စိတ်ဝိညာဉ်ခွဲထွက်ခြင်း - ပထမခွဲထွက်ခြင်း
Vol. 49 Ch. 676
အသံ မျောလွင့်လာစဉ် မန်ဟိုမှာ စဉ်းစားတွေးတောနိုင်စွမ်းတို့ မရှိတော့သည့်အလား စိတ်ထဲတွင် ဗလာကျင်းသွားပြီး ရုတ်တရက် ကြောင်တောင်တောင် ဖြစ်သွားသည်။ သူသည် တင်ပျဉ်ခွေထိုင်နေရာမှ ဖြေးဖြေးချင်း ထရပ်လာ၏။
"အဲ့ဒီနေရာက ထွက်လာခဲ့ သား .... လာ အမေ့ဆီလာ.....
"သားကို စောင့်နေခဲ့ရတာ နှစ်နာရီကျော်ပြီ....
"လာ ... လာ .....
"သားရဲ့သွေးက အရွယ်ရောက်ဖို့ အသင့်တော်ဆုံးပဲ။ သားရဲ့ဝိညာဉ်အနေနဲ့ ... အိပ်စက်အနားယူဖို့ လိုနေပြီ ....
"လာ .... အမေ စောင့်နေတယ်..."
မန်ဟို့အမူအရာမှာ ပိုမို၍ ကြောင်တောင်တောင်ဖြစ်လာပြီး ပင်လယ်ရေမှော်အနားမှ လမ်းလျှောက်ထွက်သွားတော့သည်။ မီတာသုံးဆယ်အကွာသို့ ရောက်သောအခါ သူ၏ကိုယ်အတွင်းရှိ အင်မော်တယ်လမ်းညွှန်သည် ရုတ်တရက် သူ၏အနုသုခုမရုပ်ခန္ဓာထဲသို့ တိုးဝင်သွားသော မှိန်ပျပျ ချီစီးကြောင်းတစ်ကြောင်းကို စတင်ထုတ်လွှတ်လာ၏။ ချက်ချင်းပင် သူ၏အနုသုခုမရုပ်ခန္ဓာမှာ မှေးမှိန်လာပြီး ရုတ်တရက် ဟိုးအနက်ဆုံးထဲ၌ မိုးနဂါးပျံတစ်ကောင်အား မြင်လာရသည်။
၎င်းသည် အလွန်သေးငယ်ပြီး အိပ်ပျော်နေသယောင်ပင်။ သို့သော် အင်မော်တယ်ချီစီးကြောင်းက အဆိုပါမိုးနဂါးပျံလေးကို ရှာတွေ့သွားပြီး ၎င်းကိုယ်ထဲ တိုက်ရိုက် ဝင်ရောက်သွား၏။
ထိုအခိုက်အတန့်တွင် မိုးနဂါးပျံလေးသည် မျက်လုံးများ ဖွင့်ပြီး ဟိန်းဟောက်လိုက်၏။
ဟိန်းဟောက်သံ ဟိန်းထွက်သွားစဉ် မီတာသုံးသောင်းမျှ ရှည်လျားသော ဧရာမမိုးနဂါးပျံကြီးတစ်ကောင် မန်ဟို့ကို ရစ်သိုင်းလျက် ပေါ်ထွက်လာသည်။ ကြောက်ခမန်းလိလိ လှိုင်းဂယက်များက ၎င်းထံမှ ဖြာထွက်လျက်ရှိပြီး ၎င်းက ဟိန်းဟောက်လိုက်၏။
ဂရားးးးးးးးးး
အရုဏ်ဦးအင်မော်တယ်၏အရှိန်အဝါ ရုတ်ခြည်း ကွယ်ပျောက်သွားပြီး မန့်ဟိုတစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ၏မျက်လုံးများသည် ရုတ်တရက် ရှင်းလင်းပြတ်သားလာပြီး အံ့ဖွယ်မိုးနဂါးပျံကြီးကို မော့ကြည့်လိုက်၏။
မိုးနဂါးပျံကြီးက မန်ဟို့ကို ကြည့်ရန် ခေါင်းလှည့်လာပြီး ထိုအခိုက်အတန့်တွင် မန်ဟိုမှာ သူ့ကိုယ်သူ ကြည့်နေသည့်အလား ခံစားလိုက်ရလေသည်။
ထို့နောက် မိုးနဂါးပျံကြီး ပျောက်ကွယ်သွား၏။ ယခုလေးတင် ဖြစ်ပွားခဲ့သော အရာကို ပြန်တွေးကြည့်လိုက်စဉ် မန်ဟို၏မျက်နှာမှာ အသေကောင်ပမာ ဖြူဆုပ်သွားတော့သည်။ ထို့နောက် သူသည် သူ၏ကိုယ်အတွင်းကို ပြန်ကြည့်လိုက်ရာ ရှင်သန်ခြင်းနှင်းပန်းက သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ နွယ်နှာမောင်းများ ဖြန့်ကျက်ထားခဲ့ကြောင်း မြင်တွေ့လိုက်ရလေသည်။
မန်ဟို၏မျက်လုံးများမှာ အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ဝင်းလက်သွားပြီး ပင်လယ်ရေမှော်ပင်ဘေးရှိ နေရာသို့ ပြန်သွားလိုက်သည်။ ရှင်သန်ခြင်းနှင်းပန်းမှာ ကတုန်ကယင်ဖြင့် ပြန်ဆုတ်သွားပြီး မန်ဟို တင်ပျဉ်ခွေထိုင်ချလိုက်သည့်အခါ ၎င်းမှာ ၎င်းကိုယ်၎င်း ဖုံးကွယ်ခဲ့ပြီးလေပြီ။
"ဒီနေရာ ဒီအချိန်မှာ ရှင်သန်ခြင်းနှင်းပန်းကို အရှင်း ဖယ်ထုတ်ပစ်ဖို့ ဆရာကြီးငွေမီးအိမ်ရဲ့ အစွမ်းကို ငှားယူမယ်
"ငါ အဲ့ဒီလို ငှားယူမယ့် နည်းလမ်းက .... စိတ်ဝိညာဉ်ခွဲထွက်ခြင်းစွမ်းအားပဲ။ ငါ့ရဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းလမ်းစဉ် ... ငါ့ရဲ့ ပထမခွဲထွက်ခြင်းဟာ ရှင်သန်ခြင်းနှင်းပန်းဖြစ်စေရမယ်
"ငါက ငါ့ဘဝရဲ့ဆရာ၊ ငါ့ဘဝရဲ့ ပဲ့ကိုင်ရှင်။ အပြင်က ဘယ်အရာကိုမှ ငါ့ကို ထိန်းချုပ်ခွင့်ပေးဘူး။ ငါ လိုချင်တာ လွတ်လပ်မှု။ ငါ့ဘဝလမ်းစဉ်ဟာ ခရီးတစ်ခု ၊ တာအိုကတော့ ငါ့ဦးတည်ချက်။ အဲ့ဒီဦးတည်ချက်အတိုင်း ဆက်လျှောက်ပြီး အမှန်တရားကို ရှာဖွေမယ်။ ငါ့ရဲ့လွတ်လပ်မှုကို ငါ့ကိုယ်တိုင် စိုးမိုးပြီး အမှီအခိုကင်းကင်းနဲ့ ဆက်ရှင်သန်မယ်
"အဲ့ဒါက ငါ့ရဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းစိတ်ဆန္ဒပဲ။ အတားအဆီးတွေ မှန်သမျှ နင်းချေပြီး ငါ့လမ်းကို ပိတ်တဲ့အရာမှန်သမျှ ဖျက်စီးပစ်မယ်။ ဘယ်လိုဆူးငြောင့်ခလုတ်မဆို ငါ့ခြေထောက်အောက်မှာ ပြားဝပ်သွားစေရမယ်
"ကြောက်ရွံမှုမရှိ ၊ လွတ်လပ်မှု၊ အမှီအခိုကင်းတဲ့ဘဝ
"မိုးကောင်းကင်ဟာ ငါ့အကြည့်ကို မဖယ်ရှားနိုင် ၊ ကမ္ဘာမြေဟာ ငါ့ခြေထောက်ကို မဟန့်တားနိုင်
"လွတ်လပ်မှုအတွက် ဘယ်လိုအဖိုးအခကို မဆို ပေးဆပ်မယ်
"အမှီအခိုကင်းဖို့အတွက် ဘယ်အရာကိုမဆို ခွဲထုတ်ဖျက်စီးပစ်မယ်
"ရှင်သန်ခြင်းနှင်းပန်းဟာ ငါ့ရဲ့ ဘဝခရီးလမ်းမှာ ပိတ်နေတဲ့ တောင်တစ်လုံးပဲ။ ငါ သူ့ကို ကျော်နိုင်ရင် ငါ့လမ်းဟာ အဝေးကြီးအထိ ဆန့်တန်းနေလိမ့်မယ်
"ရှင်သန်ခြင်းနှင်းပန်းဟာ ငါ့လွတ်လပ်မှုကို ချုပ်ချယ်ထားတဲ့ လှောင်အိမ်၊ အချုပ်အနှောင်။ ငါ သူ့ကို ငါ့ဆီကနေ ခွဲထွက်သွားအောင် လုပ်ပစ်မယ် .... အဲ့ဒီခွဲထွက်ခြင်းပြီးသွားတဲ့နောက်မှာ ငါဟာ အမှီအခိုကင်းကင်း၊ လွတ်လွတ်လပ်လပ်နဲ့ ကျင့်ကြံအားထုတ်လို့ရပြီ
"ဒါက ငါ့ရဲ့ ပထမခွဲထွက်ခြင်း
"ဒါက ငါ့ရဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်း နယ်မြေ
"ဒါက ငါ့ရဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းတာအို
မန်ဟို့မျက်လုံးများသည် ဉာဏ်အလင်းဖြင့် ဝင်းဝင်းလက်နေတော့၏။ သူသည် အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်တွင် နှစ်များစွာ နစ်မြုပ်နေခဲ့လေသည်။ မိစ္ဆာအင်မော်တယ်ဂိုဏ်း၏ ကောင်းချီးပေးခြင်းလည်း ခံခဲ့ရပြီး ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏လက်ထဲမှလည်း ရှောင်တိမ်းနိုင်ခဲ့သည်။ ထိုအရာအားလုံးက သူ့ကို မီးတောက်များဖြင့် သန့်စင်ခြင်းခံရကာ ပြန်လည်မွေးဖွားလာသည့်အလား ခံစားရစေသည်။ နောက်ဆုံးတော့ ဤအခိုက်အတန့်တွင် သူ၏နားလည်မှုအသိအမြင်ကား ပြည့်စုံသွားခဲ့လေပြီ။
ဉာဏ်အလင်းရသွားသော အခိုက်အတန့်၌ မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် စတင်ထစ်ချုန်းအော်မြည်လာ၏။ ပေါင်းစည်းဖို့ ငြင်းဆန်နေခဲ့သော သူ့ကိုယ်အတွင်းရှိ အပိုင်းနှစ်ပိုင်းမှာ အလွန်မြင့်မားသော အမြန်နှုန်းဖြင့် တစ်သားတည်း ဖြစ်စပြုလာသည်။
စောစောက အတွေးအခေါ်သည် သူ၏ကျင့်ကြံခြင်းအခြေခံလည်ပတ်ခြင်းကို စိုးမိုးမင်းမူသွားခဲ့၏။ နားလည်သဘောပေါက်လိုက်သော ထိုအခိုက်အတန့်တွင် ....
ဂျိန်း
မန်ဟို၏တစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွားပြီး ကျင့်ကြံခြင်းအခြေခံ အပိုင်းနှစ်ပိုင်းကား ချက်ချင်း ပေါင်းစည်းသွားလေသည်။ သူ၏အနုသုခုမရုပ်ခန္ဓာ ပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပင် မန်ဟို၏ခန္ဓာကိုယ်ကား ရောင်စုံခြယ်သော အလင်းဖြင့် လင်းလက်တောက်ပလာတော့သည်။
အလင်းသည် ပတ်ဝန်းကျင်တွင် လှည့်လည်သွားလာနေရင်း မန်ဟို့အရှေ့တွင် ဖြေးညှင်းစွာ လှုပ်ရှားနေကာ သူ၏မျက်လုံးများ ပွင့်လာသည့်အခါ ဓားသွားတစ်ခု အသွင်ပြောင်းသွား၏။
ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုတစ်ခု ပါရှိသော ရောင်စုံခြယ်ဓားသွားတစ်ခု။
ဓားသွားတွင် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်ကြီးငါးပါးအပါအဝင် အနုသုခုမရုပ်ခန္ဓာကိုးခုတို့ တစ်သားတည်း ပေါင်းစည်းထားသော မန်ဟို၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်အဝ ပါရှိလေ၏။ (မီး၊ ရေ ၊ မြေ၊ သစ်သား၊ သတ္တု၊ လေ ၊ မိုးကြိုး၊ ချီနှင့်သွေး၊ မိစ္ဆာ)
၎င်းတွင် သူ၏နှစ်နှစ်ရာကျင့်ကြံအားထုတ်ခဲ့သော မှတ်ဉာဏ်များ၊ အတွေ့အကြုံများလည်း ပါရှိသည်။ မန်ဟို ဓားသွားကို ကြည့်လိုက်သောအခါ သူ့ကိုယ်သူ ကြည့်နေရသည်နှင့်တူ၏။
ဤအခိုက်အတန့်တွင် မန်ဟို့နှလုံးသားတွင် ပျော်ရွှင်ခြင်းမရှိတော့သလို၊ ဝမ်းနည်းခြင်းလည်း ကင်းမဲ့သွားသည်။ သူကား လွတ်လပ်မှုအား တောင့်တမှု၊ အမှီအခိုကင်းမှုအား တပ်မက်မှုတို့မှအပ မည်သည့်အရာကိုမဆို မေ့လျော့သွားခဲ့သယောင်ပင်။
သူ့ကိုယ်ထဲရှိ ရှင်သန်ခြင်းနှင်းပန်းသည် အန္တရာယ်ကို အာရုံရလိုက်ဟန်တူသည်။ ၎င်းအနေဖြင့် မန်ဟို ရှာမတွေ့အောင် သူ၏နတ်ဘုရားအာရုံထံမှ ပုန်းကွယ်နေနိုင်သော်လည်း ဤဓားသွားထံမှ မည်သို့မျှ မပုန်းနေနိုင်ပေ။
ကျရောက်လာတော့မည့် သေခြင်းတရား၏အာရုံကြီးက ရှင်သန်ခြင်းနှင်းပန်းကို မန်ဟို့ကိုယ်တွင်းမှ ထွက်ပြေးချင်နေသည့်အလား ရုန်းကန်လာစေသည်။ ၎င်းမှာ ထပ်မံ၍ လက်ဦးမှုရယူချင်သော်လည်း ၎င်းလှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ပင်လယ်ရေမှော်များအထဲ၌ ယိမ်းနေသော အရိုးစုက မှိန်ပျော့ပျော့အလင်းရောင်ကို ထုတ်လွှတ်လိုက်၏။ ပတ်လမ်း (၃) ၏ ပင်လယ်ရေမျက်နှာပြင်မှာ တဖွေးဖွေးလှုပ်လျက် အုံကြွစပြုလာသည်။
ထို့နောက် ပတ်လမ်း (၃) ရှိ ပင်လယ်မိစ္ဆာအကုန်လုံး၏အပေါ်ရှိ အရိုးဖြူနှင်းပန်း အမှတ်အသားများ တောက်ပလာသည်။ အမှတ်အသားများသည် အချိုးမကျသော မျက်နှာများနှင့် တူပြီး ကျောချမ်းဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေ၏။
ထိုအရှိန်အဝါများက ရှင်သန်ခြင်းနှင်းပန်းကို ဖိနှိပ်ရန် စုပေါင်းသွားကြသည်။
ဝုန်း
ရှင်သန်ခြင်းနှင်းပန်းက ရုန်းကန်ပြီးနောက် မန်ဟိုတစ်ယောက်သာ ကြားနိုင်သောအသံဖြင့် စူးစူးဝါးဝါး အော်လိုက်သည်။
ထို့ထက်ပိုသည်က သူ၏အနောက်တွင် ငါးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်း၏ ပုံရိပ်ယောင် ဖြစ်ပေါ်လာခြင်းပင်။ ၎င်းသည် လုံးဝသွေးရူးသွေးတန်းဖြစ်နေပြီး အကြောက်အကန် ရုန်းနေ၏။ မန်ဟို၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း သူ၏အသက်စွမ်းအားနှင့် ကျင့်ကြံခြင်းအခြေခံအား ရှင်သန်ခြင်းနှင်းပန်းက စုပ်ယူနေသည့်အလား သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ခြောက်ကပ်လာနေလေသည်။
မည်သို့ဆိုစေ သူသည် အရှေ့ရှိ ဓားသွားကို စိုက်ကြည့်ရင်း မလှုပ်မယှက် ရှိနေဆဲပင်။
ရှင်သန်ခြင်းနှင်းပန်းက အော်ဟစ်သောင်းကျန်းနေပြီး ၎င်း၏ရုန်းကန်နေမှုမှာ ပို၍အားပါလာသည်။ သို့သော် ဆရာကြီးငွေမီးအိမ်၏ အရိုးဖြူနှင်းပန်းမှ ဖိအားက အပြေးအလွှား ဝင်ရောက်နေသည်။ ၎င်းက ရှင်သန်ခြင်းနှင်းပန်းအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ချက် ဖြစ်သယောင်ပင်။ ၎င်း၏ခန္ဓာကိုယ်မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေရာ မန်ဟို့ကို စုပ်ယူဖို့ ထပ်မံကြိုးစားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
အချိန်တချို့ကြာသော် မန်ဟို၏ခန္ဓာကိုယ်သည် တုန်ရီလာပြီး အရိုးစုပမာ ဖြစ်လာသည်။ သူ့အရှေ့ရှိ ဓားသွားမှာ ဆတ်ခနဲ လှုပ်လာပြီး တဖြေးဖြေး မြောက်တက်သွား၏ ။
ဓားသွားမြောက်တက်သွားစဉ် တိုင်းတာ၍မရလောက်အောင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက ပင်လယ်ရေမျက်နှာပြင်ကို ချက်ချင်း ဖောက်ထွက်ပြီး ကောင်းကင်ကို ဖြတ်ကာ အာကာသနှင့် ဆက်သွယ်သွားသည်။
အဝေးမှကြည့်လျှင် အလင်းတန်းတစ်တန်းသည် ညအမှောင်ကို နေ့အချိန်ပမာ လင်းထိန်သွားစေရင်း ထိုးတက်သွားသဖြင့် ပတ်လမ်း (၃) မှာ တဖွေးဖွေး လှုပ်ပြီး လှိုင်းများ ထသွားဝောာ့သည်။
ထိုအခိုက်အတန့်တွင် နေဝိညာဉ်သူတော်စင်သည် နဂါးငွေ့တန်းပင်လယ်၏အထက်တွင် ပျံဝဲလျက်ရှိ၏။ ရုတ်တရက် သူ၏မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွာပြီး ၎င်းကို ခေါင်းလှည့်ကြည့်လိုက်သည်။
"တစ်ယောက်ယောက်တော့ စိတ်ဝိညာဉ်ခွဲထွက်ခြင်း လုပ်ဆောင်နေပြီ။ ဒါပေမဲ့ ဒီစိတ်ဝိညာဉ်ခွဲထွက်ခြင်းက ဘယ်လိုလုပ်ပြီး ကောင်းကင်နဲ့ မြေကြီးမှာ ဒီလိုပြောင်းလဲမှုတွေ ဖြစ်ပွားစေနိုင်တာလဲ"
တစ်ချိန်တည်းမှာပင် ဝေဟင်အင်မော်တယ်သူတော်စင်နှင့် ပင်လယ်နတ်မင်းသူတော်စင်တို့လည်း ထိုနည်းတူ ခံစားချက်များ ရလိုက်ကြသည်။ သူတို့သည် အလင်းတန်းနှင့် ကောင်းကင်တစ်ပြင်လုံး မည်သို့လင်းထိန်သွားသည်ကို ကြည့်ရင်း အံ့အားသင့်နေကြ၏။
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ လောလောဆယ်တွင် ပင်လယ်ခံတပ်၌ တင်ပျဉ်ခွေထိုင်နေသည်။ ရုတ်တရက် သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး ပျော်ရွှင်ဝမ်းမြောက်နေသော မျက်နှာအမူအရာဖြင့် အဝေးသို့ လှမ်းကြည့်လိုက်လေသည်။
"အဲဒါ .... စိတ်ဝိညာဉ်ခွဲထွက်ခြင်းလှိုင်းတွေပဲ။ သူပဲ ။ ဒီတော့ သူ ဒီမှာကိုး။ သူက တကယ့်ကို အနှိုင်းမဲ့ပါလား။ သူ့ရဲ့စိတ်ဝိညာဉ်ခွဲထွက်ခြင်းက ကျီရဲ့ကောင်းကင်နဲ့တောင် ဆက်သွယ်နိုင်ပြီး ကောင်းကင်မှာ ပြောင်းလဲမှုတွေ ဖြစ်အောင် လှုံ့ဆော်ခဲ့တာပါလား
"ဒါပေမဲ့ မင်းက ငါ့အရှေ့မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်း လုပ်ဆောင်ရဲတယ်ပေါ့။ မင်း ဒီတစ်ခေါက် ဘယ်လိုပြေးမလဲ ကြည့်ရမယ်" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက အေးစက်စက် နှာမှုတ်ပြီး ထရပ်လိုက်သည်။ ဤအခိုက်တွင် သူ၏မျက်နှာမှာ မယုံကြည်နိုင်သော အရိပ်အယောင်ဖြင့် ရိပ်ခနဲ ဖြစ်သွားလေ၏။ သူ၏စိတ်တန်ခိုးအဆင့်နှင့်ပင်လျှင် မြင်လိုက်ရသောအရာက သူ့ကို ဆွံ့အသွားသွားစေ၏။
"မဖြစ်နိုင်ဘူး"
ပင်လယ်ပြင်မှ ထိုးတက်နေသော အလင်းတန်းသည် ကောင်းကင်၌တင် ရပ်မသွား။ ၎င်းက ကြယ်တာရာကောင်းကင်အထိ ရောက်ရှိသွားရာ နက္ခတ်တာရာများကို အရောင်အဝါတောက်ပလာစေပြီး နက္ခတ်တာရာဓားသွားတစ်ခု ပုံစံပြောင်းလာစေသည်။
ဓားသွား၏ အလင်းရောင်သည် တောင်ကောင်းကင်၏နယ်မြေများအပေါ်သို့ ဖြာကျလာပြီး မကြာမီ ဂြိုဟ်အတွင်းရှိ လူတိုင်း ကောင်းကင်ကို မော့ကြည့်လိုက်ရာ ဧရာမဓားသွားကြီးအား မြင်လိုက်ကြရ၏။
၎င်းသည် တောင်ကောင်းကင်ဂြိုဟ်၏ ကောင်းကင်ကို ကြေမွသွားစေခဲ့ပြီး ယခုတွင် အောက်သို့ နိမ့်ဆင်းလာနေသည့်အလားပင်။
တစ်ဆက်တည်းမှာပင် မဟာတာအိုတစ်ပါး၏ အရှိန်အဝါသည် ကောင်းကင်ထက်မှ နဂါးငွေ့တန်းပင်လယ်ဆီသို့ ဆင်းသက်လာသည်။ ၎င်းက ပင်လယ်ရေကို ထိုးဖောက်၍ မန်ဟို့အရှေ့တွင် ပျံဝဲနေသော ဓားသွားအပေါ် ကျရောက်သွားသည်။
"ပထမခွဲထွက်ခြင်းဓားသွားက တကယ်ပဲ ကြယ်တွေကြားမှာ အသွင်ပြောင်းမှုတွေကို လှုံ့ဆော်ပေးလိုက်တာကိုး" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ကောက်ချက်ချလိုက်သည်။ "သူ ဘယ်လိုတာအိုကို ဉာဏ်အလင်းရသွားတာလဲ"
"တာအိုမှာ အဆင့်တွေရှိတယ်။ ကြီးမြတ်နိုင်သလို၊ သေးသိမ်နိုင်တယ်။ ဒီမန်ဟိုရဲ့တာအိုက ... ဘာများလဲ။ အဲ့ဒီတာအိုက ကြယ်တာရာတွေကို တာအိုရှာဖွေခြင်းကျရင် သူ့ကို ကူညီပေးမယ့် ကောင်းကင်ဓားသွားအသွင်တောင် ပြောင်းလဲစေခဲ့တယ်
"ကောင်းကင်ဓားသွားက ကောင်းကင်တာအိုတစ်ပါးပဲ။ ပထမခွဲထွက်ခြင်းဓားသွားက စိတ်ဝိညာဉ်ခွဲထွက်ခြင်းရဲ့ ပထမတာအိုပေပဲ" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏မျက်နှာတွင် အလွန်အမင်း အံ့ဩခြင်းတို့ ပြည့်နှက်နေပြီး သူက မလှုပ်မယှက် ရပ်နေ၏။ ဤအခိုက်အတန့်မျိုးတွင် သူ့မှာ မန်ဟို၏တည်နေရာအနားသို့ ကပ်ပင် မကပ်ရဲပေ။ မဟာတာအိုတစ်ပါးကား လာနေပြီဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံဖြင့် အနားကပ်သွားလျှင် မုချ သေရလိမ့်မည်။
ထိုစဉ် မှီခိုရာဂိုဏ်းချုပ်၏ ကျောပေါ်ရှိ ကျိုးပြည်သည် နဂါးငွေ့တန်းပင်လယ်တစ်နေရာတွင် မျောနေ၏။ တစ်ကျွန်းလုံး ရုတ်တရက် တုန်ခါလာပြီး ဧရာမခေါင်းကြီးတစ်လုံးက ရေထဲမှ ထွက်လာကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
"ခွေးသူတောင်းစားလေး တာအိုခွဲထွက်ခြင်းလုပ်ဆောင်နေတာပဲ... သေစမ်း ။ ခွေးသူတောင်းစားလေးက လူမဟုတ်တဲ့လူတွေကြားက လူမဟုတ်တဲ့လူပဲ။ ငါ ဂိုဏ်းချုပ် ဒီနေရာက မြန်မြန် ထွက်သွားမှ။ သောက်ကျိုးနည်း။ မင်းကြောင့် ငါ တော်တော် စိတ်တိုရတယ် ခွေးသူတောင်းစားလေးရေ"
တောင်ပိုင်းဒေသတွင် ရှုချင်သည် ကျင့်ကြံအားထုတ်နေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံရလိုက်သည့်အလား တစ်ကိုယ်လုံး တုန်ရီသွား၏။ သူမက ကျင့်ကြံခြင်းဂူမှ အပြေးအလွှား ထွက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူမအတွက်တော့ မန်ဟို့ကို အမှန်တကယ် မြင်လိုက်ရသယောင်ပင်။
ဇီယွင်ဂိုဏ်းတွင် ဆေးလုံးမိစ္ဆာသည် ဆေးလုံးများ ဖော်စပ်နေရင်း ရုတ်တရက် ကြက်သေသေသွား၏။ သူက ကောင်းကင်ကို မော့ကြည့်ပြီး တောက်ပစွာ ပြုံးလိုက်လေသည်။
သူ့ဘေးရှိ ချူယွီယန်လည်း တစ်စုံတစ်ခုကို အာရုံရလိုက်ဟန်တူသည်။ သူမက မော့ကြည့်လိုက်ပြီး ကောင်းကင်ကြီးကို စိုက်ကြည့်ရင်း အတွေးထဲ နစ်မျောသွားပုံရ၏။
တူညီသောအခိုက်အတန့်တွင် ဖက်တီး၊ ချန်ဖန်းနှင့် မန်ဟို့ကို သိသည့် တောင်ပိုင်းဒေသရှိ လူများအားလုံး၌ တုံ့ပြန်မှုအမျိုးမျိုး ဖြစ်ပေါ်သွားကြသည်။ သို့သော် မည်သူမှ ရှုချင်နှင့် ဆေးလုံးမိစ္ဆာ၏ ခံစားချက်လောက် မနီးစပ်ကြပေ။
တစ်ယောက်မှလွဲ၍ ။
သွေးမိစ္ဆာဂိုဏ်းတွင် အနီရောင်ဝတ်ရုံတစ်စုံအား ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက်သည် သွေးရောင်အလင်းဖြင့် ခြုံရံလျက်ရှိ၏။ သူက မျက်နှာအပေါ်တွင် ခပ်ရေးရေး အပြုံးတစ်စဖြင့် ကောင်းကင်ကို မော့ကြည့်ရင်း တောင်တစ်လုံး၏ထိပ်တွင် ရပ်နေ၏။
"မင်းနဲ့ငါဟာ ရေစက်ပါတယ်။ သွေးမိစ္ဆာဂိုဏ်းက ... သေချာပေါက် မင်း ပြန်လာသင့်တဲ့ အိမ်ပဲ"
***