← Chapters

ဆရာကြီးငွေမီးအိမ်

Vol. 49 Ch. 675

ဆရာကြီးငွေမီးအိမ်

Vol. 49 Ch. 675

နောက်တစ်နေ့တွင် တစ်စုံတစ်ခုက ပတ်လမ်း (၃) တစ်ခုလုံးအား အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။ ဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းသားများသည် ပင်လယ်ခံတပ်မှ ပတ်လမ်း (၃) ၏ နေရာအနှံ့အပြားသို့ ခွဲဖြာထွက်သွားကြသည်။ တစ်ဦးတစ်ယောက်ချင်းစီမှာ ရှာဖွေနေသော လူတစ်ယောက်၏ရုပ်ပုံပါရှိသည့် ကျောက်စိမ်းပြားတစ်ပြားစီကို ကိုင်ထားကြ၏။

ပတ်လမ်း (၃) တစ်ခုလုံးမှာ ထိုဖြစ်ရပ်‌ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြလေသည်။ သူတော်စင်သုံးဦးပင် နေရာလပ်မကျန် ရှာဖွေဖို့ ထွက်လာကြသည်။ ဤရွေ့ဤမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်။ သို့သော် နောက်တစ်ခု ဖြစ်ပျက်သွားသည်မှာ ဝင်ရောက်ရှာဖွေပေးမည့် ကျင့်ကြံသူတိုင်းအား အဖိုးထိုက်ရတနာများ ချီးမြှင့်မည်ဆိုသော အသိပေးစာများ ပင်လယ်ခံတပ်၏ဆိုင်အားလုံးတွင် ပေါ်လာခြင်းဖြစ်သည်။

ထို့ကြောင့် ရှာဖွေနေကြသော ကျင့်ကြံသူများအား နေရာတိုင်းလိုလို တွေ့ရနိုင်၏။ ပတ်လမ်း (၃) မှာလည်း အဝင်အထွက် ပိတ်ခံလိုက်ရသည်။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ပင်လယ်ခံတပ်တွင် နေနေသည်။ သူ၏နတ်ဘုရားအာရုံမှာ ကျောက်စိမ်းပြားများနှင့် တစ်သားတည်းဖြစ်နေသော အမျှင်များအဖြစ် ခွဲဖြာထွက်နေလေသည်။ တစ်ယောက်လောက် မန်ဟို့အနား ရောက်သွားလျှင် သူအနေဖြင့် ချက်ချင်း အာရုံရမည်ဖြစ်သည်။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် မန်ဟို ပုံပန်းသွင်ပြင်နှင့် အရှိန်အဝါပြောင်းလဲထားမည့် ဖြစ်နိုင်ချေအတွက်ပင် ပြင်ဆင်ထား၏။ သူသည် မန်ဟို့ကို အလွှတ်ပေးမည့်အစား မှားထင်မိသောလူကို သတ်ပစ်မည်ဖြစ်၏ ။

ပတ်လမ်း (၃) တစ်ခုလုံး ပွက်လောရိုက် ပျာယာခတ်နေသည့်အချိန်မှာပင် မန်ဟိုက မျက်နှာထားတင်းမာခက်ထန်နေလျက် ကျွန်းတစ်ကျွန်းအပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏လက်ထဲတွင် နေဝိညာဉ်သူတော်စင် ပေးထားသော ကျောက်စိမ်းပြားရှိ၏။

"ငါ သူစိမ်းတစ်ယောက်၏ သစ္စာတရားကို မစမ်းသပ်ချင်သလို" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "သူတစ်ပါးရဲ့လက်ထဲမှာလည်း မျှော်လင့်ချက်တွေ ပုံအပ်မထားချင်ဘူး" သူသည် ကျောက်စိမ်းပြားကို ချေပြီးနောက် ထရပ်ကာ ပင်လယ်ထဲ ထိုးဆင်းသွား၏။ ပင်လယ်ရေမျက်နှာပြင်ထက်တွင် ပုံး၍မရမှတော့ ၎င်း၏အနက်ပိုင်းထဲတွင် သူ့ကိုယ်သူ ဖုံးကွယ်ထားရုံသာ ရှိချေသည်။

ကျောက်စိမ်းပြား အချိုးခံလိုက်သည့်အခိုက်အတန့်မှာ နေဝိညာဉ်သူတော်စင်သည် လေလယ်တွင် ပျံသန်းနေသော ခုလတ်ဖြစ်သည်။ သူက ရုတ်တရက် ရပ်ပြီးနောက် တောက်ပစွာ ပြုံးလိုက်၏။ မန်ဟို့ဆုံးဖြတ်ချက်ကို သူ နားလည်သည်။ အဘယ်ကြောင့်ဆိုသော် ... သူကိုယ်တိုင်မှာ မန်ဟို သူ့ဘာသာသူ ဆုံးဖြတ်ချက်ချမည်ကို စောင့်ဆိုင်းနေသောကြောင့်ပင်။

"ဒီနည်းလမ်းလည်း ဖြစ်တာပဲ" သူက တွေးသည်။ "ငါ့မှာ မိတ်ဆွေတစ်ယောက်တိုးပြီး ရန်သူတစ်ယောက် လျော့သွားတာပေါ့" သူသည် ယခင်လက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး၊ ပင်လယ်မိစ္ဆာများနှင့် နှစ်ယောက်သား တိုက်ခိုက်ခဲ့သမျှ တိုက်ပွဲများကို ပြန်တွေးရင်း သက်ပြင်းချလိုက်၏။

တစ်ချိန်တည်းမှာပင် မန်ဟိုသည် ပင်လယ်ကြမ်းပြင်တွင် တရိပ်ရိပ် သွားနေ၏။ ရှင်သန်ခြင်းနှင်းပန်း၏အရှိန်အဝါမှာ တစ်စက်လေးမှ ထွက်မလာနိုင်အောင် ဖိနှိပ်ခံထားရလေသည်။ ရံဖန်ရံခါ မန်ဟိုသည် ပတ်ဝန်းကျင်ကို အကဲခတ်တတ်၏။ တစ်ခုခုမူမမှန်လျှင် စစ်ရထားကို ထုတ်၍ ပြေးရန်လည်း အသင့်ဖြစ်နေသည်။

"ပတ်လမ်း (၃) က ထွက်သွားဖို့ဆိုရင် သေချာပေါက် လေမုန်တိုင်းစည်းကို ဖြတ်ရလိမ့်မယ်။ ဒါမဲ့ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက အဲ့ဒီအတွက် မုချပြင်ဆင်ထားမှာပဲ။ ‌လေမုန်တိုင်းစည်းဝင်လိုက်ရင် သူ့ကျော့ကွင်းထဲ ဝင်တိုးသလို ဖြစ်လိမ့်မယ်

"ဒါပေမဲ့ ပတ်လမ်း (၃) မှာလည်း ဆက်နေလို့မရဘူး။ ဆက်နေနေရင် နောက်ဆုံးကျ ရှာတွေ့သွားမှာ ပြီးတော့...." သူ၏မျက်လုံးများ တလက်လက် တောက်ပသွားသည်။

"‌ပတ်လမ်း (၂)ကလည်း .... အရုဏ်ဦးအင်မော်တယ် ပုန်းအောင်းနေတဲ့ နေရာ" သူသည် တခဏ တိတ်ဆိတ်သွား၏။

"အရှေ့မှာက မကောင်းဆိုးဝါး၊ နောက်မှာက ရန်သူစစ်တပ်။ အာ ဘာအရေးလဲကွာ" သူ၏မျက်လုံးများမှာ အေးစက်စွာ တောက်ပလာတော့သည်။

"ဘဝမှာ ‌လွတ်လပ်မှုနဲ့ အမှီအခိုကင်းမှု ရဖို့ဆိုတာ မျှော်လင့်နေရုံပဲ တတ်နိုင်တယ်။ ဘဝမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ကိုယ်, ကိုယ်တိုင်ပဲ ရှာဖွေနိုင်တယ်။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး ရောက်လာမယ်ဆိုတာ ငါ သိနေခဲ့တာပဲ။ အဲ့ဒီတော့ ‌တွန့်ဆုတ်နေပြီး ဘာလုပ်မှာလဲ"

"ငါ့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက ပတ်လမ်း (၂) ပဲ။ အဲ့ဒီနေရာက အရုဏ်ဦးအင်မော်တယ် ပုန်းအောင်းနေတဲ့နေရာ၊ အဲ့ဒီနေရာကပဲ ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးဆီက ငါ ပုန်းနိုင်တဲ့ နေရာပဲ။ လှုပ်မရအောင် အန္တရာယ်များတဲ့ အခြေအနေအတွင်းမှာ အသက်ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခုပဲဖြစ်ဖြစ် အမိအရဖမ်းယူရမယ်

"ဒါပေမဲ့ ဝေဟင်အင်မော်တယ်ဂိုဏ်းနဲ့ ပင်လယ်နတ်မင်းဂိုဏ်းက ဝမ်ခေါင်းဆောင်ကြီးကို ကူညီဖို့ ဒီလောက်မြန်မြန် သဘောတူလိုက်တယ်ဆိုတော့ အကမ်းလှမ်းခံရတဲ့ ဆုကြေးက မယုံနိုင်စရာကောင်းလို့နေမှာ" အသတ်အဖြတ်စိတ်ဆန္ဒတို့ သူ၏မျက်လုံးများတွင် တောက်လောင်လာသည်။ သူ့မှာ သည့်ထက်ပို၍ ထွက်ပြေးပုန်းအောင်းမနေချင်တော့ပေ။

မိစ္ဆာအင်မော်တယ်ဂိုဏ်းမှ ပြန်ရောက်လာကတည်းက မရပ်မနား ပြေးနေခဲ့သည် မဟုတ်ပါလော။ သူ၏ မကျေနပ်မှုနှင့် သတ်ဖြတ်လိုစိတ်မှာ အထွပ်အထိပ်သို့ ရောက်ရှိနေခဲ့လေပြီ။ ၎င်းမှာ ပင်လယ်မိစ္ဆာအရေအတွက် မည်မျှသတ်သတ် မပြေပျောက်နိုင်သော ခံစားချက်ဖြစ်သည်။ သူ .... လူသတ်ဖို့ လိုနေ၏။

"ပထမဆုံး ပတ်လမ်း (၃) မှာ ပွက်လောရိုက်နေအောင် ထားမယ်။ ပြီးရင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ငါ့ဆီ မျှားခေါ်မယ်။ အဲ့ဒါပြီးတဲ့နောက် ... ပတ်လမ်း (၂) မှာ အရှုံးအနိုင်ကို ဆုံးဖြတ်မယ်" မန်ဟိုသည် အစီအစဉ်အတိုင်း လုပ်တော့မည့်အချိန် ရုတ်တရက် သွားနေရမှ ရပ်လိုက်၏။

ရက်စက်သော အေးစိမ့်စိမ့်အရှိန်အဝါက သူ့အနား နောက်တစ်ဖန် ချဉ်းကပ်လာလေပြီ။ ရှင်သန်ခြင်းနှင်းပန်းမှာလည်း ထပ်မံ၍ ကြောက်လန့်တုန်ရီလာသည်။

ရှင်သန်ခြင်းနှင်းပန်း၏ အကြောက်တရားက မန်ဟို့ကို တုန်လှုပ်သွားစေသည်။ သူသည် စစ်ရထားကို ထုတ်လိုက်သော်လည်း ချက်ချင်း မမောင်းနှင်ပေ။ ထိုအစား ပင်လယ်ကြမ်းပြင်ကို ငုံ့ကြည့်လိုက်၏။

ဤနေရာကား တကယ်တမ်း နောက်ဆုံးတစ်ခေါက်က အသံကို ကြားခဲ့ရသောနေရာနှင့် တစ်နေရာတည်း ဖြစ်လေသည်။

ရှေးဆန်သောအသံကြီးသည် တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွဲရင်း ‌စကားထပ်ပြောလာ၏။ "အင်မော်တယ်အဆင့်တက်လှမ်းခြင်း မအောင်မြင်ခဲ့တဲ့အခါ အရိုးဖြူနှင်းပန်း ပေါ်လာခဲ့တယ်......

"ရှင်သန်ခြင်းနှင်းပန်းကို မဖျက်စီးနိုင်ခဲ့တာကြောင့် ငါ့ကိုယ်ငါပဲ ဖျက်စီးနိုင်ခဲ့တယ် ... အခုကစပြီး ရှင်သန်ခြင်းနှင်းပန်းဆိုတာ မရှိတော့ဘဲ အရိုးဖြူနှင်းပန်းဟာ နေရာတစ်ခွင် ပွင့်လန်းလာခဲ့ပြီ...."

မန်ဟိုသည် အသံကို ဒုတိယအကြိမ် နားထောင်ကြည့်သည့်အခါ ၎င်းအထဲရှိ ပူဆွေးသောက၊ ခံပြင်းနာကြည်းမှုနှင့် ပြင်းထန်သော မကျေမချမ်းမှုတို့ကို ခံစားလိုက်ရသည်။ အခြားသူများသာ အသံကို ကြားလျှင် ‌ဆံမွှေးများ‌ ထောင်လောက်အောင် ကြောက်လန့်သွားကြမည်ဖြစ်သော်လည်း မန်ဟိုမှာတော့ ကိုယ်ချင်းစာ သနားမိသွားသည်။

သူသည် တိတ်ဆိတ်စွာ ရပ်နေပြီးနောက်ဆုံး ခိုင်မာပြတ်သားမှုတို့ သူ၏မျက်ဝန်းများတွင် တောက်ပလာတော့သည်။ သူကား စစ်ရထားကို အသံလာရာသို့ စေလွှတ်လိုက်လေပြီ။ များမကြာခင် မန်ဟိုသည် ‌သွေးအေး‌သောအသံ၏ အစပြုရာ နေရာကို ပင်လယ်ကြမ်းပြင်တွင် လှမ်းမြင်လိုက်၏။

၎င်းသည် မရေမတွက်နိုင်သော အဖြူရောင်အရိုးများဖြင့် ပြည့်နှက်နေသည့် နေရာတစ်နေရာပင်။ အဆိုပါအရိုးများမှာ ကျင့်ကြံသူများနှင့် ပင်လယ်မိစ္ဆာများ၏ အရိုးများဖြစ်ပြီး အတောမသပ်နိုင်အောင် ရှိသည်။ အဝေးမှကြည့်လျှင် ၎င်းတို့အားလုံးက နှင်းပန်းပင်တစ်ပင်၏ ပုံသဏ္ဌာန်ကို အတူတကွ ဖော်ဆောင်ပေးထား၏။

အရိုးဖြူနှင်းပန်း

အရိုးဖြူနှင်းပန်း၏ အလယ်တည့်တည့်တွင် အနက်ရောင်ပင်လယ်ရေမှော်တစ်စု ရှိသည်။ ပင်လယ်ရေမှော်များအတွင်း၌ကား တင်ပျဉ်ခွေထိုင်လျက် ရှိနေသော အရိုးစုတစ်စု။ ၎င်း၏အသားများ ပုပ်သွေးပျက်စီးသွားခဲ့သည်မှာ ကြာပြီဖြစ်ပြီး ၎င်းသည် ၎င်းကို ရစ်ပတ်ဖက်တွယ်ထားသော ပင်လယ်ရေမှော်ပင်၏အလယ်တွင် အသာအယာကလေး မျောလွင့်နေ၏ ။

မန်ဟို့မှာ တဖြေးဖြေး အနားတိုးကပ်သွားရင်း စိတ်နှလုံးတုန်ရီလာသည်။ အနားရောက်လေလေ၊ ရှင်သန်ခြင်းနှင်းပန်းမှာ တုန်ရီလာလေလေ ဖြစ်သည်။ အမှန်တွင် ၎င်းသည် သူ၏ကိုယ်အတွင်းမှနေ၍ ကြောက်လန့်တကြား အော်သံများပင် စတင်ထုတ်လွှတ်လာသည်။ အရိုးဖြူနှင်းပန်း၏ မီတာသုံးရာအတွင်းသို့ ရောက်သောအခါ သူ၏ခန္ဓာကိုယ်တစ်လျှောက်လုံးတွင် သွေးကြောများထောင်လာ၏။ ငါးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းက သူ၏အနောက်တွင် ပေါ်လာပြီး ရူးသွပ်တော့မည့်ပုံပင်။

ငါးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်း ပေါ်လာသည့်အခိုက်အတန့်တွင် ပင်လယ်‌ရေမှော်ပင်အကြား၌ ရှေ့နောက်လှုပ်ရှားနေသော အရိုးစုမှာ တုံ့ခနဲ ရပ်သွား၏။ ၎င်းက ၎င်း၏ ဗလာကျင်းနေသော မျက်လုံးပေါက်ကြီးများဖြင့် မန်ဟို့ကို စိုက်ကြည့်ရင်း မော့ကြည့်လာသည်။

မျက်လုံးပေါက်အလွတ်ကြီးများမှ အဆိုပါအလောင်း၏ မှတ်ဉာဏ်များက မန်ဟို့စိတ်ထဲ စီးဝင်လာလေသည်…..

ပင်လယ်ကြမ်းပြင်တွင် ရွှေရောင်ဝတ်ရုံအရှည်နှင့် အဘိုးကြီးတစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်ကို သူ မြင်လိုက်ရသည်။ သူ၏အရှေ့တွင်ကား မှိန်ဖျော့ဖျော့လင်းနေသော ငွေမီးအိမ်တစ်လုံး။ ပင်လယ်ကြမ်းပြင်၌ပင် မီးအိမ်၏ မီးတောက်မှာ ငြိမ်းမသွားဘဲ မီးအလင်းရောင်က အဘိုးကြီးကို လွှမ်းခြုံထားလေ၏။

အဘိုးကြီး၏မျက်နှာမှာ ပျက်ယွင်းနေပြီး တစ်ခါတရံ တစ်စုံတစ်ခုထံမှ ရုန်းကန်နေသည့်အလား ရှုံ့မဲ့သွားတတ်သည်။ သူကား ဖော်ပြ၍ပင်မရနိုင်သော နာကျင်မှုကို ခံစားနေရသယောင်ပင်။ သူ၏မျက်နှာအပေါ်ရှိ သွေးကြောများလည်း ထောင်မတ်ဖောင်းကြွနေပြီး သူက ရုတ်တရက် ခေါင်းမော့၍ ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။

"ငါက ဆရာကြီးငွေမီးအိမ်။ နှစ်ပေါင်းတစ်ထောင် ကျင့်ကြံအားထုတ်ခဲ့ပြီး တာအိုရှာဖွေခြင်းအဆင့် ရောက်နေတဲ့သူ။ ငါလိုလူက ဒီဘာမဟုတ်တဲ့ ရှင်သန်ခြင်းနှင်းပန်းကို ဘယ်လိုလုပ် ရှုံးနိမ့်နိုင်မှာလဲ"

"ငါ သိသိသာသာကို အောင်မြင်ခဲ့တာလေ။ သေသေချာချာကို ဖယ်ထုတ်ပစ်ခဲ့တာလေ။ ဘယ်လိုလုပ်ပြီး ပြန်ရှင်လာနိုင်မှာလဲ" အဘိုးကြီး မြည်တမ်းနေစဉ် ဧရာမပုံရိပ်ကြီးတစ်ခုက သူ၏လွှမ်းခြုံ၍ ပေါ်လာသည်။

၎င်းသည် မီတာတစ်ထောင်နီးပါး မြင့်ပြီး အံ့ဩဖွယ်ကောင်းစွာနှင့် အရောင်ခြောက်ရောင် ရှိနေသည်.... ဤသည်ကား .... ခြောက်ရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းပင်။

၎င်း ပေါ်လာသောအခါ အဘိုးကြီးမှာ တုန်ရီလာပြီး သူ၏ခန္ဓာကိုယ်မှာလည်း စတင်ခြောက်ကပ်လာသည်။ သူ၏အသက်စွမ်းအားအလုံးစုံ၊ သူ၏ကျင့်ကြံခြင်းအခြေခံအလုံးစုံ၊ သူ၏မှတ်ဉာဏ်အလုံးစုံမှာ ရှင်သန်ခြင်းနှင်းပန်း၏ စုပ်ယူခြင်း ခံနေရလေပြီ။

"အင်မော်တယ်အဆင့်တက်လှမ်းခြင်း ... ရှင်သန်ခြင်းနှင်းပန်း အင်မော်တယ်အဆင့်တက်လှမ်းတဲ့အခါ လက်ခံကိုယ်ရဲ့ အသက်စွမ်းအားတွေကို စုပ်ယူပစ်တယ်။ ငါ အင်မော်တယ်အဆင့် တက်လှမ်းချင်ရင် ရှင်သန်ခြင်းနှင်းပန်းရဲ့ကံကြမ္မာကို အသုံးပြုရမယ်

"ငါ အလျှော့မပေးဘူး" အဘိုးကြီး ဟိန်းဟောက်လိုက်စဉ် သူ၏မျက်လုံးများမှာ မုန်းတီးနာကြည်းမှုနှင့် ခိုင်မာပြတ်သားမှုတို့ဖြင့် ပြည့်နှက်နေလေသည်။

"ငါ အင်မော်တယ်တက်လှမ်းခြင်းအဆင့်ကို ရောက်စေရမယ်

"အကုန်လုံးက အင်မော်တယ်တက်လှမ်းခြင်းအဆင့်အတွက်

"ငါဟာ အင်မော်တယ်ဖြစ်ဖို့ ကံပါပြီးသား။ ငါ့မှာ အင်မော်တယ်နယ်ပယ်အတွက် လမ်းကြောင်းရှိပြီးသား။ အရင်ဘဝမှာ အင်မော်တယ်ဖြစ်ခဲ့ဖူးတဲ့ ငါက ...ဒီဘဝမှာ ဘယ်လိုလုပ် အင်မော်တယ်အဖြစ် ဆက်မရှင်သန်နိုင်ရမှာလဲ

"ရှင်သန်ခြင်းနှင်းပန်းကို မဖျက်စီးနိုင်ရင် ငါ့ကိုယ်ငါ ဖျက်စီးမယ်။ ငါ့ရဲ့ အင်မော်တယ်ကံကြမ္မာကို ဖျက်စီးမယ်။ ငါ့ရဲ့ အင်မော်တယ်လမ်းကို ဖျက်စီးမယ်။ အရင်ဘဝရဲ့ ကျင့်စဉ်ကို အသုံးပြုပြီး ငါ့ရဲ့ မကျေမနပ်မှုတွေကို အရိုးဖြူပင်လယ်အသွင်ပြောင်းပစ်မယ်

"ယခုမှစ၍ ငါ့အရိုးတွေ နဂါး‌ငွေ့တန်းပင်လယ်ကြမ်းပြင်မှာ လွင့်မျောနေပါစေသား။ ငါ့သွေးတွေက ပင်လယ်ရေကို စွန်းထင်းပါစေသား။ ငါ့ အရိုးတွေက ရှင်သန်ခြင်းနှင်းပန်းရဲ့ စိတ်ဆန္ဒကို ပျောက်ပျယ်စေပြီး မရေမတွက်နိုင်တဲ့ အရိုးဖြူနှင်းပန်းတွေ ပွင့်လန်းလာပါစေသား"

ထို့နောက် အဘိုးကြီးသည် ညာလက်ကို မြှောက်၍ သူ့ရင်ဘတ်သူ ထုချလိုက်သည်။ ‌သွေးများ သူ၏ပါးစပ်မှ ပန်းထွက်သွားပြီး သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ခြောက်ကပ်လာ၏။ သို့သော် သွေးများက ပင်လယ်ရေနှင့်တစ်သားတည်းဖြစ်ကာ ရေစီးကြောင်းများနှင့်အတူ ဖြာထွက်သွား၍ ပင်လယ်မိစ္ဆာများအား ဆွဲဆောင်လိုက်သည်။

"ဒီနေ့ကစပြီး ငါ့ရဲ့ဝိညာဉ်ဟာ မရေမတွက်နိုင်တဲ့ သက်ရှိသတ္တဝါတွေရဲ့ ကိုယ်ထဲမှာ ကပ်ပါးအဖြစ် မှီတွယ်နေထိုင်ကြမယ့် အရိုးဖြူတွေ ဖြစ်လာမယ်.... ရှင်သန်ခြင်းနှင်းပန်းရဲ့ ဗဟိုရန်သူတော်ကြီး ဖြစ်လာလိမ့်မယ်" အဘိုးကြီးသည် အရူးကြီးသဖွယ် ရယ်ပြီးနောက် သွေးများ ထပ်ထွေးထုတ်လိုက်သည်။ သူ၏သွေးများသာမက အသားပင်လျှင် ဖောင်းပွလာပြီး ထိုအချိန်တွင် မရေမတွက်နိုင်သော ပင်လယ်မိစ္ဆာများက သူ့ကို ခုန်အုပ်လိုက်တော့၏။

မရေမတွက်နိုင်သော အစွယ်များ၊ ပါးစပ်များက အဘိုးကြီး၏ အသွေးအသားတို့ကို စားသုံးနေကြသကဲ့သို့ တဂျွတ်ဂျွတ် ကိုက်ဝါးသံများ၊ တဗြိဗြိ စုတ်ဖြဲပစ်သံများအား ကြားရနိုင်သည်။ မန်ဟိုမှာ အဘိုးကြီးကို မမြင်ရသော်လည်း သူ၏ မုန်းတီးနာကြည်းမှုတို့ ပြည့်နှက်နေသော အသံကို ကြားလိုက်ရ၏။

"ဗဟိုရန်သူ‌တွေ"

တစ်ချိန်တည်းမှာပင် အဘိုးကြီး၏အနောက်ရှိ ရှင်သန်ခြင်းနှင်းပန်းသည် ညှိုးနွမ်းစပြုလာ၏။ ၎င်းမှာ အဘိုးကြီးနှင့် တစ်သားတည်းဖြစ်နေသည့်အတွက် အဘိုးကြီး အစားခံနေရသောအခါ ၎င်းလည်း အစားခံရလေသည်။ ၎င်းကား ရုန်းကန်သော်လည်း မအောင်မြင်။

အချိန်အတိုင်းအတာတစ်ခု ကြာသော် ထစ်ချုန်းသံကြီးတစ်သံ မြည်ဟည်းသွားပြီး ပင်လယ်မိစ္ဆာများအားလုံး ဖယ်ခွာသွားရာ မည်သည့်အသွေးအသားမှ မကျန်တော့သော အဖြူရောင်အရိုးစုကြီးသာ ပေါ်လာတော့သည်။ ၎င်းသည် အောက်ရှိ ပင်လယ်ရေမှော်များထဲသို့ တဖြေးဖြေး နစ်မြုပ်သွား၏။ အနက်ရောင်ပင်လယ်ရေမှော်များက ၎င်းကို ဝန်းရံရစ်ပတ်ပြီးနောက် ရှေ့နောက်ယိမ်းနေတော့သည်။

ရှင်သန်ခြင်းနှင်းပန်းမှာမူ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့လေပြီ။ ပတ်ဝန်းကျင်မှာလည်း အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်နေ၏။ သူ၏အသွေးအသားတို့ကို စားသွားသည့် ပင်လယ်မိစ္ဆာများမှာမူ ရုတ်တရက် တဖောင်းဖောင်း ပေါက်ကွဲကုန်ကြသည်။ ၎င်းတို့၏အသွေးအသားများက ပို၍များပြားသော ပင်လယ်မိစ္ဆာများကို ဆွဲဆောင်လိုက်ပြီး ထိုပင်လယ်မိစ္ဆာများလည်း တစ်ဖန် ပေါက်ကွဲသွားကြပြန်၏။

ဖြစ်စဉ်သည် ထိုအတိုင်း နှစ်ခြောက်ဆယ်စက်ဝန်းတိတိ သံသရာလည်နေ၏။ နဂါးငွေ့တန်းပင်လယ်၏ ပတ်လမ်း (၃) မှာ အဘိုးကြီးအသွေးအသားများ၏ အရှိန်အဝါဖြင့် ပြည့်နှက်သွားလေပြီ။ ထိုအရှိန်အဝါကြောင့် ပင်လယ်၏ ဤအပိုင်းရှိ ပင်လယ်မိစ္ဆာများမှာ အရိုးဖြူနှင်းပန်းဖြင့် အမှတ်အသားခတ်နှိပ်ခြင်း ခံလိုက်ရတော့သည်။

မြင်ကွင်း ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည့်အခါ မန်ဟိုစိတ်မှာ ကယောက်ကယက် ဖြစ်နေ‌လေသည်။ မရေမတွက်နိုင်သော အရိုးဖြူဖြူများက သူ့ကို ဝန်းရံထားဆဲဖြစ်သည်။ ပင်လယ်ရေမှော်များကြားရှိ အရိုးစုကြီးမှာတော့ ခေါင်းငုံ့သွားပြီး နောက်တစ်ကြိမ် ရှေ့နောက်ယိမ်းနေလေပြီ။

မန်ဟိုမှာ အသက်ရှူသံများ မြန်နေပြီး မျက်နှာတွင် သွေးမရှိဝောာ့‌ပေ။

"ရှင်သန်ခြင်းနှင်းပန်း .... ငါ အထင်သေးခဲ့မိပုံပဲ"

"အဲ့ဒီအရိုးစုက ဆရာကြီးငွေမီးအိမ်ပေါ့။ တစ်ခါတုန်းက ဇီယွင်ဂိုဏ်းကို ခရီးနှင်လာခဲ့တဲ့အတွက် ရှင်သန်ခြင်းနှင်းပန်းကို ကူညီဖယ်ရှားပေးခဲ့တယ်လို့ ဆရာ ပြောခဲ့ဖူးတဲ့ လူ

"ဒါပေမဲ့.... အဆုံးသတ်ကျတော့ ဒီနေရာမှာ ရှင်သန်ခြင်းနှင်းပန်းနဲ့အတူ သေဆုံးပြီး ရှင်သန်ခြင်းနှင်းပန်းရဲ့ ဗဟိုရန်သူ အရိုးဖြူနှင်းပန်း ဖြစ်လာခဲ့တယ်

"ပြီးဝောာ့ သူ့မှာ ... ခုနစ်ရောင်ခြယ်မဟုတ်ဘဲ ခြောက်ရောင်ခြယ် ရှင်သန်ခြင်းနှင်းပန်း ရှိခဲ့တာ

"ဆရာကြီးငွေမီးအိမ်က ခြောက်ရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းကို မထိန်းချုပ်နိုင်ခဲ့ဘူး။ ပြီးတော့ ငါ့ကိုယ်ထဲက ရှင်သန်ခြင်းနှင်းပန်းက အရောင်ငါးရောင် ရှိနေပြီ" မန်ဟိုသည် ဤအခြင်းအရာကို တွေးမိသောအခါ မျက်စိမျက်နှာပျက်သွားတော့၏။

သူ့မှာ ရှင်သန်ခြင်းနှင်းပန်းနှင့်ပတ်သက်ပြီး အယူအဆမှားခဲ့မိကြောင်း နောက်တစ်ကြိမ် သဘောပေါက်လိုက်လေသည်။

"ငါ့ ရှင်သန်ခြင်းနှင်းပန်း ခြောက်ရောင်ခြယ်နဲ့ ပွင့်လန်းရင် ငါ့ကံတရားက ဆရာကြီးငွေမီးအိမ်နဲ့ အတူတူ ဖြစ်သွားရလိမ့်မယ်" သူ၏မျက်နှာမှာ ရိပ်ခနဲ ဖြစ်သွားပြီး သူ၏မျက်လုံးများက ဘေးဘီဝဲယာကို အကဲခတ်လိုက်သည်။

"ငါ့ကိုယ်ထဲက ရှင်သန်ခြင်းနှင်းပန်းက လောလောဆယ်မှာ အဆုံးစွန်အထိ ကြောက်လန့်နေတယ် .... ငါ့အစွမ်းနဲ့ငါ သူ့ကို မဖယ်ရှားကောင်း မဖယ်ရှားနိုင်လောက်ပေမယ့် ဆရာကြီးငွေမီးအိမ်ရဲ့အစွမ်းကို ငှားယူရင် မဖြစ်နိုင်ဘူးလို့ မဆိုလိုပေဘူး" သူ၏မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီးနောက် တောက်ပလင်းလက်လာတော့သည်။ သူသည် ဆရာကြီးငွေမီးအိမ်ဆီသို့ ဖျတ်ခနဲ ဦးတည်သွား၏။

သူသည် ကိုယ်ထဲရှိ ရှင်သန်ခြင်းနှင်းပန်းကို သွေးရူးသွေးတန်း ရုန်းကန်ခွင့်ပြုရင်း တစ်ချက်လေးမှ မတုံ့ဆိုင်းဘဲ ပင်လယ်ရေမှော်ပင်၏ဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ထိုအခိုက်အတန့်တွင် အဝေးမှ သူ့ဆီသို့ မျောလွင့်လာသော အေးစက်စက်အသံတစ်သံအား ခပ်သဲ့သဲ့ ကြားလိုက်ရ၏။

"အဲဒီနေရာကနေ ထွက်လာခဲ့ သားလေး...."

***

All Chapters