← Chapters

မဟာတာအို၏ ဩဇာ

Vol. 49 Ch. 677

မဟာတာအို၏ ဩဇာ

Vol. 49 Ch. 677

စိတ်ဝိညာဉ်ခွဲထွက်ခြင်း၏ ပထမဓားသွား

စိတ်ဝိညာဉ်ခွဲထွက်ခြင်း၏ ပထမတာအို

မန်ဟိုသည် နဂါးငွေ့တန်းပင်လယ်၏အောက်တွင် တင်ပျဥ်ခွေထိုင်နေ၏။ သူ၏ အနား၌ ပန်းတစ်ပွင့်၏ကောက်ကြောင်းအတိုင်း ကြွင်းကျန်ခဲ့သော အရိုးစုကြီးရှိသည်။ ယိမ်းနွဲ့နေသော ပင်လယ်ရေမှော်များအကြားတွင် အရိုးစုသည် မှိန်ပျပျအလင်းရောင်ဖြင့် ကွန့်မြူးတောက်ပနေ၏။ အဆိုပါအလင်းရောင်သည် တဖြေးဖြေး အရိုးများသဖွယ် ဆွတ်ဆွတ်ဖြူနေသောအရောင်အဖြစ် ပြောင်းလာသည်။

၎င်းက ငါးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းကို သွေးရူးသွေးတန်း အကြောက်အကန် ရုန်းကန်လာစေရင်း ဖိနှိပ်လိုက်သည်။

မန်ဟို၏ခန္ဓာကိုယ်သည် အရိုးပေါ် အရေတင်လာသည့်တိုင်အောင် အားနည်းသထက် အားနည်းလာပြီး ခြောက်ကပ်လာသည်။ သို့သော် သူ၏မျက်လုံးများမှာ တစ်ခါမှ မမြင်ဖူးသော အသက်စွမ်းအားတစ်ရပ်ဖြင့် တောက်ပလာ၏။

သူကား တာအိုကို သရုပ်ဖော်နေသယောင်ပင်။ သူ၏စိတ် ၊ နှလုံးသား နှင့် စိတ်ဆန္ဒအလုံးစုံသည် သူ့အရှေ့ရှိ ရောင်စုံ‌ဓားသွားအပေါ် ကျရောက်နေသော သူ၏မျက်ဝန်းများအား အာရုံစူးစိုက်နေ၏။

သူသည် အပြင်လောကရှိ မည်သည့်အရာကိုမှ ဂရုစိုက်ခြင်းမရှိ။ သူ၏အာရုံအလုံးစုံက ထိုဓားသွားအပေါ်တွင်သာ။

ဓားသွားက ရွေ့လျားလာသည်။

၎င်းသည် ဖြေးဖြေးချင်း မြောက်တက်သွား၏။ ထိုအခါ ကြယ်နက္ခတ်တာရာများ ပေါင်းစုဖော်ဆောင်ထားသော ကောင်းကင်ထက်ရှိ ဓားသွားလည်း တောင်ကောင်းကင်ဂြိုဟ်၏နယ်မြေများအပေါ် ရောင်စဥ်များဖြာကျရင်း မြောက်တက်သွားလေသည်။

နဂါးငွေ့တန်းပင်လယ်တစ်ခုလုံးတွင် မိုးကြိုးများက ဟိုဟိုသည်သည် ထစ်ချုန်းပစ်ချလျက်ရှိပြီး ဧရာမလှိုင်းတံပိုးကြီးများလည်း တလိပ်လိပ် တက်လာတော့သည်။ ဓားသွား၏ရွေ့လျားမှုက အနောက်ပိုင်းသဲကန္တာရရှိ ခရမ်းပင်လယ်ကိုပင် ‌‌ပြင်းပြင်းထန်ထန် ဆူပွက်လှုပ်ရှားလာစေသည်။

ပြင်ပပင်လယ်၊ ပတ်လမ်း (၄) ၊ ပတ်လမ်း (၃) ရှိ သက်ရှိသတ္တဝါအားလုံး၊ ကျင့်ကြံသူအားလုံး အလန့်တကြား ဖြစ်သွားကြသည်။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ မျက်နှာမှာ ကောင်းကင်သို့ မော့ကြည့်နေစဉ်   အဆုံးအစွန်အထိ ပျက်ယွင်းနေတော့‌သည်။ သူ၏မျက်နှာတွင် ခံစားချက်အမျိုးမျိုး ဖြတ်ပြေးနေသော်လည်း သူ့အနေဖြင့် မန်ဟို စိတ်ဝိညာဉ်ခွဲထွက်ခြင်း လုပ်ဆောင်နေသော နေရာသို့ ခြေတစ်လှမ်းပင် မရွေ့ရဲပေ။

မဟာတာအိုတစ်ပါး ချဉ်းကပ်လာနေပြီဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ သူသာ ထိုနေရာသို့ ခြေချလိုက်လျှင် ထိုတာအိုက သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို သုတ်သင်ဖယ်ရှားပစ်မည်ဖြစ်သည်။ အကြောင်းမူ ဤတာအိုသည် ... သူ၏တာအိုမဟုတ်သောကြောင့်ပင်။

"သေစမ်း" သူက မျက်လုံးထဲတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ တဝင်းဝင်းတောက်လာရင်း ကျိန်ဆဲလိုက်သည်။ "ကောင်းပြီ။ နောက်ဆုံးကျရင် မင်းရဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်း ပြီးဆုံးသွားလိမ့်မယ်။ အဲ့ဒီလို ခွဲထွက်နေရင်း မင်းကိုယ်မင်း သတ်လို့မဖြစ်ဘူးနော် ကောင်လေး။ မဟုတ်ရင် ငါ မင်းရဲ့တာအိုအခြေကို မရဘဲနေမယ်

"ဒါပေမဲ့ .... မင်း ဘယ်တာအိုကို နားလည်သွားတာလဲ ငါ သိချင်သေးတယ်"

ပတ်လမ်း (၃) တွင် သူတော်စင်သုံးဦးလည်း မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ ဝေဟင်အင်မော်တယ်သူတော်စင်၊ ပင်လယ်နတ်မင်းသူတော်စင်တို့နှင့် ဆန့်ကျင်ဘက်၊ နေဝိညာဉ်သူတော်စင်၏မျက်လုံးများမှာတော့ ထူးဆန်းစွာ လင်းလက်လျက်ရှိပေသည်။ သူသည် ဤစိတ်ဝိညာဉ်ခွဲထွက်ခြင်းမှာ .... မန်ဟို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ချက်ချင်း ဆုံးဖြတ်နိုင်လိုက်၏။

"ဒီတော့ မင်းက တကယ်တမ်း စိတ်ဝိညာဉ်ခွဲထွက်ခြင်းတစ်ပိုင်းအဆင့်ပဲ ရှိခဲ့တာကိုး" သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းရင်း တွေးလိုက်သည်။

ထိုစဉ် ကြယ်တာရာဓားသွားကြီး တဖြေးဖြေး မြောက်တက်သွားသည့်အခါ ရှင်သန်ခြင်းနှင်းပန်း၏ ရုန်းက‌န်နေသောပုံရိပ်သည် ရူးသွပ်သွားခဲ့လေပြီ။ ၎င်းသည် တစ်ခါမှ မကြုံတွေ့ဖူးသော အန္တရာယ်ကြီးကြောင့် ကြောက်လန့်တုန်ရီနေ၏။ ဤသည်မှာ ၎င်းးအတွက် အကြောက်တရားကို ပထမဆုံးအကြိမ် နဖူးတွေ့ဒူးတွေ့ကြုံဖူးခြင်း ဖြစ်လေသည်။

၎င်းမှာ မန်ဟို့အရှေ့ရှိ ဓားသွားတွင် ၎င်းကို ခွဲထုတ်ဖယ်ရှားပစ်နိုင်သော စွမ်းအားရှိနေကြောင်း ပြတ်ပြတ်သားသား အာရုံရနေလေသည်။ ဓားသွားကို ၎င်း ဘယ်နည်းနှင့်မှ မခုခံနိုင်သော မဟာတာအိုတစ်ပါး၏စွမ်းအားက အားဖြည့်ပေးထားခြင်းမဟုတ်ပါလော။

ပင်လယ်ရေမှော်အထဲရှိ အရိုးစုထံမှ ခပ်တိုးတိုးအသံတစ်သံ ရုတ်တရက် ကြားလိုက်ရပြီး ‌ဟိုးတစ်ချိန်တုန်းက သေဆုံးသွားခဲ့ပြီဖြစ်သော ဆရာကြီးငွေမီးအိမ်၏ မျက်လုံးများမှာ ရှင်းလင်းပြတ်သားမှုတို့ဖြင့် ‌တောက်ပလာတော့သည်။ "လွတ်လပ်မှု၊ အမှီအကင်းကင်းမှုရဲ့ တာအို...."

သူသည် သူ့အရှေ့တွင် ထိုင်နေသော မန်ဟို့ကို ကြည့်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ရှင်သန်ခြင်းနှင်းပန်းကြောင့်သာ မဟုတ်ရင် ဒီကလေးအနေနဲ့ ဒီလိုကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုတစ်ပါးကို ဘယ်တော့မှ နားလည်သဘောပေါက်ခဲ့မှာ မဟုတ်ပေဘူး....

"အချုပ်အနှောင်တွေကို ဖျက်စီးပြီး စစ်မှန်တဲ့ အမှီအခိုကင်းမှုကို ရယူခြင်း .... စိတ်ဝင်စားစရာကောင်းတဲ့အရာက သူက ရှင်သန်ခြင်းနှင်းပန်းရဲ့ ချုပ်ချယ်နှိပ်စက်တာ ခံခဲ့ရဝာာလား။ ရှင်သန်ခြင်းနှင်းပန်းက သူ့ရဲ့ ချုပ်ချယ်နှိပ်စက်တာ ခံခဲ့ရတာလား မပြောနိုင်တာပဲ

"သူရော ၊ ရှင်သန်ခြင်းနှင်းပန်းမှာ သူတို့ကို စောင့်ရှောက်ပေးနေကြတဲ့ တစ်ယောက်စီ ရှိကြတယ်.... တစ်ယောက်က ရှင်သန်ခြင်းနှင်းပန်းရဲ့ မိခင်၊ ပတ်လမ်း (၂) က အရုဏ်ဦးအင်မော်တယ်။ တစ်ယောက်ကတော့ .... အရှေ့ဘက်နယ်မြေမှာ"

ဆရာကြီးငွေမီးအိမ် မန်ဟို့ကို ကြည့်နေသည့်အချိန်မှာပင် ပတ်လမ်း (၂) ၏ မှောင်မိုက်နေသော ပင်လယ်အနက်ပိုင်းထဲမှ သွေးအေးအေးအကြည့်တစ်ချက်က အဆုံးမဲ့မကောင်းဆိုးဝါးစိတ်ဆန္ဒများကို သယ်ဆောင်လျက် ပေါ်ပေါက်လာသည်။ မကောင်းဆိုးဝါးစိတ်ဆန္ဒပါရှိသည့်တိုင် ၎င်း မန်ဟို့ကို လှမ်းကြည့်နေစဉ် အင်မော်တယ်စိတ်ဆန္ဒတစ်ပိုင်းတစကိုလည်း ထုတ်ဖော်ထားသေး၏။

"ငါဟာ အရုဏ်ဦးမှာ ပွင့်လန်းခဲ့ပြီး" အသံပိုင်ရှင်က ပြောသည်။ "အသိစိတ် မွေးဖွားလာခဲ့တယ်။ ကံကြမ္မာအပြောင်းအလဲဖြစ်တဲ့တစ်နေ့မှာ ငါဟာ အင်မော်တယ်အဆင့်တက်လှမ်းခြင်းကို ရရှိခဲ့ပြီး မဆုံသင့်တဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်

"ရွှေမိုက ငါ့နှလုံးသားကို ခိုးယူသွားတယ်လေ ...  ငါ့ရဲ့အရင်ဘဝက တောင့်တတမ်းတမှုတွေအကုန် ပါရှိနေတဲ့ နှလုံးသားကိုပေါ့ .... ငါ့နှလုံးသားဟာ နဂါးငွေ့တန်းပင်လယ်မှာ နစ်မြုပ်သွားခဲ့ပြီး သံကြိုးတွေအထပ်ထပ်နဲ့ တုပ်နှောင်ထားတဲ့ ကြေးခေါင်းတလားတစ်လုံးထဲက ကျောက်တုံးအစီအရင်တစ်ခုထဲမှာ ချုပ်နှောင်ခံခဲ့ရတယ် ...

"ချုပ်နှောင်ပိတ်လှောင်ခံလိုက်ရတာဟာ ငါ့ရဲ့ စိတ်အကောင်းပိုင်းပဲ။ နောက်ဆုံးမှာ အဲ့ဒီစိတ်အကောင်းပိုင်းဟာ ဒဏ္ဍာရီလာသိမ်းငှက်တစ်ကောင်အသွင်ပြောင်းခဲ့ပြီး အခုဝောာ့ ပြန်လည်မွေးဖွားခြင်းဂူထဲမှာ ငိုကြွေးနေတယ်

"မိစ္ဆာချုပ်နှောင်သူအဖွဲ့။ ကိုးက အထွတ်အထိပ်။ သူက ရှင့်ရဲ့ မျှော်လင့်ချက်လား .... ရှင့်ကို မရှာနိုင်ခဲ့ရင် မိစ္ဆာချုပ်နှောင်သူအဖွဲ့ရဲ့ မျှော်လင့်ချက်ကို ‌ဖျက်စီးပစ်ရမယ်လို့ ကျွန်မ သိထားခဲ့တာ ကြာပါပြီ"

ပတ်လမ်း (၂) မှ လာနေသော အကြည့်သည် ရောနှောရှုပ်ထွေးနေသော ခံစားချက်များဖြင့် မန်ဟို့ကို ကြည့်နေ၏။ အေးစက်မှု၊ တွေဝေမှု ၊ မုန်းတီးမှုနှင့် ရက်စက်မှုတို့ ရှိနေလေသည်။

ထိုစဉ် အရှေ့ဘက်နယ်မြေ၏ ကြီးမြတ်သော တန်နိုင်ငံတွင် အမျိုးသမီးတစ်ယောက်သည် နဂါးငွေ့တန်းပင်လယ်ရှိရာသို့ ငေးကြည့်နေ၏။ သူမအကြည့်သည် လေကို ထိုးဖောက်၍ နဂါးငွေ့တန်းပင်လယ်ကို ဖြတ်သန်းရင်း မန်ဟို့အပေါ် ကျရောက်သွားသည်။

၎င်းသည် စိုးရိမ်မှု ၊ ပူပန်မှု ၊ ကြောင့်ကြမှုနှင့် သောကတို့ ပြည့်နေသော အကြည့်တစ်ခုဖြစ်သည်။ ၎င်းတို့အားလုံးသည် သူမနှလုံးသားကို ရစ်ပတ်ထွေးနေသည့် အဆုံးမဲ့‌သော ချစ်ခြင်းမေတ္တာတရားဖြစ်လာ၏။

သူမက ခံညားထည်ဝါသော တန်မျှော်စင်‌တွင် ရပ်လျက် အဝေးသို့ လွမ်းဆွတ်ကြေကွဲစွာ ငေးကြည့်နေသည်။ သူမဘေးတွင် အမျိုးသားတစ်ယောက်က သူမလက်ကလေးကို ဆုပ်ကိုင်လျက် တည်ငြိမ်စွာ ရပ်နေ၏။ သူမကိုယ်လုံးလေး တုန်ရီနေခြင်းကိုသော်လည်းကောင်း၊ သူမလက်ဝါးလေး ချွေးပြန်နေသည်ကိုသော်လည်းကောင်း သူ ခံစားနေရလေသည်။

"ဒါက ဟိုအာအတွက် ပြစ်ဒဏ်ပဲ" သူက နူးညံ့ညင်သာစွာ ဆိုသည်။ "ကိုယ်က သူ့ကို ဒီအတိုင်းလေး သာမန်လူ့ဘဝနဲ့ အေးအေးဆေးဆေး နေစေချင်ခဲ့တာ။ ဒါပေမဲ့ သူကိုယ်တိုင်ကိုက ကျင့်ကြံခြင်းလမ်းကို ရွေးချယ်ခဲ့ပြီလေ .... အခုတော့ ‌နောက်ပြန်လှည့်လို့ မရတော့ဘူး

"သူ မအောင်မြင်ရင်တော့" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ကိုယ်တို့ နှစ်ယောက်လုံး သူ ပြန်လည်မွေးဖွားတဲ့အခါ သွားခေါ်ကြမယ်။ ပြီးရင် ကိုယ်တို့တွေ သူနဲ့အတူ နွေဦးနဲ့ဆောင်းဦး နှစ်ခြောက်စက်ဝန်းတစ်ခုလုံး လျှောက်လှမ်းကျော်ဖြတ်ကြမယ်၊ သူနဲ့အတူ တစ်ဘဝလုံး ကုန်ဆုံးကြတာပေါ့..." သူသည် အမျိုးသမီးကိုရော၊ သူ့ကိုယ်သူကိုပါ ပြောနေသယောင်ပင်။

"ရှင်သိလား ၊ ရှင်ဟာလေ သိပ်ကို သွေးအေးတယ်" အမျိုးသမီးက ပြောသည်။ မျက်ရည်များက သူမပါးပြင်တစ်လျှောက် စီးကျလာ၏။

အမျိုးသားမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်လုံးများ ပိတ်လိုက်သည်။ သူ့နှလုံးသား၏အနက်ရှိုင်းဆုံးထဲ၌ ကိန်း‌အောင်းနေသော နာကျင်မှုသည် သူ၏တစ်ကိုယ်လုံးကို ပျံ့နှံ့လာခဲ့၏။ သူသည် ထိုနှစ်တုန်းက အဖေနှင့် အမေကို အော်ခေါ်ရင်း မျက်ရည်များနှင့် မြူတွေကြားထဲ အပြေးအလွှား လိုက်ရှာနေသော နုနုနယ်နယ်ကလေးလေးကို ပြန်တွေးမိလိုက်သည်။ သူ့ကို ရှာရင်း ကောင်လေး မည်သို့ချော်လဲခဲ့ပုံကိုလည်း သတိရလိုက်သည်။ ကောင်လေး သူ့ကို မြင်သွားသောအခါ ကောင်လေး၏ မျက်ရည်ဝိုင်းနေသော မျက်လုံးများကို ကြည့်ပြီး ကောင်လေး သူ့အပေါ် မည်မျှမှီတွယ်အားထားကြောင်း သူ သဘောပေါက်ခဲ့လေသည်။

"လီရယ် ၊ မင်း နားမလည်ပါဘူးကွာ...." ထိုလူက ဤစကားများကို ဖွင့်ဟပြောလိုက်ခြင်းမဟုတ်ဘဲ နှလုံးသားထဲ၌ တိုးတိုးကလေး ရေရွတ်လိုက်ခြင်းသာ ဖြစ်၏။

ဂျိန်း

နဂါးငွေ့တန်းပင်လယ်၏အောက်ခြေတွင် မန်ဟို၏မျက်လုံးများသည် လွန်စွာ စူးရှတောက်ပလင်းလက်နေသည်။ သူက အရှေ့ရှိ ဓားသွားကို ‌တဖြေးဖြေး မော့ကြည့်လိုက်ရာ ဓားသွားသည် ပို၍ပင် မြောက်တက်သွား၏။ ‌ပင်လယ်၏အထက်ကောင်းကင်ရှိ ကြယ်တာရာ‌ဓားကြီးသည်လည်း တစ်ပြိုင်တည်း မြောက်တက်သွားခဲ့သည်။

ဓားသွားများသည် အမြင့်ဆုံးအထိ မြောက်တက်သွားရင်း စွမ်းအားစုဆောင်းနေသယောင်ပင်။ ၎င်းတို့ အမြင့်ဆုံးသို့ ရောက်သွားသောအခါ နဂါး‌ငွေ့တန်းပင်လယ်အထဲရှိ သက်ရှိသတ္တဝါအားလုံး မော့ကြည့်နေကြလေပြီ...

ကြယ်တာရာဓားသွားကြီးက ရုတ်တရက် နဂါးငွေ့တန်းပင်လယ်ဆီသို့ ပိုင်းချလိုက်၏။

ဂျိန်းခနဲ ထစ်ချုန်းသံကြီး ကောင်းကင်တွင် ပြည့်နှက်သွားပြီး ပင်လယ်မှာ ရုတ်တရက် နှစ်ပိုင်းကွဲစပြုလာသည်။ အနန္တခေတ်ပေါင်းများစွာတစ်လျှောက်လုံး ‌တစ်ခါမှ နေရောင်ခြည်၏ထိတွေ့ခြင်းမခံခဲ့ရသော ပင်လယ်ကြမ်းပြင်မှာ ပထမဆုံးအကြိမ် ကမ္ဘာလောကတွင် ပေါ်လာခဲ့လေပြီ။

ပေါ်လာသော အထဲတွင် မန်ဟိုနှင့်အတူ သွေးရူးသွေးတန်း အစွမ်းကုန် ရုန်းကန်နေသော ရှင်သန်ခြင်းနှင်းပန်းရှိနေသည်။

မန်ဟို့အရှေ့တွင် ပျံဝဲနေသော ရောင်စုံဓားသွားလည်း မြင်သာလာသည်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်း ပထမဓားသွား။

"ကောင်းကင်နဲ့မြေကြီးဟာ အသင်္ချေတဲ့ သက်ရှိသတ္တ‌ဝါတွေအတွက် အနားယူရာ သင်္ချိုင်းမြေတွေပဲ" သူက ရေရွတ်လိုက်သည်။ "အချိန်ဟာ ခရီးသွားမျိုးဆက်ပေါင်းရာချီရဲ့ ဖြတ်သန်းသွားလာမှုကို ကိုယ်စားပြုတယ်" သူ၏မျက်လုံးများတွင် ခိုင်မာပြတ်သားသောအလင်းရောင် ပေါ်လာပြီး ဓားသွားက ကျဆင်းလာသည်။

"ငါ့ဘဝကလည်း အဲ့ဒီလို အနားယူရာသင်္ချိုင်းတစ်ခုသက်သက်ပဲ။ ငါ ခြေဦးတည့်ရာတိုင်းက ငါ့ရဲ့ ဦးတည်ရာဖြစ်တယ်" သူ၏အသံက စစချင်း ခပ်တိုးတိုး ပဲ့တင်ထပ်လာပြီးနောက် ကျယ်သထက် ကျယ်လာတော့သည်။

"အချုပ်‌အနှောင်တွေကို ဖျက်စီးပြီး စစ်မှန်တဲ့ အမှီအခိုကင်းမှုကို ရရှိပါစေသား၊ စစ်မှန်တဲ့ လွတ်လပ်မှုကို ပိုင်ဆိုင်ရပါစေသား" သူ၏အသံသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တဝုန်းဝုန်း တုန်ခါသွားစေ၏။

နှစ်ပိုင်းကွဲနေသော ပင်လယ်သည် တဝေါဝေါ မြည်လာပြီး ကြယ်တာရာဓားသွား၏အလင်းရောင်မှာ ဆယ်ဆတိုးသွား၏။

၎င်းကား မန်ဟို့အသံဩဇာ၏ သက်ရောက်ခြင်းခံလိုက်ရပုံပင်။

ထိုသြဇာသက်ရောက်မှုက ကောင်းကင်နှင့်မြေကြီးအား မှောင်မိုက်လာစေသည်။ လေပြင်းများ ထန်လာပြီး တိမ်များ ဆူပွက်လာ၏။ ကြယ်တာရာဓားသွား၏အလင်းရောင်မှာ အဆုံးမရှိ ဖြာထွက်လာပြီး မန်ဟို့အရှေ့ရှိ ရောင်စုံဓားသွားကြီးက အံ့ဖွယ်စိတ်ဆန္ဒတစ်ခုကို ထုတ်လွှတ်လိုက်သယောင်ပင်။

ဤသည်မှာ ... မဟာတာအို၏ ဩဇာသက်ရောက်မှုပင်။

အလင်းရောင်သည် ဂယက်များ၊ တုန်ခါလှိုင်းများ အသွင်ပြောင်းရင်း ပို၍တောက်ပလာသည်။ မန်ဟို့ပတ်ပတ်လည်ရှိ လေထုမှာ ပုံပျက်ရှုံ့တွလာပြီး မရေမတွက်နိုင်သော သရဲပုံရိပ်များ မှိုလိုပေါက်လာသည်။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ ဤအခြင်းအရာကို ခံစားရသောအခါ မျက်နှာပျက်သွားတော့၏။

"မဟာတာအိုရဲ့ ဩဇာသက်ရောက်မှု"

ပတ်လမ်း (၂) တွင် ရှင်သန်ခြင်းနှင်းပန်းမိခင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ အရှေ့ဘက်နယ်မြေ၊ တန်မျှော်စင်ရှိ ဇနီးမောင်နှံမှာမူ နှစ်ယောက်လုံး တုန်ရီသွားတော့၏။

ခိုင်မာသော ပြတ်သားမှု နှင့် မယုံကြည်နိုင်ဖွယ်သော ဉာဏ်အလင်းတို့ကသာလျှင် ယခုလို ဩဇာသက်ရောက်မှုမျိုး ဖန်တီးပေးနိုင်သည်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းဆိုသည်မှာ တာအိုတစ်ရပ် ဖြစ်ပေါ်စေခြင်းနှင့်ယှဉ်လျှင် မခက်ခဲပေ .... သို့သော် ပို၍ပင်ခက်ခဲသည်မှာ ဩဇာသက်ရောက်မှုတစ်ခု ဖန်တီးရန် ဖြစ်သည်။

မန်ဟို့နှလုံးသား ၊ မန်ဟို့စိတ်ဆန္ဒ နှင့် မန်ဟို့စိတ် အလုံးစုံသည် ဆင်းသက်လာနေသော မဟာတာအိုနှင့် တစ်သားတည်းဖြစ်သွား၏။ ၎င်းတို့အား ခွဲခြား၍မရနိုင်တော့လေပြီ။

ငါက မဟာတာအို၊ မဟာတာအိုက ငါ။

ထိုအခိုက်အတန့်တွင် တောင်ပိုင်းဒေသ၊‌ မြောက်ပိုင်းသဲကန္တာရ သို့မဟုတ် အရှေ့ဘက်နယ်မြေတို့တွင် ဂိုဏ်းနှင့်မျိုးနွယ်စုအားလုံး၏ ခေါင်းဆောင်ကြီးနှင့် အစွမ်းထက်အဖွဲ့ဝင်များအကုန် မဟာတာအို၏ ဩဇာသက်ရောက်မှုကို အာရုံရလိုက်ကြသည်။

အသံဩဇာက စိတ်ဝိညာဉ်ခွဲထွက်ခြင်း၏ ပထမဓားသွား၊ မန်ဟို့အသက် သို့မဟုတ် မန်ဟို့တည်ရှိမှုကိုမဟုတ်ဘဲ သူ၏တာအိုနှင့် မကိုက်ညီသော သူ့ကိုယ်အတွင်းရှိ မည်သည့်ပြစ်ချက်အနာအဆာကိုမဆို ဖယ်ရှားဖြတ်တောက်ပစ်မည့်ဓားသွားအား ဖန်တီးပေးလိုက်လေသည်။

တာအိုကို သုံးပြီး တာအိုကို ဖျက်စီးခြင်း။ ၎င်းသည် မည်သည့်‌သွေဖယ်မှုကိုမဆို ရှင်းလင်းဖယ်ရှားပေးလိုက်သော၊ ကိုယ်ကို ဆေးကြောသန့်စင်ပေးလိုက်သော နှစ်ခြင်းမင်္ဂလာနှင့်တူသည်။ မကိုက်ညီသောမည်သည့်တာအိုကိုမှ လိုအပ်မည်မဟုတ်။

မှန်ပါသည်၊ ရှင်သန်ခြင်းနှင်းပန်းသည် ထိုကဲ့သို့ပြစ်ချက်မျိုး၊ ထိုကဲ့သို့သွေဖယ်မှုမျိုး၊ ထိုကဲ့သို့မကိုက်ညီသောတာအိုမျိုးသာ ဖြစ်ချေ၏။ ၎င်းမှာ လုံးဝမလိုအပ်သည့်အရာသာ။

"ကောင်းကင်နဲ့မြေကြီးက ဘယ်နေရာကိုမဆို လွတ်လွပ်လပ်လပ် လျှောက်သွားနိုင်မယ့် လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းတဲ့ဘဝ။ ကောင်းကင်ဟာ ငါ့ကို မဟန့်တားနိုင်သလို၊ မြေကြီးဟာလည်း ငါ့နှလုံးသားကို မချုပ်‌ချယ်နိုင်စေရဘူး။ ဒါက ငါ့တာအိုပဲ

"လွတ်လပ်မှု၊ အနှောင်အဖွဲ့ကင်းမှု" မန်ဟို၏အသံမှာ နတ်ဘုရားတစ်ပါး၏အသံတော်အလား မိုးခြိမ်းသံကြီးသဖွယ် ထစ်ချုန်းသွားတော့သည်။ အရုဏ်ဦးအင်မော်တယ်မှာ တုန်လှုပ်သွား၏။ အရှေ့ဘက်နယ်မြေရှိ ဇနီးမောင်နှံလည်း တုန်ရီသွားသလို ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးလည်း ထိုနည်းတူပင်။

စောစောက ပြောလိုက်သော စကားလုံးများတွင် မန်ဟို၏ ခိုင်မာသော ပြတ်သားမှုတို့ ပြည့်နှက်နေ၏။

ကြယ်တာရာဓားသွားကြီး ကျရောက်လာသဖြင့် အရာအားလုံး တသိမ့်သိမ့် တုန်ခါသွားတော့သည်။ ၎င်းသည် မန်ဟို၏ ရောင်စုံဓားသွားနှင့် တစ်သားတည်း ပေါင်းစည်းရင်း သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ခေါင်းထိပ်ကို ခုတ်ချလိုက်သော တာအိုဓားသွားအသွင်ပြောင်းသွား၏။

ဓားသွားက အံ့မခန်းလိလိ အမြန်နှုန်းဖြင့် ရွေ့လျားသွားလေသည်။ သူ စကားပြောပြီး မကြာခင်မှာပင် ၎င်းက သူ၏ခေါင်းထိပ်မှ လည်ပင်းသို့ ကျဆင်းသွားပြီး နှသုံးသားသို့ ရောက်ရှိသွား၏။ ၎င်းကား သူ၏ဒန်တျန်နယ်ပယ်ကိုလည်း ဖြတ်ကာ သူ့တစ်ကိုယ်လုံးကို နှစ်ပိုင်းတိတိ ပိုင်းပစ်လိုက်တော့သည်။

သို့သော် မန်ဟိုကား ကြွက်သားလေးပင် မလှုပ်သည့်အပြင်၊ သူ၏မျက်နှာမှာ အပြုံးရိပ်ပင် သမ်းနေသေးသည်။ ဆန့်ကျင်ဘက်တွင်တော့ သူ၏အနောက်ရှိ ရှင်သန်ခြင်းနှင်းပန်းမှ သွေးပျက်မတတ် အကြောက်အကန် အော်ဟစ်လိုက်သည်။ ၎င်းမှာ ပြင်းပြင်းထန်ထန် တုန်ရီလာပြီး မန်ဟိုနှင့် ၎င်းအကြားရှိ ဆက်သွယ်မှုမှန်သမျှ ချက်ချင်း .... ပြတ်တောက်သွားလေပြီ။

ငါးရောင်ခြယ်အမျှင်များမှာ ထောင်းခနဲ ပြတ်ထွက်သွားပြီး ငါးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းသည် လျင်မြန်စွာ ခြောက်ကပ်လာတော့၏။ ၎င်းမှာ လက်မခံနိုင်၍ ‌မကျေမချမ်း ပေါက်ကွဲသောင်းကျန်းတော့မည့်ပုံရသည်။ သို့သော် ကံဆိုးစွာနှင့် ၎င်း တတ်နိုင်သည့်အရာ မရှိပေ။ ထိုအခိုက်အတန့်တွင် ၎င်းသည် အစအနမကျန် ပျောက်ကွယ်သွားတော့၏။

ထာဝရ ပျောက်ကွယ်သွားခဲ့လေပြီ။

မန်ဟို၏ ပထမခွဲထွက်ခြင်းဓားသွားက အချုပ်အနှောင်များကို ဖြတ်တောက်ရင်း သူ၏လွတ်လပ်မှုကို ခွဲထုတ်ပေးလိုက်သည်။ သူကား အမှီအခိုကင်းမှုကို ရရှိသွားခဲ့ပြီဖြစ်၏။

ထိုအခိုက်အတန့်တွင် သူသည် အဆုံးမရှိသော ၊ အကန့်အသတ်မရှိသော အသက်စွမ်းအားများဖြင့် ပြည့်နှက်သွားတော့သည်။ သူ၏ခြောက်ကပ်နေခဲ့သော အပြင်အားကိုယ်မှာ အကောင်းအတိုင်း ပြန်ဖြစ်လာ၏။ မန်ဟိုက ခေါင်းမော့လိုက်ပြီး ရှင်သန်ခြင်းနှင်းပန်း၏ပုံရိပ် လုံးလုံးလျားလျား ပျောက်ကွယ်တော့မည့်အချိန် ၎င်းအား လှမ်းဖမ်းယူလိုက်သည်။

" ကပ်ပါးကောင်။ မင်းက ငါ့ကိုယ်ထဲမှာ နှစ်နှစ်ရာတိုင် မှီခိုနေခဲ့တယ် ။ ရန်ငြိုးဟောင်းတွေကို အလွယ်တကူ ကြေအေးပေးလို့ ရတယ်လို့ မင်း တကယ် ထင်လား။ အခုကစပြီး မင်းက ငါ့ရဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းရတနာဖြစ်သွားပြီ။ ငါ မင်းကို ခုနစ်ရောင်နဲ့ ပွင့်လန်းစေမယ့်နေ့က ... ငါ အင်မော်တယ်အဆင့်တက်မယ့် နေ့ပဲ"

***

All Chapters