ကိုယ်အစစ် ရောက်ရှိလာခြင်း
Vol. 49 Ch. 680
မန်ဟိုသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး ကမန်းကတမ်း နောက်ဆုတ်သွားသည်ကို ကြည့်ရင်း စစ်ရထားထဲတွင် ရပ်နေ၏။ သတ်ဖြတ်လိုစိတ်တို့က သူ၏မျက်လုံးများတွင် စိုးမိုးမင်းမူနေပြီး သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဟန်ရှန်း၏ ကြေးအင်မော်တယ်ဓားအား ဖျတ်ခနဲ ပေါ်လာစေသည်။
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ သူငယ်အိမ်များ ကျုံ့သွားပြီး သူက ရှောင်တိမ်းခြင်းမရှိပေ။ အမှန်တွင် သူ၏မျက်လုံးများ၌ အေးစက်သောအလင်းရောင် ပေါ်လာပြီး သူသည် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ သူ၏အရှိန်အဝါကို ပြိုးပြိုးပြက်ပြက် လက်လျက် ပေါ်ထွက်လာစေသည်။ အနုသုခုမနတ်ခန္ဓာမီးတောက်များပင်လျှင် သူ၏ခန္ဓာကိုယ်ကို လောင်ကျွမ်းစပြုလာ၏။
"နောက်ဆုံးတော့ ဓားကို ထုတ်ပြီပေါ့" သူက တွေးသည်။ "ကြည့်ရသလောက် ဓားကို တစ်ကြိမ်ထက်ပိုပြီး သုံးနိုင်ပုံပဲ။ သူ အဲ့ဓားရဲ့စွမ်းအားအကုန်လုံး သုံးပစ်ရအောင် ဒီကိုယ်ပွားကို အသုံးချရမယ်။ သူ ငါ့ကိုယ်ပွားကို သတ်လိုက်တဲ့အခါ ငါ့ကိုယ်အစစ် ဒီနေရာကို နေရာ့ရွှေ့ပြောင်းလာနိုင်ပြီ" ထူးဆန်းသော အလင်းရောင်တစ်ခု သူ၏မျက်လုံးများတွင် တောက်ပလာ၏။
မန်ဟို အင်မော်တယ်ဓားဖြင့် တိုက်ခိုက်တော့မည့်ပုံပေါ်သည့်အချိန်မှာပင် ဓားက ဖျတ်ခနဲ ပျောက်ကွယ်သွား၏။ ထို့နောက် သူ၏သိုလှောင်အိတ်ထဲမှ တောက်ပနေသော အလင်းတန်းဆယ်တန်း ပျံထွက်လာသည်။ ၎င်းတို့ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးဆီသို့ ပြေးဝင်သွားစဉ် ၎င်းတို့ထံမှ အချိန်စွမ်းအားလှိုင်းများ ဖြာဆင်းနေလေသည်။
၎င်းတို့သည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားသွားသည့်အပြင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာလည်း အင်မော်တယ်ဓားအပေါ် အာရုံရောက်နေခဲ့လေသည်။ ထို့ကြောင့် မန်ဟိုသည် သေရင်းရှင်ရေး အခိုက်အတန့်ကို နောက်တစ်ကြိမ် အခွင့်ကောင်းယူနိုင်သွား၏။ အချိန်ဓားထိပ်ဆယ်ခုသည် နှစ်တစ်သိန်းကျော် အချိန်စွမ်းအားနှင့်အတူ အံ့မခန်းလိလိ အမြန်နှုန်းဖြင့် ပျံထွက်သွား၏။
၎င်းတို့ အနားရောက်လာသည့်အခါ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ သူ၏ခန္ဓာကိုယ် လျင်မြန်စွာ ခြောက်ကပ်သွားသဖြင့် မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး အမြန်ဆုံး နောက်ဆုတ်လိုက်၏။ မှန်သည်၊ သူ မြန်မြန် ရွေ့လျားလေလေ ၊ စစ်ရထားလည်း မြန်လေလေပင်။
မန်ဟိုသည် အချိန်ကိုလု၍ တိုက်ခိုက်နေရသဖြင့် အင်မော်တယ်လမ်းညွှန်၏ချီတစ်စက်ကိုမှ မချန်ထားတော့ပေ။ သူက စစ်ရထားအား တဂျိန်းဂျိန်း အော်လျက် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးဆီသို့ ပြေးဝင်သွားသည်တိုင်အောင် တွန်းအားပေးလိုက်၏။
ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ဒေါသတကြီး ဟိန်းဟောက်ပြီးနောက် ရုတ်ခြည်းဆိုသလို သူ၏ညာလက်မှာ တိုက်ရိုက်ပေါက်ကွဲသွားတော့၏။ ဤသည်မှာ သူ့ကို အဝေးသို့ရောက်အောင် တွန်းထုတ်ပေးလိုက်သော ကိုယ့်ကိုယ်ကိုဖောက်ခွဲခြင်းတစ်မျိုး ဖြစ်သည်။ ထိုသို့ဖြစ်ပျက်သွားစဉ် မန်ဟို၏မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်သွားတော့သည်။
"ပေါက်ကွဲစမ်း" ဝိညာဉ်ကျောက်တုံး ကုဋေတစ်ရာတန်သော ဓားထိပ်တစ်ခု ပေါက်ကွဲသွားသည်။ ၎င်းက အချိန်စွမ်းအားလေဆင်နှာမောင်းတစ်လုံး ဖြစ်လာကာ စစ်ရထားအား ရှောင်တိမ်းနေဆဲတန်းလန်း ဖြစ်နေသော ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးဆီသို့ တိုက်ခတ်သွားလေသည်။
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက စိတ်ဆင်းရဲနေသော ဟိန်းဟောက်သံကြီးအား ထုတ်လွှတ်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံသည် လေဆင်နှာမောင်အတွင်းတွင် စွမ်းအားအပြည့်ဖြင့် ပေါက်ကွဲထွက်လာ၏။ နောက်ဆုံး၊ လေဆင်နှာမောင်းကို ဖယ်ရှားလိုက်နိုင်သောအခါ သူ၏ခန္ဓာကိုယ်မှာ မယုံနိုင်လောက်အောင် ခြောက်ကပ်သွားပြီး သူ၏မျက်နှာတွင် သွေးမရှိတော့ပေ။ သူကား အရိုးအပေါ်အရေတင်နေလေပြီ။ သူ့မှာ နောက်တစ်ကြိမ် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြန်သည်။
မန်ဟိုမှာတော့ ဝိညာဉ်ကျောက်တုံးများ ဆုံးရှုံးရမှုအတွက် ရင်နာနေရန် အချိန်မရှိပေ။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ ဤကိုယ်ပွားကို အနိုင်ရနိုင်ခြေ ရှိမရှိဆိုသည်မှာ သူ၏ကျင့်ကြံခြင်းအခြေခံအပေါ်တွင်သာ မဟုတ်ဘဲ ချမ်းသာကြွယ်ဝမှုအပေါ်တွင်လည်း မူတည်၏။
သူ့တွင် ဝိညာဉ်ကျောက်တုံးများနှင့် ကောင်းကင်ဘုံကို အာခံနေသော အချိန်ရတနာများရှိသည်။ သစ်သားအချိန်ဓားအလက်တစ်ရာကို ဖောက်ခွဲခြင်းမှာ အစသာ ရှိသေး၏။ အချိန်ဓားထိပ်များကမှ သူ၏ဝှက်ဖဲပင်။
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ကိုယ်ပွားမှာ မန်ဟို့ ဝိညာဉ်ကျောက်တုံးများ၏ အနိုင်ယူခံနေရခြင်း ဖြစ်ပေသည်။
"ပေါက်ကွဲစမ်း"
စကားလုံးများ မန်ဟို၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဒုတိယအချိန်ဓားထိပ်တစ်ခု ပေါက်ကွဲသွားသည်။ ဧရာမပေါက်ကွဲလှိုင်းများ ဖြာထွက်သွားပြီး အချိန်လေဆင်နှာမောင်းကြီးက အရပ်မျက်နှာတစ်ခွင် တိုက်ခတ်သွားလေသည်။ လေထုသည် ပျက်စီးလာပြီး ပင်လယ်မှာ ခမ်းခြောက်လာကာ မျက်စိတစ်မှိတ်အတွင်း အရာအားလုံး နှစ်တစ်သောင်းဖြတ်သန်းလိုက်ရသယောင်ပင်။
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ကိုယ်ပွားသည် ပေါက်ကွဲသွားပြီး အနုသုခုမနတ်ခန္ဓာက စူးစူးဝါးဝါး အော်ရင်း ပျံထွက်လာသည်။
"မန်ဟို၊ မင်းတော့ သေပြီသာမှတ်" အနုသုခုမနတ်ခန္ဓာမှာ ရုတ်တရက် စတင်လည်လာပြီး အတွင်းထဲ၌ မရေမတွက်နိုင်သော မှော်သင်္ကေတများ မှိတ်တုတ်မှိတ်တုတ် လက်နေသည့် ဧရာမဝဲကြီးတစ်ဝဲဖြစ်လာသည်။ ၎င်းက လည်နေစဉ် မန္တန်ဝင်္ကပါတစ်ခုအသွင်ပြောင်းသွား၏။
မန္တန်ဝင်္ကပါ၏အလယ်တည့်တည့်တွင် အမည်မသိနေရာတစ်နေရာသို့ ဦးတည်နေသော တွင်းနက်ကြီးတစ်တွင်း ပေါ်လာသည်။ မန်ဟို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသော ဖိအားက အတွင်းထဲမှ ထွက်လာသည်။
ထိုဖိအားသည် တွင်းနက်ကြီး၏ ပတ်ပတ်လည် လေထုတွင် ရုတ်တရက် ဧရာမအက်ကြောင်းကြီးများ ပေါ်လာစေပြီး တချွတ်ချွတ် အက်ကွဲသံများ ဆူညံသွားစေသော အရှိန်အဝါတစ်ခုဖြစ်၏။
အက်ကြောင်းများကို မြင်သောအခါ မန်ဟို့သူငယ်အိမ်များ ကျုံ့သွားသည်။ သူ ကြည့်နေစဉ်မှာပင် အက်ကြောင်းများက ဘဲဥပုံသဏ္ဌာန် ပျံ့နှံ့လာ၏။
အဝေးမှကြည့်လျှင် ၎င်းသည် တကယ်တမ်း မျက်လုံးတစ်လုံးနှင့် တူလေသည်။
မန္တန်ဝင်္ကပါဝဲက မျက်ဝန်း၊ တွင်းနက်က မျက်ဆံ၊ ၎င်းအနားပတ်လည်မှာ မျက်ဖြူသားဖြစ်သည်။ အက်ကြောင်းများမှာတော့ သွေးကြောများပင်....
မန်ဟို့တစ်ကိုယ်လုံး အေးစက်သွား၏။ သက်ရောက်လာသော ဖိအားကြီးက သူ့ကို ပေါက်ကွဲတော့မတတ် ဖြစ်သွားစေသည်။ ပို၍ပင် အံ့ဖွယ်ကောင်းသည်မှာ မျက်လုံးကြီးက သူ့အပေါ် အာရုံစိုက်နေပုံပေါ်ခြင်းပင်... သူ၏ကိုယ်အတွင်းရှိ တစ်စုံတစ်ခု၊ သူနှင့် အချိန်အတော်ကြာကတည်းက တစ်သားတည်းဖြစ်နေခဲ့သော တစ်စုံတစ်ခုသည် အတင်းအကြပ် နုတ်ယူခံနေရသည့်အလား ခံစားနေရ၏။
၎င်းက မည်သည့်အရာဖြစ်သလဲ မရှင်းပြတတ်သော်လည်း ၎င်းကိုဝောာ့ မန်ဟို ခံစားရလေသည်။ နောက်ဆုံးတွင်တော့ ၎င်းသည် သူ၏အခြေဖြစ်ကြောင်း သဘောပေါက်သွား၏။ ၎င်းကား နှစ်ပေါင်းနှစ်ရာကျင့်ကြံခဲ့ပြီးနောက် တည်ဆောက်ထားသည့် သူ၏ ခိုင်မာတည်ငြိမ်သော အခြေဖြစ်လေသည်။
"တာအိုအခြေ...." သူက အသက်ရှူသံများ မြန်နေလျက် တွေးလိုက်သည်။ သူ့မှာ သူ့နှလုံးခုန်သံသူပင် ပြန်ကြားနေရပြီး သူ၏ပတ်ပတ်လည်ရှိ အရာအားလုံးမှာ ယခုတွင် တိတ်ဆိတ်သွားခဲ့လေပြီ။
ရွေ့လျားနေသည့် တစ်ခုတည်းသောအရာမှာ ဝဲကြီးဖြစ်၏.....
မန်ဟိုမှာ ရုန်းကန်ချင်သော်လည်း လောလောဆယ်တွင် သူ၏ခန္ဓာကိုယ်မှာ သူ၏ထိန်းချုပ်မှုအောက်တွင် မရှိသည့်အလားဖြစ်နေ၏။ သူ့မှာ ကြွက်သားလေးပင် လှုပ်ရှားမရသည့်အပြင် သူ၏အတွင်းပိုင်းအခြေမှာ သူ့ထံမှ ခွဲခြားခံရတော့မည့်အလား ခံစားနေရလေသည်။ အမှန်တွင် သူ၏နှာခေါင်းနှင့် ပါးစပ်တို့မှ စီးမျောထွက်နေသော အဖြူရောင်အခိုးအငွေ့များကိုပင် မြင်နေရလေပြီ။ နှာခေါင်းနှင့် ပါးစပ်မှသာမဟုတ်၊ မျက်စိ၊ နား နှင့် သူ၏ကိုယ်အပေါ်ရှိ မွေးညင်းပေါက်အကုန်လုံးမှ ထွက်လာနေခြင်းဖြစ်သည်။
ဤသည်မှာ အသက်စွမ်းအားမဟုတ်။ သူ၏ တာအိုအခြေပင်။
"ငါ့တာအိုက လွတ်လပ်မှုနဲ့ အမှီအခိုကင်းမှုပဲ" မန်ဟို၏မျက်လုံးများ နီရဲသွားပြီး ထိုအခိုက်အတန့်တွင် သူ၏ကျင့်ကြံခြင်းအခြေခံသည် ဟုန်းခနဲ ထတောက်လာဝောာ့၏။ ၎င်းသည် သူ့ကို သွေးသုံးလုပ် ဆက်တိုက်အန်လိုက်ရသော အတင်းအကြပ် ထုတ်ဖော်မှုတစ်ခုဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှာလည်း ခြောက်ကပ်သွားလေသည်။ သို့သော် အပြန်အလှန်အနေဖြင့် ပြန်လည်လှုပ်ရှားနိုင်သွားပြီဖြစ်၏။
သို့သော် ထိုအခိုက်အတန့်တွင် ဝဲအတွင်းမှ သက်ပြင်းချသံမျှင်းမျှင်း ကြားလိုက်ရသည်။ ၎င်းသည် မန်ဟို့နားထဲ ဝင်ရောက်လာရာ သူ့အား တဆတ်ဆတ် တုန်ရီသွားစေ၏။ သူသည် သွေးတစ်လုပ် ထအန်လိုက်ရပြီး ဝဲအတွင်းမှ ခေါင်းတလားတစ်လုံး ဖြေးဖြေးချင်း ထွက်လာသည်ကို မြင်တွေ့လိုက်ရသောအခါ သူ၏မျက်နှာမှာ သွေးဆုပ်ဖြူလျော်သွားလေတော့သည်။
ခေါင်းတလား ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှေးဆန်သောအရှိန်အဝါတစ်ခုက ပတ်လမ်း(၃)တစ်ခုလုံးတွင် ပြည့်နှက်သွားသည်။ ရေအောက်ရှိ ပင်လယ်မိစ္ဆာအားလုံး ချက်ချင်း လှုပ်ရှားမှု ကင်းမဲ့သွားကြ၏။ ပတ်လမ်း(၂) ရှိ ပင်လယ်မကောင်းဆိုးဝါးများပင်လျှင် တုန်ရီလာကြသည်။
နဂါးငွေ့တန်းပင်လယ်ပြင်တစ်လျှောက်လုံး၊ ကျင့်ကြံသူအကုန်လုံး၊ သက်ရှိသတ္တဝါအားလုံး ရုတ်တရက် ရပ်တန့်ငြိမ်သက်သွားကြသည်။
ပင်လယ်လည်း မလှုပ်ဝောာ့။ ကမ္ဘာကြီးကား ရပ်တန့်သွားခဲ့လေပြီ။ ရှေးကျအိုမင်းမှုသည်သာ အရာအားလုံးကို လွှမ်းခြုံရင်း တလိပ်လိပ် ထလာ၏။
ဤသည်ကား တာအိုရှာဖွေခြင်း။
စစ်မှန်သော တာအိုရှာဖွေခြင်း၏ အထွတ်အထိပ်။
မန်ဟိုအနေဖြင့် စဉ်းစားစရာမလို။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ ကိုယ်အစစ်ဖြစ်ကြောင်း ချက်ချင်း သိလိုက်လေသည်။
ကိုယ်အစစ်ကား နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
မန်ဟိုမှာ ဦးရေပြားတို့ ထုံကျင်လာပြီး မျက်လုံးများ ရဲတွတ်နေတော့သည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ လက်ကို ဝှေ့ယမ်းကာ ကျန်ရှိသောအချိန်ဓားထိပ်ရှစ်ခုအနက် ခုနစ်ခုကို ဝဲဆီသို့ ပျံသန်းသွားစေလိုက်၏။
"ပေါက်ကွဲစမ်း" သူက အသံပြာကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ အချိန်ဓားထိပ်ခုနစ်ခုက ကြောက်စရာ အချိန်စွမ်းအားလေဆင်နှာမောင်းကြီးအသွင်ပြောင်းရင်း ပေါက်ကွဲသွားလေသည်။
တစ်ချိန်တည်းမှာပင် မန်ဟိုသည် ဟန်ရှန်း၏ဓားကို ဆွဲထုတ်လိုက်၏။ သူက ကြေးအရက်အိုးကို မြောက်၍ တစ်ကျိုက်သောက်ပြီး ထွေးထုတ်လိုက်သည်။ ဓားချီများ တဖွေးဖွေး လှုပ်လာပြီး အင်မော်တယ်ဓားသည် သူ လိုရမယ်ရ ချန်ထားသော နောက်ဆုံးလက်ကျန် ဓားချီဖြင့် ပြည့်နှက်သွားတော့၏။
အချိန်လေဆင်နှာမောင်းက ဝဲကြီးကို စုတ်ပြတ်ပျက်စီးသွားစေပြီး ခေါင်းတလားပင်လျှင် အိုမင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းအပေါ်၌ အက်ရာများထလာ၏။ သို့သော် လေဆင်နှာမောင်းကြီး တိုက်ခတ်သောင်းကျန်းနေသည့်အချိန်မှာပင် ခေါင်းတလားထဲမှ ရှုံ့တွနေသောလက်တစ်ဖက် ထိုးထွက်လာသည်။ ၎င်းက လက်သီးဆုပ်လိုက်ရာ သောင်းကျန်းနေသောလေဆင်နှာမောင်းမှာ ချက်ချင်း လက်သီးဆုပ်ထဲသို့ ကျုံ့ဝင်သွားဝောာ့၏။ ၎င်းတစ်ခုလုံး အထဲရောက်သွားသောအခါ လက်သီးက ခပ်တင်းတင်း ဖြစ်လိုက်လေသည်။
ဝုန်း
လေဆင်နှာမောင်း ပျောက်ကွယ်သွားပြီး ခေါင်းတလားထဲမှ အဘိုးကြီးတစ်ယောက် ဖြေးညင်းစွာ ထလာသည်။ သူသည် ဈာပနအဝတ်အစားများကို ဝတ်ဆင်ထားပြီး ပိန်ချုံးချည့်နဲ့နေသယောင်ပင်။ သူ၏မျက်နှာက အတန်ငယ် နီမြန်းနေသော်လည်း ထိုနီမြန်းမှုက လျင်မြန်စွာပင် ပျောက်ကွယ်သွား၍ သူ၏မျက်နှာကို ဖြူဆုပ်သွားစေတော့သည်။
သူ၏မျက်လုံးများမှာ မကြီးမားသော်လည်း သူ့ထံမှ ပျံလွင့်နေသော ရှေးကျမှုမှာ အဆုံးအစွန်အထိ ပြင်းထန်လေသည်။ သူက မန်ဟို့ကို ကြည့်ပြီး ကောက်ကျစ်စွာ ပြုံးလိုက်သည်။ သို့သော် မန်ဟိုကိုင်ထားသော အင်မော်တယ်ဓားကို သတိထားမိသောအခါ သူ၏သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။
သူ၏အပြုံးက မန်ဟို့ကို ခေါင်းမွှေးထောင်သွားမိစေသည်။ ၎င်းသည် သူ၏ပါးစပ်ထဲမှ သွားတစ်ချောင်းမှ မရှိသည်ကို ဖော်ပြလိုက်သော အပြုံးတစ်စဖြစ်၏။ ဤလူကား ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရှေးကျပြီး အိုမင်းနေလေပြီ။
သူပြုံးလိုက်သည့်အချိန်မှာပင် မန်ဟိုက အင်မော်တယ်ဓားကို မြှောက်လိုက်သည်။ ဓားချီသည် အံ့ဩတုန်လှုပ်ဖွယ် တေးသံတစ်ပုဒ်နှင့် ပေါ်ထွက်လာ၏။ သို့သော် ဓား မကျဆင်းသွားခင် သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သွေးတစ်လုပ် အန်လိုက်ရလေသည်။
"သေစမ်း" သူသည် အင်မော်တယ်လမ်းညွှန်၏ အင်မော်တယ်ချီကို စေလွှတ်လိုက်ရင်း မျက်နှာဖြူလျော်သွား၏။ စစ်ရထားက တဂျုန်းဂျုန်း မြည်လာပြီး အဝေးထွက်သွားလေသည်။ မန်ဟို့မျက်လုံးများက တောက်ပသွားပြီး သူ့မှာ ဟော်ဟဲလှိုက်နေ၏။ သူသည် ဓားအစွမ်းမဲ့သွားမည်ကို ကြိုသိလိုက်သဖြင့် တမင် မခုတ်ချခဲ့ခြင်းဖြစ်သည်။
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ကိုယ်ပွားနှင့် အတွေ့အကြုံအရ ထိုလူသည် ဓားကို လွန်စွာ သတိထားသူဖြစ်ရာ မပြင်ဆင်ဘဲ လာလိမ့်မည်ဟု မန်ဟို မယုံ။ တစ်စုံတစ်ခုအား အထိရောက်ဆုံး အသုံးချနိုင်မည့် အချိန်ကောင်းမှာ မထင်မှတ်ထားသည့်အချိန်ဖြစ်ကြောင်း လူတိုင်း သိကြသည်မဟုတ်ပါလော။
"ဒီလူက ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးအိုကြီးတစ်ကောင်ပဲ။ ဓားအတွက် ပြင်ဆင်လာခဲ့မှာ သေချာတယ်။ ငါ သုံးချင်ရင် သူ သတိလွတ်သွားတဲ့အချိန်ကို စောင့်ရမယ်။ ငါ့ကျင့်ကြံခြင်းအခြေခံက သူနဲ့ ပြိုင်ဘက်မဟုတ်ဘူး။ ငါ ပြစ်ဒဏ်ကို ကျော်လွှားချင်ရင် ငါ့ကိုယ်ငါ အားကိုးရမယ်
"အင်မော်တယ်ဓားကို မှန်ကန်တဲ့အချိန်မှာ အသုံးပြုတာက ... အနိုင်ရဖို့ သော့ချက်ပဲ" မန်ဟိုသည် သူ၏ရန်သူ လက်သီးတစ်လုံးတည်းဖြင့် အချိန်လေဆင်နှာမောင်းအား ဖျက်စီးခဲ့သည်ကို စဉ်းစားရင်း မျက်နှာထားတင်းမာသွား၏။ ယင်းက သူ့ကို ကြောက်လန့်သွားစေခဲ့လေသည်။
"ပြေးနေစရာမလိုဘူး" မန်ဟို့အနောက်မှ အသံနက်ကြီးတစ်သံက ပြောသည်။ "မင်းဘဝက ငါ့အတွက် ပြင်ဆင်ခံထားရတာ။ အဲ့ဒါ မင်းရဲ့ ကံတရားပဲ...." ရှေးဆန်သောအသံကြီးသည် အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်နေ၏။ လေမှာ ပျက်စီးဆွေးမြည့်နေသည့်အလား ဖြစ်ပြီး အသံကို ကြားလိုက်သောအခါ မန်ဟို့တစ်ကိုယ်လုံး ရေခဲတမျှ အေးစက်သွားတော့၏။
မန်ဟိုက ပြန်လှည့်မကြည့်ဘဲ အင်မော်တယ်လမ်းညွှန်၏ စွမ်းအားအလုံးစုံကို စစ်ရထားထဲ ထည့်သွင်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူကား အံ့ဖွယ်အမြန်နှုန်းဖြင့် အဝေးသို့ ထွက်သွားလေပြီ။
"မင်း ချီအခြေတည်အဆင့်တုန်းက ငါ မင်းကို သိခဲ့တယ်။ အင်မော်တယ်အဆင့်တက်လှမ်းခြင်းရရှိဖို့ အခွင့်အရေးအတွက် ငါစောင့်နေခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီ" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏အသံမှာ ဤတစ်ကြိမ်တွင် ပိုနီးလာ၏။ မန်ဟို၏ဖြူဆုပ်နေသော မျက်နှာအပေါ်တွင် သွေးကြောများ ထောင်လာသည်။ သူသည် အင်မော်တယ်လမ်းညွှန်၏ စွမ်းအားကို ထပ်မံဖိအားမပေးတော့ပေ။ အင်မော်တယ်ချီက သူ၏ချီကြောများမှ တိုးဝှေ့ကာ စစ်ရထားထဲသို့ စီးဝင်သွားလေသည်။
သူ ရွေ့လျားနေသော အမြန်နှုန်းမှာ အံ့ဖွယ်ပင်။ အောက်ရှိ ပင်လယ်ရေသည် ပတ်လမ်း(၃)၏ပင်လယ်ရေ မဟုတ်တော့ပေ။ ၎င်းသည် အနက်ရောင်ဖြစ်ရာ ပတ်လမ်း(၂)သို့ ရောက်သွားပြီဖြစ်ကြောင်း ညွှန်ပြနေလေသည်။
"ဒါက ကံကြွေးတာအိုပဲ။ ကံတရားကနေ ဆုံးဖြတ်ချက်ချတဲ့အရာ။ ငြင်းဆန်လို့မရဘူး
"မင်း ကံကြွေးတာအိုကို ငြင်းဆန်လို့ရမယ်ထင်လား။ ကံတရားရဲ့ ရွေးချယ်မှုတွေကို ငြင်းဆန်နိုင်မယ်ထင်လား။ မငြင်းဆန်နိုင်မှတော့ မင်း တာအိုကို ငါ့ဆီ ဘာကြောင့်မပေးသေးတာလဲ။ တစ်နေ့ ငါ အင်မော်တယ်အဆင့် တက်လှမ်းတဲ့အခါ မင်းက စတုတ္ထတောင်ရဲ့ မြေအောက်ကမ္ဘာကို သွားရလိမ့်မယ်။ အဘွားကြီးမန်ရဲ့ လက်ဖက်ရည်ကို သောက်ပြီးတဲ့နောက်မှာတောင် မင်းအနေနဲ့ ဂုဏ်ကျက်သရေကို ခံစားဦးမှာဖြစ်တယ်" ဤတစ်ကြိမ်တွင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကား သူ၏ဘေးတည့်တည့်သို့ ရောက်လာခဲ့လေပြီ။
T/N : (အဘွားကြီးမန် ဒါမှမဟုတ် မန်ပိုက တရုတ်ယုံတမ်းပုံပြင်ထဲက ပုဂ္ဂိုလ်ပါ။ သူမက မြေအောက်ကမ္ဘာမှာ အလုပ်လုပ်ပြီး လူတွေကို အရင်ဘဝကို မေ့သွားအောင် လက်ဖက်ရည်တိုက်ရပါတယ်)
***