားပေလိမ့်မည်။

မန်ဟိုက နေဝိညာဉ်သူတော်စင်ဆီမှ ဖောက်ခွဲရေးမှော်ပစ္စည်းတစ်ပုံတစ်ခေါင်းကိုလည်း ဝယ်ယူခဲ့သည်။ ယခုတွင် ထိုကဲ့သို့ပစ္စည်းများမှာ သူ၏သိုလှောင်အိတ်ထဲ၌ တောင်လိုပုံနေလေပြီ။

သူသည် ယခုတွင် ပစ္စည်းအစုံအလင်ရှိနေပြီဖြစ်၍ သူ၏ စုစုပေါင်းအင်အားမှာ ယခင်ထက် အဆများစွာ ပိုနေတော့သည်။

အရုဏ်ဦးအင်မော်တယ်နှင့် ထပ်မံ မဆုံတွေ့ခဲ့သော်လည်း မန်ဟို၏သတိကတော့ လျော့သည်ဆို၍ မရှိပေ။

လောလောဆယ်တွင် မန်ဟိုသည် မန္တန်ဝင်္ကပါထဲတွင် တင်ပျဉ်ခွေထိုင်နေ၏။ မရေမတွက်နိုင်သော ပင်လယ်မိစ္ဆာများမှာ သူတို့၏ပတ်ပတ်လည်တွင် ပြွတ်သိပ်ကြပ်နေပြီး နေဝိညာဉ်သူတော်စင်မှာတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်လျက်ရှိသည်။ "ပတ်လမ်း(၃)မှာ ပင်လယ်မိစ္ဆာတွေ ဘယ်လောက်တောင် ရှိတာတုန်း" မန်ဟိုက မေးလိုက်သည်။ "ဒီလောက်အများကြီး သတ်ခဲ့ပြီးတာဝောာင် အကြိမ်တိုင်း တန်နဲ့ချီရှိနေသေးတယ်"

နေဝိညာဉ်သူတော်စင်က ဓားတစ်ချက်အဝှေ့ဖြင့် ပင်လယ်မိစ္ဆာရှစ်ကောင်ကို သတ်ပြီး မန်ဟို့ကို ပြန်လှည့်ကြည့်သည်။ "အဆုံးမရှိဘူး။ တကယ်တော့ တစ်ခါတုန်းက နဂါးငွေ့တန်းပင်လယ်ရဲ့အောက်မှာ ကြယ်မုခ်ဝသုံးခုရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ပုဒ် ဂိုဏ်းသုံးဂိုဏ်းထဲမှာ ခေတ်စားခဲ့ဖူးတယ်

"ဖြစ်နိုင်တာတော့ ကြယ်မုခ်ဝတွေက နဝမပင်လယ်နဲ့ ဆက်သွယ်နေလိမ့်မယ်။ အဲ့ဒါက ပင်လယ်မိစ္ဆာအများစုလာတဲ့ နေရာပေါ့။ ဟုတ်တာပေါ့၊ ကြယ်မုခ်ဝတွေမှာ မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ ပင်လယ်မိစ္ဆာကြီးတွေ ဝင်မလာနိုင်အောင် ကာကွယ်ထားတဲ့ တားမြစ်ချက်တွေ ရှိမှာပဲ"

အရှေ့လတုန်းက နေဝိညာဉ်သူတော်စင်မှာ မန်ဟို့ကို ကြယ်မုခ်ဝများနှင့်ပတ်သက်၍ တစ်ခွန်းမှ မဟခဲ့ဖူးပေ။ သို့သော် ယခုတွင် နှစ်ယောက်လုံး အတူတူ အလုပ်လုပ်နေခဲ့သည်မှာ တစ်လရှိပြီဖြစ်ရာ နေ့စဉ်နေ့တိုင်း တကျက်ကျက် ရန်ဖြစ်နေခဲ့သည့်တိုင် သူတို့၏မိတ်ဆွေသံယောဇဉ်မှာ ခိုင်မာလာခဲ့၏။

"ကြယ်မုခ်ဝသုံးခုတဲ့လား" မန်ဟိုက တအံ့တဩ စိုက်ကြည့်ရင်း ပြောသည်။

"တစ်ခုက ပတ်လမ်း (၃) မှာ၊ နောက်တစ်ခုက ပတ်လမ်း (၂) ၊ တတိယတစ်ခုကတော့ အတွင်းပတ်လမ်းမှာ" နေဝိညာဉ်သူတော်စင်က ပြန်ဖြေသည်။

မန်ဟိုသည် တခဏ တိတ်ဆိတ်စွာ ထိုင်နေပြီး‌ မေးခွန်းတချို့ ထပ်မေးရန် ပြင်လိုက်စဉ် ရုတ်တရက် အေးစိမ့်စိမ့် မကောင်းဆိုးဝါးအရှိန်အဝါကို အာရုံရလိုက်သည်။ သူက တုံ့ဆိုင်းမနေတော့ဘဲ ထရပ်ပြီးနောက် စစ်ရထားကိုလည်း တစ်ခါတည်း ထုတ်ကာ ရှေ့လျှောက်သွားသည်။

နေဝိညာဉ်သူတော်စင်က ဤအခြင်းအရာကို မြင်သောအခါ မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး ချက်ချင်း မန်ဟို့ဆီ ဦးတည်သွားလိုက်သည်။ မန်ဟိုက သူ့ကို စစ်ရထားထဲ လှမ်းဆွဲလိုက်လေသည်။

မန်ဟိုသည် စစ်‌ရထားကို မောင်းနှင်တော့မည့်အချိန် ရုတ်တရက် မျက်လုံးများ လင်းခနဲ လက်သွား၏။ ဤတစ်ခေါက် သူ့ကိုယ်ထဲရှိ ရှင်သန်ခြင်းနှင်းပန်း၏ တုံ့ပြန်မှုမှာ ထူးဆန်းစွာ ကွဲပြားနေကြောင်း ယခုလေးတင် သတိပြုမိလိုက်လေသည်။

၎င်းမှာ ယခင်ကဲ့သို့ တက်ကြွပြီး စိတ်လှုပ်ရှားနေဟန်မတူ။ ထိုအစား ... ကြောက်လန့်နေသည့်အလား တုန်ရီနေသည်။ ၎င်းသည် သေစေနိုင်သော အရာတစ်ခုနှင့် ပက်ပင်းတိုးနေသည့်အလား ပြုမူနေပြီး ၎င်း၏အရှိန်အဝါကို တစ်စက်လေးမှမကျန်အောင် ပြန်ရုတ်သိမ်းလိုက်၏။

မန်ဟိုက 'အီး' ဟူ၍ ခပ်တိုးတိုး ရေရွတ်ပြီးနောက် စစ်ရထားကို လှုံ့ဆော်လိုက်သည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက် ရှေးဆန်သောအသံကြီးတစ်သံကို နားတွင် ကြားလိုက်ရလေသည်။

"ရှင်သန်ခြင်းနှင်းပန်း ခုနစ်ရောင်ခြယ်ပွင့်လန်းတဲ့နေ့၊ ပန်းတွေ ဖူးပွင့်မယ်။ အင်မော်တယ်အဆင့်တက်လှမ်းခြင်း၊ နှစ်တစ်ထောင်....

"အင်မော်တယ်အဆင့်တက်လှမ်းခြင်း မအောင်မြင်ခဲ့တဲ့အခါ အရိုးဖြူနှင်းပန်းပေါ်လာခဲ့တယ်...."

မန်ဟိုမှာ အသံကို ကြားသောအခါ စိတ်နှလုံး တုန်ရီသွားတော့သည်။ သူ့ကိုယ်အတွင်းရှိ ရှင်သန်ခြင်းနှင်းပန်းမှာ ပို၍ပင် ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ တစ်ချိန်တည်းမှာပင် စစ်ရထားသည် ပင်လယ်ထဲမှ ထွက်၍ အမြင့်ဆုံးအရှိန်ဖြင့် လေကိုခွင်းသွားတော့သည်။

"ရှင်သန်ခြင်းနှင်းပန်းကို မဖျက်စီးနိုင်ခဲ့တာ‌ကြောင့်" အသံက ဆက်ပြောသည်။ " ငါ့ကိုယ်ငါပဲ ဖျက်စီးနိုင်ခဲ့တယ် ... အခုကစပြီး ရှင်သန်းခြင်းနှင်းပန်းဆိုတာ မရှိဝောာ့ဘဲ အရိုးဖြူနှင်းပန်းဟာ နေရာတစ်ခွင် ပွင့်လန်းလာခဲ့ပြီ....."

မန်ဟိုသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် အောက်ရှိ ပင်လယ်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် စစ်ရထားမှာ လေကို ခွင်း၍ အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

၎င်း ပင်လယ်ခံတပ်၏အပြင်တွင် ပြန်ပေါ်လာသောအခါ နေဝိညာဉ်သူတော်စင်၏မျက်နှာမှာ အတန်ငယ် မသာမယာ ဖြစ်နေ၏။ သူသည် မြို့ကို နှစ်ပေါင်းများစွာ တာဝန်ယူအုပ်ချုပ်ခဲ့ပြီးသည့်အပြင် ဂိုဏ်းသုံးဂိုဏ်းက သူတို့ကိုယ်သူတို့ ‌နဂါးငွေ့တန်းပင်လယ်၏ အရှင်ဘုရင်ဟူ၍ ခေါ်ကြ၏။ သို့သော် မကြာသေးသောရက်များအတွင်း သူသည် ပင်လယ်အနက်ပိုင်းထဲတွင် သူပင်လျှင် သတိမထားမိသော လျှို့ဝှက်ချက်များ ပုန်းကွယ်နေကြောင်း သဘောပေါက်လာခဲ့၏။

စောစောက မန်ဟို ကြားခဲ့ရသော အသံကို သူလည်း ကြားခဲ့သည်။ ထို့အပြင် သူနှင့် မန်ဟို ခရီးမှ ပြန်ရောက်တိုင်း သူသည် ရှေးမှတ်တမ်းများတွင် သွားရောက်မွှေနှောက်တတ်၏။ ‌ဤသို့ဖြင့် ရှင်သန်ခြင်းနှင်းပန်းအကြောင်းကို တဖြေးဖြေး သူ နားလည်လာခဲ့သည်။

မန်ဟိုနှင့် နေဝိညာဉ်သူတော်စင်သည် မျှော်စင်သို့ တိတ်ဆိတ်စွာ ပြန်လာကြပြီး စားပွဲတစ်လုံး၏ တစ်ဖက်တစ်ချက်တွင် တင်ထိုင်လိုက်ကြသည်။

တခဏကြာ တိတ်ဆိတ်နေပြီးနောက် နေဝိညာဉ်သူတော်စင်က မန်ဟို့ကို ကြည့်သည်။ "အဲ့‌ဒီရှင်သန်ခြင်းနှင်းပန်းက ဒီမှာရှိနေဝာာ နှစ်တွေအများကြီး ကြာလောက်ပြီ။ ဒါပေမဲ့ တစ်ခါမှ ပေါ်လာခဲ့ဖူးဘူး။ မင်း ရောက်လာမှ ဘာလို့ ရုတ်တရက် ပေါ်လာတာလဲ"

"ဘာကြောင့်လဲဆိုတော့ ငါ့ကိုယ်ထဲမှာ ရှင်သန်ခြင်းနှင်းပန်း ရှိနေလို့" မန်ဟိုက အေးတိအေးစက် ပြန်ဖြေသည်။ သူက မိစ္ဆာနှလုံးသားအပြည့်နှင့် သိုလှောင်အိတ်ကို နေဝိညာဉ်သူတော်စင်ဆီသို့ ပစ်ပေးလိုက်၏။

နေဝိညာဉ်သူတော်စင်၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ မန်ဟို့အဖြေမှာ သူထင်ထားခဲ့သည့်အတိုင်း ဖြစ်၏။

အချိန်အတန်ကြာသော် နေဝိညာဉ်သူတော်စင်က မိစ္ဆာနှလုံးသားများကို ထုတ်ယူပြီးနောက် ဝိညာဉ်ကျောက်တုံးများအား မန်ဟို့ဆီ ပေးသည်။

သူက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် ရုတ်တရက် သူ၏သိုလှောင်အိတ်ထဲရှိ ကျောက်စိမ်းပြားတစ်ပြား တောက်ပလာလေသည်။ သူသည် ၎င်းကို ချက်ချင်း ထုတ်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် မန်ဟို့ကို မော့ကြည့်လာသည်။

"ဝေဟင်အင်မော်တယ်သူတော်စင်၊ ပင်လယ်နတ်မင်းသူတော်စင်၊ ဂိုဏ်းသားခုနစ်သောင်းလုံးနဲ့ ... ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးရော လေမုန်တိုင်းစည်းကနေ ထွက်လာပြီး ဒီကို လာနေကြပြီ"

လွန်ခဲ့သောအခိုက်အတန့်က မရေမတွက်နိုင်သော သင်္ဘောများသည် ပတ်လမ်း (၄) နှင့် ပတ်လမ်း (၃) ကို ပိုင်းခြားထားသော လေမုန်တိုင်းစည်းမှ ထွက်လာခဲ့ကြ၏။ သင်္ဘောများအပေါ်တွင် ကျင်ကြံသူများ တင်ပျဉ်ခွေထိုင်နေကြသည်။ ‌ထစ်ချုန်းသံများလည်း လေတွင် ရိုက်ညောင်းမြည်ဟည်းနေ၏။

ကျင့်ကြံသူများမှာ ပွတ်သိပ်ကြပ်နေရာ အဝေးမှကြည့်လျှင် အဆုံးမရှိသည့်အလားပင်။

လေလယ်တွင် ပျံသန်းနေသည်မှာတော့ သက်လတ်ပိုင်း လူနှစ်ယောက်ဖြစ်သည်။ တစ်ယောက်သည် အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ တစ်ယောက်က အဖြူရောင်ဖြစ်သည်။ သူတို့၏အရောင်အဝါများမှာ တောက်ပနေပြီး သူတို့၏ကျင့်ကြံခြင်းအခြေခံသည် ကောင်းကင်တွင် ရောင်စုံအလင်းများ ကွန့်မြူးလင်းထိန်နေစေရန် လုံလောက်ပေ၏။ ထိုနှစ်ယောက်၏ ဘေးတွင်ကား အဘိုးကြီးတစ်ယောက်။

ထိုအဘိုးကြီးသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှတစ်ပါး အခြားမဟုတ်ပေ။

သူတို့က ထွက်လာလျှင်ချင်း နေဝိညာဉ်သူတော်စင်ကို ဆက်သွယ်ပြီးနောက် ပင်လယ်ခံတပ်ဆီသို့ တဟုန်ထိုး ဦးတည်လာကြလေသည်။ သူတို့အနောက်တွင် ဂိုဏ်းသားခုနစ်သောင်းသည် ကောင်းကင်အပြည့်နေရာယူရင်း လိုက်ပါလာကြ၏။

ပင်လယ်ခံတပ်တွင်တော့ မန်ဟိုက‌ နေဝိညာဉ်သူတော်စင်၏စကားကို က္ကန္ဒြေမပျက် နားထောင်နေသည်။ သို့သော် သူ၏မျက်လုံးအထဲတွင် တောက်ပနေသောအလင်းရောင်တစ်ခု ပေါ်လာ၏။ သူက ထရပ်လိုက်သည်။

နေဝိညာဉ်သူတော်စင်က တစ်ယောက်တည်း တီးတိုးရေရွတ်နေပြီးနောက် ညာလက်ကို ဝှေ့ယမ်းကာ ကျောက်စိမ်းပြားတစ်ပြားအား ပျံထွက်သွားစေသည်။ မန်ဟိုက ဖမ်းယူလိုက်၏။

"ငါ မင်းကို အတတ်နိုင်ဆုံး ကူညီပေးမယ်" နေဝိညာဉ်သူတော်စင်က ပြောသည်။ "ဒီကျောက်စိမ်းပြားက နေဝိညာဉ်အဖွဲ့အစည်းအပိုင် ‌နယ်မြေတစ်ခုကို ဖော်ပြပေးထားတယ်။ မင်း အဲ့ဒီမှာ ဘာပြဿနာမှမရှိဘဲ ခဏတဖြုတ်တော့ ပုန်းနိုင်လိမ့်မယ်။ အကုန်လုံး မင်းကို ရှာဖို့ ထွက်သွားကြပြီးရင်တော့ မင်း ပတ်လမ်း (၃) ကနေ ထွက်သွားနိုင်အောင် လူတစ်ယောက်ကို စီရင်ခိုင်းလိုက်မယ်

"အဲ့ဒါဆို သူတို့အတွက် မင်းကို ခြေရာခံဖို့ ပိုခက်လိမ့်မယ်"

မန်ဟိုသည် ကျောက်စိမ်းပြားကို ကြည့်ပြီးနောက် ‌ဘာမှထပ်မပြောဘဲ လှည့်ထွက်သွားသည်။ နေဝိညာဉ်သူတော်စင်က ‌တွေဝေရှုပ်ထွေးနေသော မျက်နှာထားဖြင့် သူ၏ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေလေသည်။

မျှော်စင်မှ ထွက်ခါနီးဆဲဆဲ မန်ဟိုက ရပ်လိုက်သည်။

သူသည် ရုတ်တရက် တစ်လလုံး စဉ်းစားနေခဲ့သော မေးခွန်းတစ်ခုကို တွေးလိုက်မိ၏။ "ငါ သိချင်နေတာ တစ်ခုရှိတယ်။ နေဝိညာဉ်အဖွဲ့အစည်းမှာပဲ ဒီလောက်ဝိညာဉ်ကျောက်တုံးတွေ ရှိတာလား၊ ဒါမှမဟုတ် ဂိုဏ်းသုံးဂိုဏ်းစလုံးလား"

နေဝိညာဉ်သူတော်စင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"လေမုန်တိုင်းစည်းမှာ ဘာရှိလဲ မင်းသိတယ်မလား။ ကျင်းတစ်ကျင်းလေ။ အဲ့ဒီကျင်းထဲမှာ အံ့ဩ‌စရာကောင်းတဲ့ ဝိညာဉ်ကျောက်ကြောသုံးကြောရှိတယ်။ နေဝိညာဉ်အဖွဲ့အစည်းအနေနဲ့ ... ဝိညာဉ်ကျောက်တုံးတွေကို နည်းနည်းလေးမှ ဂရုမစိုက်ဘူး"

"ယုတ္တိရှိသား‌ပဲ" မန်ဟိုက ပြောသည်။ "ဒါပေမဲ့ မင်း ဘာလို့ ဒီလောက်မိစ္ဆာနှလုံးသားတွေ အများကြီးဝယ်တာလဲ ပြောပြလို့ရလား။ ဘယ်လိုအလုပ်ဖြစ်လို့လဲ"

ဤတစ်ခေါက်တွင် နေဝိညာဉ်သူတော်စင်မှာ အကြာကြီး တိတ်ဆိတ်သွား၏။ သူ့အနေဖြင့် မေး‌ခွန်းကို မလွဲမသွေ ဖြေစရာမလိုသော်လည်း မန်ဟိုကို အတန်ကြာကြည့်ပြီးနောက်ဆုံး သူက ပြောလာသည်။ "မိစ္ဆာနှလုံးသားတွေမှာ ပိုပြီးအရေးကြီးတဲ့ လုပ်ဆောင်ချက်ရှိတယ်။ တကယ်တော့ မင်း အိတ်ထဲမှာ ကျန်တဲ့ မိစ္ဆာနှလုံးသားတွေကို မရောင်းတာ ‌ကောင်းလိမ့်မယ်။ သူတို့ ဘာလုပ်နိုင်လဲ ဆိုတာကတော့ ငါတောင် အပြည့်အစုံ နားမလည်ဘူး။ ဒါပေမဲ့ ဂိုဏ်းသုံးဂိုဏ်း စုဆောင်းရရှိတဲ့ မိစ္ဆာနှလုံးသားတွေရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကို .... တောင်ကောင်းကင်ရဲ့ တခြားနယ်မြေတွေဆီ ပို့ပေးရတယ်ဆိုတာတော့ ပြောပြနိုင်တယ်။ ငါတို့က မိစ္ဆာနှလုံးသားတွေကို အထူးသဖြင့် စုဆောင်းတဲ့ ဂိုဏ်းတစ်ဂိုဏ်းကို အထူးနည်းလမ်းတစ်ခုနဲ့ ပို့ပေးတယ်

"ငါတို့ ဝယ်တဲ့ဈေးက တကယ်တော့ ပြန်ရောင်းတဲ့ဈေးထက် အဆအများကြီး နည်းတယ်"

မန်ဟိုက ခေါင်းညိတ်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ မျှော်စင်မှ ထွက်သွားတော့၏။ သူသည် ထွက်မသွားခင် ဝေ့လီကို ရှာကာ ဝိညာဉ်ကျောက်တုံးအမြောက်အမြား ပေးလိုက်လေသည်။ ထို့နောက် စစ်ရထားကို ထုတ်ကာ မိုးကုပ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားတော့သည်။

မန်ဟို ထွက်သွားပြီးမကြာခင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ဝေဟင်အင်မော်တယ်သူတော်စင်၊ ပင်လယ်နတ်မင်းသူတော်စင်တို့နှင့်အတူ ရောက်လာသည်။ သူ‌တို့သည် အလွန်အံ့ဩစရာကောင်းသော အမြန်နှုန်းဖြင့် ရွေ့လျားလာသဖြင့် ‌အသက်တစ်ရှိုက်တွင် အဝေးတွင်ဖြစ်ပြီး၊ နောက်အသက်တစ်ရှိုက်တွင် ပင်လယ်ခံတပ်သို့ ရောက်ရှိလာခဲ့လေပြီ။

နေဝိညာဉ်သူတော်စင်က အေးစက်သောမျက်နှာအမူအရာဖြင့် မျှော်စင်အတွင်းမှ လမ်းလျှောက်ထွက်လာသည်။ ချဉ်းကပ်လာနေသော ကျင့်ကြံသူ သုံးယောက်ကို လှမ်းကြည့်လိုက်စဉ် သူ၏ပုံစံမှာ မန်ဟို သူ့ကို ပထမဆုံး တွေ့ခဲ့စဉ်တုန်းနှင့် တစ်ထေရာတည်း ဖြစ်လေ၏။

***

All Chapters